အပိုင်း ၁၁၉-၁၂၀
Viewers 23k

Part 119


လျှိုချွန်းဟယ်နှင့်ခပ်ပုပုလူမှာ ပြေးနေရင်း နောက်လှည့်ကြည့်တိုင်း ထိတ်လန့်သည်ထက် ကြောက်ရွံ့စိတ်မှာပိုပိုတိုးလာခဲ့သည်။ မကြာခင်ပဲ ရှည်လျားခိုင်မာသောခြေထောက်တစ်ဖက်က သူတို့ကိုယ်ပေါ်သို့ မညှာမတာဗြုန်းစားရောက်ချလာသည်။ "ဘုတ်"ဟူသောအသံနှင့်အတူ နှစ်ဦးသား ဗိုင်းခနဲလှဲကျသွားကြသည်။


သူတို့ခြေထောက်များ ပြုတ်ထွက်သွားတော့မတတ် နာကျင်သွားကြကာ နေရာကပင်မထနိုင်တော့ချေ။ 


ဟန်ချင်စုန့်သည် သူတို့ထဲမှ တစ်ယောက်ကို ကန်ထုတ်၍ နှစ်ဦးသားကို တစ်ပြိုင်တည်းလှဲချလိုက်သည်။ ကန်ချက်မှာ အားပြင်းပြီး ညှာတာမှုမရှိသဖြင့် သူတို့ခြေချင်းဝတ်တစ်ဖက် အဆစ်လွဲသွားမည်မှာ သေချာပေသည်။ 


" အား..." နှစ်ဦးသား ပြိုင်တူအော်ဟစ်နေကြပုံမှာ သားသတ်ခံရတော့မည့် ဝက်များအတိုင်း...


တဝမ်သည် အာရုံခံနိုင်စွမ်းအားကောင်းသူဖြစ်ရာ အပြင်ဘက်၌ တစ်စုံတစ်ဦးရှိနေသေးမှန်း ခံစားမိလိုက်သည်။ သစ်သားတံစို့ကို လက်နက်အသွင်ကိုင်၍ နောက်တစ်ကြိမ် ချက်ချင်း တိုက်ခိုက်လိုက်သည်။ 


အခန်းထဲဝင်လာရန်ပြင်နေသော ဟန်ချင်စုန့်သည် သူ့ဆီသို့တည့်တည့်လာနေသောလေတိုးသံတစ်ခုကို ကြားလိုက်ပြီး မြန်မြန်အော်လိုက်သည်။

 

" ငါပါ..."


တစ်ချိန်တည်းမှာပင် သူ၏လက်မောင်းနှင့် တိုက်ခိုက်မှုကို ကာလိုက်ကာ သစ်သားချောင်းလည်း နှစ်ပိုင်းပြတ်သွားလေသည်။ 


လင်းလန်သည် သူ့အသံကိုကြားပြီးနောက် လွန်စွာအံ့အားသင့်သွားသည်။ 


" ဟန်ချင်စုန့်... မတိုက်နဲ့တော့... အဲ့ဒါမင်းတို့အဖေပဲ... ရပ်လိုက်တော့.."


တဝမ် ကျွတ်တစ်ချက်သတ်လိုက်ပြီးနောက် လက်နက်ချလိုက်သည်။ 


လက်ပုတ်တုတ်နှင့် တုတ်ချောင်းကိုယ်စီကိုင်လျက် အနောက်၌ပုန်းနေကြသော မိုင်စွေ့နှင့်အားဝမ်တို့လည်း စိတ်သက်သာရာရသွားကြသည်။ ထို့နောက် မိုင်စွေ့က ပြောသည်။ 


" အားဝမ် , မီးမြန်မြန်ထွန်းလိုက်တော့..."


အားဝမ်သည် မီးထွန်းရာ၌ ယခုလောက်ထိ ပျာယီးပျာယာထွန်းဖူးသည်မရှိချေ။ ထို့ကြောင့် ဗူးကိုဖြဲ၍ မီးခြစ်ဆံကိုထုတ်လိုက်ပြီး မြန်မြန်ဆန်ဆန် မီးညှိလိုက်ရသည်။ 


တစ်ဖက်၌ စန်းဝမ်မှာ မြင်မကောင်းလောက်အောင် အိပ်မောကျနေပြီး ရှောင်ဝမ်ကမူ ခွေးလေးကို ဖက်ထားသည်။ ကလေးနှင့်ခွေးလေးမှာ သူတို့မျက်နှာ၌ ကြောက်စိတ်နှင့် စိုးရိမ်စိတ်များ အပြည့်ရှိနေပြီး နှစ်ဦး‌သား ထောင့်လေး‌တစ်ထော င့်တွင် တစ်ဦးကိုတစ်ဦးငြိမ်ငြိမ်လေးဖက်တွယ်လျက်ရှိနေကြသည်။ 


မီးထွန်းလိုက်ပြီးနောက် လင်းလန်သည် တံခါးဝ၌ ရပ်နေသော ဟန်ချင်စုန့်ကို မြင်လိုက်ရသည်။ သူသည် သူ့ကျောပိုးအိတ်အကြီးကြီးကို လွယ်ထားဆဲဖြစ်ပြီး ရှည်လျားတောင့်တင်းသောပုံသဏ္ဍာန်က လင်းလန်ကို စိတ်လုံခြုံမှုအပြည့်ဖြစ်လာစေသည်။ 


မြေကြီးပေါ်၌ စုစုပေါင်း လူလေးဦးလှဲနေကြသည်။ တစ်ဦးစီမှာ တွန့်လိမ်ကောက်ကွေးလျက် နာကျင်ကြောင်း ညည်းတွားနေကြပေသည်။ 


" ပြန်လာပြီလား... မြန်မြန်ဝင်လာ..." 


လင်းလန်သည် နံရံ၌ထောင်ထားသော သစ်သားထွန်ခြစ်ကို ဖယ်လိုက်ပြီး ဟန်ချင်စုန့်ကို မြန်မြန်ဝင်ခိုင်းလိုက်သည်။ ပြီးနောက် ကလေးများအား သူတို့အဖေကို နှုတ်ဆက်ရန် သတိပေးလိုက်သည်။ 


ကလေးများသည် သူမစကားအတိုင်း သူတို့အဖေကိုနှုတ်ဆက်လိုက်သော်လည်း လက်ထဲတွင်တော့ လက်နက်ကိုယ်စီကိုင်ထားကြရင်း သူခိုးများကို ကြည့်နေကြဆဲဖြစ်သည်။ ပြီးနောက် တဝမ်ကပြောသည်။ 


" ကျွန်တော် လုံခြုံရေးဒါရိုက်တာကို ဒီအကြောင်းသွားတိုင်မယ်..."


လင်းလန်က ပြောသည်။ 


" သားအဖေပြန်ရောက်လာပြီ... သူဒါကိုဖြေရှင်းပါလိမ့်မယ်... အခုကညဥ့်နက်နေပြီ,အပြင်မထွက်နဲ့တော့..."


တဝမ် မြေကြီးပေါ်လှဲနေသောလျှိုချွန်းဟယ်ကိုကြည့်ပြီးနောက် သူ့ကို ကျင်းတူးပြီး မြေမြှုပ်ပစ်ချင်စိတ်ပေါ်လာသည်။ 


လျှိုချွန်းဟယ်၏မျက်နှာသည် ရွှံ့များဖြင့်ပေပွနေသော်လည်း တဝမ်က သူ့ကိုမှတ်မိဆဲဖြစ်သည်။ 

" လျှို.ချွန်း.ဟယ်. "


ပြီးနောက် ကျောက်ကျန့်ရှယ်ကို တက်နင်းပြီး ခုန်ထွက်သွားသည်။ သူသည် တုတ်ကိုမြှောက်၍ လျှိုချွန်းဟယ်အား စိတ်အားရသည်အထိ အကြိမ်အနည်းငယ်ရိုက်နှက်လိုက်သည်။ 


လင်းလန်မှာ တဝမ်၏ရိုက်ချက်ကိုကြည့်ရင်း ထိုကလေးမှာ ညှာတာတတ်သူမဟုတ်မှန်းသိလိုက်ရသည်။ တဝမ်သည် သူ့အကြောင်းပြချက်နှင့်သူ အလွန်ကောင်းမွန်စွာ လုပ်ဆောင်နေခြင်းဖြစ်သော်လည်း အမေတစ်ယောက်အနေနှင့် ကလေးကို မကြမ်းကြုတ်အောင် ဆုံးမထားရပေဦးမည်။ 


အိမ်ထဲ၌ လင်းလန်သည် ဟန်ချင်စုန့်အား သူ၏ကျောပိုးအိတ်ကိုချခိုင်းလိုက်ပြီး မိုးကာအင်္ကျီကိုလည်း ချွတ်ခိုင်းလိုက်သည်။ 


" ရှင်တစ်ခုခုစားဖို့ပြင်လိုက်မယ်..."

သူမသည် မိုင်စွေ့နှင့်အားဝမ်ကို စားပွဲဝိုင်းပြင်ခိုင်းလိုက်သည်။ 


ဟန်ချင်စုန့်မြန်မြန်တားလိုက်သည်။ 


" မလိုတော့ဘူး... အိမ်ပြန်မလာခင် ကိုယ်စားခဲ့ပြီးပြီ  အဲ့ဒါကြောင့် ဗိုက်မဆာဘူး..."


သူသည် သူ့အိတ်ကို နေရာချမည်လုပ်စဥ် လင်းလန်က ကူချပေးမည်ပြောလာသဖြင့် သူ့လက်မောင်းကိုမြှောက်လိုက်ပြီး သူ့ဘာသာသူ မြေကြီးပေါ်သို့နေရာချထားလိုက်သည်။ 


" အိတ်က လေးတယ်..." ထို့နောက် မိုးစီးဘွတ်ဖိနပ်ကိုချွတ်လိုက်ပြီး အိမ်စီးကောက်ရိုးဖိနပ်ကို ပြောင်းစီးလိုက်သည်။ 


ကျောက်ကျန့်ရှယ်နှင့်ခပ်ပိန်ပိန်လူမှာ တံခါးနားတွင် လှဲနေကြဆဲဖြစ်သည်။ သူတို့၏ခန္ဓာကိုယ်တစ်ဝက်မှာ အိမ်ထဲ၌ ရှိနေပြီး ကျန်တစ်ဝက်မှာ အပြင်ဘက်၌ ကို့ယို့ကားယားလှဲကျနေကြသည်။ 


ဟန်ချင်စုန့်သူတို့ကိုကြည့်ရင်း သူ့မျက်လုံးထဲ၌ ရွံရှာသောအရိပ်အယောက်များ ဖြတ်ပြေးလာသည်။ ထို့နောက် သူ ရှေ့သို့ထွက်သွားပြီး သူတို့ပုခုံးများကို တစ်ယောက်တစ်ဖက်စီဆုပ်ကိုင်လိုက်သည်။ 


" တတိယညီလေး, တတိယညီလေး , ကျေးဇူးပြုပြီး သနားညှာတာပေးပါ... ငါနောက်ဒါမျိုးထပ်မလုပ်တော့ဘူး... တကယ်ပြောတာ... ငါကျိန်တယ်..."

ကျောက်ကျန့်ရှယ်၏ နဖူးမှာ ဒဏ်ရာရထားသဖြင့် သွေးများစီးကျနေပေသည်။ 


ဟန်ချင်စုန့်သည် တရားခံက သူ့အား တတိယညီလေးဟု အမည်တပ်လိုက်သဖြင့် သူ့မျက်ခုံးများတွန့်ချိုးသွားသည်။ 


" မင်း ငါ့ကိုသိတာလား..."


ကျောက်ကျန့်ရှယ်၏ နှလုံးခုန်နှုန်းမှာ အေးခဲသွားသည်။ ဖြစ်ရပ်တစ်ခုလုံးအတွက် သူတစ်ဦးတည်း အပြစ်ပုံချမခံချင်သဖြင့် ချက်ချင်းဖွင့်ချတော့သည်။ 


" တတိယညီလေး  မင်း အစိုးရပိုင်စားသောက်ဆိုင်ကို မှတ်မိတယ်မလား... မင်းရဲ့စတုတ္ထညီလေးကလည်း အဲ့မှာ ရှိနေခဲ့တာ..."


ဟန်ချင်စုန့်၏ မျက်နှာအမူအရာမှာ ချက်ချင်းမည်းမှောင်လာသည်။ အနက်ရောင်မျက်ဝန်းတစ်စုံက ကျောက်ကျန့်ရှယ်အား ထက်ခြမ်းဖြတ်တော့မတတ် စူးစူးရှရှစိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူ၏လေသံမှာ ကြောက်စရာကောင်း‌လောက်အောင် အေးစက်လွန်းနေခဲ့သည်။ 


" ငါ့ရဲ့ စတုတ္ထညီက မင်းတို့ကို ဒီလာဖို့ ခိုင်းလိုက်တာလား..."


ကျောက်ကျန့်ရှယ်သည် မည်သည်ကိုမှ ထိမ်ချန်မထားရဲချေ။ သူအပြစ်လွတ်ဖို့ ဟန်ချင်စုန့်က တစ်ယောက်ယောက်ကို သွားရိုက်မယ်ဆိုရင်တောင် သူ့အတွက် ဘာအရေးလဲ....


သူသည် အားတက်တရော ခေါင်းငြိမ့်ပြပြီး

" ဟုတ်တယ်, ဟုတ်တယ်... ဟန်ချင်ဟွက သူ့မရီးနဲ့ တူလေးတွေကို ဆုံးရှုံးရလို့ စိတ်မကောင်းဖြစ်နေတာ... ပြီးတော့ ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုကို ခေါ်သွားခံရတယ်လေ... သူက လက်စားချေဖို့ဆို့ပြီး ငါ့ဆီရောက်လာတာ..."


ဟန်ချင်စုန့်၏ လက်ချောင်းများက ကျောက်ကျန့်ရှယ်၏လက်မကို ရုတ်တရက် ကွေးချလိုက်ရာ သူနာကျင်လွန်း၍ အော်ဟစ်တော့သည်။ နာကျင်လွန်းသဖြင့် ထုံထိုင်းသွားပြီး မည်သည့်ဝေဒနာမှ မခံစားရတော့ဘဲ သူ၏ထိုလက်မောင်းမှ အာရုံခံစားမှုအားလုံးလည်း ပျောက်ဆုံးသွားခဲ့သည်။ 


ပြီးသည်နှင့် ကျောက်ကျန့်ရှယ်ခန္ဓာကိုယ်ကို ကိုင်မြှောက်၍ ခြံဝင်းထဲသို့ ပစ်ချလိုက်သည်။ 


သူ့အဖော်အနှိပ်စက်ခံရပြီးသည့်နောက် ခပ်ပိန်ပိန်လူအလှည့်ရောက်လာသည်။ သူကိုလည်း ထိုနည်း၎င်းအတိုင်း ပစ်လိုက်ရာ ကျောက်ကျန့်ရှယ်ခေါင်းနားတွင် အတူတူလှဲကျပြီး ချက်ချင်း သတိလစ်သွားတော့သည်။ 


xxxxxx

Part 120


မည်သူမှ တရားဝင် အစီအရင်ခံစာမတင်ခင် တစ်ယောက်ယောက်က အခြေအနေ အကျိုးအကြောင်းမေးရန် ရောက်လာခဲ့သည်။ 


လုံခြုံရေးခေါင်းဆောင် နှင့် ဟန်ချင်းယွမ်ရောက်လာကြပြီး မည်သို့ဖြစ်ပျက်ခဲ့မှန်း လာထောက်လှမ်းကြပေသည်။ 


ဟန်ချင်းယွမ်က အပြေးအလွှားရောက်လာပြီး

" ခယ်မလေး  မင်းအဆင်ပြေရဲ့လား...အာ,ဒါက... ဘယ်လိုတွေဖြစ်ကုန်တာလဲ..."


သူ မီးအိမ်ကိုင်လျက် မြေကြီးပေါ်၌ ညည်းညူလှဲလျောင်းနေသော လူများကိုကြည့်ရင်း ပါးစပ်အဟောင်းသားနှင့် အံ့သြဘနန်းဖြစ်နေသည်။ 


ဒီမိန်းမက တော်တော်အစွမ်းထက်လွန်းတဲ့သူပဲ...

" တတိယလေး မင်းပြန်လာပြီလား..."

ဟန်ချင်းယွမ်က ဟန်ချင်စုန့်ကို မြင်သောအခါမှ သူကြုံခဲ့ရသော အံ့သြစရာဖြစ်ရပ်များ၏ပဟေဠိလည်း အဖြေမှန်ပေါ်သွားတော့သည်_ ထိုလူများကို ဟန်ချင်စုန့်ရိုက်ခဲ့ခြင်းသာ...


ဟန်ချင်စုန့်သည် ထိုအကြောင်းဆွေးနွေးရန် သူတို့ကို အိမ်ထဲသို့ဖိတ်လိုက်သည်။ 


" သူခိုးတစ်ချို့ ပစ္စည်းခိုးဖို့ ရောက်လာကြတာ..."


လုံခြုံရေးဒါရိုက်တာက လျှိုချွန်းဟယ်ကို မြင်သောအခါ အံ့သြသွားပြီး လက်ညှိုးတထိုးထိုးဖြစ်နေသည်။ 


" လျှိုချွန်းဟယ်... မင်းက ဘာလို့ဒီရောက်နေတာလဲ..."


လျှိုချွန်းဟယ်သည် အခုအချိန်လေးတွင်း၌ သေချင်စိတ်ကလွဲပြီး ဘာမှမဖြစ်ချင်တော့။ သို့သော် တဝမ်က သူ၏ဦးခေါင်းနှင့်တင်ပါးကိုသာ ရိုက်ခဲ့သဖြင့် နာကျင်နေသော်လည်း သူဆန္ဒရှိသည့်အဆုံးသတ်ကို မရောက်နိုင်ဖြစ်နေသည်။ 


လင်းလန်သည် ဟန်ချင်စုန့်ကိုတစ်ချက်ကြည့်လိုက်ပြီးသည့်နောက် သူမ၏အကြည့်များကို လုံခြုံရေးခေါင်းဆောင် ထံသို့ရွှေ့လိုက်သည်။ အဆုံး၌ သူက ဟန်ချင်းယွမ်ကိုပြောသည်။ 


" ချင်းယွမ် ဒီကိစ္စကို အတွင်းရေးမှူးခေါင်းဆောင်ကို ကိုင်တွယ်ခွင့်ပေးချင်လား မင်းအထင်ကောဘယ်လိုလဲ..."


ဟန်ချင်စုန့်က ပြောသည်။ 

" အရင်ဆုံး သူတို့ကို ဝင်းထဲမှာပဲထားထားကြတာပေါ့ နေထွက်မှ ဒီကိစ္စကို ဆက်ပြောရအောင်..."


သူထိုသို့ပြောလိုက်သည်နှင့် ထုံးစံအတိုင်း ဘယ်သူတစ်ဦးတစ်ယောက်မှ စောဒကမတက်ကြတော့ပေ။ 


သို့သော်ငြား လျှိုချွန်းဟယ်သည် ဟန်ချင်စုန့်က ကလဲ့စားပြန်ချေချင်သည့်အတွက် သူတို့ကို ဒုက္ခရောက်အောင် ယခုနေရာမှာ တမင်နေခိုင်းခြင်းဖြစ်သည်ဟု တွေးထင်နေသည်။ 


ဟန်ချင်စုန့်လည်း အိမ်ပြန်ရောက်ပြီဖြစ်သည့်အတွက် ဘာကိုမှ စိုးရိမ်စရာမလိုအပ်တော့ချေ။ ထို့ကြောင့် အပြင်တွင်မှောင်မိုက်နေသော်လည်း လုံခြုံရေးဒါရိုက်တာသည် အိမ်ပြန်သွားတော့သည်။ 


ဟန်ချင်းယွမ်က မပြန်ခင် သူခိုးများ၏ ဒဏ်ရာများကိုကြည့်ပြီး သက်ပြင်းချလိုက်ကာ


" ဟင်းးး  တကယ်စိတ်ပျက်စရာပဲ... ငါပြောမယ် မင်းတို့မို့လို့ ရှန်ရွေ့ရွာကိုလာပြီး မဟုတ်တာလုပ်ရဲတယ် အခုတော့မြင်မကောင်းရှုမကောင်းတွေဖြစ်ကုန်ပြီ... မနက်ဖြန်မှာ ငါ့အဖေကတော့ မင်းတို့တွေကို သေချာပေါက်‌ ခွင့်လွှတ်မှာမဟုတ်ဘူး..."


လုယက်မှုသည် ညအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည် _ ထိုအချိန်၌ မိန်းမနှင့်ကလေးများအားလုံး အိမ်မှာရှိနေကြသည်။ အကယ်၍ ဟန်ချင်စုန့် ပြန်မရောက်ခဲ့လျှင် အကျိုးဆက်မှာ မတွေးဝံ့စရာဖြစ်သွားလိမ့်မည်။ 


ထိုလူများသည် သေဒဏ်ပေးမခံရလျှင်တောင် သူတို့တစ်ဘဝလုံး အပြစ်ဒဏ်အောက်မှ လွတ်နိုင်ဖွယ်လမ်းမရှိချေ။ 


သူတို့ပြန်သွားပြီးနောက် လင်းလန်လည်း အရင်ဆုံး ကလေးများကို အိပ်ရာပြန်ဝင်ခိုင်းလိုက်သည်။ ညသန်းခေါင်၌ဖြစ်ပွားခဲ့သဖြင့် လူကြီးများအတွက် အဆင်ပြေသော်လည်း ကလေးများအတွက်တော့ တောင့်ခံနိုင်မည့်အရာမဟုတ်နိုင်ပေ။ 


" မင်းတို့အဖေလည်းပြန်ရောက်လာပြီဆိုတော့ အခုလုံခြုံသွားပြီ ဘာမှမဖြစ်တော့ဘူး... ကဲ,ကဲ မင်းတို့အကုန်လုံး ပြန်အိပ်ကြတော့..."


စန်းဝမ်တစ်ယောက်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မှာ ယခုအချိန်အထိပင်; ထိုကလေးသည် အပြင်ဘက်၌ မိုးကြိုးပစ်သွားလျှင်တောင် နိုးမည့်ပုံမပေါ်ချေ။ 


လင်းလန်ကဆက်ပြောသည်။ 


" တော်သေးတာပေါ့ တဝမ်က အိမ်မှာရှိနေလို့... မဟုတ်ရင် ဒီလူတွေကို ကိုင်တွယ်ဖို့ တော်တော်ခက်ခဲမှာ..."


မည်သည့်အရာပဲလာခဲ့ပါစေ သူမသည် မကြောက်တတ်သော်လည်း တဝမ်၏ အစောပိုင်းပုံစံက သူမကို အမှန်တကယ် စိတ်ချသွားစေခဲ့သည်။ 


အမှန်ပြောရလျှင် ထိုနေ့ကတည်းက သူမသံသယဖြစ်နေခဲ့ပြီး သူမပတ်ဝန်းကျင်ကို အမြဲမပြတ် ဂရုစိုက်စောင့်ကြည့်ခဲ့သည်။ လုံခြုံရေးခေါင်းဆောင် ကိုလည်း ကြိုတင်အသိပေးထားသလို အိမ်၌ ပြင်ဆင်စရာရှိသည်များကိုလည်း ကြိုပြင်ဆင်ထားခဲ့သည်။ 


ခြံဝင်းငယ်၏ တံခါးသည် ယခင်က ပိတ်ရုံမျှသာစေ့ထားသော်လည်း ယခု၌ သူမသည် တံခါးကို သော့ဖြင့်ခတ်ပြီး ချက်ချထားလိုက်သည်။ တံခါးထိပ်၌ သံတိုအပိုင်းအစဖြင့် အချက်ပေးခေါင်းလောင်းသဏ္ဍာန်လုပ်ပြီး ချိတ်ဆွဲထားရာ ညအချိန် တစ်ယောက်ယောက်က ခိုးကြောင်ခိုးဝှက်ဝင်လာခဲ့သည်ရှိသော် ထိုတံခါးက အချက်ပေးလိမ့်မည်ဖြစ်သည်။ 


သူမ၏ သံသယဖြစ်စိတ်ကို ကလေးများထံ မထိမ်ချန်ဘဲ အကုန်ပြောပြခဲ့သည်။ မိုင်စွေ့သည် အစ၌ တစ်ခုခုထူးဆန်းနေမှုကို သတိမထားမိသော်လည်း အားဝမ်က သူတို့အိမ်မှာ သေချာပေါက် ဝင်မွှေခံထားရမှန်း လက်ခံနိုင်ခဲ့သည်။ 


ထို့ကြောင့် သူတို့တွေသည် လင်းလန်နှင့်အတူတူ ပြင်ဆင်မှုများ လုပ်ခဲ့ကြသည်။ 


ထိုအချိန်မှစ၍ သူမသည် အိပ်ချိန်တိုင်း အမြဲနိုးကြားနေခဲ့သည်။ သူခိုးများ၏ လှုပ်ရှားမှုသည်လည်း အသေးလေးမဟုတ်သည့်အတွက် အသံမှာ ကြားနိုင်သည်ထက် ပိုနေသည်။ 


အသံကြားကြားချင်း သူမထလိုက်ပြီး သစ်သားချောင်းများကို အရံသင့်ပြင်ထားလိုက်သည်။ တဝမ်လည်း အသံတစ်ချို့ကြားပြီးနောက် ချက်ချင်းထလာခဲ့သည်။ 


တုတ်ချောင်းများ၊ သစ်သားထွန်ခြစ်များ၊ အသွားနှစ်ဖက်ပါ တူရွှင်းများနှင့် ပေါက်ပြားတို့ကို အိမ်ထဲ၌ အဆင်သင့်ပြင်ဆင်ထားခဲ့သည်။ 


ရန်သူသည် တံခါးဖွင့်၍ဝင်လာခဲ့သည်။ သို့သော် တံခါးပေါက်မှာ ကျဥ်းသဖြင့် တစ်ကြိမ်၌ လူတစ်ယောက်သာ ဝင်လို့ရပေသည်။ တဝမ်မှာ တိုက်ခိုက်တတ်သဖြင့် တဖက်လူ ပြင်ဆင်မထားချိန်တွင် သူ့ဘက်မှ အရင်ဦးအောင် ရိုက်လိုက်သည်။ ဒုတိယတစ်ယောက်ဝင်လာလာချင်း လင်းလန်လည်း သစ်သားထွန်ခြစ်ကို ကိုင်၍ ချက်ချင်းရိုက်ချလိုက်သည်။ ထိုလူ ခေတ္တမလှုပ်ရှားနိုင်ဖြစ်သွားချိန်၌ တဝမ်က သူ့လက်နက်ဖြင့် အဆုံးသတ်လိုက်သည်။ 


တတိယတစ်ယောက်ရောက်လာခဲ့လျှင်တောင် သားအမိနှစ်ယောက်သည် ထိုသို့ဆက်တိုက်ခိုက်ဦးမည်ပင်။ 


သို့သော်ငြား ထိုသူခိုးများသည် ထိုမျှ ခေါင်းမာနေလိမ့်မည်မဟုတ်ဟု သူတို့ထင်လိုက်သည်။ ပုံမှန်ဆိုလျှင် ထိုသို့သောအခြေအနေမျိုး ကြုံခဲ့ပါက ချက်ချင်းလူစုကွဲပြီး ထွက်ပြေးကြမည်ဖြစ်သည်။


xxxxxx