အပိုင်း ၁၂၅-၁၂၆
Viewers 22k

Part 125


ပထမချွေးမဟန်က သက်ပြင်းချကာပြောလိုက်သည် ။


" တတိယလေး သွားစရာရှိတာမြန်မြန်သွားတော့လေ.... အမေအခု ထမင်းစားချိန်ရောက်နေပြီ "


တစ်နေကုန် ငိုယိုအော်ဟစ်ဆူညံနေကာ အမြဲတစေပြဿနာ တိုင်း၏အရင်းအမြစ်မှာ တတိယမိသားစုသာဖြစ်နေတတ်သည် ။  သို့သော်လည်း တတိယမိသားစုက အိမ်ခွဲထွက်သွားပြီဖြစ်၍ အဖွားကြီးဟန်၏ အရည်မရအဖတ်မရစကားများအား တစ်အိမ်လုံးခါးစည်းခံနေကြရသည် ။


ဟန်ချင်စုန့် ထွက်သွားသည်နှင့် အဖွားကြီးဟန်က သူမ၏သားအားလုံးဝထိန်းချုပ်မရတော့ဘဲ ဆုံးရူံးသွားရသလို ခံစားလိုက်ရသည် ။ ဟန်ချင်စုန့်က တပ်မဟာသို့သွားသည့် လမ်းတစ်ဝက်တွင် တခြားမိန်းမတစ်ဦး၏တားဆီးခြင်းအားခံရပြန်သည် ။


ထိုမိန်းမက ငိုယိုထားသောကြောင့် မျက်ရည်များဖြင့်ပြောလိုက်သည် ။


" အစ်ကိုဟန် ကျေးဇူးပြုပြီး ကျွန်မရဲ့အစ်ကိုကို လွှတ်ပေးပါလား.... သူက ခဏတာစိတ်ယိုင်သွားပြီး အမှားလုပ်မိတာပါ နောက်တစ်ခါ ထပ်မဖြစ်စေရပါဘူးလို့ ကျွန်မအာမခံနိုင်ပါတယ်.... သူ့ကိုသာလွှတ်ပေးမယ်ဆိုရင် အစ်ကိုဟန်ဘာဘဲပြောပြော ကျွန်မလုပ်ပေးပါ့မယ် "


သူမက ရှေ့သို့ခြေတစ်လှမ်းတိုးကာ ဟန်ချင်စုန့်၏ အကျီလက်အားလှမ်းဆွဲလိုက်သည် ။ ဟန်ချင်စုန့်က သူမ၏လက်အားရိုက်ချလိုက်ကာ စိတ်မရှည်နေသောလေသံဖြင့်ပြောလိုက်သည် ။


" အစ်မကြီးတစ်ခုခုပြောစရာရှိရင် အုပ်ချုပ်ရေးမူးဆီတိုက်ရိုက်သွားသင့်တယ် "


အစ်မကြီးဟုခေါ်ဝေါ်သောစကားမှာ ကျေးလက်ဒေတွင်လက်ထပ်ပြီးမိန်းမများအားခေါ်ဝေါ်သည့်အခါ၌အသုံးပြုသည် ။ အမျိုးသမီးများက တစ်ယောက်နှင့်တစ်ယောက် ယောင်းမဟုရင်းနှီးစွာခေါ်ဝေါ်ကြသည် ။ ဤသို့အသုံးပြုလိုက်ခြင်းဖြင့် ဟန်ချင်စုန့်က ထိုအမျိုးသမီးအား လုံးဝမသိကြောင်းထင်ရှားနေသည် ။


ဟန်ချင်စုန့် ထွက်သွားသည့်နောက်တွင် လုချွမ်းဖန် ကသူမ၏မျက်နှာကိုအုပ်ရင်း ငိုယိုကာပြေးထွက်သွားတော့သည် ။ ယုဝူဇီက သူမ၏သားအား ဟန်ချင်စုန့်မလွှတ်ပေးသောကြောင့် ငိုနေဆဲဖြစ်ကာ မည်သူမှလည်းအကြံကောင်းမပေးနိုင်ခဲ့ပေ ။ သို့သော်လည်း သူမက လင်းလန်အားသွားတွေ့ကာ သနားညှာတာပေးရန် တောင်းဆိုချင်ခဲ့သည် ။


သူမက လင်းလန်တို့၏အိမ်ရှေ့သို့ပြေးသွားကာ ဒူးထောက်ရင်းတောင်းဆိုနေခဲ့သည် ။ 


" ဝမ်းကွဲနဲ့ယောင်းမရယ် ကျေးဇူးပြုပြီး ငါရဲ့သားလေးကိုလွှတ်ပေးပါ သူနောက်ထပ်လုပ်ရဲတော့မှာမဟုတ်ပါဘူး ငါအာမခံပါတယ် "


လင်းလန်က အမှန်ပင်စိတ်မရှည်နေချေ ။ ညစာစားပြီးသည့်နောက်တွင် ဟန်ချင်စုန့်၏ စောင်မရှိဘူးလားမေးခဲ့သော စကားကြောင့် ဝါဂွမ်းများကိုယူကာစောင်ချုပ်နေရသည် ။ 


သို့သော်လည်း မူလလင်းလန်၏ အပ်ချုပ်စွမ်းရည်မှာ သိပ်မကောင်းလှပေ ။ စုတ်ပြဲနေသောအထည်များအား မည်သို့ပြုပြင်ရမည်အား သူမမသိသောကြောင့် စောင်တစ်ထည်ချုပ်ရာတွင် ယုံကြည်မူမရှိပေ ။ 


မူလလင်းလန် သည်လည်းစောင် တစ်ခါမှမချုပ်ခဲ့ဖူးချေ ။ မူလလင်းလန်တောင် မလုပ်တတ်ရင် သူမကပို၍ပင်ဆိုးသေးသည် ။ ဆောင်းမဝင်မှီအချိန်တွင် သူမအနည်းငယ်သင်ယူခဲ့ပါသော်လည်း နားမလည်နိုင်ဆဲဖြစ်သည် ။


ချည်သားအထူကြီးနှစ်ခုကြားတွင် ဝါဂွမ်းအထူးကြီးတစ်ထပ်ခံကာ မည်သို့တွဲချုပ်နိုင်သည်အား သူမမစဥ်းစားတတ်တော့ချေ ။ အရင်ဘဝတုန်းက သူမငယ်စဥ်အချိန်တွင် ခြုံခဲ့ဖူးသောစောင်များသည် အသင့်ချုပ်လုပ်ပြီးသားဖြစ်၍ မည်သို့ပြုလုပ်သည်အား သူမမသိပေ ။


ထို့ကြောင့် သူမစိတ်ရှိသလိုသာ ချုပ်လိုက်တော့မည်ဟု တွေးနေခဲ့သည် ။ ထိုအချိန်တွင် ယုဝူဇီက လူအုပ်လိုက်ခေါ်ချလာကာ သူမအိမ်ရှေ့တွင် လာရောက်ငိုယိုနေခဲ့သည် ။ 


အဲ့ဒီတစ်အုပ်လုံးကို ကန်ထုတ်ပစ်ချင်လိုက်တာ..


မိုးရွာထားသောကြောင့် မြေပြင်တွင်ရွံ့ဗွက်များဖြစ်နေ၍ အလုပ်သွားရန်မလိုသော်လည်း သူမ၏အိမ်ရှေ့တွင် လာသောင်းကျန်းနေကြသည်မှာတော့ သဘာဝမကျပေ ။


ငါ့ဘာသာငါ အေးအေးဆေးဆေးနေနေတာကို လာမနှောင့်လို့မရဘူးလား.....


သူမကတံခါးကို ဝုန်းခနဲဖွင့်လိုက်ရင်း အော်ပြောလိုက်သည် ။


" ဘာတွေလုပ်နေတာလဲ အဒေါ်ကြီး... ကျွန်မပြောမယ် ရှင့်သားကိုကျွန်မလက်ဖျားနဲ့တောင်ထိထားတာမဟုတ်ဘူး ...ကျွန်မသူ့ကို ဖမ်းထားတာမဟုတ်သလို ကြိုးတုပ်ထားတာလည်းမဟုတ်ဘူး "


" ငါတောင်းပန်ပါတယ် ကျေးဇူးပြုပြီး ငါ့သားကိုထောင်မချပါနဲ့ "


ယုဝူဇီက စိတ်ပျက်ဖွယ်ကောင်းအောင် ဆက်တိုက်ငိုယိုတောင်းပန်နေခဲ့သည် ။


" သူက ပစ္စည်းမခိုးရဘူးဆိုးတဲ့ တိုင်းပြည်ဥပဒေကို ချိုးဖောက်ခဲ့တာလေ တော်လှန်ရေးကော်မတီကပေးတဲ့အပြစ်ဒဏ်ကို သူခံရမှာဘဲ... ရှင်က ကျွန်မကိုဘာလုပ်စေချင်နေတာလဲ? တကယ်လို့ကျွန်မက ရှင့်သားကိုမဖမ်းပါနဲ့သွားပြောရုံနဲ့ ကောင်စီက အသာတကြည်လွှတ်ပေးမှာတဲ့လား... သူ့ကို မဖမ်းတော့ဘူးတဲ့လား..."


လင်းလန်က သူမ၏ မိန်းမဆိုးပုံရိပ်အား အမှန်အကန်ထိန်းသိမ်းထားကာ ပြောဆိုရာ၌တစ်ချက်ကလေးမှညှာတာမူမရှိချေ ။ 


အခုကစပြီး ဒီမိန်းမဆိုးကြီးရဲ့ မိသားစုကို သတ္တိရှိတဲ့လူလာနှောင့်ယှက်ကြည့်လေ...


ယုဝူဇီအား ထောက်ခံ၍လိုက်လာကြသော လူအုပ်ကြီးမှာ ဆွံ့အသွားကြရသည် ။


" ဘာဘဲဖြစ်ဖြစ် လူသတ်ထားတာမှမဟုတ်တာ ငါဒီလောက်တောင်းပန်နေတာတောင် နင်ခွင့်မလွှတ်ပေးနိုင်ဘူးလား " 


ထိုအချိန်တွင် လုံခြုံရေးခေါင်းဆောင်ရောက်လာခဲ့ကာ လူအုပ်ကြီးအားဆူပူခဲ့သည် ။ 


" မင်းတို့မရပ်နိုင်ကြသေးဘူးလား...သူတို့တွေအကုန်လုံးကို စစ်ဆေးမေးမြန်းပြီး စီရင်ချက်ချဖို့အတွက် ခရိုင်အုပ်ချုပ်ကေးမှူးဆီပို့ပေးလိုက်ပြီ.... မင်းတို့တွေမှာ ကိုယ့်ရွာထဲကအိမ်ကိုတောင်ပြန်ဖောက်ဖို့ သတ္တိရှိနေတဲ့သူခိုးတွေအတွက် တရားများတမူတောင်းချင်တဲ့စိတ်ရှိနေကြသေးတာလား.... လူလေးယောက်ကညသန်းခေါင်ကြီး မိန်းမတစ်ယောက်နဲ့ကလေးတွေဘဲရှိတဲ့အိမ်ကို လာခိုးတာက သနားသင့်တဲ့လုပ်ရပ်လို့မင်းတို့ထင်နေတာလား ဟမ်... မင်းတို့က ဘုရားလောင်းတွေလား... "


" နောက်ဆုံးမှာ သူဘာမှမလုပ်ခဲ့ဘူးမဟုတ်လား... ကျွန်မသားကဘာကိုမှမခိုးခဲ့တာတောင် ရှင်တို့ဘာလို့အလွတ်မပေးနိုင်ရတာလဲ "


ယုဝူဇီက အချိန်အကြာကြီးငိုယိုနေခဲ့သောကြောင့် သူမ၏မျက်နှာတွင် မျက်ရည်များနှပ်များဖြင့်ဖုံးလွှမ်းနေသည့်အပြင် ရွံ့များပါပေနေသောကြောင့် ရွံစရာကောင်းနေခဲ့သည် ။


Xxxxxxx

Part 126


လုံခြုံရေးမူးခေါင်းဆောင်က စိတ်မရှည်တော့ကာ ပြောလိုက်သည် ။


" အုပ်ချုပ်ရေးမူးကအရမ်းဒေါသထွက်နေပြီးသား ခင်ဗျားဒီလိုဆက်လုပ်နေမယ်ဆိုရင် ခင်ဗျားရဲ့သားနဲ့အတူထောင်ထဲမှာ အတူတူသွားနေရမယ် "


ယုဝူဇီက လူထုအမြင်အားအသုံးချ၍ သူမ၏သားအတွက်အခွင့်ကောင်းယူခဲ့လိုသော်လည်း အခြေအနေကပြောင်းပြန်ဖြစ်သွားခဲ့သည် ။ သူမ၏သားအား ကိုယ်လွတ်ရုန်းရန် မကူညီနိုင်သည့်အပြင် သူမပါကြားညပ်တော့မလိုဖြစ်နေသောကြောင့် ဆက်လက်ခေါင်းမာ၍မရတော့ပေ ။ 


သူမက လင်းလန်အား စူးစိုက်ကြည့်ကာ စိတ်မပါလက်မပါထွက်သွားရန်ခြေလှမ်းလိုက်သည် ။ သို့သော်လည်း လင်းလန်ကလှမ်းတားလိုက်သည် ။


" နေဦး "


ယုဝူဇီ ကလင်းလန်အား လှည့်ကြည့်ကာအော်လိုက်သည် ။


" ဘာလဲ "


" ရှင်က ဘာကိစ္စကျွန်မကို အပြစ်လာတင်နေရတာလဲ...  ရှင့်သားက သူများအိမ်ကပစ္စည်းခို့ဖို့ကြံတာကိုတောင်ရှင်က မှန်တယ်ထင်နေတာလား... ကောင်းပြီ! ရှင်ကျွန်မရဲ့ ဒေါသကိုလာဆွတာအောင်မြင်တယ် ရှင့်သားအပြစ်ပေးမခံရမချင်းမကျေနပ်နိုင်ဘူး... "


လုချွမ်းဖန်က သူမ၏အမေအား ကူညီရန်ရောက်လာကာ လင်းလန်အားတုန်ရီနေသည့်လေသံနှင့်ပြောလိုက်သည် ။


" နင်...နင်လုပ်ရဲလား ...နင်ဆုံးဖြတ်နိုင်တဲ့အရာမဟုတ်ဘူး...အုပ်ချုပ်ရေးမူးနဲ့ကောင်စီကဆုံးဖြတ်ပေးလိမ့်မယ် "


လင်းလန်က မျက်စောင်းထိုးရင်းပြောလိုက်သည် ။


" နင်သိသားဘဲ ... ကောင်စီကသေသေချာချာကိုဆုံးဖြတ်မဲ့အပြင် နင်တို့မိသားစုအကြောင်းကိုပါ စေ့စေ့စပ်စပ်စုံစမ်းကြဦးမှာ...မကောင်းတာတွေလုပ်ထားရင်အကုန်ပေါ်မှာနော် "


" နင်ပေါက်ကရတွေပြောနေတာ နင်တို့အိမ်ရဲ့ အငယ်ဆုံးကတောင်ဒီကိစ္စထဲမှာပါသေးတာဘဲလေ သူလဲအပြစ်ခံရမှာပေါ့ "


လင်းလန်က မျက်ခုံးပင့်ကာပြောလိုက်သည် ။


" ဒါကလဲ မိသားစုခွဲထွက်ရတဲ့အကြောင်းတစ်ခုဘဲလေ နင်တို့ ကိုယ်ရွာထဲကအိမ်မှာကိုယ်ပြန်ခိုးဖို့ကြံနေတဲ့လူတွေကို သနားသင့်လားဆိုတာ ခရိုင်ညွှန်ကြားရေးမှူးနဲ့ ပြည်သူ့လုံခြုံရေးဗျူရိုကညွှန်ကြားရေးမူးတို့ကိုသွားမေးလေ တကယ်လို့သူတို့ကအပြစ်မပေးသင့်ဘူးလို့ပြောရင် ငါကိုယ်တိုင်ထပ်တိုင်တန်းမယ် "


ဂီး.......ပြစ်မူကျူးလွန်တုန်းကတော့ ဘာကိုမှမတွေးဘဲ တောင်းပန်တာကိုလက်မခံတော့မှ ငါတိူ့ကရက်စက်တယ်ဖြစ်ရောလား.... ကောင်းပြီလေ ဒါဆိုရင်လဲ မိန်းမဆိုးကြီးရဲ့ဒေါသကဘယ်လောက်ထိကြောက်ဖို့ကောင်းသလဲ ငါပြပေးမယ် !


သူတို့သေချာပေါက်ကို အပြစ်ပေးခံရအောင်လုပ်မယ်!


ထိုအချိန်တွင် ဟန်ချင်စုန့်ပြန်ရောက်လာကာ ယုဝူဇီနှင့် လူအုပ်ကြီးအားတစ်ချက်ကြည့်လိုက်သည် ။  ဟန်ချင်စုန့် ကအများအားဖြင့် တည်တည်ကြည်ကြည်နေလေ့ရှိကာ စကားများများမပြောတတ်ချေ ။ လူတိုင်းက သူ၏အသွင်အပြင်နှင့်ပင် လန့်နေကြပြီးဖြစ်သည် ။ 


ဒေါသထွက်နေသောကြောင့် ဟန်ချင်စုန့်၏အကြည့်များက ပိုအေးစက်နေကာ မည်သူမျှသူ့အားစေ့စေ့မကြည့်ရဲကြချေ ။ လုချွမ်းဖန်က ယုဝူဇီ အားတွဲကာ အမြန်ပြန်ပြေးတော့သည် ။ ပွဲကြည့်နေကြသည့် လူအုပ်ကြီးမှာလည်း ဟန်ချင်စုန့်၏ ဒေါသကိုမဆွရဲ၍လူစုကွဲသွားကြသည် ။


ဟန်ချင်စုန့်က လင်းလန်ကိုကြည့်ရင်းပြောလိုက်သည် ။ 


" ဒေါသမထွက်ပါနဲ့ "


လင်းလန်က ပြုံးရင်းပြန်ပြောလိုက်သည် ။


" ကျွန်မက ဘယ်နားကဒေါသထွက်နေလို့လဲ " 


" မင်း ကွန်မြူနတီကို သွားချင်လား "


နစ်နာသူမိသားစုဝင်တစ်ဦးအနေဖြင့် လင်းလန်က စီရင်ချက်အား သွားရောက်နားထောင်ခွင့်ရှိသည် ။ လင်းလန်က မချုပ်ရသေးသောစောင်များအကြောင်းတွေးမိကာ မျက်မှောင်ကျုံ့ရင်းပြောလိုက်သည် ။


" ကျွန်မမသွားတော့ဘူး အရေးကြီးတာလုပ်စရာရှိသေးတယ် "


ခြုံအိပ်ရန် သင့်လျှော်သောစောင်တစ်ထည်မျှမရှိသေးသောကြောင့် သူမအနည်းငယ်စိတ်ညစ်နေခဲ့သည် ။ သို့သော်လည်း တခြားအမျိုးသမီးများဆီက မမေးချင်ပေ ။ သူမက ထိုအမျိုးသမီးများနှင့်ရန်ဖြစ်ချင်စိတ်မရှိသော်လည်း သူမအားရန်လာစကြမည်မှာ သေချာသလောက်ပင်ဖြစ်သည် ။


ထို့ကြောင့် ဟန်ကျင်းပေါင်နှင့် ဟန်ကျင်းယုတို့အား ပြင်းပြင်းထန်ထန်ကိုင်တွယ်ခဲ့ခြင်းဖြစ်သည် ။ သူမအားတခြားသူများ အနိုင်ကျင့်ခွင့်မပေးနိုင်ပေ ။ ဟန်ချင်စုန့် ကလင်းလန်၏ လေးနက်သောအမူအရာအားမြင်သောကြောင့် ခေါင်းညိမ့်ကာပြောလိုက်သည် ။


" ဒါဆိုလဲ ကိုယ်ဘဲသွားလိုက်မယ် မင်းလုပ်စရာရှိတာလုပ်လေ "


ဟန်ချင်စုန့် အပြင်ထွက်တော့မည့်အချိန်၌ လင်းလန်ကနောက်မှလှမ်းအော်ပြောလိုက်သည် ။


" ရှင်စက်ဘီးစီးသွားလို့ရတယ် "


သူမက စက်ဘီးထားသည့်နေရာသို့ပင် လက်ညိုးထိုးပြလိုက်သေးသည် ။ ထိုစက်ဘီးအား အိမ်ထဲသို့စဝင်သောအချိန်တည်းက မြင်ခဲ့ခြင်းဖြစ်သည် ။ ဟန်ချင်ဟွ အပိုင်ဖြစ်သောထိုစက်ဘီးသည် မည်သို့မည်ပုံသူမ၏ပိုင်ဆိုင် မူဖြစ်လာခဲ့လဲ သူမသိပေ ။ သူမကလည်းထိုအကြောင်းကို ယခုထိထုတ်ပြောခဲ့ခြင်းမရှိချေ ။


ဟန်ချင်စုန့်ကငြင်းဆန်လိုက်သည် ။


" လူတွေအများကြီးအတူတူသွားကြမှာဘဲ လမ်းလျှောက်လို့အဆင်ပြေပါတယ် "


ထို့အပြင်  မိုးရွာထားသောကြောင့် ရွံ့ဗွက်များကြား၌ စက်ဘီးစီးသွားရန် အဆင်မပြေချေ ။ လင်းလန်က စောင်ချုပ်စရာရှိသေးသောကြောင့် ဟန်ချင်စုန့်အား အမြန်သွားရန်ပြောလိုက်သည် ။


ဟန်ချင်စုန့် ကတပ်မဟာဌာနချုပ်သို့ သွားခဲ့သည် ။ သူခိုးလေးယောက် ထမင်းစားပြီးဖြစ်ကာ လျှိုချွမ်းဟယ်နှင့် အပုတို့က မနေ့ညကဒဏ်ရာများအတိုင်း အဆစ်လွဲနေကြဆဲဖြစ်သည် ။ ကျေးလတ်ဆရာဝန်ဆီသွားပြခဲ့ကြသော်လည်း အဆစ်ပြန်တည့်ပေးရသည်အထိမကျွမ်းကျင်သောကြောင့် တစ်ချိန်လုံးနာကျင်ခံစားနေကြရသည် ။


ကျောက်ကျန့်ရှယ် နှင့် ဂျပိန်တို့က တုတ်ဖြင့်အရိုက်ခံခဲ့ရသောကြောင့် ပွန်းပဲ့ရာများရှိခဲ့သော်လည်း စိုးရိမ်စရာမရှိပေ ။ သူ့တို့ကိုယ်တိုင် လမ်းလျှောက်နိုင်စေရန်အတွက် ဟန်ချင်စုန့်က လျှိုချွမ်းဟယ်၏ အဆစ်အားတစ်ချက်တည်းဆွဲတည့်ပေးလိုက်သည် ။


" အား..."


လျှိုချွမ်းဟယ်က နာကျင်လွန်း၍အော်ဟစ်နေသည် ။ အပု၏ တုံ့ပြန်မူမှာလည်း တစ်ပုံတည်းပင်ဖြစ်ကာ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခံရ၍ သတိလစ်သွားမတတ်ပင်ဖြစ်သည် ။


ဘေးမှကြည့်နေသော ကျန်သူခိုးနှစ်​ယောက်မှာလည်း အဆစ်များပင်နာကျင်လာခဲ့ရသည် ။ ပုံမှန်အားဖြင့် အဆစ်လွဲခြင်းမျိုးဖြစ်လျှင် ဆရာဝန်က စိတ်တည်ငြိမ်စေရန် စကားပြောဆိုပြီးမှ ရုတ်ရက်သတိမထားမိနိုင်သောအချိန်တွင် ပြန်တည့်ပေးရသည် ။ 


ထိုသို့မဟုတ်ပါက လူနာရုန်းလိုက်သောအခါ ပိုဆိုးသွားနိုင်ပြီး အမှားလုပ်မိရန်လွယ်ကူသည် ။ ထို့အပြင် ယောင်ယမ်းခြင်းလည်းဖြစ်ပေါ်စေနိုင်သည် ။ 


သို့သော်လည်း ဟန်ချင်စုန့် ကအားပါးပါးဖြင့်တစ်ချက်တည်း ပြန်တည့်ပေးလိုက်ကာ အနည်းငယ်မျှပင်ညှာတာမူမရှိချေ ။ ဟန်ချင်စုန့် ၏အဆစ်တည့်စွမ်းရည်မှာ အလွန်ကောင်းမွန်ကြောင်း သံသယရှိစရာပင်မလိုချေ ။ ဘေးမှကြည့်နေသူများပင် အလွန်နာမည်ဖြစ်ကြောင်း သိသည် ။


အနာခံပြီးနောက်တွင် ထိုနှစ်ယောက်လမ်းပြန်လျှောက်နိုင်ပြီဖြစ်သည် ။ကျောက်ကျန့်ရှယ် ၏လက်က မလူပ်ရှားနိုင်တော့သော်လည်း မည်သူမျှလည်း သူ့အကြောင်းဂရုမစိုက်ကြချေ ။


Xxxxxx