အပိုင်း ၁၂၉-၁၃၀
Viewers 21k

PART 129


တဝမ်သည် ငယ်ငယ်ရွယ်ရွယ်နှင့် စဥ်းစားတတ်သူဖြစ်မှန်း လင်းလန်တွေးနေမိသည်။ 


" တဝမ်  တဝမ်  မင်းစားပြီးပြီလား.. ထွက်လာတော့ သူတို့အကုန်လုံးမင်းကို ဟိုမှာ စောင့်နေကြပြီ..."


တဝမ်က ခြင်းတောင်းဆွဲ၍ အိမ်ပေါ်မှ ခုန်ဆင်းပြီး ပြေးထွက်သွားတော့သည်။ 


မင်းကို လိမ္မာလာပြီလို့ ငါတွေးနေခဲ့တာ အခုတော့ ကလေးတွေနဲ့ ကစားဖို့ အိမ်ပေါ်ကနေခုန်ဆင်းပြီး ထွက်သွားတယ်...


သို့သော် ထိုကလေးသည် ယခင်ကထက် ပိုလိမ္မာခဲ့ခြင်းဖြစ်သည်။ သူသည် နေ့တစ်ဝက်လောက် ကစားတတ်သော်လည်း မြက်ရိတ်သည့်အလုပ်တော့ ဘယ်တော့မှ မပျက်ကွက်ခဲ့ပေ။ သူ၏ပုံစံသည်လည်း လျှို့ဝှက်တတ်သူဖြစ်သဖြင့် ထိုကလေးများနှင့် မည်သို့မည်ပုံ ကစားကြမှန်း လင်းလန် မတွေးတတ်ချေ။ 


အိုက်ယား... ဒီအမေက အဲ့လောက်သြဇာမညောင်းတော့ဘူး... သူ့အဖေပြန်လာတော့မှ ဆုံးမခိုင်းရမယ်...


တဝမ်ထွက်သွားပြီးပြီးချင်း ဟန်ချင်စုန့်ပြန်ရောက်လာသည်။ စန်းဝမ်က သူကျောင်းသွားဖို့အတွက်ငယ်သေးကြောင်း စသဖြင့် ဘေးမှတကောက်ကောက်လိုက်၍ အကြောင်းပြချက်မျိုးစုံကို သူ့အဖေအား ပြောပြနေသည်။ 


ဟန်ချင်စုန့် : " မင်းတို့မားမားက အိမ်ရဲ့ နောက်ဆုံးပြောရေးဆိုခွင့်ရှိသူပဲ..."


စန်းဝမ်၏ခြေလှမ်းများ တုံ့ဆိုင်းသွားသည်။ 


လင်းလန်က သူ့ကိုနှုတ်ဆက်လိုက်ပြီး ထမင်းစားရန်ပြောလိုက်သည်။ 


သူ့တို့အဖေအိမ်ပြန်ရောက်လာသဖြင့် ကလေးများသည် ရုတ်တရက် မလှုပ်သာသောဖိအားအောက် အလိုလိုရောက်သွားကြသည်။ သူတို့အားလုံး အစားအသောက်ကို မြန်မြန်ပြီးအောင်စားလိုက်ကြပြီး သူ့တို့အလုပ်သူတို့လုပ်ရန် အလျှိုလျှိုထွက်သွားကြတော့သည်။ 


ယနေ့ရာသီဥတုမှာ အေးသဖြင့် လင်းလန်လည်း စန်းဝမ်ရေထဲမ‌ဆင်းလောက်ဟု ထင်လိုက်ကာ သူမ သူ့ကို မျက်ကွယ်ပြုလိုက်သည်။ စန်းဝမ်က အားဝမ်သည် သူတို့အစ်ကိုကြီးလောက် ပျော်ဖို့မကောင်းသည့်အပြင် အနည်းငယ်ဆရာကြီးလုပ်တတ်သည်ဟု ထင်သဖြင့် လင်းလန်သူ့ဘက်ခေါင်းမလှည့်ချိန်၌ ချက်ချင်းပြေးထွက်သွားသည်။ 


ရှောင်ဝမ်သည် အရင်ကထက် ပိုမိုတက်ကြွလာသည်။ လင်းလန်က သူနှင့်ကစားပေးဖို့ အလုပ်ရှုပ်နေချိန်တိုင်း၌ သူ့အစ်ကိုနှင့် အစ်မနောက်သို့လိုက်သွားတတ်သည်။ 


အားဝမ်နှင့်မိုင်စွေ့သည် ရှောင်ဝမ့်အား မြက်ရှင်းရန်နှင့် ထင်းချောင်းများကောက်ရန် ခေါ်သွားလေ့ရှိသည်။ သူတို့ကံကောင်းလျှင် မြေပေါ်ကြွေကျနေသော သစ်သီးသစ်ဖုများကို ကောက်ရတတ်ကြသည်။ 


အားဝမ်နှင့်မိုင်စွေ့ရန်ဖြစ်သံများကို ယခုထိကြားနေရသေးသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပဲ ကလေးများအားလုံး ထွက်သွားကြပြီဖြစ်သည်။ 


လင်းလန်သည် သူမ မစားသေးဘဲ ချန်ထားသော ကြက်သွန်မြိတ်ကြက်ဥမွှေကြော်နှင့် စွပ်ပြုတ်တစ်ပန်းကန်ကို ထုတ်လိုက်သည်။ 


ဟန်ချင်စုန့်သည် အစားစားနေစဥ်အတွင်း စကားတစ်ခွန်းမှမဆိုပေ။ နှေးကွေးခြင်းမရှိဘဲ တဝမ်အတိုင်း အချိန်တိုတိုနှင့် မြန်မြန်စားပြီးသွားလေသည်။ 


သူစားပြီးသွားသည့်နောက် လင်းလန်ကပန်းကန်ထဲလှမ်းကြည့်လိုက်ရာ ကြက်သွန်မြိတ်ကြက်ဥမွှေကြော်ကို လုံးဝမတို့ထိထားမှန်း မြင်လိုက်သည်။

 

" ကြက်ဥကြော်ကော စားဦးလေ..."


ဟန်ချင်စုန့် : " ကိုယ်ဗိုက်ပြည့်သွားပြီ... မင်းစားလိုက်တော့..."


ရှင်တစ်ယောက်တည်းစားနေရမှာစိုးလို့ ကျွန်မက တမင်မစားသေးဘဲ ရှင့်ကိုစောင့်နေခဲ့တာ... အဲ့တာကို.. ချီး.. ရှင်လွန်လွန်းတယ်မဟုတ်ဘူးလား... အဲ့လောက်မြန်မြန်စားမှတော့ အခု‌ ကျွန်မတစ်ယောက်တည်းကျန်ခဲ့ပြီ... ငါ နောက်ဆို ကြိုစားထားရမယ်နဲ့တူတယ်...


ဟန်ချင်စုန့် မြန်မြန်ပြန်ရောက်လာခြင်းအပေါ် သူမ သိချင်နေမိသည်။ 


" အဲ့လူတွေ ဘယ်လိုအပြစ်ပေးခံလိုက်ရလဲ... သူတို့ပြစ်မှုကကြီးတော့ အပြစ်ဒဏ်က ပေါ့မှာတော့မဟုတ်ဘူး... တစ်ခြားသူအိမ်ကို ဖောက်ထွင်းဝင်မှတော့ သာမန်လူတွေဆို ဒီအခြေအနေမှာ ကောင်းကောင်းအိပ်ရဲမှာတောင် မဟုတ်ဘူး..."


သူမ နားလည်သလောက်ဆိုလျှင် ထိုသို့သောသူခိုးပြဿနာများကို ရာဇဝတ်မှုတိုက်ဖျက်‌ရေးကော်မတီ၏ အဓိကတာဝန်ရှိသူများကိုယ်တိုင် ကိုင်တွယ်လေ့ရှိသည်။ သူတို့တွေသည် အခင်းနေရာအနေအထားကို စစ်ဆေးကြည့်၍ အစည်းအဝေးခေါ်ကာ ငြင်းခုံဆွေးနွေးကြပြီး အပြစ်ဒဏ်ကို ဆုံးဖြတ်လေ့ရှိသည်။ ထိုသို့သော ပြစ်ဒဏ်မျိုးကို လွယ်လွယ်လျှော့ပေါ့ပေးလေ့မရှိသော်လည်း ကျူးလွန်သူများမှာ အထက်အရာရှိပိုင်းများနှင့် သိကျွမ်းသူများဖြစ်ခဲ့လျှင် ကိစ္စများမှာ ပြောင်းပြန်ဖြစ်သွားလိမ့်မည်။ 


ထိုသို့သောကိစ္စများတွင် လှည့်ကွက်များလည်း သေချာပေါက်ရှိပေသည်။ 


ရွာထဲရှိလူများသည် တစ်ဦးနှင့်တစ်ဦး ဆက်စပ်လျက်ရှိကြသည်။ ကျူးလွန်သူများ မည်သူတစ်ဦးတစ်ယောက်ကိုမှ မသတ်သ၍ သူတို့၏ပြစ်မှုများကို လွယ်လွယ်‌ခွင့်လွှတ်တတ်ကြသည်က များပေသည်။


 ဥပမာအနေနှင့် လုချွမ်းဟယ်ကို ကြည့်ပါလေ... သူသည် သူတစ်ပါးအိမ်ကို ညနက်သန်းခေါင် ထွင်းဖောက်ဝင်ရောက်၍ ပစ္စည်းခိုးရန်ကြံစည်သည့်ဖြစ်စဥ်မှာ ရုပ်ဆိုးလွန်းသော်လည်း ပြစ်မှုကိုခြုံငုံကြည့်ပါလျှင် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ခြင်းမျိုးမရှိခဲ့ပေ။ ဤရွာ၌လည်း သူ၏ဆွေမျိုးသားချင်းများရှိရာ အဆိုးရွားဆိုးအမည်ပျက်စာရင်းထဲမပါထားသ၍ ဟန်ရုံဖန်သည် သေချာပေါက်သက်ညှာပေးလိမ့်မည်သာဖြစ်သည်။ 


တခြားကျူးလွန်သူများကိုတော့ သူတို့ရွာသို့သာပြန်ပို့မည်ဖြစ်ပြီး သူတို့ရွာသားအချင်းချင်း ပြန်ကိုင်တွယ်ပေလိမ့်မည်။ ဤရွာမှလူများသည် သူတို့၏အပြစ်များကို ဆုံးဖြတ်ပိုင်ခွင့်မရှိသည့်အတွက်ဖြစ်သည်။ 


သူတို့၏အပြစ်ဒဏ် လျှော့ပေါ့နိုင်၊ မပေါ့နိုင်မှာ သူတို့၏ရပ်ရွာအုပ်ချုပ်ရေးမှူးနှင့်ဆိုင်ပေသည်။ ထိုအထက်လူကြီးများနှင့် ဆက်ဆံရေးသည်လည်း အရေးကြီးသောကဏ္ဍမှ ပါဝင်နေပေသည်။ 


ကျောက်ကျန်းရှယ်ကဲ့သို့ အချိတ်အဆက်နည်းနည်းရှိသူဆိုလျှင် နောက်ထပ်မလုပ်တော့ရန် ပညာပေးဆိုဆုံးမ၍ ပေးလွှတ်တတ်လေ့ရှိသည်။ 


အဆိုးဆုံးအနေနှင့် ပိန်ပိန်လူနှင့် ပုပုလူတို့အတိုင်း အစည်းအဝေးခေါ် ဝေဖန်ခံရပြီး သူ့မှတ်တမ်းထဲ ပြစ်ချက်ထည့်ခံရသည်ကလွဲ၍ ဘာမှဖြစ်မည်မဟုတ်ပေ။ 


ထိုသို့ဆိုလျှင် သူတို့၏ပြစ်မှုများအတွက် အလွန်ကိုသက်ညှာပေးထားမှန်း လင်းလန်တွေးမိလိုက်သည်။ သို့သော်လည်း တဝမ် သူတို့အား တုတ်ဖြင့်ရိုက်ခဲ့ပုံကို ပြန်တွေးကြည့်လိုက်သောအခါ စိတ်သက်သာရာရသွားသည်။ အကယ်၍ သူတို့ကို လွှတ်ပေးခဲ့လျှင်တောင် သူမတို့ဘက်မှ အသာစီးရိုက်နှက်နိုင်ခဲ့သည်လေ...


မည်သို့ပင်ဆိုစေ သူမအထင်အရ ထိုသူခိုးများသည် နိုင်ငံရေးအကျဥ်းသားများထက် ပို၍မုန်းဖို့ကောင်းပေသည်။ နိုင်ငံရေးအကျဥ်းသားအများစုမှာ ပြစ်မှုကျူးလွန်ကြခြင်းမဟုတ်ဘဲ တစ်ခုခုနှင့်ငြိစွန်းသည့်ဆောင်းပါးရေးသား၍ သို့မဟုတ် တားမြစ်ထားသောအကြောင်းများ ပြောမိ၍ စသည်တို့ကြောင့် အပြစ်ဒဏ်ခံရခြင်းဖြစ်သည်။ 


Xxxxxxx

Part 130


ဥပမာဆိုရသော် လှုပ်ရှားမှုတစ်စုံတစ်ရာရှိခဲ့လျှင် အထက်အရာရှိများက ယူနစ်တိုင်းကို ထိုလှုပ်ရှားမှုထဲတွင် ပါဝင်ရန် တိုက်တွန်းလေ့ရှိသည်။ ဖြည့်စွက်အကြံပြုစာများ၊ အပြန်အလှန်သဘောတူညီချက်များ၊ ဝေဖန်စာများ၊ မိမိ၏ ထင်မြင်သုံးသပ်ချက်များ စသည်တို့ကို တောင်းဆိုတတ်သော်လည်း တစ်ယောက်ယောက်က သတင်းစာထဲတွင် ဆောင်းပါးအမှားရေးမိလျှင် သို့မဟုတ် စာရိုက်မှားပြီး မှားယွင်းသည့်သုံးသပ်ချက် တစ်စုံတစ်ရာပါခဲ့လျှင် ချက်ချင်း အကျဥ်းချခံရတတ်သည်။ 


၎င်းမှာ အရေးမပါသည့် အာဏာချင်းအားပြိုင်မှုသက်သက်သာ ဖြစ်ပေသည်။ 


သို့သော် ထိုသူခိုးများကို အပြစ်ဒဏ်ကြီးကြီးချလောက်သည်အထိ မှားခဲ့ခြင်းမရှိဟု ကောက်ချက်ချလို့ရပေသည်။ အဘယ်ကြောင့်ဆို သူတို့၏ ညနက်သန်းခေါင် ဖောက်ထွင်းမှုဖြစ်စဥ်မှ အသေအကြေအရိုက်နှက်ခံလိုက်ရသော ဖောက်ထွင်းသူခိုးများအဖြစ်သို့ ခေါင်းစဥ်ပြောင်းသွားသောကြောင့်ဖြစ်သည်။ 


ဟန်ချင်စုန့်က ခေါင်းငြိမ့်သည်။ 


" သူတို့တွေကို အုပ်ချုပ်ရေးမှူးရုံးမှာပဲ ခေတ္တပိတ်လှောင်ထားဦးမယ်... နောက်ဆုံးအပြစ်ဒဏ်ကိုတော့ ဒီနှစ်ရက်အတွင်း ချမှတ်မယ်..."


ရုံးလုပ်ငန်းစဥ်အရ သူတို့တွေသည် ကျူးလွန်သူများ၏ ယခင်ပြစ်ချက်ဟောင်းရှိ၊ မရှိအားသက်သေများနှင့်တကွ စစ်ဆေးကြည့်ရှုရမည်ဖြစ်သည်။ အရေးကြီးဆုံးမှာ ထိုသူခိုးများ၏ ရာဇဝတ်မှု၌ ပါဝင်သည့်နှုန်းထားကို ကြည့်ရပေသည်။ အကယ်၍ သူတို့၏ပြစ်ချက်မှတ်တမ်းမှာ ရှင်းလင်းနေလျှင် ယခုဖောက်ထွင်းမှုမှာ သူတို့၏ပထမဆုံးအကြိမ်ပြစ်မှုကျူးလွန်ခြင်းဖြစ်သွားသည့်အတွက် အပြစ်ဒဏ်မှာ လျှော့ပေါ့သွားလိမ့်မည်။ 


ရာဇဝတ်မှုတိုက်ဖျက်ရေးကော်မတီ၏ ဒါရိုက်တာတစ်ဦးအနေဖြင့် ကျူးလွန်သူများ၏ နောက်ခံကိုပါ ထည့်သွင်းစဥ်းစားပေးရပေသည်။ ဥပမာဆိုရသော် ကျောက်ကျန်းရှယ်၏ဦးလေးသည် မြို့နယ်ရာဇဝတ်မှုတိုက်‌ဖျက်ရေးကော်မတီနှင့် အဆက်အသွယ်နည်းနည်းရှိပုံပေါ်သည်။ 


သို့သော် ဟန်ချင်စုန့်သည် ထိုအကြောင်းအရာများအား ထိမ်ချန်ထားလိုက်သည်။ 


လင်းလန်က အလွန်ပျော်ရွှင်နေပေသည်။ အကယ်၍ အရာရာ သူ့အစီအစဥ်နှင့်သူဖြစ်သွားလျှင် ထိုကြွက်ဆိုးများသည် သေချာပေါက် ပြစ်ဒဏ်အကြီးကြီးကျခံရလိမ့်မည်။ 


အဖိုးကြီးဟန်တို့ မိသားစု၌ အဖွားကြီးဟန်သည် မည်သည့်အစားအသောက်ကိုမှ စားသောက်ခြင်းမရှိတော့။ သူမတစ်ကိုယ်လုံး လိမ်းဆေးအနံ့များနှင့် ဖုံးနေပြီး တတိယလေးက စတုတ္ထလေးအား အဘယ်ကြောင့်မခေါ်လာသေးမှန်း စသဖြင့် တတွတ်တွတ်ရွတ်၍ ညည်းတွားနေပေသည်။ 


ထိုအချိန်၌ လုချွမ်းဖန်သည် ယုဝူဇီကိုတွဲ၍ အထဲခေါ်လာသည်။


" မရီး... ကျွန်မတို့ကို ကျေးဇူးပြုပြီး စာနာပေးပါ_"


အစ်ကိုကြီးဟန်က သူတို့ကိုမြင်သောအခါ တားလိုက်ပြီး


" မင်းတို့ဒီကို ဘာလာလုပ်ကြတာလဲ... ရုံးကိုသွားပြီး အဲ့မှာ မင်းတို့စိတ်ကြိုက်သွားအော်စမ်းပါ..."


လုချွမ်းဖန်က တုန်ယင်သောအသံဖြင့်ဆိုလာသည်။ 


" အစ်ကိုကြီး ကျွန်မအမေက ဒေါ်လေးနဲ့ စကားပြောချင်လို့ပါတဲ့..."


အစ်ကိုကြီးဟန်က သူတို့ကိုလက်မခံဘဲ နှင်ထုတ်လိုက်သည်။ 


" ဘာမှ ပြောစရာမလိုဘူး..."


" သူတို့ကို ဝင်ခိုင်းလိုက်..." အဖွားကြီးဟန်က အခန်းထဲမှ အော်ပြောလိုက်သည်။ 


ယုဝူဇီက အကိုကြီးဟန်အား ခပ်မြောက်မြောက်ကြည့်၍ သူမသမီးကိုခေါ်ကာ အထဲဝင်သွားတော့သည်။ 


သူတို့ အထဲရောက်ရောက်ချင်း ယုဝူဇီက စတင်ငိုကြွေးတော့သည်။ 


" အစ်မကြီးရယ်... ကျွန်မတို့ကလေးကို ကယ်ပေးပါအုံး... ကျောက်ကျန်းရှယ်ကြောင့်ပေါ့... သူက အစ်မကြီးရဲ့ စတုတ္ထသားပြောပြလို့ ယွမ်၁၅၀၀အကြောင်းသိပြီး သွားခိုးဖို့ သူ့သူငယ်ချင်းတွေကိုဖျားယောင်းခဲ့တာ... ကျွန်မတို့ကလေးက အခုဆိုရင် အကျဥ်းခန်းထဲမှာ ဓားတွေနဲ့ အချက်ပေါင်းထောင်ချီထိုးနှက်ခံရသလို ခံစားနေရရှာမှာ..."


အစ်ကိုကြီးဟန် ဒေါသထွက်သွားသည်။ 


" ခင်ဗျားတို့ ဘာတွေလာပြောနေတာလဲ... ရွာအပြင်ကလူတွေနဲ့ပေါင်းပြီး ရွာထဲကပိုက်ဆံလာခိုးတဲ့လူက ခင်ဗျားတို့ရဲ့ လုချွမ်းဟယ်လေ... ကျွန်တော်တို့ရဲ့ စတုတ္ထလေးကို ဘာကြောင့်စွပ်စွဲနေတာလဲ..."


စတုတ္ထလေးသည် တားမြစ်စာများဖတ်ခြင်းကြောင့် အထိန်းသိမ်းခံထားရသည်မှာ မကြာသေးပေ။  ယခု၌ တခြားသူနှင့်ပူးပေါင်းပြီး ခိုးရန်ကြံစည်သည့်ပြစ်မှုပါ ထပ်ပေါင်းလိုက်လျှင် သူ့အနာဂတ်အတွက် ဘယ်မှာကောင်းတော့မည်နည်း။ 


အစ်ကိုကြီးဟန်သည် ယုဝူဇီ၏ပေါက်ကရများကို အဖွားကြီးဟန်နားယောင်နေမည်စိုးရိမ်သဖြင့် သူတို့၏ ဟာကွက်များကိုထုတ်ပြော၍ ယုဝူဇီမှာ မကောင်းသည့်ရည်ရွယ်ချက်ဖြင့်ချဥ်းကပ်လာမှန်း သူ့အမေအား အရိပ်အမြွက်သိစေလိုက်သည်။ 


သို့သော် အဖွားကြီးဟန်၏ဦးနှောက်လည်ပတ်ပုံမှာ အများနှင့်မတူခြားနားနေခြင်းအတွက်တော့ ဘယ်သူမှမတတ်နိုင်ပေ။ သူမ၏ခေါင်းထဲတွင် ယခုအချိန်အတောအတွင်း တစ်ခြားသူတစ်ဦးဦးကို အမှတ်ရဖို့မပြောနှင့် လင်းလန်အား လုံးဝမုန်းတီးနေသော စိတ်နှင့်သာပြည့်နှက်လျက်ရှိသည်။ 


သူမသည် တတိယလေးကို အတင်းတွန်းအားပေး၍ဖြစ်ဖြစ် စတုတ္ထလေးအား တစ်ရက်မှနောက်မကျစေဘဲ အိမ်ပြန်ခေါ်ခိုင်းစေချင်သည်။ 


ထို့ကြောင့် အဖွားကြီးဟန်သည် သူမ၏အကြီးဆုံးသားကို ဆူလိုက်သည်။ 


" မင်းပါးစပ်ပိတ်လိုက်တော့... အသုံးမဝင်တာတွေမပြောနဲ့ ... မင်းရဲ့ညီလေးကို ပြန်ခေါ်ဖို့က အဓိကဦးစားပေးပဲ..."


ပထမချွေးမဟန်က အစ်ကိုကြီးဟန်၏အင်္ကျီစကိုဆွဲလိုက်ကာ ထပ်ဝင်မပြောတော့ရန် တားလိုက်သည်။ 


ယုဝူဇီသည် အဖွားကြီးဟန် သူမတို့အား သနားလာအောင် စတင်ဇာချဲ့တော့သည်။ အဖွားကြီးဟန်သည် အုပ်ချုပ်ရေးအဖွဲ့တွင်အထိန်းသိမ်းခံထားရသော သူမ၏စတုတ္ထကလေးအကြောင်း စဥ်းစားမိလျှင် ယုဝူဇီသည်လည်း သူမကဲ့သို့ အခြေအနေအောက်တွင် ပိတ်မိနေမှန်း သတိပြုမိလိုက်သည်။ 


လုချွမ်းဖန်၏အသံမှာ သိမ်မွေ့ညင်သာသည်။ 


" ဒေါ်လေးရဲ့ တတိယသားက သူ့ရဲ့ အသက်မွှေးဝမ်းကြောင်းပြောင်းပြီး အခုဆို ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ ဒါရိုက်တာဖြစ်သွားတော့ ဒီခိုးမှုအပေါ်မှာ သူ့ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ချဖို့ပဲလိုတော့‌တာပါ... သူသာ စကားတစ်ခွန်းလောက်ပြောလိုက်ရင် ဒေါ်လေးရဲ့စတုတ္ထသားလေးပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ ချွမ်းဟယ်ပဲဖြစ်ဖြစ် ဘာမှဖြစ်တော့မှာ မဟုတ်ပါဘူး..."


သူမသည် ထိုသို့ပြောရင်း ယွမ်နှစ်ယွမ်ကိုပါ ထုတ်လိုက်သည်။ 


" ဒေါ်လေး ကျွန်မလောလောဆယ်တော့ ဒါလေးပဲတတ်နိုင်သေးလို့... ရက်နည်းနည်းကြာရင် ကျွန်မ ပိတ်စနှစ်ထည်နဲ့ ကျေးဇူးဆပ်ပါ့မယ်..."


ဤသို့သောကိစ္စမျိုး၌ ကျေးဇူးအရင်တင်ထားသည်က ပို၍ကောင်းသည်။ 


အဖွားကြီးဟန်သည် ယွမ်နှစ်ယွမ်ကို အာရုံမစိုက်နိုင်သေးဘဲ လုချွမ်းဖန်၏သတင်းကြောင့် သူမ အံ့သြသွားသည်။ တတိယလေးက အုပ်ချုပ်ရေးအဖွဲ့မှာ အစိုးရဝန်ထမ်းဖြစ်သွားတာလား...


ဒီမွေးရကျိုးမနပ်တဲ့သားကတော့... သူ့အမေအရင်းကိုတောင် ဒီအကြောင်းမပြောပြဘူး...


ဒါက သူမိသားစုခွဲထွက်ပြီးပြီးချင်း သူ့အမေကို ပုန်ကန်မယ့်အစီအစဥ်‌တွေရဲ့ ကနဦးပေါ့လေ...


အဖွားကြီးဟန်၏ မျက်လုံးများ ဒေါသကြောင့် မီးဝင်းဝင်းတောက်လာသည်။ 


Xxxxxxx