မြတ်နိုးတွယ်တာမှု - အခန်း ၃
Viewers 260


လုလင်မယားနှစ်ယောက်သည် စန်းကျူလီ (Sanzhuli) ရပ်ကွက်နှင့် သိပ်မရင်းနှီးကြပေ။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖခင်ဖြစ်သူက လုယုံကျန်း  ကို ကျန်းဝမ့် (Jiang Wang) ရှိ “တောရိုင်းစစ်ဆင်ရေးတပ်ဖွဲ့” သို့ ပို့ရန် စီစဉ်ခဲ့စဉ်၊ ထိုအိမ်ကို စောင့်ရှောက်ပေးမည့်သူတစ်ဦးကို အလျင်အမြန် ရှာဖွေစီစဉ်ပေးခဲ့ရသည်။

အခြေအနေကို သဘာဝကျကျ ဖြစ်နေစေရန် လုယုံကျန်းသည် ထိုအိမ်တွင် တစ်ဦးတည်း နှစ်အတော်ကြာ နေထိုင်ခဲ့ရသော်လည်း၊ လင်မယားနှစ်ယောက်မှာ အလုပ်တာဝန်ကြောင့် အချိန်ကြာကြာ အပြင်တွင်သာ နေခဲ့ရပြီး ထိုအိမ်၌ တစ်ရက်တောင် မနေခဲ့ဖူးချေ။

ရှောင်ရို့  သည် စန်းကျူလီမှ မိန်းကလေးတစ်ဦးဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ၎င်းတို့နှစ်ဦးမှာ သူမအကြောင်းကို မမှတ်မိကြသည်မှာ သဘာဝပင် ဖြစ်သည်။ သိနေခဲ့လျှင်တောင် အရေးကြီးလှမည် မဟုတ်ပေ။ သို့သော် ၎င်းတို့၏အာရုံကို အမှန်တကယ် ဖမ်းစားသွားသည်မှာ ....

လုယုံကျန်း အသုံးပြုလိုက်သော စကားလုံး — “မြတ်နိုးတွယ်တာမှု” ဆိုသည့် စကားဖြစ်သည်။

၎င်းတို့ သိထားသော သားဖြစ်သူအတွက်တော့ ထိုစကားသည် အလွန်လေးနက်လွန်းသည်။ ထိုလေးနက်မှုကပင် ၎င်းတို့၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

မိသားစုကွဲကွာနေခဲ့သော နှစ်များအတွင်း၊ လင်မယားနှစ်ယောက်သည် ကျန်းဝမ့်ထံမှ ရလာသော သတင်းအစအနများပေါ် အခြေခံ၍ လုယုံကျန်း၏ ပုံရိပ်ကို တဖြည်းဖြည်း တည်ဆောက်ခဲ့ကြရသည်။

— သူ အရပ်ရှည်လာပြီ။ ဒီနှစ်ထဲမှာတင် ၁၅ စင်တီမီတာလောက် ထိုးတက်သွားတယ်။

— ကီလိုမီတာတစ်ရာ ခရီးကြမ်းလေ့ကျင့်ခန်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တယ်။ အသက်အငယ်ဆုံး ဖြစ်ပေမဲ့ အပင်ပန်းဆုံး ဒုက္ခတွေကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်။

— စာပေလည်း မလျစ်လျူရှုဘူး။ မီးပိတ်ပြီးရင်တောင် စာဖတ်ခန်းထဲ ဝင်ဖတ်နေတတ်လို့ အကြိမ်ကြိမ် အပြစ်ပေးခံရပေမဲ့ မပြင်ဘူး။

အချိန်ကြာလာသည်နှင့်အမျှ၊ သားဖြစ်သူမှာ ၎င်းတို့၏ စိတ်ကူးထဲက ပုံရိပ်တစ်ခုသာ ကျန်ရစ်လာခဲ့သည်။ မြို့ထဲတွင် ပြန်လည်ဆုံတွေ့သည့်အချိန်၌ပင် လုယုံကျန်း၏ အေးစက်စက်နှင့် စိမ်းသက်သော အမူအရာကြောင့် ရင်းနှီးရန် အချိန်အတော်ယူခဲ့ရသည်။

ယခုတော့ ထိုကဲ့သို့ အေးစက်လှသော သားဖြစ်သူက မိန်းကလေးတစ်ဦးအပေါ် “ချစ်ခင်စုံမက်မှု” ရှိကြောင်း ပြောလာခြင်းက ၎င်းတို့ကို မအံ့ဩဘဲ မနေနိုင်စေခဲ့ပေ။

အတော်ကြာ စဉ်းစားပြီးနောက် လုဖခင်က သတိထား၍ မေးလိုက်သည်။

“ဒါကြောင့် မင်း ငါတို့နဲ့ ပြန်မလိုက်ဘူးဆိုတာလား? အားလုံးက အဲဒီမိန်းကလေးကြောင့်ပေါ့ ဟုတ်လား?”

မျက်မှောင်များ ကြွတက်နေသော်လည်း လေသံထဲတွင် အတည်ပြုသည့် အရိပ်အယောင် ပါနေသည်။

လုယုံကျန်းက ခပ်ပါးပါး ပြုံးလိုက်သည်။

“ဟုတ်ပါတယ်။ ဒီကိစ္စအတွက် ဖေဖေနဲ့ မေမေတို့ကို စိတ်ရှုပ်စေခဲ့ရတာ တောင်းပန်ပါတယ်”

လင်မယားနှစ်ယောက်သည် မယုံနိုင်သလို စိုက်ကြည့်နေမိကြသည်။ သားဖြစ်သူသည် ပုံမှန်အားဖြင့် ပြုံးခဲလှသည်။ ပြုံးလျှင်တောင် နှုတ်ခမ်းစွန်း အနည်းငယ်ကွေးရုံသာ ပြုံးတတ်သူဖြစ်သည်။ ယခုလို ဗြောင်ကျကျ ပြုံးနေသည်ကိုတော့ တစ်ခါမှ မမြင်ဖူးကြပေ။

ချင်ယိကျွင်း  က ခင်ပွန်းဖြစ်သူကို တစ်ချက်ကြည့်ပြီး စိတ်လှုပ်ရှားမှုကို ထိန်းထားရင်း ပြောလိုက်သည်။

“မင်းကလည်း မေမေတို့နဲ့ ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ? မင်းတို့ ရည်းစားဖြစ်နေကြပြီလား? ဒီလိုကိစ္စမျိုးဆို စနစ်တကျ လုပ်ရမှာပေါ့။ ငါတို့က ဒီဒေသခံတွေ မဟုတ်တော့ မေမေ အရင် စုံစမ်းကြည့်ဦးမယ်”

“ကျွန်တော်တို့မှာ တရားဝင် အဆင့်အတန်းတစ်ခု ရှိဖို့လိုတယ်”

လုယုံကျန်း၏ လေသံမှာ တည်ငြိမ်သော်လည်း အဓိပ္ပာယ်မှာ အလွန်ရှင်းလင်းနေသည်။

“အခုချက်ချင်းပဲ လုပ်စေချင်တယ်”

သူ မစောင့်နိုင်တော့ပေ။

လင်မယားနှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြသည်။ စိတ်ထဲတွင် ရှုပ်ထွေးနေကြပြီး အထူးသဖြင့် လုပေါ့ရှီ  မှာ မိမိကိုယ်တိုင် ခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း သားဖြစ်သူရှေ့တွင်တော့ အရှိန်အဝါများ ပျောက်ကွယ်သွားသကဲ့သို့ ခံစားနေရသည်။

“တကယ်ပဲ အဲဒီလောက် အရေးကြီးနေတာလား?”

“ဟုတ်ပါတယ်”

လုယုံကျန်း၏ အဖြေမှာ မဆိုင်းမတွ ထွက်လာသည်။

“မြန်မြန်လုပ်ဖို့ လိုတယ်။ သူ့မိသားစုက ရွာလူကြီးက သူ့အတွက် အောင်သွယ်ပေးဖို့ စီစဉ်နေပြီ”

အောင်သွယ်ကိစ္စကို ပြောလိုက်ချိန်တွင် သူ၏ မျက်လုံးများ မှေးမှိန်သွားသည်။ ထို့နောက် တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။

“ဒီဘဝမှာ သူကသာ ကျွန်တော့်ကို မလိုချင်ဘူးဆိုရင်… သူကလွဲလို့ ဘယ်သူ့ကိုမှ လက်ထပ်မှာ မဟုတ်ဘူး”

ထိုစကားသည် မိုးကြိုးပစ်သကဲ့သို့ပင်။

ချင်ယိကျွင်းမှာ အလွန်အံ့အားသင့်သွားပြီး စိတ်ထဲတွင် အတွေးတစ်ခုသာ ပေါ်လာသည်။

‘သူတို့… တားမြစ်ထားတဲ့ အသီးကို မြည်းစမ်းပြီးကြပြီလား?’

ထိုအတွေးက မျက်နှာပေါ်အထိ ထင်ဟပ်လာသဖြင့် လုယုံကျန်း၏ မျက်နှာ အနည်းငယ် တင်းမာသွားသည်။

“အဲဒီလိုမျိုး မဟုတ်ပါဘူး”

ထို့နောက် လေသံအေးအေးဖြင့် ဆက်မေးလိုက်သည်။

“မေမေ၊ အောင်သွယ်လုပ်ပေးဖို့ စဉ်းစားထားတဲ့သူတွေ အကြောင်း ပြောပြပါဦး”

ချင်ယိကျွင်းက သားဖြစ်သူ၏ အကြည့်ကို မခံနိုင်တော့ဘဲ သူမ၏ အဆက်အသွယ်များကို စတင် စဉ်းစားပြောပြလာသည်။

“မင်းဒေါ်လေးက သတင်းစာတိုက်က အယ်ဒီတာချုပ်လေ။ စကားပြောကောင်းပြီး ဆက်ဆံရေးလည်း ကောင်းတယ်—”

“မသင့်တော်ဘူး”

လုယုံကျန်းက မျက်မှောင်ကြုတ်လိုက်သည်။

“တခြားတစ်ယောက် ရှာကြည့်ပါ”

ကျန်းမိသားစုတွင် ပညာတတ် အလွန်နည်းသဖြင့် ပညာတတ်အောင်သွယ်တစ်ဦးကို ရွေးလိုက်လျှင် နားလည်မှုလွဲမှုများသာ ဖြစ်လာနိုင်သည်။

ချင်ယိကျွင်းက ထပ်စဉ်းစားလိုက်သည်။

“ဒါဆို မင်းအဖေရဲ့ ဌာနက အမျိုးသမီးရေးရာ တာဝန်ခံကော? ဒါပေမဲ့ သူက အောင်သွယ်လုပ်ဖူးတယ်လို့တော့ မကြားဖူးဘူး”

လုယုံကျန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“စန်းကျူလီက လူတွေ ပုံမှန်ထိတွေ့ဆက်ဆံရတဲ့သူမျိုးကိုပဲ ရွေးပါ။ ဥပမာ… ရပ်ကွက်ရုံးက လူကြီးမျိုး”

“ရပ်ကွက်ရုံးက လူကြီး ဟုတ်လား?”

သားဖြစ်သူ၏ မျက်နှာပေါ်မှ အပြုံးကို မြင်လိုက်ရသည့်အခါ ချင်ရိကျွင်းက မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်မိသည်။

“ကောင်းပြီ။ မေမေ တစ်ယောက်ယောက်နဲ့ အဆက်အသွယ်ရအောင် ကြိုးစားကြည့်မယ်”

တစ်ချိန်တည်းမှာပင် ကျန်းမိသားစု၏ ထမင်းဝိုင်းတွင် ကျန်းထျန်းလေး  က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“မမ… ဘယ်သူ့အကြောင်း ပြောနေတာလဲ?”

သူ၏ အမူအရာမှာ အံ့အားသင့်နေခြင်းထက် ပို၍ နောင်တရသလို ဖြစ်နေသည်။

ကျန်းရှောင်ရို့  သည် လုယုံကျန်း၏ အမည်ကို ထပ်ခါတလဲလဲ မပြောချင်တော့ပေ။ သူမသည် အနေခက်စွာဖြင့် အကြည့်လွှဲလိုက်ပြီး အသံကို အနည်းငယ် မြှင့်လိုက်သည်။

“နင် နားမကြားဘူးလား? လုယုံကျန်းလို့ ပြောနေတာလေ!”

ကျန်းထျန်းလေးက မှင်တက်သွားသည်။

“ဒါ မဖြစ်နိုင်ဘူး! ကျွန်တော့်အမက ဘယ်လိုလုပ် လုအစ်ကိုနဲ့ တန်မှာလဲ…”

“တန်တယ်” ဆိုသည့် စကားက ကျန်းရှောင်ရို့၏ အာရုံကြောကို ထိသွားသည်။ သူမသည် လက်မြှောက်ကာ သူ၏ခေါင်းကို ပုတ်လိုက်သည်။

“နင် ဘာဆိုလိုတာလဲ? ငါက ဘာလို့ မတန်ရမှာလဲ?”

“မျက်နှာကလွဲရင် ငါတို့မိသားစုမှာ လုအစ်ကိုတို့နဲ့ တန်တာ ဘာရှိလို့လဲ?”

ကျန်းထျန်းလေးက ခေါင်းကို ကိုင်ရင်း အော်ပြောလိုက်သည်။

“လုအစ်ကိုကိုယ်တိုင်က ထူးချွန်တဲ့သူ။ လုမိသားစုကလည်း လုံးဝ သာမန်မဟုတ်ဘူးလို့ ကျွန်တော် ကြားထားတာ!”

ကျန်းဖခင်နှင့် မိခင်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

လုယုံကျန်းသည် စန်းကျူလီတွင် နာမည်ကြီးသော “ရွှေမင်းသား” တစ်ဦးဖြစ်သည်။ သို့သော် မည်သည့်အောင်သွယ်ကမျှ သူ့ကို လွယ်လွယ်ကူကူ မချဉ်းကပ်ရဲကြပေ။

စန်းကျူလီ၏ အတင်းအဖျင်းများထဲတွင်ပင် သူ၏အမည်ကို ထည့်မပြောကြ။ တစ်ခါတစ်ရံ အမည်ပေါ်လာလျှင်တောင် လူတိုင်းက လမ်းကြားထဲကို တစ်ချက်ကြည့်လိုက်ရုံနှင့် အခြေအနေကို နားလည်သွားကြသည်။

သူ၏ ထူးခြားသော အဆင့်အတန်းမှာ ရန်ပွဲတစ်ခုကြောင့် စတင်ခဲ့ခြင်းဖြစ်သည်။

ထိုရပ်ကွက်တွင် အလုပ်မရှိဘဲ ခိုးဆိုးလုယက်ကာ အသက်မွေးနေသည့် လူမိုက်တစ်စု ရှိသည်။ တစ်နေ့တွင် ၎င်းတို့သည် လုယုံကျန်း အပြင်ဘက်တွင် လှန်းထားသော သိုးမွှေးကုတ်အင်္ကျီကို ခိုးသွားခဲ့ကြသည်။

လုယုံကျန်း ပြန်လာချိန်တွင် အိမ်နီးချင်းများကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်မေးခဲ့သည်။ လူတိုင်းက နားလည်သဘောပေါက်သည့် အကြည့်များဖြင့် လမ်းကြားထိပ်ကို ညွှန်ပြကြရင်း—

“ဟိုမှာ နေပူစာလှုံနေတဲ့သူတွေကို သွားမေးကြည့်ပါလား”

ဟု ပြောခဲ့ကြသည်။

သူ သွားမေးခဲ့သည်။

လူမိုက်များက လက်ကို အိတ်ကပ်ထဲထည့်ပြီး လှောင်ရယ်ကြသည်။

“ညီလေး၊ အင်္ကျီတစ်ထည် လွင့်လာတာတော့ တွေ့သားပဲ။ ဒါပေမဲ့ သူ့ဘာသာ လွင့်လာတာလေ”

လုယုံကျန်းက မျက်မှောင်ကြုတ်လိုက်သည်။

“မင်းတို့ ငါ့အင်္ကျီကို ခိုးထားတာ”

လူမိုက်တစ်ဦး၏ ပြောပြချက်အရ ထိုအချိန်တွင် လုယုံကျန်း၏ မျက်နှာမှာ အလွန်တင်းမာသွားပြီး ပတ်ဝန်းကျင်လေထုတောင် အေးစက်သွားသလို ခံစားရသည်ဟု ဆိုသည်။

သို့သော် ၎င်းတို့က မည်သည့်အရာနှင့် ရင်ဆိုင်ရတော့မည်ကို မသိကြသေးပေ။

“ခိုးတယ်လို့ ပြောချင်ရင်လည်း ငါတို့ အဲဒီမှာ တွေ့ထားတာပဲ!”

လူမိုက်တစ်ဦးက လမ်းကြားထိပ်ရှိ မီးဖိုဟောင်းနောက်က အိမ်လေးကို လက်ညှိုးထိုးပြပြီး စိန်ခေါ်လိုက်သည်။

“တတ်နိုင်ရင် သွားပြန်ယူလေ!”

လေးယောက်လုံး တဟားဟား ရယ်မောနေကြသည်။

သူ၏အင်္ကျီ ရှိရာနေရာကို အတည်ပြုပြီးနောက် လုယုံကျန်းက အင်္ကျီလက်ကို လိပ်တင်လိုက်သည်။

“လာလေ။ အားလုံး တစ်ခါတည်း တိုက်လိုက်ကြ”

နောက်ဆုံးတွင် ထိုလေးယောက်လုံး ဆေးရုံခုတင်ပေါ်၌ တစ်လခွဲခန့် လှဲနေရသည်။

လုယုံကျန်းက သူတို့ကို နှိမ်နင်းပြီးနောက် အိမ်ထဲဝင်ကာ သူ၏အင်္ကျီနှင့် အခြားအခိုးခံရသည့် ပစ္စည်းများကို ပြန်ယူခဲ့သည်။ ထို့နောက် ထိုပစ္စည်းများကို လမ်းကြားထိပ်တွင် တစ်ခုချင်း ခင်းကျင်းထားခဲ့ပြီး အိမ်နီးချင်းများ လာရွေးယူနိုင်ရန် ထားပေးခဲ့သည်။

ထိုနေ့မှစ၍ လုယုံကျန်းသည် စန်းကျူလီတွင် တစ်ညတည်းနှင့် နာမည်ကြီးသွားခဲ့သည်။

ညနေပိုင်းတွင် ကျန်းရှောင်ရို့သည် စန်းကျူလီသို့ ပြန်လာနေစဉ် လမ်းကြားထဲတွင် လူမိုက်တစ်ယောက်က သူမအနားသို့ တိုးကပ်လာသည်။

“ဟေး… ကျန်းညီမလေး၊ ဒီနေ့ ကြည့်ရတာ ပျော်နေပါလား”

ကျန်းရှောင်ရို့က ဂရုမစိုက်ဘဲ ရှေ့တည့်တည့်သာ လျှောက်သွားသည်။

ထိုလူမိုက်က ပို၍ရဲတင်းလာပြီး သူမအနားသို့ ကပ်လာကာ နှာခေါင်းရှုံ့၍ အနံ့ခံလိုက်သည်။

“မင်းဆီက အနံ့လေးက မွှေးနေတာပဲ…”

စကားမဆုံးခင်မှာပင် သူ၏အသံ ရုတ်တရက် ရပ်တန့်သွားသည်။

မေးရိုးတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် စူးရှပြီး အေးစက်သော မျက်လုံးတစ်စုံနှင့် ဆုံတွေ့လိုက်ရသည်။

“လု… လုအစ်ကို…”

သူ၏အသံတောင် တုန်နေသည်။

“ကျွန်တော့်ကို လွှတ်ပေးပါ…”

လုယုံကျန်းက လက်လွှတ်လိုက်ရာ ထိုလူမိုက်မှာ အဝတ်စုတ်တစ်ခုလို မြေပြင်ပေါ်သို့ ပုံကျသွားသည်။

လုယုံကျန်းက အေးစက်စွာ ကြည့်လိုက်သည်။

“သူ့အနားကို မချဉ်းကပ်နဲ့”

ထို့နောက် တစ်လုံးချင်း ဆက်ပြောလိုက်သည်။

“နောက်တစ်ခါ ထပ်တွေ့ရင်… မင်းရဲ့ ဘယ်လက်ခြေကို တစ်လလောက် အနားပေးချင်သလဲဆိုတာသာ ရွေးထားလိုက်တော့”

“ဟုတ်… ဟုတ်ကဲ့! နောက်တစ်ခါ မလုပ်တော့ပါဘူး!”

လူမိုက်သည် ကုန်းကုန်းကွကွဖြင့် ထွက်ပြေးသွားတော့သည်။

လမ်းကြားထဲမှ ဆူညံသံများ တဖြည်းဖြည်း ငြိမ်သက်သွားချိန်တွင် လုယုံကျန်းက ကျန်းရှောင်ရို့ကို ငုံ့ကြည့်လိုက်သည်။

“မကြောက်နဲ့နော်”

“ကျွန်မ မကြောက်ပါဘူး”

သူမသည် ခေါင်းငုံ့၍ ခြေဖျားလေးများကို ကြည့်နေမိသည်။

“ရှင် မလာရင်တောင် သူ့ကို ကျွန်မ ဂရုစိုက်မှာ မဟုတ်ဘူး”

ထို့နောက် တိုးတိုးလေး မေးလိုက်သည်။

“ရှင် အခုမှ ပြန်လာတာလား?”

မီးရောင်စုံများအောက်တွင် လုယုံကျန်းက ခဏရပ်လိုက်သည်။

“ငါ ခုနက မေမေနဲ့အတူ အောင်သွယ်အိမ်ကို သွားခဲ့တယ်”

သူ၏ အသံမှာ တည်ငြိမ်ပြီး နွေးထွေးနေသည်။

“ပြက္ခဒိန် ကြည့်ပြီးတော့… မနက်ဖြန် ဦးလေးနဲ့ အန်တီတို့ဆီကို လာဖို့ ဆုံးဖြတ်လိုက်တယ်”

ထို့နောက် သူမကို တည့်တည့်ကြည့်လိုက်သည်။

“မင်းအတွက် အဆင်ပြေရဲ့လား? အဆင်မပြေရင် သန်ဘက်ခါ ပြောင်းလို့ရတယ်”

“အင်…?”

ကျန်းရှောင်ရို့သည် ရုတ်တရက် မော့ကြည့်လိုက်ရာ သူ၏နက်ရှိုင်းပြီး စူးရှသော အကြည့်များနှင့် ဆုံတွေ့သွားတော့သည်…