အခန်း(၁၄) – တာဝန်မဲ့ မသိတတ်သော အမေ
ပြင်းထန်သော ဒဏ်ရာများကြောင့် ဗီလိန်တို့၏အဖေသည် ထူထူထောင်ထောင်ဖြစ်ရန် တစ်လကြာ အချိန်ယူခဲ့ရသည်။
ပြီးမှ ပြန်လာသည်။ ဗီလိန်တို့၏အဖေ ပြန်ရောက်ချိန်သည် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလ ဖြစ်လိမ့်မယ်။
ဗီလိန်တို့၏အဖေ ပြန်ရောက်လာရင် သေချာပေါက် အခုလို သူမ လွတ်လပ်တော့မှာ မဟုတ်ဘူးလို့ လင်းချင်းဟယ် ခံစားမိသည်။ အဆုံးမှာတော့ အိမ်မှာ လူကြီး ရှိနေမှာဖြစ်ပြီး ကလေးသုံးယောက်ကို ကိုင်တွယ်ဖြေရှင်းသကဲ့လို မရိုးမသား လုပ်လို့ရနိုင်တော့မှာ မဟုတ်ဘူး။
ဒါကြောင့် ဗီလိန်တို့၏အဖေ ပြန်မရောက်လာခင် မိသားစုထဲ ထည့်သင့်ရှိသင့်တာ အားလုံး ရယူသိုမှီးထားရမည်။
ဒီခေတ်တွင် ဖျော်ဖြေစရာများများစားစား မရှိချေ။ အခုက အလုပ်များသော ဆောင်းဦးကောက်ရိတ်သိမ်းခြင်း လုပ်လက်စအချိန်ဖြစ်ပြီး နေရောင်ကလည်း မသနား မညှာတာစွာ အနည်းငယ် ပူနေသေးသည်။ မူလပိုင်ရှင်၏အသားအရည်သည် အလွန်ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားတာကြောင့် လင်းချင်းဟယ် အဲဒါကို မပျက်စီးချင်ပေ။
တကယ်တော့ သူမ၏အမြင်တွင် ဒါက ဖြူလွန်းတယ် မထင်…။ အသားမညိုရုံသာ…။ ဒါပေမယ့် ရွာထဲရှိ တခြားသူတွေနှင့်ယှဥ်ရင်တော့ သူမက အမှန်တကယ် အသားဖြူသည်။
ဒါကြောင့် နောက်ရက်များတွင် လင်းချင်းဟယ်သည် အိမ်မှာပဲ ချက်ပြုတ်နေသည်။
မူလပိုင်ရှင်က မည်သူနှင့်မျှ ပတ်သက်ဆက်ဆံမှု မရှိသောကြောင့် သူမမှာ များများစားစား ဆက်ဆံပြောဆိုစရာ မရှိပေ။ ဒါကြောင့် အိမ်မှာပဲ ကလေးတွေစားရန် စားစရာများသာ လုပ်နေခဲ့သည်။
ထိုအရာက ကျိုးလောင်တ၊ ကျိုးလောင်အာ့ နှင့် ကျိုးလောင်စန်းတို့ကို အလွန် ပျော်ရွှင်စေသည်။
ဒီရက်အနည်းငယ်အတွင်းတွင် လင်းချင်းဟယ်၏လမ်းညွှန်မှုဖြင့် ကျိုးလောင်စန်းသည် စတင်စကားပြောလာသည်။ စကားပြောသည်နှင့်တပြိုင်နက် သူ၏ဦးနှောက်ထဲတွင် အိုးတစ်လုံးမှ ရေသွန်လိုက်သလိုပင် သူထံမှ စကားများ တစ်ခွန်းပြီးတစ်ခွန်း ထွက်လာသည်။
‘ အသား ‘ ၊ ‘ ဆီ ‘ ၊ ‘ ဆား‘ ၊ ‘ ရေ ‘ လိုမျိုးပေါ့ ။ သေချာတာပေါ့ အများဆုံးပြောတာက ‘ အမေ ‘ ပဲ။
ကလေးသုံးယောက်သည် ပါးစပ်တွင် ဆီတဝင်းဝင်းဖြင့် စားနေကြသည်။ မူလပိုင်ရှင်သည် ပျင်းရိပေမယ့် သူမပတ်ဝန်းကျင်က လူတွေနဲ့ မဆက်ဆံတာကို သိသောကြောင့် သူမ မိမိဘာသာ ဖူလုံအောင်လုပ်ရမည်။
ဒါကြောင့် အိမ်နောက်ဖေးတွင် ခရမ်းချဥ်သီး၊ သခွားသီး၊ ကြက်သွန်မြိတ်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ နှင့် မုန်လာဥများ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက် အခင်းတစ်ခု ရှိသည်။
အမျိုးအစားများက တော်တော် ရောနှောနေပြီး အများကြီး မစိုက်ပျိုးထားပေ။ တစ်မျိုးကို တစ်တန်းသာ စိုက်ထားသည်။
ဒါကြောင့် ဒါတွေက လင်းချင်းဟယ်နှင့် ဆိုင်သွားပြီ။
ကြက်သွန်မိတ်နှင့် ကြက်ဥမွှေကြော်၊ မုန်လာဥနှင့် အရိုးပြုတ်ဟင်း၊ ပြီးတော့ ဝက်သားပြားနှင့် သခွားသီးကြော် စသည့်ဟင်းတွေလိုပေါ့။ ဒါက သူမရဲ့ရွေးချယ်မှု ဖြစ်သွားပြီ။ အိမ်မှာရှိသည့် ကလေးသုံးယောက်က ဒါတွေကို နားမလည်သလို လင်းချင်းဟယ်မှာလည်း သူမ အကြောင်းပြချက်နှင့်သူမ ရှိနေသည်။
ဒါတွေကို နောက်ဆုံးတစ်ခေါက် ဝယ်ထားပြီး ဆားနယ်ထားတယ်လို့ ပြောပြသည်။
လင်းချင်းဟယ်သည် ဝက်သားဝမ်းဗိုက်ပိုင်း တစ်ပိုင်းနှင့် ပေါင်ရင်းသား တစ်ပိုင်းကိုလည်း ထုတ်ယူပြီး နှပ်ထားသည်။ အဲဒါကို သူမ ဆားနှင့် နှပ်ထားပြီး စားရန် ကြော်လိုက်သည်။ အဲဒါကကောင်းပြီး ဆားငန်သည်။ အဲဒါကို ဆန်ပြုတ် သို့မဟုတ် ခေါက်ဆွဲ တို့နှင့်တွဲဖက်စားလို့ အဆင်မပြေနိုင်ဘူး။
လင်းချင်းဟယ်သည် သူတို့ကို ဒီနည်းအတိုင်းကျွေးပြီး ရက်အနည်းငယ်အကြာမှာပဲ ကျိုးလောင်စန်းသည် ဖြူဖွေးပြီး ချောမွေ့နူးညံ့လာသည်။ ကလေးတွေက ဝဝကစ်ကစ်လေးတွေ ဖြစ်လာသည်။
လင်းချင်းဟယ်က ထိုကဲ့သို့ ပြုစုပျိုးထောင်ပြီး နေ့တိုင်း သန့်သန့်ရှင်းရှင်း ထားသဖြင့် ဆောင်းဦးကောက်ရိတ်ပြီးသည့်နှင့် တတိယမရီး ပထမဆုံး အရင်ပြီးသွားသည့် လောင်စန်း၏ ဆောင်းတွင်းဝတ်အထည်များကို ယူလာသော ကျိုးအမေသည် ကျိုးလောင်စန်းကို မြင်တာနဲ့ မှင်တက်သွားသည်။
“ တတိယမရီးရဲ့လက်ရာက မဆိုးပါဘူး “ လင်းချင်းဟယ်သည် ကျိုးလောင်စန်းကို သေချာကြည့်နိုင်ရန် ကျိုးအမေ၏ရင်ခွင်ထဲ ထည့်ပေးလိုက်ပြီး သေးငယ်သော ခြင်းတောင်းထဲမှ အဝတ်တစ်စုံကို တစ်ချက်ကြည့်လိုက်သည်။
တတိယမရီး၏ကျွမ်းကျင်မှုက အလွန်ကောင်းမွန်ပြီး သူမ အားသည်နှင့်တပြိုင်နက် ပြုလုပ်ခဲ့ခြင်းကြောင့် လောင်စန်း၏ဝတ်စုံကို ပြုလုပ်ရန် ရက်အနည်းငယ်သာ အချိန်ယူလိုက်ရသည်။
ဟုတ်တာပေါ့… ဒါက လောင်စန်းရဲ့ ငယ်ရွယ်သေးကွေးမှုကြောင့် ဖြစ်ပြီး အများကြီး အားထုတ်စရာ မလိုဘူး။
ကျိုးလောင်တနှင့် ကျိုးလောင်အာ့တို့၏ဝတ်စုံကတော့ မကြာခင် ရလာလိမ့်မည်။ အခုတော့ ဆောင်းဦးရာသီ ရိတ်သိမ်းချိန်ပြီးသွားပြီ။ တတိယမရီးက လုပ်စရာအများကြီး မရှိသလို အိမ်မှုကိစ္စအတွက်လည်း သူမကို မလိုအပ်တာကြောင့် အဝတ်အစားများကိုပဲ ချုပ်လုပ်နိုင်သည်။
သူမက ချည်လုံလုံလောက်လောက် ပေးထားသောကြောင့် တတိယမရီးက အနည်းငယ် သိမ်းထားရင်တောင် ချည်သားအင်္ကျီ နှင့် ဘောင်းဘီသည် အလွန်ထူနေသေးသည်။
ဥပမာအားဖြင့် ဒီဝတ်စုံလေးက ဆောင်းရာသီမှာ အငယ်လေးဝတ်ဖို့အတွက် အသင့်တော်ဆုံးပဲ။
နည်းနည်းလေး သေးပေမယ့် ဒီဝတ်စုံတစ်စုံပဲ ရှိသေးတယ်။
“ အိုး…. ဟုတ်သားပဲ အမေ။ အိမ်မှာ ကြက်ဥ မရှိတော့ဘူး။ ကျွန်မကို စားစရာလေး အရင်ပေးပါဦး… ကျွန်မ ပိုက်ဆံ ပေးမယ် “ လင်းချင်းဟယ်က ဖွင့်ဟပြောသည်။
အိမ်မှာ ကြက် မရှိဘူး။ ဒါကြောင့် ဥချထားခြင်း မဟုတ်သည့် ကြက်ဥများကို အလျင်အမြန် စားကုန်သွားသည်မှာ ပုံမှန်ပါပဲ။ သူမသည် နေရာလွတ်မှ အနည်းငယ် ထုတ်ယူရန် ရည်ရွယ်ထားသော်လည်း သူမတွင် ကြက်ဥအတွက် အရင်းအမြစ် ရှိနေမှ ဖြစ်မည်။
“ အိမ်မှာတော့ နည်းနည်းရှိသေးတယ်။ ဘယ်လောက်လိုချင်တာလဲ “ ကျိုးအမေက သူမကို မျက်စိတစ်ချက် ဝေ့ကြည့်ပြီး ပြောသည်။
“ တစ်ကျင်းပဲ ပေးပါ။ နှစ်ရက်နေရင် မြို့ကို စျေးဝယ်သွားဦးမယ်။ တခြားပစ္စည်းတစ်ချို့ ဝယ်စရာရှိလို့ တခါတည်း အဲဒါကို ဝယ်လိုက်မယ် “ လင်းချင်းဟယ် ပြောသည်။
“ နင် စျေးပြန်သွားဦးမလို့လား “ ကျိုးအမေက အံ့အားသင့်စွာ ပြောသည်။
“ စျေးမသွားရင် ကျွန်မတို့ ဘာစားရမှာလဲ။ အိမ်က ကောင်လေးသုံးယောက်က အစားကြီးပြီး တဖြည်းဖြည်း ပိုပိုအေးလာပြီ။ အဲအချိန်ဆို အပြင်မထွက်ချင်တော့ဘူး။ ဒါကြောင့် လိုအပ်တာတွေ အရင်ဝယ်ထားမလို့။ လုပ်စရာ စောစောလုပ်တော့ စောစောပြီးတာပေါ့။ အမေ…. တစ်ခုခု ဝယ်ချင်တာ ရှိလား။ လိုချင်တာ ရှိရင် အမေ့အတွက်ပါ ဝယ်ခဲ့ပေးမယ်လေ “ လင်းချင်းဟယ် ပြောသည်။
“ ငါ ဘာမှ လိုအပ်တာ မရှိဘူး “ ကျိုးအမေသည် သူမ၏မြေးသုံးယောက် အထူးသဖြင့် ပိုပြီး ဝကစ်ထွားကြိုင်းလာသည့် လောင်စန်းလေး တို့ကို ကောင်းမွန်စွာ ဂရုတစိုက် ပြုစုစောင့်ရှောက်ခဲ့သောကြောင့် သူမအပေါ် သဘောထားပြောင်းလာခဲ့သည်။ ဒါပေမယ့် ထပ်ပြီး အသုံးအဖြုန်းကြီးရန် အစီအစဥ်ကို သူမကြားတော့ စိတ်ထဲ နာကျင်သွားသည်။
တစ်ခုခုပြောရန် သူမ စိတ်ကူးလိုက်ပေမယ့် စတုတ္ထချွေးမသည် သူမပြောသည်ကို နားမထောင်မှာ ကောင်းကောင်း သိနေသည်။ ဒါကြောင့် အောင့်အည်းမျိုသိပ်လိုက်သည်။
လင်းချင်းဟယ်က နှစ်ရက်ကြာရင် လို့ ပြောပေမယ့် တကယ်တမ်းတော့ နောက်တစ်နေ့တွင် သူမသည် ကျိုးလောင်စန်းကို မနက်စောစော စားစရာကျွေးပြီး သူ့ကို ကျိုးအမေဆီ ခေါ်လာသည်။
ကျိုးလောင်တနှင့် ကျိုးလောင်အာ့လည်း နောက်မှလိုက်လာသည်။ တကယ်တော့ သူတို့နှစ်ယောက်က သူတို့အမေနဲ့ လိုက်သွားချင်ကြတာ။ တစ်နာရီကြာ ခရီးက ကြာရှည်လွန်းတာ လင်းချင်းဟယ် သိလိုက်ရသည်။ အဲဒါကိုက ဒုက္ခများနေပြီ… ကလေးနှစ်ယောက်ကို ခေါ်သွားရင် ပိုဒုက္ခများသွားမှာ…။ သူမ အဲလိုမဖြစ်ချင်ပေ။
ဒါကြောင့် သူတို့တွေကို ကျိုးအိမ်ဆီ ခေါ်လာခဲ့သည်။ သေချာတာပေါ့…. သူမက သကြားလုံးအိတ် သေးသေးလေးကိုလည်း ယူလာပြီး ကျိုးအမေကို ပေးလိုက်သည်။
ဒီအချိန်က အရမ်းစောနေသေးသည်။ ကျန်တဲ့ ကျိုးမိသားစုအားလုံးသည် အချိန်တော်တော်ကြာ အလွန် ပင်ပန်းနွမ်းနယ်ခဲ့တာကြောင့် မထကြသေးဘဲ နောက်ဆုံးမှာ မလှုပ်မရှားနဲ့ အိပ်ပျော်နေကြသည်။
လင်းချင်းဟယ်က ဂရုမစိုက်ပေ။ သူမသည် ကလေးတွေကို ချန်ထားခဲ့ပြီး ခြင်းတောင်းကို သယ်ကာ ထွက်လာသည်။
“ နေ့တိုင်း ပိုက်ဆံ ဘယ်လိုဖြုန်းတီးရမယ်ပဲ သိတယ်… နည်းနည်းပါးပါး စုဆောင်းထားဖို့ မသိဘူးလား။ ကလေးတွေက အရမ်းငယ်သေးတယ်။ သူတို့ကြီးပြင်းလာရင် အရာအားလုံးအတွက် ပိုက်ဆံလိုလာမှာ.. “ သူမ ထွက်သွားတာနှင့် ကျိုးအမေက ငြီးတွားသည်။
အကြီးဆုံးမရီးနှင့် တတိယမရီးက အသံကြားပြီး ဘာဖြစ်တာလဲ မေးရန် ထွက်လာသည်။ ကျိုးအမေသည် သူမ၏မကျေနပ်ချက်များကို မထိမ်ချန်ထားပေ။
မရီးနှစ်ယောက်သည် နားထောင်ပြီး နှုတ်ဆိတ်နေပေမယ့် တကယ်တော့ သူတို့လည်း ကျိုးအမေ ပြောတာ သဘောတူသည်။ စတုတ္ထ၏ဇနီးသည် သူမပိုက်ဆံတွေကို ပိုက်ဆံမဟုတ်သလို မျက်တောင်မခတ်ဘဲ အမှန်တကယ်ကို ဖြုန်းတီးလိုက်သည်။
အဲလို သူတို့လုပ်နိုင်မှာ မဟုတ်ဘူး။ ပိုက်ဆံ နည်းနည်းလေး သုံးလိုက်တိုင်း သူတို့တွေ အလွန် စိတ်သောကရောက်ရသည်။ နောက်ဆုံးတော့ သူတို့ မိသားစုသုံးစုလုံး တစ်နှစ်ပတ်လုံးအတွက် မုန့်ဖိုးများများသာ ရရှိသည်။ မိသားစုနဲ့ အိမ်ခွဲမနေသေးသည့်အတွက် ပိုက်ဆံအများစုကို ကျိုးအမေက သိမ်းဆည်းထားသည်။ ဒါပေမယ့် သူမက သူတို့ကို မုန့်ဖိုးပေးသည်။ တစ်လျန် ဒါမှမဟုတ် သူတို့ စုဆောင်းရန် ပေးလေ့ရှိသည်။
“ ဒါပေမယ့် စတုတ္ထမရီးက လောင်တနဲ့သူ့ညီတွေအပေါ် ပိုပြီးဂရုစိုက်လာတာကို ကျွန်မ မြင်တယ် “ အကြီးဆုံးမရီးက ညီအစ်ကိုတွေကို ကြည့်ရင်း ပြောလာသည်။
အနည်းဆုံးတော့ သူမ စျေးသွားတဲ့အချိန် လောင်စန်းကို လာပို့ထားဖို့ သိသေးတယ်။ အရင်ကဆို အဲလိုလုပ်လေ့မရှိဘူး။ အိမ်မှာပဲ သူတို့ကို ပစ်ထားခဲ့တာ။ ဒီလောက်ငယ်တဲ့ကလေးဆိုတော့ သတိလက်လွတ်ဖြစ်မှာ။
ကျိုးအမေသည် ဘာမှ မှတ်ချက်မပေးပေ။
တတိယမရီးသည် ကျိုးလောင်တကို မေးလိုက်သည်။ “ လောင်တ…. မင်းအမေ မင်းအတွက် ဘာဟင်းချက်ပေးလဲ။ ရက်အနည်းငယ်အတွင်းမှာ မင်းတို့ညီအစ်ကိုတွေ အရမ်းထွားလာတာ တတိယအဒေါ် သိလိုက်ရတယ် “
“ သားတို့အမေက သားတို့အတွက် အသားချက်ပေးတယ်။ ဝက်သားဆားနယ်ခြောက်က အရမ်းမွှေးတာပဲ “ ကျိုးလောင်တက ကျယ်လောင်စွာ ပြောလိုက်သည်။
“ အသား ဟုတ်လား “ အကြီးဆုံးမရီးနှင့် တတိယမရီးသည် အံ့သြကာ ကြက်သေ သေသွားသည်။ ဘယ်လိုလုပ်ပြီး အသားရှိနေတာလဲ။
“ နင်တို့နှစ်ယောက် ဘာလို့ အများကြီး မေးနေတာလဲ။ ရက်အနည်းငယ်ကြာရင် အဖွဲ့က အသားခွဲပေးလိမ့်မယ်။ အဲအချိန် နင်တို့ဝေစုတွေ မရမှာမပူနဲ့ “ ထုံးစံအတိုင်း ကျိုးအမေက သူတို့အတွေးကို သိတာကြောင့် ကြားဖြတ်ပြောလိုက်သည်။
အကြီးဆုံးမရီးနှင့် တတိယမရီးသည် သူတို့ယောက္ခမက သူတို့ကို နောက်ထပ် မမေးစေချင်တော့ဘူးလို့ နားလည်ကြပြီး လိမ္မာပါးနပ်စွာ ဘာမှမမေးတော့ချေ။
အဲဒါက သူတို့အတွက် ယခုရက်ပိုင်းအတွင်း သူတို့အမေ ဘာတွေလုပ်ပေးတယ်ဆိုတာ ပြောပြရန် အသင့်ရှိနေသည့် ကျိုးလောင်တကို စိတ်ပျက်သွားစေသည်။ ဒါပေမယ့် အပြင်ဘက်မှ ကလေးတွေက သူ့ကို ဆော့ကစားရန် ခေါ်သံကြားပြီး ဘာမှမပြောတော့ဘဲ ချက်ချင်း တဟုန်ထိုးပြေးထွက်သွားသည်။
သေချာတာပေါ့… အပြင်မထွက်သွားခင် သူ့အဘွားဆီက သကြားလုံးတစ်ချို့ တောင်းယူသွားဖို့ မမေ့ပေ။
ကျန်ကျိုးမိသားစုဝင်အားလုံး နိုးလာပြီး လောင်အာ့နှင့် လောင်စန်း အားလုံး ဒီမှာ ရှိနေတာ တွေ့လိုက်ရသည်။ သူတို့ မေးမြန်းပြီးသွားတော့ ညီအစ်ကိုတွေရဲ့ တာဝန်မဲ့ မသိတတ်တဲ့အမေက စျေးကို နောက်ထပ်သွားတာ သိလိုက်ရသည်။