အခန်း(၁၅) ရှည်အသုံးပြုနိုင်သည့်အသားလဲလှယ်ခွင့်လက်မှတ်
Viewers 38k

အခန်း(၁၅) - ရေရှည်အသုံးပြုနိုင်သည့် အသားလဲလှယ်ခွင့် လက်မှတ်


အခုချိန်တွင် ကောက်ပဲသီးနှံအားလုံးကို ရိတ်သိမ်းပြီး အခြေအနေအားလုံး တည်ငြိမ်သွားသော်လည်း လုပ်ရမယ့် နောက်ဆုံး လက်ကျန်အလုပ်တစ်ချို့တော့ ကျန်နေသေးသည်။ 


မနက်စာစားပြီးနောက် ကျိုးအမေသည် ကောင်လေးနှစ်ယောက်ကို သူမနှင့်အတူ ခေါ်လာကာ ဂျုံ၊ပြောင်းခွာရန် ထွက်လာသည်။ 


ဂျုံ၊ပြောင်းကို အခွံခွာ၊ ခြွေပြီး အခြောက်ခံသည်။ ပြီးနောက် နောက်ဆုံးပေးချေမှုကို အပြီးသတ်ရန် ပြည်နယ်ထံ ပို့လိုက်သည်။ 


ကောက်ပဲသီးနှံအားလုံး လွှဲပြောင်းပေးအပ်ပြီးသောနေ့သည် လူတိုင်း စောင့်မျှော်နေသည့် အစားအစာ ခွဲဝေပေးသောနေ့ ဖြစ်သည်။ 


အထူးသဖြင့် ကောက်ပဲသီးနှံ မျှဝေပြီးနောက် ဝက်ကို သတ်ခြင်းဖြစ်သည်။ 


သေချာတာပေါ့ ဝက်သားကို မခွဲဝေခင် ဆောင်းရာသီ ဂျုံကို စိုက်ပျိုးလိမ့်မည်။ 


ဒါပေမယ့် ထိုအရာများသည် လင်းချင်းဟယ်နှင့် ဘာမှမပတ်သက်ချေ။ ထို့ကြောင့် သူမသည် ဘာမှ ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ ထွက်လာခဲ့သည်။ 


သူမ၏ ခံစားထင်မြင်ချက်ကို အသုံးပြုပြီး သူမသည် မြို့ထဲရှိ သမဝါယမ အရောင်းဆိုင်သို့ လမ်းအတိုင်း လျှောက်လာခဲ့သည်။ 


မြို့ထဲရှိ အများနှင့်ဆိုင်သော သမဝါယမ အရောင်းဆိုင်သည် ကောင်တီ စီရင်စု၏မြို့ကြီးရှိ ဆိုင်များဖြင့် မနှိုင်းယှဥ်နိုင်သော်လည်း ဆန်၊ ဆီ၊ ကြာညို၊ ပဲငံပြာရည် နှင့် ရှာလကာရည် စသည့် ပစ္စည်းအများအပြား ရှိနေသေးသည်။ 


ဒါပေမယ့် ထိုအရာအားလုံးအတွက် ရိက္ခာခွဲတမ်း လက်မှတ်များ လိုအပ်သည်။ မူလပိုင်ရှင်သည် ထိုပစ္စည်းများကို အရင်က ဝယ်ခဲ့သည်။ အိမ်မှာ ပုလင်းတွေ ရှိပြီး ကိုယ်ပိုင်နယ်မြေမှ ကုန်ပစ္စည်းများ ထုတ်ယူလာရင် ထည့်ရန် အစောပိုင်းရက်တွေတုန်းက ဆေးကြောထားသည်။ ဒါကြောင့် ထိုဟင်းခတ်အမွှေးအကြိုင်များကို မလိုအပ်သေးပေ။ 


အရန်အစားအစာ လက်မှတ်ဖြင့် သူမသည် စားလို့ရသည့် မှိုခြောက် ကျင်းတစ်ဝက်နှင့် ပင်လယ်ရေညှိခြောက် ကျင်းတစ်ဝက်ကို ဝယ်လိုက်သည်။ 


အနီးအနားရှိ ပစ္စည်းများကို လှည့်ပတ်ကြည့်ရှုပြီးနောက် သူမလိုချင်တာ ဘာမှမရှိတော့ချေ။ 


တကယ်တော့ ဒီခရီးအတွက် အဓိကရည်ရွည်ချက်က လာပြီးလျှောက်ကြည့်ရန် ဖြစ်သည်။မဟုတ်လျှင် သူမလက်ထဲရှိ ပစ္စည်းတွေအတွက် ဘယ်လိုရှင်းပြနိုင်မှာလဲ...


ဒါပေမယ့် သွားတိုက်တံများ၊ မျက်နှာသစ်ဇလုံများနှင့် ဇလုံများကိုတော့ ဝယ်ယူရမည်။ 


ပထမဆုံး လောင်တနဲ့ လောင်အာ့အတွက် သွားတိုက်တံ ဝယ်ရမယ်။ အိမ်မှာ သူတို့အမေရဲ့ သွားတိုက်ဆေး လက်ကျန် ရှိသေးတယ်။ သူမကတော့ ကိုယ်ပိုင်နယ်မြေမှာ သိမ်းထားတာကို သုံးလို့ရတယ်။ 


ဒီတစ်ချိန်မှာ သူမ မျက်နှာသစ်ဇလုံနှင့် ဇလုံကို ဝယ်ရန် မရည်ရွည်ထားဘူး။ ဒီလောက် ရှည်ကြာသည့် ခရီးတွင် ထိုအရာများကို သယ်ယူသွားရန်မှာ သူမအတွက် ခက်ခဲလွန်းသည်။ သူမတွင် တစ်ခြားအစီအစဥ်တွေ ရှိသေးသည်။ 


သွားတိုက်တံနှင့် သွားတိုက်ဆေး ဝယ်ပြီးနောက် သူမသည် သူမ၏မှတ်ဥာဏ်အရ ဆင်ခြင်ဖုံးရပ်ကွက်ရှိ သားသတ်ရုံဆီ ဦးတည်လိုက်သည်။ 


ရပ်ကွက်၏ အစွန်အဖျားရှိ သားသတ်ရုံသည် အလွန် သေးငယ်ပြီး မနှစ်ကမှ ရပ်ကွက်က တောင်းခံထားခြင်း ဖြစ်သည်။ မဟုတ်လျှင် သားသတ်ရုံသည် ကောင်စီ စီရင်စုမြို့ကြီးတွင်သာ ရှိနိုင်သည်။ 


ဒါပေမယ့် လင်းချင်းဟယ်က ဆင်ခြင်ဖုံးနေရာဆီ လာပြီး သူမ၏ကံကို စမ်းကြည့်ချင်ရုံသာ ဖြစ်သည်။ တကယ်တော့ သူမက ဟန်ဆောင်လုပ်ပြချင်တာလည်း ဖြစ်သည်။ နောက်ဆုံး သူမ ဒီအချိန်မှာ အသားဝယ်နိုင်လိမ့်မည်ဟု မတွေးထင်ထားပေ။ 


သူမ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ…..။ သူမ ထိုနေရာ ရောက်ပြီး တစ်နာရီကြာချိန်တွင် အထဲမှ အသားသယ်ကာ ထွက်လာသည့် အစ်မကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ လင်းချင်းဟယ်သည် ချက်ချင်း ရှေ့ထွက်ပြီး မေးလိုက်သည်။ “ အစ်မကြီး… အသားဝယ်ဖို့ လာခဲ့တာလား “ 


“ ဟုတ်တယ်… မင်းကောလား။ ဒါပေမယ့် ကြိုတင်စာရင်း ပေးထားပြီးပြီလား။ ရက်ချိန်း မလုပ်ထားရင် ဘာမှမရနိုင်ဘူးနော် “ အစ်မကြီးက သူမကို တစ်ချက်ဝေ့ကြည့်ပြီး မောက်မာစွာ ထောက်ပြသည်။ 


လင်းချင်းဟယ်သည် သူမ၏ အပြာရောင် အလုပ်အင်္ကျီကို လေ့လာအကဲခတ်ပြီး ဒီသူက လူတွေနဲ့ သိနိုင်တာကို နားလည်သိလိုက်သည်။ သူမက ပြုံးကာ ပြောလိုက်သည်။ “ အစ်မကြီး…. ကျွန်မက ကျေးလက်တောရွာကပါ… အစ်မလိုမျိုး ဘယ်လိုလုပ် အဆက်အသွယ်ရှိမှာလဲ။ အစ်မ အဆင်ပြေအောင် လုပ်ပေးနိုင်မလား မသိဘူး “ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး အနီးနားတွင် ဘယ်သူမှမရှိတာ သေချာမှ စားစရာလက်မှတ် ငါးခုကို ထုတ်လိုက်သည်။ 


ထောက်ပံ့သော အစားအစာများကို စားသုံးနေသည့် လူ့အဖွဲ့အစည်းတွင် အလုပ်လုပ်နေသော ထိုသူတို့အတွက် စားစရာလက်မှတ်များသည် ပိုက်ဆံထက် ပိုအရေးကြီးသည်။ စားစရာလက်မှတ်များ မရှိရင် ပိုက်ဆံရှိရင်တောင်မှ စားစရာ မဝယ်နိုင်ပေ။ 


ဒီအစ်မကြီး၏အသက်က သုံးဆယ်ထဲမှာ ရှိနေလောက်ပြီ။ ဒါကြောင့် အိမ်မှာ ကလေးတွေ ရှိနိုင်တယ်။ ပြီးတော့ ဒီအရွယ်ဆိုရင် ကလေးတွေက စားကောင်းသောက်ကောင်းအရွယ်တွေ ဖြစ်နိုင်တယ်။


မရိုးဖြောင့်သော အရင်းအမြစ်မှ မဟုတ်ဘဲ သူတို့တံခါးဝဆီသို့ ရောက်လာသည့် စားစရာလက်မှတ်တွေ အတွက် သူမ ဘယ်လိုလုပ်ပြီး ငြင်းပယ်မှာလဲ။ သူတို့ ဒီကိစ္စကို ကောင်းကောင်းမွန်မွန် လုပ်ရမယ်။ 


“ ညီမလေး….. ညီမ တစ်ခုခုလိုချင်ရင် ပြောလေ။ အစ်မကြီး သေချာပေါက် ကူညီပေးမယ်။ ယဥ်ကျေးမနေပါနဲ့ “ ဒါက စားစရာလက်မှတ် ငါးခုပဲ ဖြစ်နေတာတောင်မှ အစ်မကြီး၏လေသံသည် သိသိသာသာ ပျော့ပျောင်းလာသည်။ 


“ ညီမ အဲအကြောင်း သိပေမယ့် ညီမက ကျေးလက်တောရွာကပါ။ ဒီစားစရာလက်မှတ် မရှိရင်လည်း ညီမ စားစရာ ဝယ်နိုင်တယ်။ ဒီရက်ပိုင်းအတွင်းမှာ စားစရာတွေ ဝေငှတော့မှာ။ ညီမ အသင်းအဖွဲ့ဆီ သွားပြီး ဝယ်လိုက်ရုံပဲ။ ညီမယောကျာ်းက စစ်သားတစ်ယောက်။ ဒါတွေကို သူ သုံးမကုန်တော့ ညီမဆီ ပို့ပေးလိုက်တာ။ ဒါတွေကို သိမ်းထားလည်း ညီမအတွက် အသုံးမဝင်ဘူး “ လင်းချင်းဟယ်က အနည်းငယ် ရှင်းပြလိုက်သည်။ 


ပြီးနောက် သူမက အဓိကအချက်ကို တိုက်ရိုက်ပြောလိုက်သည်။ “ အိမ်က ကလေးတွေက အသားကို အာသာပြင်းပြနေကြတာ။ အမှန်အတိုင်းပြောရရင် ရက်အနည်းအငယ်မှာ အသင်းက အသားကို ဝေမျှပေးမှာ။ ဒါပေမယ့် ဘယ်လိုအမေမျိုးက သူမကလေး ဒီလောက် တောင့်တနေတာကို ကြည့်နေနိုင်မှာလဲ။ ဒါကြောင့် ညီမ အခွင့်အရေးရနိုင်မလားလို့ မျက်စိမှိတ် စွတ်လာခဲ့တာ “ 


ထိုစကားများကို အစ်မကြီး ကြားပြီး စိတ်သက်သာရာရသွားသည်။ အမေများအနေနဲ့ သူတို့၏စိတ်ထဲတွင် တကယ့်ကို သူတို့၏ကလေးများသာ ရှိသည်။ 


“ အစ်မကြီး…. အစ်မက ဒုက္ခရောက်နေသူကို ကူညီပေးတယ်ဆို ညီမ တစ်ချက်ကြည့်လိုက်တာနဲ့ သိတယ်။ အစ်မမှာ အသိအကျွမ်း ရှိမရှိ ကြည့်ပေးနိုင်မလား။ အများကြီး မလိုပါဘူး။ အသားအစအန ကျင်းတစ်ဝက်ဆိုရင် လုံလောက်ပါပြီ။ ညီမမှာ အသားလက်မှတ်တော့ မရှိပေမယ့် ပိုပြီးပေးနိုင်ပါတယ် “ လင်းချင်းဟယ်သည် စကားပြောရင်း စားစရာလက်မှတ်ကို ကမ်းပေးလိုက်သည်။ 


“ ညီမလေးလည်း ကလေးတွေကို တုန်နေအောင် ချစ်တာပဲ။ အစ်မ အထဲဝင်သွားပြီး တစ်ချက်ကြည့်ပေးမယ် “ အစ်မကြီးက စားစရာလက်မှတ်ကို တည်တည်ငြိမ်ငြိမ် လက်ခံပြီး ခေါင်းငြိမ့်လိုက်သည်။ 


“ ကောင်းပါပြီ “ လင်းချင်းဟယ် ခေါင်းငြိမ့်ပြသည်။ 


အစ်မကြီး ဝင်သွားပြီး ငါးမိနစ်လောက် ကြာချိန်တွင် ပြန်ထွက်လာကာ ပြောပြသည်။ “ ညီမလေးရေ… ညီမမှာ လက်မှတ်မရှိတော့ တစ်ကျင်းကို 9.5 ပေးရမယ်။ လက်မှတ်ရှိရင်တော့ 7 ပေးရမှာ။ လက်မှတ်မရှိရင် ပိုစျေးကြီးတယ်နော် ညီမလေး။ ညီမ ဘယ်လောက် ဝယ်ချင်လဲ “ 


“ ဒါဆို အစ်မကြီး ဝင်သွားပြီး ကျင်းတစ်ဝက်လောက် ဝယ်ပေးနိုင်မလား။ ဒါနဲ့ ဘယ်အရိုးဖြစ်ဖြစ် တစ်ခုခု တွေ့ရင်လည်း ညီမအတွက် တစ်ချို့ ဝယ်ပေးခဲ့ပါဦး “ လင်းချင်းဟယ် ပြောပြီး ပိုက်ဆံတစ်ချို့ကို အစ်မကြီးဆီ ပေးလိုက်သည်။ 


“ ဒါဆို ညီမအတွက် ဝယ်ပေးမယ် “ အစ်မကြီး ပြန်ပြောသည်။ 


ထို့နောက် သူမ အထဲဝင်သွားပြီး အသား ဝယ်သည်။ မကြာခင်မှာပဲ လင်းချင်းဟယ်အတွက် အသားကို ယူလာသည်။ အဆီများအသား ကျင်းတစ်ဝက် ပြီးတော့ နံရိုးများ၊ အရိုးကြီးများ နှင့် ခြင်ဆီရိုးများလည်း ပါသေးသည်။ ဒီခေတ်တွင် အဆီများအသားကသာ အလွန်လူကြိုက်များသည်။ အရိုးပါတဲ့ တခြားအသားတွေက အလွန် စျေးပေါသည်။ 


အများကြီး ဖြစ်နေပေမယ့် အဲဒါတွေက လင်းချင်းဟယ် အတွက်ပဲ။


လင်းချင်းဟယ်က ပြန်အမ်းငွေ ယွမ်တစ်ဝက်ကို လက်မခံပေ။ 


“ အစ်မကြီး…. အစ်မရဲ့အသက်အရဆိုရင် တူလေးနဲ့ တူမလေးက ကြီးထွားဆဲအရွယ်ပဲ ဖြစ်ရမယ်။ သူတို့အတွက် စားစရာ ပိုဝယ်ပေးလိုက်ပါ။ သူတို့ကို ဆာလောင်ခွင့် မပေးပါနဲ့ “ လင်းချင်ဟယ် ပြောလိုက်သည်။ 


“ ညီမလေး… အရမ်းယဥ်ကျေးလွန်းနေပြိီ “ အစ်မကြီးက သူမဆီ ယွမ်တစ်ဝက်ကို အလျင်အမြန် ပြန်ပေးလိုက်သည်။ သူမဆီက စားစရာလက်မှတ်တွေ ရထားပြီးပြီဖြစ်တာကြောင့် သူမရဲ့ပိုက်ဆံကို ထပ်မလိုချင်တော့ဘူး။ 


လင်းချင်းဟယ်သည် စိတ်လှုပ်ရှားသွားပြီး ပြုံးပြလိုက်သည်။ “ အစ်မကြီး… ညီမ အစ်မကို ဆွေမျိုးတစ်ယောက်လို ခံစားရတယ်။ ညီမက ကျိုးကြားရွာမှာနေတဲ့ လင်းချင်းဟယ်ပါ။ ညီမယောကျာ်းက ကျိုးကြားရွာက တစ်ယောက်တည်းသော စစ်သားလေ။ အစ်မ စုံစမ်းမေးမြန်းကြည့်လိုက်တာနဲ့ သိနိုင်ပါတယ် “ 


သူမရဲ့မိသားစုအခြေအနေကို ပြောပြတာ မြင်တော့ ချန်မိန်က ပြန်ပြုံးပြပြီး သူမကိုယ့်သူမ မိတ်ဆက်လိုက်သည်။ သူမလည်းပဲ လင်းချင်းဟယ်အပေါ် အကောင်းမြင် အထင်ကြီးလေးစားသည်။ 


“ အိမ်မှာ ကောင်လေးသုံးယောက်က တကယ်ကို လောဘကြီးတယ်။ ကံကောင်းထောက်မပြီး အစ်မမှာ အဆက်အသွယ်တွေ ရှိနေလို့…. မဟုတ်ရင် ညီမ ဒီတစ်ကြိမ်မှာ တစ်ချို့ကို ဝယ်ပြန်သွားနိုင်မလားတောင် မသိဘူး “ လင်းချင်းဟယ်က ကျေးဇူးတင်စကား ပြောခဲ့သည်။ 


“ ညီမလေး… မင်းကဒီလောက် ငယ်သေးတာ… ကလေး သုံးယောက်တောင် ရှိနေပြီလား “ အစ်မမိန်က အံ့သြသွားသည်။ 


“ ညီမက အသက် ၁၇ နှစ် မှာ လက်ထပ်ပြီး ၁၈ နှစ်မှာ ကလေးမွေးတယ်။ အကြီးဆုံးတစ်ယောက်က အခု ငါးနှစ် ရှိနေပြီ။ နှစ်သစ်ကူးရင် ခြောက်နှစ် ဖြစ်တော့မှာ “ လင်းချင်းဟယ်က နွေးထွေးစွာ ပြုံးလိုက်သည်။ 


“ အစ်မ တကယ် ဘာမှမပြောနိုင်တော့ဘူး “ အစ်မမိန်က ပြောသည်။ 


“ အစ်မမိန်…. အစ်မ အများဆိုင် သမဝါယမ အရောင်းဆိုင်မှာ လုပ်တာမလား။ နောက်တစ်ခါ လာရင် အစ်မကို လာရှာလို့ရနိုင်လား “ လင်းချင်းဟယ် မေးလိုက်သည်။ 


“ ရတာပေါ့… ညီမ တစ်ခုခုလိုရင် အစ်မဆီ လာလို့ရတယ်။ အစ်မ ကူညီနိုင်ရင် သေချာပေါက် ကူညီပေးမယ်။ ဒါပေမယ့် ဒီတစ်ကြိမ် သားသတ်ရုံထဲရှိ အကြီးအကဲက သူ့ခွဲတမ်းကို ပေးခဲ့တာ မဟုတ်ရင် ဒီလောက်အများကြီး ရမှာမဟုတ်ဘူး။ ကြိုတင်ပြီး မမှာယူထားရင် စောစောလာသင့်တယ် “ အစ်မမိန်က သူမကို ထုတ်ဖော်ပြောသည်။ 


ထိုစကားတွေက မှားတာတော့ မဟုတ်ဘူး။ ဒီအချိန်မှာ အသားရဖို့က မလွယ်ကူပေ။ ပြီးတော့ ခွဲတမ်းကိုလည်း ကန့်သတ်ထားသေးသည်။ 


လင်းချင်းဟယ် မြန်မြန် သဘောတူလိုက်သည်။ 


ဒီခရီးက အရမ်းချောမွေ့ပြီး သူမကိုယ်တိုင် “ရေရှည်အသုံးပြုနိုင်မည့် အသားလက်မှတ်” ကို တွေ့ရလိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားခဲ့ဘူး။ အစ်မမိန်နဲ့ဆိုရင် သူမ၏ကိုယ်ပိုင်နယ်မြေထဲက အသားတွေအတွက် သူမမှာ ရင်းမြစ်ရှိသွားပြီ။


လင်းချင်းဟယ်သည် စိတ်ထဲ နောက်ထပ် တွက်ချက်လိုက်သည်။ အမှန်ပြောရရင် အခု ပစ္စည်းအများကြီး လိုအပ်နေသေးသည်။ 


ဥပမာအားဖြင့် သူမ မီးဖိုတစ်ခု လိုနေသေးသည်။ ဒီခေတ်တွင် အိုးငယ်တစ်လုံးကို အသုံးပြုနိုင်သည့် ကျောက်မီးသွေးမီးဖိုပဲ ရှိသည်။ သူမ၏နယ်မြေထဲတွင် သူမဝယ်ခဲ့သော ခေတ်ဟောင်းသုံး လက်ကိုင်နှစ်ခုပါ သံအိုးနှစ်လုံးနှင့် အဖုံးပါအိုးစောက် နှစ်လုံး ရှိသည်။ 


၎င်းတို့ကို ဒီခေတ်တွင်လည်း အသုံးပြုနိုင်ပြီး မှောင်ခိုစျေးက ဝယ်လာတာလို့ ပြောလို့ရသည်။ ဘယ်သူက အဲဒီလောက် စုံစမ်းမေးမြန်းနေမှာလဲ။ ထိုအရာအားလုံးက ခေတ်ဟောင်းပုံစံနဲ့ လိုက်လျောညီထွေရှိတာကြောင့် စုံစမ်းမေးမြန်းခံရမှာကို သူမ မကြောက်ပါဘူး။