အခန်း(၁၆)အသက်ရှင်ရန်အစားလျှော့စားခြင်း
Viewers 38k

အခန်း(၁၆) – အသက်ရှင်ရန် အစားလျှော့စားခြင်း


အခု အိမ်မှာ မီးဖိုတစ်ခုပဲ ရှိသည်။ ရေနွေးတည်တာ၊ ထမင်းချက်တာနှင့် ဟင်းချက်တာ အားလုံးကို ထိုတစ်နေရာမှာပဲ လုပ်ရသည်။ တကယ်လို့ နောက်ထပ် ကျောက်မီးသွေး မီးဖိုတစ်ခု ရှိလာရင် ပိုပြီး အဆင်ပြေ ချောမွေ့လာလိမ့်မည်။ 


ဒါပေမယ့် ကျောက်မီးသွေး မီးဖိုက လွယ်လွယ်ကူကူ မရနိုင်တာ သိသာသည်။ 


ပိုအရေးကြီးတာက ကျောက်မီးသွေး မီးဖိုအပြင် ကျောက်မီးသွေးလက်မှတ်လည်း လိုအပ်သေးသည်။ ထိုအရာတွေက မြို့ထဲရှိ အစွမ်းအစရှိ ပါရမီထူးတဲ့လူတွေဆီမှာပဲ ရှိပြီး ကျေးလက်ဒေသမှာ တစ်ခုမှမရှိဘူး။ 


တကယ်လို့ သူမ ထိုအရာတွေကို လိုချင်ရင် ကောင်စီခရိုင်မြို့ကြီးဆီသွားပြီး လှည့်ပတ်ကြည့်ရမည်။ 


မီးဖိုအပြင် မြေအိုးတစ်ချို့လည်း လိုသေးသည်။ ဒါပေမယ့် အဲဒါကို သူမ ဖြည်းဖြည်းချင်း လုပ်လို့ရသည်။ ကျိုးချင်းပိုင် ပြန်ရောက်လာရင် နေထိုင်မှု အလေ့အကျင့် အခြေအနေကို သူမ မြှင့်တင်သင့်သည်။ 


ထိုအကြောင်းကို သဘောပေါက် နားလည်သိလိုက်တာကြောင့် သူမသည် ခြင်းတောင်းကို အဝတ်ဖြင့် ဖုံးလိုက်သည်။ သူမ ဘာဝယ်လာသည့်နှင့် ပတ်သက်ပြီး ဘယ်သူမှ မသိနိုင်တော့ပေ။ 


အခု ကိုယ်ပိုင်နယ်မြေမှ ဘယ်အရာမဆို သူမ ဆွဲထုတ်ယူနိုင်ပြီ။ 


သူမ ရွာကို ပြန်ရောက်ချိန်တွင် ကိုယ်ပိုင်နယ်မြေမှ ဝက်သားတစ်ချို့ ထုတ်ယူလိုက်သည်။ အဆီများအသားကိုတော့ မထုတ်ယူလိုက်ဘူး။ အဲဒါကို ထုတ်ယူရင် ထင်းကနဲ မြင်သာထင်ရှားလို့ အဆီအဖြစ် ပြုလုပ်ရမယ်။ ရွာက အသား ခွဲဝေတဲ့အချိန်အထိ စောင့်တာ အကောင်းဆုံးပဲ။ 


နံရိုးများ၊ အသားနှင့် ကြက်ဥများ စသည့် တခြားအရာများလည်း ရှိသေးသည်။ တိုတိုပြောရရင် ခြင်းတောင်းပြည့်နေသလို သူမ လုပ်ရမည်။ ဒါပေမယ့် အားလုံးကို အဝတ်နှင့် ဖုံးထားတာကြောင့် သူမ ဘာဝယ်ခဲ့တယ်ဆိုတာ မသိနိုင်ဘူး။ 


သူမ မနက်စောစောထွက်လာပေမယ့် လမ်းက တော်တော်ရှည်ကြာသောကြောင့် အသွား၊အပြန်ဖြင့် ပြန်ရောက်ချိန်တွင် ကိုးနာရီခွဲပြီးနေပြီ ဖြစ်ပြီး ဆယ်နာရီ ထိုးခါနီးနေပြီ။ 


သူမသည် သူမသားသုံးယောက်ကို အရင် သွားမခေါ်ပေ။ ကျိုးအမေက သူတို့ကို သေချာ ဂရုစိုက် ကြည့်ရှုလိမ့်မည်။ သူမသည် ကြက်ဥခြင်းထဲ ကြက်ဥများ ဖြည့်လိုက်ပြီး စည်ပိုင်းထဲ ဆန်နှင့် ဂျုံကို နောက်ထပ် ထပ်ထည့်လိုက်သည်။ ပြီးနောက် အသားတွေကို စတင် အမျိုးအစားခွဲသည်။ 


ကြီးမားသော ဝက်ဝမ်းဗိုက်သား နှစ်ပိုင်းကို ဆားနယ်သည်။ အဆီနည်းအသားများကို ကလေးသုံးယောက်အတွက် အသားဆန်ပြုတ် လုပ်ရန် စီစဥ်လိုက်သည်။ 


သူတို့တွေက သူမချက်သော အသားဆန်ပြုတ်ကို နှစ်သက်ပြီး အဲဒါကို စားရတာ အားရကျေနပ်ကြသည်။ ထိုအကြောင်းက သူမကို စိတ်ကျေနပ်စေသည်။ 


နံရိုးတွေကို သူမကိုယ်တိုင် ခုတ်ထစ်လိုက်သည်။ အကြီးဆုံးအရိုးများကိုတော့ စစ်မှန်သော သဘောထားကို ပြသသည့်အနေဖြင့် ကျိုးအမေဆီ နောက်မှ ပို့ပေးရမယ်။ 


အိမ်က အိမ်မှုဝေယျာဝစ္စအားလုံး ပြီးသွားချိန်တွင် လင်းချင်းဟယ် အချိန်ကို ကြည့်လိုက်သည်။ စောနေသေးတာကြောင့် နောက်ဖေးရှိ ဟင်းသီးဟင်းရွက်အခင်းဆီ သွားလိုက်သည်။ အချိန်အတော်ကြာအောင် အပင်များကို ပြုစုပြီးနောက် တစ်စုံတစ်ယောက်၏ အော်သံကို သူမ ကြားလိုက်သည်။ 


သူမ တံခါးဖွင့်ပြီး စစ်ဆေးကြည့်လိုက်သည်။ ထင်းခြောက်နှစ်စည်း သယ်လာသော ကျိုးတုန်းပဲ။


“ မြန်လိုက်တာ… နောက်နှစ်ရက်နေ့မှ သွားမယ် ထင်နေတာ “ လင်းချင်းဟယ် စကားပြောရင်း တံခါးကို ကျယ်ကျယ်ဖွင့်ပေးလိုက်ပြီး အထဲဝင်ခွင့်ပြုလိုက်သည်။ 


“ ဂျုံ၊ပြောင်း အခွံခွာဖို့အတွက် ကျွန်တော့်ညီမလေးနှင့် တခြားသူတွေ လုပ်ပါစေ။ ကျွန်တော် လုပ်စရာမလိုပါဘူး “ ကျိုးတုန်း က ရှင်းပြသည်။ 


သူ့ကို ဆောင်းရာသီ ဂျုံစိုက်ချိန်မှာပဲ လိုအပ်လိမ့်မည် ပြီးတော့ အဲဒါက စတောင်မစသေးဘူး။ 


ထင်းနှစ်စည်းသည် မသေးပေ။ ဒီလိုထင်းနှစ်စည်းက သုံးပြား ( တပြား = ဆယ်ဆင့် ) ရနိုင်သည်။ လင်းချင်းဟယ်သည် မဆိုင်းမတွ ချက်ချင်း သုံးပြားကို အိတ်ကပ်ထဲမှ ထုတ်ကာ ငွေရှင်းလိုက်သည်။ ပြီးတော့ ပြောသည်။ “ အိမ်မှာ အများကြီး လိုအပ်နေသေးတယ် “ 


သူမက မူလပိုင်ရှင်ထက် ထင်းပိုသုံးသဖြင့် ထင်း များများလိုခြင်း ဖြစ်သည်။ ပြီးတော့ အောက်တိုဘာလကုန်ရင် ကျိုးချင်းပိုင်လည်း ပြန်လာတော့မယ်။ သူမှာ ဒဏ်ရာတွေလည်း ရှိသေးတယ်။ သူမဒေါသကို ထွက်ပေါက်ရှာရန်အလို့ငှာ မူလပိုင်ရှင် လုပ်သကဲ့လို အပြင်ထွက်ထင်းရှာရန် သူ့ကို သူမ အတင်းမတိုက်တွန်းရဲဘူး။ 


မှန်တယ် ဝတ္ထုထဲတွင် မူလပိုင်ရှင်က ထိုအတိုင်း လုပ်ခဲ့သည်။ ပြီးတော့ ထိုအကြောင်းကြောင့် ဗီလိန်တို့၏အဖေက အဆုံးမရှိသော နာကျင်မှုသံသရာဖြစ်တဲ့ ကာလရှည်ကြာ နာမကျန်းမှု တစ်ခု ရလာခဲ့သည်။ သူ အသက်ငါးဆယ်အရွယ် ရောက်ချိန်တွင် သူ့ခန္ဓာကိုယ်က ပိုပြီးတောင် ဆိုးလာသေးသည်။ 


“ ဒေါ်လေး… စိတ်ချပါ။ နှင်းမကျခင် ထင်းကောက်ဖို့ ကျွန်တော် တောင်ပေါ်သွားနိုင်ပါတယ်။ စားစရာ ခွဲဝေပြီးရင် ညီမလေးလည်း ကျွန်တော်နဲ့အတူ သွားနိုင်ပြီ။ ကျွန်တော်တို့ ထင်းကို လှည်းနဲ့ သယ်လာမှာ။ အဲဒါဆို ပိုပြီး သယ်လာနိုင်ပြီ “ ကျိုးတုန်းက သူမကို ကတိပေးသည်။ 


တခြားသူတွေက လင်းအဒေါ်ကို မကြိုက်ကြဘူး။ သို့သော် မူလပိုင်ရှင်က သူတို့ကို အလုပ်ပေးလိုသော ဆန္ဒရှိသောကြောင့် သူနှင့် သူ့ညီမကတော့ ဒီဒေါ်လေးနှင့်ပတ်သက်ပြီး အလွန် ကောင်းမွန်သော သဘာထားရှိသည်။ 


အလုပ်ရှိရင် သူတို့အတွက် စားရန် စားစရာရှိမယ်။ 


ဆောင်းရာသီမှာ သူတို့ အချိန်အတော်ကြာ အလုပ်အမှတ်များ မရရှိနိုင်သောကြောင့် အစားကို ချွေချွေသာသာ လျော့စားပြီး သူတို့ နေထိုင်ရမည်ဖြစ်သည်။ အရင်တုန်းကတော့ မလွယ်ကူပေမယ့် အခုတော့ မူလပိုင်ရှင်ကို ကူညီပြီး မူလပိုင်ရှင်က ပိုက်ဆံပေးသောကြောင့် သူတို့မောင်နှမ ဆောင်းရာသီမှာ ၂၀ - ၃၀ ရာခိုင်နှုန်းလောက် ပြည့်ဝအောင် စားနိုင်လာသည်။ မဟုတ်ရင် သူတိုတွေ နေ့တိုင်း ဆယ်ရာခိုင်နှုန်းလောက်သာ စားနိုင်ပြီး ရေသောက်ကာ ဗိုက်ဆာဆာနှင့် အသက်ဆက် ရှင်သန်ရန် သူတို့ တောင့်ခံရမည်။ 


“ မနက်က ချက်ထားတဲ့ ကြက်ဥတွေ ရှိတယ်။ ငါ အများကြီး ချက်ထားလို့ မင်းစားရအောင် နှစ်လုံး ယူသွားဦး “ လင်းချင်းဟယ် အိမ်ထဲဝင်ကာ ကြက်ဥနှစ်လုံး ယူပြီး သူ့ကို ကမ်းပေးသည်။ 


“ မလိုပါဘူး ဒေါ်လေး… ထင်းကောက်မသွားခင် မနက်ကတည်းက ကျွန်တော် စားပြီးပါပြီ “ ကျိုးတုန်း အလျင်အမြန် ငြင်းဆန်လိုက်ပြီး “ ဒေါ်လေး… ကျွန်တော် အရင် ပြန်တော့မယ်။ နေ့လည်ကို တစ်ခေါက်ပြန်သွားပြီး ညနေခင်းမှာ ဒေါ်လေးဆီ လာပို့ပေးပါ့မယ် “ 


အဲဒါပြီးတာနဲ့ သူက အလောတကြီး ပြန်သွားသည်။ 


လင်းချင်းဟယ်သည် ခဏကြာ ရပ်နေပေမယ့် ဘာမှမပြောလိုက်ပေ။ ဒီအချိန်မှာ ကြက်ဥတွေက အမှန်တကယ့်ကို တော်တော် စျေးကြီးသည်။ စောစောက သူမနှင့်အတူ ကျိုးတုန်းကို ခေါ်ကာ ကောင်စီခရိုင်မြို့ဆီ လှည်းဖြင့် ခရီးထွက်ရန် ပြောဖို့ အခွင့်အလမ်းရှာချင်ရုံတာ ဖြစ်သည်။ ထိုအချိန်ကျရင် မျက်နှာသစ်ဇလုံနှင့် ခြေဆေးဇလုံစသည့် ဇလုံအားလုံးကို သယ်ကာ ပြန်လာနိုင်သည်။ အဲဒါကြောင့် သူမ ကြက်ဥတွေ ပေးတာဖြစ်ပေမယ့် ကျိုးတုန်းရဲ့ တုံ့ပြန်မှုကို ကြည့်ရတာ လက်ခံရဲပုံမပေါ်ဘူး။ 


သူမနှင့်အတူ သူ ကောင်စီခရိုင်မြို့ဆီ သွားမယ့်အချိန်ကိုပဲ သူမ စောင့်ရတော့မယ်။ ပြီးရင် သူတို့မောင်နှမကို တစ်ခုခု ချီးမြှင့်ရမယ်။ 


ကျိုးတုန်းပြောသွားသည့် နေ့လည်ခင်းခရီးအတွက်ဆိုရင် အဲဒါက ဖြစ်နိုင်သည်။ 


ဒီနေရာကနေ တောင်ပေါ်ထင်းသွားရှာရသည့် အကွာအဝေးက နီးတာတော့မဟုတ်ပေ။ ကျိုးတုန်း၏ခြေလှမ်းတွေအရဆိုရင် အနည်းဆုံး သုံးနာရီ ကြာလိမ့်မည်။ ဒီအချိန်မှာ ထင်းနှစ်စည်း သယ်ပြန်လာနိုင်ရန် မှောင်ရီပျိုးနေဆဲ မနက်စောစောကတည်းက သူ သွားတာပဲဖြစ်ရမယ်။ 


ဒါပေမယ့် ကျိုးတုန်း တစ်ယောက်တည်း မဟုတ်တာ သူမ သိသည်။ သူက ရွာထဲရှိ ၁၇ နှစ်၊ ၁၈ နှစ်အရွယ် ကောင်လေးတွေ အများကြီးနဲ့ အတူတူ သွားတာဖြစ်လို့ ဘာမှစိုးရိမ်စရာမရှိပေ။ 


ဒီအချိန်မှာ ဆောင်းရာသီအတွက် လူတိုင်း ထင်းတွေ စုဆောင်းကြသည်။ ကျိုးတုန်း စုဆောင်းတဲ့ထင်းတွေကို သူမဆီ ရောင်းသည်။ ရွာထဲရှိတခြားသူတွေက မြို့မှာ သွားရောင်းသည်။ ယေဘုယျအားဖြင့် ရောင်းကုန်တာတူပေမယ့် ကျိုးတုန်းအတွက်တော့ ပိုပြီးလွယ်ကူသည်။ 


ဒါကြောင့် ကျိုးတုန်း အခု ထမင်းစားရန် ပြန်လာနိုင်ပြီး နောက်ထပ် ပြန်ထွက်ကာ မမှောင်ခင် ပြန်လာနိုင်သည်။ 


ကျေးလက်တောရွာ ကိုယ်တိုင်စိုက်ပျိုးရေး လုပ်တဲ့လူတွေ အနေဖြင့် ထင်း မရှားပါးကြဘူး။ ကောက်ရိုးတွေကို အများအပြား ပေးဝေပေမယ့် သူမမိသားစုအတွက် ဝေစုမရှိဘူး။ သူမ သေချာပြင်ဆင်ထားရင် သူတို့တွေ ဆောင်းတွင်းမှာ ရှင်သန်နေထိုင်နိုင်သည်။ 


လင်းချင်းဟယ်သည် ထိုအကြောင်းကို ကောင်းကောင်း နားလည် သဘောပေါက်ထားသည်။ ပြီးတော့ ကျိုးတုန်းကလည်း ဒီအခွင့်အရေးကို သိသိသာသာ တန်ဖိုးထားတာကြောင့် သူ ကြိုးကြိုးစားစား အလုပ်လုပ်နေသည်။ 


ဆောင်းရာသီတွင် ခါးပတ်ကို တင်းတင်းဝတ်ကာ အစားလျော့စားပြီး အသက်ရှင် နေထိုင်ရတာထက် ကျိုးတုန်းကတော့ အခုချိန်မှာ ထင်းများများ ရှာရန်အတွက်ပဲ ဆန္ဒရှိသည်။ 


လင်းချင်ဟယ်သည် ကလေးအလုပ်သမား ငှားရမ်းခြင်းအပေါ် လိပ်ပြာမသန့်သလို သိပ်မခံစားရပေ။ ဒါကြောင့် သူမသည် ပိုပြီး လွယ်လွယ်ကူကူ စေခိုင်းခဲ့သည်။ မူလပိုင်ရှင်၏ နည်းလမ်းအတိုင်း တသွေမသိမ်းပဲ။ 


ထင်းနှစ်စည်းကို အိမ်နောက်ဖေးရှိ ထင်းတဲဆီ သယ်သွားလိုက်သည်။ ထိုထင်းတဲကို ကျိုးချင်းပိုင် ပြန်လာတုန်းက ဆောက်လုပ်ခဲ့သည်။ မိုး၊ နှင်းတို့ထိပြီး အစိုဓာတ်ကြောင့် ထင်းများ ပျက်စီးခြင်းမှ ကာကွယ်ရန် ၎င်းကို ထင်းများစုဆောင်းရန်အတွက် အဓိကထား အသုံးပြုသည်။ 


ပြီးနောက် သူမသည် ဟင်းသီးဟင်းရွက်အပင်များကို ရေဆက်လောင်းကာ သပ်သပ်ရပ်ရပ် ပြုပြင်ရှင်းလင်းပြီး နေ့လည်စာအတွက် သခွားသီးများကို ခူးလိုက်သည်။ 


သခွားသီးနှင့် အသားကြော် တစ်ပန်းကန်က အမေနဲ့သားတွေအတွက် လုံလောက်သည်။ မနက်တုန်းက ဆန်ပြုတ်ထဲ ထည့်ပြုတ်ထားသည့် ကြက်ဥအနည်းငယ်လည်း ကျန်သေးသည်။ မနက်က ဆန်ပြုတ် အများကြီး ကျန်နေသေးသည်။ သူမ တမင်တကာ များများချက်ထားတာကြောင့် ပြန်နွေးပြီး စားနိုင်သည်။ 


အဖြူရောင်ဘန်းမုန့် နှစ်ခု ထုတ်ယူလိုက်ပြီးနောက် အဲဒါကိုလည်း နေ့လည်စာအဖြစ် မှတ်ယူလို့ရသည်။


ညနေခင်းအတွက် လင်းချင်းဟယ် အကြံတစ်ခု ရှိထားပြီးပြီ။ ညစာအတွက် အစာသွပ်မုန့်လုံးတွေ လုပ်မယ်။ နေ့လည်စာ စားပြီးရင် သူမ ဂျုံမုန့်ညက် လုပ်ရမယ်။ 


ဆယ့်တစ်နာရီတွင် ကျိုးလောင်တ ပြန်လာသည်။ သူ့အမေ ပြန်ရောက်ပြီလား ဆိုတာ လာကြည့်ခြင်း ဖြစ်သည်။ တစ်ချက်ကြည့်လိုက်တာနဲ့ သူမ ပြန်ရောက်နေတာ တွေ့လိုက်ရသည်။ 


“ သားအဘွားနဲ့ တခြားသူတွေ အသင်းအဖွဲ့မှာ ဂျုံ၊ပြောင်း ခွာနေတုန်းလား “ လင်းချင်းဟယ် မေးလိုက်သည်။ 


“ အင်း “ ကျိုးလောင်တ ခေါင်းငြိမ့်ပြပြီး မီးဖိုကို ကြည့်ကာ “ အမေ… ဒီနေ့ အမေ ဘာပစ္စည်းကောင်းတွေ ဝယ်ပြန်လာတာလဲ။ အဖြူရောင် ဘန်းမုန့်အကြီးကြီး ပါလား “ 


“ ပါတယ်။ သွား… ညီလေးတွေကို သွားခေါ်လာခဲ့။ ဒါပေမယ့် အပြင်က ဘယ်သူမှ မသိစေနဲ့ မဟုတ်ရင် ဘာမှစားရမှာမဟုတ်ဘူး “ လင်းချင်းဟယ် အမိန့်ပေးလိုက်သည်။ 


“ အပြင်မှာ အသားအကြောင်း မပြောရဘူးလား “ ကျိုးလောင်တ မနေနိုင်ဘဲ မေးလိုက်သည်။ 


ဒါပေမယ့် သူ သူ့သူငယ်ချင်းတွေနဲ့ အဲအကြောင်း ရောက်တတ်ရာရာ စကားစမြည် ပြောပြီးသွားပြီ။ သူတို့တွေ သူ့ကို တော်တော် မနာလိုနေကြတာ။ 


“ ဒီမတိုင်ခင် ပြောခဲ့တာဆိုရင် ထားလိုက်တော့။ ဒါပေမယ့် အနာဂါတ်မှာ အဲအကြောင်း မပြောရဘူးနော်။ ခပ်လျှိုလျှို နေရမယ် နားလည်လား “ လင်းချင်းဟယ် ပြောလိုက်သည်။ 


“ ခပ်လျှိုလျှို ဆိုတာ ဘာလဲ “ ကျိုးလောင်တ မေးခွန်းထုတ်လိုက်သည်။ 


“ ကြွားချင်ရင် ကြွားပါကွာ…။ မင်းရဲ့ညီတွေကို မြန်မြန်ပြန်ခေါ်လာပြီး နေ့လည်စာ စားဖို့ ပြင်တော့ “ လင်းချင်းဟယ် စေလွှတ်လိုက်သည်။ 


“ အခု သွားလိုက်မယ် “ ကျိုးလောင်တ ချက်ချင်း ပြန်ဖြေသည်။