အခန်း(၁၈) - အိမ်ရှိ စုဆောင်းငွေလေး
ဘေးဘက်အခန်းတွင် အကြီးဆုံးမရီးကလည်း ဒီနေ့ လင်းချင်းဟယ် ပို့ပေးလိုက်သည့် အရိုးအကြောင်း ပြောနေသည်။
သူမမှာ ဒုတိယမရီးကဲ့သို့ တူညီသော အတွေး မရှိသော်လည်း စိတ်ရှုပ်ထွေးသော အမှုအယာတော့ ပေါ်နေသည်။ ထို့ကြောင့် ကျိုးချင်းမုသည် စတုတ္ထရဲ့ဇနီးက အသိတရားရှိပြီး စဥ်းစားချင့်ချိန်တတ်လာပြီဟု ပြောသည်။
အကြီးဆုံးမရီးသည် သူ့ကို မျက်စောင်းထိုးလိုက်သည်။ အရင်တုန်းက စတုတ္ထရဲ့ဇနီး ဖြစ်ရပ်တွေ ဖန်တီးတဲ့အခါ သူမက ငယ်လွန်းပြီး မစဥ်းစား မချင့်ချိန်တတ်သေးဘူးလို့ သူမယောကျာ်းက ပြောခဲ့သည်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူမက ကလေးသုံးယောက် အမေ ဖြစ်နေပြီ။ ဘယ်အချိန်က အသိတရားရှိသလို သူမ ပြုမှုနေလို့လဲ။
အခုမှ အသိတရား ရှိလာတယ်…?? ဘယ်သူက ယုံကြည်မှာလဲ။
“ ဒါက အရမ်း ဖြုန်းတီးရာကျတယ်။ သူမ ခြင်းတောင်းနဲ့အပြည့် ပစ္စည်းတွေ သယ်လာတာ တွေ့တယ်လို့ ထောင်ဇီရဲ့အမေက ပြောတယ် “ အကြီးဆုံးမရီးက ပြောသည်။
အဝတ်နဲ့ ဖုံးထားလို့ ဘာတွေလဲဆိုတာတော့ မသိဘူး။ ဒါပေမယ့် သူမက အရိုးကြီးတစ်ကြီး ပေးဖို့ စိတ်ဆန္ဒ ရှိတယ်ဆိုတော့ သူမ အများကြီး ဝယ်လာတာ ဖြစ်ရမယ်။
ကျိုးချင်းမုလည်း ထိုအချက်ကို ထောက်ခံသည်။ ကောင်းမွန်စွာ နေနိုင်ဖို့ ဘယ်လောက်တောင် ဖြုန်းတီးနိုင်တာလဲ။ ပြီးတော့ ညီအစ်ကိုသုံးယောက်မှာ တစ်ယောက်က မျက်စိတစ်မှိတ်အတွင်းမှာ ငါးနှစ် ရှိသွားပြီ။ နှစ်သစ်ကူးပြီးရင် ခြောက်နှစ် ဖြစ်တော့မယ်။ ကလေးတွေ ကြီးပြင်းလာတဲ့အခါ ပိုက်ဆံ မလိုနိုင်ဘူးလား။
အမှန်အတိုင်းပြောရရင် သူ့မှာ သားတစ်ယောက်ပဲ ရှိလို့ ကျိုးချင်းမုလည်း အနည်းငယ်တော့ မနာလိုဖြစ်မိသည်။ ပထမ ကလေးသုံးယောက်က သမီးတွေဖြစ်လို့ ဖိအားက တော်တော်လေး နည်းသည်။ ဒါပေမယ့် သူက ပိုပြီး စိတ်ဖိစီးမှု များရတာကို ပိုလိုလားသည်။
“ ဒါလေးက သားလေး ဖြစ်မလား မသိဘူး “ ကျိုးချင်းမုက အကြီးဆုံးမရီး၏ ထွက်ခါစ ဝမ်းဗိုက်လေးကို ထိကြည့်ရင်း ပြောလိုက်သည်။
ထိုအကြောင်းက အကြီးဆုံးမရီးရဲ့ အာရုံကို ဆွဲဆောင်နိုင်လိုက်ပြီး သူမက မှတ်ချက်ပေးသည်။ “ လောင်တက တတိယရဲ့ဇနီး ဗိုက်ကို တွေ့လိုက်တိုင်း ‘ ညီလေး ‘ လို့ပဲ ခေါ်နေတာ။ ဒါက သားလေး ဟုတ်လား မဟုတ်ဘူးလား ကျွန်မလည်း မသိဘူး “
တကယ်တော့ သူမ မစိုးရိမ်ပေ။ ဘာပဲဖြစ်ဖြစ် သူမတွင် သားတစ်ယောက် ရှိထားပြီးပြီ။ ဟုတ်တာပေါ့ ဒါက သားလေးဖြစ်ရင် ပိုကောင်းတယ် ။ ဒါပေမယ့် မဟုတ်ရင်လည်း ကိစ္စမရှိဘူး။
အခုအချိန်တွင် တတိယမရီးသည် လောင်တနှင့် လောင်အာ့အတွက် အထည်များကို ပြုလုပ်နေသည်။ အခုတော့ ရိတ်သိမ်းခြင်းလုပ်ငန်းက ပြီးသွားပြီ၊ အိမ်မှာလည်း ဘာအလုပ်မှ လုပ်စရာ မလိုအပ်သည့်အတွက် တစ်နေ့လုံး အထည်ချုပ်နိုင်ပြီး အရှိန်ကလည်း ပိုမြန်လာသည်။ သူမလက်ထဲရှိတစ်ခုက လောင်အာ့အတွက် ဖြစ်ပြီး တစ်ဝက်ပြီးနေပြီ။
ရက်အနည်းငယ်အတွင်းမှာ လောင်တအတွက်လည်း ပြီးသွားလိမ့်မယ်။ ပြီးရင် သူမသမီးအတွက် အပေါ်ဝတ်တစ်ထည် လုပ်ပေးနိုင်ပြီ။
ကျိုးမိသားစုဝင် တစ်ယောက်စီ၌ သူတို့၏ကိုယ်ပိုင်အတွေးတွေ ရှိနေသော်လည်း နေ့ရက်တွေက လိုက်လျောညီထွေရှိနေဆဲပင်။ တတိယမရီးသည် သန်းဝေပြီး အနားယူရန် ဝင်သွားချိန်တွင် လင်းချင်းဟယ်ကတော့ နိုးထလာပြီဖြစ်သည်။
ဒီည သူမ ဖက်ထုပ် လုပ်စားရန် ဆုံးဖြတ်ထားတာကြောင့် မုန့်ညက်ပြုလုပ်ရန် စပြင်ဆင်သည်။
သူမသည် နံရိုးအားလုံးကို ခုတ်ထစ်ထားပြီး နယ်မြေထဲတွင် ထည့်ထားသည်။ အရမ်း မအေးသေးသောကြောင့် ဆားနယ်ထားသော ဝက်ဝမ်းဗိုက်သားက လွှဲ၍ လတ်ဆတ်သောအသားနှင့် နံရိုးများသည် တာရှည်မခံပေ။ ရေခဲသေတ္တာနှင့် နှိုင်းယှဥ်နိုင်သည့် နယ်မြေရှိခြင်းက ဒီအချိန်မှာ အရမ်းကောင်းသည်။
လင်းချင်းဟယ် မီးဖိုချောင်ထဲ အလုပ်ရှုပ်နေစဥ် ညီအစ်ကိုတွေ တစ်ယောက်ပြီး တစ်ယောက် နိုးလာသည်။ ညစာအတွက် ဖက်ထုပ်စားရမယ့်အကြောင်း သိလိုက်ကြတော့ သူတို့တွေ အရမ်းပျော်သွားကြသည်။
ကျိုးလောင်တသည် ကြွားရန် အပြင်သို့ တိုက်ရိုက် ထွက်သွားသည်။ ကျိုးလောင်အာ့လည်း ဆော့ရန် အပြင်ထွက်သွားပြီး လောင်စန်းက လင်းချင်းဟယ်နှင့်အတူ အိမ်မှာ နေခဲ့သည်။
လင်းချင်းဟယ်အနေနှင့်တော့ အကြီးနှစ်ယောက် အလွန်အကျူး မဆော့သရွေ့ သူမက သူတို့ကို တားမြစ်ချုပ်ထိန်းထားမှာ မဟုတ်ဘူး။ သူတို့က ယောကျာ်းလေးတွေ…. ဒါကြောင့် သူတို့ကို ချုပ်ထိန်းခြင်းဖြင့် ကျွေးမွေး စောင့်ရှောက်ရမှာ မဟုတ်ဘူး။ ပြီးတော့ အရေးအကြီးဆုံးက မကြာခင် ဆောင်းရာသီ ရောက်လာတော့မယ်။ အဲအချိန်မှာ ဆော့လို့ရတော့မှာ မဟုတ်ဘူး။ ထိုအချိန်မှာ ကျိုးလောင်တကို စာသင်ဖို့ သူမ စီစဥ်ထားသည်။
နောက်နှစ်ထိ စောင့်ပြီးရင် သူ့ကို မူလတန်းကျောင်း ပို့ရမယ်။
မူလတန်းကျောင်းက ငါးနှစ်ပုံစံ ဖြစ်ပြီး ဂျူနီယာအလယ်တန်းကျောင်း နှင့် အထက်တန်းကျောင်းက နှစ်နှစ်စီ စနစ် ဖြစ်သည်။
ခြောက်နှစ်အရွယ်က သိပ်မငယ်တော့ ကျောင်းတက်ရတာ မဆိုးဘူး။ အဲဒါက အိမ်မှာ ကြောင်တွေ ခွေးတွေနဲ့ ဆော့ကစားနေတာထက် ပိုကောင်းတယ်။
သူ၏ လွတ်လပ်သော နေ့ရက်များ လျော့နည်းလာတော့မည်ကို မသိသော ကျိုးလောင်တသည် အပြင်တွင် ပျော်နေပြီး ကျိုးလောင်အာ့က အမြီးကဲ့သို့ သူ့နောက်မှ ထပ်ကြပ်မခွာ လိုက်ပြေးနေသည်။
သူတို့တွေ အပြင်မှာ ဘာကစားကြမှန်း မသိသော်လည်း ပြန်ရောက်လာတဲ့အခါ အမြဲတမ်း ညစ်ပတ်နေတတ်ကြသည်။
လင်းချင်းဟယ်သည် ဂျုံမုန့်ညက် အများစု ပြုလုပ်ပြီးသွားသည်ကို တွေ့လိုက်ရပြီး ညီအစ်ကိုတွေဆီသို့ တစ်ချက် လှမ်းကြည့်ပြီးနောက် သူတို့၏ လက်များနှင့် မျက်နှာကို ဆေးကြောရန် လွှတ်လိုက်သည်။
အိမ်မှာ ရေတွင်းတစ်တွင်း ရှိပြီး ကုန်ကျစရိတ် ကြီးသည်။ တစ်ရွာလုံးတွင် သူတို့ကိုယ်ပိုင်ဝင်းခြံ၌ ရေတွင်းရှိသော အိမ်သည် အများဆုံး အိမ်ထောင်စု ငါးစုသာ ရှိပြီး သူမသည် ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည်။
ညီအစ်ကိုတွေ ရှုပ်ပွညစ်ပတ်အောင် ဆော့ခြင်းမှ ကာကွယ်တားဆီးရန် များသောအားဖြင့် ဖုံးအုပ်ထားသည်။
ဒီရေတွင်းကို တူးရန် ငွေအမြောက်အများ ကုန်ကျထားသည်။ မူလပိုင်ရှင်သည် လစဥ် ပေးပို့နေသော ကျိုးချင်းပိုင်၏ငွေများအပေါ် မှီခိုအားထားသောကြောင့် ငွေကုန်မှာကို သူမ စိတ်ထဲမထည့်ဘဲ ရေတွင်းတူးရန် လူများကို ငှားရမ်းခဲ့သည်။
ဒုတိယမရီးသည် ကိုယ့်ဘာသာ အားရကျေနပ်နေစဥ်အတွင်း မူလပိုင်ရှင်၏ အသားတင် ငွေစုဆောင်းမှုသည် သေချာပေါက် သူမထက် မပိုနိုင်ဘူးလို့ သူမ တွေးထင်ခဲ့သည်။ ဒါပေမယ့် ကျိုးချင်းပိုင်၏ အရည်အချင်း စွမ်းရည်ကို သူမ လျှော့တွက်ခဲ့သည်။
အစောပိုင်းနှစ်များတွင် ကျိုးချင်းပိုင်သည် တစ်လလျှင် အနိမ့်ဆုံး ယွမ် ၂၀ သာ ပေးပို့ခဲ့ပြီး ပုံမှန်အားဖြင့် ၂၃ ယွမ် သို့မဟုတ် ၂၄ ယွမ်သာ ရှိသည်။ ပိုတဲ့အခါ ၂၅ ယွမ် သို့မဟုတ် ၂၆ ယွမ် ဖြစ်သည်။ အခြေခံအားဖြင့် သူက အားလုံးကို ပေးပို့သည်။
ဟိုမှာ ပိုက်ဆံသုံးစရာ မလိုသလို သုံးစရာနေရာလည်း မရှိတဲ့အတွက် သူ တတ်နိုင်သလောက် အကုန် ပို့ပေးခဲ့သည်။ ကူပွန်လက်မှတ်တွေလည်း အတူတူပဲ။
ဒါပေမယ့် လွန်ခဲတဲ့နှစ်နှစ်အကြာတွင် ကျိုးချင်းပိုင်မှ ပို့သောပိုက်ဆံသည် တစ်လလျှင် ယွမ် ၃၀ အထက် ဖြစ်လာသည်။ အများအားဖြင့်တော့ ၃၅ ယွမ် မဟုတ်ရင် ၃၆ ယွမ် လောက်ရှိသည်။
မူလပိုင်ရှင်က အလွန်အကျွံ ဖြုန်းတီးနေရင်တောင်မှ ဒီခေတ်တွင် ပိုက်ဆံရှိရင်တောင် ကမ္ဘာတစ်ပတ်ပတ်ခွင့် မရှိဘူး။ ကောင်လေးတွေက ကလေးတွေပဲ ဖြစ်သော်လည်း သူတို့ရဲ့စားနိုင်သည့် ပမာဏက ဆင်းရဲသွားလောက်တဲ့အထိ မကြီးသေးဘူး။ အထူးသဖြင့် မူလပိုင်ရှင်က သူတို့အတွက် ဆာလောင်ပြီး မသေနိုင်သည့် ကန့်သတ်ချက် သတ်မှတ်ပေးထားသည်။ ဒါဆို သူမ ဘယ်လောက်သုံးနိုင်မှာလဲ။ အိမ်မှာ အသုံးစရိတ် အများစုက သူမကိုယ်ပိုင် သုံးစွဲမှုကြောင့် ဖြစ်သည်။ အရေးအကြောင်းပျောက် အစိုထိန်းခရမ်ခ်၊ အဝတ်အစားအသစ်များ၊ ချညထည်အသစ်များ၊ လည်စည်းများ၊ ခေါင်းစည်းပဝါများ၊ ခြေအိတ်များနှင့် ဖိနပ်များ…….. သူမမှာ ထိုအရာအားလုံး ရှိသည်။
သူမအတွက်ပဲ သူမ သုံးသောကြောင့် မူလပိုင်ရှင်သည် အနည်းငယ် စုဆောင်းထားနိုင်သေးသည်။
သူမအတွက် အများကြီး အကုန်ကျခံ သုံးခဲ့ပေမယ့် လင်းချင်းဟယ်သည် မိသားစု၏ချမ်းသာမှုကို ရေတွက်ပြီးနောက် ယွမ် နှစ်ရာကျော် သုံးရာနီးပါးအထိ စုဆောင်းသိမ်းဆည်းထားတာကို သိလိုက်ရသည်။
တစ်ကြိမ်တွင် တစ်ဆင့်သာ သုံးစွဲသည့်ခေတ်တွင် ယွမ်သုံးရာသည် ကြီးမားသော ငွေပမာဏ ဖြစ်သည်မှာ သေချာပါသည်။
ပိုက်ဆံဖြုန်းတီးပစ်သည့် မူလပိုင်ရှင်၏ ပုံရိပ်က လူတွေရဲ့စိတ်နှလုံးထဲ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တာပဲလေ။ သူမမှာ စုဆောင်းငွေ အများကြီး မရှိဘူးလို့ လူတိုင်းက တညီတညွတ်တည်း ယုံကြည်ကြသည်။
ဟုတ်ပါတယ် …. ရွာထဲက အဖွားကြီးတစ်ယောက်က သူမကို ငွေစုဆောင်းရန်နှင့် လိုအပ်မှသာ သုံးစွဲရန် အရင်တုန်းက ပြောခဲ့သည်။
ထိုအချိန်တွင် မူလပိုင်ရှင်က ပေါ့ပေါ့ပါးပါး ပြန်ပြောခဲ့သည်။ “ ဒါက ကျွန်မအတွက်တောင် သုံးစွဲဖို့ မလုံလောက်ဘူး။ ဒါဆို ကျွန်မ ဘယ်လို စုဆောင်းနိုင်မှာလဲ “
ဒီစကားတွေက အခုအချိန်ထိ ရွာထဲတွင် ပျံ့နှံ့နေဆဲပင်။ သူမသည် အစိုထိန်းခရမ်ခ်ကို လိမ်းကာ ဝတ်စုံအသစ်နှင့် သားရေဖိနပ်အသစ်တွေကို ဝတ်ဆင်ထားသည်ကို မြင်တွေ့ရသော်လည်း ရွာသူ/သားအားလုံး ထိုအဆင့်မြင့်ထုတ်ကုန်များကို မဝယ်ရဲသလို ၎င်းတို့၏စျေးနှုန်းကိုလည်း မမေးရဲကြပေ။ သူမစကားတွေရဲ့ စစ်မှန်မှုကို သူတို့ သံသယမရှိကြဘူး။
“ အမေ….. ဖက်ထုပ်ထဲမှာ ဘာထည့်ထားတာလဲ “ ကျိုးလောင်တက သန့်ရှင်းဆေးကြောနေရင်း မေးသည်။
လင်းချင်ဟယ်က ပြန်ဖြေသည်။ “ ဝက်သားဖက်ထုပ်တွေ “
“ အမေရဲ့ဖက်ထုပ်တွေ သား ကြိုက်တယ်။ ဘာပဲထည့်ထည့် သားကတော့ စားရတာ ကြိုက်တယ် “ ကျိုးလောင်အာ့က ဆိုသည်။
လောင်အာ့က နှစ်လိုဖွယ်ရာကောင်းနေကျ ဖြစ်သည်။ လင်းချင်းဟယ်လည်း သူ့ဘက် မျက်နှာလှည့်ပြီး သူ့ကို အပြုံးမျက်လုံးများဖြင့် ကြည့်လိုက်သည်။ လောင်အာ့က ပြုံးရယ်နေသည်။
“ အမေ…. သား ကူညီပေးရမလား “ သူ့မျက်လုံးတွေက တောက်ပစွာဖြင့် လက်ကမ်းရင်း ကျိုးလောင်တက မေးသည်။
အနာဂါတ်မှာ မင်းကို ငါ သေချာပေါက် လုပ်ခိုင်းမှာပါ။ ငါ မင်းကို စမ်းရေမထိဖူးတဲ့ သခင်လေးလို အလိုလိုက်ဖို့ စိတ်ကူးမရှိဘူး။
ဒါပေမယ့် အခုတော့ မလိုသေးဘူး။ သူတို့အားလုံးက ရွှံ့ထဲက ထွက်လာသလိုပဲ။ သူတို့ရဲ့လက်သည်းတွေ အားလုံး ညစ်ပတ်နေတယ်။ သူမက သူတို့ကို ဆေးကြောပေးသော်လည်း တစ်ရက်အတွင်း မူလအခြေအနေသို့ ပြန်ရောက်သွားသည်။
“ မနှောင့်ယှက်နဲ့ ဘေးမှာ သွားနေ “ လင်းချင်းဟယ်က သူ့လက်ကို ဖယ်လိုက်သည်။
ကျိုးလောင်တက “ အမေ…. သားကို မကြိုက်ဘူး “
“ ငါ မင်းကို မကြိုက်တာ တစ်ရက် နှစ်ရက် ကိစ္စမဟုတ်ဘူး။ ဘာလို့ အရင်က အဲလိုပြောတာ ငါ မကြားမိတာလဲ။ ဟုတ်ပြီ ငါတို့မိသားစုက ကြက်တွေ မွေးတော့မယ်။ မင်း ဘာပြောစရာ ရှိလဲ “ လင်းချင်းဟယ် အဆိုပြုသည်။
“ ကြက်တွေ မွေးမှာလား “ လောင်အာ့က တောက်ပသော မျက်လုံးများဖြင့် သံယောင်လိုက်ပြောသည်။
“ အင်း “ လင်းချင်းဟယ်က ခေါင်းငြိမ့်သည် “ ကျိုးလောင်တ… မင်းညီရဲ့လက်ကို ဖယ်လိုက်။ သူ့ပါးစပ်ထဲ မကျွေးနဲ့ “ သူမသည် လောင်စန်းကို မုန့်ညက်နည်းနည်းပေးပြီး ဒီမှာ ဆော့ရန် သူ့ကို ပြောလိုက်သည်။