အခန်း(၁၉) – စည်းစိမ်ဥစ္စာကို ဖြုန်းတီးသော နံပါတ်တစ် အမျိုးသမီး
ကျိုးလောင်တသည် သူ့ညီ၏လက်ကို ဆွဲချလိုက်ပြီး ထောက်ပြသည် “ အမေ…. အခု ကြက်မရှိဘူးလေ “
“ မရှိဘူးလား “ လောင်အာ့က စိတ်ပျက်သွားသည်။
“ အခု ကြက်တွေ မရှိတာ သိတယ်။ လာမယ့်နွေဦးမှာ မွေးဖို့ စီစဥ်ထားတယ်။ အဲအချိန်မှာ သေချာပေါက် ကြက်ရှိလာမယ်။ ရွာသူ/သားတွေဆီက ဝယ်ဖို့ပဲ လိုတော့တယ်။ အနာဂါတ်မှာ ကြက်မွေးချင်တယ်ဆိုရင် ကြက်တွေ ဘာစားမလဲက ပြဿနာတစ်ခု ဖြစ်လာပြီ “ လင်းချင်းဟယ်က ပြောသည်။
အိမ်မှာ လုံးဝဗလာ ဖြစ်နေတယ် အထူးသဖြင့် ရိုးတံအများစု ရှိနေတဲ့ အိမ်နောက်ဖေးက ဟင်းသီးဟင်းရွက် အခင်းပဲ။ ကြက်မမွေးတာ နှမျောစရာပဲ။
ဒါပေမယ့် မူလပိုင်ရှင်က သူမထက် သန့်ရှင်းမှုကို ပိုနှစ်သက်တယ်။ သူမက အနံ့ကို မကြိုက်တာကြောင့် သူတို့ကို မမွေးမြူရန် စီစဥ်ခဲ့သည်။ ဒါပေမယ့် သေချာကောင်းကောင်း သန့်ရှင်းလိုက်ရင် အနံ့က အဲလောက်ထိ မဆိုးတော့ပါဘူး။ ပြီးတော့ အိမ်နောက်ဖေးကလည်း အိမ်နဲ့ အနည်းငယ် ဝေးပါသေးတယ်။
ကျိုးချင်းပိုင် ပြန်ရောက်ရင် ကြက်ခြံဆောက်ဖို့ သူ့ကို ပြောရမယ်။
“ အိမ်မှာ ကြက်တွေ ရှိလာရင် နောက်ပိုင်းဆို ကြက်သားစားရမှာလား “ ကျိုးလောင်တ၏မျက်လုံးက အရောင်တောက်သွားသည်။
“ ကြက်တွေက ကြက်ဥ,ဥဖို့ လိုတယ် “ ကျိုးလောင်အာ့က ချက်ချင်းပြောသည်။
ကြက်ကို စားလိုက်ရင် ဘယ်လိုလုပ် ကြက်ဥ,ဥနိုင်တော့မှာလဲ။
“ ကြက်သားက အရမ်းအရသာရှိတယ် “ ကျိုးလောင်တက ပြန်ပြောသည်။
သူ့အစ်ကိုက အဲလိုပြောပြီးနောက် ကျိုးလောင်အာ့သည် ချက်ချင်း သွားရည်ကျလာပြီး သူ့အမေကို ကြည့်လိုက်သည်။
ကလေးက စကားမပြောသော်လည်း လင်းချင်းဟယ် သူ့မျက်လုံးထဲက အဓိပ္ပါယ်ကို မြင်နိုင်သည်…. အမေ… သား ကြက်သား မစားဖူးသေးဘူး။
“ ဘယ်နေ့မှာ ကြက်ဝယ်လို့ ရနိုင်မလဲ စောင့်ကြည့်ကြတာပေါ့ “ လင်းချင်းဟယ် အဲလိုသာ ပြောနိုင်တော့သည်။
“ အမေ…. အမေက အရမ်းကောင်းတာပဲ “ လောင်အာ့သည် ချက်ချင်းပင် သူမခြေထောက်ကို လာဖက်ရင်း တိုးတိုးလေး ပြောသည်။
နောင်တွင် ညီအစ်ကိုသုံးယောက်အတွက် သူက ဗီလိန်တို့၏ ခေါင်းဆောင် ဗျူဟာမြောက် တွေးခေါ်မြော်မြင် အကွက်ဆင်သူ ဖြစ်လာမည် ဖြစ်သော်လည်း ယခုအချိန်တွင် သူသည် ချစ်စရာ ပေါင်မုန့်လုံးလေးလို ဖြစ်နေဆဲဖြစ်သည်။
ရက်အနည်းငယ်ကြာအောင် လင်းချင်းဟယ်၏ အလိုလိုက်ခြင်း ခံခဲ့ရပြီးနောက် မူလပိုင်ရှင်၏ အေးစက်မှုကို သူ့စိတ်ထဲမှ ဖယ်ထုတ်လိုက်ပြီး သူမနား အလွန်ကပ်လာသည်။ မနေ့ညက လောင်စန်းနှင့်အတူ သူမနှင့် တစ်အိပ်ရာထဲ အိပ်ချင်ကြောင်း ကျိုးလောင်အာ့ အဆိုပြုမယ်လို့ မည်သူထင်မှာလဲ။
မူလပိုင်ရှင်ကို အရင်က သူ မပြောရဲဘူး။
ကလေးတွေက အလွန် ခွဲခြားသိမြင်နိုင်တယ်။ သူတို့ကို ဘယ်သူက ကောင်းကောင်း ဆက်ဆံတယ် ဘယ်သူက မဆက်ဆံဘူးဆိုတာ သူတို့စိတ်ထဲ သူတို့သိတယ်။
လင်းချင်းဟယ်က သူတို့အပေါ် ကြင်နာတာ သိသဖြင့် သူ ဒီလို တောင်းဆိုမှု ပြုလုပ်ရဲခြင်း ဖြစ်သည်။ ဒါပေမယ့် လင်းချင်းဟယ်က သဘောမတူလိုက်ဘဲ သူတို့နှစ်ယောက်ကို သူတို့ဘာသာ အတူတူ ဆက်အိပ်စေသည်။
“ နောက်နှစ် ကြက်မွေးတဲ့အခါ အစာကျွေးဖို့ မင်းတို့ တာဝန်ယူရမယ် “ လင်းချင်းဟယ်က ပြောလိုက်သည်။
“ အခင်းထဲက အကောင်တွေကို သွားဖမ်းပြီး ကြက်တွေကို ကျွေးမယ် “ လောင်အာ့က ချက်ချင်း တုံ့ပြန်သည်။
“ ဒါဆို သားက တီကောင်တွေ သွားတူးပြီး ကြက်တွေကို ကျွေးဖို့ ယူလာမယ် “ ကျိုးလောင်တက နောက်က ဆက်ပြောသည်။
“ စား၊ ကြက်သား စား “ လောင်စန်းက သူ့အစ်ကိုကြီးကို ကြည့်ပြီး သူ့ဒုတိယအစ်ကိုကို ကြည့်ကာ ကြားဖြတ်ပြောသည်။
ကြက်ဥ ဥရန်အတွက် ကြက်တွေကို မွေးမြူရမှာဖြစ်ပြီး ကြက်တွေကို မစားရမယ့်အကြောင်း လောင်အာ့က သူ့ကို သင်ပေးသည်။
ငါးနာရီ မထိုးခင် မိသားစုက ညစာ စားကြသည်။ ဝက်သားဖက်ထုပ်က အရမ်းမွှေးသည်။ ဒါပေမယ့် ညီအစ်ကိုသုံးယောက်က အရမ်းငယ်သေးလို့ အများကြီး မစားနိုင်သောကြောင့် ပန်းကန်တစ်လုံးစာ ကျန်နေသေးသည်။
ထိုအချိန်တွင် ကျိုးတုန်းသည် ဒီနေ့၏ ဒုတိယအကြိမ်မြောက် ထင်းတွေကို သယ်လာသည်။ လင်းချင်းဟယ်သည် ပန်းကန်ကို သူ့ဆီ ယူလာပြီး ပြောသည်။ “ တုန်းလေး…. ဒီဖက်ထုပ် တစ်ပန်းကန်ကို စားဖို့ ယူသွားလိုက်။ ဒေါ်လေး မင်းနဲ့ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိတယ် “
ကျိုးတုန်းက ခေါင်းယမ်းလိုက်ပြီး “ ဒေါ်လေး….. ကိစ္စတစ်ခုခုရှိရင် ဒေါ်လေးအတွက် ကျွန်တော် လုပ်ပေးမယ်။ ဒါပေမယ့် ဖက်ထုပ်တွေကို လောင်တနဲ့ သူ့ညီတွေအတွက် ထားလိုက်ပါ “
“ အစ်ကို ကျိုးတုန်း…. ကျွန်တော်တို့အားလုံး စားပြီးပြီ “ ကျိုးလောင်တက အထိန်းအကွပ်မဲ့စွာ ပြောလိုက်သည်။
ကျိုးလောင်အာ့က သူ့အမေ ဒီလို အရသာရှိတဲ့ ဖက်ထုပ်တွေကို ပေးလိုက်မှာ မလိုလားမှန်း သိသာပေမယ့် တိတ်တိတ်လေး ငြိမ်နေခဲ့သည်။
“ ကြားတယ်မလား… သူတို့တွေ စားပြီးပြီ။ ဒီဖက်ထုပ်ပန်းကန်ကို လက်မခံရင် ဒေါ်လေး ဘာမှပြောမှာမဟုတ်ဘူး “ လင်းချင်းဟယ် ပြောလိုက်သည်။
ကျိုးတုန်းသည် ထိုစကားကြားတော့ အနည်းငယ် တုံ့ဆိုင်းသွားသည်။ ပြီးမှ ယူလိုက်ကာ “ ဒေါ်လေး ပြောပါ “
“ အဲဒါက ဒီလိုပါ…. ဒေါ်လေးက ခရိုင်မြို့ကို သွားဖို့ ရည်ရွယ်ထားတယ်။ ဒီတချိန်မှာ ဝယ်စရာတွေ အများကြီးပဲ။ အဲဒါ ဒေါ်လေးဘာသာ တစ်ယောက်တည်း မသယ်နိုင်ဘူး။ သန်ဘက်ခါ ဒေါ်လေးနဲ့အတူ သွားနိုင်မလား “ လင်းချင်းဟယ်က ရှင်းပြသည်။
ကျိုးတုန်း၏အိမ်မှာ သူမ လိုချင်တာကို သယ်ယူပေးနိုင်သည့် နောက်တွဲလှည်း ရှိသည်။ ဒီတစ်ကြိမ်က ဒီနှစ်မှာ သူမအတွက် မြို့ကို သွားတာ နောက်ဆုံးအကြိမ် ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဝေးလွန်းသောကြောင့် နည်းလမ်းမရှိဘူး။
သုံးနာရီ မဟုတ်ရင် လေးနာရီ….. သွားတာ ပြန်တာနဲ့တင် တစ်ရက်က ကုန်သွားပြီ။ အရေးအကြီးဆုံး အပိုင်းကတော့ ဘယ်လောက်တောင် ပင်ပန်းလိုက်သလဲ !
“ ကောင်းပြီ သန်ဘက်ခါ လာခဲ့လိုက်မယ်။ ဘယ်အချိန်လဲ ဒေါ်လေး “ ကျိုးတုန်းက နားထောင်ပြီး သဘောတူလိုက်သည်။
သန်ဘက်ခါက ပြည်သူလူထုရဲ့ ရိက္ခာကို လွှဲပြောင်းမှာ ဖြစ်လို့ ဘာမှလုပ်စရာ မရှိဘူး။ သူ့ကို မလိုအပ်ဘူး။ အဲဒီနေ့ပြီး နောက်နေ့က စားစရာ ခွဲဝေပေးတဲ့နေ့ ဖြစ်လို့ နှောင့်နှေးလို့ မဖြစ်ဘူး။
“ ငါးနာရီ “ လင်းချင်းဟယ်က အချိန် သတ်မှတ်လိုက်သည်။
ခရိုင်မြို့သို့ ငါးနာရီတွင် ထွက်ခွာမည် ဖြစ်ပြီး ကိုးနာရီမှာ ဖွင့်လှစ်မည် ဖြစ်သည်။
ကျိုးတုန်းက ခေါင်းညိမ့်ပြီး ဖက်ထုပ်ပန်းကန်ကို ကြည့်လိုက်သည်။ သူက ပြန်ပေးချင်နေတုန်းပဲ။ လင်းချင်းဟယ်က အတိအလင်း ပြောသည် “ စားဖို့ ယူသွားလိုက်။ မဟုတ်ရင် မင်းကို ခေါ်မှာမဟုတ်ဘူး “
သူမသည် ညနေက သယ်လာသည့် ထင်းစည်းအတွက် ကျိုးတုန်းကို သုံးပြား ပေးလိုက်ပြီးတော့ ပြန်ခွင့်ပြုလိုက်သည်။
ကျိုးတုန်း ပြန်သွားပြီး သိပ်မကြာခင်တွင် ကျိုးရှီးက ဆေးထားပြီးသား ပန်းကန်ကို ပြန်လာပေးသည်။ သန်ဘက်ခါမှာ ညီအစ်ကိုတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ သူမကို ခေါ်မှာလားလို့ သူမက လင်းချင်းဟယ်ကို မေးလိုက်သည်။
မူလပိုင်ရှင်က သူမကို ခေါ်လေ့ရှိပြီး ကလေးမလေးက တော်တော်လေး အားကိုးရသည်။ သို့သော်လည်း လင်းချင်းဟယ်က အဲလိုလုပ်ဖို့ အစီအစဥ်မရှိလို့ ပြန်ပြောခဲ့သည် “ မလိုပါဘူး၊ သန်ဘက်ခါကျရင် သူတို့ကို ကြည့်ရှုစောင့်ရှောက်ဖို့ သူတို့အဘွားကို ခေါ်လိုက်မယ် “
ကျိုးရှီး ပြန်သွားသည်။
လင်းချင်းဟယ်က ကျိုးတုန်းကို သူမနှင့်အတူ ခရိုင်မြို့သွားရန် ပြောခြင်းသည် ပိုက်ဆံရနိုင်သော ထင်းရှာရန် သူ့အတွက် နှောင့်နှေးသွားသော်လည်း ပြဿနာတော့ မရှိပေ။ လင်းချင်းဟယ်၏ ဝက်သားဖက်ထုပ် တစ်ပန်းကန်က ခရိုင်မြို့ သို့မဟုတ် မြို့တွင်းရှိ စားသောက်ဆိုင်တွင် စားပါက ငါးပြားဖိုး ရှိသောကြောင့် ဖြစ်သည်။ ပြီးတော့ အဲဒါက အစားအသောက် လက်မှတ်ကူပွန် လိုသည်။ မဟုတ်ရင် ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူး။
ဒါကြောင့် ဒီဖက်ထုပ် တစ်ပန်းကန်နဲ့ အရှုံးမရှိဘူး။
ကျိုးတုန်းသည် ထိုနေရာမှ ဖက်ထုပ်တစ်ပန်းကန် ယူလာသည်ကို ရွာသားများက မြင်ပြီး စပ်စုကာ မေးမြန်းကြသည်။
ဖုံးကွယ်စရာ အကြောင်းမရှိတာကြောင့် အဒေါ်လင်းက တစ်စုံတစ်ခုအတွက် သူ့အကူအညီ လိုအပ်ပြီး ဒါကို ပေးခဲ့ကြောင်း ရှင်းပြလိုက်သည်။
တစ်စုံတစ်ခု ဆိုတာက သန်ဘက်ခါ ခရိုင်မြို့ဆီ သူမနှင့်အတူ လိုက်ကူခိုင်းခြင်း ဖြစ်သည်။
လင်းချင်းဟယ်က ဘာကြောင့် ကျိုးတုန်းကို ခရိုင်မြို့ဆီ ခေါ်ရတဲ့အကြောင်းကိုတော့ ရွာထဲက လူအားလုံး မေးကြည့်စရာ မလိုဘူး။ ဝယ်စရာ ပစ္စည်းတွေ အများကြီး ရှိပြီး သယ်မပြန်နိုင်လို့ ပစ္စည်းတွေကို သယ်ကူရန် တစ်ယောက်ယောက်ကို ခေါ်မှန်း သူတို့ သိကြသည်။
ဒါပေမယ့် ဒီဝက်သားဖက်ထုပ် တစ်ပန်းကန်ကလည်း တန်သည်။ မွှေးကြိုင်တဲ့အနံ့ကို ရကြသည်။
ကျိုးတုန်းက မတုံးဘူး။ သူက အိမ်ကို တိုက်ရိုက်သွားကာ သူ့ညီမနှင့် ခွဲဝေစားသောက်ပြီး ဆေးပြီးသားပန်းကန်ကို ပြန်ပို့လိုက်သည်။
ဒါက ဖက်ထုပ် တစ်ပန်းကန်ပဲ ဖြစ်ပေမယ့် ဂျုံနှင့် ဝက်သား ပါသောကြောင့် သူတို့မောင်နှမ ဒီညအတွက် ထပ်မံ ချက်ပြုတ်ရန် ဘာမှ မစီစဥ်တော့ဘူး။
မကြာခင် စားနပ်ရိက္ခာ ဝေငှတော့မှာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်သူတွေက အရင်ကြိုတင် ရရှိနိုင်သည်။ စားနပ်ရိက္ခာ ဝေငှတဲ့အခါမှ ၎င်းကို နှုတ်ယူမည် ဖြစ်သောကြောင့် မိသားစုတိုင်း လောလောဆယ် အစာမငတ်နိုင်ပါ။ သို့သော်လည်း ဆောင်းရာသီကို ကျော်လွန်ပြီး ဖြတ်သန်းရမည် ဖြစ်သောကြောင့် ပေါ့ပေါ့ဆဆ မစားနိုင်ပေ။
အထူးသဖြင့် ကျိုးတုန်းနှင့် ကျိုးရှီးတို့လို အိမ်ထောင်စုအတွက်ပင်။ သူတို့ အသက်ရှင်ရန် အစားလျော့မစားရင် တစ်နှစ်ပတ်လုံး ရုတ်တရတ် ပြတ်လပ်မှုနဲ့ ကြုံတွေ့နိုင်သည်။
ဒါပေမယ့် ဒီနှစ် လင်းချင်းဟယ်က မနှစ်ကထက် ထင်းများများ ပိုလိုအပ်နေပြီး ယင်းက သူတို့အတွက် အလွန် ဝင်ငွေကောင်းသည်။ ဥပမာ - ဒီနေ့ ထင်း လေးစည်းအတွက် ငွေ ခြောက်ပြား ရသည်။
ရွာက ကြီးတယ်ဆိုရုံသာ ဖြစ်သောကြောင့် လင်းချင်းဟယ် ခရိုင်မြို့သွားရန် ကျိုးတုန်းကို ခေါ်သည့်သတင်းက မကြာခင်မှာပဲ ကျိုးအမေရဲ့ နားထဲသို့ ပျံ့နှံ့သွားသည်။
ကျိုးအမေသည် အရမ်းဒေါသထွက်သွားပြီး ရင်ဘတ်ကို ဆုပ်ကိုင်ကာ ခြေတစ်လှမ်း နောက်ဆုတ်ရင်း “ သူမ တကယ်ကို ပိုကောင်းအောင် ပြောင်းလဲချင်နေပြီလို့ ထင်ခဲ့တာ၊ အရင်အတိုင်းပါပဲလား…. ! “
သူမ ဒီနေ့ မြို့ကိုသွားပြီး ပစ္စည်းတွေ ခြင်းတောင်းအပြည့်နှင့် ဝယ်ပြန်လာပြီး သန်ဘက်ခါ ခရိုင်မြို့ကို သွားချင်နေတာ။ ခရိုင်မြို့ကို နောက်ဆုံးသွားထားတာ ရက်ပိုင်းပဲ ရှိသေးတယ်။ ဒီလိုပဲ ငွေတွေကို ဖြုန်းတီးနေတာလား။
အကြီးဆုံး၊ ဒုတိယနှင့် တတိယမရီးတို့ အားလုံး မအံ့သြသည့် မျက်နှာထား ရှိနေကြသည်။
ရွာရှိလူတိုင်းတွင် မတူညီသော ထင်မြင်ချက်များ ရှိကြပေမယ့် သူတို့၏ အဓိကအချက်ကတော့ တူညီသည်။ လင်းချင်းဟယ်သည် မည့်သို့ နေထိုင်ရမည်ကို မသိဘဲ မိသားစုကို အလွန်အမင်း ပျက်စီးစေသည်ဟု အားလုံးက ဝေဖန်ခဲ့ကြသည်။ သူမသည် သူတို့၏ အဖွဲ့တစ်ခုလုံးတွင် ဘဝကို မည်သို့ နေထိုင်ရမည်မှန်း မသိသည့် ချမ်းသာကြွယ်ဝမှုကို ဖြုန်းတီးသော နံပါတ်တစ် အမျိုးသမီး ဖြစ်သည်။