အခန်း(၂၀) - ကန်စွန်းဥပန်ကိတ်
ရွာသူ/သားတွေ ဘယ်တွေပဲပြောပြော လင်းချင်းဟယ်နှင့် သူမသား သုံးယောက်ကတော့ အိပ်မက်လှလှတွေ မက်နေကြပြီ။
နောက်တစ်နေ့ မနက်စောစောတွင် လင်းချင်းဟယ်သည် အဝတ်အစားများ လျှော်ဖွတ်ပြီးနောက် ပြန်လာကာ ဂျုံယာဂုကို ချက်ပြုတ်လိုက်သည်။
အခု သူမ သူတို့ကို သုံးရက်ကြာတိုင်း ရေချိုးပေးပေမယ့် ခြေထောက်တွေကိုတော့ နေ့တိုင်း ဆေးကြောစေသည်။
သူမသည် ညီအစ်ကို သုံးယောက်အတွက် ဆားနယ်ထားသော ဝက်ဝမ်းဗိုက်သားကို ကြော်လိုက်သည်။ ဆားနယ်ထားသော ဝက်ဝမ်းဗိုက်သားကို နောက်ထပ် ဟင်းခတ်အမွှေးအကြိုင် ထပ်ထည့်စရာမလိုတော့ဘူး။ ဆီထဲ ဒီတိုင်းကြော်လိုက်ရုံနဲ့ အနံ့က အရမ်းမွှေးကြိုင်လာသည်။
အိုးထဲကျန်သည့်ဆီဖြင့် ညီအစ်ကို တစ်ယောက်စီအတွက် ကြက်ဥ တစ်လုံးစီ အနှစ်မကွဲ မကျက်တကျက် ကြော်လိုက်သည်။
မနက်စာက ရိုးရှင်းပေမယ့် ညီအစ်ကို သုံးယောက်လုံး စိတ်ကျေနပ် အားရကြသည်။
“ အမေ….. အမေက ဘယ်လို နေထိုင်ရမယ်ဆိုတာ မသိဘူးလို့ အပြင်လူတွေက ပြောနေကြတယ် “ ကျိုးလောင်တက မကျက်တကျက် ကြက်ဥကြော်ကို ဝါးရင်း မစဉ်းစားဘဲ ပြောလိုက်သည်။
အပြင်မှာ ဆော့ကစားနေစဉ် ထိုအကြောင်းကို သူ ကြားခဲ့သည်။
သူလည်း ကြားကြောင်း ဖော်ပြသည့်အနေဖြင့် လောင်အာ့လည်း ခေါင်းညိမ့်ပြသည်ကို လင်းချင်းဟယ် မြင်လိုက်သည်။ သူမက မျက်ခုံးပင့်လိုက်ပြီး “ အမေက ဘယ်လို နေထိုင်ရမလဲ မသိဘူးလို့ မင်းတို့ကော ထင်နေတာလား “
“ မထင်ပါဘူး “ ကျိုးလောင်တက ပြန်ဖြေသည်။
“ အမေ…. ဒါက ဘဝကို ဘယ်လိုနေထိုင်ရမယ် ဆိုတာပဲ “ ကျိုးလောင်အာ့ကလည်း ပြန်ဖြေသည်။
“ အရသာရှိတယ် “ အငမ်းမရစားနေသော လောင်စန်းက ဆက်ပြောသည်။
“ သူတို့ပြောချင်တာကို ပြောပါစေ။ မင်းတို့အမေ… ငါက သူတို့ပိုက်ဆံကို သုံးနေတာ မဟုတ်ဘူး။ ငါ့ယောကျာ်းက ငါ့အတွက် ပိုက်ဆံရှာနေတာ ငါက ဘာလို့ မသုံးရမှာလဲ။ ပြီးတော့ ငါ့မှာ ပြုစုပျိုးထောင်ရမယ့် သား သုံးယောက် ရှိသေးတယ်။ ငါ မင်းတို့ကို ဖြူဖွေးပြီး ထွားကြိုင်းအောင် ပြုစုပျိုးထောင်ဖို့ မလိုဘူးလား။ ငါ ပိုက်ဆံမသုံးရင် မင်းတို့လို အစားကြီးတဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ ငါ ဘယ်လိုလုပ်ရမှာလဲ “ လင်းချင်းဟယ်က ပြောသည်။
ကျိုးလောင်တက သွားပေါ်အောင် ပြုံးရယ်လိုက်ပြီး ကျိုးလောင်အာ့က ရှက်ရွံ့စွာ ရယ်လိုက်သည်။ ကျိုးလောင်စန်းကတော့ သူ့အမေ သူ့ကို ခွံ့ကျွေးရန် ပါးစပ်ကျယ်ကျယ်ဟကာ စောင့်နေသည်။
“ မြန်မြန်စား….။ စားပြီးရင် ပြောင်းဖူးတွေ အမျိုးအစားခွဲဖို့ မင်းအဘွားနဲ့ လိုက်သွားလိုက်။ နေ့လည်ခင်းရောက်ရင် အိမ်မှာ လာစားဖို့ မင်းအဘွားကို ခေါ်လာခဲ့ “ လင်းချင်းဟယ်က အမိန့်ပေးလိုက်သည်။
“ အဘွားဆီက တစ်ခုခု လိုတာ ရှိလို့လား အမေ “ ကျိုးလောင်တက မေးသည်။
“ အင်း ရှိတယ် “ လင်းချင်းဟယ်က ပြန်ဖြေသည်။
“ ဒါဆို ကောင်းပြီလေ “ ကျိုးလောင်တက သဘောတူလိုက်သည်။
မနက်စာ စားပြီးတာနဲ့ ဆော့ရန် ပြင်လိုက်သည်။ လင်းချင်းဟယ်က လောင်စန်းကို ကျွေးမွေးပြီး သူမ ကိုယ်တိုင် စားနေစဉ် သူ့ကို တံခါးပေါက်ဝမှာ လောင်အာ့နဲ့အတူ ကစားခွင့်ပေးပြုလိုက်သည်။ ပြီးသွားတော့ တူတွေနှင့် ပန်းကန်တွေကို ဆေးကြောလိုက်ပြီး အခန်းကို သန့်ရှင်းရေး စလုပ်သည်။
မူလပိုင်ရှင်အပေါ် သူမ၏ မကျေနပ်ချက်မှာ လုပ်နိုင်စွမ်း လွန်ကဲပြီး လက်တွေ့ဆန်လွန်းခြင်း ဖြစ်သည်။ အခြားသော စရိုက် လက္ခဏာများအတွက်တော့ လင်းချင်းဟယ် သဘောကျ ထောက်ခံဆဲ ဖြစ်သည်။
ဥပမာအားဖြင့် မူလပိုင်ရှင်သည် သူမအိမ်ကို သန့်ရှင်းသပ်ရပ်အောင် ထားပြီး အရာအားလုံးကို စနစ်တကျ စီစဉ်ဖွဲ့စည်းထားသည်။ နေရာလွှဲနေတာ တစ်ခုမှ မရှိဘူး။
လင်းချင်းဟယ်က ထိုအချက်ကို သဘောကျ ကျေနပ်သည်။
အိမ်ကို သန့်ရှင်းရေးလုပ်ပြီးနောက် လင်းချင်းဟယ်သည် မူလပိုင်ရှင်၏ အဝတ်အစားများကို ထုတ်ယူကာ နေရောင်အောက်တွင် ချိတ်ဆွဲထားလိုက်သည်။
မူလပိုင်ရှင်၏ အဝတ်အစားများသည် အလွန်ကောင်းမွန်သည်။ ဗီရိုထဲတွင် အစုံလိုက်တွေ အများကြီး ရှိပြီး အကုန်လုံးက အခြေအနေ ကောင်းသည်။ ဖာထေးထားခြင်း မရှိပေ။
ယင်းကိစ္စနှင့် ပတ်သက်ပြီး မူလပိုင်ရှင်က မကျေနပ်သေးပေ။
လင်းချင်းဟယ်၏ စကားအရ မနှစ်က အဝတ်အစားတွေက ဒီနှစ် သူမနဲ့ ဘယ်လိုလုပ် လိုက်ဖက်နိုင်မှာလဲ။
ဒါကြောင့် ဒီနှစ်မှာလည်း မူလပိုင်ရှင်က အဝတ်အစားအသစ်တွေ ချုပ်လုပ်ချင်ခဲ့သည်။ သားသုံးယောက် အတွက်ကတော့ ဘာပဲဖြစ်ဖြစ် ချုပ်လုပ်လိုက်သည်။
တကယ်တော့ မူလပိုင်ရှင်တွင် အဝတ်အစား အများကြီး ရှိပေမယ့် သူမယောင်းမကို ပေးရန် သူမအမေရဲ့အိမ်ဆီ ပြန်ယူသွားသည်။ အခြေခံအားဖြင့် တစ်စုံ သို့မဟုတ် နှစ်စုံ ပြန်ပို့သည်။
ဒါပေမယ့် ထိုကဲ့သို့ ပြုလုပ်တာတောင်မှ သူမ၏ဗီရိုထဲတွင် အဝတ်အစား များစွာ ရှိနေသေးသည်။ ထိုအထဲမှာ သုံးစုံက နွေရာသီဝတ် ဖြစ်သည်။ တစ်ထည်က သူမအပေါ်မှာ ဝတ်ထားပြီး တစ်ထည်က အပြင်မှာ ဗီရိုထဲရှိ တစ်ထည်က ဆောင်းဦးအတွက် ဖြစ်သည်။ ဆောင်းဦးအဝတ်အစားက သုံးစုံ ချည်ဂွမ်းသား နှစ်စုံ ရှိသည်။ တစ်စုံက လွန်ခဲ့တဲ့နှစ်နှစ်က ဖြစ်ပြီး တစ်စုံက မနှစ်က ဖြစ်သည်။
မနှစ်က ဝတ်စုံကို သူမမိသားစုဆီ ပို့ပေးချင်သောကြောင့် ဒီနှစ်မှာ သူမ နောက်ထပ် အဝတ်အစား အသစ်တစ်စုံ ပြုလုပ်ချင်ခဲ့သည်။
အစများနှင့် ချည်ထည်များကို သူမအမေရဲ့ မိသားစုအတွက် အထူးတလည် ဝယ်ယူရရှိခဲ့သည်။
ဒါကို ပြောရင် လင်းတို့မိသားစုက ဒီမိန်းကလေးကို ပြုစုပျိုးထောင်ခဲ့သည့်အတွက် အရှုံးမရှိပါဘူး။
ဒါပေမယ့် အခုမူကား? ဝမ်းနည်းပါတယ် သူမက ဒီမှာ ရှိနေပြီ။ သူမသားတွေကိုပဲ အရင်ဆုံး အာရုံစိုက်ရမယ် တခြားသူတွေအတွက်တော့ သူမမှာ စောင့်ရှောက်နိုင်စွမ်း မရှိဘူး။ အခု သူမ သုံးစွဲနေတဲ့ငွေက ကျိုးချင်းပိုင် ခက်ခက်ခဲခဲ ရှာထားသော ဝင်ငွေများပင် ဖြစ်သည်။
ထိုအဝတ်အစားတွေ အားလုံးကို နေရောင်ပြရန် ထုတ်ယူလာပြီးနောက် သူမသားတွေရဲ့ အဝတ်တွေကို နေရောင်ပြ လှန်းလိုက်သည်။ သားသုံးယောက်တွင် အဝတ်အစား အများကြီး မရှိဘူး။
ဆောင်းဦးအဝတ်အစား တစ်စုံက အခု သူတို့ ဝတ်ထားပြီး နောက်တစ်စုံက လျှော်ထားသည်။ အဲဒါပါပဲ။
ပြီးခဲ့တဲ့ဆောင်းရာသီမှာ ကျိုးလောင်တ ဝတ်ခဲ့သည့် ဝတ်စုံတစ်စုံလည်း ဗီရိုထဲတွင် ရှိသည်။ လောင်အာ့နှင့် လောင်စန်းအတွက်တော့ သူတို့မှာ မရှိဘူး။ သူတို့ညီအစ်ကို နှစ်ယောက်သည် ပြီးခဲ့သည့် ဆောင်းရာသီတွင် အုတ်ကုတင်ပေါ်မှာပဲ အချိန်ကုန်ဆုံးခဲ့ရသည်။ ထိုကဲ့သို့ ဖြစ်ခဲ့သော်လည်း အလေးမထား ဂရုမစိုက်ဆဲ ဖြစ်သည်။
သို့သော် ထင်း မရှိခြင်းကြောင့် အုတ်ကုတင် နှစ်ခုကို အပူပေးရန် မဖြစ်နိုင်ဘူး။ နောက်ဆုံးမှာတော့ သူမသည် သူတို့ကို သူမရဲ့အုတ်ကုတင်ဆီ လာခွင့်ပြုလိုက်ရသည်။ ပြီးတော့ အုတ်ကုတင်ကို စွတ်စိုစေသောကြောင့် မူလပိုင်ရှင်က သူတို့ကို တစ်ကြိမ်ထက်မက ရိုက်နှက်ခဲ့သည်။
ဒီနှစ်တော့ အဲလို ဖြစ်လာမှာမဟုတ်ဘူး။ ညီအစ်ကို တစ်ယောက်ချင်းစီက ဝတ်စုံတစ်စုံစီ ရရှိမှာ ဖြစ်သော်လည်း အတွင်းဝတ် အနွေးထည်နှင့် ဘောင်းဘီရှည်တွေ တစ်ထည် သို့မဟုတ် နှစ်ထည် ထပ်မံပြင်ဆင်ဖို့ လိုအပ်သေးသည်။ ပြီးတော့ နွေရာသီဝတ်ကောပဲ။ ၎င်းတို့သည် မမှတ်မိနိုင်လောက်အောင် အပိုင်းပိုင်း အစစ ဖြစ်သွားပြီ။ သူမသည် ၎င်းတို့ကို ဆက်ဝတ်ခွင့်ပေးရန် မစီစဉ်ထားသောကြောင့် တစ်ခါတည်းပဲ ချက်ချင်း အသစ် ချုပ်လိုက်တော့မည်။
ထို့အပြင် မှောင်ခိုဈေးကွက်၌ အရည်အသွေးကောင်းသော ချည်ထည်တစ်လိပ်သည် အခုအချိန်တွင် သုံးပြား ဖြစ်သည်။ ပြီးတော့ အကြောင်းပြချက်က ကူပွန်လက်မှတ်တွေ မလိုဘူး။ သူမအတွက်ကတော့ အဲဒါက ဈေးသက်သာတယ်လို့ ထင်ရသည်။
ချည်ထည်တစ်လိပ်သည် အထည်အစုံများစွာ ပြုလုပ်ရန် လုံလောက်သည်။
လင်းချင်းဟယ်သည် မနက်ဖြန် မှောင်ခိုဈေးသွားရန် စီစဉ်ထားသည်။
အိမ်မှုကိစ္စများ ပြီးသွားသောအခါ သူမသည် တံခါးဝအနီးတွင် သဲတွေ ဆော့ကစားနေသော လောင်အာ့ နှင့် လောင်စန်းကို ကြည့်လိုက်သည်။ ပြင်ဆင်မှုများ စတင်ပြုလုပ်ရန် သူမက အိမ်ထဲ ပြန်ဝင်သွားလိုက်သည်။
နယ်မြေထဲက ဘောပင်နှင့် စာရွက်ကို ထုတ်ယူပြီး မနက်ဖြန် ဘာဝယ်မယ်ဆိုတာ မှတ်စုချရေးလိုက်သည်။
ပုစွန်အရေခွံ၊ ဇီးချိုသီး၊ ကျောက်မီးသွေး၊ ကျောက်မီးသွေးမီးဖို၊ ခြေဆေးဇလုံ နှင့် ဇလုံ။ ပြီးတော့ သောက်သုံးရေအတွက် ကြွေထည်နှစ်ခုလည်း ဝယ်ရမယ်။ လောလောဆယ် အိမ်မှာ တစ်ခုရှိတယ်။ အဟောင်းကို သွားတိုက်ဖို့ သုံးလိုက်ပြီး ရေသောက်ဖို့ အသစ်နှစ်ခု ဝယ်လာရမယ်။
သာမိုဓာတ်ဗူး ဝယ်ရန် မလိုအပ်ဘူး။ ကျိုးချင်းပိုင်က တစ်လုံး ပြန်ယူလာခဲ့တယ်။ အဲဒါက သုံးရတာ အရမ်း အဆင်ပြေတယ်။ တစ်လုံးတည်းသာ ရှိသောကြောင့် မူလပိုင်ရှင်က သူမ၏မိခင်မိသားစုဆီ ပေးရန် ဝန်လေးနေခဲ့သည်။ ဒီတစ်ခုကို ဒီမှာ ချန်ထားလို့ ဘုရားသခင်ကို ကျေးဇူးတင်ရမယ်။ ၎င်းက ဆောင်းရာသီအတွက် လုံလောက်မှု မရှိသော်လည်း အသုံးပြုရုံလောက်တော့ လုံလောက်ပါသေးသည်။ ထိုအရာကို ဝယ်ယူရန် အရမ်းခက်ခဲသောကြောင့် နောက်တစ်ခု ဝယ်ယူရန် မစီစဉ်ထားဘူး။
ပြီးတော့ မုယောမှုန့်နဲ့ ရောထားသောနို့မှုန့် ရှိတယ်။ ညီအစ်ကို သုံးယောက် သောက်ဖို့ မုယောမှုန့်နဲ့ ရောထားသော နို့မှုန့်တစ်ဗူး ဝယ်ရန် စီစဉ်ထားသည်။ ဟုတ်သားပဲ…. ယုန်ဖြူတံဆိပ် သကြားလုံးကောပဲ။
ယုန်ဖြူတံဆိပ် သကြားလုံးသည် ဤခေတ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ပစ္စည်းဖြစ်သည်။ အနည်းနှင့် အများတော့ ၎င်းသည် နို့တစ်ခွက်နှင့် ညီမျှသည်။
ဒါပေမယ့် ဈေးနှုန်းက ပိုဈေးကြီးပုံပေါ်ပေမယ့် ဒါက အရေးမကြီးဘူး။ သူမ မှတ်မိတာ မှန်ကန်တယ်ဆိုရင် ဒီတစ်ကြိမ် ဗီလိန်တို့၏အဖေ ပြန်လာတဲ့အခါ ငွေအမြောက်အများ သူနဲ့အတူ ယူပြန်လာလိမ့်မယ်။ ဒါကြောင့် သိပ်ပြီး ဂရုစိုက်စရာ မလိုဘူး။
အဲဒါအပြင် မှိုတွေလည်း ဝယ်ရမယ်။
မြို့၏ ဝယ်လိုအားနှင့် ရောင်းလိုအား သမဝါယမအဖွဲ့တွင် မှို မတွေ့ရဘဲ စားသုံးနိုင်သော မှိုခြောက် နှင့် ပင်လယ်ရေမှော်ခြောက် ကျင်းတစ်ဝက်ခန့်သာ ရှိသည်။ နှစ်မျိုးစလုံးကို ခရိုင်မြို့မှာ ပိုဝယ်ရန် စီစဉ်ထားသည်။ ဆောင်းရာသီတွင် အဆီဓာတ် အာသာပြင်းပြခြင်းကို စိတ်ကျေနပ် ဖြည့်ဆည်းပေးနိုင်သည့် အစားအစာ များစွာမရှိပေ။
ပြီးတော့ ရွှေဖရုံသီးတွေကို တွေ့ရင် သူမ ပို ဝယ်ရမယ်။
ပစ္စည်းအများစုကို ရေးချပြီးနောက် သူမ နောက်တစ်ခေါက် ပြန်စစ်ဆေးလိုက်သည်။ ပြတ်လပ်မှုကို ခံစားရသောအခါတွင် သူမသည် ထပ်လောင်းထပ်ဖြည့်လိုက်သည်။
ဒီတစ်ခါ ဈေးဝယ်ထွက်ပြီးနောက် ယခုနှစ်တွင် ခရိုင်မြို့သို့သွားရန် သူမမှာ အစီအစဉ် မရှိတော့ဘူး။ အရမ်းဝေးလွန်းတာကြောင့် အတွေးနဲ့တင် သူမ အလွန် ကြောက်နေပြီ။
ဒီတစ်ကြိမ်ကတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ဆောင်းရာသီကို ကျော်ဖြတ်ရန်အတွက် ဝယ်စရာ ပစ္စည်းတွေ အများကြီး ရှိနေသည်။ တစ်ကြိမ်ပြီးရင် ရပ်လိုက်မယ်။
လင်းချင်းဟယ်သည် သူမ၏ စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှု ပြီးဆုံးသွားခဲ့ပြီး ထိုအချိန်တွင် ရှစ်နာရီ ထိုးရုံသာ ရှိသေးသည်။ အချိန်ကုန်လွန်သွားအောင် သူမ ဘာဆက်လုပ်သင့်လဲ။
ကျိုးအိမ်ကို သွားလည်ရမလား။ အဝတ်အစားနဲ့ ပတ်သက်ပြီး တတိယမရီးရဲ့ အခြေအနေ တိုးတက်မှုကို သွားစစ်ဆေးရမလား။
ထားလိုက်ပါတော့။ သူမ မသွားတာ ကောင်းတယ် ပြီးတော့ တခြားသူတွေကို မခြောက်လန့်ချင်ဘူး။ သူမ ( တတိယမရီး ) ကောင်းကောင်း မလုပ်နိုင်ရင် သူမ ( လင်းချင်ဟယ် ) ပေးထားတဲ့အထည်ကို ပျက်စီးစေနိုင်သည်။
သူမစိတ်ထဲ ပြန်ပြောင်း တွေးကြည့်ပြီးနောက် ဘာမှ လုပ်စရာ မရှိတော့ဘူး။ သူမ ပန်းကန်လုံးတစ်လုံးကို ဆွဲယူကာ သကြားခဲထည့်ပြီး ပွက်ပွက်ဆူနေသော ရေနွေးကို လောင်းထည့်လိုက်သည်။ ပြီးတော့ ဒီသကြားရည် ပန်းကန်သေးသေးလေးကို ဒီတိုင်း အအေးခံထားလိုက်သည်။
ကန်စွန်းဥကို ထုတ်ယူပြီး အခွံနွှာလိုက်သည်။ ပြီးတော့ အမြှောင်းလေးတွေ လှီးလိုက်သည်။ စုစုပေါင်း ကန်စွန်းဥနှစ်လုံးကို လှီးလိုက်သည်။ ကန်စွန်းဥက နောက်ဆုံးထွက် ခြံထွက်ပစ္စည်း ဖြစ်နေဆဲဖြစ်သည်။
သူမသည် ကန်စွန်းဥများကို ဇလုံအကြီးထဲတွင် ထည့်ပြီး ဂျုံမှုန့် ထည့်လိုက်သည်။ သကြားရည် အေးသွားတာ မြင်တော့ ဇလုံထဲ တစ်ဝက်နီးပါးလာက် လောင်းထည့်လိုက်သည်။
လင်းချင်းဟယ်သည် အမှန်တကယ်ပင် အနည်းငယ် ငိုချင်စိတ်ပေါက်သွားသည်။ သူမသာ စောစောသိရင် သကြားခဲတွေပဲ မဝယ်လာပါဘူး။ သကြားဖြူတွေလည်း ဝယ်လာမှာပေါ့။ ထားလိုက်ပါတော့လေ။ ခရိုင်မြို့မှာ တစ်ချက် ရှာကြည့်တာပေါ့။
ကန်စွန်းဥကို ဂျုံမှုန့်နဲ့ အုပ်ပြီး ဒယ်အိုးထဲ ကြော်လိုက်သည်။ လင်းချင်းဟယ်သည် ဆီ သုံးရန် တွန့်ဆုတ်မနေဘူး။ ဘာပဲဖြစ်ဖြစ် သူမသားသုံးယောက်အတွက် သရေစာ လုပ်ပေးတာ အရမ်းရှားလွန်းသည်။
ကန်စွန်းဥကြော်သည် အရမ်းမွှေးကြိုင်ပြီး မကြာခင်မှာပဲ မွှေးရနံ့သည် ပျံ့နှံ့သွားကာ တံခါးဝ၌ ဆော့ကစားနေသော လောင်အာ့ နှင့် လောင်စန်းသည် အနံ့ရသွားသည်။
“ အမေ…. ဘာတွေ လုပ်နေတာလဲ “ လောင်အာ့က သူ့တံတွေးကို မျိုချလိုက်သည်။
“ ကန်စွန်းဥပန်ကိတ်…။ သွား… မင်းအကို အနီးနားမှာ ရှိလား သွားရှာလိုက်။ ရှိရင် ပြန်လာစားဖို့ ပြောလိုက်။ မရှိရင်လည်း နေပါစေ “ လင်းချင်းဟယ်က ဖြေသည်။