အခန်း(၂၁)အလွန်အကျွံဖြစ်ခြင်း
Viewers 43k

အခန်း(၂၁) - အလွန်အကျွံ ဖြစ်ခြင်း


အခုတစ်ကြိမ်တွင် ကျိုးလောင်တသည် ကစားရန် ဘယ်နေရာသို့ ပြေးထွက်သွားမှန်း မသိသောကြောင့် လောင်အာ့သည် သူ့ကို ရှာမတွေ့ခဲ့ဘူး။ ရွာက ကလေးကြီးတစ်ယောက်ကို သတင်းစကား ပါးပေးရန် သူ ပြောလိုက်သည်။ သူ့အစ်ကိုကြီးကို တွေ့ရင် ကန်စွန်းဥပန်ကိတ် စားဖို့ အိမ်ကို ပြန်လာရန် ပြောပေးပါ။


ပြီးနောက် လောင်အာ့သည် သူ့ဘာသာသူ အိမ်သို့ ပြေးသွားလိုက်သည်။


ဒါကြောင့် ကျိုးလောင်တ သတင်းစကား ကြားပြီး အိမ်သို့ ပြန်လာချိန်တွင် လင်းချင်းဟယ်သည် လောင်အာ့နှင့် လောင်စန်းတို့နှင့်အတူ စားသောက်နေပြီ။


ဘာမှမပြောဘဲ သွားလို့ သူမက သူ့အတွက် အပိုင်းတစ်ပိုင်းပဲ ချန်ထားခဲ့သည်။


“ အမေ..... ကန်စွန်းဥပန်ကိတ် ရှိတယ်ဆိုတာ ကျွန်တော်ကို မပြောဘူး “ လောင်တက သူ့လက်တွေကို ဆေးကြောရင်း မကျေမနပ်ပြောသည်။


“ မင်းကို ခေါ်ဖို့ လောင်အာ့ကို ငါ လွှတ်လိုက်တယ်လေ “ လင်းချင်းဟယ်က ပြန်ဖြေသည်။


လောင်တက လောင်အာ့ကို ချက်ချင်း စိုက်ကြည့်ရင်း “ မင်း ငါ့ကို မခေါ်ဘဲ စားဖို့ ကိုယ့်ဘာသာ ပြန်ပြေးလာတာမလား “


“ ကျွန်တော် တကယ် သွားခေါ်တယ်။ ဒါပေမယ့် အစ်ကို့ကို ရှာမတွေ့ဘူး။ ဒါကြောင့် အစ်ကို့ဆီ စကားပါးပေးဖို့ တစ်ယောက်ယောက်ကို ပြောလိုက်တာ။ မဟုတ်ရင် အစ်ကိုကြီး... မင်း အခုချိန်တောင် အိမ်ပြန်ရောက်နေမှာ မဟုတ်ဘူး “ လောင်အာ့က လေးလေးတွဲ့တွဲ့ တုံ့ပြန်သည်။


ကန်စွန်းဥပန်ကိတ် သုံးခု စားပြီးချိန်တွင် သူက ကျေနပ်အားရပြီး ဗိုက်ပြည့်နေသလို ခံစားနေရသောကြောင့် သူ့အစ်ကိုကြီးနဲ့ စကားများ ရန်မဖြစ်ချင်ဘူး။


လောင်တသည် ဘာမှမပြောနိုင်တော့ဘဲ ကန်စွန်းဥပန်ကိတ်ကိုသာ စားနိုင်တော့သည်။ ပန်ကိတ်က တစ်ခုတည်းသာ ကျန်တော့သည်။ သူ့အစားစားချင်စိတ်က အတော်လေးကြီးနေတော့ သူ့အတွက် မလုံလောက်ဘူး။ သူက လောင်အာ့ဘက် လှည့်ပြီး “ မင်း ဘယ်နှစ်ခု စားတာလဲ “


“ သုံးခု “ လောင်အာ့က ပြန်ဖြေသည်။


“ အမေ..... ဘာလို့ သူ့ကို ကျွန်တော့်ဝေစု စားခိုင်းတာလဲ “ လောင်တက မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။


“ လူတွေ မမြင်နိုင်တဲ့နေရာမှာ ဆော့ကစားဖို့ ပြေးထွက်သွားရမယ်လို့ မင်းကို ဘယ်သူက ပြောထားလို့လဲ။ နောက်တစ်ခါ ကစားရင် အိမ်အနားပတ်ဝန်းကျင်မှာပဲ နေဖို့ သတိရ.... မဟုတ်ရင် ငါ ချက်တာတွေ စားရဖို့ မစဉ်းစားနဲ့ “ လင်းချင်းဟယ်က ပြောသည်။


သူမက သူ့ကို မထိန်းချုပ်ထားသော်လည်း မြင်းရိုင်းတစ်ကောင်လို ပြေးထွက်ခွင့်ပြုဖို့တော့ မဖြစ်နိုင်ဘူး။


ဒါပေမယ့် သူ့နားရွက်ကို ဆွဲကိုင်ပြီး သြဝါဒပေး အကြံပေးတာထက် စာရင် အစားအသောက်ကောင်းကို သုံးသည့် ဒီနည်းလမ်းက ကျိုးလောင်တအပေါ် အကျိုးသက်ရောက်မှု ပိုရှိတယ်ဆိုတာ သိသာထင်ရှားပြီး နောက်တစ်ကြိမ်ဆို အဝေးကြီး ပြေးမထွက်သွားရန် ဆုံးဖြတ်သင့်ကြောင်း သူ့ကို အရိပ်အမြွတ် ပြထားသဖြင့် သူ အပြင်ထွက်တဲ့အခါ လောင်အာ့က သူ့ကို လွယ်လွယ်ကူကူ ရှာတွေ့နိုင်မည်။


သူကလည်း သူ သွားကစားလေ့ရှိသည့် နေရာတွေကို လောင်အာ့အား ပြောပြချင်ခဲ့သည်။ ဒါမှ လောင်အာ့ သူ့ကို လွယ်လွယ်ကူကူ ရှာနိုင်မှာ။ ဒါပေမယ့် လောင်အာ့က မပျော်ရွှင်ဘဲ သူ ကစားသည့် နေရာအရေအတွက်ကို ကန့်ကွက်ခဲ့သည်။ သူ့မှာ ရှာဖို့လမ်းမရှိသလို မတွေ့နိုင်တဲ့ နေရာကိုလည်း ရှာမှာ မဟုတ်ဘူး။


ဒါကြောင့် လောင်တ၏ရိုက်နှက်ခြင်းကို ခံရပြီး လောင်အာ့က အော်ဟစ်လိုက်သည်။ လင်းချင်းဟယ်က လောင်တကို ရိုက်ရန် ပြင်လိုက်သည်။


ခဏကြာ ပရမ်းပတာ ဖြစ်သွားပြီးနောက် လင်းချင်းဟယ်က လောင်တကို မေးလိုက်သည် “ မင်းအဖွားကို ပြောပြီးပြီလား “


“ ပြောပြီးပြီ။ အဖွားက အလုပ် မရှုပ်တော့တာနဲ့ လာခဲ့မယ်တဲ့။ ဒါပေမယ့် သူမအတွက် စားစရာ ပြင်ထားစရာ မလိုဘူးလို့ ပြောတယ် “ ကျိုးလောင်တက ပြန်ဖြေသည်။


သူမက အဲလိုပြောပေမယ့်လည်း လင်းချင်းဟယ်က ကျိုးအမေအတွက် နေ့လည်စာ ပြင်ဆင်ထားဆဲပါပဲ။ တကယ်တော့ သူမကို အကူအညီပေးရန် တခြားသူထံမှ တောင်းခံမှာ ဖြစ်သည်။


နေ့လည်စာအတွက် ပေါင်းထမင်း.....။ ဆန်ကို ဆေးကြောပြီး သံအိုးထဲမှာ စိမ်ထားလိုက်သည်။ နာရီဝက်ကြာ စိမ်ပြီးနောက် ၎င်းကို ပေါင်းနိုင်ပြီ။


ဒီမှာ ထမင်းစားကြပေမယ့် လူ အနည်းငယ်မျှသာ စားကြသည်။ ယေဘုယျအားဖြင့် ခေါက်ဆွဲကို ပိုစားကြသည်။ ဆန် အထူးသဖြင့် ဒီလို ဖြူဖွေးသည့်ဆန်က အလွန် ရှားပါးသည်။


သို့သော်လည်း ထမင်းဖြူသည် အရသာအရှိဆုံး ဆိုတာ သိသာထင်ရှားသည်။ ဝယ်ယူဖို့ မလွယ်ကူသလို အစားအသောက် လက်မှတ်ကူပွန်လည်း လိုအပ်သည်။ ဒါပေမယ့် မူလပိုင်ရှင်က ထမင်းဖြူကို အရမ်းနှစ်ခြိုက်သည်။


လင်းချင်းဟယ်လည်း ကြိုက်သည် ဒါကြောင့် ဆန်ပုံးက အမြဲတမ်း ပြည့်နေသည်။ ကျိုးချင်းပိုင် ရုတ်တရတ် ပြန်လာပြီး သူမ လိုချင်တဲ့အခါ ပြန်မဖြည့်နိုင်မှာကို သူမ စိုးရိမ်နေသည်။


သူမ၏ စားချင်စိတ်က သိပ်မကြီးဘူး ပြီးတော့ ကလေးသုံးယောက်ကလည်း အဲအချိန်ကို မရောက်သေးဘူး။ ဒါပေမယ့် လောင်တ၏ အစားအစာ စားသုံးသည့်ပမာဏက မနည်းလှပါ။ ဒီကလေးကို လင်းချင်းဟယ်က ရက်အနည်းကြာအောင် ကျွေးပြီးနောက် အသား သိပ်မဖွံ့ဖြိုးလာသော်လည်း ပိုသန်မာလာတာတော့ သိသာသည်။


ကျိုးအမေအတွက်ကတော့ သူမ၏ အစာစားချင်စိတ်သည် အတော်လေး ကြီးမားသင့်သည်။


ဆန် ရှစ်ပန်းကန်လုံးလောက်ကို ပေါင်းထားသည်။ သူမ၊လောင်အာ့ နှင့် လောင်စန်းက ပန်းကန်လုံး သုံးလုံး၊ လောင်တအတွက် ပန်းကန်လုံး နှစ်လုံး နှင့် နောက်ဆုံး သုံးလုံးက ကျိုးအမေအတွက် ဖြစ်သည်။


ဆားနယ်ထားသည့် ဝက်ဗိုက်သား နည်းနည်း ကျန်နေသေးတော့ လင်းချင်းဟယ် သခွားနှစ်လုံး ခူးယူလိုက်သည်။


ထမင်း ပေါင်းပြီးတော့ ဒယ်အိုးထဲတွင် ဝက်ဗိုက်သားကို အပူပေးလိုက်သည်။ ဝက်ဗိုက်သားကို ခပ်ယူပြီးနောက် အိုးထဲတွင် အငန်ဓာတ်ပါသော မွှေးကြိုင်သည့် ဆီများစွာ ကျန်နေသည်။ သခွားသီးကို ဒယ်အိုးထဲ ထည့်လိုက်တော့ ရှဲရှဲ မြည်သွားပြီး မွှေးရနံ့ ထွက်လာသည်။


သခွားသီးကို ကြော်ပြီးနောက် လင်းချင်းဟယ်သည် ကြက်ဥနှင့်ပင်လယ်ရေညှိ ဟင်းချိုကိုလည်း ပြုလုပ်ခဲ့သည်။


ထမင်းကို ဝက်သားဆားနယ်ကြော်၊ သခွားသီးကြော် နှင့် ကြက်ဥ၊ပင်လယ်ရေညှိ ဟင်းချိုတို့ဖြင့် တည်ခင်းပြင်ဆင်ထားသည်။ ဒါက အတော်လေး ရိုးရှင်းပြီး သာမာန်အစားအစာလည်း ဖြစ်သည်။


ဒါပေမယ့် အစားအစာတွေကို ကျိုးအမေ မြင်သောအခါ စိတ်နှလုံးပူဆွေးခြင်းက ပြန်ဖောက်လာသည်။ ဒါက အရင်မြေပိုင်ရှင် အိမ်ထောင်စုရဲ့ ထမင်းဝိုင်းလို ဖြစ်နေပြီ။


“ အမေ... ထိုင်စားလေ။ အမေအတွက် ထမင်းကို တကူးတက ချက်ထားတာ အမေ မစားရင် ကျန်ထားတော့မှာ။ ဒီည ဝက်သားဆန်ပြုတ် စားရမယ်လို့ လောင်တတို့ကို ကျွန်မ ကတိပေးထားတာ “ လင်းချင်းဟယ်က ပြောသည်။


ကျိုးအမေ၏ မျက်နှာအမူအရာက မကောင်းသော်လည်း သူမစကားကို နားထောင်မည် မဟုတ်ကြောင်း သူမသိသည်။ ဒါကြောင့် သူမ ထိုင်ပြီး အသားပန်းကန်၊ ဆီဝေ့နေသော သခွားသီးကြော်ပန်းကန် တို့ကို ကြည့်လိုက်သည်။ အရသာရှိသော ရနံ့လေးက သူမနှာခေါင်းဆီ ပျံ့နှံ့လာတာတောင်မှ သူမ၏စိုးရိမ်မှုကို မပြေပျောက်စေဘူး။


စတုတ္ထရဲ့ဇနီးက ဘယ်လို နေထိုင်ရမယ်ဆိုတာကို အမှန်တကယ် မသိဘူးပဲ။


“ အဖွား... မြန်မြန်စားလေ ဒါက တကယ်မွှေးတယ် “ လောင်တက သူ့အမေပေးတဲ့ ထမင်းကို ယူလိုက်ပြီး သူမကို ပြောလိုက်သည်။


လောင်အာ့က စစားနေပြီ။ လောင်စန်းက တိတ်တိတ်လေး ထိုင်နေပေမယ့် သူ့အမေ ခွံကျွေးမှာကို မစောင့်နိုင်တော့ဘဲ သူ့ပါးစပ်ကို ကျယ်ကျယ်ဟလိုက်သည်။


လင်းချင်းဟယ်ကလည်း ထပ်ပြောသည်။ “ အမေ... စားပါ။ ဒီတိုင်း ထိုင်မနေပါနဲ့ “


ထို့နောက် သူမသည် လောင်စန်းကို စပြီး ခွံကျွေးတော့သည်။ လောင်စန်းသည် ထမင်းစားချိန်တွင် အလွန်နာခံသည်။ သူသည် သူ့အမေပေါင်ပေါ်တွင် ထိုင်နေပြီး သူ စားချင်သမျှကို ညွှန်ပြသည်။


သူ့အကြိုက်ဆုံးက အသား ဖြစ်ပြီး သူ့စားချင်စိတ်က မနည်းလှဘူး။ သူက ထမင်း ပန်းကန်လုံး တစ်ဝက်ခန့်ကို အသားနှင့် ဟင်းသီးဟင်းရွက်များစွာဖြင့် စားလိုက်ပြီး သူမခြေရင်း၌ ကစားခွင့်မပြုခင် ဟင်းချိုအနည်းငယ်ကို တိုက်လိုက်သည်။


ထို့နောက် လင်းချင်းဟယ်လည်း ထမင်း စ,စားလိုက်ပြီး ကျိုးအမေကို ပြောသည်။ “ အမေ... ဒါ တော်တော် စားကောင်းတယ် “


ကျိုးအမေ၏နှုတ်ခမ်းတွေ တွန့်သွားပြီး ဒီလောက် ဆီတွေများနေတာ ဘယ်လိုလုပ် မကောင်းရမှာလဲ ဟု တွေးလိုက်သည်။ ဒါပေမယ့် သူမ လောင်စန်းကို ကျွေးသည့်ပမာဏကို မြင်တော့ စိတ်ထဲထပ်မတွေးတော့ဘူး။ ပိုက်ဆံဖြုန်းတီးတာက အရင်အတိုင်းပဲ ဆိုပေမယ့် အနည်းဆုံး အခုတော့ ညီအစ်ကို သုံးယောက်အတွက် သုံးစွဲနေသေးတယ်။ ထို့ကြောင့် သူမသည် ထောက်ထား ညှာတာတတ်လာပြီ နေမှာ။


“ ဘာလို့ ငါ့ကို နေ့လည်စာ စားဖို့ ခေါ်လိုက်တာလဲ “ ကျိုးအမေက ထမင်းစားပြီးသွားနဲ့ စကား စပြောသည်။ လင်းချင်းဟယ်က ထကာ နောက်ထပ် ထမင်းတစ်ပန်းကန် ထပ်ထည့်ပေးလိုက်ပြီး သခွားသီးဆီပြန်ရည်ကို ဇွန်းဖြင့် ထမင်းအပေါ် ဆမ်းပေးလိုက်သောကြောင့် အထူးမွှေးကြိုင်သွားသည်။ လောင်တနှင့် လောင်အာ့တို့လည်း ထိုနည်းအတိုင်း စားရတာ ကြိုက်ကြသည်။


ဟုတ်တာပေါ့ သူမလည်း ကြိုက်တယ်။


ကျိုးအမေက သူမကို တစ်ချက်ကြည့်လိုက်တော့ လင်းချင်းဟယ်က ပြန်ဖြေသည်။ “ ဒါက ဒီလိုပါ။ ဆောင်းရာသီကို ကျော်ဖြတ်ဖို့အတွက် ခရိုင်မြို့က ကုန်ခြောက်တစ်ချို့ သွားဝယ်ဖို့ စီစဉ်ထားတယ်။ ကျွန်မတို့ဒေသခံ ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းမှာ ဘာမှသိပ်မရှိဘူး။ ဒီတစ်ကြိမ် ခရီးသွားပြီးရင် ဒီနှစ်အတွင်း နောက်တစ်ခါ ထပ်မသွားတော့ဘူး။ မနက်ဖြန် ငါးနာရီမှာ ထွက်မှာမလို့ မနက်ဖြန် ကလေးသုံးယောက်ကို ကြည့်ရှုစောင့်ရှောက်ပေးပြီး သူတို့အတွက် ချက်ပြုတ်ပေးဖို့ အမေ့ကို လာစေချင်တယ် “


သူမကို မတားနိုင်မှန်း သိနေသဖြင့် ကျိုးအမေက သဘောတူရုံမှလွဲ၍ တခြား ရွေးချယ်စရာ မရှိပေ။ သဘောမတူရင် သူမက သူမသားတွေကို ချန်ထားပြီး သွားမှာ သေချာတယ်။


တော်သေးတာပေါ့ သူမ(လင်းချင်ဟယ်)က သူမ(ကျိုးအမေ)ကို လာစေပြီး အခု ကလေးတွေကို ကြည့်ရှုပေးရန် အကူညီတောင်းဖို့ သိသေးသည်


သူမကိုယ့်သူမ နှစ်သိမ့်ပြီးနောက် ကျိုးအမေက သဘောတူလိုက်ပေမယ့် အကြံပေးလိုက်သေးသည် “ မလိုအပ်တာ ဘာမှ မဝယ်ပါနဲ့ “


“ ကျွန်မ သိပါတယ် “ လင်းချင်းဟယ်က ခေါင်းညိတ်ပြသည်။


ကျိုးအမေသည် မွှေးကြိုင်သော ထမင်း သုံးပန်းကန်ကို စားပြီးနောက် ပြန်သွားသည်။ မပြန်သွားခင် ဒီည ကလေးတွေနဲ့ လာအိပ်မယ့်အကြောင်း ပြောသည်။ ဒါဆိုရင် မနက်ဖြန်မနက် အမှောင်ထဲမှာ လာစရာ မလိုတော့ဘူး။


လင်းချင်းဟယ်က သူမကို ဒီည ညစာအား သူမတို့နဲ့အတူ စားရန် ပြောသည်။ ကျိုးအမေက ငြင်းပယ်လိုက်သည်။


တကယ်တော့ သူမကို ကလေးတွေနဲ့ တစ်ညလောက် အိပ်ခွင့်ပေးမယ်လို့ ကတိပြုလိုက်ခြင်းက ကျိုးအမေကို အနည်းငယ် အံ့သြသွားစေသည်။ သူမ၏စိတ်နေစိတ်ထားအရ သဘောတူတယ် ဆိုရင်တောင် ပွင့်ပွင့်လင်းလင်း သဘောတူမှာ မဟုတ်ဘူး။


နောက်ဆုံးမှာတော့ လင်းချင်းဟယ်က မူလပိုင်ရှင် မဟုတ်ဘူး။ သူမက မူလပိုင်ရှင်အတိုင်း မတုပနိုင်ဘူး။ ကျိုးအမေက ကူညီပေးရန် လာနေဖို့ စိတ်ဆန္ဒရှိနေတာကို သူမက ဘာကြောင့် သဘောမတူရမှာလဲ။ အဲလို မဖြစ်လာနိုင်ဘူး။


အစားအသောက်ကို စိတ်ကျေနပ်သွားသော ကျိုးအမေသည် သူမ ပြန်ရောက်သွားသောအခါ ထိုအကြောင်းအား ကျိုးအဖေကို ပြောပြသည်။


ငွေသုံးဖြုန်းရန် ကြိုက်နှစ်သက်ခြင်းနှင့် အလွန်အကျွံလုပ်သည့် မပြောင်းလဲသော အမူအကျင့်က လွဲလို့ စတုတ္ထ၏ဇနီးရဲ့ တခြားသွင်ပြင်အမှုအရာတွေကတော့ အများကြီး ပြောင်းလဲသွားပုံပါပဲ။


ကျိုးအဖေက ပြောသည်။ “ အိမ်လည်း ခွဲပြီးသွားပြီပဲ ဘာလို့ အဲလောက် ကြားဝင်စွက်ဖက်နေတာလဲ။ အခု သူမက ကလေးတွေကို ဂရုစိုက်ပြီး သူတို့ကို ကောင်းကောင်း ပြုစုပျိုးထောင်ပေးနေရင် လုံလောက်နေပြီလေ “


အဲဒါက လင်းမိသားစုကို ထောက်ပံ့ပေးနေတာထက် အများကြီး ပိုကောင်းတယ်။