အပိုင်း (၂)
မော့ချောင်ရှန်းသည် ကျွန်မိသားစုတစ်ခုတွင် မွေးဖွားလာခဲ့သည်။
သူ့အမေက ကျွန်ဖြစ်နေသဖြင့် ကျွန်တစ်ယောက်၏ ကလေးများကလည်း ကျွန်များသာ ဖြစ်လာနိုင်ပေသည်။
သူ့အမေက သူ့ကို ကိုယ်ဝန်ရှိချိန်တွင် တံတားတစ်စင်းကို ဖြတ်သည့်အချိန်၌ ရုတ်တရက် သူမ၏ ဗိုက်ထဲက ထွက်ကျတော့မည့် ခံစားချက်ကို ခံစားလာရသည်ဟု ဆိုသည်။ ယခင်က အကြိမ်ပေါင်းများစွာ ကလေးမွေးခဲ့ဖူးသည့် အမေက ဆိပ်ခံတံတားအနီးမှ အရိပ်ခိုရမည့် တဲလေးတစ်ခုကို ရှာပြီး သူ့ကို မွေးဖွားခဲ့သည်။
ထို့ကြောင့် သူသည် မော့ချောင်ရှန်းဆိုသော နာမည်ကို ရရှိခဲ့သည်။ ဒီနာမည်ကို ဖြစ်သလို မှည့်ခဲ့သည်ဟု ထင်ရသော်ငြား ဒါသည် ကျွန်များအကြားတွင် ရှားရှားပါးပါး ကောင်းမွန်နေသည့် နာမည်တစ်ခုဖြစ်ပေသည်။
ဥပမာ သူ့အစ်ကိုများနှင့် သူ့အစ်မများကို မော့အားကော၊ မော့ထျယ်တန်း၊ မော့အာ့စန်း၊ မော့ဝူလျို့ စသဖြင့် အမည်ပေးပြီး မော့အာစန်းဟူသည့် နာမည်ကို သူ၏ အလွန်မှ လှပပြီး ချစ်စရာကောင်းသည့်အစ်မကို ပေးထားသည်။
မော့ချောင်ရှန်းသည် သူ့အဖေကို မသိချေ။ သူ့အတွက် အစ်ကို၊ အစ်မများ အများအပြား ရှိပြီး သူတို့အားလုံးက အမေတစ်ဦးတည်းက မွေးဖွားခဲ့ခြင်း ဖြစ်သည်။
သူ့အမေသည် ပိန်ပိန်ပါးပါး ခြောက်ကပ်နေသည့် အမျိုးသမီး တစ်ယောက်ဖြစ်သည်။ သူမ၏ ခက်ခဲကြမ်းတမ်းလှသည့် ဘဝနေထိုင်ရေးက သူမ၏ရုပ်ရည်ကို အထူးတလည် ပိုပြီး အိုမင်းရင့်ရော်သည်ဟု ထင်ရစေသည်။
သို့သော်ငြားလည်း ညတိုင်းလိုလို နောက်ကျမှ ပြန်လာတတ်သည့် သည်အမေသည် သူမ၏ခန္ဓာကိုယ် တစ်ခုလုံးပေါ်တွင် အမာရွတ်များနှင့် ညှီနံ့များ ဖုံးကွယ်နေကာ သူတို့အတွက် မဖြစ်စလောက် အရည်အသွေး ညံ့ဖျင်းသည့် အစားအသောက်များကို ယူလာပေးတတ်သည်။ ထို့နောက်တွင် ကလေးတစ်ယောက်ချင်းစီ၏ နဖူးပေါ်တွင် အလွန်ညင်သာသိမ်မွေ့သည့် အနမ်းတစ်ခုကို ပေးတတ်သည်။
ဒါသည် မော့ချောင်ရှန်း၏ ညိုးငယ်စရာကောင်းသည့် ငယ်ဘဝတွင် အမျိုးသမီးတစ်ယောက်ထံမှ ရရှိခဲ့သည့် တစ်ခုတည်းသော နူးညံ့သိမ်မွေ့မှု ဖြစ်လေသည်။
မိသားစုထဲတွင် ကလေးအရေအတွက် တိုးလာသည်နှင့်အမျှ သူ့အမေကလည်း အသက်အရွယ် ပိုကြီးရင့်လာကာ အစားအသောက် ပြတ်လတ်ခြင်းကလည်း ပိုလို့ပင် ပြင်းထန်လာတော့သည်။
ငယ်ရွယ်သည့် မော့ချောင်ရှန်းလေးသည် သူ့အစ်ကို အကြီးဆုံးဖြစ်သူ မော့အားကောနောက် နေ့တိုင်းလိုက်သွားပြီး ဗိုက်ဆာနေသည့်ကြားက နေရာတိုင်းမှ အစားအသောက်ကို စုဆောင်းရသည်။
တောင်ပေါ်နှင့် သစ်တောများထဲတွင် တောဟင်းရွက်များကို ခူးရပြီး မြစ်ထဲတွင်ငါးများကို ဖမ်းရသည်။
ရွှံ့နွံထူထပ်သည့် ဈေးထဲတွင် လျှောက်ပတ်သွားနေရပြီး တစ်ခြားသူများက မကြာခဏဆိုသလို ချန်ထားခဲ့ပြီး စွန့်ပစ်ထားသော ပစ္စည်းတစ်ချို့ကို စုဆောင်းရသည်။
တစ်ခါတစ်ရံ သူသည် အလွန်မှ ဆာလောင်မွတ်သိပ်လှသဖြင့် မူးဝေသလို ခံစားရကာ မလှုပ်ရှားနိုင်တော့ပေ။ ထိုအခါတွင် မော့အားကောက သူအင်္ကျီလက်ထဲတွင် သိမ်းဆည်းထားသည့် မနေ့ကကျန်သည့် အမဲရောင်အတုံးလေးတစ်တုံးကို ထုတ်ယူလာကာ အတုံးငယ်လေး သေးသေးလေး ဖဲ့လိုက်ပြီး မော့ချောင်ရှန်း၏ ပါးစပ်ထဲကို ထိုးထည့်ပေးတတ်သည်။
ထို့နောက်တွင် သူက နည်းနည်းလေး ထပ်ဖဲ့လိုက်ပြီး သူ့ညီမလေးဖြစ်သူ မော့အာ့စန်း၏ ပါးစပ်ထဲသို့ ထည့်ပေးတတ်သည်။
မော့ချောင်ရှန်းနှင့် မော့အာ့စန်းတို့သည် သူတို့၏ပါးစပ်ထဲတွင် ထိုမုန့်သေးသေးလေးကို ငုံထားကာ ထိုအရာကို သွားရည်ဖြင့် ပျော့ပျောင်းအောင် ဖြည်းဖြည်းချင်း လုပ်ယူရပြီး ခက်ခက်ခဲခဲ မျိုချရကာ သူတို့သည် စားသောက်နေသလို ကိုယ့်ဟာကိုယ် ခံစားရအောင် လုပ်နေရသည်။ သူတို့သည် ထပ်ပြီး ဗိုက်မဆာတော့သည့်နှယ်ပင်။
သူတို့ နေထိုင်သည့် တဲစုတ်ရပ်ကွက်လေးတွင် ရှုံးကျီဟု ခေါ်သည့် ကျွန်တစ်ယောက်ရှိသည်။ သူသည် သန်မာထွားကြိုင်းပြီး ရက်စက်ကြမ်းကြုတ်သည့် လူ့တိရိစ္ဆာန်ကြီး ဖြစ်လေသည်။
သူသည် ဒီအသိုင်းအဝိုင်းတွင် အင်အားအကြီးဆုံးဖြစ်ကာ မည်သူကမှ သူ့ကို ရန်မစရဲကြပေ။
သူသည် သူ့အမေ၏ ယောက်ျားဖြစ်၏။ ယောက်ျားများထဲမှ တစ်ယောက် ဟုဆိုရမည်။
လတ်တလောတွင် သူသည် သူ့အမေကို လာတွေ့ချိန်တွင် မကြာခဏဆိုသလို မော့ချောင်ရှန်းနှင့် သူ့အစ်မဖြစ်သူ မော့အာ့စန်းဆီသို့ မဖွယ်မရာ အကြည့်များဖြင့် မကြာခဏ ကြည့်တတ်သည်။
ထိုငါးသေလို မျက်လုံးများက သူ့ဘက်သို့ လှည့်လာချိန်တွင် မော့ချောင်ရှန်းသည် သူ့ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားသည့် ခံစားချက်တစ်ခု စီးဆင်းသွားသည်ကို အမြဲတမ်း ခံစားခဲ့ရသည်။
ဒီအချိန်တွင် မော့အားကောက အမြဲတမ်းဆိုသလို မသိမသာဖြင့် သူနှင့် မော့အာ့စန်းတို့ကို သူ့နောက်သို့ အသာအယာ တွန်းပို့ပေးထားတတ်ကာ သူ့ခန္ဓာကိုယ်သေးသေးလေးကို သုံးပြီး သူ့မောင်ငယ်၊ ညီမငယ်လေးများကို ကာကွယ်ပေးထားတတ်သည်။
သို့သော်ငြားလည်း သူသည် မည်သို့ပင် ဖုံးကွယ်ဖို့ ကြိုးစားနေပါစေ ကံတရားများက ဤသနားစဖွယ် ကလေးများကို အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ ထိုကြောက်စရာကောင်းသည့်နေ့က ရောက်လာဆဲပင်။
ချုံးကျီသည် နောက်ဆုံးတော့ မော့အာ့စန်းကို ဖမ်းခေါ်သွားတော့သည်။ ကလေးမလေး၏ စူးရှသည့် အော်သံများက စခန်းအတွင်းမှ မည်သူကိုမှ ဘာတုံ့ပြန်ချက်မှ မဖြစ်စေပေ။
ချုံးကျီက မော့အာ့စန်း၏ ပိန်လှီလှသည့် လက်မောင်းလေးကို ဆွဲကာ တဲထဲသို့ ဆွဲခေါ်သွားလေသည်။ မော့ချောင်ရှန်းက ရှေ့သို့ အရှိန်ပြင်းပြင်း ဝင်သွားသော်ငြားလည်း ချုံးကျီ၏ ကန်ထုတ်ခြင်းကို ခံလိုက်ရပြီး အကြိမ်တော်တော်များများ လွှင့်ထွက်သွားလေသည်။
မော့အားကောက သူ့ကို တွဲထူပေးလိုက်သည်။ သူက တဲဘက်ကို အချိန်ခဏလောက် နူတ်ဆိတ်ပြီး ကြည့်နေကာ သက်ပြင်းချပြီး တိုးတိုးလေး ပြောလိုက်၏။
“မင်းက အရမ်းငယ်သေးတယ်။ မင်းအစ်ကို သွားမယ်”
မော့ချောင်ရှန်းသည် အူကြောင်ကြောင်လေးဖြင့် သူ့အစ်ကိုကို ကြည့်နေမိပြီး သူ့အစ်ကိုသည် တဲ၏ခန်းစီးကို မ ကာ အထဲကို ဝင်သွားလေသည်။
ခဏအကြာတွင် မျက်နှာတစ်ခုလုံးတွင် နှာရည်နှင့် မျက်ရည်များ ပေကျံနေသည့် သူ့အစ်မငယ် မော့အာ့စန်းသည် တဲအပြင်ဘက်သို့ အကောင်းအတိုင်း ပြန်ထွက်လာသည်။ သူမသည် ငေးကြောင်ကြောင်ဖြင့် လျှောက်လာပြီး သူမ၏ခေါင်းကို ငုံ့ထားကာ တုန်ယင်နေသည့် လက်များဖြင့် မော့ချောင်ရှန်း အဝတ်အစား၏ အနားကို တင်းနေအောင် ဆုပ်ထားလေသည်။
တဲထဲတွင် သူ့အစ်ကို၏ နာကျင်နေသည့် အော်သံနှင့်အတူ ဆူညံသံများ ထွက်လာလေသည်။
မော့ချောင်ရှန်းသည် ဘာဖြစ်နေသည်ကို ရေးရေးလေး သိလိုက်၏။
သူသည် မည်သို့လုပ်ရမည် မသိဖြစ်ကာ သူ့အစ်မဖြစ်သူကို ဆွဲခေါ်ပြီး သူ့အမေကို သွားရှာခဲ့သည်။
သို့သော်ငြားလည်း သူ့အကြောင်းကို နားထောင်ပြီးနောက်တွင် သူ့တို့၏အမေသည် ထိုနေရာတွင် နူတ်ဆိတ်ကာသာ ထိုင်နေပြီး မလှုပ်မယှက်နေသည်ကို ငေးငေးငူငူဖြင့် စိုက်ကြည့်နေလေသည်။
ဘဝကို တဖြည်းဖြည်း ခြေကုန်လက်ပန်း ကျလာသည့် သူမ၏မျက်နှာသည် အလွန်မှ ကူကယ်ရာမဲ့နေကာ လမ်းပျောက်နေသည်နှင့် တူသည်။
ပထမဦးဆုံးအကြိမ်အဖြစ် မော့ချောင်ရှန်းသည် စတင်မုန်းတီးလာမိတော့၏။
သူ့ကိုယ်၏ အားနည်းပြီး အင်အားမဲ့ခြင်းကို မုန်းတီးသည်။
သူ၏နိမ့်ကျပြီး အဆင့်အတန်း နိမ့်လှသည့် ဇာစ်မြစ်ကို မုန်းတီးသည်။
အားနည်းသူကို အနိုင်ကျင့်ဖို့ရန် အကြမ်းဖက်ခြင်းကို အားရပါးရ အသုံးချတတ်သည့် ထိုလူများကို မုန်းတီးသည်။ ထိုရက်စက်ပြီး အောက်တန်းကျသည့် ယောက်ျားများကို မုန်းတီးသည်။
ချုံးကျီသည် ညဉ့်လယ်မတိုင်ခင်အထိ ဟိုလှည့်ဒီလှည့် လုပ်ပြီးနောက်တွင် တဲက ထွက်လာခဲ့သည်။ သူသည် သူ့ဘောင်းဘီကြိုးကို ဆွဲချည်ရင်း သူ့ကြွက်သားများကို လှုပ်ခါလိုက်၏။ သူက ညပိုင်းတွင် တဲအပြင်ဘက်၌ ကွေးကွေးထိုင်ကာ စောင့်ဆိုင်းနေသည့် မော့ချောင်ရှန်းကို လှမ်းကြည့်လိုက်သည်။ ထိုဘဝင်ခိုက်နေသည့် ကိုယ်နေဟန်ထားဖြင့် သီချင်းညည်းရင်း လျှောက်ကာ ထွက်သွားတော့၏။
သူသည် ဒီလိုလူတစ်ယောက်၏ အနိုင်ကျင့်ခြင်းကို ဘယ်တောမှ မခံလိုပေ။
မော့ချောင်ရှန်းလေးသည် သူ၏ ခါးသက်လှသည့် မျက်ရည်များကို မျိုသိပ်ကာ သူ့နှလုံးသားထဲတွင် တိတ်တိတ်လေး စဉ်းစားမိလေသည်။
ရက်အနည်းငယ်ကြာပြီးနောက် အမဲလိုက်ပွဲတစ်ခုတွင် ချုံးကျီ၏မြင်းသည် အကြောင်းအရင်း မသိဘဲ အထိတ်တလန့် ဖြစ်သွားပြီး သူ့ကို တောင်စောင်းဆီသို့ ခါချလိုက်လေသည်။
အားလုံးက သူ့ကို ရှာတွေ့သည့်အချိန်တွင် တစ်စုံတစ်ယောက်က သူ့ခေါင်းနှင့် မျက်နှာကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သည်အထိ ကျောက်တုံးဖြင့် ကြေမွအောင် ထုပစ်ထားသည်ကို တွေ့လိုက်ရသည်။ သူသည် အသေဆိုးဖြင့် သေခဲ့ရလေသည်။
သေခြင်းတရားက ကျွန်များအတွက် သာမာန်ကိစ္စတစ်ခုလိုပင်။ အားလုံးက သူ၏မြင်း၊ လက်နက်နှင့် အဝတ်အစားများကို ခွဲဝေခဲ့ပြီးနောက်တွင် မည်သူကမှ ဒီအကြောင်းကို ထည့်မပြောကြတော့ချေ။
ကျွန်ပိုင်ရှင်ကလည်း သူ့ပိုင်ဆိုင်မှုထဲက အစိတ်အပိုင်း သေးသေးလေး တစ်ခုသာ ပျောက်ဆုံးသည်ဟုဆိုပြီး စာရင်းထဲတွင် မှတ်ချက်ပြုခဲ့လေသည်။
ထိုနေ့ညတွင် မော့ချောင်ရှန်းသည် ဒဏ်ရာများ ဖုံးလွှမ်းနေကာ အိမ်သို့ အလွန်နောက်ကျမှ ပြန်လာခဲ့၏။
သူ့အမေက ကောက်ရိုးများကြောင့် ပြတ်ရှပြီး သွေးစွန်းရာများပေကျံကာ စုတ်ပြဲနေသည့် သူ့အဝတ်အစားကို မြင်လိုက်ချိန်တွင် သူမက ဘာမှမပြောဘဲ နူတ်ဆိတ်ကာ သက်ပြင်းချလိုက်သည်။ သူမက သူ့မျက်နှာလေးကို ထိကိုင်ကာ သူ့အဝတ်အစားကို ချွတ်ခိုင်းလိုက်ပြီး ဆီမီးအိမ်အောက်တွင် သူ့အတွက် အဝတ်အစားများကို ပြန်ဖာထေးပေးလေသည်။
မော့ချောင်ရှန်းလေးသည် သူ့အမေ၏ ဘေးလေးတွင် ဒူးထောက်ထိုင်ချလိုက်ပြီး မီးရောင်အောက်က နူးညံ့ပျော့ပျောင်းနေသည့် သူ့အမေ မျက်နှာကို မော့ကြည့်ကာ သူ့ဘဝတွင် ပထမဦးဆုံးအကြိမ် တစ်စုံတစ်ယောက်ကို သတ်ရခြင်း၏ ကြောက်ရွံ့ခြင်းစိတ်ကို ဖြည်းဖြည်းချင်း တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။
ဒီငြိမ်းချမ်းမှုက တစ်သက်တာ ကြာရှည်နိုင်သည်ဟုပင် သူက ထင်ယောင်ထင်မှား ဖြစ်ခဲ့သေးသည်။
သို့သော်ငြားလည်း သူသည် ကြီးပြင်းလာသည်နှင့်အမျှ မကြာမှီတွင် သူ့ပထမဦးဆုံး သခင်၏ ဝယ်ယူခြင်းကို ခံခဲ့ရသည်။
သခင်၏မျိုးရိုးနာမည်မှာ ဝူဖြစ်ပြီး သူ့နာမည်က ရွှယ်လီဖြစ်သည်။ သူ့တွင် ဖြူဖွေးသည့်မျက်နှာနှင့် ရှည်လျားသည့် မုတ်ဆိတ်များ ရှိသည်။ သူသည် ကျောင်းတစ်ကျောင်း ဖွင့်ထားသည့် ဆရာတစ်ယောက်ဖြစ်ကာ မူလတန်းအဆင့် ကျောင်းသားများစွာ ရှိပြီး သူတို့ကို စာအရေးအဖတ် သင်ကြားပေးလေသည်။
ဝူရွှယ်လီသည် ပုံမှန်ဆိုလျှင် လူရည်မွန်တစ်ယောက်လို အပြုအမူရှိပြီး သူ့ကျွန်များကို ရိုက်နှက်ဆူဆဲခြင်း မရှိသလောက်ပင်။
သူ့မိသားစုက ကျွန်များသည် သူတို့၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ဖို့ရန် အဝတ်အစားများ ရှိကြပြီး ဆာလောင်မွတ်သိပ်သည် ဆိုတာကလည်း မရှိသလောက်ပင်။
မော့ချောင်ရှန်းအတွက် ဒါသည် ကလေးဘဝကတည်းက တစ်ခါမှ မတွေ့ခဲ့ဖူးသည့် ချမ်းသာကြွယ်ဝသည့် ဘဝတစ်ခုပင်။
သူသည် သည်လိုဘဝမျိုးကို အလွန်မှ နှစ်သက်မြတ်နိုးလေသည်။
သူ့သခင်က သူ့ကို အမိန့်တစ်ခု ပေးလိုက်သည့်အချိန်တိုင်း ကောင်ကလေးက အပြင်းထန်ဆုံး၊ အလေးအနက်ထားကာ ပြီးမြောက်အောင် လုပ်တတ်သည်။ အချိန်ဆွဲခြင်း၊ ပျင်းရိလေးကန်ခြင်း လုံးဝမလုပ်ရဲချေ။
တစ်ခါတစ်ရံက သူ့သခင်က ကျောင်းသားများကို စာသင်ပေးနေချိန်တွင် သူက သခင်ဘေးတွင် ခစားနေရကာ သူ့နားကို စွင့်ထားပြီး သူ့သခင်ပြောသည့် စကားလုံးတိုင်းနှင့် စာကြောင်းတိုင်းကို ဂရုတစိုက် မှတ်သားထားတတ်သည်။
ညပိုင်း နောက်ကျပြီး အားလုံးက အိပ်မောကျနေသည့်အချိန်၊ အလုပ်များသည့် တစ်နေ့တာအလုပ် ပြီးမြောက်သွားသည်တွင် သူက တုတ်ချောင်းလေး တစ်ချောင်းကို ကောက်ယူပြီး သဲပေါ်တွင် စာရေးပြီး ပုံဆွဲနေတတ်သည်။ နေ့ခင်းဘက်က သူကြားထား မြင်ထားသည့် စကားလုံးများကို ဖြည်းဖြည်းချင်းစီ လေ့ကျင့်တတ်သည်။
တဖြည်းဖြည်းနှင့် ဝူရွှယ်လီသည် ထိုကျွန်ကလေးက ထူးခြားသည်ကို သတိထားမိခဲ့သည်။ သူသည် ဇွဲလုံ့လရှိပြီး သင်ယူရခြင်းအား ထက်သန်ကာ အကြောင်းအရာများကို မြန်မြန်ဆန်ဆန် မှတ်မိတတ်သည်။
အရေးအကြီးဆုံးအချက်မှာ သူ့ကို ပေးလိုက်သည့် တာဝန်က မည်မျှကြီးသည်၊ ငယ်သည်ဖြစ်စေ အားလုံးကို အစီအစဉ်တကျ အမှားအယွင်းမရှိဘဲ ပြီးမြောက်အောင် လုပ်တတ်သည်။
ဝူရွှယ်လီသည် သူ့ကို သူ့ဘေးတွင် အလုပ်လုပ်ဖို့ တာဝန်ပေးထားပြီး သူ့ကို သူ့စာလေ့လာခြင်းတွင် ဂရုစိုက်နိုင်အောင် ဖြည်းဖြည်းချင်း ခွင့်ပြုထားသည်။ တစ်ခါတစ်ရံ သူသည် စိတ်ကောင်းဝင်သည့်အချိန်တွင် စကားလုံး အနည်းငယ်ကိုလည်း သင်ပေးတတ်သည်။
နောက်ဆုံး စာပေတတ်သည့် ကျွန်တစ်ယောက်ကို ပိုင်ဆိုင်ထားရခြင်းက ချမ်းသာသည့် မိသားစုတစ်ခု၏ လက္ခဏာတစ်ခုဖြစ်ပြီး မိတ်ဆွေများကို သွားတွေ့ရာတွင် ထိုကျွန်ကို ခေါ်သွားသည်ကလည်း ဂုဏ်တစ်ခုဖြစ်လေသည်။
ထိုအချိန်ကာလအတွင်းတွင် မော့ချောင်ရှန်းသည် သူ့သခင်အပေါ် လေးစားအားကျပြီး ကျေးဇူးတင်စိတ်အပြည့် ဖြစ်လေသည်။
သူ့ကို ညပိုင်းတွင် စာကြည့်ခန်းထဲ၌ နေခွင့်ပေးထားသဖြင့် သူသည် သူ့သခင်ကို အချိန်မရွေး ပြုစုပေးနိုင်သည်။
ထို့ကြောင့် သူသည် ညတိုင်းလိုလို ထိုအံ့ဩစရာကောင်းသည့် စာအုပ်များကို တိတ်တိတ်လေး ဖတ်ဖို့ရန် အခွင့်အရေး ရခဲ့သည်။
ဒီစာအုပ်များက သူ့ခေါင်းအပေါ်က ကျဉ်းမြောင်းသည့် ကောင်းကင်၏အပြင်ဘက်တွင် ကျယ်ပြောလှသည့် လောကကြီးတစ်ခု ရှိသည်ကို သူ့ကို သိရှိစေခဲ့သည်။
သူသည် စိတ်အားထက်သန်စွာ စာလေ့လာခဲ့၏။ သူ့ကို အထူးတလည် ဆွဲဆောင်ထားသည့်အရာမှာ စစ်ရေးဗျူဟာနှင့် ပက်သက်သည့် အသိပညာများဖြစ်သည်။ အစိတ်အပိုင်း တော်တော်များများက သူ့အသက်အရွယ်အတွက် နားလည်ဖို့ရန် ခက်ခဲသော်ငြားလည်း သူက စိတ်ထဲတွင် ထိုအကြောင်းအရာများကို မှတ်သားထားပြီး အကြိမ်ကြိမ် ပြန်စဉ်းစားနေတတ်သည်။
သူက သူ့ဆရာကို မမေးမြန်းရဲချေ။ သို့သော်ငြားလည်း သူ့ဆရာက ကျောင်းသားများကို စာသင်ပေးချိန်တွင် အနည်းငယ် ထုတ်ပြောပြသည့်အခါ သူက မနေနိုင်တော့ဘဲ စိတ်လှုပ်ရှားလာပြီး ရေမြှုပ်တစ်ခုလို အားလုံးကို စုပ်ယူထားလိုက်သည်။
ငယ်ရွယ်သည့် ကောင်လေးတစ်ယောက် အနေဖြင့် သူ၏ အလွန်အကျွံ စိတ်အားထက်သန်စွာ ဆောင်ရွက်ချက်က သူ့သခင်၏ အာရုံကို ဆွဲဆောင်ထားနိုင်သည့်အပြင် သူ့လို နိမ့်ကျသည့် အခြေအနေတွင် နေထိုင်ရသည့် မရေမတွက်နိုင်သည့် လူများ၏ မနာလိုမှုကိုလည်း ဆွဲဆောင်ထားလေသည်။
တစ်နေ့တွင် မော့ချောင်ရှန်းသည် စာဖတ်ခန်းထဲမှ ထွက်လာရန် အသိမိတ်ဆွေတစ်ယောက်၏ လှည့်စားခြင်း ခံခဲ့ရသည်။ သူသည် ပြန်လာသည့်အချိန်တွင် သူ့ဆရာ၏ အနှစ်သက်၊ အမြတ်နိုးဆုံး ခရမ်းရောင်မှင်တုံးသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျပြီး ကွဲနေသည်ကို တွေ့ခဲ့ရသည်။
ဝူရွှယ်လီသည် အမျက်ခြောင်းခြောင်း ထွက်တော့သည်။ မော့ချောင်ရှန်းက ရှင်းပြရန် မည်သို့ပင် လေးဘက်ထောက်သွားပြီး တောင်းပန်စေခဲ့ကာမူ ဝူရွှယ်လီက ယုံကြည်ဖို့ရန် ငြင်းဆန်ခဲ့လေသည်။
သူ့ပတ်ဝန်းကျင်တွင် ရပ်နေကြသည့် ကျွန်များက သူ့ကို အေးတိအေးစက် ကြည့်နေကြကာ သူသည် ကြောက်ရွံ့ပြီး ထိတ်လန့်ခြောက်ခြားစွာဖြင့် မြေကြီးပေါ်တွင် ဒူးထောက်နေရသည်။ မည်သူကမှ သူ့အတွက် ခုခံပေးရန် ထွက်မလာသလို သူ့အတွက်လည်း သက်သေ မလုပ်ပေးခဲ့ချေ။
ဝူရွှယ်လီက သူ့ဘောင်းဘီကို ချွတ်ပြီး လူရှေ့တွင် သူ့ကို ရိုက်နှက်ကာ ရွံ့စရာအကောင်းဆုံးနှင့် အောက်တန်းအကျဆုံး ချူဟွိုက်ကွမ်းထံသို့ ကျွန်အဖြစ် ရောင်းချခဲ့လေသည်။
ကံအားလျော်စွာ မော့ချောင်ရှန်း၏ မျက်နှာသွင်ပြင်သည် အလွန်မှ ချောမောကြွရွလှပြီး သူ့ခန္ဓာကိုယ်ထည်က အလွန်မှ ကြီးမားရာ အထက်တန်းစား လူတန်းစားများက ကစားချင်စိတ် အရှိဆုံးဖြစ်သည့် မိန်းမဆန်ဆန် ချောမောလှပသည့် ကောင်လေးရုပ် မရှိနေချေ။ ထို့ကြောင့် သူ၏အပြင်းအထန် ခုခံမှုတွင် ဧည့်သည်များကို ပြုစုဖို့ရန် ချက်ချင်း ဖိအားပေးမခံရဘဲ နာမည်ကြီး လူငယ်လေးတစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ ပြုစုပေးဖို့ရန် တာဝန်ပေးခံရသည်။
ထိုလူငယ်လေး၏နာမည်မှာ လွီရှိုဖြစ်သည်။ သူသည် နှင်းလို ဖြူဖွေးနေသည့် အသားအရေရှိသည့် ချောမာလှပသည့် ကောင်လေးတစ်ယောက်ပင်။
သူသည် အမြဲလိုလို စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ရသည်ကို နှစ်သက်ပြီး မိတ်ကပ်လိမ်းခြယ်ကာ ဧည့်သည်အနားသို့ ချဉ်းကပ်သွားရပြီး နူးညံ့သိမ်မွေ့စွာဖြင့် အထက်တန်းစားများကို ပြုစုရလေသည်။
သို့သော်ငြားလည်း ဧည့်သည်များ ပြန်သွားသည်နှင့်ချက်ချင်း သူသည် အလွန်မှ ဒေါသထွက်လာတတ်သည်။ မော့ချောင်ရှန်းကို ရိုက်လျှင်ရိုက်၊ မရိုက်လျှင် ဆူဆဲနေတတ်သည်။
မော့ချောင်ရှန်းသည် ထိုရွံစရာကောင်းပြီး အောက်တန်းကျသည့် ဧည့်သည်များကို မခစား မပြုစုရသေးသရွေ့ အရိုက်ခံရပြီး ဆူဆဲခံရသည့် ထိုနေ့ရက်များကို သည်းခံနိုင်သည်ဟု ခံစားလေသည်။
သို့သော်ငြားလည်း ဒီလိုဘဝမျိုးက ရက်အနည်းငယ်ကြာသည် အထိပင် မခံခဲ့ပေ။
ဒီတစ်ကြိမ်တွင် တန်ဖိုးကြီးမားသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့် ဧည့်သည်တစ်ယောက်သည် စိတ်ကျေနပ်စွာဖြင့် ထွက်လာခဲ့သော်ငြားလည်း လွီရှို့သည် အချိန်ကြာလာသည့်တိုင် ထွက်မလာခဲ့ချေ။
မော့ချောင်ရှန်းက ရေကို သယ်လာချိန်တွင် သူ့ဘဝ၌ လုံးဝမမေ့နိုင်တော့မည့် မြင်ကွင်းတစ်ခုကို တွေ့ခဲ့ရသည်။
လွီရှို့၏ နှင်းလိုဖြူဖွေးသည့် အသားအရေကို ကြောက်စရာကောင်းသည့် အမာရွတ်များက ဖုံးကွယ်ထားသည်။ သူသည် အသက်ရှိနေသည့် အရိပ်အယောင် လုံးဝ ပျောက်ဆုံးနေသည်။
သူ့အကြိုက်ဆုံးသော စိမ်းပြာရောင်ဝတ်ရုံသည် စုတ်ပြဲနေပြီး သွေးများ ပေကျံနေကာ မူလအရောင်ကို ထုတ်ဖော်ပြသနေသည်။
ရွှေတုံးတစ်တုံးက ကြမ်းပြင်ပေါ်တွင် ငြိမ်ငြိမ်သက်သက်လေး ကျနေပြီး ထိုအရာမှာ ဒီလူငယ်လေးအသက်၏ တန်ဖိုးဖြစ်ပေ၏။
ချူဟွိုက်ဂေဟာပိုင်ရှင်က ရွှေတုံးကို ဝမ်းသာအားရ ကောက်ယူလိုက်ပြီး သူ့လက်ကို ဝေ့ယမ်းကာ မော့ချောင်ရှန်းကို အခန်း သန့်ရှင်းရေး လုပ်ခိုင်းလိုက်သည်။
မော့ချောင်ရှန်းသည် ကြမ်းပြင်ပေါ်တွင် လဲကျရင်း အော့အန်လိုက်ကာ များပြားလွန်းလှသဖြင့် ဘယ်တော့မှ ဆေးကြောလို့ ပြီးတော့မည်မဟုတ်ဟု ထင်နေရသည့် သွေးများကို သုတ်နေလေသည်။
ချူဟွိုက်ဂေဟာသည် ဆောင်ကြာမြိုင်အတွင်းတွင် ကြမ်းကြမ်းတမ်းတမ်း ဖြေရှင်းဖို့ လိုအပ်သည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းဖို့ရန် တာဝန်ယူထားသည့် ကျွမ်းကျင်သည့် သူခိုးကြမ်းပိုးများဖြင့် ဖွဲ့ထားသည့် အဖွဲ့တစ်ခုကို ခန့်အပ်ထားသည်။
ခေါင်းဆောင် တုန်းစန်းတောက်က အနှေးနှင့်အမြန်ဆိုသလို ဆောင်ကြာမြိုင်၏ ကျွန်တစ်ယောက် ဖြစ်လာတော့မည်ကို သိပ်မကြာခင်က ရှာတွေ့ထားပြီး သူ့ကို အမြဲတမ်း တွယ်ကပ်နေလေသည်။
ထိုကျွန်ငယ်လေးက အလွန်မှ ရက်စက်လှသည်။ သူသည် တစ်ခြားသူများအပေါ် ရက်စက်သလို သူကိုယ်တိုင်အတွက်လည်း ရက်စက်လေသည်။
တုန်းစန်းတောက်က ဒီလိုရက်စက်မှုကို သဘောကျပြီး သူ့ကို လက်ခံထားလိုက်သည်။
ဟုတ်ပါသည်။ တုန်းစန်းတောက်သည် စိတ်သဘောထား ကောင်းမွန်သည့် ယောက်ျား မဟုတ်ချေ။ အသက်ရှင်သန်ဖို့ရန် ခက်ခဲသည့် ဒီလိုပတ်ဝန်းကျင်တစ်ခုတွင် ကျွန်ကလေးတစ်ယောက်အပေါ် မည်သူက အပိုလုပ်ပြီး ကြင်နာနိုင်ပါမည်နည်း။
သူသည် မော့ချောင်ရှန်းကို လက်နက်တစ်ခုကို သွေးနေသလို ပုံသွင်းပေးခဲ့သည်။
ဒီပိန်ပိန်ပါးပါး ကောင်ကလေးသည် ဝံပုလွေရိုင်းတစ်ကောင်လို အံကြိတ်ပြီး ထိုထိတ်လန့်တုန်လှုပ်စရာကောင်းပြီး ကြောက်ရွံ့စရာကောင်းသည့် လေ့ကျင့်မှုများတွင် တဖြည်းဖြည်း ကြီးပြင်းလာခဲ့ကာ ထက်ရှသည့် ဓားတစ်လက် ဖြစ်လာခဲ့သည်။
ဝေပေဟို ဟွားယွီကျစ်သည် ချူဟွိုက်ဂေဟာတွင် လာရောက်ပျော်ပါးပြီး မော့ချောင်ရှန်းကို မထင်မှတ်ဘဲ တွေ့ခဲ့သည်။ ထို့ကြောင့် သူသည် ငွေတုံးနှစ်တုံးကို ထုတ်ပေးလိုက်ပြီး ထိုထက်ရှသည့်ဓားကို သူ့စစ်တပ်ထဲသို့ ခေါ်ဆောင်သွားပြီး သူ့လက်အောက်တွင် ရဲမတ်တစ်ယောက် ဖြစ်လာခဲ့တော့သည်။
...