Ch 3
Viewers 259

အပိုင်း(၃)

ချန်ချန်းယဲ့သည် အချိန်ခရီးမသွားခင်က သူမတွင် အမြွှာအစ်ကိုတစ်ယောက် ရှိခဲ့သည်။ အမြွှာမောင်နှမ နှစ်ယောက်သည် ငယ်ငယ်လေးကတည်းက ကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့ပြီး နေ့တိုင်းကစားရင်း၊ ရန်ဖြစ်ရင်းဖြင့် ကြီးပြင်းခဲ့ကြသည်။

ကလေးတစ်ယောက် အနေဖြင့် ချန်ချန်းယဲ့၏ အကြိုက်ဆုံး စနောက်ရခြင်းတစ်ခုမှာ သူမ၏အစ်ကိုကဲ့သို့ ဝတ်စားဆင်ယင်ပြီး သူမ၏အစ်ကို စကားလုံးများကို အတုခိုးကာ သူမအစ်ကို ဟန်ဆောင်ပြီး အိမ်မှ ခိုးထွက်ရခြင်း ဖြစ်သည်။

ဤအကြောင်းပြချက်ကြောင့် သူမသည် သူမအစ်ကို ချန်ချန်းလော့ ဆံပင်ပုံစံအတိုင်း တမင်သက်သက် လိုက်ထားသည်။

သူမကို ချန်ချန်းလော့နှင့် မှားယွင်းတတ်ကြပြီး သူမနှင့် ကစားကြသည့် ထိုသူငယ်ချင်းများသည် တကယ့်ချန်ချန်းလော့က သူတို့ဆီသို့ လာသည်ကို မြင်လိုက်ချိန်တွင် မေးရိုးများ အောက်ကျသွားမတတ် အံ့ဩသွားရသည်။ ချန်ချန်းယဲ့ကတော့ ဗိုက်နှိပ်ပြီး ပါးစပ် နားရွက် တက်ချိတ်မတတ် အော်ရယ်တော့သည်။

ထို့ကြောင့် သူမသည် အချိန်ကူးပြောင်းပြီးသည့်အချိန်တွင် သူမကိုယ်သူမ ယောက်ျားတစ်ယောက်လို ရုပ်ဖျက်ပြီး အဆိပ်မိကာ သေဆုံးသွားသည့် သူမ၏အမြွှာအစ်ကိုအဖြစ် ဟန်ဆောင်ရသည်မှာ အင်မတန် ခက်ခဲလိမ့်မည် မဟုတ်ဟု စဉ်းစားမိလေသည်။

သို့သော်ငြားလည်း သူမသည် တစ်ချက်ကိုတော့ လစ်လျှူရှုခဲ့မိလေသည်။ သူမသည် စစ်ပွဲနှင့် သတ်ဖြတ်ခြင်း အပြည့်ရှိနေသည့် ခေတ်တစ်ခုကို ကူးပြောင်းလာခဲ့ခြင်းပင်။

ချန်ချန်းယဲ့သည် အချိန်ကူးပြောင်းမလာချိန်တွင် ဒီဒေသသည် အနောက်မြောက်ပိုင်းတွင် ရှိသည်။ မြက်ခင်းပြင်ဒေသက ချွမ်ရုံ ရွှေ့ပြောင်းနေထိုင်သူများသည် မြို့တော်ကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ဘုရင်အလောင်းအလျာကို သတ်ဖြတ်ခဲ့သည်။ အင်အားကြီးမားသည့် မြင်းတပ်စုသည် ပြန့်ကျိုးအထိ အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်သည့် လမ်းတစ်လျှောက်တွင် လူများကို သတ်ဖြတ်ခဲ့သည်။

ရလဒ်အနေဖြင့် လောကကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်ခဲ့ရပြီး တော်ဝင်မိသားစုကို ထောက်ပံ့ပြီး ချွမ်ရုံတို့ကို နှင်ထုတ်မည်ဟူသည့် ကြွေးကြော်သံအောက်တွင် သူရဲကောင်းများစွာ ပေါ်ထွက်လာကြသည်။ အမှန်တွင်တော့ လူတိုင်းက သူတို့၏ ကိုယ်ပိုင်အင်အားစုကို ချဲ့ထွင်ဖို့ရန် စစ်ပွဲကို အသုံးချခဲ့ခြင်းပင်။

လျန်ကျုံး အုပ်ချုပ်သူ လီဝမ်ကွမ်းက ချွမ်ရုံမျိုးနွယ်ကို တိုက်ခိုက်မည်ဟု ကြေငြာစာတမ်း ထုတ်ခဲ့သည်။ အရပ်ဖက် အရာရှိများနှင့် စစ်တပ်ဖက် စစ်သူကြီးများ ဦးဆောင်သည့် မင်းသားများအားလုံးက အတူတကွ စုဝေးခဲ့ကြသည်။

ကျင်းယွဲ့ဟိုသည် အဖေဖြစ်သူထံမှ သိပ်မကြာခင်က ဆက်ခံခဲ့သည်။ သူသည် အားအင်အပြည့်၊ ရည်မှန်းချက်အပြည့် ဖြစ်ခဲ့၏။ ဒီလိုကောင်းမွန်သည့် အခွင့်အရေးတစ်ခုကို မြင်လိုက်သည်တွင် သူသည် လောကကြီးထဲမှ မင်းသားများအရှေ့တွင် သူ့အရည်အချင်းကို ထုတ်ပြဖို့ရန် ‌မျှော်လင့်ပြီး သူ့စစ်သူကြီးများနှင့် တပ်စုများကို ဦးဆောင်ကာ မဟာမိတ်တွေ့ဆုံပွဲကို ဝမ်းသာအားရ အလျင်စလို ‌ရောက်လာခဲ့သည်။

သူသည် သူ့အိမ်တံခါးမှ မထွက်လာရသေးခင်မှာပင် သူ့ညီအရင်းလက်ထဲသို့ ကျဆင်းသွားခဲ့ကာ သေဆုံးလိမ့်မည်ဟု မည်သူက ထင်ခဲ့ပါမည်နည်း။

သူနှင့် ရုပ်ချင်းဆင်တူလှသည့် အမြွှာညီမ ချန်ချန်းယဲ့ကို နယ်စားအဖြစ် ဟန်ဆောင်ရမည့် တာဝန်ကို ပေးအပ်ခဲ့ကာ ကျင်းယွဲ့ဟို တစ်ဖြစ်လဲ ချန်ချန်းယွီနေရာတွင် အစားထိုးခဲ့သည်။

သူသည် ထိတ်လန့်ခြောက်ခြားနေသည့် တပ်စုကို စုစည်းခဲ့ပြီး စတင်ပုန်ကန်ခဲ့သည့် မင်းသားကျန့်ကို ဖမ်းဆီးခဲ့ကာ သူကိုယ်တိုင်၏ အသက်နှင့် သူ၏အမျိုးသမီး ဆွေမျိုးများ၏ အသက်ကို ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရသည်။

အစပိုင်းတွင်တော့ ချန်ချန်းယဲ့နှင့် ယန်ကျီတို့သည် ပစ္စည်းများကို မြန်မြန် ထုပ်ပိုးကာ သူတို့၏ ကိုယ်ပိုင်အသိုက်အမြုံထဲသို့ မြန်မြန် ပြန်သွားချင်ခဲ့သည်။

သို့သော်ငြားလည်း ကျင်းယွဲ့ဟို၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သည့် ရှောင်ကျင်က လျှို့ဝှက်အကြံပေးခဲ့သည်။ နယ်စားမင်းက ယခုတင်မှ နေရာဆက်ခံခဲ့ခြင်း ဖြစ်ပြီး သူ၏အုတ်မြစ်ကလည်း မခိုင်သေးချေ။ မင်းသမီးနှင့် နယ်စားမင်းတို့က ရုပ်ချင်းဆင်တူလှသော်လည်း သူတို့သည် အလျင်လိုနေပြီး သူတို့၏ အပြုအမူနှင့် စကားပြောဆိုပုံက သေချာပေါက် ကွဲပြားပေလိမ့်မည်။ အကယ်၍ သူမက ဒီအခြေအနေတွင် မြို့တော်သို့ ပြန်ခဲ့လျှင် ပတ်ဝန်းကျင်တွင်  များပြားလှစွာသော အသိမိတ်ဆွေများ ရှိနေသည့်နေရာတွင် သူတို့သည် သိရှိသွားကြလိမ့်မည်ဖြစ်ပြီး လျှို့ထားလို့ရမည့်  အရာမဟုတ်ချေ။

ဒုတိယတစ်ချက်မှာ နယ်စားမင်းသည် ငယ်ရွယ်သည့်အချိန်တွင် နန်းတက်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသည် ဤအခိုက်အတန့်တွင် ပြန်လာခဲ့လျှင် မင်းသားများအားလုံး၏ ယုံကြည်မှုကို ဆုံးရှုံးရပေလိမ့်မည်။ သူသည် လောကကြီးထဲမှ လူများ၏ လှောင်ပြောင်မှုကို ခံရမည်ဖြစ်ကာ သူရဲကောင်းများကလည်း အားနည်းပြီး အလွယ်တကူ အနိုင်ကျင့်လို့ရသည့် သကျင်းနယ်စားမင်းကို လိုချင်တပ်မက်ကြပေလိမ့်မည်။

လက်တလောတွင် မြို့တော်သို့ မပြန်ဘဲ မဟာမိတ် ဆက်လုပ်ခြင်းကသာ ပိုကောင်းပေလိမ့်မည်။

ရှောင်ကျင် ပြောလိုက်သည့်စကားကို ကြားလိုက်ရပြီးနောက် ချန်ချန်းယဲ့သည် မတတ်သာတော့ဘဲ ယန်ကျီနှင့် သူမ၏ ကိုယ်ဝန်ရှိနေသည့် ယောက်မဖြစ်သူကိုသာ ပြန်ပို့လိုက်ရလေသည်။  သို့သော်ငြားလည်း သူမကတော့ ဖြစ်ပျက်နေသည့် အကြောင်းအရာကို မသိဘဲ နယ်စားမင်းနေရာကို လက်ခံရန် ဖိအားပေးခံရပြီး ချွမ်ရုံကို တိုက်ခိုက်သည့် စစ်ပွဲထဲတွင် ပါဝင်ရန် ကြီးမားသည့် တပ်စုတစ်ခုကို ဦးဆောင်ခဲ့ရလေသည်။

ဒီအခိုက်အတန့်တွင် ချန်ချန်းယဲ့သည် များစွာသော မင်းသားများနှင့်အတူ စင်မြင့်ပေါ်တွင် ရပ်နေသည်။ သူတို့ရှေ့က သွေးသံရဲရဲ ရှေးခတ်စစ်ပွဲတစ်ခုကို ကြည့်ရှုနေရသည်။

ချန်ချန်းယဲ့သည် ရုပ်ရှင်ထဲတွင် စစ်ပွဲမြင်ကွင်းပေါင်းများစွာကို တွေ့ခဲ့ဖူးသည်။ အားလုံးက ကြီးကျယ်ခမ်နားကာ အဆက်မပြတ် ထွက်နေသည့် သေနတ်သံများနှင့် အံ့ဩဖွယ်ရာ ကောင်းလှသည်။

သို့သော်ငြားလည်း ဒီအခိုက်အတန့် ဒီနေရာတွင် ရပ်နေရပြီး သွေးသံရဲရဲ သွေးမုန်တိုင်းကို ရင်ဆိုင်နေရသည်။ တကယ့်တိုက်ပွဲကို ဘယ်ရုပ်ရှင်၊ ဘယ်တီဗွီထဲမှာမှ ဖော်ပြနိုင်လိမ့်မည် မဟုတ်မှန်း သဘောပေါက်လိုက်သည်။

မ‌ရေမတွက်နိုင်သည့် ရဲမက်များနှင့် ကျွန်များ၏အသက်များသည် အဖိုးမထိုက်တန်သည့် ပုရွတ်ဆိတ်များလို ရှေ့တန်းတွင် ပုံနေသည်။ သူမသည် ငယ်ရွယ်လှသည့် ရဲမက်တစ်ယောက်က ရှေ့သို့ပြေးရင်း ဒယိမ်းဒယိုင် ဖြစ်နေသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။ သူ့အနောက်က သူ့အဖော်၏မြင်းက အရှိန်မထိန်းနိုင်ဘဲ သူ့ဝမ်းဗိုက်ပေါ် နင်းချလိုက်လေသည်။

အသက်ရှင်နေသေးသည့် ခန္ဓာကိုယ်သည် သူ့လက်များကို မြှောက်ကာ နာကျင်စွာဖြင့် အော်ဟစ်နေသည်။

သို့သော် ကြီးမားလှသည့် စစ်ယန္တရားက သေးသိမ် နာကျင်နေသည့် ပုဂ္ဂိုလ်တစ်ယောက်ကို မမြင်နိုင်ချေ။

တစ်ယောက်ပြီးတစ်ယောက်။ ရက်စက်လှသည့် မြင်းများသည် သူ့အပေါ်တွင် အကြင်နာမဲ့စွာ ခုန်ပေါက်ပြေးလွှားသွားကြသည်။ မြှောက်ထားသည့် လက်သည် မကြာမှီတွင် ဖုန်များ၏အတွင်းသို့ နှစ်မြှုပ်သွား၏။

မြို့တံတိုင်းဆီသို့ အရှိန်ဖြင့် ပြေးဝင်လာသည့် ရဲမတ်တစ်ယောက်ကို ကြီးမားသည့် ကျောက်တုံးကြီးတစ်တုံးက ရိုက်ချလိုက်သည်။ သူ့လက်နက်ကို မြှောက်လိုက်သည့် အခိုက်အတန့်မှာတင် မြေကြီးပေါ်သို့ လဲကျသွားလေသည်။ သွေးနှင့် ဦးနှောက်အပိုင်းအစတို့ ရောနှောနေသည့် အနီရောင်နှင့် အဖြူရောင် သွေးတန်များက မြေကြီးပေါ်တွင် ချက်ချင်းလွင့်ထွက်သွားသည်။ ကျောက်တုံးအောက်တွင် ဖိထားရသည့် ခန္ဓာကိုယ်သည် အပြင်းအထန် တွန့်လိမ်နေဆဲပင်။

...

ချန်ချန်းယဲ့သည် ခေါင်းကိုလှည့်ကာ အော့အန်မိတော့၏။

သူမအောက်က အဖွဲ့ဝင်တစ်ယောက်က သူမ၏ကျောကို ပုတ်ပေးကာ ညင်ညင်သာသာ ပြောလိုက်သည်။

“မင်းသားလေး အဆင်ပြေရဲ့လား”

ဒီလူ၏မျိုးရိုးနာမည်မှာ ကျန်းဖြစ်ပြီး သူ့နာမည်မှာ ဖုဖြစ်သည်။  

သူသည် ငယ်ရွယ်သော်ငြား သူမ၏အဖေ ကျင်းဝေဟို၏ ပထမတန်းစား လက်ထောက်ဖြစ်လေသည်။

သူ၏မျက်နှာသည် လပြည့်လို ဖြစ်နေသည်။ သူ့မျက်လုံးများက မှင်ရည်လို မည်းနက်ကာ သူသည် စိုးရိမ်တကြီးဖြင့် ချန်ချန်းယဲ့ကို ကြည့်နေသည်။

သို့သော်ငြားလည်း ဒီအခိုက်အတန့်တွင် သူ့စိတ်ထဲတွင်တော့ ကိုယ်တိုင် အထင်သေးခြင်းအပြည့် ဖြစ်နေသည်ကို ချန်ချန်းယဲ့က သိလိုက်သည်။

သူမ၏မျက်လုံးထဲတွင် ကျန်းဖု၏ တစ်ကိုယ်လုံးသည် လှပပြီး ထိုးဖောက်မြင်နိုင်သည့် ခရမ်းရောင်အလင်းများကို လွှတ်ထုတ်နေသော်လည်း နက်ပြာရောင်တစ်ခုက အလင်းထဲတွင် ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။

ထိုညိုမဲနေသည့်အရောင်သည် အင်မတန်မှ စိတ်ပျက် အထင်သေးခြင်းကို ကိုယ်စားပြု၏။

ချန်ချန်းယဲ့က သူမရှေ့က ကျန်းဖု၏ နူးညံ့သိမ်မွေ့နေသည့် မျက်နှာကို ကြည့်လိုက်၏။ သူသည် သူမအပေါ် အင်မတန်မှ သဘောမကျ ဖြစ်နေသည်မှာ လုံးဝ မထင်ရချေ။

ဟုတ်ပါသည်။ အချိန်ခရီးသွားလာပြီးနောက်တွင် system မျက်နှာပြင်ကြီးတစ်ခုကို ချန်ချန်းယဲ့၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

သူမက အာရုံစိုက်ထားသရွေ့ တည်ငြိမ်သည့် စခရင်တစ်ခုသည် သူမ၏မျက်လုံးရှေ့တွင်‌ ပေါ်လာပြီး ထိုစခရင်မှတဆင့် အားလုံး၏ အရောင်ကို မြင်နိုင်လေသည်။

လူတိုင်းတွင် မတူညီသည့် အရောင်တစ်ခု ရှိကြသည်။ တစ်ချို့လူများက နောက်ကျိနေပြီး  တချို့လူများက ရှင်းလင်းနေကာ လူအများစုကတော့ အလွန်မှ မှေးမှိန်နေပြီး ထူးထူးခြားခြား မျက်စိကျိမ်းလောက်အောင်  တောက်ပသည့် အလင်းရောင် ပိုင်ဆိုင်ထားသူမှာ လူနည်းစုသာ ဖြစ်သည်။

ဥပမာ။ သူမရှေ့ကလူ ကျန်းဖုတွင် နီလာခရမ်းရောင်ကဲ့သို့ လှပပြီး တောက်ပသည့် ခရမ်းရောင်တစ်ခု ရှိသော်ငြားလည်း ထိုခရမ်းရောင်သည် မကြာခဏဆိုသလို သူ၏ရုတ်တရက် စိတ်ခံစားချက် အပြောင်းအလဲကြောင့် တစ်ခြားအရောင်တစ်ခုနှင့် ရောနှောသွားတတ်သည်။

သူ့မျက်နှာသည် အမြဲတမ်းနီးပါး သိမ်မွေ့ပြီး ယဉ်ကျေးသည့် အမူအရာတစ်ခုကို ထိန်းသိမ်းထားသည်။ ဒီ systemမျက်နှာပြင်ကြောင့်သာ မဟုတ်လျှင် သူ၏ အတွင်းစိတ် ခံစားချက်များက ထိုမျှလောက် ကြမ်းတမ်းပြီး အပြောင်းအလဲ လွယ်လိမ့်မည်ဟု ချန်ချန်းယဲ့ ဘယ်တော့ သိလိမ့်မည် မဟုတ်ချေ။ 

ချန်ချန်းယဲ့၏ သရုပ်မှန်ကို သိသည့် ရှောင်ကျင်ကတော့ သူ့ခန္ဓာကိုယ်တွင် တောက်ပပြီး နွေးထွေးသည့် နီညိုရောင်ရှိသည်။ သူသည် ချန်ချန်းယဲ့ကို ကြည့်လိုက်သည့်အချိန်တိုင်း ဒီအလင်း၏ အနားသတ်များကို ရွှေရောင်ဖျော့ဖျော့လေးဖြင့် ရောနှောနေပြီး ဒါက သစ္စာရှိခြင်းကို ကိုယ်စားပြုသည့် အရောင်ဖြစ်သည်။ သူသည် သူ၏သစ္စာရှိမှု တစ်စိတ်တစ်ပိုင်းကို ကုန်းဇီယွီမှတဆင့် ချန်ချန်းယဲ့သို့ ပြောင်းလဲခဲ့သည်။

လက်ထောက်စစ်သူကြီး ဟဲလန်ကျန်းက အစိမ်းရောင်တောက်တောက်ရှိပြီး လတ်တလောကမှ ချန်ချန်းယဲ့ ရာထူးတိုး ပေးထားခဲ့သည့် နောက်ထပ်လူငယ် စစ်သူကြီးဖြစ်သည့် ယွီတွမ်းစုကတော့ လိမ္မော်ရောင်တောက်တောက် ရှိသည်။

ဒီအခိုက်အတန့်တွင် စစ်သူကြီးနှစ်ယောက်သည် တိုက်ပွဲကို အာရုံစူးစိုက်နေကြပြီး သူတို့၏ခန္ဓာကိုယ်မှ ပေါ်ထွက်လာသည့် အလင်းရောင်မှ အနီရောင်သန်းနေကာ သူတို့နှစ်ယောက်လုံးသည် တိုက်ခိုက်လိုစိတ် ပြင်းပြနေသည်မှာ သိသာသည်။

ချန်ချန်းယဲ့သည် အချိန်နှင့် နေရာကူးပြောင်းလာခဲ့ပြီး ဘာမှမသိဘဲ အဖက်ဖက်တွင် အဖွဲ့များ ဖွဲ့ထားခဲ့သည်။

ဒီsystemတစ်ခုသာ ရှိသဖြင့် သူမ၏ပတ်ဝန်းကျင်တွင် မြင်သာပြီး လှပသည့် အရောင်များ ပိုင်ဆိုင်ထားသည့် လူများဖြင့်သာ စုဝေးထား၏။ သို့သော်ငြားလည်း သူမသည် ဒီအရောင်များ၏ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း မသိသေးချေ။

သို့သော်ငြားလည်း ကြည်လင်သန့်စင်ပြီး တောက်ပသည့် အရောင်များစွာ ပိုင်ဆိုင်ထားသည့် လူများက အင်မတန်မှ ရှားပါးလွန်းလေရာ လုံးဝမရှိသလောက် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ဥပမာ။ ဒီအခိုက်အတန့်တွင် အမိန့်ပေးနေသည့် စင်မြင့်ပေါ်ရှိ သူမ ပတ်ဝန်းကျင်မှ လူလေးယောက်အပြင် ခန္ဓာကိုယ်တွင် အနီရောင်မီးတောက်များ ဆေးဆိုးထားသည့် လီဝမ်ကွမ်း၏နောက်က စစ်သူကြီး ဖုန်းစုယန်၊ အရောင်တောက်တောက် ဒေါင်းပြာရောင် ရှိသည့် ပေကုန်းဟို၏နောက်က စစ်သူကြီးကုန်းစွန်းနျန်တို့ကိုသာ ချန်ချန်းယဲ့သည် မြင်ရသည်။

ထိုစစ်သူကြီးနှစ်ယောက်၏ အလင်းကို သိသာထင်ရှားပြီး ရွှေရောင်အနားသတ်ဖြင့် ဝန်းရံထားသည်။ သူတို့၏ သခင်အပေါ် သူတို့၏ အဆုံးမဲ့ သစ္စာရှိခြင်းကို ဖော်ပြနေသည်။

အများစုကတော့ သူတို့သည် မည်မျှပင် ဟန်ဆောင်ပြီး ဝတ်ကောင်းစားလှများ ဝတ်စားထားသည်ဖြစ်စေ သူတို့၏ စိတ်အတွင်းတွင်တော့ နောက်ကျိသည့် အလင်းရောင် သို့မဟုတ် မှိန်ပြသည့် အလင်းရောင်တစ်ခုသာ ရှိသည်။

လေးထောင့်မျက်နှာနှင့် ရှည်ထွက်နေသည့် မျက်ခုံးများ ပိုင်ဆိုင်ထားသည့် ဝေပေဟို ဟွားယွီကျစ်သည် တော်တော်လေး ဂုဏ်သိက္ခါရှိသည့်ဟန် တူသည်။ သို့သော်ငြားလည်း သူခန္ဓာကိုယ်မှ အရောင်ကတော့ အလွန်မှ မဲညစ်နေသည်ကို ချန်ချန်းယဲ့ ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ သူက စကားပြောရန် အနားတိုးကပ်လာသည်တွင် ထိုရောနှောနေသည့် အရောင်က ချန်ချန်းယဲ့ကို အလွန်မှ ရွံ့ရှာစေရာ သူမမှာ ထပ်ပြီး အော့အန်စေတော့သည်။ သူမသည် သူမ၏ systemကို မြန်မြန် ပိတ်ချလိုက်ရ၏။ 

“ကျင်းယွဲ့ဟိုက အရမ်းကို ငယ်သေးတာ။ ဒါက စစ်ပွဲမှာ ပထမဦးဆုံးအကြိမ် ဖြစ်ရမယ်။ စစ်ပွဲနဲ့ သိပ်ပြီး အသားမကျသေးတာ ဖြစ်ရမယ်။ ဟုတ်တယ်မလား”

ဟွားယွီကျစ်သည် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

“ဟုတ်ပါတယ် ဟုတ်ပါတယ်”

ချန်ချန်းယဲ့က ပြန်ဖြေလိုက်သည်။

“ကုန်းဇီယွီက ကျင်းပြည်နယ်မှာ ကျက်သရေအရှိဆုံး၊ ချောမောလှပဆုံး ယောက်ျားတွေထဲက တစ်ယောက်လို့ ကျုပ် ကြားထားတယ်။ သူ့ရဲ့အခြွေအရံတွေ အားလုံးကလည်း ချောမောလှပတဲ့ လူငယ်လေးတွေတဲ့။ ကျုပ်ဆီမှာလည်း ချောမောလှပတဲ့ ကိုယ်လုပ်တော်တွေ တချို့ရှိတယ်။ ကျုပ်တို့တွေ ပျန့်ကျိုးကို သိမ်းပြီးသွားရင် အားလုံးကို ကျုပ်ရဲ့အိမ်တော်ကို ဖိတ်ခေါ်ပြီး ပျော်ပွဲရွှင်ပွဲနဲ့ အနားယူလို့ရအောင် လုပ်ပေးပါမယ် ဟား ဟား ဟား”

“...“

ချန်ချန်းယဲ့သည် အလောင်းများနှင့် သွေးများနှင့် ရှုပ်ပွနေသည့် သူမရှေ့က စစ်ပွဲများကို ကြည့်နေမိသည်။

မည်သို့သော လူကများ သူတို့၏ခန္ဓာကိုယ်အောက်ပိုင်းနှင့် ပတ်သက်ပြီး မဖွယ်မရာအကြောင်းကို စဉ်းစားနေရင်းက ဒီလိုမြင်ကွင်းကို  ကြည့်နေနိုင်ပါသနည်းဟု သူမမှာ အမှန်ပင် နားမလည်နိုင်အောင် ဖြစ်ရသည်။

မြို့သိမ်းတိုက်ပွဲက အပြင်းထန်ဆုံးအဆင့်သို့ ရောက်လာခဲ့သည်။ မဟာမိတ်ရဲမတ်များသည် မြို့တံတိုင်းပေါ်သို့ ဆက်တိုက်တက်နေသော်ငြားလည်း မိုးရွာနေသကဲ့သို့ ရန်သူ၏မြှားများဖြင့် ပစ်ချခံနေရသည်။

မြို့တံတိုင်း၏‌အောက်ခြေတွင် အလောင်းများ၊ ကျိုးပဲ့နေသည့် ခန္ဓာကိုယ်များသည် ဆက်တိုက် ပုံအောလာကြသည်။ အနီရင့်ရောင်သွေးများက မြေကြီးတစ်ခုလုံးထဲကို စိမ့်ဝင်နေ၏။

ဝမ်းနည်းစရာကောင်းသည့် စစ်ဗုံသံက လူတိုင်း၏ နှလုံးသားထဲက သွေးကို ဆူပွက်လာစေသည်။ တစ်ခြားလောကမှ ရောက်လာသည့် ချန်ချန်းယဲ့ပင် မနေနိုင်တော့ဘဲ လက်သီးကို ဆုပ်ထားမိသည်။

မြန်မြန် တက်ကြပါ။ အရှိန်နဲ့ တက်ကြပါ။ မြို့တံတိုင်းကို ထိုးဖောက်ပြီးတော့ အဆုံးသတ်လိုက်ကြပါတော့။

မရေမတွက်နိုင်သည့် လိမ့်ကျလာသည့် ကျောက်တုံးများနှင့် မြှားများကို ပေါ့ပေါ့ပါးပါး ရှောင်ရှားသွားသည့် အနက်ရောင်သံချပ်ဝတ် ရဲမက်တစ်ယောက်သည် မြို့တံတိုင်း၏ ထိပ်သို့ လျင်လျင်မြန်မြန် တက်သွားသည်ကို သူမ တွေ့လိုက်ရ၏။

လုပ်ထား။

ချန်ချန်းယဲ့သည် မနေနိုင်ဘဲ သူ့ကို အားပေးနေမိကာ သူသည် ဟန်ချက်ပျက်ပြီး ကျမသွားပါစေနဲ့ဟု ဆုတောင်းနေလေသည်။

ရဲမက်သည် နောက်ဆုံးတော့ မြို့တံတိုင်းပေါ်သို့ ဆင်းသက်သွားနိုင်ခဲ့သည်။

တစ်ပြိုင်နက်တည်းတွင် ရန်သူ၏လှံတစ်ချောင်းက သူ့ပခုံးပေါ် ထိုးဖောက်သွားလေသည်။

သို့သော်ငြားလည်း သူသည် မကြောက်ရွံ့ချေ။ သူသည် ရန်သူကို တွေ့ဆုံရန် ရှေ့သို့အရှိန်ဖြင့် တိုးဝင်သွားပြီး သူ့လက်ကို မြှောက်ကာ သူ့ဓားကို ဝေ့ယမ်းပြီး ရန်သူကို ခုတ်ချလိုက်ကာ မြို့တံတိုင်းပေါ်မှ တွန်းချလိုက်သည်။

ထို့နောက်တွင်တော့ သူ့က သူ့ပခုံးပေါ်က လှံကို ဆွဲထုတ်လိုက်ပြီး ရန်သူနောက်တစ်‌ယောက်၏ ခန္ဓာကိုယ်ထဲသို့ လှံကို ထိုးစိုက်လိုက်သည်။

သူ ဖွင့်လိုက်သည့် နေရာလွတ်ထဲတွင် ရဲမတ်များသည် တစ်ယောက်ပြီးတစ်ယောက် နောက်မှလိုက်တက်လာကာ မြို့တံတိုင်းပေါ်သို့ ရောက်လာကြသည်။

ရှည်ကြာလှသည့် မတိုးသာ မဆုတ်သာ အခြေအနေသည် နောက်ဆုံးတော့ မဟာမိတ် တပ်ဖွဲ့များဘက်သို့ အားသာသွားသည်။

စင်မြင့်ပေါ်တွင် အားပေးသံတစ်ခုက ပွင့်ထွက်လာ၏။

“ ကောင်းတယ် ကောင်းတယ် လုပ်ထား “

ဝေပေဟို ဟွားယွီကျစ်သည် အသံထွက်ကာ အော်ရယ်ပြီး သူ့လက်အောက်ငယ်သားကို မေးလိုက်၏။

“ဒီလူက ငါ့တပ်ဖွဲ့က လူနဲ့တူတယ်။ ဘယ်သူလဲဆိုတာ မင်း သိလား”

သူ့လက်အောက်ငယ်သားက ပြန်ဖြေသည်။

“ကျွန်တော်မျိုးအထင်တော့ မော့ချောင်ရှန်းလို့ ခေါ်တဲ့ ကျွန်ဖြစ်မယ်ထင်တယ်။ နယ်စားမင်းကိုယ်တိုင် ဝယ်လာခဲ့တဲ့သူပါ။ တိုက်ပွဲမှာ သူ့ရဲ့ ရဲစွမ်းသတ္တိကြောင့် သိပ်မကြာခင်က တပ်စုမှူးအဖြစ် ရာထူးတိုးထားပါတယ်။ နယ်စားမင်းက ဉာဏ်ပညာရှိပြီး အရည်အချင်းရှိတဲ့သူတွေကို အသိအမှတ်ပြုရကောင်းမှန်း သိပါပေတယ်”

“ဟား ဟား ကောင်းလေစွ။ ပြန့်ကျိုးကို သိမ်းပိုက်နိုင်ခဲ့ရင် ငါ ကိုယ်တော် ကိုယ်တိုင် သူ့ကို ဆုချီးမြှင့်ရလိမ့်မယ်”

မြို့သိမ်းတိုက်ပွဲသည် ရက်ပေါင်းများစွာ ကြာမြှင့်ခဲ့ပြီး နောက်ဆုံးတော့ မဟာမိတ်တပ်ဖွဲ့၏ အောင်မြင်မှုဖြင့် အဆုံးသတ်သွားသည်။

သာမာန်ရဲမက်များအတွက်တော့ သူတို့သည် ရာထူးတိုးခြင်းကို မျှော်လင့်နေကြပြီး ရာထူးတိုးခြင်း၊ ဆုလာဘ်များ ခံယူခြင်းကို ပျော်ရွှင်စွာဖြင့် မျှော်လင့်နေကြသည်။

သို့သော်ငြား လူ့အဖွဲ့အစည်း၏ အောက်ခြေတွင်ရှိသည့် ကျွန်များအတွက်တော့ အသက်ရှင်နေခြင်းကပင် အကောင်းဆုံး ဆုလာဘ် ဖြစ်တော့သည်။

သခင်က အလွန်မှ ဝမ်းသာသဖြင့် သူသည် အသားနှစ်တုံး၊ တစ်တုံးလောက် ပို့ထည်ပေးလိမ့်မည် ဖြစ်ကာ ဒီနေ့ညနေစာအတွက် အကောင်းစား ပေါက်စီနည်းနည်းပါးပါး ပို့ထည့်ပေးလိမ့်မည်။ ဒါသည်ပင် ဝမ်းသာစရာကောင်းသည့် အံ့ဩမှုတစ်ခု ဖြစ်ပေလိမ့်မည်။

မော့ချောင်ရှန်းသည် သူ့ဒဏ်ရာကို အုပ်ထားပြီး စခန်းဆီသို့ တစ်လှမ်းချင်း လျှောက်ကာ ပြန်လာခဲ့၏။

ကျွန်စခန်းဆီသို့သွားရာ ရွှံ့နွံထူထပ်နေသည့် လမ်းတစ်ဖက်တစ်ချက်တွင် ဆူညံသံများဖြင့် ပြည့်နှက်နေတော့သည်။ 

...