အပိုင်း(၄)
သေမင်းနူတ်ခမ်းဝမှ ပြန်ထွက်လာရန် ရုန်းကန်ရသည့် ယောက်ျားတစ်ယောက်သည် ပုံမှန်ထက် ပိုပြီး ကြမ်းတမ်းကာ ရူးသွပ်ပေသည်။
ဒီအခိုက်အတန့်တွင် ကျွန်များစုဝေးရာ စခန်းထဲ၌ အော်ဟစ်နေသည့် အမျိုးသမီးများကို နေရာတိုင်းတွင် တွေ့နေရပြီး ယောက်ျားတော်တော်များများ၏ အမှောင်ထောင့်ထဲသို့ ဆွဲသွားခံနေရသည်။
တစ်ခါတစ်ရံ အမျိုးသမီးများသာ မဟုတ်ဘဲ ငယ်ရွယ်ပြီး အားနည်းချိနဲ့သည့် ယောက်ျားများလည်း မလွတ်မြောက်နိုင်ချေ။
တိုက်ပွဲ၏ သေမင်းနူတ်ခမ်းဝမှ လွတ်လာသည့် သူများသည် လူသတ်ခဲ့ပြီးသည့်နောက် လစ်ဟာနေသည့် ခံစားချက်ကို ဖြေလျော့ရန်၊ သေမင်း နူတ်ခမ်းဝသို့ ရောက်ခဲ့ပြီးနောက် ကျန်ရှိနေသေးသည့် ကြောက်ရွံ့မှုကို ဖွင့်ချဖို့ရန် ဒီနည်းလမ်းကို သုံးကြသည်။
မော့ချောင်ရှန်းသည် ငယ်ရွယ်ပြီး အနိုင်ကျင့်ခံရသည့် ကလေး မဟုတ်တော့ချေ။ ငရဲဆန်ဆန် လေ့ကျင့်ခြင်းမှ သွေးလာခဲ့သည့် သိုင်းပညာများသည် အလွန်မှ ခိုင်မာနေပြီဖြစ်သဖြင့်် စခန်းထဲမှ မည်သူကမှ သူ့ကို ရန်စမရဲကြချေ။
တစ်ချိန်တည်းတွင် သူသည် အသက်ကြီးရင့်လာသည်နှင့်အမျှ သူ့ရုပ်သွင်ကလည်း ရင့်ကျက်လာပြီး သူ့မျက်နှာသွင်ပြင်မှာ ပိုပြီး သုံးဘက်မြင် သဘာဝကျကျပုံစံ ဖြစ်လာကာ အေးစက်နေသည်။ သူသည် အရပ်မြင့်မြင့် ပိန်ပိန်သွယ်သွယ်ဖြစ်ကာ မျောက်တစ်ကောင်၏ လက်များ ပိုင်ဆိုင်ထားသည်။ ပိတုန်းတစ်ကောင်၏ ခါးမျိုးရှိကာ တောင့်တင်းသည့် ကြွက်သားများ အပြည့်ရှိသည့် ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။ သူ့အသားအရေကလည်း အမာရွတ်များနှင့် ဖုံးကွယ်နေပြီး တိုက်ပွဲ၏ သွေးခံထားရခြင်းကြောင့် ကြမ်းတမ်းလွန်းနေသည်။
သူ၏ ပိုပြီးသေးသွယ်သည့် ခါးမှလွဲလျှင် သူသည် ယောက်ျားများ၏ လိုအင်ဆန္ဒကို နိုးဆွပေးနိုင်သည့် လူငယ်ယောက်ျားတစ်ယောက်နှင့် မတူတော့ချေ။
သူသည် ယောက်ျားများ၏ အနိုင်ကျင့်ခံရသည့် ကံကြမ္မာမှ လွတ်မြောက်ခဲ့သည်ဟု ခံစားမိသည်။
သို့သော်ငြားလည်း သူသည် ဒီအပြုအမူကို အလွန်မှ ရွံ့ရှာကာ မုန်းတီးနေဆဲပင်။ သူသည် သူ့ခြေလှမ်းများကို မြန်ဆန်ထားလိုက်ပြီး အနားယူသည့်နေရာသို့ မြန်မြန်ပြန်ရောက်ချင်ကာ ကောင်းကောင်းအိပ်စက် အနားယူပြီး သူ၏ကုန်ခမ်းတော့မည့် အားအင်ကို ပြန်လည်သိုလှောင်ချင်သည်။
“ရှန်း။ ဒါက ရှင့် ဝေစုပါ”
အစားအသောက် ဝေမျှပေးရန် တာဝန်ယူထားသည့် အမျိုးသမီးကျွန်က သူ့ကို ဦးညွှတ်ကာ သူ့ရှေ့တွင် ဒူးထောက်ချလိုက်သည်။
သူမသည် ထူထဲသည့် နူတ်ခမ်းသား၊ ထင်ရှားသည့် ပါးရိုးနှင့် သေးငယ်သည့် မျက်လုံးများရှိကာ မလှပချေ။
သို့သော်ငြား သူတို့သည် ငယ်ရွယ်သည်။ ငယ်ရွယ်သည့် အမျိုးသမီးများက ဒီနေရာတွင် ရှားပါးလှသည်။
သူမသည် မော့ချောင်ရှန်းတို့လို ကျွန်များအကြားတွင် တပ်စုမှူများဆီသို့ အစားအသောက် ပို့ဆောင်ပေးရန် တာဝန်ယူရပြီး တပ်စုမှူများက လိုအပ်လျှင် သူမကိုယ်သူမ ခြေတော်တင်ခံရသည်။
မော့ချောင်ရှန်းက သူမကို ကြည့်လိုက်၏။ မိန်းကလေးသည် သူမ၏ခေါင်းကို ငုံ့ထားကာ သူမ၏ပါးပြင်များက မသိမသာ နီရဲနေသည်။ မိန်းမငယ်လေးတစ်ယောက်အတွက် ရှက်ရွံ့ပြီး သိမ်မွေ့သည့် ထူးခြားသည့် အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။
သူက ကျွန်မိန်းကလေးထံမှ ပေါက်စီကို လှမ်းယူလိုက်သည်။
ညိုဝါရောင် ပေါက်စီသည် မဲနက်ပြီး သာမာန်ကျွန်များ စားရသော မာထန်လှသည့် အစားအစာထက်တော့ အများကြီး ပိုကောင်းပေသည်။
ဒါသည် တပ်စုမှူးနှင့် ထိုရာထူးအထက် ကျွန်များသာ စားသောက်နိုင်သည့် အစားအသောက်တစ်ခု ဖြစ်ကာ ဆန်ကြမ်းကို ပန်းဂျုံနှင့် တောဟင်းရွက်များ အနည်းငယ် ရောထားသည်။
ကျွန်မိန်းကလေးသည် မော့မကြည့်ရဲချေ။ သူမ၏နှလုံးသားကတော့ တဒုတ်ဒုတ်ခုန်နေ၏။
မော့ချောင်ရှန်းသည် တပ်စုမှူများကြားတွင် အချောဆုံးတော့ မဟုတ်ချေ။ တပ်စုမှူးများထဲမှ အားဖုန်းကမှ အမျိုးသမီးကျွန်များ၏ နှလုံးသားထဲမှ လိုအင်ဆန္ဒရှိသည့်အရာ ဖြစ်လေသည်။
သို့သော်ငြားလည်း အစားအသောက် လာရောက်ပို့ဆောင်ပေးရန် တာဝန်ယူထားသည့် သူမကတော့ မော့ချောင်ရှန်းသည် အသိမ်မွေ့ဆုံး လူတစ်ယောက် ဖြစ်သည်ကို သိလေသည်။
အားဖုန်းသည် ချောမောသော်ငြားလည်း သူသည် အလွန်မှ ရက်စက်သည်။ သူသည် တစ်ချိန်လုံး အေးစက်စက်မျက်နှာတစ်ခုကို ဆောင်ထားတတ်ကာ သူ၏ဒေါသကလည်း အချိန်မရွေး ပေါက်ကွဲနိုင်သည်။ သူ့အနားတွင် ရှိနေသရွေ့ အလွန်မှ ကြောက်ရွံ့ရသဖြင့် တစ်ကိုယ်လုံး တုန်ယင်ကာ နေပေလိမ့်မည်။
မော့ချောင်ရှန်းကတော့ မိန်းကလေးတစ်ယောက် ရှိသည့်ဟန် မတူပေ။ ကျွန်မိန်းကလေးသည် သူ၏ပထမဦးဆုံး အမျိုးသမီး ဖြစ်နိုင်ရန် အမှန်ပင် မျှော်လင့်ထားလေသည်။
သူမ၏လက်က မသိမသာ လေးလံသလို ခံစားနေရပြီး သူမ၏လက်ထဲတွင် မော့ချောင်ရှန်းက တစ်ဝက် ဝက်လိုက်ပြီး သူမလက်ထဲသို့ ပြန်ထည့်ပေးခဲ့သည့် အညိုရောင် အပိုင်းလေးတစ်ပိုင်းက ကျန်ရှိနေသေးသည်။
သို့သော်ငြားလည်း သူမ အမှန်တကယ် မျှော်လင့်ထားသည့် အရာကတော့ ဖြစ်မလာခဲ့ချေ။
ငယ်ရွယ်သည့်တပ်စုမှူးသည် သူမကိုပင် လှည့်မကြည့်ဘဲ ကျန်သည့် အစားအသောက်နှင့် ဒယိမ်းဒယိုင် ထွက်သွားလေသည်။
သူမသည် ထိုနေရာတွင် စိတ်ပျက်ပျက်နှင့် ရပ်ပြီး ကျန်ခဲ့ကာ ပေါက်စီတစ်ပိုင်းကို ကိုင်ထားမိလေသည်။
မော့ချောင်ရှန်းသည် သူ၏ကိုယ်ပိုင်နယ်မြေထဲသို့ ပြန်ရောက်လာခဲ့ပြီး ထိုနေရာတွင် သစ်သားပြားများနှင့် ဝါးလုံးများဖြင့် နေရာခြားထားသည်။ သေးငယ်သည့် နေရာလွတ်လေးများရှိကာ လေးဘက်လေးတန်မှ လေဝင်လေထွက်ရှိသည်။ တစ်ကန့်ချင်းစီတွင် သစ်သားဘုတ်ပြားတစ်ခု၊ ကောက်ရိုးတချို့နှင့် ဖာထေးရာအထပ်ထပ် ရှိနေသည့် ဂွမ်းစောင်လေး တစ်ခုသာပါသည်။
သို့သော်ငြားလည်း အနည်းဆုံးတော့ သီးသန့်ကိုယ်ပိုင်နေရာတစ်ခု ဖြစ်သည်။
ဒါသည် တိုက်ပွဲအတွင်း ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ပြီးနောက် သူ ရရှိခဲ့သည့် ဂုဏ်ပြုဆုတစ်ခု ဖြစ်သည်။ ဒါသည် သူ့ကို တခြားကျွန်များနှင့် ရွှံ့အိုင်ကြီးတစ်ခုတည်းတွင် တိရိစ္ဆာန်တစ်ကောင်လို အိပ်စရာမလိုခဲ့ချေ။
မော့ချောင်ရှန်းသည် သူ့အိပ်ရာပေါ်တွင် လှဲလျောင်းလိုက်ပြီး မန်ထိုလေး တစ်ပိုင်းကို ဖဲ့ကာ သူ့ပါးစပ်ထဲသို့ ထည့်လိုက်ပြီး တံတွေးဖြင့် ဖြည်းဖြည်းချင်း ပျော့သွားအောင် လုပ်လိုက်၏။
သူ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများသည် သွေးထွက်နေဆဲပင် ဖြစ်ပြီး သူသည် ကုန်ဆုံးနေသည့် အားအင်ကို ခံစားမိနိုင်သည်။
ဒဏ်ရာက အလွန်မှ နာကျင်လှပြီး အလွန်မှ ပင်ပန်းလေရာ ခဏလောက်တော့ အိပ်ဖို့ရန် လိုအပ်သည်။ သူသည် သူ့မျက်လုံးကို မှိတ်ထားလိုက်၏။
သူသည် ထိုအခိုက်အတံ့ မှေးခနဲ ဖြစ်သွားချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို ရိုက်ပြီး နိူးလိုက်လေသည်။
“ရှောင်ချန်း ရှောင်ချန်း”
မော့ချောင်ရှန်းသည် ခက်ခက်ခဲခဲ မျက်လုံးဖွင့်လိုက်သည်တွင် ဘေးအခန်းတွင်နေသည့် အားယွင်က သူ့ကို ခေါ်လေသည်။
“ရှောင်ချန်း သခင်က ငါတို့ကို ဆင့်ခေါ်နေတယ်။ သူက ဂုဏ်ပြုညစား စားပွဲမှာ ငါတို့ကို ဆုချီးမြှင့်မယ်လို့ ပြောတယ်”
အားယွင်သည် ဝမ်းသာအားရဖြင့် သူ့ကို ပြောနေသည်။
အားယွင်သည် တပ်စုမှူး အားလုံးထဲတွင် အငယ်ဆုံးဖြစ်သည်။ သူသည် သူ၏မရင့်ကျက်သည့် စိတ်ကိုပင် မဖယ်ရှားရသေးပေ။ တက်ကြွပြီး စိတ်အပြောင်းအလဲမြန်သည့် အကျင့်စရိုက်တစ်ခု ရှိသည်။
ရှားရှားပါးပါး အချက်တစ်ခုက ဒီလိုခက်ခဲသည့် ပတ်ဝန်းကျင်တစ်ခုတွင် ကြီးပြင်းခဲ့ရသော်ငြားလည်း သူသည် ရယ်မောရသည်ကို နှစ်သက်သည့် လူတစ်ယောက် ဖြစ်နေ၏။
သို့သော်ငြား သူသည် စစ်ပွဲထဲသို့ ဝင်သွားသည်နှင့် ရုတ်ခြည်းဆိုသလို အင်မတန်မှ ကြောက်စရာကောင်းသည့် သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ချီတက်တော့ ဟူသည့်အသံ ကြားရချိန်တွင် သူသည် သူ့အသက်ကိုပင် မထောက်ဘဲ ရှေ့သို့ အရှိန်ပြင်းပြင်း ဝင်သွားတတ်သည်။
သူညာဘက်လက်ခုံပေါ်တွင် အကျည်းတန်လှသည့် အမာရွတ်တစ်ခု ရှိပြီး ဒီအမာရွတ် ကျေးဇူးကြောင့်ပင် သူသည် အငယ်ဆုံ တပ်စုမှူး ဖြစ်လာခဲ့ခြင်းပင်။
မော့ချောင်ရှန်းက ထရပ်လိုက်ပြီး ဘာမှမပြောဘဲ သူ့နောက်မှလိုက်ကာ စခန်းထဲမှ ထွက်လိုက်သည်။
သူသည် ဂုဏ်ပြုပွဲကို လုံးဝ မတက်ရောက်ချင်ပေ။ သို့သော်ငြားလည်း သူ့တွင် ငြင်းဆန်ပိုင်ခွင့်မရှိပေ။
ရှေ့က စောင့်နေသူမှာ အားဖုန်း ဖြစ်သည်။ သူ့မျက်နှာသည် ယောက်ျားများအကြားတွင် ချောမောလှပသည်ဟု သတ်မှတ်နိုင်သည်။ မျက်လုံးကျင်းကျင်းနှင့် နှာတံမြင့်မြင့်တစ်ခု ပိုင်ဆိုင်ထားသည်။ သို့သော်ငြားလည်း ကျွန်များအတွက်တော့ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ချောမောလှပခြင်းက ကောင်းသည့်အရာဟု အဓိပ္ပာယ် မရချေ။
သူသည် ချောမောခန့်ညားပြီး အသက်ရှင်နေသေးကာ တပ်စုမှူးတစ်ယောက်ပင် ဖြစ်လာခဲ့ခြင်းက သူသည် နောက်ကွယ်က မြင်ကွင်းများတွင် တခြားသူများထက် အများကြီး ပိုပေးဆပ်ခဲ့ရသည်ဟု သက်သေပြနေသည်။
မော့ချောင်ရှန်းကဲ့သို့ပင် သူသည်လည်း သုန်မှုန်သည့် မျက်နှာတစ်ခု ဖြစ်နေပြီး ဘာမှမပြောဘဲ လမ်းလျှောက်နေသည်။
“သခင်က ငါ့ကို ဘာတွေဆုချမလဲ သိချင်လိုက်တာ။ အားကျောက် အသားဖြစ်မယ်လို့ မင်းထင်လား။ ငါ အသားမစားရတာတောင် တော်တော်ကြာသွားပြီ”
အားယွင်သည် စိတ်ကူးယဉ်လိုက်ပြီး သူ့နူတ်ခမ်းကို သပ်လိုက်၏။
“ငါလည်း အသားစားချင်တယ်။ ငါလည်း အဲ့အကြောင်းကိုပဲ စိတ်ကူးနေတာ”
ဝက်ဝံတစ်ကောင်လို လူကောင်ကြီးပြီး သန်မာသည့် အားကျောက်က သူ့တံတွေးကို မျိုချလိုက်သည်။
“အိပ်မက် မက်မနေနဲ့။ မင်းတွေရဲ့ အသားအရေတွေက သခင်ရှေ့မှာဆိုရင်တော့ အရှုံးပေါ်နိုင်မဲ့ အရာတွေ။ မင်းတို့တွေက သတိမထားဘူးဆိုရင်တော့ အသားဆုံးရှုံးရမဲ့အပြင် မင်းတို့ရဲ့အသက်ပါ ပါသွားလိမ့်မယ်”
ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်မွှေးနှင့် လောင်ချန်းက သူတို့ကို အေးစက်စက် ဖြတ်ပြောလိုက်သည်။
လူငါးယောက်အဖွဲ့သည် ဤစစ်ပွဲတွင် ကြီးမားသည့် အကျိုးဆောင်မှုကို ပြုလုပ်ခဲ့သည့် ကျွန်များဖြစ်သည်။ တချို့က စိတ်လှုပ်ရှားနေကြပြီး တချို့က စိုးရိမ်ပူပန်နေကြကာ တချို့ကတော့ ရင်လေးနေကြသည်။
သူတို့က သူတို့၏သခင်ဘေးက ကျွန်တစ်ယောက် နောက်သို့ လိုက်လာခဲ့ပြီး ဝေပေဟိုရှိရာ အခန်းဆီသို့ လာခဲ့ကြသည်။
အစေခံက သူတို့ကို ရေချိုးခန်းတစ်ခုထဲသို့ ခေါ်သွားပြီး သူတို့ကို ဝက်မှင်ဘီးတစ်ခုနှင့် ရေခလောက်ကြီး တစ်ခုကို ပေးလိုက်သည်။
“မင်းတို့ဘာသာမင်းတို့ သေချာသန့်စင်အောင် ရေချိုးပြီးရင် အဝတ်အစားအသစ်တွေ ဝတ်လိုက်ကြ။ စားသောက်ပွဲမှာ အထင်ကရ ဧည့်သည်တွေ အများကြီးပဲ။ သခင့်ကို အရှက်မခွဲကြနဲ့”
အစေခံက စူးရှသည့် အသံတစ်ခုဖြင့် သူ့ဘေးတွင် တစ်ပုံစံတည်း ချုပ်လုပ်ထားသည့် အဝတ်ပုံကြီးကို လက်ညိုးထိုးပြလိုက်သည်။
မော့ချောင်ရှန်းက မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ကာ အေးစက်နေသည့် ရေတစ်ခွက်ကို ခပ်လိုက်ပြီး သူ့ခေါင်းပေါ်သို့ လောင်းချလိုက်သည်။ ရွှံ့နွံ့များ ပေကျံနေပြီး သွေးများ ပေကျံနေသည့် အညစ်အကြေးများသည် သူ၏ခန္ဓာကိုယ် အောက်ဘက်သို့ စီးဆင်းသွားသည်။ အေးစက်သည့်ရေက သူ၏ငိုက်မျဉ်းသည့် အာရုံကြောများကို လှုံ့ဆော်လိုက်၏။ သူသည် စိတ်ထဲတွင် အနည်းငယ် လေးလံနေသည်။ သူ ရင်ဆိုင်ရမည့်အရာက ကောင်းသည့်အရာ ဟုတ်လိမ့်မည် မဟုတ်ကြောင်း ဝိုးတဝါး ခံစားမိနေသည်။
သူတို့လို ကျွန်များအတွက်တော့ သူတို့၏အကျိုးဆောင်မှုက မည်မျှပင် ကြီးမားနေပါစေ သူတို့သည် တကယ့်စစ်သူကြီးများနှင့်တော့ မယှဉ်နိုင်ချေ။ သူတို့သည် ကံကောင်းခဲ့လျှင် ချက်ပြုတ်ပြီးသား အသားတစ်တုံးကို ရနိုင်မည်ဖြစ်ကာ သူတို့ သခင်၏သနားညှာတာမှုမှ ဆုလာဘ်တစ်ခုအနေဖြင့် လက်နက် သို့မဟုတ် ချပ်ဝတ်တန်ဆာတစ်ခုကို ရနိုင်ပေသည်။
သို့သော်ငြားလည်း အကယ်၍ ကံသာ မကောင်းခဲ့လျှင်၊ မသင့်တော်သည့် အပြုအမူတစ်ခုက သခင်ကို ဒေါသထွက်စေခဲ့လျှင် သို့မဟုတ် တော်ဝင်မျိုးနွယ်တစ်ယောက်ကို သွား စမိခဲ့လျှင် ဒါသည် သေခြင်းတရားကို ဦးတည်သွားနိုင်ပေသည်။
ထို့အပြင် သူတို့၏သခင် ဝေပေဟိုက...
မော့ချောင်ရှန်းသည် ရေတစ်ပုံးလုံးကို သူ့ခေါင်းပေါ်သို့ လောင်းချလိုက်သည်။ သူသည် ချူဟွိုက်ကွမ်းတွင် ဝေပေဟိုနှင့် ပထမဦးဆုံး တွေ့ဆုံခဲ့ချိန်က သူကိုယ်တိုင် မျက်မြင်သက်သေ တွေ့ခဲ့ဖူးသည်။ ဒီသခင်၏ မဖွယ်မရာ အောက်တန်းကျလှသည့် အပြုအမူကို ပြန်မစဉ်းစားချင်တော့ပေ။
သူသည် မှားယွင်းခဲ့တာ ဖြစ်နိုင်သည်။ ထိုမျှလောက် အလွန်အကျွံ မကြိုးစားခဲ့သင့်ပေ။
သို့သော်ငြားလည်း အကယ်၍များ သူသည် မြို့တံတိုင်းပေါ်သို့ တက်ပြီး ကြိုးကြိုးစားစား မတိုက်ခဲ့လျှင် ဒါက သေမိန့်ဖြစ်ကာ သူ့နောက်သို့ လိုက်ပါလာသည့် ညီအစ်ကိုများ၏ သေခြင်းတရားလည်း ဖြစ်ပေသည်။
သူ့ဘေးက အားဖုန်းကလည်း သူ့လိုပင် တူညီသည့် လေးနက်သည့် အမူအရာတစ်ခုရှိနေပြီး အံကြိတ်ထားကာ သူ့ကိုယ်သူ ရေလောင်းချိုးလိုက်၏။ သူတို့နှစ်ယောက်လုံးသည် အမှတ်တမဲ့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံး၏ မျက်လုံးထဲတွင် ရတက်မအေးရဘဲ ကြောက်ရွံ့သည့် ခံစားချက်ကို မြင်လိုက်ရ၏။
ရေချိုးပြီးနောက် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဘာအနံ့အသက်များ မရှိအောင် သေချာအောင် လုပ်လိုက်ပြီးနောက်တွင် အနီရောင်အနားကွပ်များဖြင့် ချုပ်ထားပြီး အနက်ရောင် ဒူးအထိဖုံးသည့် အပေါ်ထပ်ဝတ်စုံကို ဝတ်ဆင်လိုက်ကြသည်။ စစ်တပ်၏ ထူးခြားသည့် သူရဲကောင်းဆန်မှုနှင့် သေသပ်မှုကို ပြသရန် ကိုယ်ကြပ်ဝတ်စကုပ်စတိုင် လည်သာချပ်ဝတ်ကို ဝတ်ဆင်ဖို့ အမိန့်ပေးထားသည်။
အားယွင်သည် သူ့ခန္ဓာကိုယ်ပေါ်က အကောင်းစား ချည်ထည်အဝတ်အစားကို ထိကာ ကြည့်လိုက်နေပြီး တအံ့တဩ ကြေငြာလိုက်သည်။
“ဒီအဝတ်အစားက အရမ်းကို ပျော့ပျောင်းပြီး နေသာထိုင်သာ ရှိတာပဲ။ ငါ့ဘဝမှာ ဒီလောက်လှပတဲ့ အဝတ်အစားကို ဝတ်ဖူးတာ ဒါ ပထမဦးဆုံးအကြိမ်ပဲ”
သူ့ဘေးက ဖြတ်သွားသည့် အားဖုန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
“ငတုံး”
...
ဝေပေဟို စီစဉ်သည့် ဂုဏ်ပြုညစာစားပွဲတွင် ချန်ချန်းယဲ့သည် သူမအတွက် အလွန်မှ အသစ်အဆန်း ဖြစ်နေသည်။ ရှေးခတ်သီချင်းနှင့် အကဖျော်ဖြေမှုများကို စိတ်ဝင်တစား ကြည့်ရှုနေကာ စားသောက်ပွဲက အရသာရှိသည့် ဟင်းလျာအမျိုးမျိုးကို မြည်းစမ်းကြည့်လိုက်သည်။
သူမကို ခစားနေကြသူများမှာ နှင်းဆီရောင် နူတ်ခမ်းနှင့် ဖြူဖွေးသည့် သွားများပိုင်ဆိုင်ထားသည့် လူငယ်နှစ်ယောက် ဖြစ်သည်။ တစ်ယောက်၏ နာမည်မှာ လွီယောင်ဖြစ်ပြီး ကျန်သည့်တစ်ယောက်ကတော့ ရှောင်းရှို့ဖြစ်သည်။
သူတို့သည် ကုန်းဇီယွီ၏ ကိုယ်ပိုင်အခြွေအရံများ ဖြစ်သည်။ ကုန်းဇီယွီနှင့် အလွန်မှ ရင်းနှီးကာ ထုတ်ပြော၍ မရနိုင်သည့် ဆက်ဆံရေးတစ်ခု ရှိလေသည်။ ကုန်းဇီယွီသည် သူ မည်သည့်နေရာသို့ သွားသွား သူတို့ကို အမြဲတမ်း ခေါ်သွားတတ်သည်။
ထို့ကြောင့် ချန်ချန်းယဲ့ကလည်း သူတို့ကို သူမနှင့်အတူ ခေါ်လာရသည်။
သူတို့သည် ချန်ချန်းယဲ့ကို တစ်ဖက်တစ်ချက်မှ ခစားနေပြီး ရွှန်းလဲ့နေသည့် မျက်ဝန်းများဖြင့် သူမကို ကြည့်နေသည်။ မျက်ဝန်းများအားလုံးက လေးစားအားကျကာ နူးညံ့သိမ်မွေ့မှုအပြည့် ဖြစ်နေ၏။
ချန်ချန်းယဲ့၏ မျက်လုံးထဲတွင်တော့ ရှောင်းရှို့သည် သူမကို ကြည့်လိုက်သည့်အချိန်တွင် ချစ်ခြင်းတရားနှင့် လိုအင်ဆန္ဒကို အဓိပ္ပာယ်ဖော်နေသည့် ပန်းဆီရောင် အရောင်တစ်ခု ထုတ်လွှင့်နေသည်။
လွီယောင်ကို ဖုံးကွယ်ထားသည့် အရောင်ကတော့ ကူကယ်ရာမဲ့နေသည့် စိမ်းဖျော့ရောင် ဖြစ်နေသည်။
ထို့ကြောင့် ရှောင်းရှို့သည် သူမ၏အစ်ကိုပေါ် စစ်မှန်သည့် ယောက်ျားလေးအဖော်ဖြစ်ကာ လွီယောင်ကတော့ သူမအစ်ကိုအပေါ်ကို သစ္စာရှိရန် ဟန်ဆောင်ဖို့ ဖိအားပေးထားသည်ဟု ချန်ချန်းယဲ့ သဘောပေါက်လိုက်သည်။
ဒါသည် မှန်သည် ဖြစ်စေ၊ မှားသည်ဖြစ်စေ သူမကတော့ မလိုအပ်ပေ။ သူမသည် ဒီလူရည်မွန်နှစ်ယောက်ကို မည်သည့်အချိန်ကျမှ သဘာဝကျကျ ဖယ်ရှားနိုင်ပါမည်နည်း။ ချန်ချန်းယဲ့သည် မျက်နှာပေါ်တွင် မျက်ရည်များ စီးကျမတတ် သူမ၏ စိတ်ထဲတွင် စဉ်းစားနေမိသည်။
ငယ်ရွယ်ချောမောလှပြီး အပျိုတော်လေးများစွာနှင့် အခြွေအရံများစွာတို့သည် စားသောက်ပွဲထဲတွင် လူးလွန့်သွားလာနေကြပြီး အထက်တန်းစား မိသားစုများအကြား၊ တော်ဝင်မျိုးနွယ်များအကြားတွင် ဟင်းလျာများကို တည်ခင်းပေးပြီး ယမကာများကို လောင်းထည့်ပေးနေကြသည်။ ဧည့်သည်တစ်ယောက်က အမျိုးသမီးတစ်ယောက်ကို သဘောကျခဲ့လျှင် သူသည် သူမကို လက်ယက်ခေါ်ပြီး ဘေးတွင်နေစေကာ သူ့ကို ခစားခိုင်းသည်။ သူသည် စားသောက်ပွဲပြီးသွားပြီးနောက် အမျိုးသမီးကို သူ၏ကိုယ်ပိုင်တဲထဲသို့ ခေါ်သွားတတ်သည်။
ဝေပေဟို ဟွားယွီကျစ်၊ ဟန်ကျုံးနယ်စား ဟန်ချွမ်းလင်၊ ယွင်နန်ဝမ် ယွမ်ယိကျစ်တို့သည် သူတို့၏ ဘယ်တစ်ဖက် ညာတစ်ဖက်စီတွင် လှပသည့် လူငယ်လေးနှစ်ယောက်ကို ပွေ့ဖက်ထားကာ သူတို့သည် စိတ်တူကိုယ်တူ မိတ်ဆွေများ ဖြစ်လာကြပြီး ရွှင်လန်းတက်ကြွစွာ စကားစမြည် ပြောနေကြသည်။
သူတို့သည် ချန်ချန်းယဲ့ကို သူတို့ကိုယ်တိုင်နှင့် ဝါသနာတူညီသည့် တစ်စုံတစ်ယောက်ဟု သတ်မှတ်လိုက်ကြပြီး မကြာခဏဆိုသလို သူနှင့် ညစ်ညမ်းသည့် ဟာသများကို ဝေမျှပြောဆိုတတ်ကာ ချန်ချန်းယဲ့မှာ အလွန်မှ စိတ်ပျက်ရတော့သည်။
ဒီအခိုက်အတန့်တွင် အနက်ရောင် အဝတ်အစားနှင့် ချပ်ဝတ်များ ဝတ်ဆင်ထားသည့် ရဲမတ်ငါးယောက်သည် အပြင်ဘက်တံခါးမှ ဝင်ရောက်လာခဲ့သည်။ သူတို့သည် ဒူးထောက်ချလိုက်ပြီး သူတို့၏ ရင်ဘတ်ရှေ့တွင် လက်များကို တင်ထားကာ သူတို့၏နဖူးကို မြေကြီးနှင့်ထိအောင် ဦးတိုက်လိုက်ပြီး ကျွန်များ၏ ဒူးထောက်ချနေသည့် အခမ်းအနားကို ပြုလုပ်လိုက်ကြသည်။
ဟွားယွီကျစ်က ပြုံးကာ အားလုံးကို ပြောလိုက်၏။
“သူတို့တွေက ဒီတိုက်ပွဲမှာ ကြီးမားတဲ့ အကျိုးဆောင်မှုတွေ ပြုလုပ်ခဲ့တဲ့ ကျုပ်လက်အောက်က ကျွန်တွေလေ။ အစွန်ဆုံးက တစ်ယောက်ကတော့ မြို့တံတိုင်းပေါ် တက်ခဲ့တဲ့ ပထမဦးဆုံး ရဲမက်ပေါ့။ သူ့နာမည်က မော့... ဪ ဟုတ်တယ် မော့ချောင်ရှန်းတဲ့”
မော့ချောင်ရှန်းက ခေါင်းမော့ကာ ဦးတိုက်လိုက်၏။
ချန်ချန်းယဲ့သည် စားပွဲနားတွင် ထိုင်ကာ ဒီနိမ့်ချလှသည့် လူကို ကြည့်နေမိပြီး အလွန်အံ့ဩသည့် ခံစားချက်တစ်ခု ဖြစ်သွားသည်။ သူမ၏ မျက်လုံးထဲတွင် ဒီလူသည် တစ်ခုလုံး သန့်စင်ကြည်လင်နေသည့် နီလာကျောက်တုံးတစ်တုံးလို ဖြစ်နေသည်။ အပြာရောင်က သမုဒ္ဒရာလို သန့်စင်ပြီး ကျယ်ပြောလှကာ သူမ အရင်က တစ်ခါမှ မမြင်ဖူးသည့် ဆွဲဆောင်မှုရှိသည့် အရောင်တစ်ခု ဖြစ်နေသည်။
မဟာမိတ်ဖွဲ့ရန် ပထမဦးဆုံး ကြေငြာခဲ့သည့်လျန်ကျုံးနယ်စား လီဝမ်ကွမ်းက ထရပ်ကာ စားပွဲပေါ်က ယမကာခွက်ကို ကောက်ယူပြီး ပြောလိုက်သည်။
“မင်းတို့က ကျွန်တစ်ယောက်ဆိုပေမဲ့လည်း ငါတို့ရဲ့ မဟာမိတ်အဖွဲ့အတွက် ကြီးမားတဲ့ အကျိုးဆောင် တစ်ခုကို ပြုလုပ်ခဲ့တယ်။ ငါ မင်းကို ကိုယ်တိုင် အရက်ခွက်တိုက်ပြီး ဂုဏ်ပြုမယ်”
ယမကာဝိုင်းတွင် အားလုံးသည် လီဝမ်ကွမ်းကို သူ၏ယဉ်ကျေးပျူငှာပြီး ဉာဏ်ပညာရှိကာ နှိမ့်ချသည့်အတွက် လေးစားကြသည်။ သူတို့ကလည်း နောက်မှလိုက်လုပ်ကာ အကျိုးဆောင်ခဲ့သည့် ကျွန်အများအပြားကို ယမကာများ ပေးလိုက်ကြလေသည်။
...