Ch 5
Viewers 269

အပိုင်း (၅)

မော့ချောင်ရှန်းသည် သူ့ရှေ့က ယမကာ အပြည့်ပါသည့်ခွက်ကို ကြည့်ရင်း ဖြူဆုတ်သွားတော့သည်။ သူသည် တစ်နေ့နှင့် တစ်ညတာ ခက်ခက်ခဲခဲ တိုက်ခိုက်လာခဲ့ရသည်။ ရေတစ်စက်လေးပင် မသောက်ရသေးပေ။ သူ့မှာ ဂျုံကြမ်းဖြင့် လုပ်ထားသည့် မန်ထိုကို နှစ်ကိုက်သာ ကိုက်ဖို့ရန် အချိန်ရခဲ့သည်။

ဒီအခိုက်အတန့်တွင် သူသည် ဆာလှောင်မွတ်သိပ်နေပြီး သွေးများလည်း အများအပြား ဆုံးရှုံးထားသည်။ ထို့ကြောင့် သူ့အတွက် ယမကာသောက်ဖို့ရန် အမှန်ပင် မသင့်တော်ချေ။

သူ့ကို စိုးရိမ်စေသည့် အရာမှာ ယမကာမူးသွားပြီးလျှင် သူ့ကိုယ်သူ အရူးတစ်ယောက်လို ပြုမူမိသည့် သူ့သခင်၏မျက်နှာကို ပျက်ရစေကာ သူ့ကိုယ်တိုင်အတွက် ကပ်ဘေးဒုက္ခကို သယ်ယူလာမည့်ကို စိုးရိမ်ခြင်းပင်။

သို့သော်ငြားလည်း သူသည် ငြင်းဆန်ဖို့ရန် အခြေအနေမရှိပြန်ချေ။

သူသည် တလေးတစားဖြင့် ရှေ့သို့ တက်လာပြီး လီဝမ်ကွမ်းထံမှ ယမကာခွက်ကို ယူလိုက်ကာ ဒူးထောက်ရင်း တစ်ကျိတ်တည်း မော့သောက်လိုက်တော့သည်။

ထို့နောက်တွင်လည်း သူ့သခင် ဟွားယွီကျစ် လှမ်းပေးလာသည့် ယမကာကို လှမ်းယူလိုက်ပြီး ကျေးဇူးတင်သည့်အနေဖြင့် ဦးချလိုက်ကာ အားလုံးကို သောက်လိုက်လေသည်။

ထို့နောက်တွင်မှ ဟန်ကျုံးနယ်စား ဟန်ချွမ်းလင်နှင့် ယွင်နန်ဝမ်၊ ယွမ်ယိကျစ်တို့ကလည်း ရှိနေသည်...

ချန်ချန်းယဲ့သည် သူ့ထိုင်ခုံတွင်ထိုင်ကာ ယမကာသောက်နေသည့် ငယ်ရွယ်လှသည့် ကျွန်လေးကို ကြည့်နေမိ၏။ သူ့ပတ်ဝန်းကျင်၌ လှပသည့် မိုးပြာရောင်သည် တဖြည်းဖြည်း အရောင်ရင့်လာပြီး အနီနှင့်ခရမ်းရောင် ရောထားသည့် အရောင်ရင့်ရင့်က တဖြည်းဖြည်း တိုးလာကာ သူ့ပတ်ဝန်းကျင်တွင် ရစ်ဝဲနေပြီး စိတ်ဓာတ်ကျကာ နာကျင်နေသည့်ဟန် ဖြစ်နေလေသည်။

ယမကာခွက်ကို လှမ်းယူလိုက်သည့် သူ၏ဘယ်ဘက်လက်က အနည်းငယ် သဘာဝမကျ ဖြစ်နေပြီး မသိမသာ တုန်ယင်နေသည်။ သူ၏ဘယ်ဖက်ပခုံးပေါ်က သားရေချပ်ဝတ်အောက်ရှိ အနက်ရောင်အဝတ်အစားအောက်တွင် ရေတစ်ကွက် စွန်းထင်းနေသည်။

မဟုတ်ချေ။ ထိုအရာသည် သွေးများ ဖြစ်ရမည်။

ချန်ချန်းယဲ့သည် မြို့တံတိုင်းပေါ်တွင် သူ့ပခုံးပေါ် ထိုးဖောက်ထားသည့် လှံကို စဉ်းစားမိသွား၏။

မော့ချောင်ရှန်းက ယွင်နန်ဝမ်၊ ယွမ်ယိကျစ်ပေးလိုက်သည့် ယမကာကို သောက်လိုက်သည်။

ထင်ထားသည့်အတိုင်းပင် သူသည် မူးဝေလာပြီး သူ၏ဝမ်းဗိုက်ကလည်း အော့အန်ချင်သလို စတင်လိမ့်တက်လာတော့သည်။

ထို့နောက်တွင်သာ သူသည် သူ့ကို လက်ဝေ့ယမ်းပြနေသည့် မြို့စားငယ်လေးတစ်ယောက်ကို မြင်လိုက်၏။

မော့ချောင်ရှန်းသည် သူ ထပ်မသောက်နိုင်တော့သည်ကို သိနေသည်။

သို့သော် သူ့မှာ အချိန်မဆွဲရဲပေ။ သူသည် သူ၏အားနည်းချိနဲ့နေသည့် ခြေထောက်ကို စားပွဲနောက်အထိ ဆွဲသွားလိုက်ပြီး သူ့ကိုယ်သူ ဝပ်တွားခယလိုက်ကာ ကျင်းယွဲ့ဟိုက သူ့ကို လှမ်းပေးလိုက်သည့် ရွှေခွက်ကို လှမ်းယူလိုက်သည်။

ယမကာကို တစ်ငုံလောက် သောက်လိုက်သည်တွင် မော့ချောင်ရှန်းသည် ရုတ်တရက် မှင်တက်အံ့ဩသွား၏။ ခွက်ထဲတွင် ပါဝင်နေသည့် အရာမှ ယမကာမဟုတ်ဘဲ မွှေးပျံ့လှသည့် နို့နှစ်ရောင် နို့တစ်ခွက်ဖြစ်နေလေသည်။ သူက တအံ့တဩ မော့ကြည့်လိုက်ချိန်တွင် သူ့ကို ကြည့်နေသည့် ကျင်းယွဲ့ဟိုက တိတ်တိတ်လေး မျက်လုံးမှိတ်ပြလိုက်သည်ကို မြင်လိုက်ရ၏။

မော့ချောင်ရှန်းသည် သူ့ခေါင်းကို ငုံထားလိုက်ပြီး နွေးနွေးလေး ဖြစ်နေသည့် နို့တစ်ခွက်ကို ဖြည်းဖြည်းနှင့် တိတ်တဆိတ် သောက်လိုက်သည်။ သူ၏ အနည်းငယ် နာကျင်နေသည့် ဝမ်းဗိုက်က နွေးထွေးသည့် စီးကြောင်းတစ်ခုကြောင့် ဖြည်းဖြည်း သက်သာလာကာ အနည်းငယ် တည်ငြိမ်သွားသည်ကို ခံစားလိုက်ရသည်။

သူက နောက်တစ်ကြိမ် ဦးချလိုက်ပြီး သူ့နှလုံးသားထဲတွင် ကျေးဇူးတင်စိတ် အပြည့်ဖြစ်သွားကာ သူသည် သူ့နေရာသို့ တိတ်တိတ်လေး ပြန်သွားလိုက်သည်။

ယွင်နန်ဝမ် ယွမ်ယိကျစ်ထံမှ ယမကာကို လက်ခံရရှိခဲ့ပြီးနောက်တွင် အားဖုန်းသည် စားပွဲမှ ထွက်လာလေသည်။

ပုံမှန်အေးတိအေးစက် အသွင်အပြင်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့် အားဖုန်းသည် တောက်ပသည့် အပြုံးတစ်ခုကို ပြသထားလိုက်ပြီး ယွမ်ယိကျစ်ကို ခစားပေးရန် သူ့ဘေးတွင် နာနာခံခံဖြင့် ဒူးထောက်ချလိုက်လေသည်။

ယွမ်ယိကျစ်က ငါးဆီဖောင်းလို လေလျော့နေသည့် သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ပြီး သူ၏ဖြူဖျော့ဖျော့ ဖောင်းနေသည့်လက်ကို ဆန့်ထုတ်လိုက်ကာ အားဖုန်း၏ မေးစေ့ကို လှမ်းညစ်လိုက်သည်။

“ခင်ဗျားတို့ လူကြီးလူကောင်းတွေက တစ်ခါတစ်လေကျရင် အဲ့ဒီကိစ္စကို မသိပါဘူး။ မိန်းမလှလေးတစ်ယောက်က ဘယ်လောက်ပဲ နူးညံ့ပြီး ဆွဲဆောင်မှု ရှိနေပါစေ သူက တိုက်ပွဲထဲမှာ ခုန်ပေါက်ပြေးလွှားနေတဲ့ မြင်းရိုင်းတစ်ကောင်နဲ့တော့ မယှဉ်နိုင်ဘူးလေ။ ကျုပ်အထင်ကတော့ ဒီလိုမြင်းရိုင်းတစ်ကောင်ကို သိမ်းပိုက်နိုင်တာကပဲ ကျူပ်တို့လို သူရဲကောင်းတွေအတွက် တကယ့်အကြီးမားဆုံး ပျော်ရွှင်ဖြစ်တယ်လို့ ထင်တယ်”

အားဖုန်းသည် လုံးဝ မခုခံဘဲ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ခေါင်းငုံ့ထားလေသည်။

အားလုံးက ရယ်မောကြ၏။

လီဝမ်ကွမ်းက အနည်းငယ် မရွှင်မပျ ဖြစ်သွားသော်ငြားလည်း သူသည် ဒါကို အလေးအနက် မထားသလို အများကြီးလည်း မပြောလိုက်ချေ။

ဟန်ကျုံးနယ်စား ဟန်ချွမ်းလင်က သူ့ကို ချီးကျူးစကား ပြောလိုက်လေသည်။

“ကုန်းဇီယွမ်က တကယ် အမြင်ရှိတာပဲ။ ဒါက ကျွန်တော်တို့တွေထဲက ဘယ်သူကမှ မယှဉ်နိုင်တဲ့ အရာပဲလေ”

ဝေပေဟို ဟွားယွီကျစ်က လက်ကို ဝေ့ယမ်းလိုက်ပြီး အားယွင့်ကို သူ့ဘေးနားသို့ လာဖို့ လက်လှမ်းပြလိုက်သည်။

အားယွင့်သည် ပျာယာခတ်သွားပြီး သူ့သခင်ဘေးတွင် ဒူးထောက်ချလိုက်ပြီး ဘာလုပ်ရမည်မှန်း မသိအောင် ဖြစ်သွား၏။

ဟွားယွီကျစ်သည် မကျေမနပ်ဖြစ်သွားပြီး သူ့ခြေထောက်ကို ခပ်နာနာ ဆွဲဆိတ်လိုက်ကာ အားယွင့်မှာ အလွန်မှ အထိတ်တလန့် ဖြစ်သွားပြီး သူ့မျက်နှာက ဖြူဆုတ်သွားလေသည်။

မော့ချောင်ရှန်းသည် သူ့နေရာတွင် ဒူးထောက်နေပြီး သူ့ခေါင်းကို အတတ်နိုင်ဆုံး ငုံ့ထား၏။ သူသည် သူ့လက်များကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး မဖွယ်မရာ မျက်လုံးတစ်စုံက သူ့ကို ကြည့်နေသည်ကို သိနေသည်။

ဟန်ကျုံးနယ်စား ဟန်ချွမ်းလင်သည် စားသောက်ပွဲအတွင်း ထိုင်နေပြီး သူ့မုတ်ဆိတ်ကို လက်ဖြင့်ရစ်ပတ်ရင်း ကုန်စည်ပစ္စည်းတစ်ခုကို အကဲခတ်နေသလို စိတ်ဝင်စားခြင်း ကြီးစွာဖြင့် တံခါး၏ အရိပ်ထဲတွင် ဒူးထောက်နေသည့် သူ့ကို ကြည့်နေလေသည်။

ငါ့ကို မခေါ်နဲ့။ ငါ့နာမည်ကို မခေါ်ပါနဲ့။

သူသည် ကလေးဘဝတုန်းက တဲအပြင်ဘက်တွင် ကွေးကွေးလေးရှိနေကာ သူ့အစ်ကိုဖြစ်သူ ထွက်လာမည်ကို စောင့်နေသည့် အချိန်ကို မနေနိုင်ဘဲ ပြန်စဉ်းစားမိလေသည်။

မိစ္ဆာကောင်ကြီး တစ်ကောင်နှင့်တူသည့် မဲမှောင်ပြီး ယိုယွင်းပျက်ဆီးနေသည့် တဲထဲမှ သူ့အစ်ကို၏ နာနာကျင်ကျင် အော်ဟစ်သံများကို ကြားနေသည်။ ထိုအသံများသည် ဘယ်တော့မှ မဆုံးတော့သည့်နှယ်။ သူသည် ဒီအခြေအနေတစ်ခုသို့ ကျရောက်မှာကို ရှောင်ရှားဖို့ရန် နှစ်ပေါင်းများစွာ အကောင်းဆုံး ကြိုးစားလာခဲ့ရသည်။ သို့သော်ငြားလည်း သူသည် ဒါကို မရှောင်နိုင်ခဲ့သေးချေ။

သူသည် နာနာကျင်ကျင် စဉ်းစားနေမိလေသည်။

ဒီအချိန်တွင် သူသည် သူ့နာမည်ကို ခေါ်သံတစ်ခုကို ကြားလိုက်လေ၏။

“မော့ချောင်ရှန်း ဒီကိုလာခဲ့”

သူသည် ဇဝေဇဝါဖြင့် ခေါင်းကို မော့လိုက်သည်တွင် သိမ်မွေ့သည့် မျက်နှာတစ်ခုဖြင့် ပြုံးကာ သူ့ကို ခေါင်းညိတ်ပြနေသည့် လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည်။

သူ့ကို ခုနက နွားနို့တစ်ခွက် ကမ်းပေးခဲ့သည့် ကျင်းယွဲ့ဟို ဖြစ်နေ၏။

မော့ချောင်ရှန်းသည် ချန်ချန်းယဲ့ဆီသို့ ရောက်လာကာ သူသည် မြေကြီးပေါ်တွင် လေးဘက်ထောက်သွားပြီး  သူ့နဖူးကို သူ့လက်ခုံပေါ်တွင် တင်းကြပ်နေအောင် ဖိကပ်ထားလိုက်၏။ သူ့စိတ်ထဲတွင်တော့ အလိုလို စိတ်အေးသွားသလို ခံစားမိနေ၏။

ဒီတော်ဝင်မျိုးနွယ် လူငယ်လေး သိမ့်မွေ့တယ်ဆိုတာနဲ့ပဲ မင်းက ဒီလိုအရှက်ခွဲတာကို ဝမ်းသာအားရ လက်ခံတော့မယ်ပေါ့လေ။

မော့ချောင်ရှန်းသည် သူ့စိတ်ထဲတွင် သူ့ကိုယ်သူ အထင်သေးကာ ရှုတ်ချလိုက်လေသည်။

သူသည် သူ့နဖူးရှေ့က မြေကြီးပေါ်တွင် တစ်ခုခု တိုးညင်းသည့်အသံ ကြားလိုက်ရ၏။

မော့ချောင်ရှန်းက ခေါင်းမော့လိုက်သည်တွင် သူ့ရှေ့က ကောဇောပေါ်၌ ယွန်းထည်သုတ်ထားသည့် လင်ဗန်းတစ်ခုကို တွေ့လိုက်ရ၏။

ကျင်းယွဲ့ဟိုက သူ့ကို မကြည့်ချေ။ သူသည် အပြုံးတစ်ခုနှင့် သူ့ရှေ့တွင် သီဆိုကပြနေသည်ကိုသာ ကြည့်နေပြီး သူ့ဘေးတွင် ထိုင်နေသည့် ဟန်ချွမ်းလင်ကို အေးအေးလူလူ စကားပြောနေလေသည်။

သူသည် သူ့ဘေးတွင် ရှိနေသည့် ကျွန်တစ်ယောက်ကို ဂရုစိုက်ဟန် မတူချေ။

သို့သော်ငြားလည်း ထိုချောမောလှပသည့်လက်က စားပွဲပေါ်ရှိ အစိမ်းရောင်တောက်တောက် ကြွေပန်းကန်လုံးကို သာမာန်ကာလျှံကာ လှမ်းယူလိုက်ပြီး သတိမထားမိသလို သူ့ရှေ့က လင်ဗန်းပေါ်တွင် ချပေးလိုက်လေသည်။

ထိုအထက်တန်းဆန်လှသည့် ကြွေပန်းကန်လုံးထဲတွင် ကြက်ပေါင်းဂျင်ဆင်းဟင်းရည် အပြည့် ပါရှိနေပြီး ဆွဲဆောင်မှုရှိသည့် မွှေးရနံ့တစ်ခုက ထွက်ပေါ်နေလေသည်။

အရှင်။ ဒါက ဘာအဓိပ္ပာယ်လဲ။

‌မော့ချောင်ရှန်းသည် တွေးလည်းမတွေးရဲသလို အလောတကြီးလည်း မလှုပ်ရှားရဲချေ။

သို့သော်ငြားလည်း သူ့ခန္ဓာကိုယ်က သူ့ဦးနှောက်ထက် ပိုပြီး ရိုးသားစွာ သူ့လိုအင်ဆန္ဒကို ထုတ်ပြောလေသည်။ သူ့ဝမ်းဗိုက်က တကျုတ်ကျုတ်မြည်လာ၏။

“ဝေပေနယ်စားရဲ့ သီဆိုကပြနေတဲ့ ကလေးမလေးက ကောင်းကောင်း လေ့ကျင့်ထားခဲ့တာပဲ”

“ဟုတ်ပါ့ ဟုတ်ပါ့”

ကျင်းယွဲ့ဟိုသည် ဘေးစားပွဲကလူကို စကားပြောရန် ကိုယ်ကို အနည်းငယ် စောင်းထားသော်ငြားလည်း သူ၏ဘယ်ဘက်လက်က အင်္ကျီလက်အဝမှ ဆန့်ထွက်လာပြီး မော့ချောင်ရှန်းအရှေ့မှ လင်ဗန်းကို အသာအယာ ခေါက်လိုက်၏။

မော့ချောင်ရှန်းသည် သံသယဖြစ်နေရင်းမှ ဒူးထောက်လိုက်သည်။ ပန်းကန်လုံးကို ကောက်ယူကာ ဂရုတစိုက် သောက်လိုက်လေသည်။

သူသည် ဒီလောက်အရသာရှိလှသည့် တစ်စုံတစ်ခုကို တစ်ခါမှ မစားသောက်ခဲ့ဖူးလေခြင်းဟု စဉ်းစားမိလိုက်၏။

အသားနံ့ပြင်းပြင်း ပါရှိသည့် မွှေးရနံ့တစ်ခုက ကြက်သားဟင်းရည်ထဲမှ ထွက်လာပြီး သူ့လည်ချောင်းကို အသာအယာ ဖြတ်တိုက်သွားကာ သူ့မှာ ဘာမှမတတ်နိုင်တော့ဘဲ သက်ပြင်းချမိတော့မလိုပင်။

အထူးသဖြင့် ဒီဟင်းရည်သည် သူ အရင်က တစ်ခါမှ မစားသောက်ဖူးသည့် တရုတ်ဆေးဝါး အရသာတစ်ခု ပါရှိလေသည်။

အစွမ်းထက်လှသည့် ဆေးအစွမ်းက ရုတ်ခြည်းဆိုသလို သူ့ခြေ‌ထောက်များနှင့် အရိုးများဆီသို့ ပျံ့နှံ့သွားကာ သူ၏ဆုံးရှုံးပြီးသား ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို စုစည်းနိုင်သွားစေသည်။

မော့ချောင်ရှန်းသည် တစ်ထိုင်တည်း စွပ်ပြုတ်ပန်ကန်းလုံးကို ကုန်အောင် သောက်လိုက်သည်။ သူက ငေးကြောင်ကြောင်ဖြင့် ပန်းကန်လုံးကို လင်ဗန်းပေါ်သို့ ပြန်တင်ထားလိုက်ပြီး အနည်းငယ် ကူကယ်ရာမဲ့နေသလို ခံစားနေရ၏။ သူသည် သူ၏ကျေးဇူးတင်သည့် စိတ်ကို မည်သို့ဖော်ပြရမည်ကို စဉ်းစားဖို့ရန် အချိန်မရခဲ့ချေ။

သွားရည်စာ အပြည့်ပါသည့် အပြာနှင့် အဖြူရောင် ပန်းကန်တစ်ချပ်သည် သူ့ရှေ့တွင် တစ်ဖန် ပေါ်ထွက်လာပြန်သည်။

ပန်းကန်ကို ကိုင်ထားသည့် လက်သည် အနည်းငယ် ပြေလျော့သွားသည်။ သူ့မျက်လုံးရှေ့တွင် ထိုလက်ဝါးကို မသိမသာ မြှောက်ပြကာ သူသည် ဆက်ပြီး စားသောက်သင့်သည်ဟု ညွှန်ပြနေ၏။

သို့နှင့် မော့ချောင်ရှန်းသည် သူအရင်က တစ်ခါမှ မစားခဲ့ဖူးသည့် အရသာသစ် ဟင်းလျာများကို တစ်ခုပြီး တစ်ခု စားသောက်နေလိုက်ပြီး အတွေးနစ်နေတော့သည်။

ဂုဏ်ပြုပွဲသည် ပြီးစီးဖို့ရန် နီးကပ်လာသည်နှင့်အမျှ လူတော်တော်များများကလည်း မူးနေကြပြီး မြင့်မားပြီး အဆင့်အတန်းရှိသည့် ထိုတော်ဝင်မျိုးနွယ်များသည် သူတို့ပတ်ဝန်းကျင်က အစေခံများပေါ်တွင် မဖွယ်မရာအမှုများ စတင်လုပ်လာကြတော့သည်။ မြင်ကွင်းက တဖြည်းဖြည်းနှင့် ရွံ့ရှာဖွယ်စရာကောင်းလာ၏။

ယွမ်ယိကျစ်သည် သူ့လက်မောင်းကို အားဖုန်း၏ ခါးတွင် သိုင်းဖက်ထားပြီး ရယ်မောကာ လမ်းလျှောက်ထွက်သွားလေသည်။

ဝေပေဟိုက အတိုင်းအတာတစ်ခုအထိ မကျေမနပ် ဖြစ်သွားသည်။ သူ့ဘေးတွင် ရှိနေသည့် အားယွင့်သည် ဖြူဆုတ်နေသည့် မျက်နှာတစ်ခုနှင့် မြေကြီးပေါ်တွင် ဒူးထောက်ထားပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။

“ငါနဲ့လိုက်ခဲ့”

ချန်ချန်းယဲ့က ထရပ်လိုက်သည်။

မော့ချောင်ရှန်းသည် ခဏလောက် တုံ့ဆိုင်းသွားပြီး ဖြည်းညှင်းစွာ ထရပ်လိုက်ပြီးနောက် သူမနောက်က တိတ်တဆိတ်လိုက်သွားလေသည်။

သူတို့သည် ချန်ချန်းယဲ့၏ တဲဆီသို့ ရောက်သောအချိန်တွင် အခြွေအရံများ ဖြစ်ကြသည့် လွီယောင်နှင့် ရှောင်းရှို့တို့က မော့ချောင်ရှန်း၏ သားရေချပ်ဝတ်ကို ကြိုးဖြည်လိုက်ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဂရုတစိုက် ရှာဖွေလိုက်သည်။

သို့သော်ငြားလည်း သူသည် အဝတ်အစားများကို ဆွဲချွတ်မခံလိုက်ရချေ။ ဒါသည် သူ့သခင်အတွက် ပျော်ပါးဖို့ရန် ချန်ထားပေးသည့် သာမာန်သာယာမှုများထဲမှ တစ်ခုဖြစ်ပေမည်။

သူတို့သည် မော့ချောင်ရှန်းကို လက်နောက်ပြန် ကြိုးတုပ်လိုက်ပြီး သူ့လက်များကို နွားသားရည်ဖြင့် တင်းနေအောင် ချည်တုပ်ထားလိုက်၏။ သူတို့သည် သူ့ကို အိပ်ရာပေါ်သို့ တွန်းထုတ်လိုက်ပြီးနောက် နှစ်ယောက်စလုံးက တဲထဲမှ ထွက်သွားကြသည်။

ဒါသည် လုပ်ကြံမှုကို ကာကွယ်ရန်နှင့် ခုခံနေမှာကို ကာကွယ်ဖို့ရန်အတွက် တော်ဝင်မျိုးနွယ်များ၏ လုံခြုံရေးကို ကာကွယ်သည့် ပုံမှန်နည်းလမ်းတစ်ခုဖြစ်မှန်း မော့ချောင်ရှန်း သိလိုက်သည်။ သူသည် ခုခံမနေဘဲ ဒါကို နှုတ်ဆိတ်ပြီး သည်းခံနေလိုက်သည်။

ချန်ချန်းယဲ့က သံလင်းဗန်းတစ်ခုကို သယ်ကာ တဲထဲသို့ ဝင်လာချိန်တွင် ခေါင်းကို ငုံ့ထားပြီး ခုတင်ဘေးတွင် ထိုင်နေသည့် ကျွန်ကို မြင်လိုက်ရသည်။

သူ့လက်များသည် နောက်ပြန်ကြိုးတုတ်ခံထားရပြီး သူ့မျက်နှာတွင် ဘာခံစားချက်မှ ရှိမနေပေ။

သို့သော်ငြားလည်း ဒီအခိုက်အတန့်တွင် ထိုကျွန်၏ နှလုံးသားထဲ၌ မုန်တိုင်းတစ်ခု တိုးဝင်နေသည်ကို ချန်ချန်းယဲ့ သိနေလေသည်။ မူလက တည်ငြိမ်နေသည့် အပြာရောင်သည် မုန်တိုင်းတစ်ခုထန်နေသည့် ပင်လယ်တစ်ခုလို ဖြစ်နေ၏။ အသက်မဲ့နေသည့် မီးခိုးရောင်နှင့် အနက်ရောင် ပါရှိသည့် ကြီးမားသည့် လှိုင်းလုံး အထပ်ထပ်က ပင်လယ်မျက်နှာပြင်တွင် လှိုင်းတက်လာကာ ဒီဝိညာဉ်ပိုင်ရှင်သည် ဝမ်းနည်းပြီး လက်လျှော့အရှုံးပေးထားသည့် နာကျင်သည့် ခံစားမှုတစ်ခုထဲ ရောက်နေသည်ကို ပြသနေသည်။

ချန်ချန်းယဲ့မှာ ဒါကို ဆက်ပြီး မကြည့်နေနိုင်တော့ချေ။ သူမက systemကို ပိတ်ချထားလိုက်ပြီး သူ့ကို နှစ်သိမ့်စကား ပြောလိုက်၏။

“မကြောက်ပါနဲ့။ ငါ မင်းကို ဘာမှမလုပ်ပါဘူး”

ချန်ချန်းယဲ့က ဒါက လက်ခံယုံချင်စရာ မကောင်းမှန်း သိနေသည်။ အကြောင်းမှာ သူ့ကို ချည်နှောင်ထားသည့် ကြိုးများကို မဖြည်ပေးချင်သောကြောင့်ပင်။

သူမသည် သူ့တွင် ပိုင်ဆိုင်ထားသည့် လှပသည့်အရောင်များကို သဘောကျပြီး သူ့ကို သနားသော်ငြားလည်း အင်မတန် သိုင်းပညာအရည်အချင်း ကောင်းမွန်လှသည့် ဒီလိုသူစိမ်းတစ်ယောက်ရှေ့တွင် ကိုယ်ပိုင်လုံခြုံရေးအရ တခြားအရာများထက် ပိုပြီး အရေးကြီးလေသည်။

သူမသည် လက်ထဲက လင်ဗန်းကို အိပ်ရာဘေးတွင် ချထားလိုက်ပြီး မော့ချောင်ရှန်းကို ခုတင်ပေါ်တွင် လဲလျောင်းရန် အမိန့်ပေးလိုက်၏။

မော့ချောင်ရှန်းသည် လင်ဗန်းထဲတွင် ထည့်ထားသည့် ဇာဂနာ၊ ရှုပ်ပွနေသည့် ပုလင်းအနည်းငယ်နှင့် ကပ်ကြေးနှင့် အိုးများကို ကြည့်လိုက်ပြီး သူ့နှလုံးသားက အောက်ခြေထိ လေးလံသွားတော့သည်။

ချူဟွိုက်ဂေဟာတွင် နေခဲ့သည့် နှစ်အတောအတွင်းတွင် တချို့တော်ဝင်မျိုးနွယ်များသည် သိမ်မွေ့ပြီး ချောမောလှပသော်ငြားလည်း သူတို့တွင် ထူးဆန်းသည့် အမူအကျင့်များ ရှိနေသည်ကို သူ ကောင်းကောင်း သိထားခဲ့သည်။

ဒီလိုဧည့်သည်တစ်ယောက်ကို ဧည့်ခံပြီးသည့်နောက်တွင် လွီရှို့သည် အိပ်ရာပေါ်မှ ဘယ်တော့မှ ထ မလာနိုင်တော့ချေ။

ယခုတော့ အခြေအနေက ဒီအထိ ရောက်လာခဲ့သည်။ ခုခံလေလေ ပိုပြီးတော့ နာကျင်ရလေလေ ဖြစ်လိမ့်သည်။

သူက မျက်လုံးများကို မှိတ်ထားလိုက်ပြီး အံကို တင်းတင်း ကြိတ်ထားလိုက်ကာ ခုတင်ပေါ်တွင် လဲချလိုက်ပြီးသည့်နောက် သူ့ ရှည်လျားသည့် ခြေထောက်များကို အေးစက်နေသည့် အိပ်ရာပေါ်တွင် ဖြည်းဖြည်းချင်း တင်ထားလိုက်လေသည်။

အေးစက်နေသည့် ကပ်ကြေးက သူ့ကော်လံဆီသို့ ရောက်လာပြီး သူ့အဝတ်အစားကို ညှပ်လိုက်သည်။ သူသည် မနေနိုင်ဘဲ တုန်ယင်သွားပြီး သူ၏လည်ဇလုပ်က လိမ့်တက်သွားသည်။

ငါ့ဘဝကတော့ ဒီနေရာတင် ပြီးသွားပြီ ထင်တယ်။

သူက ဝမ်းနည်းစွာ တွေးလိုက်သည်။

ချန်ချန်းယဲ့က ‌မော့ချောင်ရှန်း၏ ရင်ဘတ်ပေါ်က အဝတ်အစားများကို ကပ်ကြေးဖြင့် ညှပ်ပြီး ဖွင့်လိုက်ကာ သွေးများ ရွှဲနစ်နေသည့် အဝတ်အစားကို ဂရုတစိုက် ဆွဲခွာလိုက်သည်။ ဤသို့ဖြင့် သန်မာလှသည့် ပခုံးပေါ်တွင် အကျည်းတန်ရုပ်ဆိုးပြီး ကြောက်စရာကောင်းသည့် သွေးသံရဲရဲ အပေါက်တစ်ခုက သွေးများ စိမ့်ထွက်နေသည်ကို မြင်လိုက်ရ၏။ သွေးများက ပခုံးတစ်ခုလုံးကို နီရဲနေအောင် ဆေးဆိုးထားသလိုပင်။

စားသောက်ပွဲတွင် မော့ချောင်ရှန်းသည် ကိုယ်ကို ညွှတ်ပြီး သူ့ဘေးတွင် ဦးချလိုက်သည့် အချိန်တွင် ချန်ချန်းယဲ့သည် သူ့လည်ပင်းအောက်က အနီရောင်တောက်တောက် အကွက်ကြီးကို သေချာမြင်လိုက်ရ၏။

သို့သော်ငြားလည်း သူသည် အခြားသူများအတွက်တော့ ကျွန်တစ်ယောက် ဖြစ်သည်။ သူကိုယ်တိုင်က သူ့ကို အလွန်အကျွံ အာရုံစိုက်မိပြီး တစ်ခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်က ကောင်းလိမ့်မည် မဟုတ်ချေ။

အစပိုင်းတွင်တော့ ချန်ချန်းယဲ့က  သူ့ကို အစားအသောက်တချို့ ပေးပြီး ဒီအတိုင်း လွှတ်လိုက်မည်ဟု စဉ်းစားထားသည်။

သို့သော်ငြားလည်း စားသောက်ပွဲ ပြီးဆုံးသွားသည့် အချိန်တွင် သူမ၏ ရှေ့တည့်တည့်တွင် ရှိနေသည့် ဆွဲဆောင်မှုရှိနေသည့် အပြာရောင်ကို ကြည့်နေမိသည်။ ထိုအစားအသောက် သေးသေးလေးအတွက်ဖြင့် ထိုမျက်ဝန်းများက ကျေးဇူးတင်စိတ်ကို ကိုယ်စားပြုနေပြီး အဝါနှင့် အစိမ်းရောင် ရောနေသည့် အရောင်ဖျော့ဖျော့လေးဖြင့် ပြေးနေသည်။

ချန်ချန်းယဲ့သည် သူ့အတွက် စိတ်မကောင်း ဖြစ်နေမိသဖြင့် သူ့ကို တဲဆီကို ခေါ်ပြန်လာဖို့ရန် ဆင်ခြေတစ်ခု ရှာလိုက်ရသည်။

အနည်းဆုံးတော့ သူ့ကို ပတ်တီးစည်းပေးရမယ်လေ။ သူမက ကိုယ့်ဟာကိုယ် ပြန်ပြောလိုက်သည်။

မော့ချောင်ရှန်းက သူ့မျက်လုံးများကို တင်းနေအောင် မှိတ်ထားလိုက်သည်။ သို့သော်ငြားလည်း သူမျှော်လင့်ထားသည့် နာကျင်မှုက အချိန်ကြာသည်အထိ ပေါ်မလာခဲ့ချေ။ ထို့အစား နွေးထွေးနေသည့် တဘက် သူ့ပခုံးပေါ်တွင် အုပ်မိုးလာသည်။

သူသည် တအံ့တဩဖြင့် သူ့မျက်လုံးများကို ဖွင့်လိုက်သည်တွင် ရေနွေးထဲတွင် စိမ့်ထားသည့် သန့်ရှင်းသည် အဖြူရောင် တဘက်ကို ရေညစ်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်က စွန်းထင်းနေသည့် သွေးများကို သန့်စင်ပေးနေသည့် ကျင်းယွဲ့ဟိုကို မြင်လိုက်ရသည်။

ကြည့်ရတာ ဒီလူရည်မွန်လေးက အကျင့်စရိုက်အရ အသန့်ကြိုက်တဲ့သူ ဖြစ်ပုံရတယ်။ သွေးတွေနဲ့ ဖုံးနေတဲ့ ငါ့ကို သဘောမကျတာပဲ ဖြစ်မယ်။ သူက မစခင် ကိုယ့်ဟာကိုယ် သန့်ရှင်းစေချင်တာ ဖြစ်မယ်။ သူသည် ကိုယ်ဟာကိုယ် ဤသို့ ဖြေရှင်းချက် ထုတ်လိုက်လေသည်။

သူက ဇာဂနာကို ထုတ်ပြီး အရက်ပြင်းပြင်းထဲတွင် စိမ်ထားသည့် ပတ်တီးတစ်စကို ကောက်ယူကာ သိမ်မွေ့သည့် လေသံတစ်ခုဖြင့် သူ့ကို ပြောလိုက်သည့် နယ်စားမင်းကို ကြည့်နေမိသည်။

“ဒါက နာလိမ့်မယ်‌နော်။ သည်းခံထားလိုက်”

ယမကာပြင်းပြင်းက ဒဏ်ရာပေါ်တွင် စူးရှသည့် နာကျင်မှုတစ်ခုကို သယ်ဆောင်လာသည်။

ဒါက ဘယ်လိုနာကျင်မှုမျိုးပါလိမ့်။

မော့ချောင်ရှန်းက ကိုယ့်ဟာကိုယ် ပြန်စဉ်းစားလိုက်မိသည်။ မကြာခဏ ဒဏ်ရာရတတ်သည့် ရဲမတ်တစ်ယောက်အနေဖြင့် အပြင်းအထန် ဒဏ်ရာရပြီးနောက်တွင် အရက်ပြင်းပြင်းဖြင့် ဒဏ်ရာကို ဆေးကြောဖို့ရန် အခွင့်အရေး တစ်ခုရှိခြင်းက ပိုပြီး ကြီးမားသည့် အသက်ရှင်နိုင်ခွင့်ကို ယူလာပေးနိုင်ကြောင်း သူ ကောင်းကောင်း သိလေသည်။

သို့သော်ငြားလည်း ဒီလိုခမ်းနားလှသည့် ကုသမှုကို လက်ခံရယူနိုင်သည့် ကျွန်များမှာ လက်ချိုးရေလို့ပင် ရလေသည်။  

...