အပိုင်း (၆)
ထို့နောက်တွင် နယ်စားမင်းသည် အပ်ချည်ပါးပါးလေး တစ်ချောင်း ထည့်ထားသည့် ငါးမျှားချိတ်နှင့် အသွင်တူသည့် ကွေးနေသည့် အပ်သေးသေးလေး တစ်ခုကို ကောက်ယူဖို့ရန် ဇာဂနာကို သုံးလိုက်သည်။
သူက မော့ချောင်ရှန်းကို နှစ်သိမ့်လိုက်၏။
“သည်းခံထားလိုက်။ နည်းနည်းတော့ နာလိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ဒဏ်ရာက နည်းနည်းကြီးနေတယ်ဆိုတော့ ဒါကို ချုပ်လိုက်မှပဲ ပိုကောင်းမှာ”
သူက ဒါက နည်းနည်းလောက် နာလိမ့်မယ်လို့ ပြောလိုက်တယ်။
ချုပ်မယ်တဲ့လား။ ချုပ်မယ်ဆိုတာ ဘာကိုပြောတာလဲ။
မော့ချောင်ရှန်းသည် သူ့အတွက် လုံးဝကို လျစ်လျူရှုထားနိုင်သည့် မသိမသာ နာကျင်မှုတချို့ကို ခံစားလိုက်ရ၏။
သူ့ကို ပိုပြီး ထိတ်လန့်ကြောက်ရွံ့ရစေသည်မှာ သူ့ရှေ့က တော်ဝင်မျိုးနွယ်တစ်ယောက်သည် သူ့ဒဏ်ရာကို အပ်တစ်ချောင်းနှင့် အဝတ်ချုပ်သလို ဖြည်းဖြည်းချင်း ချုပ်နေသည်ကိုပင်။
သူသည် လုံးဝကျွမ်းကျင်မှု မရှိသော်ငြားလည်း အလွန်မှ အာရုံစိုက်ထားပြီး တလေးတနက် ဖြစ်နေဟန် ပေါ်သည်။
ဒဏ်ရာကို ချုပ်နေရင်းက သူမက ပြောလိုက်၏။
“ဒါက ယာယီအတွက်ပဲ။ သုံးရက်လောက်နေပြီး ပြန်ရောက်သွားရင် အပ်ချည်ရဲ့အဆုံးကို ဖြတ်ပြီးတော့ ကိုယ့်ဟာကိုယ် ချည်ကို ဆွဲထုတ်ရလိမ့်မယ် နားလည်လား”
ပုံစံက ဆိုးရွားသည့် ပုံစံဖြစ်နေသော်ငြားလည်း သက်ရောက်မှုကတော့ အလွန်မှ ကောင်းမွန်လေသည်။
မော့ချောင်ရှန်းသည် နဂိုက ပျောက်ကင်းဖို့ရန် ခက်ခဲလှသည့် သူ့ပခုံးပေါ်က စိန်ပွင့်ပုံသဏ္ဌာန် ဒဏ်ရာကို ကြည့်လိုက်ပြီး ထိုဒဏ်ရာက နောက်ဆုံးတော့ တင်းကြပ်သွားကာ နောက်ဆုံးတော့ သွေးထွက်ရပ်သည်ကို တွေ့လိုက်ရသည်။
ကျင်းယွဲ့ဟိုက ကြွေပုလင်းတစ်လုံးကို ဖွင့်လိုက်ပြီး အဝါရောင်အမှုန့်ကို သူ့ဒဏ်ရာပေါ်တွင် ဂရုတစိုက် ဖြူးပေးလိုက်ပြီးနောက် ဒဏ်ရာပေါ်တွင် ခြောက်သွေ့ပြီး အဖြူရောင် ပတ်တီးစဖြင့် ဖိထားပေးလိုက်လေသည်။
မော့ချောင်ရှန်းသည် ဒါက သူ့ဒဏ်ရာကို ကုသပေးဖို့ရန် ဖြစ်သည်ဟု နောက်ဆုံးတော့ သဘောပေါက်သွားသည်။ သူသည် အမှတ်တမဲ့ သူ့လက်များကို မြှောက်လိုက်ချင်သော်လည်း ခဏလောက် ရုန်းကန်လိုက်ပြီးသည့်နောက်တွင် သူ့လက်များသည် ချည်နှောင်ထားခံရပြီး သူသည် လှုပ်ရှားလို့ မရသည်ကို သတိရသွားလေသည်။
“မလှုပ်နဲ့။ ဒါက အသားမကျသေးဘူး”
သိမ်မွေ့ညင်သာသည့် အသံတစ်ခုက သူ့နားထဲတွင် ခပ်တိုးတိုး ပေါ်ထွက်လာသည်။
ထိုလူသည် သူ့နားထဲသို့ တိုးတိုးလေး ပြောလိုက်ပြီး ကိုယ်ကို ညွှတ်လိုက်ကာ အသက်ရှူရန် လွယ်ကူသည့် ပတ်တီးတစ်စဖြင့် သူ့ပခုံးကို ရစ်ပတ်ထားပေးလိုက်သည်။ သူ ရှူထုတ်လိုက်သည့်လေက မတော်တဆ သူ့မျက်နှာပေါ်တွင် ဖြတ်ပြေးသွားလေသည်။
ရှင်းမပြတတ်သည့် ခံစားချက်တစ်ခုက မော့ချောင်ရှန်း၏ နှလုံးသားထဲတွင် ဖျတ်ကနဲ လက်သွား၏။ သူသည် ကြောင်တစ်ကောင်၏ လက်သည်းများ၏ ကုပ်ခြစ်ခြင်း ခံလိုက်ရပြီး စူးရှနာကျင်သော်လည်း ဘာအရိပ်အယောင်မှ မကျန်ခဲ့သလို ခံစားနေမိ၏။
ဒီသခင်က သူ့ကို လွတ်ပေးလိုက်မှာလား။
သူသည် ထိုအရာကို တိတ်တိတ်လေး မျှော်လင့်နေမိ၏။
ထို့နောက်တွင်တော့ ချက်ချင်းဆိုသလို ဒီလို တရားလွန်လှသည့် မျှော်လင့်ချက်မျိုး မထားဖို့ရန် သူ့ကိုယ်သူ သတိပေးလိုက်လေသည်။
သူ့ကို မနှိပ်စက်ခဲ့ဘဲ ဒီလိုကြင်နာတတ်တဲ့ တော်ဝင်မျိုးနွယ်တစ်ယောက်နဲ့ တွေ့ခဲ့တာလည်း အရမ်းကို ကံကောင်းနေပြီးပြီလေ။ ဒီအပြင် သူ့ရဲ့ဒဏ်ရာတွေကိုလည်း ကုသပေးခဲ့ပြီ... သူ့ကိုလည်း ဒီလို ထပ်ပြီးတော့ လုပ်ပေးသေးတယ်။
ချန်ချန်းယဲ့သည့် မော့ချောင်ရှန်း၏ ကျန်နေသည့် အဝတ်အစားများကို ဆွဲချွတ်လိုက်သည်။ ပိန်သွယ်သွယ် ခန္ဓာကိုယ်တစ်ခုက သူမ၏ မျက်လုံးရှေ့တွင် ပေါ်ထွက်လာချိန်တွင် သူမ၏နှလုံးသားမှာ အမှန်တကယ် နာကျင်ရလေသည်။
လူငယ်လေးသည် အမာရွတ်များ အရွယ်အစားမျိုးစုံ အသစ်အဟောင်း မျိုးစုံဖြင့် ဖုံးလွှမ်းခံနေရသည်။ သူ့ဝမ်းဗိုက်ပေါ်တွင် သူ့ပခုံးပေါ်ကထက် ပိုပြီးပြင်းထန်သည့် ဓားဒဏ်ရာတစ်ခု ရှိနေသည်။ ညစ်ပတ်သည့် အဝတ်တစ်စဖြင့် တင်းကြပ်နေအောင် စည်းထားလေသည်။
သူ့ခြေထောက်များကလည်း ငယ်ရွယ်လှသည့် ရုပ်ရည်ကို ဖယ်ရှားပစ်ခဲ့တာ ဖြစ်ရမည်။ သို့သော်ငြားလည်း အရိုးအဆစ်တချို့ကတော့ အပြင်းအထန် လေ့ကျင့်ခြင်းကြောင့် မသိမသာ ပုံပျက်နေသည်။
ရက်စက်လိုက်တဲ့ ခေတ်ပဲ။ သနားစရာ ကောင်းလိုက်တာ။
ချန်ချန်းယဲ့သည် သက်ပြင်းချလိုက်ပြီး သူမ၏ လှုပ်ရှားမှုကို ပိုပြီး ညင်သာအောင် ကြိုးစားလိုက်၏။
မော့ချောင်ရှန်းသည် မီးအိမ်အောက်က မျက်နှာကို ကြည့်နေမိသည်။ တော်ဝင်မင်းသားလေးသည် သူကိုယ်တိုင် သူ့ဒဏ်ရာကို ချုပ်ပေးနေပြီး ခပ်တိုးတိုး သက်ပြင်းချနေသည်။
သူ့အမူအရာသည် အာရုံစိုက်ထားပြီး တလေးတနက် ဖြစ်နေကာ မီးရောင်ကလည်း သူ့မျက်နှာပေါ်ကို မသိမသာ ဖြာကျနေလေသည်။
အသားကို ထိုးဖောက်သွားသည့် ချွန်ထက်သည့် အပ်တစ်ချောင်းက ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို အမှန်ပင် ဖြစ်စေသည်။
မော့ချောင်ရှန်းသည် သူ့နှလုံးသားထဲက တင်းမာနေသည့် ခံစားချက်များက တဖြည်းဖြည်း ပြေလျော့လာသည်ကို ခံစားလိုက်ရသည်။
သူသည် စိတ်အေးသွားသည်နှင့်အမျှ သူ၏အင်မတန်မှ ပင်ပန်းနွမ်းနယ်နေသည့် ခန္ဓာကိုယ်သည် အိပ်ချင်စိတ်များ ဖြစ်လာတော့သည်။ သူ့မျက်ခွံများကသည် တစ်နေ့နှင့် တစ်ည အနားမရခဲ့သည့်နောက်တွင် အလွန်မှ လေးလံလာခဲ့သည်။
သူသည် မနေနိုင်တော့ဘဲ မျက်လုံးများကို မှိတ်ထားချင်လေသည်။
သူသည် ပြန်နိုးထလာပြီး သူ့ဟာသူ ဖိအားပေးကာ သူ့မျက်လုံးများကို ဖိအားပေးထားလိုက်၏။
မဖြစ်ဘူး။ မဖြစ်ဘူး။ သူ အိပ်လို့ မရဘူး။
သူက အိပ်ပျော်သွားပြီး သူ့ရဲ့ခန္ဓာကိုယ်ကို သူစိမ်းတွေရဲ့ လက်ထဲ ထည့်ထားရမှာပဲ။ သူ နိုးလာတဲ့အချိန်ကျရင် သူ ရင်ဆိုင်ရမဲ့အရာကို စဉ်းစားလို့ တတ်မှာ မဟုတ်ဘူး။
နောက်ပြီးတော့ ကိုယ့်ဟာကိုယ် ဘယ်သူလဲဆိုတာကို မေ့သွားပြီလား။ နောက်ပြီးတော့ သူ့ကို ဘာအတွက် အသုံးချခံ ဖြစ်ရမယ်ဆိုတာကို မေ့သွားပြီလား။
ဒီနယ်စားမင်းက သူ့ရဲ့ဒဏ်ရာတွေကို ဒီလောက် သိမ်သိမ်မွေ့မွေ့ စည်းထားပေးပြီး သူက သူ့ကို အသုံးချတဲ့အချိန်ကျရင် သူက အိပ်ပျော်နေဦးမယ်။ ဒါဆိုရင် သူ့ကို ဒေါသထွက်အောင် လုပ်မိမှာ မဟုတ်လား။
မော့ချောင်ရှန်းသည် ညင်သာသိမ်မွေ့သည့် အသံတစ်ခုကို ကြားလိုက်ရသည်။
“အိပ်လိုက်လေ။ မင်း အိပ်ချင်တယ်ဆိုရင် အိပ်လိုက်ပါ။ မင်းလည်း ပင်ပန်းနေရောပေါ့။ ခဏလောက် ကောင်းကောင်းလေး အိပ်လိုက်”
နယ်စားမင်းက သူ့ကို အိပ်လို့ ရသည်ဟု ပြောနေသည်။
သူကလည်း လက်ခံလိုက်သည်။
တစ်ရေးလောက်ပါပဲ။
ခဏလေးပဲ။
သူသည် ကိုယ့်ဟာကိုယ် မထိန်းနိုင်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။
...
ချန်ချန်းယဲ့သည် နောက်ဆုံးတော့ ဒဏ်ရာအားလုံးကို ကုသပေးခဲ့သည်။
သူမသည် သူမ၏နဖူးပေါ်က ချွေးများကို သုတ်လိုက်ပြီး တစ်ယောက်တည်း စဉ်းစားလိုက်သည်။ ဒါကို တစ်ချက်လောက် လာကြည့်ပေးဖို့ ဆေးဖက်သမားတော်ကို ခေါ်လိုက်ရင် ကောင်းမလား။
သူက ပခုံးပေါ်က ဒဏ်ရာကို ဖြစ်သလို ချုပ်လုပ်ထားတာ။ ငါ့ရဲ့ ညံ့ဖျင်းတဲ့ အရည်အသွေးနဲ့ စိတ်လှုပ်ရှားတဲ့ပုံကြောင့် တော်တော်လေးကို ကြည့်ရရုပ်ဆိုးနေတာပဲ။
ကံဆိုးချင်တော့ ဒီခေတ်အခါမှာ ဒဏ်ရာကို ချုပ်တဲ့နည်းပညာ မရှိတဲ့ပုံပဲ။ ငါကလည်း လုံးဝမကျွမ်းကျင်တာကြောင့် သူ့ကို နာကျင်အောင် လုပ်ခဲ့မိတာ ဖြစ်လောက်မယ်။
ချန်ချန်းယဲ့သည် ခေါင်းကို မော့လိုက်စဉ်တွင် လူငယ်လေးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို မြင်လိုက်ရသည်။
သူ၏ သွေးမရှိသည့် နူတ်ခမ်းများက မသိမသာ ပွင့်ဟနေပြီး သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။
ထုံဆေးမပါပဲ ဒဏ်ရာကို ချုပ်လုပ်နေရပြီး နာကျင်မှုကြားကပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရသည့်အချက်မှာ သူသည် အင်မတန်မှ ပင်ပန်းနွမ်းနယ်သည်ကို ပြသနေလေသည်။
ထားလိုက်ပါလေ။ ငါ သူ့ကို မနိူးတော့ဘူး။ ငါ သူ့ကို ဒီမှာပဲ ကောင်းကောင်း ပေးအိပ်ထားလိုက်ပါတော့မယ်။
တခြားလူတွေကတော့ အထင်လွဲနေကြမှာပေါ့။ ငါက အဟွတ်.. ဒီကျွန်နဲ့ တစ်ညတာ ကုန်ဆုံးခဲ့တယ် ဆိုပြီးတော့လေ။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါ။ ငါ့ရဲ့ဒီအစ်ကိုကလည်း အမြဲတမ်း ဒီလိုဂုဏ်သတင်းတစ်ခု ပိုင်ဆိုင်ထားခဲ့တာပဲ။ ဒီတော့ ဒီပုံစံမှပဲ ပိုပြီးတော့ သဘာဝကျလိမ့်မယ်။
ချန်ချန်းယဲ့သည် ဂွမ်းစောင်ကို ဆွဲကာ သူ၏အပေါ်ပိုင်း ဗလာကျင်းဖြစ်နေသည့် ခန္ဓာကိုယ်ကို ဆွဲခြုံပေးလိုက်သည်။ ထို့နေ့ညအတွက်တော့ သလွန်ပေါ်တွင်သာ အချိန်ကုန်လိုက်လေသည်။
မော့ချောင်ရှန်းသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပြီး နိုးထလာချိန်တွင် မိုးကလည်း လင်းစင်နေပြီဖြစ်သည်။
သူသည် ခုတင်ပေါ်က လိမ့်ဆင်းလိုက်ပြီး သူ့နောက်က ထည်ဝါခမ်းနားလှသည့် အိပ်ရာကြီးကို ကြည့်လိုက်မိကာ နားမလည်နိုင်သလို မရေမရာ ခံစားလိုက်ရ၏။
သူသည် သံသယဖြင့် လိမ့်ဆင်းလာပြီး အိပ်ရာကို ထိကိုင်မိလိုက်သည်။ အိပ်ရာက နူးညံ့အေးစက်ပြီး ခြောက်သွေ့နေကာ သူ့ခန္ဓာကိုယ်၏ အနွေးဓာတ်ပင် ကျန်နေသေးသည်။
သူ...သူ တစ်ညလုံး ဒီမှာ အိပ်နေတာတဲ့လား။
သူသည် သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ပြီး သူ့လက်များကို ချည်နှောင်ထားသည့် သားရေကြိုးများက ဖြည်ပေးထားသည်ကို တွေ့လိုက်ရသည်။
သူ့အဝတ်အစားများအားလုံးက မရှိတော့ဘဲ သူ၏ဘောင်းဘီများကိုလည်း ညှပ်ထုတ်ခြင်းခံထားရကာ သူ၏ခန္ဓာကိုယ်ကို ဖုံးရုံလောက်သာ ဖုံးထားသည့် အဝတ်အပိုင်းအစ တိုတိုလေး တစ်ခုသာ ကျန်ခဲ့သည်။
သူ့ခန္ဓာကိုယ်ပေါ်က ကြီးကြီးငယ်ငယ် ဒဏ်ရာအားလုံးကို သန့်စင်ပြီး သက်သောင့်သက်သာရှိသည့် ပတ်တီးတစ်ခုဖြင့် တင်းကြပ်နေအောင် စည်းနှောင်ထားပြီး ခပ်တင်းတင်း ဆေးရနံ့တစ်ခုက ထုတ်လွှင့်နေသည်။
မော့ချောင်ရှန်းသည် သူ့ခန္ဓာကိုယ်ကို နှစ်ကြိမ်မြောက် ကိုယ့်ဟာကိုယ် သေချာစစ်ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် အသုံးချမခံခဲ့ရသလို ဘာဒဏ်ရာဒဏ်ချက်မှလည်း မရှိသည်ကို သေချာသိလိုက်သည်။
သူက အလန့်တကြားဖြင့် ခန်းစီးကို မ လိုက်မိသည်။
ဒီကြီးမားလှသည့် တဲကို လိုက်ကာတစ်ခုဖြင့် အခန်းနှစ်ခန်း ခွဲထားသည်။
ထိုအခိုက်အတန့်တွင် မနေ့ညက တော်ဝင်မျိုးနွယ် နယ်စားမင်းသည် အပြင်ဘက် အခန်းထဲတွင် ထိုင်နေလေသည်။
သူသည် စားပွဲကို မှီထားပြီး လက်တစ်ဖက်က စာလိပ်တစ်ခုကို ကိုင်ထားကာ ကျန်သော လက်တစ်ဖက်က ပူနွေး၍ မွှေးပျံ့နေသည့် လက်ဖက်ရည်တစ်ခွက်ကို ကိုင်ပြီး သာသာယာယာ မှုတ်သောက်နေသည်။
မနက်ခင်း၏ တောက်ပသည့် နေရောင်ကို ကျောခိုင်းထားလေသဖြင့် မသဲမကွဲ ပုံရိပ်တစ်ခုကိုသာ မြင်ရလေသည်။
ဒီလို သိမ်မွေ့ညင်သာတဲ့ လူငယ်တစ်ယောက် ဖြစ်နေတာပဲ။ တကယ်လို့ သူက သူ့အပေါ်မှာ လွန်လွန်ကဲကဲ တစ်ခု လုပ်ချင်ခဲ့တယ်ဆိုရင်တောင် သူကလည်း မနာခံဘဲ မနေသင့်ဘူးလေ။
မော့ချောင်ရှန်းသည် သူ့ပခုံးပေါ်က နှင်းလို ဖြူဖွေးနေသည့် ပတ်တီးကို ကိုင်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် ကိုယ့်ဟာကိုယ် တွင်တွင် သတိပေးလိုက်၏။
ဒီလိုကိစ္စမျိုးက တကယ်တမ်းက ဘာမှမဟုတ်ပါဘူး။ ဒါက အချိန်အကြာကြီး နာကျင်နေမှာ မဟုတ်ဘူးလေ။ ဒါက ဓားနဲ့ နှစ်ချက်လောက် ဆင့်ပြီး အထိုးခံရတာထက်တောင် အများကြီး ပိုကောင်းပါသေးတယ်။ အကောင်းဘက်ကနေ စဉ်းစားလိုက်။ အားလုံးက ဒီကိစ္စကို ဖြတ်ကျော်ရမှာပဲလေ။
ဒီလောက် စိတ်သဘောထား ကောင်းတဲ့လူတစ်ယောက်နဲ့ တွေ့ဆုံရတာ အရမ်းကို ကံကောင်းနေပြီလေ။ ဒါက ပထမဦးဆုံးအကြိမ်ပဲ။
မော့ချောင်ရှန်းသည် သူ့ကိုယ်သူ စွန့်လွှတ်ဖို့ရန် ပြင်ဆင်ပြီး ချန်ချန်းယဲ့ဘေးသို့ ကပ်လာကာ သူမ၏ခြေထောက်ဘေးတွင် ဒူးထောက်ချလိုက်လေသည်။
သူက ချန်ချန်းယဲ့၏ ဝတ်ရုံအနားကို ကိုင်မြှောက်လိုက်ပြီး ချူဟွိုက်ဂေဟာက လူငယ်လေးများ လုပ်သလို တော်ဝင်မျိုးနွယ်၏ ကြင်နာသနားမှုကို အသနားခံလိုသည့် ဆန္ဒကို ပြသရန် ဧည့်သည်၏ ဝတ်ရုံအနားကို အနမ်းပေးချင်မိသည်။
သို့သော်ငြားလည်း သူ့လည်ပင်းက တောင့်တင်းနေသည်ကို တွေ့လိုက်ပြီး သူ့မှာ ကိုယ့်ကို မငုံ့နိုင်ပေ။
အဝတ်အစား၏ အနားကို ဆွဲထားသည့် လက်သည် မသိမသာ တုန်ယင်နေသည်။ သူ့မှာ အလွန်မှ အားထည့်ကာ ဆုပ်ကိုင်ထားသဖြင့် အဝတ်အစားက တွန့်ကြေလာတော့သည်။
“မင်း ဘာလုပ်နေတာလဲ”
သိမ်မွေ့ညင်သာသည့် အသံတစ်ခုက သူ့ခေါင်းပေါ်မှ ထွက်လာသည်။
“ကျွန်တော်မျိုး ...“
သူက ခေါင်းကို မော့လိုက်သည်။ သူသည် ချူဟွိုက်ဂေဟာက လူငယ်လေးများ မကြာခဏ ပြောတတ်သည့် ရှက်စဖွယ် စကားလုံးကို ထုတ်မပြောနိုင်ခဲ့ချေ။
သူ မလုပ်ချင်ဘူး။
တောင်းပန်ပါတယ်။
သူ တကယ် မလုပ်ချင်လို့ပါ။
ကျေးဇူးပြုပြီးတော့ သူ့ကို လွှတ်ပေးလို့ရမလား။
ကျေးဇူးပြုပြီးတော့ သူ့ကို လွှတ်ပေးပါ။
သူသည် သူ့စိတ်ထဲတွင် ကြံရာမရ အော်ဟစ်ပြောဆိုမိနေလေသည်။
စွန်ပလွန်သီးနှင့် နှင်းသီးများ ပါရှိသည့် ချိုမြိန်မြိန် ဆန်ပြုတ် တစ်ပန်းကန်က သူ့လက်ထဲသို့ ထိုးထည့်ခံလိုက်ရ၏။
“ဒါကို သောက်လိုက်။ ပြီးရင် ပြန်လိုက်တော့”
ထိုအသံသည် သူ့စိတ်ထဲက ငိုယိုတောင်းပန်သည့် စကားကို ကြားနေသည့်နှယ် ပြောလိုက်သည်။
မော့ချောင်ရှန်းသည် ငေးငေးငိုင်ငိုဖြင့် ဆန်ပြုတ်ကို သောက်ပြီးနောက်တွင် ဆန်ပြုတ်၏ အရသာက ဘာဖြစ်နေမှန်းကိုပင် မသိလိုက်တော့ချေ။
သူသည် ငေးကြောင်ကြောင်ဖြင့် တဲထဲမှ တစ်ဖန်လျှောက်ထွက်လာလေသည်။
တောက်ပနေသည့် နေရောင်ခြည်က သူ့ကိုယ်ပေါ်တွင် လွှမ်းခြုံလိုက်သည့် အချိန်မှသာ အသိဝင်လိုက်၏။
သူသည် ကျင်းယွဲ့ဟို သူ့ကို ပေးထားသည့် အဝတ်အစားအသစ်ကို ထိကိုင်မိလိုက်သည်။ သူ့လက်ထဲက ဆေးပုလင်းကို ကြည့်လိုက်မိကာ သူသည် အိပ်မက်မက်နေသေးသည်ဟုပင် သံသယ ဖြစ်သွားတော့သည်။
မော့ချောင်ရှန်းက သူ့နူတ်ခမ်းကို သပ်လိုက်၏။ အချိုအရသာကို ခံစားနေမိသေးတာလား။
အချိုအရသာက သူ့ပါးစပ်တစ်ခုလုံးတွင် ကျန်ရစ်နေလေသည်။
ဒါက သကြားများလား။ ဒါက ရှားရှားပါးပါး သကြားပဲ။
သူ အိပ်မက်မက်နေတာ မဟုတ်ဘူး။ သူက ကိုယ့်ဟာကိုယ် ပြန်ပြောလိုက်သည်။ အိပ်မက်တွေက ဘယ်လိုလုပ်ပြီး ဒီလောက်ချိုသာကောင်းမွန်တဲ့ ကိစ္စမျိုး ဖြစ်နိုင်မှာလဲ။
မော့ချောင်ရှန်းသည် စခန်းသို့ ပြန်ရောက်လာခဲ့ပြီး သူ၏အခန်းငယ်လေးသို့ ပြန်လာရာလမ်းတွင် အားဖုန်း၏ အခန်းတံခါးက ပိတ်မထားသည်ကို တွေ့လိုက်ရသည်။ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည့် ဖရိုဖရဲ ခန္ဓာကိုယ်တစ်ခုကို တွေ့လိုက်ရသည်။
မော့ချောင်ရှန်းက လျှောက်ကာ ဝင်သွားပြီး မြေကြီးပေါ်က လူကို တွဲထူပေးလိုက်ကာ သူ့ကို အိပ်ရာပေါ် တင်ပေးလိုက်သည်။
သူသည် ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့် ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ သူ့လက်ထဲက ဆေးပုလင်းကို ထုတ်ယူလိုက်၏။
သူက သူ့လက်ချောင်းများဖြင့် ဆေးပုလင်းကို အသာအယာ ပွတ်သပ်လိုက်ပြီး အဖုံးကို ဆွဲဖွင့်လိုက်ကာ အားဖုန်း၏ ခန္ဓာကိုယ်ပေါ်က အပြင်းထန်ဆုံး ဒဏ်ရာများ ရှိသည့် နေရာကို ဆေးပုလင်းထဲက အဝါရောင်အမှုန့်များကို အသာအယာ ဖြူးပေးလိုက်သည်။
“မင်း ဆေးကို ဘယ်က ရခဲ့တာလဲ”
အားဖုန်းက ခေါင်းကို လှည့်ကြည့်လိုက်သည်။ သူ၏လှပလှသည့် မျက်လုံးတစ်ဖက်သည့် ယောင်ကိုင်းနေပြီး သူ့နူတ်ခမ်းထောင့်ကလည်း ကွဲအက်နေကာ ကြီးမားသည့် ဒဏ်ရာတစ်ခု ဖြစ်နေ၏။
မော့ချောင်ရှန်းက ခဏလောက် နူတ်ဆိတ်နေလိုက်၏။
“ကျင်းယွဲ့ဟို ပေးလိုက်တာ”
အားဖုန်းက သူ့ကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်ပြီး အကြည့်လွှဲထားလိုက်ကာ နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“ကံကလည်း ကောင်းချက်ပဲ။ အဲ့ဒီငတုံး အားယွင့်ကော”
“ငါ သူ ပြန်လာတာ မတွေ့သေးဘူး”
“အဲ့ဒီငတုံး ငါ သူ့ကို တွေ့နိုင်ပါဦးမလားတောင် မသိဘူး”
အားဖုန်းက စကားမပြောတော့ချေ။
မော့ချောင်ရှန်းသည် သူ့ဒဏ်ရာကို ဒီအတိုင်း ကုသပေးပြီးနောက် အပြင်ထွက်ကာ လျှောက်လိုက်၏။
သူသည် အားယွင့်၏ အခြေအနေကို မသိသော်ငြားလည်း အားယွင်၏ အကျင့်စရိုက်က သူ့ထက်ပိုပြီး မာကြောကာ သူသည် သူ့စိတ်ခံစားချက်များကို မထိန်းချုပ်တတ်ကြောင်း မော့ချောင်ရှန်း သိလေသည်။
သူသည် စိုးရိမ်မှုတချို့ဖြင့် သူ့ခြေလှမ်းများကို မြန်မြန်ဆန်ဆန် လျှောက်လိုက်ပြီး သူ့ဘေးအခန်းက သူနှင့်ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ခဲ့သည့် ညီငယ်လေးသည် သူ့အကူအညီကို လိုနေမလားဟု သိချင်စိတ်ဖြင့် သူ့နေထိုင်ရာဆီသို့ မြန်မြန်ရောက်အောင် ပြန်လာတော့သည်။
ဤအချိန်တွင် ကျွန်နှစ်ယောက်သည် ထမ်းစင်တစ်ခုကို သယ်ကာ တစ်ဖက်လမ်းအဆုံးမှ လျှောက်လာ၏။ ထမ်းစင်ပေါ်တွင် အဝတ်စုတ်ဖြင့် ဖုံးထားသည့် အလောင်းတစ်ခုပါရှိသည်။ ညစ်ပတ်လှသည့် အဝတ်စုတ်အောက်တွင် အလောင်း၏ သွေးစွန်းနေသော ခြေထောက်များက ပေါ်နေသည်။
ဒီလိုအခြေအနေမျိုးများသည် ကျွန်စခန်းထဲတွင် ပုံမှန်သာ ဖြစ်လေသည်။ မော့ချောင်ရှန်းက ခပ်သွက်သွက် ဖြတ်ကာလျှောက်သွား၏။
လက်တစ်ဖက် ထမ်းစင်ပေါ်မှ ရုတ်တရက် ပြုတ်ကျလာပြီး ဖြူဆုတ်နေသည့် လက်ခုံပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အမာရွတ်တစ်ခု ရစ်တွယ်နေ၏။
မော့ချောင်ရှန်းသည် ရုတ်တရက် ရပ်လိုက်ပြီး သူ့မျက်လုံးအိမ်များက မသိမသာ ကျုံ့သွားကာ သူသည် လက်ကို တင်းကြပ်နေအောင် ဆုပ်ထားလိုက်မိသည်။
ဖြူဆုတ်နေသည့် လက်သည် လွှဲယမ်းနေပြီး သူ့ခန္ဓာကိုယ်ကို အသက်မဲ့စွာ ဖြတ်သွားလေသည်။
အားယွင်
ဒါ အားယွင်ပဲ
တစ်ညပဲ ရှိသေးတယ်။ ပြုံးနေတဲ့ အားယွင်က မရှိတော့ဘူး။
မနေ့တုန်းက သူတို့ငါးယောက် ဒီနေရာကို ဖြတ်သွားခဲ့ကြတယ်။
အားယွင်ရဲ့ ရယ်မောသံနဲ့ စကားပြောနေတဲ့အသံက လစ်ဟာနေတဲ့ စင်္ကြံတစ်ခုလုံးမှာ ပဲ့တင်ထပ်နေတဲ့ပုံပဲ။
“သခင်က ငါ့ကို ဘာဆုလာဘ်တွေ ပေးမလဲ မသိဘူး။ အသားများ ဖြစ်မလား မသိဘူး။ ငါ အသားမစားရတာ ကြာနေပြီ”
လောကကြီးသည် လုံးဝ မျှတမှုမရှိတော့ပေ။ ဒီလိုအလုပ်ကြိုးစားပြီး ဖြတ်လတ်သည့် အသက်တစ်ခုကို သူတို့အထက်က ပိုပြီးမြင့်မားသည့် ထိုတော်ဝင်မျိုးနွယ်များ၏ ကြိုက်ခြင်း၊ မကြိုက်ခြင်း အနည်းငယ်လေးကြောင့် အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။
မော့ချောင်ရှန်းသည် နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်ထားမိသည်။ သူသည် သူ့လက်ထဲမှ ပုလင်းငယ်လေးကို တင်းနေအောင် ဆုပ်ထားသည်။ သူ့နှလုံးသားထဲက ကြီးမားပြီး ဝမ်းနည်းသည့် ဟာတာတာ ခံစားချက်တစ်ခုကို ဖြည့်ဆည်းပေးဖို့ရန် ထိုပုလင်းငယ်လေးထဲက ထွက်လာသည့် သေးငယ်လှသည့် အနွေးဓာတ်ကို ကြိုးစားပြီး ဆွဲထုတ်နေသယောင်ပင်။
...