အပိုင်း (၇)
စစ်မြေပြင်ကို တစ်ရက်နှင့်တစ်ည သန့်ရှင်းရေးလုပ်ပြီးနောက်တွင် ပျန့်ကျိုးသည် မဟာမိတ်အဖွဲ့များကို ကြိုဆိုရန် မြို့၏တံခါးလေးဖက်ကို ဖွင့်လိုက်၏။
သည့်နေ့တွင် အရောင်အသွေး စုံလင်လှသည့် တိုက်ပွဲအလံများသည် ကောင်းကင်ယံကို ဖုံးလွှမ်းထားပြီး ပြည်နယ်အသီးသီးမှ မင်းသားများသည် သူတို့၏ တပ်စုများကို စုစည်းကာ ကြီးမားလှသည့် အင်အားစုတစ်ခုအဖြစ် ပျန့်ကျိုးမြို့ထဲသို့ ချီတက်လာခဲ့သည်။
မော့ချောင်ရှန်းသည် သူ့အဖွဲ့ကို ဦးဆောင်ကာ မြို့တံတိုင်း၏ အရိပ်ရသည့်နေရာတွင် တိတ်ဆိတ်စွာ စောင့်စားနေခဲ့သည်။
ကျွန်တပ်ဖွဲ့သည် အရေအတွက် ကြီးမားလှသဖြင့် သူတို့သည် မြို့ထဲသို့ ဝင်ရန် မလိုအပ်ချေ။ သူတို့၏ သခင်ဗျားကို မြို့အတွင်းသို့ တလေးတစားဖြင့် လိုက်ပါစောင့်ကြပ်ပြီးသည့်နောက်တွင် သူတို့သည် အဖွဲ့ငယ်လေးများ ခွဲကာ မြို့အပြင်ဘက်က ကွင်းပြင်ကျယ်ကြီးတွင် စခန်းချရသည်။
‘ကျင်း’ဟု ရေးထားသည့် ကြီးမားသည့် အလံတစ်ခုက တဖျတ်ဖျတ် လွင့်လာသည့် အချိန်တွင် မော့ချောင်ရှန်းသည် မနေနိုင်တော့ဘဲ ခေါင်းကို ထောင်လိုက်ကာ ထိုပုဂ္ဂိုလ်ကို ရှာဖွေလိုက်မိ၏။
သိပ်မကြာခင်တွင် နဂါးပုံသဏ္ဌာန် ဓားရှည်များကို ကိုင်ဆောင်သော အထူးတပ်ဖွဲ့မှ ရဲမတ်များနှင့် စစ်သူကြီးများသည် ပေါင်းမိုးတစ်ခုဖြင့် အုပ်ထားသည့် လူရှစ်ယောက်သယ် ဝေါယာဉ်ကြီးကို ဝန်းရံကာ ကြီးမားသည့် လူတန်းရှည်ကြီးနှင့်အတူ ရောက်လာသည်ကို မြင်လိုက်ရ၏။
ဝေါယာဉ်ပေါ်တွင် ပျင်းရိလေးတွဲစွာနှင့် ထိုင်နေသူမှာ ခေါင်းပေါ်တွင် ရွှေဆံထိုးကို ထိုးထားသည့် ငယ်ရွယ်သည့် နယ်စားမင်းတစ်ယောက် ဖြစ်ပြီး ချောမောသည့် မျက်နှာတစ်ခုကို ပိုင်ဆိုင်ထားသည်။
သူသည် ကိုယ်ကို ဘေးသို့ စောင်းထားပြီး သူ့ကို အဖော်ပြုပေးနေသည့် အခြွေအရံ ပြောစကားကို နားထောင်နေသည်။
လက်ကို ဝေါယာဉ်ပေါ်တွင် တင်ထားသည့် ချောမောလှသည့် အခြွေအရံတစ်ယောက်က မသိမသာ နီရဲနေသော မျက်နှာတစ်ခုဖြင့် လိုက်ပါလာသည်။ သူက တစ်ခုခုကို ပြောလိုက်သည်တွင် ကျင်းယွဲ့ဟိုက ခပ်တိုးတိုးလေး ရယ်မောလိုက်၏။
မော့ချောင်ရှန်း၏ မျက်လုံးများသည် သူ၏နေရောင်ခြည်လို တောက်ပသည့် အပြုံးများနောက် တစ်လမ်းလုံး လိုက်ပါသွား၏။
“အဲဒါ ကျင်းယွဲ့ဟိုလား။ သူက တကယ်သိမ်မွေ့တဲ့ အရှင်သခင်လေးတစ်ယောက်နဲ့ တူတယ်”
အားဖုန်းသည် မော့ချောင်ရှန်းဘေးတွင် ရပ်ပြီး ကိုယ်ကို အနည်းငယ် စောင်းကာ ပြောလိုက်၏။
“မင်းက သူ့ကျွန်ဖြစ်လာဖို့ စိတ်ကူးယဉ်နေတာလား။ မရူးမိုက်နေစမ်းပါနဲ့။ ငါတို့လိုလူတွေအတွက် သေရေးရှင်ရေးကိုတောင် ကံကြမ္မာရဲ့ သနားညှာတာမှုအပေါ်မှာ မူတည်နေတာ။ ငါတို့က ငါတို့ရဲ့ကိုယ်ပိုင် အသက်ရှင်ရေးအတွက် ရွေးချယ်ဖို့ အခွင့်အရေး ဘယ်လိုလုပ် ရနိုင်မှာလဲ”
အားဖုန်း၏ ကြမ်းရှရှအသံသည် သူ့နားစည်ထဲတွင် မြည်ဟီးသွား၏။
သို့သော်ငြားလည်း သူ့ကျွန်ဖြစ်လာသည့် ဟူသည် စကားလုံးသည် မျိုးစေ့လေး တစ်ခုနှယ် မော့ချောင်ရှန်း၏ နိမ့်ကျသည့်နှလုံးသားထဲတွင် ရုတ်ခြည်းဆိုသလို စိုက်ပျိုးမိသွားကာ ချက်ချင်းဆိုသလို သနားစဖွယ် အညှောင့်လေးတစ်ခုပင် ပါလာတော့သည်။
ကျင်းယွဲ့ဟိုကလည်း အမှတ်တမဲ့ ဒီဘက်သို့ လှမ်းကြည့်နေဟန် တူသည်။ မော့ချောင်ရှန်းသည် အနည်းငယ် မစိုးရိမ်ဘဲ မနေနိုင်အောင် ဖြစ်သွား၏။
အဲဒီအရှင်က ငါ့ကို တွေ့သွားပြီလား။
မဟုတ်ဘူး။ မဟုတ်ဘူး။ ဒီလောက် လူတွေအများကြီးပဲ။ သူက ငါ့လို ကျွန်တစ်ယောက်ကို ဘယ်လိုလုပ်ပြီးတော့ မြင်နိုင်မှာလဲ။
သို့သော် ဝေါယာဉ်ပေါ်တွင် ထိုင်နေသည့် မင်းသားက သူ့ကို ပြုံးပြကာ ခေါင်းညိတ်ပြပြီး သူ့လက်ချောင်းလေးကို အနည်းငယ် မြှောက်ကာ လက်ဟန်ပြနေဟန်တူသည်။
မော့ချောင်ရှန်းသည် သူ့လက်များကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး ခေါင်းငုံ့ထားလိုက်၏။
သူသည် သူ့နှလုံးသားထဲတွင် ထင်ယောင်ထင်မှား ခံစားချက်တစ်ခု ဖူးပွင့်လာသည်ဟု ခံစားလိုက်ရသည်။
ထိုခံစားချက်က တောထဲတွင် နွယ်ပင်တစ်ခုကို ထိန်းမနိုင်သိမ်းမရ ကြီးထွားလာပြီး သူ့နှလုံးသား တစ်ခုလုံးကို တင်းကြပ်နေအောင် ချည်နှောင်ထားသလို ခံစားရ၏။
ဒီသခင်က ငါ့ကို အစားအသောက်နဲ့ အဝတ်အစားတွေ ပေးတဲ့အပြင် ပိုပြီးတော့ အရေးကြီးတာက သူက ငါ အမုန်းဆုံး အရာကိုလည်း လုပ်ဖို့ ဖိအားမပေးခဲ့ဘူး။
သူက အရမ်းကို ညင်သာသိမ်မွေ့ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကို ထည့်သွင်းစဉ်းစားပေးပြီး နည်းလမ်းအမျိုးမျိုးနဲ့ ငါ့ကို စောက်ရှောက်ပေးခဲ့တာပဲ။
သူက ကျွန်တစ်ယောက်ရဲ့ သိက္ခာကိုတောင် လေးစားပေးပြီး ဆေးထည့်ပေးတဲ့ အချိန်မှာတောင် ငါ့အဝတ်အစားတွေကို ဆွဲမချွတ်ခဲ့ဘူးလေ။
ငါသာ ဒီလိုသခင်တစ်ယောက်ရဲ့ ကျွန်တစ်ယောက် ဖြစ်လာဖို့ ကံကောင်းခဲ့မယ်ဆိုရင် သေတဲ့အထိ သူ့အပေါ် သစ္စာရှိပါမယ်လို့ ကျိန်ဆိုရဲတယ်။
နှမြောစရာကောင်းတာက ဒါတွေအားလုံးက ထင်ယောင်ထင်မှားတွေပဲ။
...
ချန်ချန်းယဲ့သည် ယိမ်းနွဲ့နေသည့် ဝေါယာဉ်ပေါ်တွင် ထိုင်နေပြီး သူ့ကို ပျော်ရွှင်စေအောင် လုပ်ဖို့ရန် တတွတ်တွတ် ပြောနေသည့် ရှောင်းရှို့၏ စကားကို နားထောင်လာခဲ့သည်။
ချန်ချန်းယဲ့က ဒီလိုစဉ်းစားမိ၏။
ဂုဏ်ဒြပ်ရှိတဲ့ မျိုးနွယ်ဝင်တစ်ယောက် ဖြစ်ရတာ တကယ်ကို ကောင်းတာပဲ။ ကိုယ့်ကို သယ်ပိုးပေးမဲ့လူတွေ အများကြီးလည်း ရှိတယ်။ လမ်းလျှောက်တဲ့အခါကျရင်လည်း ဘေးမှာ အမြဲတမ်း လှပတဲ့ အခြွေအရံလေးတွေ ရှိပြီး သူ့ကို ပျော်ရွှင်အောင် လုပ်ပေးဖို့ အကောင်းဆုံး ကြိုးစားနေကြတယ်။
ဒါပေမဲ့ ငါက တိုက်ခိုက်တာ၊ သခင်လုပ်ရတာ၊ နယ်မြေတွေ လုပ်ရတာတွေကို မကြိုက်ဘူး။
ငါ့ဝါသနာတွေက ပီယာနိုတီးပြီး ဘားသွားတာ။ ငါ့အစ်ကိုကို အနိုင်ကျင့်ပြီး အလွန်ဆုံး ငွေလေး နည်းနည်းပါးပါး ရှာတာပေါ့။
ဘုရားသခင်ရယ် လောကကို လွှမ်းမိုးချုပ်ကိုင်နေတဲ့ ဒီဘဝကနေ ထွက်သွားခွင့်ပေးပြီး အပေါစား အထိအတွေ့အရသာတွေ ပြည့်နေတဲ့ ခေတ်သစ်လူ့အဖွဲ့အစည်းကို ဘယ်တော့ ပြန်ပို့ပေးမှာလဲ။ ဒီ systemကို ဒီအတိုင်းပဲ လက်လွှဲပေးလို့ မရဘူးလား။
ပုရွတ်ဆိတ်များလို သိပ်သည်းနေသည့် လူအုပ်ကြီးများတွင် ချန်ချန်းယဲ့သည် ရင်းနှီးသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ သူ၏ကြည်လင်တောက်ပနေသည့် အပြာရောင် ဝတ်စုံက နောက်ကျိနေသည့် အရောင်အသွေးများအကြားတွင် အထင်းသား ပေါ်နေသည်။
ဒါက တစ်နေ့ညက ကျွန်ပဲ။ သူလည်း ငါ့ကို ကြည့်နေတာပဲ။
ချန်ချန်းယဲ့သည် တချို့သော ပုဂ္ဂိုလ်များက ဒီလောက်လှပသည့် အရောင်အသွေး ရှိနေရသည့် အကြောင်းအရင်းကို အခုအထိ အဖြေရှာမရသေးချေ။
သို့သော်ငြားလည်း ဒါက ရှားပါးပြီး မျက်စိပသာဒ ရှိလှ၏။
လူများသည် လှပသည့် အရာဝတ္တုများ၏ ဆွဲဆောင်ခံရသည်မှာ သဘာဝဖြစ်သည့်အတွက် ချန်ချန်းယဲ့သည် ထိုလူများအပေါ် ပိုပြီး မကြင်နာဘဲ မနေနိုင်ချေ။
ချန်ချန်းယဲ့က သူ့လက်ကို အနည်းငယ် မြှောက်လိုက်ပြီး သူ့ကို နူတ်ဆက်လိုက်သည်။
သူ့ခေါင်းငုံ့သွားတာပဲ။ သူ ရှက်နေလို့များလား။
အရမ်းကို သနားစရာကောင်းပြီး ချစ်စရာကောင်းနေတာပဲ။
ဒီလောက်သိပ်သည်းနေတဲ့ လူအုပ်ကြီးထဲမှာ သူတစ်ယောက်တည်းကပဲ လှပပြီး မျက်စိပသာဒဖြစ်တဲ့ အရောင်အဝါတစ်ခု ပိုင်ဆိုင်ထားပြီး ဒါကပဲ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူ့ကို သတိထားမိသွားစေတာလေ။
ဒါက ဧရာမ ကျောက်မျက်ရတနာတစ်ခုလို ဖြစ်နေလို့ အကြည့်လွှဲဖို့တောင် လုံးဝမဖြစ်နိုင်သလောက်ပဲ။
ချန်ချန်းယဲ့သည် သူမ၏မေးစေ့ကို ထိလိုက်ပြီး ပြောလိုက်၏။
“ငါ သူ့ကို ငါ့ဘေးနားမှာ ခေါ်ထားချင်လိုက်တာ”
သူက ရှောင်းရှို့ကို ပြောလိုက်သည်။
“အဲ့ဒီကုန်းအိုကြီး ဝေပေဟိုက သူ့ဘေးက ယောက်ျားတွေအပြင် ဘာကြိုက်တတ်လဲဆိုတာကို သွားရှာလာခဲ့”
မြို့ထဲသို့ ဝင်ရောက်လာပြီးနောက်တွင် ချန်ချန်းယဲ့သည် လှပသည့် ဗိသုကာလက်ရာများနှင့် ကြည်နူးဖွယ်ရာ ပတ်ဝန်းကျင်ရှိသည့် မြေတစ်ကွက်ကို သူမကိုယ်တိုင်အတွက် ရွေးချယ်ထားလိုက်သည်။ ဒါသည် အရင်မင်းဆက်၏ မင်းသမီး အိမ်ယာဝင်းဖြစ်သည်ဟု ပြောကြသည်။
လွီယောင်က သူမ၏ဘေးတွင် စိတ်ရင်းဖြင့် ရှိနေသည် မဟုတ်ကြောင်း မြင်နေရသည့်အတွက် ချန်ချန်းယဲ့သည် သူနှင့် တရင်းတနှီး နေရန် ဟန်ဆောင်ဖို့ အလွန်ပျင်းရိနေလေသည်။ ထို့ကြောင့် သူက လွီယောင်ကို ဝေယျာဝစ္စများကို ကိုင်တွယ်ဖို့ရန် ဒီအတိုင်း လွှတ်လိုက်ပြီး ရှောင်းရှို့တစ်ယောက်ကိုသာ သူမကို ခစားဖို့အတွက် ချန်ထားရစ်ခဲ့သည်။ သို့ဆိုလျှင်တော့ အပြင်လူများက ကုန်းဇီယွီ၏ စိတ်သဘောထားသည် အများကြီး ပြောင်းလဲသွားသည်ဟု ထင်ကြလိမ့်မည် မဟုတ်တော့ချေ။
လွီယောင်သည် အသစ်ခန့်အပ်ပေးထားသည့် အထွေထွေ စီမံခန့်ခွဲရေးဟူသည့် ရာထူးကို ပိုပြီး စိတ်ဝင်စားသည်မှာ သိသာသည်။
သူက ကြီးမားသည့် စိတ်အားထက်သန်မှုတစ်ခုဖြင့် သူ၏ရာထူးအသစ်ပေါ်တွင် မြန်မြန် နှစ်မြှပ်ထားလိုက်ပြီး ချန်ချန်းယဲ့၏ နေ့စဉ်ဘဝ သက်သောင့်သက်သာ ရှိအောင် သေသေချာချာလေး စီမံပေးခဲ့သည်။
ကံဆိုးချင်တော့ ချန်ချန်းယဲ့သည် ရှေးခတ်မင်းမျိုးမင်းနွယ်များ၏ ခမ်းနားထည်ဝါလှသည့် ဘဝကို ခံစားဖို့ရန် အချိန်မရသေးချေ။
သူမသည် လီဝမ်ကွမ်း ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ အစည်းအဝေး ကြီးကြီးသေးသေးကို တက်ရောက်ခွင့် မရှိသေးချေ။
ဒီလူများသည် အောင်မြင်မှုကြောင့် အလွန်မှ ပျော်ရွှင်နေကြကာ နေ့နေ့ညည စစ်ဘက်ရေးရာနှင့် ဗျူဟာများကို တိုင်ပင်နေကြလေသည်။
တစ်စုံတစ်ယောက်က မြေများနှင့် ပင်လယ်များကို ဆက်တိုက်သိမ်းယူဖို့ အကြံပေးသည်။ နှစ်ဖက်ညှပ်တိုက်ကာ ဟောင်ကျင်းသို့ တိုက်ရိုက်ချီတက်ပြီး ဆုံးရှုံးခဲ့သည့် နယ်မြေများကို တစ်ချီတည်း ပြန်ရယူမည်ဟု အကြံပေးသည်။
တချို့ကတော့ တပ်စုများကို သုံးဖွဲ့ခွဲပြီး အချင်းချင်း ထောက်ပံ့ပြီးနောက် တဖြည်းဖြည်း ခြေကုပ်ယူထားသည့် နယ်မြေကို ချဲ့ထွင်ရမည်ဟု အကြံပေးသည်။
အငြင်းပွားမှုများက မြင့်တက်လာ၏။
ချန်ချန်းယဲ့ခမျာ ပြောလာသည့် စကားများကို နားမလည်နိုင်သလို ထွက်သွားလို့လည်း မရနိုင်ချေ။
သို့သော်ငြားလည်း သူမသည် သူမအတွက် အဓိပ္ပာယ်မရှိလှသည့် ဒီလိုစစ်ပွဲမျိုးကို မတိုက်ခိုက်လိုသည်ကတော့ အမှန်ပင်။
ထို့ကြောင့် သူမက သူမ၏တပ်စုကို ဦးဆောင်ကာ နေခဲ့ပြီး မြို့ကို ခံစစ်အဖြစ် ပြုလုပ်ကာ နောက်တန်းတွင် အခြေခိုင်အောင် ပြုလုပ်ပေးပြီး ရှေ့တန်းက လူများအတွက် လုံခြုံရေးကို ထောက်ပံ့ပေးမည်ဟု ပြောလိုက်လေသည်။
မင်းသားများက အခိုက်အတံ့ မှင်တက်အံ့ဩသွားကြ၏။ ထို့နောက်တွင်တော့ သူမ၏ ဖြောင့်မတ်မှန်ကန်ပြီး အခြေအနေတစ်ခုလုံးကို ထည့်သွင်းစဉ်းစားပေးကာ သူမ၏သစ္စာရှိမှုအတွက် တစ်ပြိုင်နက် သူမကို ချီးကျူးစကား ပြောကြလေသည်။
သို့သော်ငြားလည်း ထိုနောက်ကွယ်တွင် အားလုံး၏ ထွက်ပေါ်လာသည့် စိတ်ခံစားချက် တစ်ခုကို ချန်ချန်းယဲ့က သေချာမြင်နေရ၏။ အရူးတစ်ယောက်ကိုသာ မြင်ရသည့် အချိန်တွင်သာ ပေါ်လာတတ်သည့် ခံစားချက်မျိုး ဖြစ်လေသည်။
ချန်ချန်းယဲ့က ပြုံးလိုက်သည်။ သို့သော်ငြားလည်း သူမ၏စိတ်ထဲတွင်တော့ ညည်းညူးလိုက်၏။
ရှင်တို့ရဲ့ ကိုယ်ပိုင်နယ်မြေကို သွားပြီးတော့ သိမ်းပိုက်လိုက်ကြစမ်းပါ။ ကျွန်မကတော့ ဒီနေရာကို အချိန်နဲ့နေရာ ဘယ်လိုကူးပြောင်းလာမှန်း မသိတဲ့အပြင် ကူးပြောင်းလာပြီးတဲ့နောက်မှာလည်း ကိုယ်ဟာကိုယ် ကြိုးဆွဲချခံခဲ့ရပြီး တိုက်ခိုက်နေရတဲ့အတွက် တစ်ချိန်ကလေးမှ အေးချမ်းမှု မရှိဘဲ ရှုပ်ထွေးပွေလီနေရတယ်။
ရှင်တို့အားလုံးကလည်း ဒီနေရာကနေ ထွက်သွားမှ အဆင်ပြေမှာပဲ။ ကျွန်မလည်း စိတ်တည်တည်ငြိမ်ငြိမ် ထားပြီး ခဏလောက် အနားယူပြီးမှ ကျွန်မ ဒီကို ကူးပြောင်းလာရတဲ့ လောကကြီးက သောက်ကျိုးနည်း ဘယ်လိုလောကကြီးလဲ ဆိုတာကို အဖြေထုတ်ရဦးမယ်။
သူမသည် အစည်းအဝေးခန်းမထဲက ထွက်လာသည့်အချိန်တွင် သူမ၏အဖွဲ့ဝင်တစ်ယောက် ဖြစ်သည့် ကျန်းဖုက သူမ၏ အနောက်မှလိုက်ပြီး သူ၏ပုံမှန်သိမ်မွေ့ညင်သာနေသည့် မျက်နှာတစ်ခုဖြင့် သူက မေးလိုက်သည်။
“နယ်စားမင်း အရှင်က တပ်စုတွေကို ပျန့်ကျိုးမှာပဲ ဘာဖြစ်လို့ ထားချင်တာလဲ”
သူမ၏စိတ်ထဲတွင်တော့ ချန်ချန်းယဲ့သည် ကျန်းဖုကို အမှန်ပင် အလွန်မှ သဘောကျ နှစ်သက်လှသည်။ သို့သော်ငြားလည်း ကျန်းဖုကလည်း သူမကို အလွန်အထင်သေးနေသည်ကို သိနေသည်။
သူမ ဆက်ခံထားသည့် မှတ်ဉာဏ်များထဲတွင် ကျန်းဖုသည် ဗဟုသုတ ကြွယ်ဝကာ နာမည်ကြီးသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး သူသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ကျင်းဝေဟို၏ အယုံကြည်ရဆုံး လက်ထောက်ဖြစ်လေသည်။
ချန်ချန်းယဲ့သည် ဒီနေရာသို့ အခုမှရောက်လာခြင်း ဖြစ်ရာ နေရာတိုင်း၌ ဘာမှမသိချေ။ သို့သော်ငြားလည်း အမှန်တွင်တော့ သူမသည် တစ်စုံတစ်ယောက်ထံမှ ဒီလိုစိတ်ရင်းစေတနာပါသည့် အကူအညီကို အင်မတန် မျှော်လင့်ခဲ့သည်။
သူ့ခန္ဓာကိုယ်ပေါ်က နီလာခရမ်းကျောက်လို အရောင်တစ်ခုသည် ချန်ချန်းယဲ့ကို အမှန်ပင် သဘောကျရစေသည်။
ထို့ကြောင့် ချန်ချန်းယဲ့သည် အမှတ်တမဲ့ သူ့ကို ကျေနပ်လာအောင် လုပ်ဖို့ ကြိုးစားနေတတ်ပြီး သူက သူမကို နည်းနည်းလေး ပိုပြီး သဘောကျလာဖို့ မျှော်လင့်နေ၏။
သည်အချိန်တွင် သူမသည် အနားယူချင်သဖြင့် သို့မဟုတ် တိုက်ခိုက်ရမည်ကို ကြောက်ရွံ့ရသည်ဟု မဖြေနိုင်ပေ။
ထို့ကြောင့် သူမက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။
“မဟာမိတ်တပ်စုတွေက အင်အားများပြားတယ် ဆိုပေမဲ့လည်း သူတို့ရဲ့စိတ်ဓာတ်ရေးရာကတော့ ညီညွတ်မှု မရှိဘူးလေ။ သူတို့တွေက တိုက်ပွဲကို ယာယီအနိုင်ရခဲ့ပြီး သူတို့ရဲ့ စိတ်ဓာတ်ရေးရာကလည်း မြင့်မားနေတယ်လို့ ထင်ရတယ် ဆိုပေမဲ့ တိုက်ပွဲကာလက ရှည်လျားသွားမယ်ဆိုရင်တော့ ပြောရခက်သွားပြီ။ ငါတို့အတွက် ဒီပျန့်ကျိုးကို သိမ်းပိုက်ထားပြီး ပုံမှန်တဆင့်ချင်းသွားရင်း ပြည်သူတွေရဲ့ စားဝတ်နေရေးကို တိုးတက်အောင် လုပ်ပေးပြီး ဒီမြို့ရဲ့ခံစစ်ကို သေချာပြင်ဆင်ပြီးမှ ငါတို့ရဲ့ သာ့ကျင်းနယ်နိမိတ်အတွင်း ပေါင်းစပ်လိုက်တာက ပိုပြီး ကောင်းမယ်လို့ထင်တယ်။ ဒါဆိုရင်တော့ လုံလောက်ပါပြီ”
ကျန်းဖုသည် သူ့မျက်ခုံးများကို မသိမသာ ပင့်လိုက်ပြီး အနည်းငယ် အံ့ဩသွားဟန် ပြလိုက်၏။
“ကျွန်တော်မျိုး သိပါပြီ။ နယ်စားမင်းက ရှေ့ရေးကို ကြိုမြင်တတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါပဲ။ ကျွန်တော်မျိုး နယ်စားမင်းနဲ့ မယှဉ်ပြိုင်နိုင်ပါဘူး”
ချန်ချန်းယဲ့သည် သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်၏။ ကျန်းဖုသည် သူမ ပြောခဲ့သည်ကို စကားကို မထောက်ခံသည်ကို သူမက သိနေသည်။
သို့သော်ငြားလည်း သူမ၏ အဓိပ္ပာယ်မရှိသည့် စကားများကြောင့် အထင်သေးရွံ့ရှာသည့် ခံစားချက်က သူ့ခန္ဓာကိုယ်တွင် အမြဲတမ်း ရစ်ပတ်နေသည်ကို ခံစားမိပြီး အနည်းဆုံးတော့ ဒါသည် နက်ရှိုင်းနေသည်တော့ မဟုတ်သေးချေ။
အချိန်မကူးပြောင်းလာခင်တွင် သာမာန် ဉာဏအလုပ်သမားတစ်ယောက် ဖြစ်ခဲ့သည့် တစ်စုံတစ်ယောက်အတွက် ယခုအချိန် ရင်ဆိုင်ဖြေရှင်းဖို့ရန် လိုအပ်သည့် ပြဿနာများမှာ အလွန်မှ များပြားနေပြီး သူမသည် ဘယ်ကနေ စရမယ်မှန်းပင် မသိတော့ချေ။
သူမသည် စစ်တပ်ရိက္ခာများနှင့် ထောက်ပံ့ပို့ဆောင်ရေး ကိစ္စများလို အရေးကြီးသည့် တာဝန်များကို သူမ ယုံကြည်နိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည့် ရှောင်ကျင်းအား အပ်နှံထားရလေသည်။
ထို့နောက်တွင် ရဲမက်များကို လေ့ကျင့်ပေးရာတွင် တာဝန်ယူထားသည့် သူမ၏ သဘောအကျဆုံး လူများဖြစ်သည့် ဟဲ့လန်ကျန်းနှင့် ယွီတွမ်းစုတို့ကို ယုံကြည်ထားရသည်။
ဟုတ်ပါသည်။ ချန်ချန်းယဲ့သည် ကျင်းဝေဟို ချန်ထားရစ်သည့် ဝါရင့်စစ်သူကြီးများ၏ ရာထူးကိုတော့ အလွယ်တကူ မပြောင်းရွှေ့ရဲခဲ့ချေ။
သူတို့အများစုသည် ကျန်းဖုလိုပင် အပေါ်ယံတွင် ချန်ချန်းယဲ့ကို လေးစားကြသော်ငြားလည်း သူတို့သည် အမှန်တွင် မကြာခဏဆိုသလို သူတို့၏စိတ်ထဲတွင် အထင်သေးမှုများကို ပြသနေတတ်သည်။
သို့သော်ငြားလည်း ဒါက သူတို့အမှားလည်း မဟုတ်ချေ။ အကြောင်းမှာ ချန်ချန်းယဲ့က နေရာအစားထိုးယူထားသည့် အစ်ကိုမှာ အားကိုးမရသည့် ဆန်ကုန်မြေလေးတစ်ယောက် ဖြစ်ခြင်းကြောင့်ပင်။
ဒီကိစ္စများကိုတော့ ဖြည်းဖြည်းချင်း ဆောင်ရွက်နိုင်သည်။
လက်ရှိတွင် ချန်ချန်းယဲ့အတွက် အရေးကြီးဆုံးကိစ္စမှာ အသေးအဖွဲ့ကိစ္စတစ်ခု ဖြစ်နေသည်။
သူမသည် မြင်းမစီးတတ်ချေ။
ဒီလိုစစ်ပွဲများဖြင့် စုတ်ပြတ်နေသော ခေတ်တစ်ခုတွင် လက်ဝေခံ ပြည်နယ်တစ်ခု၏ နယ်စားမင်းက မစီးတတ်သည်ကိုတော့ လက်ခံနိုင်ကြမည် မဟုတ်ချေ။
ကုန်းဇီယွီသည် အမူးသမား၊ မိန်းမလိုက်စားသူတစ်ယောက်၊ စာပေနှင့် သိုင်းပညာတွင် ဘာထူးထူးခြားခြားမှ မရှိသော်လည်း သူ၏ မြင်းစီးစွမ်းရည်ကတော့ လုံးဝမကောင်းသည့်တိုင် သူသည် မြင်းတစ်ကောင်ကိုတော့ စီးနိုင်သေးသည်။
အကယ်၍ ချန်ချန်းယဲ့သည် အမြဲလိုလို ဝေါယာဉ်တစ်ခုပေါ်တွင် ထိုင်နေခဲ့မည်ဆိုလျှင် သို့မဟုတ် အရေးကြီးအချိန်တစ်ခုမှာ မြင်းပေါ်သို့ မတက်နိုင်ခဲ့မည်ဆိုလျှင် သူမသည် ပေါ်ပေါက်သွားပေလိမ့်မည်။
ထို့ကြောင့် အစည်းအဝေးခန်းမထဲက ထွက်လာသည်နှင့်ချက်ချင်း ချန်ချန်းယဲ့သည် နောက်တော်ပါတချို့ကို တိတ်တိတ်လေး ရွေးချယ်ကာ သူမ၏ မြင်းဝါလေးကို ခေါ်သွားပြီး မြင်းစီးလေ့ကျင့်ဖို့ရန် မြို့အပြင်ဘက်က ကွင်းပြင်ကျယ်ကြီးဆီသို့ သွားလိုက်လေသည်။
ဒီမြင်းဝါလေးသည် ကျင်းဝေဟို ချန်ထားခဲ့သည့်မြင်း ဖြစ်ပြီး မိုင်တစ်ထောင် ပြေးနိုင်သည့် နာမည်ကြီးအကောင်းစား မြင်းတစ်ကောင်လည်း ဖြစ်သည်။
သူ့တွင် ငါးမျက်လုံး၊ ပိန်ပါးသည့် ဦးခေါင်း၊ နဂါးအကွက်ပုံစံ ရှည်လျားသည့် ကိုယ်ထည်နှင့် တစ်ကိုယ်လုံးတွင် တောက်ပနေသည့် အဝါရောင်အမွှေးအမျှင်များ ရှိကာ ဆီးသီးအရွယ် အဖြူရောင် အစက်အပျောက်လေးများ ရှိသည်။ အလွန်မှ ခန့်ညားလှပလှ၏။
ချန်ချန်းယဲ့သည် မြင်းစီးခြင်းနှင့် ပတ်သက်သည့် ဘာမှမသိသည့် ခေတ်သစ်လူငယ်တစ်ယောက်သာ ဖြစ်လေသည်။
သူမသည် အရေးကြီးသည့် ကိစ္စကိုမှ မျက်စိရှန်းခဲ့မိသည်။
မြင်းသည် အရိုင်းဆန်လေလေ မြင်းစီးသင်စ လူတစ်ယောက်အတွက် ပိုပြီး မသင့်တော်လေလေပင်။
သူမ၏ နောက်လိုက်များ၏ အကူအညီဖြင့် သူမသည် နောက်ဆုံးတော့ မြင့်မားလှသည့် မြင်း၏ကျောပေါ်သို့ တက်နိုင်သွားခဲ့သည်။ သူမသည် သူမ၏ခြေထောက်ကို ခြေနင်းကွင်းထဲသို့ ထည့်လိုက်သည်နှင့် ချက်ချင်း မြင်းဝါလေးက ရုတ်တရက် လျှပ်စီးလို အလျင်ဖြင့် ရုတ်တရက် ပြေးထွက်သွားလေသည်။
ချန်ချန်းယဲ့သည် အင်မတန်မှ ကြောက်လန့်သွားပြီး သူမခေါင်းထဲမှ မြင်းစီးခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို ချက်ချင်းဖယ်ရှားလိုက်ကာ မြင်း၏လည်ပင်းကို တင်းနေအောင် ဖက်ထားလိုက်မိသည်။
နောက်တွင်တော့ ဖရိုဖရဲအော်သံများ ကျန်ခဲ့၏။
“နယ်စားမင်း မြင်းဇာတ်ကြိုးကို ထိန်းထားပါ”
“မြင်းကို တင်းနေအောင် ဖက်ထားပါ”
“မြန်မြန်။ နယ်စားမင်းကို လာကယ်ကြ”
သူမ၏ နားထဲတွင် လေသံများက တရွှီးရွှီးမြည်နေပြီး နှစ်ဖက်စလုံးက မြင်ကွင်းများသည် အရှိန်ဖြင့် နောက်တွင် ကျန်ခဲ့လေသည်။
ချန်ချန်းယဲ့သည် သူမ၏ သိက္ခာကိုပင် ဂရုမစိုက်တော့ဘဲ အော်ဟစ်လိုက်၏။
“ကယ်ကြပါဦး”
သူမ၏မျက်လုံးထောင့်မှ နေ၍ လမ်းဘေးတွင် ပျံသန်းလာသည့် အနက်ရောင်အရိပ်တစ်ခုကို ဖြတ်ကနဲ မြင်လိုက်ရ၏။
အနက်ရောင်အရိပ်သည် သူ တတ်နိုင်သလောက် မြန်မြန်ဆန်ဆန် ပြေးလွှားနေပြီး ဒုန်းစိုင်းပြေးနေသည့် မြင်းနောက်က အနီးကပ်လိုက်ပြေးလာကာ တဖြည်းဖြည်း လူနှင့်မြင်းကြားက အကွာအဝေးကို နီးအပ်အောင် လုပ်လိုက်သည်။
သူသည် တဖြည်းဖြည်း ပိုနီးလာပြီး နောက်ဆုံးတော့ ချန်ချန်းယဲ့၏ ဘေးသို့ ရောက်လာ၏။
ထိုလူသည် အလွန်မှ မြန်ဆန်လှလေရာ သူ၏ပြေးနိုင်သည့် နှုန်းထားက မြင်း၏နုန်းထားနှင့် အတူတူ ဖြစ်နေ၏။
သူက သူ၏ကြီးမားသည့်လက်တစ်ဖက်ကို လက်ဆန့်လိုက်ပြီး မြင်းဝါလေး၏ မြင်းဇက်ကြိုးကို လှမ်းဆွဲလိုက်ကာ ဇက်ကြိုးကို တင်းနေအောင် ဆွဲထားလိုက်ပြီး ဖြည်းဖြည်းချင်း ဆွဲချလိုက်သည်။ နောက်ဆုံးတော့ သူသည် သူ့နောက်ဆုံးကို တင်းဆွဲထားလိုက်နိုင်ပြီး သူ့ခြေထောက်ကို မြေပေါ်တွင် တွန်းကန်ထားကာ ဒေါသကြီးနေသည့် မြင်းကို မြင်းဟီးသံပေးပြီး ရပ်တန့်သွားအောင် လုပ်လိုက်လေသည်။
ချန်ချန်းယဲ့ကို သန်မာသည့် လက်တစ်ဖက်က မြင်းပေါ်မှ ကူညီတွဲပြီး ဆင်းပေးလိုက်သည်။ သူမသည် ခြေထောက်နှင့် ပေါင်များမှာ အားနည်းချိနဲ့နေပြီး သူမ၏နှလုံးသားသည် တဒုတ်ဒုတ် ခုန်နေ၏။
သူသည် ပင့်သက်ရှည်ကြီး တစ်ချက်လောက် ချလိုက်ပြီးမှ တည်ငြိမ်သွားလေသည်။
ထိုအခါမှ သူမကို ကယ်တင်ပေးခဲ့သည့်လူမှာ ကျွန်ယောက်ျား မော့ချောင်ရှန်း ဖြစ်နေသည်ကို သေချာ တွေ့လိုက်ရသည်။
သူသည် အနက်ရောင်လက်တို အနွေးထပ်တစ်ခုကို ဝတ်ဆင်ထားပြီး သူမရှေ့တွင် ဒူးတစ်ဖက်ထောက်ထားသည်။ ကြယ်များလို တောက်ပနေသည့် သူ့မျက်လုံးများက စိုးရိမ်စိတ်ဖြင့် ကြည့်နေ၏။
ချန်ချန်းယဲ့သည် ကပ်ဘေးမှ အသက်ရှင်သန်ခဲ့ပြီး သူမ၏ရင်ဘတ်ကို ပွတ်သပ်ရင်း သူ့ကို အားတင်းကာ ပြုံးပြလိုက်သည်။
မော့ချောင်ရှန်းကတော့ သူ၏လက်ဖဝါးများကို သူ့နဖူးပေါ်တွင် ကပ်လိုက်ကာ သူ့ကိုယ်သူ ဝပ်တွားခယလိုက်သည်။
ချန်ချန်းယဲ့၏ အစေခံများကတော့ ယခုအချိန်မှသာ အမှီလိုက်လာလေသည်။
သူတို့သည် ချန်ချန်းယဲ့ကို ဝန်းရံထားကြပြီး တချို့က သူ့ကို တွဲပေးထားကာ တချို့ကတော့ ဖုန်များကို ခါချနေပြီး တချို့ကတော့ စိုးရိမ်တကြီးနှင့် မေးနေကြသည်။ အားလုံးကတော့ သူတို့၏ ရိုးသားသည့် စိုးရိမ်စိတ်ကို ထုတ်ပြနေကြ၏။
သို့သော်ငြားလည်း ချန်ချန်းယဲ့၏ မျက်လုံးထဲတွင် သူတို့အများစုသည် သူတို့၏ခန္ဓာကိုယ်ထဲတွင် ထွက်နေသည့် ရေညှိစိမ်းရောင်က အနည်းနှင့်အများတော့ ပေါ်ထွက်နေလေသည်။
ဒီလို ရေညှိစိမ်းရောင်မျိုးကို ချန်ချန်းယဲ့သည် အလွန်မှ ရင်းနှီးနေလေသည်။ လတ်တလောတွင် ဒါသည် စိတ်ပျက်အထင်သေးခြင်းကို ကိုယ်စားပြုနေသည်။ သူမ၏ ရှေ့တွင် ရှိနေသည့် ဒီကျွန်တစ်ယောက်တည်းကသာ ဖုန်မှုန့်ထဲတွင် ဝပ်တွားခယနေပြီး သူ့ခန္ဓာကိုယ် ပတ်ဝန်းကျင်တွင် ကြည်လင်သည့် အပြာရောင်တောက်တောက်နှင့် လိမ္မော်နီရောင် ခပ်ဖျော့ဖျော့တို့က ရစ်ဝဲနေလေသည်။
ဒီခန္ဓာကိုယ်၏ စိတ်ကဖော်မပြထားသည့် စိုးရိမ်မှုနှင့် သောကများကို သယ်သယ်လာခြင်းကို ပြသနေခြင်းပင်။
ချန်ချန်းယဲ့က ကိုယ်ကို ညွှတ်လိုက်၏။ သူ့လက်ကို ကိုင်လိုက်ကာ သူ့ကို တွဲထူပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
သူမက သူ့ကို စိတ်ရင်းဖြင့် ကျေးဇူးတင်စကားပြောလိုက်ပြီး ခဏလောက် စဉ်းစားလိုက်ကာ မေးလိုက်လေသည်။
“မင်း ငါ့ဘေးကို လာချင်လား။ ငါ့ရဲ့ကျွန် လုပ်ချင်လား”
သူမသည် မော့ချောင်ရှန်း၏ နူတ်ခမ်းများက မသိမသာ ပွင့်ဟသွားသည်ကို မြင်လိုက်ရပြီး ရုတ်ခြည်းဆိုသလို သူ့မျက်လုံးများက တောက်ပလာ၏။
သူ့အတွက် ပြန်ဖြေဖို့ရန် မလိုအပ်တော့ချေ။ ချန်ချန်းယဲ့သည် အဖြေကို သိနှင့်ပြီးသား ဖြစ်လေသည်။
အကြောင်းမှာ သူမရှေ့တွင် မီးတောက်တစ်ခုလို တိုးထွက်လာသည့် ပြင်းပြသည့် စိတ်ဆန္ဒကို ကိုယ်စားပြုသည့် အရောင်တစ်ခုကို မြင်လိုက်ရခြင်း ကြောင့်ပင်။
သူ ငါ့ကို အရမ်းသဘောကျနေတာပဲ။
ချန်ချန်းယဲ့က အနည်းငယ် ပျော်ရွှင်မှုများဖြင့် မော့ချောင်ရှန်းကို နူတ်ဆက်စကား ပြောလိုက်သည်။
သူမက သူမ၏အစေခံပိုင်ဆိုင်သည့် ပိုငယ်ပြီး ယဉ်ပါးသည့် မြင်းတစ်ကောင်ကို ပြောင်းလိုက်ပြီး ကွင်းကို တစ်ပတ်နှစ်ပတ် ပတ်ကာ စီးကျင့်မည်ဟု ပြင်ဆင်လိုက်သည်။
ငါ ပြန်ရောက်သွားရင်တော့ လူအိုကြီး ဝေပေဟိုကို သွားရှာပြီး မော့ချောင်ရှန်းကို ငါ့ဆီရောင်းဖို့အတွက် သူ လိုချင်တဲ့ အခြေအနေကို သွားပြီးတော့ မေးမြန်းရလိမ့်မယ်။
သူမက ထိုသို့စဉ်းစားထားလိုက်တော့သည်။
...