Ch 9
Viewers 262

 အပိုင်း(၉)

“ကုန်းဇီဟွားက အလှအပလေးတွေကို ချစ်မြတ်နိုးတဲ့အပြင် မြင်းကောင်းတွေကိုလည်း သဘောကျတယ်လို့ ကျုပ် ကြားထားတယ်”

ချန်ချန်းယဲ့က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ လက်ကို ဝေ့ယမ်းပြလိုက်ပြီး သူမ၏ လက်အောက်ငယ်သားများကို မြင်းဝါလေးအား ဆွဲခေါ်လာဖို့ ပြောလိုက်၏။

“ဒီမြင်းထီးလေးကို ဟွမ်ပြောင်းလို့ ခေါ်တယ်။ တစ်နေ့ကို မိုင်တစ်ထောင် သွားလာနိုင်တယ်။ မြင်းကောင်းတွေကို သူရဲကောင်းတွေကိုပဲ ပေးသင့်တယ်ဆိုတဲ့စကား ရှိတယ်လေ။ ကျုပ်ရဲ့သဘောအရဆိုရင် ဒီမြင်းက ကုန်ဇီဟွားလို သူရဲကောင်းတစ်ယောက်နဲ့ပဲ သင့်တော်တာပါ။ တကယ်လို့ ကုန်းဇီဟွားက ဒီကျွန်ကို လက်လျှော့ပေးမယ်ဆိုရင် ကျုပ်က ဒီမြင်းကို ကုန်ဇီဟွားကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်ပေးပါ့မယ်”

ရှောင်းရှို့မှာ အထိတ်တလန့် ဖြစ်သွားတော့သည်။ သူသည် မော့ချောင်ရှန်းကို လှမ်းကြည့်လိုက်ပြီး ချန်ချန်းယဲ့ကို တိုးတိုးလေး ပြောလိုက်၏။

“နယ်စားမင်း ဒါတော့ မဖြစ်နိုင်ပါဘူး။ ဒီမြင်းကို နယ်စားဟောင်းက ချန်ထားခဲ့တာလေ။ ကျွန်တော်တို့တွေက ဒီမြင်းကို ကျွန်တစ်ယောက်ကို အစားရဖို့အတွက် အခြားလူကို ဒီအတိုင်း ဘယ်လိုလုပ် ပေးပစ်နိုင်မှာလဲ။ ဒီလုပ်ရပ်က အဲ့ဒီစစ်သူကြီးအိုတွေရဲ့ စိတ်ကို အေးစက်သွားစေလိမ့်မယ်”

ချန်ချန်းယဲ့က မော့ချောင်ရှန်းကို လှမ်းကြည့်လိုက်သည်။

“ရပါတယ်။ လူတွေက မြင်းထက်ပိုပြီး အရေးကြီးတယ်”

ချန်ချန်းယဲ့က ဘာမှမဖြစ်သလို ပြန်ဖြေလိုက်သည်။ သူမသည် သူမနှင့် တန်ဖိုးထားပုံခြင်း လုံးဝကွာခြားလှသည့် ဒီရှေးခေတ်လူသားများကို တစ်ဆင့်ချင်း ရှင်းပြဖို့ရန် အချိန်မရှိချေ။

ဟွားယွီကျစ်သည် အင်မတန်မှ ခန့်ညားလှသည့် မြင်းဝါလေးကို တွေ့လိုက်ရ၏။ ထိုမြင်းသည် ဟိန်းဟောက်မြည်ဟီးနေကာ ပင်လယ်ထဲသို့ပင် အရှိန်ဖြင့် သွားလာနိုင်ဟန် တူသည်။

သူသည် အလွန်မှ ဝမ်းသာသွား၏။ သူ့လက်ကို ပွတ်သပ်လိုက်ပြီး သူက ပြောလိုက်သည်။

“ဒီလိုကောင်းမွန်လှတဲ့ မြင်းတစ်ကောင်ကို ဒီလိုကျိုးပဲ့နေတဲ့ ကျွန်တစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး အလဲအလှယ် လုပ်ရဲပါ့မလဲ”

သူက လက်ခုပ်တီးလိုက်ပြီး သပ်သပ်ရပ်ရပ် တန်းစီလာသည့် လူတန်းကြီးနှစ်ခုသည် စခန်းထဲမှ ထွက်လာလေသည်။

ဘယ်ဘက်မှ လူတန်းသည် ‌ချောမောလှပပြီး ပုံသဏ္ဌာန်အမျိုးမျိုး ရှိသည့် လူငယ်လေးများဖြင့် ပြည့်နေပြီး ညာဘက်အတန်းကတော့ ကျက်သရေရှိလှသည့် အရောင်အသွေး အစုံအလင်ဖြင့် မိန်းမလှလေးများဖြင့် ပြည့်နှက်နေသည်။

သူတို့ထဲက တချို့သည် ဆွဲဆောင်မှု ရှိလှပြီး တချို့ကတော့ ကျက်သရေရှိလှသည်။ သူတို့အားလုံးမှာ ချောမွေ့လှပသည့် အသားအရေနှင့် ကျက်သရေရှိလှသည့် ကိုယ်လုံးကိုယ်ထည်များ ပိုင်ဆိုင်ထားသည်။

ဟွားယွီကျစ်က မော့ချောင်ရှန်းကို လက်ညိုးထိုးပြီး ပြောလိုက်၏။

“ကျုပ်လည်း အရမ်းဒေါသထွက်နေတာနဲ့ သူ့ကို ထိန်းချုပ်ထားဖို့ မပြောခဲ့ဘူးလေ။ သူ့အခြေအနေကို အကဲခတ်ကြည့်လိုက်ရုံနဲ့ သူက ကိုယ်တစ်ခြမ်းလောက် ချို့တဲ့နေပြီးသား ဖြစ်နေပြီးပါပြီ။  ဒီတော့ ခင်ဗျားအတွက် အသုံးဝင်မှာ မဟုတ်တော့ပါဘူး။ ကျုပ်က အင်မတန်မှ ရုပ်သွင်ကောင်းမွန်လှပတဲ့ အလှလေးတွေနဲ့ ကိုယ်လုပ်တော်တွေ အများကြီး ရှိပါတယ်။ ခင်ဗျား သူတို့တွေထဲက တစ်ယောက်ယောက်ကို ရွေးချယ်လို့ ရပါတယ်”

ချန်ချန်းယဲ့သည် စကားပြောတော့မည် ပြင်လိုက်ချိန်တွင် ခုံတန်းရှည်ပေါ်မှ ထရန် ရုန်းကန်နေသည့် မော့ချောင်ရှန်းကို မြင်လိုက်ရ၏။ သူ့လက်မောင်းများက တုန်ယင်နေပြီး သူ့သွားများသည် အံကြိတ်ထားကာ သူသည် သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ထောက်မထားဖို့ရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။ သူသည် လုံးဝ ထော့နဲ့ကျိုးကန်းနေသည် မဟုတ်ကြောင်းကို သက်သေပြဖို့ ကြိုးစားနေဟန် တူသည်။

သို့သော်ငြားလည်း နောက်ဆုံးတွင်  သူသည် ဆက်ပြီး ထိန်းမထားနိုင်တော့ဘဲ သွေးအိုင်ထဲသို့ ပြန်လဲကျသွားတော့သည်။

သူသည် သွေးများ ရွှဲစိုနေသည့် သစ်သား ထိုင်ခုံပေါ်တွင် ပြန်လဲကျသွားသည်။ သူ၏ ရှည်လျားသော ဆံပင်များက ဖရိုဖရဲဖြစ်နေကာ အသက်ကို ဖမ်းရှူနေရပြီး သူ့မျက်လုံးများက အဆိုးဝါဒီအပြည့်ဖြင့် တင်းနေအောင် မှိတ်ထားလေသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ”

ချန်ချန်းယဲ့သည် မကြည့်ရက်တော့ချေ။ ထို့ကြောင့် သူမက သူ၏ကြောက်စိတ်မွှန်နေသည့် စိတ်ကို နှစ်သိမ့်ပေးဖို့ရန် သူ့ခေါင်းကို အသာအယာ သပ်ပေးလိုက်သည်။

“ကျုပ်က ဒီကျွန်ကိုပဲ လိုချင်ပါတယ်”

သူမသည် ဟန်ချန်းလင်ကို ဦးညွှတ်ပြီး ပြောလိုက်၏။

“ကျုပ် ဒီလူကို အရမ်းသဘောကျလို့ပါ။ ကုန်းဇီဟန်က ကျုပ်နဲ့ အတိုက်အခံ မလုပ်ဘဲ သူ့ကို ကျုပ်ဆီပေးမယ်လို့ မျှော်လင့်ပါတယ်”

ဟွားယွီကျစ်က သဘောတူလိုက်သည်ကို မြင်ရသည်တွင် ဟန်ချန်းလင်သည် မတတ်နိုင်တော့ဘဲ ထိုစကားအတိုင်း လက်လျောလိုက်ရကာ နာကျည်းစွာဖြင့် ခေါင်းညိတ်လိုက်ရလေသည်။

ချန်ချန်းယဲ့သည် ချက်ချင်းဆိုသလို ဟွားယွီကျစ်နှင့် ကျွန်လွှဲပြောင်းသည့် စာချုပ်ကို ရေးလိုက်၏။

လက်တစ်ချက် ဝေ့ယမ်းလိုက်ပြီး သူမသည် သူမနောက်မှ လိုက်လာသည့် လူများကို လူနှင့် ကုလားထိုင်နှစ်ခုလုံးကို သယ်သွားခိုင်းလိုက်သည်။

သွေးသံရဲရဲဖြစ်နေသည့် ကျွန်တစ်ယောက်ကို သယ်ထားပြီး အားလုံး၏ တအံ့တဩအကြည့်များကို ရင်ဆိုင်ရင်း ချန်ချန်းယဲ့သည် အလောတကြီး ပြန်ထွက်လာခဲ့တော့သည်။

ဒီကိစ္စသည် သိပ်မကြာခင်တွင် တစ်မြို့လုံးသို့ သတင်းပျံ့နှံ့သွားကာ သူမ၏ ကာမလိုက်စားပြီး ကျင့်ဝတ်ဖောက်ဖျက်သည့် သက်သေတစ်ခု ဖြစ်လာမည်ကို သူမ သိနေလေသည်။

ကျင်းယွဲ့ဟို၏ ခန့်ညားထည်ဝါလှသည့် ကောင်းမှုကို ထပ်ပြီးပြောရလျှင် သူမသည် အချောအလှလေး တစ်ယောက်အတွက် သူမအဖေ ချန်ထားခဲ့သည့် မြင်းကောင်းနှင့် အလဲအလှယ် လုပ်ခဲ့သည်ဟူ၍။

ကျန်းဖုလို လူမျိုးကတော့ သူမကို ပိုလိုပင် အထင်သေးလာပေလိမ့်မည်။

သို့သော်ငြားလည်း ထိုသို့ဆိုလျှင် ဘာအရေးဖြစ်ပါသနည်း။

သူမသည် ဒီအချိန်တွင် ဒီလူများနှင့် ဒီကိစ္စကို ဂရုစိုက်ဖို့ရန် စိတ်မဝင်စားပေ။

ခုံတန်းပေါ်မှ တစ်စက်စက်ကျလာသည့် စေးကပ်နေသည့် သွေးများက သူမ၏နှလုံးသားကို တဒေါက်ဒေါက် လာခေါက်နေသလို နာကျင်လွန်းလှသည်။

သူမသည် ခုံရှည်နှင့် အတူတူ လျှောက်လာခဲ့ပြီး မကြာခဏဆိုသလို အင်မတန်မှ မသက်မသာ ဖြစ်နေသည့် ခေါင်း၏အနောက်ဘက်လေးကို ထိကိုင်ပေးထားကာ သူ့ကို တိုးတိုးလေး နှစ်သိမ့်ပေးလိုက်သည်။

“အားတင်းထားနော်။ ငါတို့ အိမ်‌ပြန်ရောက်ရင် သမားတော် ခေါ်ပေးမယ်”

သူမသည် စခန်း၏ အဝင်ဝသို့ ရောက်လာသည်နှင့် တိုက်တိုက်ဆိုင်ဆိုင် ကျန်းဖုနှင့် တွေ့လိုက်ရသည်။

နှစ်ပေါင်းတစ်ထောင်တိုင်အောင် မပြောင်းမလဲဘဲ ရှိနေသည့် ကျန်းဖု၏ မျက်နှာဖုံးတပ်ထားသည့် မျက်နှာသည် ဒီလိုထူးဆန်းလှသည့်အဖွဲ့ကို မြင်လိုက်ရချိန်တွင်တော့ မနေနိုင်ဘဲ ကွဲအက်သွားရတော့သည်။

ချန်ချန်းယဲ့က သူ့ကို လျစ်လျူရှုထားလိုက်ပြီး ဦးညွှတ်လိုက်ကာ သူ့ကို ဖြတ်ချသွားပြီးနောက် အိပ်ခန်းသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်တော့သည်။

သူတို့သည် အိပ်ခန်းထဲသို့ ဝင်လာသည့်အချိန်တွင် ချန်ချန်းယဲ့က မော့ချောင်ရှန်းကို အိပ်ရာဆီသို့ ဂရုတစိုက် သယ်လာခိုင်းလိုက်ပြီး သူ့ဒဏ်ရာကို ကုသပေးဖို့ရန်အတွက် စစ်ဖက်သမားတော်ကို ခေါ်ခိုင်းလိုက်သည်။

အတွေ့အကြုံရင့်လှသည့် စစ်ဘက်သမားတော်က မျက်မှောင်ကျုံ့ရင်း သက်ပြင်းချရင်းဖြင့် သူ့ကို ကြောက်စရာကောင်းလှသည့် ဒဏ်ရာများကို ကုသပေးနေ၏။

မော့ချောင်ရှန်းသည် သူ့နူတ်ခမ်းများကို တင်းနေအောင် စေ့ထားပြီး သူ့နဖူးပေါ်တွင် သွေးကြောများက ထောင်တက်နေကာ သူသည် စကားတစ်လုံးမှ မပြောမိအောင် ခက်ခက်ခဲခဲ ကြိုးစားရလေသည်။

သို့သော်ငြားလည်း တစ်စက်စက် ထွက်လာသည့် ချွေးစေးများက တစ်စုံတစ်ယောက်ကို မလှည့်စားနိုင်ဘဲ ဒီခန္ဓာကိုယ်သည် အင်မတန်မှ နာကျင်နေသည်ကို သက်သေပြနေ၏။

“အရမ်းနာကျင်နေမှာပဲ”

ချန်ချန်းယဲ့သည် တစ်ခုပြီးတစ်ခု အစားထိုးပြီး သုံးနေရသည့် သွေးများစိုရွှဲနေသည့် ပဝါကို ကြည့်လိုက်ပြီး သူမမှာ မကြည့်ရက်နိုင်တော့ပေ။

“နာကျင်မှုကို သက်သာစေမဲ့ ဆေးများ မရှိပါဘူး”

“မာဖေးစန်းက ဒဏ်ရာတွေကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်”

စစ်ဘက်ဆိုင်ရာ သမားတော်ကြီးက ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ဒီဆေးက အဖိုးတန်ပြီး ကျွန်တစ်ယောက် အသုံးပြုဖို့အတွက်တော့ အဆင်မပြေလှပါဘူး”

“ခင်ဗျား”

ချန်ချန်းယဲ့သည် ဒေါသဖြင့် အော်ရယ်မိတော့မလိုပင် ဖြစ်သွားတော့သည်။

“လုပ်ပါ သမားတော်ရယ်။ ကျုပ် ခင်ဗျားကို ထပ်ပြီးတော့ ပြောပါမယ်။ အကောင်းဆုံးဆေးကို သုံးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ဒီဆေးက တော်ဝင်မျိုးနွယ်အတွက်ပဲ ဖြစ်ဖြစ်၊ ကျွန်အတွက်ပဲ ဖြစ်ဖြစ် အကောင်းဆုံးနဲ့ အထိရောက်ဆုံးပဲ ဖြစ်ရမယ်။ ရှင်းပြီလား”

စစ်ဘက်ဆိုင်ရာ သမားတော်သည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် သဘောတူလိုက်သည်။

သိပ်မကြာခင်တွင် အစေခံတစ်ယောက်သည် လတ်လတ်ဆတ်ဆတ် ကြိုထားသည့် မာဖေးစန်းကို ယူလာသည်။

ချန်ချန်းယဲ့သည် မော့ချောင်ရှန်း၏ ပြင်းထန်သည့် ဒဏ်ရာကြောင့် ဝမ်းနည်းသလို ခံစားမိလေသည်။ ထို့ကြောင့် သူမက ခုတင်ဘေးတွင် ထိုင်ချလိုက်ကာ သူ့ကို ကိုယ်တိုင် ဆေးတိုက်လိုက်တော့သည်။

မော့ချောင်ရှန်းသည် အားယူကာ ခေါင်းကို မော့လိုက်ပြီး ခုတင်အစွန်းနှင့် အနည်းငယ် ကွာဝေးအောင် နေရာရွှေ့လိုက်သည်။ စကားတစ်လုံးမှ မပြောဘဲ သူက ဇွန်းတစ်ချောင်းဖြင့် ဆေးကို တိုက်တိုက်လေး သောက်နေလိုက်၏။

ချန်ချန်းယဲ့သည် သူ့ခန္ဓာကိုယ်ပေါ်က အပြာရောင်လေးက တဖြည်းဖြည်း ရွှေ‌ရောင်အနားသပ် ဖြစ်သွားပြီးနောက် လုံးဝ အရောင်ရင့်လာကာ သိသာထင်ရှားသည့် တောက်ပလာသည်ကို စောင့်ကြည့်နေမိသည်။

ရွှေရောင်သည် တည်ငြိမ်ပြီး သစ္စာရှိမှုကို ကိုယ်စားပြုလေသည်။

ဒီတော့ ရှင်က ကျွန်မကို သစ္စာရှိပါမယ်လို့ ကတိပေးနေတဲ့ အဓိပ္ပာယ်ပေါ့။

ချန်ချန်းယဲ့သည် အနည်းငယ် ရှက်ရွံ့နေရသလို ခံစားမိတော့သည်။

ကျွန်မက ရှင့်ကို ဆေးနည်းနည်းပါးပါးပဲ တိုက်ခဲ့တာပါ။ ဒီလို သနားစရာကောင်းလိုက်တဲ့ အရောင်လေးက အရင်တုန်းက သူ့အပေါ် ဘယ်သူကမှ တစ်ခါမှ မကြင်နာခဲ့ဘူး ထင်ပါတယ်။

ဒါပေမဲ့လည်း သူက ဘာမှမပြောတော့ ငါက အရောင်အဝါတွေကို မတွေ့ရဘူးဆိုရင် ဒါကို သိမှာ မဟုတ်လောက်ဘူး။

သူမသည် ခေါင်းအုံးနှစ်လုံးကို ထပ်ပေးလိုက်ပြီး မော့ချောင်ရှန်း၏ ကျောဘက်တွင်  အသာအယာ ထည့်ထားပေးလိုက်သည်။

သူမက အခေါင်းပေါက် တစ်ခုပါသည့် ကျောက်စိမ်းပြွန်တစ်ခုကို ရှာလိုက်ပြီး အဆုံးဘက်ကိုတော့ စတီးပန်းကန်လုံးဘက်တွင် ထည့်လိုက်ကာ ကျန်သည့်အစွန်းတစ်ဖက်ကိုတော့ မော့ချောင်ရှန်း သောက်ဖို့ရန် သူ့ပါးစပ်နားကို ထည့်ထားပေးလိုက်သည်။

“သောက်လိုက်တော့။ ဒီလိုဆိုရင် ဆေးသောက်ရတာ အားထုတ်ရတာ သက်သာသွားလိမ့်မယ်”

မော့ချောင်ရှန်းသည် သူ့ခေါင်းကို ငုံ့ထားပြီး သူ့မျက်ခုံးများနှင့် မျက်လုံးများကို သူ့ဆံပင်၏ အရိပ်တွင် ဖုံးကွယ်ထားပြီး ပိုက်ကို ကိုက်ထားသည်။ သူ၏ဖြူဆုတ်နေသည့် မေ့းစေ့နှင့် ပါးလွှာသည့် နူတ်ခမ်းများကိုသာ လှစ်ပြထားလေသည်။

ချန်ချန်းယဲ့က ဘာမှမပြောဘဲ သူ့အတွက် ဆေးပန်းကန်လုံးကို ကိုင်ထားပေးကာ အညိုရောင် ဆေးရည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေလိုက်သည်။

ရုတ်တရက် ဆိုသလို ကြည်လင်လှသည့် ရေတစ်စက်က ဆေးထဲသို့ စီးကျသွားခဲ့သည်။

ထို့နောက် နောက်တစ်စက်။

ချန်ချန်းယဲ့သည် အခိုက်အတံ့ မှင်တက်အံ့ဩသွားပြီးမှ မော့ကြည့်လိုက်သည်တွင် မော့ချောင်ရှန်း၏ သွေးများ ဖြူဆုတ်နေသည့် ပါးလျသည့် နူတ်ခမ်လေးသည် မသိမသာ တုန်ယင်နေပြီး ကြည်လင်နေသည့် မျက်ရည်များက သူ၏ပါးပြင်မှ စီးကျလာကာ ပန်းကန်ထဲသို့ လိမ့်ဆင်းသွားလေသည်။

“ဘာဖြစ်လို့ ငိုနေတာလဲ”

ချန်ချန်းယဲ့က သူ့ခေါင်းလေးကို ထိကိုင်ပေးလိုက်ကာ

“နာနေလို့လား မငိုနဲ့နော်။ ဆေးသောက်သွားပြီးရင် ပိုကောင်းလာမှာပါ”

သူ၏ပါးလျလျ နူတ်ခမ်းများက မသိမသာ ပွင့်ဟသွားပြီး သူ့ပါးစပ်ထဲက ပိုက်ကို လွှတ်ချထားလိုက်ပြီးနောက် မျက်နှာကို တစ်ဖက်သို့ တိုးကွယ်ထားလိုက်ကာ သူ့မျက်နှာတစ်ခုလုံးကို ခေါင်းအုံးဘက်တွင် အပ်ထားလိုက်လေသည်။ သူ၏တိတ်ဆိတ်သော်ငြားလည်း မသိမသာ တုန်ယင်နေသည့် ပခုံးများသည် သူသည် ထိန်းချုပ်မရနိုင်သည့် ခံစားချက်များကို ဖော်ပြနေ၏။

မငိုပါနဲ့လေ။

ချန်ချန်းယဲ့သည် မည်သို့ လုပ်ရမည် မသိအောင် ဖြစ်သွားတော့သည်။ ငိုနေတဲ့ယောက်ျားတစ်‌ယောက်ကို ဘယ်လိုချော့မော့ရမှာလဲ။ ငါ့မှာအတွေ့အကြုံ မရှိဘူးလေ။

သူမက ရွေးချယ်စရာမရှိဘဲ သူ့ဆံပင်များကိုသာ အသာအယာ သပ်ပေးနေလိုက်၏။

သူသည် အမှန်ပင် အများအပြား ဒုက္ခခံစားခဲ့ရပြီးလေပြီ။ သူမသည် နောက်ဆိုလျှင် သူ့ကို ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရပေမည်။

စစ်ဘက်သမားတော်ကြီးက မော့ချောင်ရှန်း၏ ဒဏ်ရာကို ကုသပေးပြီးနောက် ထရပ်လိုက်သည်။

သူက ချန်ချန်းယဲ့ကို ဦးညွှတ်ပြီး ပြောလိုက်၏။

“အရှင် လူနာက သူ့ရဲ့ခြေ‌ထောက်နားမှာ ဒဏ်ရာဟောင်းတွေ အများကြီး ရှိပါတယ်။ အခု သူက ဒဏ်ရာအသစ်ကို ခံစားခဲ့ရတယ်။ ကျွန်တော် သူ့ကို အကောင်းဆုံး ကုသပေးထားပေမဲ့လည်း အရင်လို ပြန်ကောင်းလာဖို့တော့ သူ့အတွက် ခက်ခဲလိမ့်မယ် ထင်တယ်”

“နဂိုအခြေအနေကို ပြန်မရောက်နိုင်ဘူးဆိုတာ ဘာကို ပြောချင်တာလဲ”

“သိုင်းလေ့ကျင်ဖို့နဲ့ တိုက်ခိုက်ဖို့အတွက် စဉ်းစားလို့ မရပါဘူး”

စစ်ဘက်သမားတော်ကြီးသည် အိပ်ရာဘက်ကို လှမ်းကြည့်လိုက်ပြီး ချောင်းဟန့်လိုက်၏။

“အိပ်ရာတစ်ခုနဲ့ အိပ်ရာတစ်ခုကြား သွားလာဖို့လောက်ပဲ အဆင်ပြေမှာပါ”

ချန်ချန်းယဲ့သည် သူ့ကိုယ်သူ အရေထူသည်ဟု စဉ်းစားသော်ငြားလည်း ထိုစကားကို ကြားလာရပြီးနောက်တွင် မနေနိုင်ဘဲ ပူထူသွားတော့သည်။

“အရင်ဆုံး... လူကြီးမင်း ကျေးဇူးပြုပြီးတော့ အပြင်မှာ လက်ဖက်ရည်လေး သောက်ကြရအောင်ပါ”

ရှင်တို့ဆိုတာကလည်းလေ။ ကျွန်တွေကို လူသားလို တကယ် သဘောမထားတာပဲ။ ဒီလိုရောဂါကို သူကိုယ်တိုင် ပြောပြဖို့ တကယ်ပဲ လိုအပ်လို့လား။

သူမသည်  စစ်ဘက်သမားတော်ကို အပြင်ဘက် အခန်းသို့ ခေါ်လာခဲ့ပြီးနောက် စိတ်ရင်းအတိုင်း သူ့ကို ဦးညွှတ်နူတ်ဆက်လိုက်သည်။

“လူကြီးမင်း ကျေးဇူးပြုပြီးတော့ အကောင်းဆုံး ကြိုးစားပေးပါ။ သူက အရမ်းကို ငယ်သေးတယ်။ ပြီးတော့ သိုင်းပညာကိုလည်း အရမ်းကို ပင်ပင်ပန်းပန်း လေ့ကျင့်လာခဲ့တာ။ သူသာ ဒုတ္ခိတတစ်ယောက် ဖြစ်သွားမယ်ဆိုရင် တကယ် သနားစရာကောင်းနေတော့မှာပဲ”

အဘိုးကြီးသည် သူ့မုတ်ဆိတ်ကို သပ်လိုက်ပြီး ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်လေသည်။

“နယ်စားမင်းက ကြင်နာသနားတတ်ပါပေတယ်။ ဒါကလည်း လူတွေအတွက် ကောင်းချီးတစ်ခုပါပဲ။ အစတုန်းကတော့ ကျွန်တော်တို့ တတ်နိုင်တာ တကယ်လည်း ဘာမှမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေက အခု ပျန့်ကျိုးကို ရောက်နေတယ်ဆိုတော့ မျှော်လင့်ချက်လေးတစ်ခုတော့ ရှိပါတယ်”

“လူကြီးမင်း ကျေးဇူးပြုပြီးတော့ အကြံဉာဏ်လေး ပေးပါ”

“ပျန့်ကျိုးရဲ့ အနောက်ဘက်က တောင်ပေါ်မှာ တစ်နှစ်ပတ်လုံး အပူချိန်တစ်ခုတည်း ရှိနေတဲ့ ရေပူစမ်းလေးတစ်ခုရှိတယ်။ ဒီရေပူစမ်းက လခြမ်းပုံသဏ္ဌာန်ရှိနေပြီး သူ့ကို လနတ်သမီး ရေပူစမ်းလို့ ခေါ်တယ်။ ဒါက အစတုန်းက ပျန့်ကျိုးနယ်စားမင်း ပိုင်တဲ့ သီးသန့်အိမ်ယာတော်တစ်ခု ဖြစ်ခဲ့တာပါ။ ဒီရေပူစမ်းကလည်း ထူးခြားတဲ့ လက္ခဏာတစ်ခုရှိတယ်။ ဒါက အရွတ်နဲ့ အရိုးတွေ၊ အတွင်းပိုင်း သွေးခဲတာတွေကို ကုသပေးနိုင်တဲ့ ထူးဆန်းတဲ့ အကျိုးအာနိသင်တစ်ခုရှိတယ်။ အဲ့ဒီထဲမှာ အချိန်တော်တော်ကြာအောင် ရေစိမ်ထားမယ်ဆိုရင် ဆွေးမြေ့နေတာကို ဖယ်ရှားပေးနိုင်ပြီး အသစ်ပြန်လည် ကြီးထွားလာနိုင်တဲ့အပြင် လေရဲ့ စိုထိုင်းဆတွေကိုလည်း ပြန်လည်ဖယ်ရှားပေးနိုင်ပြီး တခြားကုထုံးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒါက လူနာရဲ့ ဒဏ်ရာအတွက် မှန်ကန်တဲ့ ကုသမှုတစ်ခုပါပဲ။ တကယ်လို့ နယ်စားမင်းက မကြာခဏ အဲ့ဒီနားမှာ ရေသွားစိမ်မယ်ဆိုရင် ဒဏ်ရာတွေကိုလည်း ကုသပေးနိုင်တယ်”

ချန်ချန်းယဲ့သည် လက်ခုပ်တီးကာ ပြောလိုက်လေသည်။

“ဒါဆိုရင် လွယ်တာပေါ့။ ကျုပ်ရဲ့ စစ်တပ်ကလည်း စောင့်ကြပ်ဖို့အတွက် ပျန့်ကျိုးကို ရောက်နေတာ။ ဒီတော့ သူ့ကို နေ့တိုင်း ရေပူစမ်းကို ခေါ်သွားဖို့ အဆင်ပြေတယ်”

...