အပိုင်း (၁၀)
မော့ချောင်ရှန်းသည် စောင်းသံကို ဝိုးတဝါး ကြားနေရပြီး တစ်စုံတစ်ယောက်က သူ့ဘေးနားတွင် တီးတိုးပြောနေသည့် ဟန်တူသည်။
သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နိုးထလာသည့်အချိန်တွင် ကြီးစွာသော နာကျင်မှု ခံစားနေရသည့် သူ့ကိုယ်သူ ပြန်တွေ့လိုက်ရ၏။
သို့သော်ငြားလည်း ရုပ်ပိုင်းဆိုင်ရာ ခံစားမှုက သူ့အတွက်တော့ မဆန်းတော့ချေ။ သူသည် ဒါကို ကျင့်သားရနေနှင့်ပြီးသား ဖြစ်သည်။
သူ့ကို အထိတ်တလန့် ဖြစ်စေသည့်အရာမှာ သူသည် နွေးထွေးပြီး သက်သောင့်သက်သာရှိသည့် အိပ်ရာတစ်ခုပေါ်တွင် လဲလှောင်းနေပြီး သူ့ခေါင်းအုံးကလည်း ခြောက်သွေ့အိစက်သည့် ခေါင်းအုံးတစ်လုံး ဖြစ်နေသည့် ကိစ္စကိုပင်။
အခန်းသည် နွေးထွေးနေပြီး အေးစက်သည့် ခံစားချက် တစ်ခုမှ မရှိချေ။ သူ့ကို ပါးလျသည့် ပိုးသားဂွမ်းစတစ်ထည်ဖြင့် ဖုံးထားပေးပြီး သူ၏ခန္ဓာကိုယ်အောက်ပိုင်းက ဒဏ်ရာကို သက်သောင့်သက်သာ ရှိစေကာ သူ့ကျောပြင်ကိုလည်း အသာအယာ မှီထားနိုင်လေသည်။
သူသည် သူ့ဘေးနားတွင် တစ်စုံတစ်ယောက် ရှိနေသည်ဟု ခပ်ရေးရေးလေး ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် သတိဝင်လာပြီး သူ့မျက်လုံးများကို ချက်ချင်း မဖွင့်လိုက်ချေ။
တိုးညှင်းသည့် အသံနှစ်ခုက စကားပြောနေသည်ကို ကြားနေရ၏။ အစေခံမလေးနှစ်ယောက်က စကားပြောနေဟန် တူသည်။
“ဒီကောင်က အရမ်းကို သာမာန်ရုပ်ရည်ပါပဲ။ သခင်က သူနဲ့ပတ်သက်ပြီး ဘာကို သဘောကျနေတာလဲ မသိဘူး”
“ဟုတ်ပါ့။ သူက ရှောင်းရှို့နဲ့ လွီယောင်တို့ထက် အများကြီး ရုပ်ဆိုးတာပဲ။ သူ့ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေကိုလည်း ကြည့်လိုက်ပါဦး။ ရွံ့စရာကောင်းလိုက်တာ”
သူတို့ထဲက တစ်ယောက်သည် အသံထွက်ကာ အော်ရယ်လိုက်ပြီး ပြောလိုက်လေသည်။
“ပြောလို့မရဘူးနော်။ သူက အဲဒီနေရာမှာ အရမ်းကို ကျွမ်းကျင်တာ နေမှာပေါ့”
နောက်ထပ်သူတစ်ယောက်လည်း သရော်ကာ ပြောလိုက်၏။
“မဟုတ်ဘူးလို့ ဘယ်သူက ပြောလို့လဲ။ ငါ ကြားထားတာတော့ သူ့ကို သခင်က ဝေပေဟိုရဲ့ စားသောက်ပွဲတစ်ခုမှာ စတွေ့ခဲ့တာတဲ့။ ပြီးတော့ သူ့ကို တစ်ညလုံး ခစားခိုင်းဖို့ ခေါ်လာတယ်တဲ့လေ။ သခင်က သူ့အကြောင်းကို မမေ့နိုင် ဖြစ်နေတာ နေမှာပေါ့”
“သူ့အတွက်တော့ သခင်က နယ်စားမင်းအဟောင်း ချန်ထားခဲ့တဲ့ မြင်းဝါလေးကိုတောင် တကယ်ပဲ စွန့်လွှတ်ခဲ့တယ်တဲ့လေ။ ကျွတ် ကျွတ်”
“တကယ့်ဒုက္ခအိုးပဲ။ အဲ့ဒီအရာရှိကြီးတွေ သခင့်အကြောင်းကို ပြောနေကြတာ နင် မကြားလိုက်ဘူးလား”
...
မော့ချောင်ရှန်းသည် ပိုးသားဂွမ်းစောင်အောက်တွင် ယောင်ပြီး သူ့လက်များကို တင်းနေအောင် ဆုပ်ထားလိုက်တော့သည်။
မနေ့က မှတ်ဉာဏ်များသည် တဖြည်းဖြည်း ပိုပြီး ရှင်းလင်းလာခဲ့၏။
အဲ့ဒီတော်ဝင်မျိုးနွယ်...
မဟုတ်ဘူး...
သူက ငါ့သခင် ဖြစ်သွားပြီပဲ။
သခင်က သူ့ရဲ့နွေးထွေးတဲ့လက်တွေနဲ့ င့ါခေါင်းကို အသာအယာ ထိကိုင်ပေးခဲ့တယ်လေ။
ငါ နာကျင်မှာ စိုးရိမ်လို့ သူတို့တွေက ငါ့ကို အကိုက်အခဲပျောက်ဆေးတွေလည်း ပေးခဲ့သေးတယ်။
သူကိုယ်တိုင် ငါ့ကို ဆေးလည်း တိုက်ခဲ့သေးတယ်။
သူက အရမ်းသိမ်မွေ့တာပဲ။ ငါ ဆေးသောက်ရတာ လွယ်ကူအောင် သူက ဘူးတွေထဲမှာ မွှေနှောက်ရှာဖွေခဲ့ပြီး ဗီဒိုထဲက ပြွန်ချောင်းတစ်ခုကိုတောင် ရှာလာခဲ့သေးတယ်။ ဆေးသောက်ဖို့အတွက် ငါ့ခေါင်းကိုတောင်မှ မော့စရာ မလိုခဲ့ဘူး။ ဒါက ကျွန်တစ်ယောက် ထိုက်တန်တဲ့အရာမျိုး မဟုတ်ဘူးပဲ။
ငါက သူ့ဘောင်းဘီကို ဆွဲပြီး သူ့ကို တောင်းပန်တိုးလျိုးခဲ့တဲ့အတွက် သူ့မှာ ဒီလိုနာမည်ဆိုးတစ်ခု ရခဲ့တာပဲ။ ဒီအတွက်ကြောင့် ငါ့အတွက်နဲ့ သူ့ရဲ့မြင်းဝါလေးကို အလဲအလှယ် လုပ်ပေးခဲ့တယ်။ ငါ့သခင်က ငါ့အတွက် အကောင်းဆုံးဆေးကိုတောင် ရက်ရက်ရောရောနဲ့ ပေးခဲ့သေးတယ်။
ဒါပေမဲ့...
ငါ အိပ်မပျော်ခင်တုန်းက သမားတော် ပြောတဲ့စကားကို မှတ်မိနေသေးတယ်။
“သိုင်းလေ့ကျင့်ဖို့နဲ့ တိုက်ခိုက်ဖို့ကိုတောင် မစဉ်းစားနဲ့။ အိပ်ရာပေါ်မှာ ဆိုရင်တော့ အဆင်ပြေပါတယ်တဲ့”
အခုအချိန်ကစပြီး အသက်ရှင်နေထိုင်ဖို့အတွက် ငါ အမုန်းဆုံးအရာကိုပဲ မှီခိုအားထားရတော့မဲ့ ပုံပါပဲ။
ငါ့သခင်ကို နာမည်ဆိုးတစ်ခု ပေါင်းထည့်ပေးလိုက်တဲ့အပြင် ငါလို ကျွန်တစ်ယောက်က ဘာအသုံးဝင်ဦးမှာလဲ။
မော့ချောင်ရှန်းသည် ရုတ်တရက် နောင်တရသွားတော့သည်။
အဲ့ဒီအချိန်တုန်းက ငါက စိတ်ရှည်ခဲ့ရင် ကောင်းမှာပဲ...
သူသည် ရွံ့စရာကောင်းလှသည့် မင်းသားသုံးယောက်ကို စဉ်းစားမိလေသည်။
သူတို့ထဲက တစ်ယောက်သည် ခြောက်သွေ့ပြီး သစ်ခေါက်လို မာနေသည့် လက်များဖြင့် သူ့ကို ပွတ်သပ်နေပြီး သူ၏ပါးများကိုလည်း ဆွဲညစ်နေပြီး လက်ချောင်းများကိုလည်း သူ့ပါးစပ်သို့ ထည့်သွင်းရန် ကြိုးစားခဲ့သည်။
မရဘူး။
ဒေါသ မီးက သူ့နှလုံးသားထဲတွင် ထိုးထွက်လာ၏။
ဒီကိစ္စကို ငါ သေသွားမယ်ဆိုရင်တောင် လုံးဝ လက်မခံနိုင်ဘူး။
အဲ့ဒီနေရာမှာ ငါ့ကိုယ်ငါ သေသွားဖို့ ခွင့်ပြုခဲ့သင့်တာပဲ။
ဘာလို့များ အဲ့ဒီအချိန်တုန်းက ငါ့လက်တွေကို ဆန့်တန်းပြီး သခင်ကို ကူညီပေးဖို့ နှိမ့်နှိမ့်ချချနဲ့ တောင်းပန်ခဲ့ရတာလဲ။ ဒါကြောင့်ပဲ ဒီလို စေတနာကောင်းတဲ့ သခင်ကို ဒုက္ခဖြစ်စေမိပြီ မဟုတ်လား။
ငါ့ကြောင့် သူတို့အားလုံးက သခင့်ကို မကောင်းပြောနေကြပြီ။
နောက်ပြီး ငါဆိုတဲ့ ကိုယ်တစ်ပိုင်း မသန်မစွမ်း ဖြစ်နေတဲ့ ကျွန်တစ်ယောက်က ငါ့သခင်အတွက် ထပ်ပြီးတော့ မျက်နှာဆယ်ပေးနိုင်တော့မှာ မဟုတ်ဘူးလေ။
ဒါကို သခင်ရဲ့မြင်းဝါလေးအတွက် အလဲအလှယ် ပြန်လုပ်ပေးဖို့ အခွင့်အရေး တစ်ခုတောင် မရှိတော့ဘူးပဲ။
...
ဒီအခိုက်အတန့်တွင် ချန်ချန်းယဲ့သည် မော့ချောင်ရှန်းက ကိုယ့်ဟာကိုယ် ပြင်းပြင်းထန်ထန် အပြစ်တင်နေလိမ့်မည်ဟု မသိခဲ့ချေ။
သူမသည် ဘေးအခန်းအတွင်း ထိုင်နေပြီး စောင်းကို အသာအယာ တီးခတ်နေကာ စောင်းကြိုးကို တစ်မျှင်ချင်း တီးခတ်နေ၏။
သီချင်းအဆုံးတွင် သူမ၏ ဖြူဆွတ်နေသော လက်ကောက်ဝတ်များက ငြိမ်သက်သွားသည်။ သူမ၏ ကြည်လင်နေသည့်အသံကလည်း အမှောင်ထဲတွင် တိုးညင်းသွားခဲ့သည်။
ရှောင်းရှို့နှင့် လွီယောင်တို့က လက်ခုပ်တီးကြသည်။
“သခင် သခင်ရဲ့ စောင်းတီးတဲ့ အရည်အချင်းက အများကြီး တိုးတက်လာတာပဲ။ အရင်က ဒီလိုသံစဉ်မျိုးကို တစ်ခါမှ မကြားခဲ့ဖူးတဲ့ပုံပဲ”
ရှောင်းရှို့က လေးစားအားကျစွာ ပြောလေသည်။
ချန်ချန်းယဲ့သည် သူမ၏လက်များကို ကြည့်လိုက်ပြီး သူမ၏ လက်ချောင်းဖျားပေါ်မှ နာကျင်မှုကို ခံစားလာရသည်။ ဒီအချိန်အတွင်း စောင်းကို တီးခတ်ရန် အထူးပြုထားသည့် လက်သည်းတုများ မရှိသေးချေ။
ဒီခေတ်သို့ အချိန်ကူးပြောင်းလာပြီးနောက်တွင် ချန်ချန်းယဲ့သည် ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ၊ ဂီတ၊ လက်ရေးအလှကျင့်ပညာ၊ ပန်းချီပညာ သို့မဟုတ် လူကြီးလူကောင်းများ တတ်အပ်သည့် ပညာရပ်ခြောက်ခုကိုလည်း ဘာမှမသိသေးချေ။
ကံအားလျော်စွာ သူမ ငယ်စဉ်က သူမ၏အမေသည် စိတ်ဝင်စားစရာကောင်းသည့် စောင်းတီးခြင်း သင်တန်းကို အတင်းတက်ခိုင်းခဲ့သည်။ သူမသည် စောင်းပညာကို အဆင့်တစ်ဆယ်အထိ ပြီးမြောက်အောင်မြင်ခဲ့၏။
ယခုတော့ စိတ်ပျော်ရွှင်မှုကို ဖန်တီးပေးရန် အီလက်ထရော်နစ် ပစ္စည်းများ မရှိသည့် ဒီလောကတွင် အစောပိုင်းက ချန်ချန်းယဲ့ သင်ယူရန် ငြင်းဆန်ခဲ့သည့် ဒီကျွမ်းကျင်မှုက သူမအသုံးပြုနိုင်သည့် တစ်ခုတည်းသော ဖျော်ဖြေရေး လှုပ်ရှားမှုတစ်ခုသာ ဖြစ်လာတော့သည်။
သူမသည် စုတ်တံတစ်ခုနှင့် စာရွက်တစ်ရွက်ကိုလည်း ယူလိုက်ပြီး စောင်းတီးခတ်ဖို့အတွက် သီးသန့်ပြုလုပ်ထားသည့် လက်သည်းခွံပုံစံကို ဆွဲသလိုက်ပြီးနောက် အရွယ်အစားကိုလည်း မှတ်သားထားလိုက်သည်။
သူမက လွီယောင်ကို လက်ယက်ခေါ်ပြီး ပြောလိုက်သည်။
“လိပ်ခွံကို အသုံးပြုပြီးတော့ ဒီလိုပုံသဏ္ဌာန်တစ်စုံကို လုပ်ပေးပါ။ အနားအားလုံးကို ချောမွတ်နေအောင် အချောသတ်ပေးပြီး သင့်တော်တဲ့ အထူအပါးကို ရအောင် လုပ်ပေးပါ”
လွီယောင်သည် ချောမွေ့လှပသည့် ရုပ်သွင်နှင့် မျက်စိပသာဒ ဖြစ်ရလွန်းသည့် မျက်လုံးတစ်စုံ ပိုင်ဆိုင်ထားသည့် ချောမောလှပသည့် လူတစ်ယောက် ဖြစ်လေသည်။ သူသည် စာရွက်ကို ဂရုတစိုက် လိုက်ယူလိုက်ပြီး သူ့အင်္ကျီလက်ထဲသို့ ထည့်လိုက်၏။
“ကျွန်တော် အကောင်းဆုံး လိပ်ခွံကို ရှာပြီးတော့ ဒါကို အချောသပ်ဖို့ ကျွမ်းကျင်တဲ့ လက်မှုပညာရှင်တစ်ယောက်ကို လုပ်ခိုင်းလိုက်ပါ့မယ်။ သခင်ကို စိတ်မပျက်စေရပါဘူး”
သူသည် ပြောလို့ပြီးသွားသည်နှင့် ချက်ချင်း သူ၏လှပသည့် လက်ချောင်းများထဲတွင် ကိုင်ထားသည့် မဲနက်ပြောင်လက်နေသည့် ဘူးတစ်ခုကို လှမ်းပေးလိုက်ကာ ချန်ချန်းယဲ့အရှေ့တွင် အသာအယာ ဖွင့်ပြလိုက်လေသည်။
“ဒါတွေက ကျွန်တော် အခုတလော ရလာတဲ့ ပစ္စည်းပစ္စယ အသေးလေးတွေပါ။ သခင် ကျေးဇူးပြုပြီးတော့ တစ်ချက်လောက်ကြည့်ပေး။ တစ်ခုခုလောက်များ ကြိုက်မလား ကြည့်လိုက်ပါဦး”
သူက မြှောက်ပင့်နေသည့် လေသံဖြင့် တလေးတစား ပြောလိုက်လေသည်။
ရှောင်းရှို့ကတော့ မကျေမနပ်ဖြင့် သူ့နူတ်ခမ်းများကို မသိမသာ ပင့်ထားလိုက်သည်။
ကျင်းယွဲ့ဟိုသည် မင်းသားယွီ ဘဝကတည်းက ဒီလိုကျောက်စိမ်းဆွဲပြား၊ ကျောက်မျက်ရတနာနှင့် တစ်ခြားကစားစရာ ပစ္စည်းများကို သဘောကျသည်ကို သူက သိထားလေသည်။
လွီယောင်သည် ဂိုထောင်ကြီးကြပ်ရေးမှူးရာထူးကို ရယူပြီးကတည်းက သူ့သခင်နှင့် ကုန်ဆုံးသည့်အချိန် နည်းပါးသွားသော်ငြားလည်း သူသည် သခင့်ကို ပိုပြီးတော့ ကျေနပ်အောင် လုပ်ပေးနိုင်သည်ကလည်း အမှန်ပင်။
ငါလည်း ကိုယ့်ဟာကိုယ်အတွက် စဉ်းစားသင့်နေပြီလား။
ရှောင်းရှို့က သူ့ဟာသူ ပြန်စဉ်းစားလိုက်သည်။
မဟုတ်ဘူး။ မဟုတ်သေးဘူး။ သခင်က အခုနောက်ပိုင်း ငါ့ကို ထူးထူးခြားခြား ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ပိုပြီးတော့ ဆက်ဆံလာခဲ့တာပဲ။ ငါ သူ့ဘေးကနေ အလွယ်တကူ မထွက်သွားနိုင်ဘူး။ အဲ့ဒီလိုမှ မဟုတ်ရင် မော့ချောင်ရှန်းက ငါ့အပေါ် အခွင့်ကောင်းယူသွားနိုင်တယ်။
ချန်ချန်းယဲ့က အဖိုးတန် ကျောက်မျက်ပစ္စည်းများ ထည့်ထားသည့် ဘူးလေးကို လှန်လှောကြည့်လိုက်သည်။
“လှလိုက်တာ”
အမျိုးသမီးလေးတစ်ယောက်က အနေဖြင့် သူမသည် ဒီလိုကျောက်မျက်ရတနာများနှင့် ကျောက်စိမ်းများကို အလွန်မှ သဘောကျလေသည်။
သူမက ဘူးထဲမှ ကြီးမားလှသည့် နီလာကျောက်တစ်တုံးကို ကောက်ယူလိုက်ပြီး လေထဲတွင် မြှောက်ကြည့်လိုက်ကာ ကျောက်ထဲက ထွက်လာသည့် အလင်းရောင်လေးကို ခဏလောက် ကြည့်နေမိသည်။
လွီယောင်က ဟာသနှောကာ ပြောလိုက်၏။
“သခင် သခင်က အရမ်းကို အမြင်စူးရှတာပဲ။ ဒါက အနောက်တိုင်းဒေသက တင်သွင်းလာတဲ့ ကျောက်မျက်ရတနာ တစ်ခုလေ။ ဒါက ပထမတန်းစား အရည်အသွေး ရှိပြီးတော့ သန့်စင်မှုကလည်း အမြင့်ဆုံးပဲ။ အရမ်းကို ရှားပါးတယ်တဲ့”
ဒါက အရမ်းကို လှတာပဲ။ အကြီးကြီးနဲ့ ကြည်လင်နေတဲ့ ကျောက်မျက်ရတနာတစ်ခု။ ခေတ်သစ်မှာဆို ဒါက ဘယ်လောက် အဖိုးတန်နေမလဲ။
ဒါပေမဲ့ သူ့ရဲ့တောက်ပနေတဲ့ အရောင်အဝါက မော့ချောင်ရှန်းနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ အများကြီး မှေးမှိန်နေသေးတာပဲ။
ရှောင်မော့ရဲ့ အပြာရောင်က သန့်စင်တဲ့ ရေခဲမြစ်တစ်ခုလို၊ ကျယ်ပြန့်တဲ့ သမုဒ္ဒရာမြစ်နဲ့ တူတယ်။
သူတို့ရှေ့က ဒီလောက်လှပတဲ့ အရောင်အဝါရှိတဲ့ ပုလဲလုံးလေးတွေ ရှိမယ်ဆိုရင်တောင် ဒီလို ကျောက်မျက်ရတနာတွေနဲ့ ယှဉ်ရင်တောင် မှိန်ဖျော့သွားလိမ့်မယ်။
သူ သက်သာလာပြီလားမသိဘူး။ ခဏနေကျရင် သွားကြည့်လိုက်ပါဦးမယ်။
ချန်ချန်းယဲ့သည် ဘူးထဲသို့ ကျောက်မျက်ရတနာကို ပြန်ပစ်ထည့်လိုက်လေသည်။
“လွီယောင်”
ယခုတော့ သူမသည် အထွေထွေ အရေးကိစ္စများကို ဆောင်ရွက်ပေးရသည့် တာဝန်ခံကို သတိပေးရန် လိုအပ်လာသည်ဟု ခံစားနေရသည်။
လွီယောင်က ကိုယ်ကို ညွှတ်ကာ စိတ်အားထက်သန်စွာ နားထောင်နေလေ၏။
“ငါ မင်းကို ငါ့ဘေးက ဝေယျာဝစ္စတွေကို တာဝန်ယူခိုင်းထားတယ် ဆိုတာက ငါ မင်းကို သဘောကျပြီး မင်းကို ယုံကြည်လို့ပဲ။ ဒီရက်ပိုင်းမှာ မင်းက အလုပ်ကောင်းကောင်း လုပ်ခဲ့တဲ့ပုံပါပဲ။ မင်းက ငါ ကြိုက်တဲ့အရာတွေကိုတောင် နားလည်ပေးနိုင်ပြီး အရာအားလုံးကို အစီအစဉ်တကျ လုပ်ပေးနိုင်တယ်။ ဒါက ငါ့ကို အများကြီး စိတ်အေးရစေနိုင်ပါတယ်”
လွီယောင်သည် သူ့အင်္ကျီစကို မ လိုက်တာ ဒူးထောက်ချလိုက်၏။
“ဒါက ကျွန်တော်မျိုးရဲ့ တာဝန်ပါ။ ကျွန်တော်မျိုးက သခင်ရဲ့ ချီကျူးစကားနဲ့ မခံယူဝံ့ပါဘူး။ သခင်ရဲ့ ချီးကျူးစကား ပြောဆိုပေးတဲ့အတွက် ကျွန်တော်မျိုးက ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုးက သခင်ရဲ့ ကြင်နာမှုကို အမြဲ အမှတ်ရပြီး နေ့တိုင်း ကြိုးကြိုးစားစားနဲ့ အလုပ်လုပ်သွားပါ့မယ်။ ကျွန်တော်က အမှားပြုလုပ်မိပြီး သခင်ကို ဆုံးရှုံးရမှာကို စိုးရိမ်မိပါတယ်”
“မင်း တကယ်ပဲ ဒီလို စဉ်းစားမယ်လို့ ငါလည်း မျှော်လင့်ပါတယ်”
ချန်ချန်းယဲ့သည် သူ၏ခန္ဓာကိုယ်ပေါ်က ပြောင်းလဲနေသည့် အရောင်အဝါကို စိုက်ကြည့်လိုက်သည်။
“မင်း ဒီနေရာမှာ ထိုင်နိုင်တယ်ဆိုတဲ့ ကိစ္စကို သိထားရမယ်။ မင်းမှာ အာဏာရှိလာလေလေ မင်းမှာ လိုချင်တာတွေ ပိုများလာလေလေ ဖြစ်နိုင်တယ်။ မင်းကို အားကျတဲ့သူတွေ ပိုများလာလေလေ သူတို့တွေက မင်းကို တစ်ချိန်လုံး စောင့်ကြည့်နေတဲ့သူတွေဆိုတဲ့ သဘောပဲ။ နောက်ပြီး သူတို့တွေက မင်းရဲ့ဆံပင်ကို ဆွဲထားဖို့ မစောင့်နိုင်ဖြစ်နေကြပြီး ငါ့ကို လာတိုင်ကြားကြလိမ့်မယ်”
လွီယောင်၏ ကျောပြင်ပေါ်တွင် ချွေးအေးများ စိမ့်ထွက်လာတော့သည်။
သူသည် ဘေးက ကြိတ်ပျော်နေသည့် ရှောင်းရှို့ကို ခိုးကြည့်လိုက်၏။ ဧကန္တ ဒီကလေးက ငါ့နောက်ကွယ်မှာ သတင်းပို့နေတာများလား။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ပြီးခဲ့တဲ့ရက် အနည်းငယ်က ငါ့ဆီကနေ အဝတ်အစား ဝယ်သွားတဲ့ ကုန်သည်တွေက ငါ့ကို အစ်မတော်ကြေး မပေးချင်လို့များလား။ ဒါမှမဟုတ် သခင်က ငါခိုးထားတဲ့ ကျောက်မျက်ရတနာအကြောင်းကို သိသွားတာလား။
အရှင်က အရင်ကဆိုရင် အမြဲတမ်း သဘောထားကြီးမြတ် ရက်ရောခဲ့တာပဲ။ ကိစ္စတွေက အဆင်ပြေနေသ၍ သူက ငွေစာရင်းဖြစ်ဖြစ်၊ ငွေကြေးဖြစ်ဖြစ် ဘယ်တော့မှ ဂရုစိုက်ခဲ့တာ မဟုတ်ဘူး။ အခုကျမှ အခြေအနေက ဘာဖြစ်လို့ ပြောင်းလဲသွားပါလိမ့်။
သူသည် ကျင်းယွဲ့ဟို၏ အပြောင်းအလဲမြန်သည့် အကျင့်စရိုက်နှင့် ရက်စက်သည့် နည်းလမ်းများကို စဉ်းစားမိချိန်တွင် ကြောက်ရွံ့လာတော့သည်။
“မင်းမှာ စီမံတာနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ ရှိတယ်။ မင်း ငါ့ကို နှစ်ပေါင်းများစွာ ခစားလာခဲ့ပြီးပြီပဲ။ ဒီတော့ ငါက တချို့ကိစ္စတွေကို မမြင်ချင် ဟန်ဆောင်ထားလိုက်မယ်။ ဒါပေမဲ့ မင်းလည်း မင်းရဲ့အကန့်အသတ်ကို သိထားရမယ်။ မင်းက အဲ့ဒီကန့်သတ်စည်းမျဉ်းကို ကျော်သွားတာနဲ့ တပြိုင်နက် အရင်လို ငါ့ကို ခစားပြီး အရင်လို ဘဝမျိုးနဲ့ နေချင်တယ်ဆိုရင်တောင်မှ ဒါက ဖြစ်နိုင်တော့မှာ မဟုတ်ဘူး”
လွီယောင်သည် မြေကြီးပေါ်တွင် ဦးချထားလိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် အသနားခံတော့သည်။
“ဟုတ်ပါပြီ အရင်ကိစ္စတွေကို မေ့ထားလိုက်တော့။ မင်း အခု သွားလို့ရပြီ”
ချန်ချန်းယဲ့က လက်ခါပြလိုက်သည်။ အမှန်တွင်တော့ ဖြစ်ပျက်နေသည့် အကြောင်းအရာကို သူမက မသိပေ။ သို့သော်ငြားလည်း လတ်တလောတွင် လွီယောင်၏ ပတ်ဝန်းကျင်၌ လောဘနှင့် တပ်မက်မှုများကို ကိုယ်စားပြုသည့် အရောင်အဝါတစ်ခု လွှမ်းမိုးနေသည်ကို သတိထားမိသည်။ ဒါက တဖြည်းဖြည်း ဆိုးရွားလာခဲ့လေသည်။
ထို့ကြောင့် သူမက သူ့ကို သတိပေးရတော့သည်။
ထင်မှတ်မထားဘဲ သူသည် တုန်ယင်သွားသည်အထိ ကြောက်လန့်သွားခဲ့၏။
ဒီရက်ပိုင်းအတွင်းတွင် အိမ်တော်ထိန်းမှာ အမှန်တကယ် လောဘများ တိုးပွားလာပြီ ထင်သည်။
ရှောင်ကျင်သည် အခန်းထဲသို့ ဝင်လိုက်သည့် အချိန်တွင် ချန်ချန်းယဲ့သည် ပြုံးကာ ကုန်းဇီယွီ၏ အချစ်တော်များထဲမှ တစ်ယောက်ဖြစ်သည့် လွမ်ချုံးနှင့်အတူ ဘူးလေးတစ်ဘူးထဲက ရတနာများကို ရွေးချယ်နေသည်ကို မြင်လိုက်ရ၏။
ရှောင်ကျင်က စိတ်ထဲတွင် ကြိတ်ပြီး သက်ပြင်းချလိုက်မိသည်။
သူက တကယ်တမ်းကျတော့ နန်းတော်ရဲ့ အတွင်းဆောင်ထဲမှာ ကြီးပြင်းလာခဲ့တဲ့ အဖိုးတန် မင်းသမီးတစ်ပါးပဲလေ။
အဖေဖြစ်သူနဲ့ အစ်ကိုဖြစ်သူရဲ့ သေခြင်းတရားကို ရင်ဆိုင်လာရပြီးတဲ့နောက်မှာ နေ့တိုင်း ယောက်ျားလေး တစ်ယောက်လို ဟန်ဆောင်နေရပြီး ပြည်နယ်တစ်ခုလုံးရဲ့ တာဝန်ကို ပခုံးထမ်းထားရတာက သူ့အတွက် တကယ်ခက်ခဲမှာပဲ။
ဒါပေမဲ့လည်း သူသာ မရှိဘူးဆိုရင် နယ်စားမင်းအဟောင်းရဲ့ ကျန်တဲ့ကလေးတွေ အားလုံးကလည်း ငယ်ရွယ်နေသေးတယ်လေ။ တိုင်းပြည်က အားနည်းချိနဲ့နေပြီး ငယ်ရွယ်တဲ့ အုပ်ချုပ်သူတစ်ယောက် အုပ်စိုးနေတဲ့အချိန်မှာ အင်အားကြီး နိုင်ငံတွေကလည်း ဝန်းရံထားတာ ခံနေရတယ်။ နိုင်ငံပျက်သုဉ်းမဲ့နေ့ကလည်း သိပ်မဝေးတော့ဘူး ထင်တယ်။
သူတို့တွေက မင်းသမီးလေးကို ယာယီထောက်ပံ့ပေးပြီး တစ်ခြားမင်းသားတွေ ကြီးပြင်းလာတဲ့အထိ စောင့်ဆိုင်းပြီးနောက်မှာလည်း ဖြည်းဖြည်းချင်း စီစဉ်တာတွေ ပြုလုပ်ရတော့မယ်။
ချန်ချန်းယဲ့သည် ရှောင်ကျင် ဝင်လာသည်ကို မြင်လိုက်ရသည့်အခါ သူမက သူ့ကို မြန်မြန် ထိုင်ခိုင်းလိုက်သည်။
တစ်ချိန်တည်းတွင် သူမက သူမ၏ ရတနာများကို သိမ်းဆည်းထားလိုက်ပြီး မသက်ဆိုင်သည့်လူများကို ပြန်လွှတ်လိုက်လေသည်။
ရှောင်ကျင်သည် သူမ အချိန်ကူးပြောင်းလာပြီးသည့်နောက်တွင် သူမကို ပထမဆုံး ကူညီပေးခဲ့သူဖြစ်ပြီး သူမနှင့်အတူ ဒီလျှို့ဝှက်ချက်ကို စီစဉ်ခဲ့သူလည်း ဖြစ်သည်။
ထို့ကြောင့် သူမက ဒီလူအတွက် ပိုလေးစားပြီး ယုံကြည်မှုလည်း ပိုများလေသည်။
သူမသည် တံခါးနားက လျှောက်ပြီး ဝင်လာခဲ့သည့် ရှောင်းရှို့ကိုလည်း ပြောဖို့ မမေ့လျော့ခဲ့ချေ။
“ရှောင်းရှို့ ရှောင်မော့ နိုးပြီလားလို့ ငါ့ကို တစ်ချက်သွားကြည့်ပေးပါဦး”
ရှောင်ကျင်က ထရပ်လိုက်ပြီး သူ့အင်္ကျီလက်ကို ဆွဲဆန့်လိုက်ကာ ဦးညွှတ်ကာ နူတ်ဆက်စကား ပြောလိုက်၏။
“သခင်က နယ်စားမင်းက ကျွန်တစ်ယောက်အတွက် အလဲအလှယ်လုပ်တယ်ဆိုတဲ့ ကောလာဟလ ကျွန်တော် ကြားခဲ့လို့ပါ”
ချန်ချန်းယဲ့က ရှက်ရှက်ဖြင့် သူ့ခေါင်းကို ထိလိုက်ပြီး
“ဒီကိစ္စကို ခင်ဗျားကို ရှင်းပြချင်ပါတယ်။ ဒီကျွန်က ရုပ်ရည်နဲ့ ပတ်သက်လာရင် တကယ့်ကို သာမာန်ပါပဲ။ သူက ချောမောလှပတဲ့အတွက် သူ့ကို သဘောကျတာမျိုး မဟုတ်ပါဘူး”
သူမက စိတ်ထဲတွင်တော့ ညည်းညူလိုက်သည်။ ရှောင်မော့က ညင်သာသိမ်မွေ့တဲ့ သူမျိုးတော့ မဟုတ်ဘူးလေ။ ဒါပေမဲ့ သူက င့ါအတွက်တော့ တော်တော်လေးကို ချောမောနေတာ။ သူ့မှာ လှပတဲ့ အတွင်းစိတ်သဘောထားကို ပိုင်ဆိုင်ထားတယ်လေ။ ဒါကိုတော့ ကျွန်မ ရှင့်ကို ပြောပြလို့ မရဘူးပေါ့။
“အဲ့ဒီနေ့က မြို့ကို တိုက်ခိုက်ကြတဲ့အချိန်မှာ သူက မြို့တံတိုင်းကို အရင်ဆုံး ပြေးတက်သွားခဲ့တဲ့ ပထမဦးဆုံး ရဲမက်ပဲ။ ကျွန်တော် သူ့ရဲ့အရည်အချင်းကို စပြီးတော့ သဘောကျလာခဲ့တယ်လေ။ အဲ့ဒီတုန်းက ကျွန်တော် မြို့ပြင်ကို ထွက်တဲ့အချိန်မှာ မြင်းပေါ်က ပြုတ်ကျတော့မလို ဖြစ်ခဲ့တာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူက ကျွန်တော့်အသက်ကို တစ်ခါထပ်ပြီး ကယ်ခဲ့တယ်လေ”
“သူ့သခင်အဟောင်းက သူ့ကို သေအောင် ရိုက်နှက်နေတာကို ကျွန်တော် ဒီအတိုင်း ကြည့်မနေနိုင်ဘူးပေါ့။ ကျွန်တော်လည်း အလျင်လိုနေတာနဲ့ပဲ မတတ်သာတော့ဘဲ မြင်းဝါလေးနဲ့ သူ့ကို အလဲအလှယ် လုပ်ခဲ့ရတော့တာပဲ”
ရှောင်ကျင်သည် သက်ပြင်းချလိုက်ကာ ပြန်ထိုင်ချလိုက်၏။
“နယ်စားမင်းက ကြင်နာသနားတတ်ပါတယ်။ သူ့ရဲ့လက်အောက်ငယ်သားတွေ အတွက်တော့ တကယ့်ပဲ ကံကောင်းခြင်း တစ်ခုပါပဲ။ ဒါပေမဲ့ ဒီလုပ်ရပ်က နယ်စားမင်းရဲ့ ဂုဏ်သိက္ခာကို တကယ်ပဲ ထိခိုက်သွားစေပါတယ်။ နောက်ဆိုရင် ဒီလိုလုပ်တာကို ထိန်းသိမ်းပေးဖို့ မျှော်လင့်ပါတယ်”
ရှောင်ကျင်၏ ခန္ဓာကိုယ်သည် အလွန်မှ ဆွဲဆောင်မှုရှိသည့် ကြေးနီရောင်နှင့် လွှမ်းခြုံနေပြီး နှစ်ပေါင်းများစွာ သိုလှောင်သိမ်းဆည်းလာခဲ့သည့် တစ်လက်လက် တောက်ပနေသည့် ကြေးထည်ပစ္စည်းတစ်ခုလို နွေးထွေးပျော့ပျောင်းလေသည်။
ဒီအရောင်အဝါကို ခပ်ရေးရေး ရွှေရောင်အနားသတ်ဖြင့် ကွပ်ထားပြီး ဒီအခိုက်အတန့်တွင် သစ္စာရှိမှုကို ဖော်ပြနေသည့် ဒီရွှေရောင်က အနည်းငယ် ပိုပြီး မှိန်သွားသယောင် ရှိ၏။
ရှောင်ကျင်၏ သူမအပေါ် ထားရှိသည့် သစ္စာရှိမှုမှာ ကျင်းဝေဟို ဖြစ်သည့် ကုန်းဇီယွီအပေါ် ထားရှိသည့် သူ၏ခံစားချက်လက်ကျန်သာ ဖြစ်မည်ဟု ချန်ချန်းယဲ့က သဘောပေါက်လိုက်လေသည်။
သူ့မှာ ရွေးချယ်စရာ မရှိတဲ့အတွက် ငါ့ကို ဒီနေရာမှာ ထားခဲ့ပေးတာပဲ။ တကယ်တမ်းကျတော့ သူ့စိတ်ထဲမှာ ငါ့ကို အထင်သေးနေတာပဲ။
ချန်ချန်းယဲ့သည် ရုတ်တရက်ဆိုသလို စိတ်ပျက်သွားသလို ခံစားလိုက်ရလေသည်။
ကျွန်မကရော ဒီနယ်စားမင်းနေရာမှာ ထိုင်ချင်တယ်လို့များ ရှင် ထင်နေတာလား။ ဒီနေရာမှာ ဘာကွန်ပျူတာမှလည်း မရှိ၊ ဘာမိုလ်ဘိုင်းဖုန်းမှလည်း မရှိဘဲနဲ့လေ။
တစ်နေ့လုံး တိုက်ခိုက်ပြီး လူသတ်နေရတာ။ လူတွေကလည်း သွေးထွက်ပြီး သေလုမြောပါးပဲ။ တကယ်လို့ ကျွန်မရဲ့အသက်အတွက်ကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီရာထူးမှာ ထိုင်ဖို့ စိတ်ဝင်စားမှာတောင် မဟုတ်ပါဘူး။
ရှောင်ကျင်ကလည်း ပြောစရာစကား ရှိနေသေး၏။
“အခု တခြားပြည်နယ်က မင်းသားတွေရဲ့ စစ်တပ်က မြို့ထဲက တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်ခွာသွားကြပါပြီ။ ဒါက ကျွန်တော့်အတွက် လှုပ်ရှားရမဲ့ အချိန်တန်ပြီဆိုတဲ့ သဘောပဲလေ”
“ဒါဆိုရင် ကျွန်တော်တို့တွေ ဘာလုပ်သင့်လဲ”
ချန်ချန်းယဲ့က ပြန်မေးလိုက်၏။
“နယ်စားမင်း ဆုံးဖြတ်ပေးဖို့ စောင့်ဆိုင်းနေတဲ့ တာဝန်တွေ အများအပြား ရှိပါတယ်။ အဲ့ဒီထဲက အရေးကြီးဆုံးကတော့ မျိုးကာကွယ်ရေးစနစ်ကို ခိုင်မာလာအောင် လုပ်ဖို့ပဲ။ လူတွေကို ကျေနပ်နှစ်သိမ့်ပေးပြီး ပြည်သူတွေအတွက် သဘောထားကို ရှင်းရှင်းလင်းလင်း လုပ်ပေးပြီး စိုက်ပျိုးရေးကို ပြန်လည်ထူထောင်ဖို့ပဲ ...”
ချန်ချန်းယဲ့သည် သူမ ကြားလိုက်ရသည့် စကားကြောင့် စိတ်ရှုပ်သွားလေတော့သည်။
“ကျွန်တော် ဒီကိစ္စတွေကို တကယ် နားမလည်ပါဘူး။ ကျွန်တော် ဒီကိစ္စကိုတွေကို ခင်ဗျားနဲ့ တာဝန်ပေးထားလို့ ရမလား”
ရှောင်ကျင်သည် စိတ်ထဲတွင် ကြိတ်ပြီး သက်ပြင်းချနေမှန်း သူမ သိထားမိနေ၏။
ဒီအခိုက်အတန့်တွင် ချန်ချန်းယဲ့သည် တစ်ဖက်သူ၏ အတွင်းစိတ်ခံစားချက်ကို တိုက်ရိုက် မြင်နေရသည်မှာ ကောင်းမွန်သည့် ကိစ္စတစ်ခု မဟုတ်ကြောင်း ခံစားရလိုက်တော့သည်။
ဒါသည် တစ်ဖက်လူ၏ ပြုံးနေသော မျက်နှာအောက်တွင် ဖုံးကွယ်ထားသည့် မကျေနပ်ချက်၊ ဆိုးညစ်မှုနှင့် လှောင်ပြောင်သည့် ခံစားချက် အားလုံးကို တိုက်ရိုက်ဖော်ပြနေသည်နှင့် တူလေရာ ထိုအရာအားလုံးကို သူမရှေ့တွင် ချပြထားသကဲ့သို့ ဖြစ်လေသည်။
သူမအတွက်တော့ ဒါသည် တစ်ခြားသူများ၏ ဆိုးညစ်မှုကို အဆမတန် ချဲ့ကားနေသယောင် ထင်နေပြီး နဂိုက မမြင်နိုင်ခဲ့သည့် အပျက်သဘောဆောင်သည့် ခံစားချက် အများအပြား ပြည့်နှက်နေသည့် လောကကြီးတစ်ခုနှင့် တူနေတော့သည်။
ချန်ချန်းယဲ့သည် စိတ်ပျက်ပျက်နှင့် ရှောင်ကျင်ကို ပြန်လွှတ်လိုက်ပြီး မော့ချောင်ရှန်း အခန်းဆီသို့သာ လာခဲ့၏။
မော့ချောင်ရှန်းသည် သူ့သခင် လာနေသည်ကို မြင်လိုက်ရသောအခါ သူက ထရပ်ဖို့ရန် ကြိုးစားလိုက်တော့သည်။
ချန်ချန်းယဲ့က သူ့ပခုံးကို အသာအယာ ပြန်ဖိချပေးလိုက်ပြီး ပြောလိုက်၏။
“ဒီအတိုင်းပဲ လှဲနေလိုက်ပါ။ မင်း ဒဏ်ရာက အရမ်းကို ဆိုးဆိုးရွားရွား ရထားခဲ့တာ။ မလှုပ်နဲ့”
အပြင်းအထန် ဒဏ်ရာရထားပြီးသား လူသည် ဘာများ စဉ်းစားနေမည်မှန်း သူမ မသိချေ။ သူသည် အလွန်မှ အဆိုးမြင်ပြီးကိုယ့်ဟာကိုယ် အပြစ်တင်နေဟန် တူသည်။
သို့သော်ခြားလည်း သူသည် ချန်ချန်းယဲ့ကို မြင်လိုက်သည့် အခိုက်အတန့်တွင် ရှောင်ကျင်က လှပသည့် နီလာရောင်အပြာက ချက်ချင်းဆိုသလို ပြတ်သားသည့် ရွှေရောင်အနားသတ်လေး တစ်ခုဖြင့် ဝန်းရံသွား၏။
ထို့နောက်တွင်တော့ ကျေးဇူးတရားနှင့် ပျော်ရွှင်မှုကို ကိုယ်စားပြုသည့် တောက်ပသည့် အရောင်အဝါတစ်ခုဖြင့် ဖြည်းဖြည်းချင်း ပျံ့နှံ့သွားခဲ့သည်။
ဒါသည် ဒီအခိုက်အတန့်တွင် ချန်ချန်းယဲ့၏ စိတ်ဓာတ်ကျနေသော နှလုံးသားကို ကြီးကြီးမားမား နှစ်သိမ့်ပေးခဲ့လေသည်။
အချိန်ကူးပြောင်းလာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်ငြားလည်း သူမကို အမှန်တကယ် သစ္စာရှိသူမှာ ဒီကျွန်တစ်ယောက်သာ ဖြစ်တော့သည်။
သူသည် ဘာလိုအင်ဆန္ဒတစ်ခုမှ မရှိဘဲ သဘောကျ၊ နှစ်သက်မှု စင်စစ်သာ ဖြစ်လေ၏။
ချန်ချန်းယဲ့သည် မော့ချောင်ရှန်း၏ ခေါင်းရင်းနားတွင် ထိုင်ချလိုက်ပြီး ခေါင်းလေးကို အသာအယာ ထိကိုင်လိုက်၏။
“သွားကြမယ်။ ငါ မင်းကို လနတ်ဘုရား ရေပူစမ်းဆီ ခေါ်သွားပေးမယ်။ အဲ့လိုဆိုရင် မင်းရဲ့ခြေထောက်တွေ ပိုပြီးတော့ သက်သာလိမ့်မယ်”
...