Ch 11
Viewers 252

အပိုင်း (၁၁)

ဆောင်းဦးအစောပိုင်းတွင် ဆောင်းဦးမိုး ရွာသွန်းတတ်ပြီး အေးမြလှသည့် လေပြေလေးတစ်ချက်က လေပြေထဲတွင် လွှင့်ပါလာသည်။

ချန်ချန်းယဲ့သည် ခမ်းနားလှသည့် ဝေါယာဉ်ကြီးထဲတွင် ထိုင်နေပြီး ခန်းဆီးကို မ ကာ လမ်းတစ်ဖက်တစ်ချက်ကို ငေးကြည့်နေမိသည်။

စစ်ပွဲအတွင်း သွပ်သွင်းခြင်း ခံခဲ့ရသည့် ဒီမြို့လေးသည် လူသူကင်းမဲ့ပြီး စိတ်ပျက်ဖွယ် အခြေအနေတစ်ခုထဲသို့ ကျရောက်နေ၏။

ခန္ဓာကိုယ်ကို ဖုံးအုပ်ဖို့ရန် အဝတ်အစား မရှိဘဲ စိတ်ညှိုးငယ်နေသည့်ပုံ ဖြစ်နေကြသည့် ကပ်ဘေးဒုက္ခသည်များသည် ရွှံ့ထူနေသည့် လမ်းမပေါ်တွင် သုံးယောက်တစ်စု၊ လေးယောက်တစ်ခု ဖြတ်သွားနေကြသည်။

မကြာခဏဆိုသလို  ကွေးနေသည့် အရာဝတ္တုတစ်ခုကို ပြိုလဲနေသည့် တံတိုင်းအောက်ခြေတွင် ဝိုးတဝါး မြင်တွေ့နေရသည်။

ချန်ချန်းယဲ့သည် ထိုအရာကို ဂရုတစိုက် မကြည့်ရှုရဲချေ။ အကြောင်းမှာ ဒါက နောက်ထပ်အသက်မဲ့နေသည့် ခန္ဓာကိုယ်တစ်ခု ဖြစ်နိုင်ခြင်းကြောင့်ပင်။

“တကယ် စိတ်ဆင်းရဲစရာ ကောင်းတာပဲ။ ငါတို့ရဲ့ကျင်းပြည်နယ်က ဒီနေရာထက် အများကြီး ပိုကောင်းတယ်”

ချန်ချန်းယဲ့သည် ကျင်းပြည်နယ်မှ လမ်းတစ်လျှောက်လုံး သူ၏စစ်တပ်ကို ဦးဆောင်လာခဲ့ရာ နေရာနှစ်ခုကြားက လူများ၏ နေထိုင်မှုဘဝပုံစံတွင် ကြီးမားသည့် ကွာဟချက်ကို တွေ့ခဲ့ရလေသည်။

“ဒါကလည်း ကျင်းပြည်နယ်မှာ နယ်စားမင်း ရှိနေလို့ပါ”

ရှောင်းရှို့သည် အနားသို့ ရောက်လာပြီး ပြတင်းပေါက် အပြင်ဘက်ကို အတူတူ လိုက်ကြည့်လိုက်၏။

“ပျန့်ကျိုးက ဒီနှစ်ပိုင်းမှာ စစ်ပွဲအလယ်ထဲ ရောက်နေခဲ့တာလေ။ မတူညီတဲ့ အင်အားအသီးသီးရဲ့ လက်ဆင့်ကမ်းခံလာခဲ့ရတာ။ တစ်ဖွဲ့ချင်းစီတိုင်းကလည်း လုယက်ပြီး ထွက်သွားချင်ကြတာပဲ။ ဘယ်သူက သာမာန်လူတွေရဲ့ ဘဝကို ဂရုစိုက်မှာလဲ”

ချန်ချန်းယဲ့သည် သိပ္ပံဘာသာရပ် ကျောင်းသူတစ်ယောက် အနေနှင့် သူမ၏ အထက်တန်းကျောင်းတွင် သမိုင်းနှင့် နိုင်ငံရေးကို အပေါ်ယံသာ သင်ကြားခဲ့ရခြင်းကြောင့် ဖြစ်လောက်သည်။

သူမ၏ မသိစိတ်ထဲတွင် လက်ဝေခံ ပြည်နယ်အောက်က ထိုသူများသည် ခေါင်းပုံဖြတ် အမြတ်ထုတ်ပြီး အာဏာရှင်စနစ်၏ သင်္ကေတတစ်ခုသာ ဖြစ်၏။

သူတို့သည် ကြီးမားကျယ်ပြန့်လှသည့် လူထု၏ ဆန့်ကျင်ဘက်တွင် ရပ်ကာ ခမ်းနားထည်ဝါလှသည့် ဘဝတစ်ခုတွင် နေထိုင်ပြီး ပြည်သူများ၏ သွေးကို စုပ်ယူပြီး လူများ၏ အမုန်းတရားနှင့် မနှစ်မြို့ခံရသည့် အရာတစ်ခုသာ ဖြစ်သင့်လေသည်။

သူမသည် ဤနေရာသို့ ရောက်လာသော အခါမှာ ဒီကိစ္စကို သဘောပေါက်သွားတော့သည်။

ဒီလို ခေတ်အခါမျိုးတွင် သခင်တစ်ယောက် သတ်သတ်မှတ်မှတ် ရှိပြီး တည်ငြိမ်သည့် တိုင်းပြည်တစ်ခုကို ပိုင်ဆိုင်ထားခြင်းက လူအများ အမှန်တကယ် မျှော်လင့်သည့်အရာ ဖြစ်နေ၏။

ညီတူညီမျှဖြစ်ခြင်းနှင့် လူသားတို့၏ အခွင့်အရေးအတွက် အားလုံး၏ တောင်းဆိုမှုမှာ အစားအသောက်နှင့် အဝတ်အစား ထုတ်လုပ်ခြင်းအပြင် ပြည်သူလူထု၏ ပေါများကြွယ်ဝခြင်းသာ ဖြစ်လေသည်။

“ဒီလိုဆိုရင်တော့ ငါက ဒီနေရာက ပြည်သူတွေ မျှော်လင့်နေကြတဲ့ သခင်တစ်ယောက် ဖြစ်လာနိုင်တာပဲ”

ချန်ချန်းယဲ့သည် သူမ၏ မေးစေ့ကို ထိကာ စဉ်းစားလိုက်၏။

“အမှန်ပါပဲ အရှင်။ အရှင်က သဘောထားကြီးမြတ်ပြီး ကြင်နာတတ်တဲ့ အုပ်ချုပ်သူတစ်ယောက်ပါ။ အရှင်က ကျင်းပြည်နယ်ရဲ့ ပြည်သူတွေရဲ့ ကံကောင်းခြင်းတစ်ခုပါပဲ။ တကယ်လို့ ရှို့အာသာ သခင်နဲ့ မတွေ့ခဲ့ရဘူးဆိုရင် ဟို့အရင်ကြီးကတည်းက လမ်းပေါ်မှာ ငတ်လို့ သေနေလောက်ပါပြီ”

ရှောင်းရှို့သည် ရှက်ရှက်ဖြင့် ပြောလိုက်၏။

ချန်ချန်းယဲ့က ခေါင်းညိတ်လိုက်သည်။ ရှောင်းရှို့ ပြောလိုက်သည့် စကားကို အာရုံမစိုက်မိချေ။

အကြောင်းမှာ လူကုန်ကူးဈေးတစ်ခုသည် ရှေ့ကလမ်းတွင်‌ ပေါ်ထွက်လာခြင်းကြောင့်ပင်။

ဒါကို လူကုန်ကူးသည့် ဈေးဟု ခေါ်ဆိုသော်ငြားလည်း အမှန်တွင်တော့ ကျွန်များကို အရောင်းအဝယ် လုပ်နေသည့် ကျွန်ကုန်သည် အနည်းငယ်သာ ရှိနေလေသည်။

ကြံရာမရ ဖြစ်နေကြသည့် ပြည်သူတစ်အုပ်။ တချို့က သူတို့ကိုယ်သူတို့ ကျွန်အဖြစ် ရောင်းချနေကြခြင်း မဟုတ်လျှင် သူတို့၏ ကလေးများကို ရောင်းချနေကြသည်။ ကောက်ရိုးနှင့် ချည်ထားသည့် သစ်သားပြားလေးများနှင့် ထိုနေရာတွင် ရပ်နေကြကာ ကျွန်ကုန်သည်များက သူတို့ကို ရွေးချယ်မှာကို စောင့်ဆိုင်းနေကြသည်။

အကယ်၍ အရွေးခံခဲ့ရလျှင် ရောင်းချခံလိုက်ရသူ၏ အချက်အလက်ကို လက်မှတ်ထိုးပေးမည်ဖြစ်ကာ သူတို့၏ မိဘ သို့မဟုတ် အရောင်းအဝယ် လုပ်ခဲ့သည့်လူနှင့် အစားအသောက် အိတ်ငယ်လေးတစ်ခုကို ပေးရသည်။

ထိုရောင်းချခံရသည့် သူများကို ပြင်းပြစွာ တောက်လောင်နေသည့် မီးသွေးမီးဖိုဆီသို့ ခေါ်သွားကာ နီရဲပူပြင်းလှသည့် သံပြားကြီးတစ်ခုဖြင့် ရောင်းချခံရပြီးသူ၏ ခန္ဓာကိုယ်တွင် ထူးခြားသည့် အမှတ်အသားကို ရိုက်နှိပ်ကြပြီး အသစ်ဝယ်ယူထားသည့် ကျွန်များအားလုံးကို အတူတကွ သံကြိုးဖြင့် ချည်နှောင်ထားလေသည်။

မကြာခဏဆိုသလို ပြတ်တောင်း ပြတ်တောင်း အော်သံတစ်ခုက ထွက်လာတတ်ပြီး သံပူဖြင့် အသားကို တံဆိပ်ခတ်နေသည့်အသံက နောက်မှ ပါလာခဲ့သည်။

လူအုပ်ကြီးက ထုံထိုင်းပြီး ဘာကိုမှ ဂရုမစိုက်နိုင် ဖြစ်နေကာ ဒါသည် သဘာဝအလျောက် ဖြစ်ပြီး သူတို့နှင့် အသားကျနှင့်ပြီးသား တစ်စုံတစ်ရာလို ဖြစ်နေသကဲ့သို့ပင်။

ချန်ချန်းယဲ့သည် လေထုထဲတွင် ခပ်ဖျော့ဖျော့ ညှော်နံ့တစ်ခုကို ရှူရှိုက်မိလိုက်သည်။ သူမသည် မကြာခဏဆိုသလို ထွက်လာတတ်သည့် အဖြူရောင်အငွေ့ကို လှမ်းကြည့်လိုက်ပြီး ထို့နောက်တွင် အော်သံများက လိုက်ပါလာလေရာ ကြောက်ရွံ့မိသလို ခံစားရတော့၏။

သူမ၏ ရုတ်တရက် ခေါင်းကို လှည့်လိုက်ပြီး ဝေါယာဉ်ပေါ်တွင် မျက်နှာကို အောက်ချထားကာ လဲလှောင်းနေသည့် မော့ချောင်ရှန်းကို ကြည့်လိုက်မိသည်။

မော့ချောင်ရှန်းက သူမကို ခိုးပြီးကြည့်နေပြီး သူမသည် ရုတ်တရက်အလှည့်တွင် အငိုက်မိသွားတော့သည်။ သူ့မှာ ရှောင်လွှဲဖို့ရန် အချိန်မရတော့သဖြင့် သူက မြန်မြန် အကြည့်လွှဲလိုက်ကာ မျက်နှာက နီရဲသွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။

“သခင်က ဒီကျွန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်တံဆိပ် မရိုက်နှိပ်ရသေးပါဘူး”

သူသည် ဒဏ်ရာများစွာ ရနေသည့်အတွက် အဝတ်အစားကို မဝတ်နိုင်ဘဲ ရှိနေပြီး သူ့ခါးကို ပါးလွှာသည့် စောင်လေးတစ်ထည်ဖြင့်သာ အုပ်ထားရကာ သူ၏ကျောပြင်က ပေါ်လွှင်လို့နေသည်။

ပုံစံတကျ လှပလွန်းလှသည့် ပခုံးနှစ်ဖက်တွင်တော့ သိသာထင်ရှားစွာ ထပ်ပြီး ရိုက်နှိပ်ထားသည့် တံဆိပ်ပုံစံက ရှိလေသည်။ တံဆိပ်အဟောင်းက ပျောက်ပျက်သွားပြီဖြစ်ရာ တံဆိပ်အသစ်က ထိုနေရာတွင် ပုံမှန်အတိုင်း တွယ်ကပ်လို့ နေသည်။

ကျွန်မက ရှင့်ကို တစ္ဆေတံဆိပ်တစ်ခု ကပ်ပေးမယ်လေ။ ရှင်က ဒါကို တကယ်မျှော်လင့်နေတဲ့ပုံပဲ။

ချန်ချန်းယဲ့သည် ကျိန်ဆဲချင်လုနီးပါး ဖြစ်သွားသော်ငြားလည်း ပြန်ပြီး မျိုသိပ်ထားလိုက်ရ၏။

“အခုအချိန်ကစပြီး ကိုယ့်ဟာကိုယ် ကျွန်တော်လို့ပဲ ခေါ်ပါ။ ကိုယ့်ဟာကိုယ် တခြားဟာတွေ ခေါ်မနေနဲ့”

မော့ချောင်ရှန်းသည် မျက်လွှာကို ချထားကာ သူနူတ်ခမ်းကို တင်းနေအောင်စေ့ထားလိုက်၏။

ချန်ချန်းယဲ့ကတော့ မပျော်မရွှင်ဖြင့် ပြတင်းပေါက်အပြင်ဘက်ကို ဆက်ပြီး ကြည့်နေမိသည်။

စုတ်ပြဲနေသည့် အဝတ်အစားများဖြင့် အမျိုးသမီးတစ်ယောက်သည် သူမ၏ ‌ရှေ့တွင် ကလေး လေးယောက်နှင့်အတူ ရပ်နေပြီး မိန်းကလေးနှစ်ယောက်၏ ခေါင်းပေါ်တွင် ကောက်ရိုးနှင့်တွဲထားသည့် သစ်သားပြားလေးတစ်ခုကို ကပ်ထားသည်။

သူမမှာ မနေနိုင်တော့ဘဲ ဝေါယာဉ်ကို ရပ်ခိုင်းလိုက်ရ၏။

အမေဖြစ်သူက သူမ၏ကလေးကို ကျွန်အဖြစ် ရောင်းစားချင်နေသည်။

မော့ချောင်ရှန်း သည်းခံခဲ့ရသည့် တူညီသည့် အတွေ့အကြုံလို ကလေးက ခံစားရမှာကို အမေတစ်ယောက် အနေနှင့် မည်သို့ကြည့်ရက်နိုင်မည်ကို ချန်ချန်းယဲ့မှာ စိတ်ကူးလို့ မတတ်တော့ပေ။

အမေဖြစ်သူက မျက်တွင်းများ ချောင်ကျနေကာ ထိုင်းမှိုင်းနေပြီး အသက်ရှိ အလောင်းကောင်ကြီးနှင့် တူနေတော့သည်။

ချန်ချန်းယဲ့သည် အရင်က ဆင်းရဲသားများကို မတွေ့ဖူးခဲ့သည်တော့ မဟုတ်ချေ။ သို့သော်ငြားလည်း သူမသည် ချမ်းသာကြွယ်ဝပြီး တည်ငြိမ်သည့် လောကထဲတွင် နေခဲ့ရ၏။ သူမသည် မည်သို့ပင် ထိုအကြောင်းကို စဉ်းစားစေကာမူ သူမ၏မျက်လုံးများဖြင့် ဒီကလေးများကို မြင်ရသည်လောက် ထိတ်လန့်စရာ မကောင်းလောက်ချေ။

စားသောက်ရသည့် တူတစ်စုံလို ပိန်လှီလှသည့် ခြေထောက်လေးများ ပိုင်ဆိုင်ထားသည့် ထိုကလေးများသည် မျက်တွင်းဟောက်ပက်နှင့် မျက်လုံးကြီးများ ရှိနေပြီး ဆံပင်များကလည်း ကောက်ရိုးများလို ဝါကျဉ်နေလေရာ ဒီအတိုင်းကို မကြည့်ရက်နိုင်စရာပင်။

ရှောင်းရှို့က ပြတင်းပေါက်ကို မှီထားပြီး ကြည့်နေမိ၏။

“ငတ်သေမှာထက် ရောင်းလိုက်တာက ပိုကောင်းတယ်လေ။ ကျွန်တော်ရဲ့ ရက်စက်လှတဲ့ အဖေလိုပေါ့။ သူက ကျွန်တော့်ကို ကျွန်တော်နဲ့ မရင်းနှီးနဲ့နေရာတစ်ခုကို ခေါ်သွားခဲ့ပြီး ကျွန်တော့်ကို လိမ်ညာပြီး အဲဒီမှာ စောင့်ခိုင်းခဲ့တာလေ။ အဲ့ဒီနောက်တော့ သူက ထွက်ပြေးသွားခဲ့တာပဲ”

သူသည် သူနှင့်မသက်ဆိုင်သည့် ပုံပြင်တစ်ပုဒ်ကို ပြောပြနေသယောင်ပင်။

“အိမ်ကို ပြန်ယူသွားနိုင်တဲ့ အစားအသောက်အိတ်ကို ဖြုန်းတီးခဲ့တဲ့အပြင် ကျွန်တော့်ကိုလည်း လမ်းပေါ်မှာ ငတ်သေလုနီးပါး ဖြစ်အောင် လုပ်ခဲ့တယ်လေ။ ဘယ်လောက်တောင်မှ တုံးအလိုက်သလဲ”

ချန်ချန်းယဲ့သည်   သူမ၏ တွေးခေါ်စဉ်းစားပုံကို ပြောင်းလဲဖို့ အမှန်ပင် လိုအပ်နေသည်ဟု ခံစားလိုက်မိသည်။

သူမသည် ရှောင်းရှို့၏ စိတ်ကူးက မှန်ကန်သည်ကို သိလိုက်လေသည်။ လူများ၏ အသက်ရှင် ရုန်းကန်မှုက ခက်ခဲနေချိန်တွင် အစားအသောက်နှင့် အဝတ်အထည်သည် သဘာဝ၏နိယာမ၊ လူသားကျင့်ဝတ်၊ ခံစားချက် အားလုံးထက် အများကြီး ပိုပြီး အရေးပါနေ၏။

ကျွန်ကုန်သည်တစ်ယောက်က အမေဖြစ်သူဆီသို့ ရောက်လာပြီး ပိုငယ်သည့် ကလေးမကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်ပြီးနောက် သူ့၏ ပါးစပ်ကို ဆွဲဟကာ သူမ၏သွားများကို စစ်ဆေးလိုက်လေသည်။

သူက မကျေမနပ်ဖြင့် ခေါင်းခါပြီး ပြန်လွှတ်လိုက်သည်။

“သူ့ပုံစံက အဆင်ပြေတဲ့ပုံပါပဲ။ ဒါပေမဲ့ အရမ်းကို ငယ်နေတယ်။ သူက တံဆိပ်ရိုက်နှိပ်ပြီးတဲ့ အခါကျရင် အသက်ရှင်နိုင်မှာတောင် မဟုတ်ဘူး”

အမေဖြစ်သူက အားနည်းချိနဲ့စွာ ပြန်ဖြေလိုက်သည်။

“အစားအသောက် အိတ်တစ်ဝက်ဆိုရင် လုံလောက်ပါတယ်”

ကျွန်ကုန်သည်သည် ကျေနပ်သွားပြီး ကလေးမလေးကို လှမ်းကြည့်လိုက်လေသည်။

ပိန်နေသည့် ကလေးမလေးက ငယ်သံပါအောင် အော်ဟစ်ရင်း အစ်မဖြစ်သူ၏နောက်တွင် ပုန်းကွယ်ဖို့ ကြိုးစားနေ၏။

သူမ၏ အစ်မဖြစ်သူက သူ့မကို တင်းကြပ်နေအောင် ပွေ့ဖက်ထားကာ ဒူးထောက်ပြီး ရှိခိုးတောင်းပန်တော့သည်။

“လူကြီးမင်း ကျေးဇူးပြုပြီးတော့ ကျွန်မကိုလည်း ဝယ်ပေးပါ။ ကျွန်မက ညီမလေးလောက် မလှပဘူးဆိုပေမဲ့လည်း ကျွန်မက သန်မာပြီးတော့ အလုပ်လုပ်နိုင်ပါတယ်”

ကျွန်ကုန်သည်က ကလေးမလေးကို လှမ်းဆွဲလိုက်ကာ ကျိန်ဆဲသည်။

“သွားသေလိုက်၊ ငါက ဆောင်ကြာမြိုင်ကို ပစ္စည်းတွေ တင်ပို့ပေးနေတာ။ နင့်လို ပိုက်ဆံဆုံးရှုံးမဲ့ ပစ္စည်းကို ငါက ဘာလို့ ဝယ်ရမှာလဲ”

ချန်ချန်းယဲ့မှာ ဆက်ပြီး မကြည့်ရက်နိုင်တော့ပေ။ ထို့ကြောင့် သူသည် အရောင်းအဝယ်ကို တားမြစ်ဖို့ရန် သူမ၏လက်ကို ဝေါယာဉ်၏ ပြတင်းပေါက်ဆီသို့ ခေါက်လိုက်၏။

သူမက ရှောင်းရှို့ကို မျက်ရိပ်ပြလိုက်သည်။

ရှောင်းရှို့က ဝေါယာဉ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ငွေတုံးလေးတစ်တုံးကို ပေးလိုက်ကာ မေးကိုငေါ့ကာ ပြောလိုက်၏။

“ငါနဲ့လိုက်ခဲ့။ နင် အရမ်းကံကောင်းသွားတာ။ သခင်က နင့်ကို သဘောကျသွားတယ်”

ကျွန်ကုန်သည် နောက်လိုက်အရေအတွက် အများအပြားနှင့် အတူရောက်လာပြီး ကြီးကျယ်ခမ်းနားသည့် ယာဉ်တန်းတစ်ခုကို တွေ့လိုက်ရလေ၏။

ဒါသည် အထင်ကရ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လောက်သည်ကို သိလိုက်သည်တွင် သူက မငြင်းခုံရဲတော့ပေ။  ခေါင်းညိတ်ကာ ဦးညွှတ်ကာ ထွက်သွားတော့သည်။

အစ်မဖြစ်သူက ညီမဖြစ်သူ၏ အင်္ကျီကို တင်းအောင် ဆုပ်ထားပြီး မျက်ရည်များ ပေါက်ပေါက်ကျနေ၏။ သို့သော်ငြားလည်း အစ်မဖြစ်သူက သူမ၏ မျက်ရည်များကို သုတ်ပေးလိုက်ပြီးနောက် သူမကို တွန်းထုတ်လိုက်လေသည်။

“မြန်မြန်သွားတော့ အဲဒါက လူကြီးလူကောင်းတစ်ယောက်ပဲ။ နင့်အတွက် အစားအသောက်တွေ ရှိတယ်။ နင်ဗိုက်ဆာတော့မှာ မဟုတ်ဘူး”

ချန်းချန်းယဲ့မှာ သူမ၏ နဖူးကို ကိုင်ထားသည့် ရှောင်းရှို့ကို သူတို့နှစ်ယောက်စလုံးကို ခေါ်လာဖို့ လက်ဟန်ပြလိုက်တော့သည်။

စုတ်ပြတ်နေသည့် အဝတ်အစားများနှင့် ကလေးမလေးနှစ်ယောက်က ဝေါယာဉ်ပေါ်သို့ တက်လာခဲ့သည်။ ခမ်းနားလှပသည့် သန့်ရှင်းနေသည့် လှည်းသည် သူတို့ကို အနည်းငယ် ဆွံ့အသွားစေ၏။ သူတို့သည် နှစ်ယောက်သား ပူးကပ်နေကာ ထောင့်လေးတစ်ခုတွင် ရွံ့ရွံ့ကျိုးကျိုး ဒူးထောက်နေပြီး ဆာလောင်မွတ်သိပ်ခြင်းကြောင့် အထူးတလည် ကြီးမားနေယောင် ဖြစ်သည့် မျက်ဝန်းတစ်စုံဖြင့် သူ့ကို ကြောက်လန့်စွာ ကြည့်နေကြသည်။

နဂိုက ကျယ်ဝန်းလှသည့် လှည်းကြီးသည် လူနှစ်ယောက် ထပ်တိုးလာချိန်တွင် အနည်းငယ် ပြည့်ကျပ်သွားသယောင် ဖြစ်နေသည်။

ချန်ချန်းယဲ့က ကိုယ်ကိုမတ်ထားလိုက်ပြီး သူတို့အတွက် နေရာအနည်းငယ် လုပ်ပေးလိုက်သည်။

ရှောင်းရှို့က မကျေမနပ်ဖြင့် သူ့နှာခေါင်းကို ရှုံ့ထားလိုက်သည်။

လှည်းတစ်ခုလုံးတွင် ဆိုးရွားသည့် အနံ့တစ်ခုရှိနေသည်ဟု သူက ခံစားလိုက်၏။

သို့သော်ငြားလည်း ချန်းချန်းယဲ့က ဘာမှမပြောသဖြင့် သူကလည်း အများကြီး မပြောတော့ပေ။ ဒီအတိုင်း အမွှေးရနံ့ ထွန်းသည့် ခွက်ထဲသို့ အမွှေးအကြိုင်မှုန့်များကို ထပ်ထည့်လိုက်လေသည်။

ချန်ချန်းယဲ့က ခန်းဆီးကို ချထားလိုက်ပြီး သူမ၏ မျက်လုံးကို မှိတ်ထားလိုက်ကာ နာကျင်နေသည့် အပြင်လောကနှင့် သူမကိုယ်သူမ စည်းခြားထားလိုက်တော့သည်။

တကယ်တမ်းကျတော့ ကိုယ်ချင်းစာတရားနဲ့ ထိုက်တန်တဲ့ ကလေးနဲ့ လူကြီးတွေ အများကြီး ရှိသေးတာပဲ။ ငါက ဒီလိုပုံစံမျိုးနဲ့ သူတို့တွေကို ဘယ်လိုလုပ်ပြီး ကယ်တင်နိုင်မှာလဲ။

သခင်ဘဝက ကံကောင်းလို့ ရထားတယ်ဆိုပေမဲ့လည်း ပြန်သွားဖို့ နည်းလမ်းတစ်ခု မတွေ့ခင်အထိတော့ ငါ တာဝန်ကို နည်းနည်းလေး ဖြည့်ဆည်းရမှာပေါ့။

ချန်းချန်းယဲ့သည် သူမ၏ လုံခြုံပြီး  နွေးထွေးသည့်ခေတ်ကို အလွန်မှ လွမ်းဆွတ်မိသွားတော့သည်။ အတူတူ ကြီးပြင်းလာခဲ့သည့် သူမ၏ အမြွှာအစ်ကိုနှင့် သူမ၏ မိသားစု၊ သူငယ်ချင်းများကိုပင် လွမ်းဆွတ်သွားတော့သည်။

သူတို့အဖွဲ့သည် ရှီရှန်းက ရေပူစမ်း အပန်းဖြေအိမ်တော်ထဲတွင် အခြေချခဲ့ကြသည်။

နာမည်ကြီးလွန်းလှသည့် လနတ်ဘုရား ရေပူစမ်းသည် သေးငယ်သည့် လခြမ်းကွေးပုံသဏ္ဌာန် ရေပူစမ်းတစ်ခုသာ ဖြစ်သည်။

တစ်နှစ်ပတ်လုံး အပူချိန်တစ်ခုကို ထိန်းသိမ်းထားနိုင်သည့် ရေပူစမ်းသည် အနည်းငယ် အဝါရောင်သန်းနေပြီး ရေမျက်နှာပြင်ပေါ်တွင် အဖြူရောင်အငွေ့များက ဝေ့တက်နေသည်။

ဒီအပန်းဖြေအိမ်တော်၏ မူလပိုင်ရှင်သည်  ဘဝကို မည်သို့ ခံစားရမည်ကို သေချာသိလေသည်။ သူက ရေပူစမ်း၏ အစွန်းဘက်တစ်လျှောက်တွင် ကြွေပြားများ ခင်းကျင်းထားပြီး လက်ရမ်းကို တပ်ဆင်ထားကာ ရေချိုးဖို့အတွက် လှေကားထစ်လေးများကိုလည်း ထည့်သွင်းထားသည်။ တစ်ခြား လူလုပ်ထားသည့် ထွင်းထုထားသည့် အရာများ မရှိချေ။

ရေပူစမ်း ဘေးနားတွင် စိုက်ပျိုးထားသည့် မေဘယ်လ်သစ်တောကြီး တစီတတန်း ရှိနေ၏။ ဤအခိုက်အတန့်တွင် တိမ်များလို အနီရောင် သစ်ရွက်များနှင့် ပြည့်နှက်နေကာ ကြွေကျလာသည့်သစ်ရွက်လေးများက ရေပေါ်တွင် ပေါ်လောမြောနေပြီး ဒါသည် စိတ်ကူးယဉ်ဆန်သလို တကယ့်လက်တွေ့ဖြစ်သလို ခံစားရကာ နတ်ပြည်တမျှပင်။

ချန်းချန်းယဲ့သည် လှပသည့် မြင်ကွင်းလေးကို ခံစားနေသည့်အချိန်တွင် ရုတ်တရက်ဆိုသလို ရှောင်းရှို့၏ မပျော်မရွှင် ဖြစ်နေသည့်အသံက သူမကို လှုပ်နိုးလိုက်တော့သည်။

“မြန်မြန်ဆင်းလေ။ မင်း ဘာတွေလုပ်နေတာလဲ ကျေးဇူးကန်းတဲ့ကောင်“

ချန်းချန်းယဲ့ လှမ်းကြည့်သည်တွင် ရှောင်းရှို့နှင့် အခြွေအရံတချို့က မော့ချောင်ရှန်းကို ရေပူစမ်းထဲသို့ သယ်သွားပေးဖို့ ကြိုးစားနေသည်ကို မြင်လိုက်ရသည်။ မော့ချောင်ရှန်း၏ အရိုးငေါငေါ ထွက်နေသည့် လက်များက လက်ရမ်းကို တင်းနေအောင် ဖက်ထားပြီး ရေထဲသို့ ဆင်းရန် ငြင်းဆန်နေကာ သိပ်သည်းနေသည့် အနက်ရောင်က သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

သူသည် ချန်းချန်းယဲ့က သူ့ကို ကြည့်နေသည်ကို မြင်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်ပေါ်တွင် သိသာထင်ရှားပြီး ရွှေရောင်အနားသတ်က  လင်းလက်လာပြီး အနက်ရောင်ကို ဖုံးဖိထားလိုက်သည်။ ထို့နောက်တွင်တော့ သူသည် ရုန်းကန်နေခြင်းကို ဖယ်ရှားလိုက်ပြီး ရေထဲသို့ နစ်ဝင်သွားလိုက်သည်။

ချန်းချန်းယဲ့က အနည်းငယ် ထူးဆန်းသလို ခံစားမိ၏။  သူမက ရေပူစမ်းနားသို့ လျှောက်လာကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရေထဲတွင် စိမ်နေသည့် မော့ချောင်ရှန်းကို ကြည့်လိုက်သည်။

“မင်း ရေကြောက်လို့လား”

“မဟုတ်ပါဘူး ... ကျွန်တော် မကြောက်ပါဘူး”

သူသည် နွေးထွေးလှသည့် စမ်းရေထဲတွင် စိမ်နေသော်ငြား သူ့မျက်နှာက ဖြူဆုတ်နေပြီး သူ့ခန္ဓာကိုယ်က တောင့်တင်းနေလေကာ လက်တစ်ဖက်ကလည်း ကန်ပေါ်က လက်ရမ်းကို တင်းနေအောင် ဆုပ်ကိုင်ထားလေသည်။

ချန်းချန်းယဲ့က ကျန်နေသည့်လူများကို လက်ဝေ့ယမ်းကာ ထွက်သွားခိုင်းလိုက်သည်။

သူမသည် ရေထဲက မော့ချောင်ရှန်းကို အခိုက်အတန့် စိတ်ဝင်စားမှု ကြီးစွာ ကြည့်နေလိုက်သည်။

သူသည် သူ့နူတ်ခမ်းကို တင်းနေအောင် စေ့ထားပြီး တောင့်တင်းနေသည့် ခန္ဓာကိုယ် အနေအထားတစ်ခုကို ထိန်းသိမ်းထားကာ လုံးဝမလှုပ်မယှက် ရှိနေသည်။ သူ၏ ကြောက်စိတ်ကို ဖိနှိပ်ဖို့ရန် ကြိုးစားနေသည်မှာ ကြီးမားသည်ကို မြင်နေရ၏။

ချန်းချန်းယဲ့က ထိုနေရာတွင် ထိုင်ချလိုက်ပြီး လက်ကို ဆန့်ထုတ်ကာ သူ၏ခေါင်းကို အသာအယာ ထိကိုင်ပေးလိုက်သည်။

“ရှောင်မော့ ငါက နယ်စားမင်း ဖြစ်လာကတည်းက လူအများကြီးက ငါ့ကို တော်ကြောင်း၊ တတ်ကြောင်း ချီကျူးစကားပြောပြီး နေ့တိုင်း ငါ့ကို စောင့်ရှောက်ပေးတဲ့ စကားတွေ ပြောကြတယ်။ ဒါပေမဲ့လည်း သူတို့တွေ အားလုံးက ငါ့ကိုလိမ်နေတယ်ဆိုတာ ငါ သိပါတယ်”

သူမက မော့ချောင်ရှန်း၏ ခေါင်းပေါ်က မေပယ်ရွက်လေးတစ်ရွက်ကို ဖြည်းဖြည်းချင်း ရှားလိုက်သည်တွင် ရေငွေ့ကြားထဲက သူမကို မော့ကြည့်နေသည့် စိုရွှဲနေသည့် မျက်နှာလေးကို မြင်လိုက်ရသည်။

“မင်းကတော့ ငါ့ကို မလိမ်ဖို့ မျှော်လင့်ပါတယ် ဟုတ်ပြီလား”

“ကျွန်တော် ... “

တငွေ့ငွေ့ တက်လာသည့် အဖြူရောင်အငွေ့များထဲမှ သာယာနာပျော်ဖွယ်ကောင်းသည့် အမျိုးသား အသံတစ်ခုက ထွက်လာသည်။

“ကျွန်တော် ငယ်ငယ်တုန်းက ချူဟွိုက်ကွမ်းဆိုတဲ့ အမျိုးသား ဆောင်ကြာမြိုင် တစ်ခုဆီကို ရောင်းစားခံခဲ့ရတယ်။ ကျွန်တော် အဲဒီကို ဝင်လိုက်တာနဲ့ ချက်ချင်း အဲ့ဒီတုန်းက ပိုင်ရှင်က ကျွန်တော်ကို ယောက်ျားလေးတွေကို ခစားပေးမဲ့ ပညာတွေကို သင်ကြားပေးဖို့ စတင်လေ့ကျင့်ပေးခဲ့တယ်”

မော့ချောင်ရှန်းသည် သူ့ခေါင်းကို ငုံ့ထားလိုက်ပြီး သူ၏ပျော့ပြောင်းလှသည့် ဆံပင်က အောက်သို့ လျောကျသွား အောက်သို့ ငုံ့ကိုင်းထားလေသည်။

“အဲ့ဒီတုန်းက ကျွန်တော်က ငယ်ရွယ်ပြီးတော့ ခေါင်းလည်းမာတယ်။ ကျွန်တော်က ကျွန်တော့်သခင်ရဲ့ အမိန့်တွေကို ဖီဆန်ရဲခဲ့ပြီး အသေအလဲ ပြန်တိုက်ခိုက်ခဲ့တယ်။ ကျွန်တော့သခင်က ကျွန်တော့်ကို ရေစည်ထဲမှာ တွန်းချပြီး အပြစ်ပေးခဲ့တယ်။ မသေရုံတမယ် အနေအထားမှာမှ ကျွန်တော်ကို ပြန်ဆွဲထုတ်ပေးခဲ့တယ်။ ဒီလိုပုံစံမျိုးက ရက်ပေါင်းများစွာ ကြာမြင့်ခဲ့တယ်။ နာမည်ကြီးတဲ့ ကချေသည် အမျိုးသားလေးတစ်ယောက်က ကျွန်တော့်ကို ရှာတွေ့ခဲ့ပြီး ကျွန်တော့အတွက် တောင်းပန်ပေးခဲ့တဲ့အခါကျမှပဲ သူ့ဘေးမှာ အစေခံတစ်ယောက် အနေနဲ့ ခစားပေးဖို့ ကျွန်တော့်ကို ထားခဲ့တယ်။ အဲ့ဒီအချိန်ကျမှပဲ အပြစ်ပေးတာ ရပ်သွားတော့တယ်”

“အချိန်တွေ အများကြီး ကုန်လာခဲ့ပြီ ဆိုပေမဲ့လည်း ကျွန်တော် ... ကျွန်တော် ရေကို နည်းနည်းလေး ကြောက်နေတုန်းပဲ”

“ကျွန်တော်... ‌ကျွန်တော်က အရင်က အမျိုးသား ပြည့်တန်ဆာတစ်ယောက်ဆီမှာ အလုပ်လုပ်ပေးခဲ့တာ။ ဒါပေမဲ့လည်း ကျွန်တော်ကလည်း အဲ့ဒီအပိုင်းမှာတော့ ဘာကျွမ်းကျင်မှုမှ မတတ်မြောက်ခဲ့ပါဘူး”

မော့ချောင်ရှန်းက စိုးရိမ်တကြီး စဉ်းစားလိုက်လေသည်။ ငါက နယ်စားမင်းဟန်ရဲ့ လက်ကို ကိုက်ခဲ့ပြီး  သခင်ဟောင်းကိုလည်း ဆန့်ကျင်ဖီဆန်ခဲ့တယ်။ အခု ငါ့သခင်ကလည်း ဒီအကြောင်းတွေကို သိထားတယ်။ သူက ငါ့လို ထိန်းသိမ်းလို့မရ ယဉ်ပါးအောင် လုပ်လို့မရတဲ့ ကျွန်တစ်ယောက်ကို မုန်းတီးနေမလား မသိဘူး။

ဒီအခိုက်အတန့်တွင် အနက်ရောင်အဝတ်စလေးတစ်ခုက သူ့မျက်လုံးများကို ဖုံးအုပ်သွားသည်ကို ခံစားလိုက်ရလေသည်။

တစ်စုံတစ်ယောက်က ရေထဲသို့ ဆင်းလာသည့် အသံကို ကြားလိုက်ရ၏။

နူးညံ့‌နေသည့် လက်တစ်ဖက်က  သူ့လက်တစ်ဖက်ကို အသာအယာ ကိုင်ထားသည်။

“မကြောက်နဲ့နော်။ ငါ မင်းနဲ့ ခဏလောက် ရေအတူတူ စိမ်ပေးမယ်။ ငါ မင်းကို စောင့်ကြည့်ပေးမယ်။ မင်း ရေထဲကျသွားတာကို ခွင့်ပြုမှာ မဟုတ်ပါဘူး”

သူ့နားထဲတွင် သူ့သခင်၏အသံ မြည်လာသည်ကို ကြားလိုက်ရ၏။

“မင်းရဲ့မျက်လုံးတွေပေါ်က အဝတ်စတွေကို မချွတ်လိုက်နဲ့”

...