အပိုင်း (၂၆)
Viewers 12k

Part 26


ကျိယန်ရဲ့ တိုက်ခန်းက တတိယထပ်မှာဖြစ်ပြီး အရမ်းမကြီးသော်လဲ အိပ်ခန်းနှစ်ခန်းပါတဲ့အပြင် အပြင်အဆင်ကလဲ အတော်လေးကောင်းမွန်တယ်။ 


ထန်ထန် သူမရဲ့အိမ်အသစ်ကို အတော်လေးသဘောကျနေပြီဖြစ်တယ်။


သူမ  ထက်ပိုပျော်နေတဲ့သူက အသေးလေး ပဲဖြစ်တယ်။ သူက စိတ်လှုပ်ရှားစွာနဲ့ အခန်းထဲမှာ လျောက်ပတ်ပြေးနေတော့တယ်။


တခြားသူတွေက သူမတို့သယ်လာတဲ့ပစ္စည်းတွေကို လေ့ကျင့်ရေး မသွားခင်ကူညီပြီးတဲ့နောက် နှုတ်ဆက်စကားပြောလိုက်ကြတယ်။


ထန်ထန် က ကူညီပေးတဲ့သူတိုင်းကို သောက်စရာတစ်ခုခုတောင် မပေးလိုက်ရတဲ့အတွက် အားနာနေပြီဖြစ်တယ်။ သူမအိမ်က ဧည့်သည်တွေအတွက်အဆင်သင့်မဖြစ်သေးပေ။ ဒါကြောင့် သူမယူလာတဲ့ဆော့စ်တချို့ကို ထုတ်လိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်တယ် 


“ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်, အိမ်မှာလဲ ဘာမှမရှိသေးတော့ လဖက်ရည်တောင် မတိုက်နိုင်ဘူးဖြစ်သွားတယ်, အားလုံးနေရာတကျ ချပြီးရင်တော့ ရှင်တို့ကိုထပ်ဖိတ်ပါဦးမယ်, အခုတော့ အဲ့ဒီအစား ကျွန်မလုပ်ထားတဲ့ ဆော့စ်လေးကိုယူသွားပါဦး.."


အသက်နှစ်ဆယ်အရွယ်ရှိ စစ်သားတစ်ယောက်က လက်ခံဖို့ရှက်ရွံ့နေတဲ့အတွက် ငြင်းလိုက်တယ်


 “ မရီး...အစ်မက အရမ်းအားနာတတ်တာပဲ, ပစ္စည်းတွေကူရွေ့ပေးရတာ နည်းနည်းလေးပါ, ဒါတွေက ကျွန်တော်တို့လုပ်သင့်တာပဲလေ, ဒီလိုမျိုးလက်ဆောင်တွေမလိုပါဘူး ကျေးဇူးပါဗျ’’


အရင်ရက် ကျိယန် နေ့လည်စာစားတုန်းက ဆော့စ်အရသာကို သိထားတဲ့  တုန်းလီ နဲ့ ကျန်းချန်း နှစ်ယောက်လုံးရဲ့မျက်လုံးတွေကတော့ တောက်ပသွားပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။


ကျန်းချန်း က သူမဆီမှ ပုလင်းကို လွယ်လွယ်ကူကူပဲ လက်ခံလိုက်ပြီး


 ‘’ဒါဆို ကျွန်တော်တို့ ယဉ်ကျေးမနေတော့ဘူးနော်, ဒီဆော့စ်တွေက အရမ်းအရသာရှိတာဗျ...မရီး အစ်မရဲ့ ဟင်းချက်စကေးက အရမ်းကောင်းတာပဲ ကျိယန် က အရမ်းကပ်စေးနည်းတာ အစ်မ မသိဘူး, သူက ကျွန်တော်တို့ကို ဆော့စ်လေးနည်းနည်းတောင် မမျှပေးဘူးလေ, အစ်မ သူ့ကိုများများဆူသင့်တယ်’’


ထန်ထန် ကြားလိုက်တဲ့အခါမှာ ကျိယန် ကိုလှမ်ကြည့်ပြီး ပြုံးလိုက်မိတယ်။ သူမရဲ့ နှလုံးသားတစ်ခုလုံးလဲ ချိုမြိန်မှုတွေနဲ့ ပြည့်နှက်သွားတော့တယ်။


ကျိယန်  က ဘာမှမပြောပဲ ကျန်းချန်း  ကိုလှမ်းကန်လိုက်တဲ့အတွက် ကျန်းချန်း  တစ်ယောက် အော်ဟစ်နေတော့တယ်။


တုန်းလီက ထန်ထန် အပေါ်အရမ်းကောင်းတဲ့ အမူအယာမပြပေမယ့်လဲ အရသာကောင်းတဲ့ဆော့စ်ကိုတော့ မငြင်းဆန်နိုင်ပေ။ သူ့အနေနဲ့ဘယ်လောက်ပဲ ဆန့်ကျင်ချင်နေပါစေ သူ့အစာအိမ်ကတော့ သူ့ကိုခွင့်မပြုလေဘူး။ သူက ထန်ထန် ဆီမှ ဆော့စ်ပုလင်းကိုလက်ခံလိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်တယ်။


သူတို့နှစ်ယောက်လုံး ဆော့စ်ကိုလက်ခံလိုက်တာကိုမြင်တဲ့ တခြားသူတွေကလဲ ဒီအရာက ကောင်းမယ်ဆိုတာခန့်မှန်းမိလိုက်ကြတယ်။ ဒါကြောင် ယဉ်ကျေးမှုတွေကိုဖယ်ထားလိုက်ပြီး သူမပေးတဲ့ဆော့စ်ကို အားလုံးလက်ခံလိုက်ကြတယ်။ အစပိုင်းက ငြင်းထားတဲ့စစ်သားလေးက ဒီအဖြစ်အပျက်ကိုကြည့်ရင်း မျက်နှာနီလာတော့တယ်။ ဒီလက်ဆောင်ကို ငြင်းရမလား လက်ခံရမလား ဝေခွဲမရဖြစ်နေတယ်။


သူ့အခြေအနေကို သတိထားမိတဲ့ ထန်ထန် က ပုလင်းကိုလက်ထဲသို့ တိုက်ရိုက်ထည့်ပေးလိုက်ပြီး


 “ ရပါတယ်, မင်းလဲ တစ်ပုလင်းယူသွားသင့်တယ်, အရမ်းယဉ်ကျေးမနေပါနဲ့’’


စစ်သားလေးက ရှက်ရွံ့စွာနဲ့ ကျေးဇူးတင်စကားပြောလိုက်တယ်


 “ ကျေးဇူးတင်ပါတယ် မရီး ‘’


ပျော်ရွှင်မှုတွေက ကျိယန် မျက်၀န်းထဲ ဖြတ်သန်းသွားပြီး သတိမမူစွာနဲ့ ပြောလိုက်တယ်


 “ အဆင်ပြေပါတယ်, အားမနာပဲ ယူလိုက်, ပြီးတော့ လေ့ကျင့်ရေးသွားလုပ်ကြတော့’’


ထို့နောက် တစ်ဖွဲ့လုံးထွက်သွားကြတော့တယ်။


နောက်တစ်နေ့မနက်မှာ အစည်းအဝေးရှိတဲ့ ကုကျန်းအန်းတို့ကတော့ ပြန်ရမှာဖြစ်တယ်။ ကျီယွဲ့က ရှောင်ကျိုး ကိုဖက်ပြီး ပြန်ဖို့တွန့်ဆုတ်နေတယ်။ နောက်ဆုံး အချိန်အားတာနဲ့ သူတို့တွေ တွေ့ဆုံဖို့သဘောတူပြီးမှ သူမတို့လဲပြန်သွားတော့တယ်။


အားလုံးထွက်ခွာသွားတဲ့နောက် ကျိယန် က အိမ်အလွတ်ကိုကြည့်ရင်း ထန်ထန် ကိုပြောလိုက်တယ် 


“ ကိုယ်တို့ဒီည ဒီမှာအိပ်လို့မရဘူး, မင်းတို့ကို ဟော်တယ်ခေါ်သွားပေးမယ်, မနက်ဖြန်မှ မင်းပရိဘောဂတွေဝယ်ဖို့အတွက် တစ်ယောက်ယောက်ကို စီစဉ်ပေးလိုက်မယ်, အားလုံးပြီးတော့မှ ဒီကိုပြန်ပြောင်းလာကြတာပေါ့’’


‘’အင်း’’


 သူမ နာခံစွာနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။ ထို့နောက် ကျန်နေတဲ့ ဆော့စ်ပုလင်းတွေကို ထုတ်ယူလိုက်တယ်


 “ ယောကျား, နဂိုကတော့ ကျွန်မတို့အိမ်နီးချင်းတွေကိုပေးဖို့ ဒီဆော့စ်တွေကိုပြင်ဆင်လာတာ, အခုတော့ လေးပုလင်းပဲကျန်တော့တယ်, လောက်ပါ့မလား’’


ထန်ထန် က ဒီလိုမျိုး လက်ဆောင်တွေကို ဂရုတစိုက်နဲ့ သေသေချာချာတွေးပြီး ပြင်ဆင်လာမယ်လို့ သူမထင်ခဲ့မိဘူး။ သူက အကူအညီမဲ့စွာနဲ့ပဲ စိတ်အတွင်းမှ ပျော်ရွှင်နေပြီး 


“ လောက်တာပေါ့, ကိုယ်တို့ကို ကူညီခဲ့တဲ့ ကျန်းချန်း က ဟိုဘက်ခန်းမှာနေတယ် ပြီးတော့ သူ့ကိုပေးပြီးသား,  တပ်ရင်းမှုးမိသားစုကို နှစ်ပုလင်းပေးမယ်, ကျန်တဲ့နှစ်ပုလင်းကိုတော့တုန်းလီကိုပဲ ပေးလိုက်မယ်’’


ကျိယန် ကပြောပြီးတာနှင့် ပုလင်းနှစ်လုံးကိုယူကာ ရှောင်ကျိုး ကိုချီလိုက်တယ်


 ‘’သွားကြရအောင်, ကိုယ်မင်းကို တပ်ရင်းမှုးမိသားစုအိမ်ခေါ်သွားမယ် ပြီးတော့ သူ့အမျိုးသမီးကိုလဲ မနက်ဖြန်မင်းနဲ့အတူ မြို့ထဲမှာ ပစည်းတွေဝယ်ဖို့ပါ မေးရမယ်, မရီး က စျေးယ်တာ အတွေ့အကြုံများတယ်, သူမနဲ့ဆို ကိုယ်စိတ်ချလို့ရတယ်’’


တပ်ရင်းမှုးအိမ်က  သူတို့အဆောက်အအုံနဲ့ ကပ်ရပ်ပဲဖြစ်တယ်။ တပ်ရင်းမှုးကတော်က သူတို့ကိုမြင်လိုက်တဲ့အခါမှာပဲ အအေးနှင့်အသီးတစ်ချို့နဲ့ ဧည့်ခံလိုက်တယ်။ သူမက အသေးလေး အတွက် သူမသမီးရဲ့မုန့်တွေကိုပါ ယူလာပေးတာဖြစ်ပြီး ရှောင်ကျိုး တစ်ယောက် မသယ်နိုင်တဲ့အထိများပြားနေတော့တယ်။


အသေးလေးက များပြားလှတဲ့ မုန့်တွေကိုင်ထားရင်း တုံ့ဆိုင်းစွာနဲ့ ငြင်းလိုက်တယ် 


“ အန်တီ, သားအများကြီးမစားနိုင်ပါဘူး, သားက ၀၀ကစ်ကစ်လေးဖြစ်နေလို့ ဝိတ်ချရမှာ’’


အထက်တန်းကျောင်း.သူ တပ်ရင်းမှုးရဲ့သမီးဖြစ်တဲ့ ဝမ်ဝမ် က အသေးလေးရဲ့ဗိုက်ကို လက်နဲ့တို့လိုက်ပြီး စနောက်လိုက်တယ် 


“ အာ, ဝိတ်ချဖို့လိုတယ်ဆိုတာကို သဘောတူတယ်, မောင်လေးက ရေကူးဘောကွင်းလေးနဲ့ တူနေပြီ, အဲ့ဒါမကောင်းဘူး, ခန့်ညားချောမောတဲ့ အမျိုးသားတွေက ၀လို့မရဘူး’’


တပ်ရင်းမှုးကတော်က သူမသမီးဖြစ်သူ ဝမ်ဝမ် ကို ပြုံးရယ်ရင်းနဲ့ လှမ်းဆူလိုက်တယ် 


" သွားစမ်း, မဟုတ်တာတွေ, ကလေးဆိုတာ ၀၀ကစ်ကစ်လေးဖြစ်နေမှ, သူတို့အသက်ကြီးလာတာနဲ့ အလိုလိုပိန်သွားလိမ့်မယ်, ရှောင်ကျိုး လဲ အသက်ကြီးလာရင် သူ့ဘာသာပိန်လာလိမ့်မယ်’’


ကျိရှောင်ကျိုး  က ခေါင်းငြိမ့်ရင်း အလေးအနက်နဲ့ အားလုံးကိုပြောလိုက်တယ် 


“ သားက ခဏပဲ ၀၀ကစ်ကစ်လေးဖြစ်နေတာ, သားကြီးလာတာနဲ့ ဒယ်ဒီလိုမျိုး ခန့်ချောကြီးဖြစ်လာမှာလေ, မာမီက သားကို ဒယ်ဒီနဲ့တူတယ်လို့ပြောတယ်, မာမီက ဒယ်ဒီကို အရမ်းချောတာပဲလို့လဲပြောတယ်, ဒါကြောင့် သားလဲ ခန့်ချောကြီးဖြစ်လာမှာ…’’


‘’ဟုတ်တာပေါ့, သားမာမီပြောတာ မှန်တယ်, သားဒယ်ဒီက ခန့်ချောကြီးပဲ’’ 


တပ်ရင်းမှုးကတော်က ထန်ထန် ကို စနောက်တဲ့အကြည့်နဲ့ကြည့်လိုက်ပြီး ရှောင်ကျိုး ကားကိုနောက်က လိုက်ပြောလိုက်တယ်။ 


ထန်ထန် က သူမနှုတ်ခမ်းကို ကိုက်လိုက်မိပြီး ရှက်လွန်းလို့ ကျိယန် ကို မကြည့်ရဲတော့ဘူး။ ရှောင်ကျိုးပြောသွားတာက အမှန်တကယ်ပဲဖြစ်တယ်, ဒါပေမယ့် အဲ့ဒါက အသေးလေးကို ကိုယ်အလေးချိန်လျော့ချဖို့အတွက် အားပေးယုံပဲလေ။ ဒီလိုမျိုး အသေးလေးက ထုတ်ပြောလိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိဘူး။ စိတ်ထဲမှာငိုပြီလေ, သူမက မထိုက်တန်ဘူးလို့များ ပေါင်ပေါင်ဒယ်ဒီတွေးနေမလား။


ချီးကျူးခြင်းကိုခံလိုက်ရတဲ့ ကျိယန် ရဲ့အမူအယာက ဘာမှမပြောင်းလဲပေ။ သူက ငှက်ကုလားအုပ်တစ်ကောင်လို ခေါင်းငုံနေတဲ့ ထန်ထန် ကိုလှမ်းကြည့်လိုက်တယ်။ သူ့နှုတ်ခမ်းတွေ တစ်တန်းတည်းဖြစ်သွားတယ်။


တပ်ရင်းမှုးကတော်က ထန်ထန် မျက်နှာကိုကြည့်လိုက်ပြီး သူမစနောက်နေတာကို ရပ်တန့်ကာ ခေါင်းစဉ်ပြောင်းလိုက်တယ်


 “ မင်းတို့ဒီည ချက်ပြုတ်ဖို့အဆင်မပြေလောက်ဘူးဆိုတော့ ဒီမှာပဲ ညစာစားလိုက်ကြ, ကြိုဆိုတဲ့ညစာစားပွဲလို့သာ မှတ်လိုက်တော့ပေါ့ ’’


ငြင်းဆန်ဖို့ပြင်နေတဲ့ ကျိယန် အမူအယာကိုမြင်တဲ့ တပ်ရင်းမှုးကတော်က လေးနက်တဲ့အမူအယာနဲ့ 


“ မင်းငြင်းလို့မရဘူးနော်, မဟုတ်ရင် ငါစိတ်ဆိုးလိုက်မှာ ‘’ ,


 ကျိယန် ခေါင်းငြိမ့်ပြီး သဘောတူလိုက်ရတော့တယ်။


တပ်ရင်းမှုးကတော်က ချက်ချင်းပဲ ပြောလိုက်တယ်


 “ တုန်းလီနဲ့ကျန်းချန်း ကိုပါခေါ်လိုက်, ဒီညတော့ သူတို့နဲ့အတူတူ မင်းတို့မိသားစုပါ နည်းနည်းပါးပါး သောက်ကြပေါ့’’


ကျိယန် က အခုအချိန်မှာ သူကတစ်ယောက်တည်းသော အမျိုးသားဖြစ်တဲ့အတွက် အမျိုးသမီးတွေပြောတာကို လက်ခံလိုက်ပြီး မတ်တပ်ရပ်လိုက်တယ်


 “ ဒါဆို လုပ်စရာလေးတွေရှိလို့ တပ်ဖွဲ့ ကို ပြန်သွားလိုက်ဦးမယ် ထန်ထန်နဲ့ရှောင်ကျိုး အတွက်တော့ အစ်မကိုပဲ ဒုက္ခပေးရတော့မှာပဲ’’


တပ်ရင်းမှုးကတော်က လက်ယမ်းပြလိုက်ပြီး 


“ ဘာမှမဖြစ်ပါဘူး သွားမှာသာ သွားစမ်းပါ’’


Ji Yan ထွက်သွားပြီးတဲ့နောက် တပ်ရင်းမှုးကတော်က ညစာစားချိန်ရောက်ခါနီးမှန်း သတိပြုမိသွားတယ်။ ဒါကြောင့် သူမက ညစားကိုစတင်ပြင်ဆင်တော့တယ်။ ရေခဲသေတ္တာထဲမှ စားစရာတွေကို ထုတ်ယူလိုက်ပြီး 


‘’ ကံကောင်းလို့ မနေ့ကငါအများကြီးဝယ်ထားမိတာ, ဒီညတော့ အေးအေးဆေးဆေး တဝြကီးစားလိုရပြီ"


နဂိုက သူမသမီး ဝမ်ဝမ် ကို ဧည့်သည်တွေ အားဧည့်ခံခိုင်းဖို့ စဉ်းစားထားပေမယ့်လဲ သူမသမီးဖြစ်သူက အသံအကျယ်ကြီးနှင့် ဖုန်းဂိမ်းဆော့နေတာကို မြင်လိုက်တဲ့အတွက် အော်ဟစ်လိုက်တော့တယ်။ 


"ဝမ်ဝမ် အမေကို ဘယ်လိုကူရမလဲဆိုတာ မသိဘူးလား, အသက်ပဲ ၁၇ နှစ်ရှိနေပြီ တချိန်လုံးအဲ့ဒီဖုန်းနဲ့ပဲဆော့နေတယ်, အနာဂတ်မှာ နင့်ကိုဘယ်သူက လက်ထပ်ရဲတော့မလဲ...’’


ဝမ်ဝမ် က နှုတ်ခမ်းဆူပြီး တိုးတိုးလေးရေရွတ်လိုက်တယ် 


“ အမေကလဲ သမီးအပျင်းကြီးတယ်လို့ ဘယ်သူပြောလဲ, သမီးထက်ဆိုးတဲ့သူတွေမှ အများကြီး, အဆောင်မှာဆို ကိုယ့်အဝတ်ကိုယ်မလျော်တဲ့သူတွေမှ တပုံကြီး, သမီးက ကိုယ့်အဝတ်ကိုယ်လျော်တယ်။ သမီးကိုလိုချင်တဲ့သူမရှိဘူးလို့ ဘယ်သူပြောလဲ, သမီးကိုလိုချင်တဲ့သူတွေများလွန်းလို့ တန်းစီနေတာ ခြံစည်းရိုးအပြင်တောင်ကျော်တယ် သိလား’’


သူမ အမေက မျက်လုံးကိုလှိမ့်လိုက်ပြီး


 ‘’ အေ, အဲ့မှာဆက်ပြီးကြွားနေလိုက်တော့, နင့်ကိုယူမယ့်သူရှိရင်လဲ အသက်ကြီးကြီးအဘိုးကြီးတွေပဲ ယူလိမ့်မယ်’’


ဝမ်ဝမ် က ခြေထောက်ကိုဆောင့်နင်းလိုက်ပြီး 


“ အမေ, ဘယ်အမေကများ ကိုယ့်သမီးကို ဒီလိုပြောလို့လဲ... သမီးက အမေ့သမီးအရင်းကော ဟုတ်ရဲ့လား...’’


တပ်ရင်းမှုးကတော်က ရွဲ့ပြီးဖြေလိုက်တယ် 


“ တကယ်တော့ ငါနင့်ကို လမ်းပေါ်က ကောက်ပြီးမွေးစားထားတာ’’


ဝမ်ဝမ် စိတ်ဆိုးသွားပါတော့တယ်။


သူတို့နှစ်ယောက် အငြင်းအခုံဖြစ်နေပေမယ့်လဲ သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးက အရမ်းကောင်းမွန်မှန်း ထန်ထန် အသေအချာပြောရဲတယ်။ သူမက သားအမိနှစ်ယောက်လုံးကို ကြည့်ရင်းရယ်နေမိကာ တပ်ရင်းမှုးကတော်လက်ထဲမှ အသီးအရွက်များကိုလှမ်းယူရင်း ပြောလိုက်တယ်


 “ ဝမ်ဝမ် က ငယ်ပါသေးတယ် ကလေးတွေကို ပေးကစားလိုက်ပါ, ကျွန်မဝိုင်းကူပါ့မယ်’’


တပ်ရင်းမှုးကတော်က ထန်ထန် ပြောစကားကို ငြင်းပယ်ရင်း လက်ကာပြလိုက်တယ် 


“ မဟုတ်တာ ညီမက ဧည့်သည်ပဲ, ဧည့်သည်ကို ဘယ်လိုလုပ်ပြီး ချက်ခိုင်းရမှာလဲ... ဝမ်ဝမ် အရမ်းပျင်းနေလို့ အစ်မဆူနေရတာ, သူမက အခုဆို အရွယ်ရောက်နေပြီ ဒါပေမယ့် အိမ်မှုကိစ္စ ဘာမှမလုပ်ဘူးလေ, ဒီလိုသာဆက်သွားနေမယ်ဆိုရင် သူ့အနာဂတ်တော့ မလွယ်ပါဘူး’’


‘’မရီး...အစ်မက အတွေးလွန်နေပြန်ပြီ, မိန်းမကောင်းလေးတွေအားလုံးက အချစ်ခံရပါတယ်, ကျွန်မကို အားနာဖို့မလိုပါဘူး, ကူပေးပါရစေ, ကျွန်မက ဟင်းချက်တာဝါသနာပါတယ်လေ, အဲ့ဒါတကယ်ပါ’’


‘’ဒါဆိုရင်တော့…’’ 


တပ်ရင်းမှုးကတော်က ခဏလောက်တွေးလိုက်တယ်။ ထန်ထန် ကိုအပြင်လူတစ်ယောက်လို အကွာအ‌ဝေးအရမ်းထားပြီးမဆက်ဆံသင့်ဘူးလို့ တွေးလိုက်မိတယ်။ ထို့နောက် ခေါင်းငြိမ့်လိုက်ပြီး


 ‘’ကောင်းပြီလေ, ဒါဆိုရင်တော့ ကူပေးပါဦး"


ထန်ထန် က စားပွဲပေါ်မှာတင်ထားတဲ့ အသီးအရွက်တွေကို ခွဲခြားလိုက်တယ်


 “  ဒီအသီးအရွက်တွေနဲ့ ဘာချက်ဖို့ ပြင်နေတာလဲ အစ်မ, ချက်ချင်တဲ့ဟင်းပွဲကို ကျွန်မဝိုင်းပြင်ပေးမယ်လေ’’


တပ်ရင်းမှုးကတော်က ပြုံးပြီးဖြေလိုက်တယ် 


“ အမှန်အတိုင်းပြောရရင်, နှစ်တွေအကြာကြီး ချက်ပြုတ်လာတာတောင် ဟင်းပွဲနည်းနည်းပဲလုပ်တတ်တယ်, ဒါတွေက ပုံမှန်အိမ်ချက်နည်းလောက်ပါပဲ ပြီးတော့ အရသာကပုံမှန်ပဲလေ, ရှုပ်ထွေးတဲ့ဟင်းပွဲတွေလဲ မလုပ်တတ်ပါဘူး, ဒါကြောင့် အသားနဲ့ အသီးအရွက်ကိုမွှေကြော်မလားလို့လေ’’


သူမက ပြောနေရင်းနဲ့ မေးလိုက်တယ်


 “ ထန်ထန်မှာ တခြားအကြံရှိလို့လား...လုပ်ချင်တာရှိရင် အားမနာပဲပြောလိုက်နော်, အစ်မကတော့ တကယ်ပဲမချက်တတ်ဘူးရယ်’’


သူမ မရယ်ပဲမနေနိုင်တော့ပေ။ ဒီအမျိုးသမီးက အတော်လေးကို ပေါင်းသင်းလွယ်မှန်းခံစားလိုက်မိတယ်။


ဒါကြောင့် သူမ ယဉ်ကျေးမနေတော့ပဲ ဖြေလိုက်တယ်


 “ အစ်မထုတ်ထားတာတွေကြည့်ပြီ ကျွန်မစိတ်ကူးရသွားပြီ, ၀က်သားလုံးကြော်, ပုဇွန်ကြက်ဥကြော်,  အသားလုံး, အသားစတူးရယ် ပြီးတော့ ငါးချိုချဉ်ရယ် ချက်လိုက်မယ်, အဲ့ဒါဆို အဆင်ပြေမလား..."


အမှန်အတိုင်းပြောရရင် သူမတကိုယ်ကောင်းဆန်စွာနဲ့ ဒီဟင်းပွဲတွေကိုရွေးချယ်ရတဲ့အကြောင်းရှိတယ်။ အသားစတူးနဲ့ ငါးချိုချဉ်ဟင်းတွေက ကျိယန် ကြိုက်တာတွေဖြစ်တဲ့အတွက် ထုတ်ပြောဖို့က မကောင်းဘူးလေ။


တပ်ရင်းမှုးကတော်က ဒီလိုချက်ရတာ ရှုပ်ထွေးတဲ့ဟင်းပွဲ ချက်နည်းတွေကို မသိပေ။ ဒါကြောင့် ထန်ထန် ကိုကြည့်ရင်းမေးလိုက်တယ်


 “ ညီမ တကယ်ပဲ ဒီဟင်းတွေအကုန်လုံးကို ချက်တတ်တာလား ...’’


သူမ ခေါင်းငြိမ့်ပြလိုက်တယ်, အဲ့ဒါဘာထူးဆန်းလို့လဲ...


‘’အာ...’’


 တပ်ရင်းမှုးကတော် အံ့အားသင့်သွားတယ်။ ဒါပေမယ့် သူမကပျော်ရွှင်စွာနဲ့ 


“ ရှင်ပြောတဲ့ ဟင်းပွဲတွေအားလုံးက ကျွန်မ အပြင်ကနေဝယ်စားရတာတွေကြီးပဲ, အစ်မချက်နေကျ ဟင်းပွဲတွေက ၀က်သားပြုတ်, ငါးပြုတ်နဲ့ ပုဇွန်အစပ်ဟင်းပဲ။ ရှင်ပြောသွားတဲ့ ဟင်းတွေအကုန် ဘယ်လိုချက်ရမှန်း အစ်မမသိဘူး ညီမအသက် ဘယ်လောက်ရှိပြီလဲ...’’


‘’၂၅ နှစ်ရှိပါပြီ”


သူမ အရင်ဘ၀တုန်းမှာက ၁၈ နှစ်ပေမယ့် အခုခန္ဓာကိုယ်က ၂၅ နှစ်ရှိနေပြီဖြစ်တယ်။


သူမက ၂၅ နှစ်ပဲရှိသေးတယ်...တပ်ရင်းမှုးကတော် ထန်ထန်  ကို အားကျတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်မိတယ်။ သူမက ချက်ချင်းပဲ အေပရွန်ကိုချွတ်လိုက်ကာ ထန်ထန်ကိုပေးလိုက်တယ် 


“ ဒီညတော့ထန်ထန် ကိုပဲ ဟင်းချက်ဖို့ ကူညီခိုင်းရတော့မှာပဲ, အစ်မ ဘေးကကူပေးပါမယ်, ပြီးတော့ ညီမဆီက ချက်နည်းတွေလဲ ကြည့်လို့ရတယ်မဟုတ်လား...’’


ချက်ပြုတ်ခြင်းက သူမ သဘောကျတဲ့ဝါသနာတစ်ခုဖြစ်တဲ့အတွက် သူမ မပင်ပန်းပေ။သူမ အေပရွန်ကိုဝတ်ရင်း ပြုံးပြလိုက်တယ် 


“ အဲ့လောက်လဲမဟုတ်ပါဘူး...အစ်မ သင်ချင်တယ်ဆိုရင် ပြပေးလို့ရပါတယ်, အဲ့ဒါတွေက ချက်ရတာလွယ်ပါတယ်’’


ထို့နောက် သူမ စတင်ချက်ပြုတ်ပါတော့တယ်။


တပ်ရင်းမှုးကတော်က သူမ နောက်မှ တကောက်ကောက်လိုက်၍ သူမချက်နည်းတွေကို လိုက်ကြည့်နေတယ်။ သူမ စိတ်ထဲမှလဲ ကျိယန် က မျက်လုံးစုံမှိတ်ပြီး ဇနီးရွေးခဲ့တာမဟုတ်မှန်း ခံစားလိုက်မိတယ်။ အပြင်ပန်းအလှက ဘာလုပ်ရမှာလဲ သူတို့တွေက နေ့ရက်တွေကို အတူတူဖြတ်သန်းကြရမှာဖြစ်တဲ့အတွက် အတွင်းစိတ်က အဓိကပဲပေါ့။ ဒီဇနီးငယ်လေးကို ကြည့်ပါလား, သူမရဲ့ ဟင်းချက်စကေးက လုံး၀ကိုအထက်တန်းစားပဲလေ, ပြီးတော့ သူမရဲ့ပေါင်းသင်းဆက်ဆံရေးကလဲ လုံး၀နူးညံ့ညင်သာတယ်။ ဒီလိုဇနီးမျိုးကို လက်ထပ်ထားတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။ ဒီနေ့ခေတ်မှာ အမျိုးသမီးအများစုက မချက်ပြုတ်ကြတော့ဘူး ပြီးတော့ စုံတွဲတွေကလဲ အလုပ်ပြီးတာနဲ့ အပြင်မှာပဲ စားသောက်လာကြတယ်။ သူတို့တွေ မီးဖိုချောင်၀င်ကြတဲ့ အကြိမ်အရေအတွက်ကို လက်ချိုးရေလို့တောင်ရလောက်တယ်။


သူမ ထန်ထန် ကိုပိုပြီးကြည့်လေ ပိုပြီးသဘောကျလေ ဖြစ်လာတော့တယ်။


အဓိကဟင်းပွဲတွေ အဆင်သင့်ဖြစ်တဲ့အချိန်မှာ အပြင်ဘက်က ဆူညံသံတွေကြားလိုက်ရတယ်။ တပ်ရင်းမှုးကတော်က ပြုံးရင်းပြောလိုက်တယ်


 ‘’ သူတို့တွေပြန်လာကြပြီ, စားပွဲပေါ်မှာ ဟင်းပွဲတွေသွားထားရအောင်’’


ထန်ထန် က ဟင်းချက်နေရင်းမှ ပြန်ဖြေလိုက်တယ်


 “ အစ်မ ဟင်းပွဲတွေကို အရင်သွားချထားပေးပါလား, ပူတုန်းလေး စားရင်ပိုအရသာရှိလို့ အရင်စားခိုင်းလိုက်ပါ, အရွက်ကြော်ပြီးတာနဲ့ ကျွန်မပြီးပါပြီ’’’


‘’ကောင်းပီ’’ 


တပ်ရင်းမှုးကတော်က မီးဖိုချောင်မှထွက်သွားပြီး ၀င်လာတဲ့သူတွေကိုစကားပြောလိုက်တယ်


 “ မြန်မြန်သွားပြီးလက်ဆေးလိုက်ဦး ပြီးတာနဲ့စားလို့ရပြီ’’


တပ်ရင်းမှုးက စားပွဲမှာထိုင်လိုက်ပြီး ဟင်းပွဲတွေကိုကြည့်လိုက်တယ်။ အံ့ဩတဲ့အမူအယာဖြစ်သွားပြီး ဇနီးဖြစ်သူကိုမေးလိုက်တယ်


 “ လောင်လျို ဒါမင်းချက်ထားတာမဟုတ်ပါဘူး, ဟုတ်တယ်မဟုတ်လား...စားဖိုမှုးလာသွားတာလား...’’


ဇနီးဖြစ်သူက ပြုံးရင်းရှင်းပြလိုက်တယ် 


" ကျွန်မချက်တာမဟုတ်ပါဘူး, ဒီလောက်အများကြီး ကျွန်မ ဘယ်လိုချက်နိုင်မှာလဲ, အဲ့ဒါ ကျိယန်ရဲ့ဇနီးလုပ်ထားတာလေ, ပြောရတာရှက်ဖို့ကောင်းပေမယ့် ထန်ထန့် ဟင်းချက်စကေးက လုံး၀အကောင်းဆုံးပဲ’’


ထို့နောက် ထိုင်ခုံမှာထိုင်နေတဲ့ ကျိယန် ကိုစနောက်လိုက်တယ်


 “ ရှောင်ကျိက ဇနီးကောင်းလေးရထားတာပဲ’’


ကျိယန်မျက်နှာထက် အပြုံးသေးလေးတစ်ခု ဖြစ်ထွန်းသွားတယ်။


တုန်းလီ က စားပွဲပေါ်က ဟင်းပွဲတွေကိုကြည့်ပြီး နေရာမှာတင်အေးခဲရပ်တန့်သွားတယ်။ သူက ဒီမွှေးပျံ့ပြီး စားချင်စဖွယ်ကောင်းတဲ့ ဟင်းပွဲတွေအားလုံးကို အမြဲတမ်းမူးပြီး ဒေါသကြီးနေတတ်တဲ့ အမူးသမားချက်ထားတယ်ဆိုတာ မယုံနိုင်ဘူးဖြစ်နေတယ်။ ဒါမှမဟုတ် ကျိယန်ပြောသလိုပဲ သူမက လုံး၀ကိုပြောင်းလဲသွားတာလား...


တပ်ရင်းမှုးကတော်က ဘေးပတ်လည်ကိုကြည့်ပြီး မေးလိုက်တယ်


 “ ဟိုကလေးကော ကျန်းချန်း သူ့ကိုကော ခေါ်မလာဘူးလား...’’


တုန်းလီ ကဖြေလိုက်တယ်


 “ သူ့ဇနီးကိုသွားခေါ်နေလို့ နှစ်ယောက်လုံးနောက်ကျမှရောက်မယ်ပြောတယ်’’


ကျန်းချန်း က ညစာအိမ်မှာမစားဖြစ်တဲ့အတွက် သူ့ဇနီးကလဲ ချက်ပြုတ်မည်မဟုတ်ပေ။ ဒါကြောင့် သူ့ဇနီးကိုပါသွားခေါ်ရခြင်းဖြစ်တယ်။ 


တပ်ရင်းမှုးဇနီးက


 “ ဒါဆို မင်းတို့တွေအရင်စားလိုက်ကြတော့, အစ်မ ထန်ထန် ကိုသွားကူလိုက်ဦးမယ်’’


တပ်ရင်းမှုးက ပုဇွန်အကောင်ကြီးတစ်ကောင်ကို ကောက်ယူကာ ဆော့စ်ထဲနှစ်ပဲ စားလိုက်တယ်


 “ အမ်, မဆိုးဘူး, အရသာကောင်းတယ် ကျိယန် ဇနီးမှာ ကျွမ်းကျင်တာတွေရှိတာပဲ’’


‘’အဲ့ဒါအမှန်ပဲ, အရသာရှိတယ်, အစ်မ ထန်ထန် က အရမ်းအံ့ဩဖို့ကောင်းတယ်’’


 ဝမ်ဝမ်က စားစရာတွေကို မြည်းပြီးတဲ့နောက် ချီးမွမ်းနေတော့တယ်။


တုန်းလီ လဲ အခွံမခွာရသေးတဲ့ ပုဇွန်တစ်ကောင်ကို ကောက်ယူကာ ပါးစပ်ထဲထည့်ပြီးစားလိုက်တယ်။ ပုဇွန်ကိုမျိုချလိုက်ပြီးနောက် အခွံကိုထွေးထုတ်လိုက်တယ်။ သူက ဘာမှမပြောပဲ ကျိယန် ကို မနာလို အားကျတဲ့အကြည့်နဲ့ ကြည့်လိုက်တော့တယ်။


ကျိယန် က သူ့ကိုအနှောက်အယှက်မပေးပဲ ရှောင်ကျိုး ရဲ့ပန်းကန်လုံးထဲသို့ စားစရာတချို့ထည့်ပေးရင်း အေးအေးလူလူ စားသောက်နေတယ်။


အဲ့အချိန်မှာပဲ ကျန်းချန်း နဲ့ သူ့ဇနီးရောက်လာတယ်။ လူတိုင်းစတင်စားသောက်နေတာကိုမြင်ပြီးတဲ့နောက် သူ့ဇနီးအတွက်ထိုင်ခုံတစ်လုံး အမြန်ဆွဲယူကာ 


“ လာထိုင် မိန်းမ, မြန်မြန်လေးစားရအောင်, မင်းဗိုက်ဆာနေလောက်ပြီ, ဟုတ်တယ်မဟုတ်လား...’’


ကျန်းချန်း ရဲ့ဇနီး ဖန်ယုဝေ က လူတိုင်းကိုနှုတ်ဆက်လိုက်ပြီး ထိုင်ခုံမှာထိုင်ကာ တူကိုကောက်ကိုင်လိုက်ပြီး စတင်စားတော့တယ်။


ကျန်းချန်း က စားပွဲပေါ်ကိုကြည့်ပြီး အံ့ဩစွာနဲ့ 


“ ဟင်းပွဲတွေက ခမ်းနားလှချေလား... မရီး ရဲ့ဟင်းချက်စကေးက တိုးတက်လာတာပဲ’’


တပ်ရင်းမှုးက ရယ်ပြီး


 “ ဘာကို တိုးတက်ရမှာလဲ, ဒါတွေအားလုံး ကျိယန် ဇနီး ချက်ထားတာတွေကြီးပဲ, ဒီလောက်မွှေးကြိုင်တဲ့ဟင်းမျိုး မင်းတို့ရဲ့ အစ်မ မချက်နိုင်ဘူး’’


ဒါကိုကြားလိုက်တဲ့ ကျန်းချန က ကျိယန်ကို လက်မထောင်ပြပြီး စတင်စားတော့တယ်။


ခဏစားပြီးတဲ့နောက် တပ်ရင်းမှုးက ဝိုင်ခွက်ကိုမကာ ပြောလိုက်တယ်


 “ စားပဲစားမနေနဲ့ဦး, ဒီညအတွက် နည်းနည်းပါးပါးသောက်ရအောင်’’


ကျန်းချန်း က ရယ်ရင်း


 ‘’ ကျိယန် ကိုသောက်ခိုင်းသင့်တယ်လို့ထင်တယ်, ဒီနေ့က သူ့ရဲ့ပျော်စရာကောင်းတဲ့နေပဲ။ သူ့ဇနီးနဲ့သားလေးက ဒီကိုပြောင်းလာပြီဆိုတော့ အခုကစပြီး နေ့ရက်တွေက ကောင်းမွန်နေတော့မှာပဲ’’


‘’ဟုတ်တယ် အဲ့ဒါအမှန်ပဲ ကျိယန် အတွက်’’


ဒီည သူပြေးလို့မလွတ်မှန်း ကျိယန်သဘောပေါက်လိုက်တဲ့အတွက် ဘာမှမပြောပဲ သောက်လိုက်တော့တယ်။


ထန်ထန် အားလုံးချက်ပြုတ်ပြီးလို့ ထွက်လာတဲ့အချိန်မှာ အပြင်ကအုပ်စုက ဒုတိယအရက်ပုလင်းကို ဖွင့်နေကြပြီဖြစ်တယ်။


သူမထွက်လာတာကိုမြင်လိုက်တဲ့အားလုံးက သူမကိုချီးကျူးလိုက်ပြီး ထိုင်ကာစားသောက်စေတော့တယ်။


ကျိယန် က သူ့ဘေးမှခုံကိုဆွဲထုတ်ကာ သူမကိုထိုင်စေပြီး ပြောလိုက်တယ်


 “ မင်းဒီနေ့ အလုပ်ကြိုးစားခဲ့တာပဲ, ထိုင်ပြီး စားတော့လေ’’


ထန်ထန်သူမစိတ်အတွင်း ချိုမြိန်မှုတွေခံစားသွားရတယ်။ သူမက ချိုသာတဲ့အပြုံးနဲ့ သူ့ဘေးမှာထိုင်လိုက်တယ်။ သူမ စားနေရင်းနဲ့ အသေးလေးပန်းကန်ထဲကိုလဲ ဟင်းတွေထည့်ပေးနေတယ်။ လူတိုင်းက ကျိယန် ကို သောက်ဖို့တွန်းအားပေးနေကြတာကိုတွေ့တဲ့အတွက် သူ့အစာအိမ်နာမှာ စိုးရိမ်သွားပြီး ကျိယန် ရဲ့ပန်းကန်လုံးကိုယူကာ စွပ်ပြုတ်ထည့်ပေးလိုက်တယ်။ ထို့နောက် စားပွဲအောက်မှ ကျိယန်ရဲ့ အကျီလက်ကိုဆွဲပြီး လေသံတိုးလေးနဲ့ သတိပေးလိုက်တယ် 


“ ယောကျာ်း, အရက်မသောက်ခင် စွပ်ပြုတ်လေးနည်းနည်းသောက်လိုက်ဦးနော်...’


ကျိယန် က သူမ ကိုကြည့်ပြီး သူ့လက်ထဲက တူကိုအောက်ချလိုက်တယ်။ ထို့နောက် ဇွန်းကိုယူကာ စွပ်ပြုတ်ကိုခပ်သောက်လိုက်တယ်။


ထို့နောက် သူမ အသေးလေး ကိုမေးလိုက်တယ်


 “ ပေါင်ပေါင်, သားရော ဟင်းချိုသောက်ချင်သေးလား...’’


ကျိရှောင်ကျိုး  က ခေါင်းကိုယမ်းပြီး သူ့လက်ဖောင်းဖောင်းလေးနဲ့ ပုဇွန်ပန်းကန်ကို ညွှန်ပြကာ


“ မာမီ, သားပုဇွန်စားချင်တယ်, ဒါပေမယ် သားမခွာတတ်ဘူး’’


‘’မာမီခွာပေးမှာပေါ့...’’


ထန်ထန် သူမပန်းကန်ထဲသို့ ပုဇွန်နှစ်ကောင်ထည့်ကာ အခွံခွာပြီး သားအဖနှစ်ယောက် ကို တစ်ကောင်စီ ထည့်ပေးလိုက်တယ်။ 


တပ်ရင်းမှုးကတော်က မြင်ကွင်းကိုကြည့်နေပြီး ရုတ်တရက်ပဲ ကျိယန် ရဲ့ ကံကောင်းမှုတွေကိုခံစားလိုက်မိတယ်။ ကျိယန် က ဇနီးကောင်းရထားတာပဲ, သူ့နေ့ရက်တွေကတော့ အရမ်းကိုသက်တောင့်သက်သာဖြစ်နေတော့မှာပဲ။


ထို့နောက် သူမက ရောက်ကတည်းက ထိုင်ပြီးစားနေတဲ့ ဖန်ယုဝေ ကိုကြည့်လိုက်တယ်။ ဖန်ယုဝေပန်းကန်ထဲသို့ အရက်သောက်နေရင်း စားစရာတွေထည့်ပေးနေတဲ့ ကျန်းချန်း ကိုတွေ့လိုက်တယ်။ လူတိုင်းက သူတို့ရဲ့ဆွဲဆောင်မှုတွေ မတူဘူးဆိုတာကို တပ်ရင်းမှုးဇနီးခံစားလိုက်မိတယ်။


ဒီနေ့ညက အိမ်ယာထဲသို့ ထန်ထန်တို့ ပြောင်းရွေ့လာတဲ့အတွက် ပွဲကျင်းပကြတာဖြစ်တယ်။ ဒါကြောင့် သူတို့တွေက ဒီညတော့ အဓိကလူတွေပဲဖြစ်တယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာတွေကြောင့် ထန်ထန် က သောက်လို့မရပေ။ ဒါကြောင့် သူတို့က သူမကို မခက်ခဲစေလို့တဲ့အတွက် ကျိယန် ကိုသာ အာရုံစိုက်ပြီး သောက်စေတာဖြစ်တယ်။ 


ကျိယန် လဲ ရှောင်လွဲလို့မရတဲ့ကံကြမ္မာကိုသာ လက်ခံရင်း တခွက်ပြီးတစ်ခွက် သောက်နေရတယ်။


ဘေးမှကြည့်နေတဲ့ ထန်ထန် က စိုးရိမ်နေသော်လဲ အချိန်ကောင်းကိုမဖျက်စီးလိုဘူး။ ဒါကြောင့် သူမ ကျိယန် အတွက် ရေထည့်ပေးရုံပဲ တတ်နိုင်တော့တယ်။ သူ့ကိုစားဖို့ သူမသတိပေးပေမယ့်လဲ အဆုံးမှာတော့ ကျိယန် အများကြီးသောက်ပြီးနေပြီဖြစ်တယ်။ သူ့မျက်နှာက နီရဲလာပြီး သူ့ခြေထောက်ပေါ်သူ ကောင်းကောင်းမရပ်နိုင်တော့ပေ။


ကျိယန် မူးနေပြီဖြစ်ပါတယ်။