အပိုင်း (၂၇)
Viewers 12k

Part 27


လူတိုင်းသောက်စားကြပြီးတဲ့နောက် အားလုံးက မတူညီတဲ့ level နဲ့ မူးနေကြပြီဖြစ်တယ်။ ကျိယန်တစ်ယောက်တည်းသာမက ကျန်တဲ့သူတွေပါ အတော်လေးမူးနေကြပြီ။


တပ်ရင်းမှုးကတော်က တစ်ဖွဲ့လုံးကိုပြောလိုက်တယ်


 “ အားလုံးပဲ ဆိုဖာပေါ်မှာ သွားထိုင်လိုက်ကြပါ, ကျွန်မ အမူးပြေအောင် ရေနွေးကြမ်း တစ်ချို့လုပ်လာပေးမယ်’’


ထန်ထန်က ကျိယန် လက်ကိုတွဲထားပြီး ဆိုဖာပေါ်မှာ ထိုင်စေလိုက်တယ်။ သူမ မတတ်သာစွာနဲ့ပဲ ပူခြစ်နေတဲ့ ကျိယန် လက်ကိုကိုင်လျက် စိတ်ပူစွာနဲ့မေးလိုက်တယ်


 “ ယောကျာ်း, ရှင် အဆင်ပြေရဲ့လား...’’


ကျိယန်မျက်နှာမှာ နီရဲနေပြီး မျက်လုံးတွေက ခါတိုင်းကဲ့သို ကြည်လင်မနေတော့ပဲ အလွှာတစ်ထပ်ဖုံးအုပ်ထားသလို ဖြစ်နေတယ်။ သူက ထန်ထန်ကိုကြည့်ပြီး ခေါင်းကိုဖြည်းငြင်းစွာယမ်းလိုက်ကာ


 “ ကိုယ်အဆင်ပြေပါတယ်’’


 သူမနှုတ်ခမ်းတွေတင်းတင်းစေ့ထားမိတယ်။ သူမတကယ်ပဲ သူ့အစာအိမ်နာကျင်မှာကို စိုးရိမ်နေမိတယ်။ ဒါပေမယ့် သူမအိမ်မှာ မီးဖိုချောင်မရှိသေးတဲ့အတွက် အမူးပြေဟင်းရည်ချက်လို့ရမှာ မဟုတ်သေးဘူး။ ဒါကြောင့် ဒီမှာပဲ ချက်ဖို့စိတ်ကူးလိုက်ပြီး မီးဖိုချောင်ထဲသို့ဝင်သွားကာ ရေနွေးကြမ်းတစ်ချို့လုပ်နေတဲ့ တပ်ရင်းမှုးကတော်ကို ပြောလိုက်တယ်


 “ မရီး, ကျွန်မ အမူးပြေဟင်းရည်လုပ်ချင်လို့, ရှောင်ကျိုး ဒယ်ဒီက ဒီနေ့သောက်တာ တော်တော်လေးများသွားတော့ နောက်မှအန်နေမှာစိုးမိတယ်။ ကျွန်မမှာလဲ မီးဖိုချောင်မရှိသေးဘူးဆိုတော့…’’


တပ်ရင်းမှုးကတော်က နားလည်စွာနဲ့ ခေါင်းငြိမ့်ပြလိုက်ပြီး


 “ သူ ဒီနေ့ည သောက်တာ တော်တော်များသွားတယ်, ပြန်ရောက်တာနဲ့ သေချာပေါက်အန်မှာပဲ, အမူးပြေဟင်းရည်ချက်ပေးတာ အကြံကောင်းပဲ, ဒီတော့ ဒီမှာပဲဟင်းရည်ချက်လိုက်ပေါ့ ပြီးတော့ ချက်မယ့်အတူတူ အားလုံးအတွက်ပါပိုချက်ပေးပါဦး"


ထန်ထန် ရေခဲသေတာထဲမှာ ပါ၀င်ပစ္စည်းတွေကို ထုတ်ယူလိုက်ပြီး လျင်မြန်စွာနဲ့ချက်လိုက်တယ်။ သူမချက်ပြီးတဲ့နောက် ပန်းကန်လုံးလေးတွေထဲသို့ ခွဲထည့်ကာ ဧည့်ခန်းထဲသို့သယ်သွားတယ်။ ထို့နောက် ကျန်းချန်းဘေးမှာထိုင်နေတဲ့ ဖန်ယုဝေ ကိုပေးလိုက်တယ်


 "ယောင်းမ ကျန်းချန်း ကို အမူးပြေဟင်းရည်ပေးလိုက်ပါဦး, ဒါက သူ့အစာအိမ်အတွက်ကောင်းတယ်’’


သူမက ထန်ထန့်ကိုပြုံးပြရင်း ကျေးဇူးတင်စကားဆိုလိုက်တယ်


 “ကျေးဇူးတင်ပါတယ်, ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးပါနော်’’


ထို့နောက် သူမက ကျန်းချန်း အား ဟင်းရည်ခွက်ပေးလိုက်ရင်း ခါးကိုလိမ်ဆွဲလိုက်တယ်။ သူက လေသံတိုးနဲ့လဲ ခြိမ်းခြောက်စကားဆိုလိုက်သေးတယ်


 “ အမူးပြေဟင်းရည်ကို မြန်မြန်သောက်လိုက်, တကိုယ်လုံးလဲ အရက်နံ့ကြီးပဲ, ကျွန်မအိမ်ပေါ်မှာ အန်လို့ကတော့ ရှင်အပြင်မှာပဲအိပ်ရမယ်မှတ်"


ခါးလိမ်ဆွဲခံရတဲ့ ကျန်းချန်း ဆီမှ ညည်းသံထွက်လာတယ်။ အိပ်ခန်းထဲက ကန်ထုတ်ခံရမှာကြောက်တဲ့အတွက် ဟင်းရည်ပန်းကန်ကို ချက်ချင်းကိုင်ပြီး တကျိုက်တည်းမော့သောက်လိုက်တယ်။ ဟင်းရည်က အရမ်းပူတာကိုတောင် ဂရုမစိုက်ပဲနဲ့ပေါ့။


သူမခင်ပွန်းကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ကောင်းကောင်းသိနေတဲ့ ဖန်ယုဝေ ကိုကြည့်ပြီး သူမ အံ့ဩသွားတယ်။ ဒါပေမယ့်လဲ စုံတွဲတိုင်းက မတူညီတဲ့ဆက်ဆံရေးတွေရှိနေမှန်းသိတဲ့အတွက် သူမအချိန်အကြာကြီးမကြည့်သင့်ဘူးဆိုတာ နားလည်ထားတာကြောင့် တုန်းလီ ဘက်သို့လှည့်ပြီး ဟင်းရည်တစ်ခွက်ပေးလိုက်တယ်။


‘’ကျေးဇူးတင်ပါတယ် မရီး’’


တုန်းလီ က စိတ်ရင်းအမှန်နဲ့ ကျေးဇူးတင်စကားဆိုလိုက်တယ်။ အခုအချိန်မှာတော့ ထန်ထန့် အပေါ် သူ့ရဲ့ထင်မြင်ချက်က ပြောင်းလဲသွားပြီဖြစ်တယ်။ အရင်ကဘယ်လိုပဲဖြစ်ခဲ့ပါစေ အခုတော့ သူမက တကယ်ကိုပဲ ကောင်းမွန်ပြီး လေးစားထိုက်တယ်။


 သူမကိုကျေးဇူးတင်ဖို့မလိုကြောင်း လက်ယမ်းပြလိုက်တယ်။ ထို့နောက် သူမက နောက်ဆုံးဟင်းရည်ပန်းကန်ကိုယူလိုက်ပြီး ကျိယန် ဘေးမှာထိုင်လိုက်တယ်။ မျက်လုံးမှိတ်ပြီး ဆိုဖာပေါ်မှာ အနားယူနေတဲ့သူ့ကိုကြည့်ကာ သူမစိုးရိမ်စွာနဲ့ သူ့လက်မောင်းကိုဆွဲလိုက်ပြီး 


’ ယောက်ကျား, ယောကျာ်း’’


ကျိယန် က မျက်လုံးတွေကို ဖြည်းငြင်းစွာဖွင့်ပြီး သူမကိုကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက အနည်းငယ်နီရဲနေတယ်။


သူမ ဇွန်းနဲ့ ဟင်းရည်ကိုခပ်လိုက်ပြီး သူ့ပါးစပ်နားကပ်ပေးလိုက်တယ်။ သူမက အေးဆေးစွာနဲ့ ချော့ပြီးတိုက်လိုက်တယ်


 “ ယောကျာ်း, အမူးပြေဟင်းရည်လေး နည်းနည်းလောက်သောက်လိုက်, ပြီးရင် အိမ်ပြန်ပြီး နားကြတာပေါ့’’


ကျိယန် က လုံး၀မူးနေပြီး သူ့စိတ်က‌ ဝေဝါးနေတယ်။ ပုံမှန်ဆို သူ့ဘာသာ ဟင်းရည်ပန်းကန်ကိုယူပြီး သောက်လိုက်မှာဖြစ်ပေမယ့် အခုအချိန်မှာတော့ လိုက်လျောညီထွေစွာနဲ့ သူ့ပါးစပ်ကို အသာဟပြီး ဟင်းရည်ကိုမျိုချလိုက်တော့တယ်။ ထန်ထန် က ဟင်းရည်ကိုဇွန်းနဲ့ထပ်ခပ်ပြီးတိုက်လိုက်တယ်။ သူက နာခံစွာနဲ့ပဲ  ဟင်းရည်အားလုံးကို ကုန်အောင်သောက်လိုက်တော့တယ်။


 မူးနေပေမယ့်လဲ ဘာဆူညံမှုတစ်စုံတစ်ရာကိုမှ မလုပ်တဲ့အတွက် အမူးသမားကောင်းတစ်ယောက်ဟု သူမတွေးလိုက်မိတယ်။ သူက အရမ်းကိုတိတ်ဆိတ်နေပြီး ရစ်တာမျိုးတွေမရှိဘူး။ လူတစ်ယောက်က သူတို့ရဲ့ပင်ကိုယ်စရိုက်ပေါ်မူတည်ပြီး အရက်မူးတယ်ဆိုတဲ့ စကားတစ်ခွန်းရှိတယ်။ ကြည့်ရတာ အဲ့ဒီဆိုရိုးစကားမှန်ပုံပဲ။


ဟင်းရည် တစ်ပန်းကန်လုံးတိုက်ပြီးတဲ့နောက် သူမလဲအကြာကြီးဆက်မနေတော့ပဲ အားလုံးကိုနှုတ်ဆက်လိုက်တယ်။


သိပ်အများကြီးမသောက်ထားတဲ့ တုန်းလီ က သူမ တို့အိပ်ဖို့နေရာမရှိမှန်းသိနေတဲ့အတွက် ဟိုတယ်အသေးလေးတစ်ခုဆီသို့ ပို့ပေးလိုက်တယ်။ အရက်အများကြီးသောက်ထားတဲ့ ကျိယန် အတွက် သူမစိတ်ပူပေမယ့် ဘာမှမပြောလေဘူး။


တုန်းလီ က ကျိယန် ကိုကူတွဲပြီး အိပ်ယာပေါ်တင်ပေးလိုက်တယ်။ ထို့နောက် သူမကိုနှုတ်ဆက်ပြီး ပြန်သွားတော့တယ် 


“ မရီး , ကျွန်တော်ပြန်တော့မယ်၊ တစ်ခုခုလိုရင် ခေါ်လိုက်နော်’’


‘’ကျေးဇူးတင်ပါတယ် တုန်းလီ အချိန်လဲမစောတော့ဘူး မြန်မြန်ပြန်ပြီး အနားယူတော့’’


ရှောင်ကျိုး က လက်ကိုယမ်းပြရင်း လူကြီးလေးတစ်ယောက်လို နှုတ်ဆက်လိုက်တယ်


 “ အန်ကယ်, စိတ်ပူဖို့မလိုပါဘူး, အိမ်ကိုပြန်လို့ရပါတယ်, သားနဲ့မာမီက ဒယ်ဒီကိုကောင်းကောင်း စောင့်ရှောက်နိုင်ပါတယ်’’


“ ဟုတ်ပါပြီ, အန်ကယ်သွားတော့မယ်နော်, သားလက်ထဲမှာ သားဒယ်ဒီကိုအပ်ခဲ့ပြီ’’


တုန်းလီထွက်သွားပြီးတဲ့နောက် သူမ ကျိယန်ဖိနပ်ကိုချွတ်ပေးလိုက်ပြီး သက်သောင့်သက်သာဖြစ်အောင် ခြေထောက်တွေကိုအိပ်ယာပေါ်တင်ပေးလိုက်တယ်။ ထို့နောက် အသန့်ကြိုက်တဲ့ ပေါင်ပေါင်ဒယ်ဒီအကျီကိုကြည့်ပြီး သူမဗျာများသွားတယ်။ လေ့ကျင့်ရေးယူနီဖောင်းနဲ့ဆိုတော့ သူအိပ်ရတာ အဆင်ပြေပါ့မလား... ဒါပေမယ့်လဲ၀တ်ပေးဖို့အ၀တ်က ဒီမှာမရှိတဲ့အတွက် သူမ သူ့ကိုအဝတ်အစားမပါပဲ ဒီတိုင်းထားလိုက်လို့ မနက်မိုးလင်းရင်ဘယ်လိုတွေဖြစ်ကုန်မလဲ... နောက်ပြီးတော့ သူမတို့မှာ ရင်းနှီးတဲ့ဆက်ဆံရေးလဲ မရှိခဲ့ဘူးလေ။


အတွေးတွေနဲ့ သူမမျက်နှာနီရဲလာတော့တယ်။


ရှောင်ကျိုး  က ထန်ထန်  လက်ကိုဆွဲရင်းမေးလိုက်တယ်


 “ မာမီ, ဘာဖြစ်လို့လဲ... ဘာလို့ ဒယ်ဒီကို ဒီအတိုင်းကြီးကြည့်နေတာလဲ...’


သူမ ဗျာများသွားတယ်။ သူမနှုတ်ခမ်းကိုကိုက်လိုက်ပြီး ကျိယန် ကို ဒီအ၀တ်အစားတွေနဲ့ ဒီအတိုင်းပဲထားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူဒီတစ်ညတော့ နည်းနည်းဒုက္ခခံရမှာပဲ။  


ထို့နောက် သူမ ကလေးကိုရေချိုးပေးရင်း ပြောလိုက်တယ် 


“ ပေါင်ပေါင်, ဒယ်ဒီက မူးနေတယ်, မာမီရေချိုးနေတုန်း သားဒယ်ဒီကို ဂရုစိုက်ပေးထားမလား...’’ 


အသေးလေး က သူ့ရင်ဘတ်ကိုပုတ်လိုက်ပြီး အာမခံလိုက်တယ်


 “ စိတ်မပူပါပဲ ရေသွားချိုးလိုက်မာမီ, သားဒယ်ဒီကို ဂရုစိုက်ထားလိုက်မယ်’’


လုံး၀မလှုပ်ပဲ အိပ်ပျော်နေတဲ့ ကျိယန် ကိုကြည့်ပြီး ဘာမှမဖြစ်လောက်ဘူးလို့ သူမယူဆလိုက်တယ်။ ဒါ့ကြောင့် သဘက်ကိုယူကာ ရေချိုးလိုက်တယ်။ ပြီးတာနဲ့ ညစ်ပါတ်တဲ့အဝတ်အစားတစ်ချို့ကိုလျော်ကာ လှမ်းလိုက်တယ်။ 


သူမရေချိုးခန်းထဲကထွက်လာတဲ့အခါ ရှောင်ကျိုး ကို အိပ်ပျော်နေမယ်လို့ထင်ခဲ့ပေမယ့် ဘယ်သူထင်မှာလဲ, အသေးလေးက သူ့ဒယ်ဒီရဲ့ရင်ဘတ်ကို ညင်သာစွာပွတ်သပ်ပေးရင်း ပြူးကျယ်နေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေပြီး အဲ့ဒါက သူ့ဒယ်ဒီအိပ်ပျော်အောင် ချော့သိပ်နေသလိုပဲ။


သူမ နှလုံးသားလေးနူးညံ့သွားပြီး ရှောင်ကျိုး အနားသို့ကပ်ပြီး အနမ်းပေးလိုက်တယ် 


“  ပေါင်ပေါင်, အခုမာမီ ဒယ်ဒီကို ဂရုစိုက်ပေးလိုက်တော့မယ်, သားသွားအိပ်လို့ရပြီနော်’’


အသေးလေးက သိသိသာသာပင်ပန်းနေပေမယ့်လဲ မျက်လုံးကိုအားတင်းဖွင့်ပြီး ခေါင်းယမ်းလိုက်တယ် 


“ မာမီ, သားမပင်ပန်းပါဘူး, မာမီနဲ့အတူတူ ဒယ်ဒီကိုဂရုစိုက်ပေးမယ်, မာမီတစ်ယောက်တည်း ဒယ်ဒီကိုပြုစုရတာ ပင်ပန်းနေမှာပေါ့’’(ငတတ်လေး)


ရှောင်ကျိုး က ညဏ်ကောင်းတဲ့ကလေးမှန်းသိတဲ့အတွက် သူမဆက် မငြင်းတော့ပေ။ 


“ ကောင်းပြီ, ဒါဆို ဒယ်ဒီကို အတူတူပြုစုရအောင်, ဒါပေမယ့် ဒယ်ဒီကောင်းကောင်းအိပ်ပျော်အောင်လို့ လက်ကိုကိုင်ထားပေးနော်’’


အဲ့ဒီစကားကြားပြီးတဲ့နောက် အသေးလေးက ချက်ချင်းပဲ ကျိယန် လက်ကိုခပ်တင်းတင်း ကိုင်လိုက်တော့တယ်။


ထန်ထန် ရေချိုးခန်းထဲမှ ရေနွေးကိုယူလိုက်ပြီး သဘက်တစ်ခုကိုနှစ်လိုက်တယ် ထို့နောက်ရေညှစ်လိုက်ပြီး ကျိယန်မျက်နှာကိုသုတ်ပေးလိုက်တယ်။ ဒါဆို သူအိပ်ရတာ ပိုပြီးသက်သောင့်သက်သာရှိလိမ့်မယ်။


 သူမ သတိလက်လွတ်နဲ့ ကျိယန် မျက်နှာကိုကြည့်လိုက်မိတယ်။ သန်မာတဲ့မျက်ခုံး, ရှည်လျားပြီး ပိတ်နေတဲ့မျက်လုံး, ဖြောင့်စင်းနေတဲ့မျက်တောင်, ဖြောင့်တန်းနေတဲ့နှာတံ, နှုတ်ခမ်းပါး, ခိုင်မာတဲ့မေးရိုး, ပြီးတော့ သူအိပ်နေရင်တောင်မှ အားကောင်းတဲ့ရောင်ဝါတွေနဲ့ဖုံးလွမ်းနေပြီး လူတိုင်းကိုရှိန်နေစေကာ အလွယ်တကူချဉ်းကပ်လို့မရတဲ့ပုံပေါ်နေတယ်။


သူက ထူးချွန်ထက်မြတ်တယ် ဒါပေမယ့် လူကိုလုံခြုံစေတဲ့ ခံစားချက်ကိုလဲ ပေးစွမ်းနိုင်တယ်။


သူမ နှစ်ဘဝနေထိုင်ဖူးသော်လဲ အပြင်လူတွေနဲ့ ထိတွေ့ဆက်ဆံလေ့မရှိပေ။ အတိတ်မှာတုန်းက သူမလက်ထပ်မယ့် အမျိုးသားကို စိတ်ကူးပုံဖော်ကြည့်ဖူးတယ်။ ဒါပေမယ့် ဘယ်လိုပဲသူမတွေးခဲ့ပါစေ အရာအားလုံးက လက်တွေ့မကျတဲ့အတွက် ဘာမှမသေချာခဲ့ဘူး။


ဒါတွေက သူမဒီကိုရောက်လာပြီး ကျိယန် ကိုမတွေ့ခင်အထိပါပဲ။ သူမစိတ်ကူးထဲကအတိုင်း သူကသူမရဲ့ခင်ပွန်းဖြစ်နေပြီး သူကဘ၀အတွက် အားကိုးထိုက်တဲ့သူဖြစ်တယ်။ ဘယ်သူနဲ့မှ သူ့ကို သူမအစားမထိုးနိုင်ဘူး။


သူ က သူမခင်ပွန်းဖြစ်ပြီး သူမတို့က မတူညီတဲ့အချိန်ကာလက ဖြစ်သော်လဲ သူမအတွက် မသာမသာဖြစ်ခြင်းမရှိပေ။ အကြောင်းပြချက်ကို သူမကိုယ်တိုင် မသိပေမယ့်လဲပေါ့။


သူမ  မှာ အချစ်နဲ့ပတ်သတ်ပြီး အတွေ့အကြုံမရှိပေမယ့်လဲ သူမက ဘာကိုမှနားမလည်တဲ့ ငတုံးတစ်ယောက်တော့မဟုတ်ပေ။ ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ပဲ သူမစိတ်ကူးယဉ်ဝတ္ထုတွေ ဖတ်ထားဖူးတဲ့အတွက် ကျိယန် နဲ့ရင်ဆိုင်တွေ့တိုင်း သူမခံစားရတဲ့ ခံစားချက်တွေက ပုံမှန်မဟုတ်ကြောင်း နားလည်ခဲ့တယ်။ ၀န်မခံပေမယ့်လဲ သူမရဲ့နှလုံးသားကို သူမ လိမ်ညာလို့မရပေ။ သူမ ကျိယန်ကို သဘောကျတယ်, သူမရဲ့အမျိုးသားကို သူမတိတ်တခိုး ချစ်နေမိနေပြီဖြစ်တယ်။


သို့သော်လဲ သူ သူမကို မချစ်မှန်းသိပါတယ်။ အနည်းဆုံးတော့ အခုချိန်မှာ သူမကို သူ မမုန်းတော့ဘူးလေ။


ဒါပေမယ့်လဲ ကျိယန်  သူမကိုသဘောကျလာအောင် သူမအနေနဲ့ အလုပ်ကြိုးစားပြီး ဇနီးကောင်းတစ်ယောက် အဖြစ်နေရမယ်။


သူမ တွေးရင်း အချိန်အကြာကြီး သဘတ်နဲ့သုတ်ပေးနေမိတဲ့အတွက် ကျိယန် မျက်လုံးတို့ ဖြေးငြင်းစွာပွင့်လာပြီး သူမကို စိုက်ကြည့်နေတယ်။


သူမလက်တွေ အေးခဲသွားတယ်, ရုတ်တရက် အပြစ်ရှိသလိုခံစားလိုက်ရပြီး


 ‘’ယောကျာ်း... နိုးပြီလား...’’


ကျိယန်က ဘာမှမဖြေပဲ သူမ ကိုဆက်ပြီး စိုက်ကြည့်နေတယ်။


သူမ နှုတ်ခမ်းကိုကိုက်လိုက်မိပြီး, ဖြေးငြင်းစွာနဲ့ ကျိယန်လည်ပင်းကို သဘက်နဲ့သုတ်ပေးနေလိုက်တယ်။ သူမအာရုံစိုက်ပြီးတော့ သူ့မျက်နှာ, လည်ပင်း နဲ့ လက်တွေကို သုတ်ပေးပြီး သဘက်ကို ဘေစင်မှာသွားဆေးလိုက်တယ်။ နောက်တော့ သူ့ခြေအိတ်ကိုဖြေးငြင်းစွာချွတ်ပေးလိုက်ပြီး သတိထားကာ ခြေထောက်ကိုသုတ်ပေးလိုက်တယ်။


ကျိယန်မျက်တောင်ခတ်လိုက်တယ်။ ခဏအကြာမှာပဲ သူ့မျက်လုံးတွေမှိတ်သွားပြီး ပြန်အိပ်ပျော်သွားတော့တယ်


သူမတို့ခြေထောက်တွေက အတော်လေးကိုကွာခြားတာပဲ။ သူ့ ခြေထောက်တွေက သူမခြေထောက်ထက် နှစ်ဆလောက်ကြီးနေပြီး အမာရွတ်တွေအများအပြားကိုတွေ့လိုက်ရတယ်။ အမာရွတ်တွေကို ကြည့်ရုံနဲ့ သေးငယ်တဲ့ဒဏ်ရာတွေရခဲ့တာ မဟုတ်မှန်း ခန့်မှန်းလို့ရတယ်။


သူမ နှလုံးသားထဲမှာ နာကျင်သွားပြီး အမာရွတ်တွေကို ထိတွေ့လိုက်မိတယ်။ သူ့ခြေထောက်က များပြားလှတဲ့အမာရွတ်တွေကို ကြည့်ရင်း ခန္ဓာကိုယ်မှာဆို ဘယ်လောက်တောင် များပြားမလဲဆိုတာ မှန်းဆလိုက်မိတယ်။


တိုင်းပြည်ကို ကာကွယ်ရတာ အရမ်းခက်ခဲမှာပဲ ပြီးတော့ သူ့ကိုယ်ခန္ဓာကလဲ မြင်ရသလောက် မကျန်းမာတာတောင် ဖြစ်နေနိုင်တယ်။ ကြည့်ရတာ သူမ သူ့ခြေထောက်တွေရဲ့ အတွင်းဒဏ်ရာတွေသက်သာစေဖို့ ဆေးဖက်ဝင်တဲ့ရေနဲ့ စိမ်ချိုးသင့်တယ်လို့ထင်တယ်။


တခြားတဖက်မှာတော့ ကျိရှောင်ကျိုး  တစ်ယောက် အမေလုပ်တဲ့သူ သူ့ဒယ်ဒီခြေထောက်ကို ဆေးပေးနေတာကို မျက်လုံးပြူးနဲ့ကြည့်နေတယ်။ သူမက ရတနာကိုသန့်ရှင်းရေးလုပ်ပေးနေသလိုပဲ။ရှောင်ကျိုးမျ က်တောင်ခတ်လိုက်တယ်။ သူစိတ်ရှုပ်သွားပြီး မေးလိုက်တယ် 


“ မာမီ, ဒက်ဒီခြေထောက်တွေက နံနေလား..."’


အသေးလေးရဲ့ အမေးကြောင့် သူမ ခဏလောက်  အံ့ဩသွားပြီး “ဘာလို့ မေးတာလဲ...’’ ဟု ပြုံးပြီးမေးလိုက်တယ်။


ရှောင်ကျိုး က သူ့ခြေထောက်သေးသေးလေးကို မလိုက်ကာ နှာခေါင်းနားကပ်ပြီး အနံ့ခံလိုက်တယ်။ အနံ့မရှိတော့မှ ကျေနပ်သွားပြီး ဖြေလိုက်တယ်


 “ သားဆို သားခြေထောက်တွေနံနေရင် မထိချင်ဘူး, ဆေးပြီးမှပဲထိတာ’’


သူက က အသန့်ကြိုက်တဲ့ကလေးဖြစ်တယ်။ သူ့ခြေထောက်တွေ ညစ်ပတ်နေရင် ထိတွေ့ဖို့ကို ရှောင်တယ်။


ထန်ထန် ပြုံးလိုက်ပြိး 


“ ဒါဆို သားဒယ်ဒီခြေထောက်ကို နံလား မနံလား အနံ့ခံကြည့်လိုက်လေ’’


ဝက်ပေါက်လေး က တုံ့ဆိုင်းသွားတယ်။ အဆုံးမှာတော့ သူ့ဒယ်ဒီရဲ့ခြေထောက်နားကိုကပ်ပြီး အနံ့ခံလိုက်တယ်။ သူက ချက်ချင်းပဲ နှာခေါင်းကိုပိတ်လိုက်ကာ မျက်မှောင်ကြုတ်ပြီး နောက်ဆုတ်လိုက်တယ်။ သူက ထန်ထန့်အား မကျေမနပ်ကြည့်ကာ


 “ မာမီ, ဒယ်ဒီခြေထောက်က နံတယ်’’


‘’ဖူး…’’ 


သူမမထိန်းနိုင်ပဲ ရယ်လိုက်မိတော့တယ်။ ဒီအသေးလေးကတော့ ကိုယ့်အဖေအရင်းကိုတောင် ရွံနေတယ် ကျိယန်သာနိုးနေရင် အသဲကွဲနေတော့မှာပဲ။


ရိုးသားစွာပြောရရင် ကျိယန် ခြေထောက်က သိပ်မနံပေ။ သို့သော်လဲ သူက လေ့ကျင့်ရေးတွေလုပ်ရတဲ့ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် အနံ့ကောင်းမှာမဟုတ်ပေ။ အထူးသဖြင့် ကျိယန်က အထူးတပ်ဖွဲ့မှာဖြစ်တဲ့အတွက် သူတို့မှာ များပြားလှတဲ့ လေ့ကျင့်ရေးတွေရှိတယ်။ သာမာန်လူတစ်ယောက်အနေနဲ့ သူတို့လုပ်ရတဲ့ လေ့ကျင့်ရေးတွေကို စိတ်ကူးနဲ့တောင်ပုံဖော်နိုင်မှာမဟုတ်ဘူး။ သူတို့ရဲ့ခြေထောက်တွေက ချွေးအများအပြားထွက်တယ်။ ဒါကြောင့် သူတို့ခြေထောက်တွေ မနံတာကမှ ပုံမှန်မဟုတ်တာပဲ။


“ ဒယ်ဒီက နေ့တိုင်းချွေးတွေထွက်တဲ့အထိ လေ့ကျင့်ရေးလုပ်ရတယ်။ ဒါကြောင့် သူ့ခြေထောက်တွေနံတာ ပုံမှန်ပဲ၊ သန့်ရှင်းရေးလုပ်လိုက်ရင် မနံတော့ဘူးလေ၊ မာမီက သေသေချာချာ သန့်ရှင်းရေးလုပ်ပေးလိုက်ရင် နံမှာမဟုတ်တော့ဘူး’’


အသေးလေး က သူ့နှာခေါင်းကို လက်နဲ့အုပ်ထားပြီး ပြောလိုက်တယ်


 “မာမီ, ဒယ်ဒီခြေထောက်နံနေတာကို မရှောင်ဘူးလား’’


ထန်ထန် က ဘေစင်မှာ သဘတ်ကိုထပ်သွားဆေးပြီး ကျိယန် ခြေထောက်ကို သန့်ရှင်းရေးဆက်လုပ်ပေးလိုက်တယ်။ သန့်ရှင်းရေးလုပ်ပေးရင်းနဲ့


 “ ဘာလို့လဲဆိုတော့ ဒယ်ဒီက မာမီ့ခင်ပွန်းလေ, ဇနီးတွေက သူတို့ခင်ပွန်းကိုမရှောင်ဖယ်ကြဘူးလေ, ပေါင်ပေါင်ကို မာမီမရှောင်သလိုပဲပေါ့, ပေါင်ပေါင်ခြေထောက်လေးတွေ နံနေရင်တောင် မာမီကထိတွေ့နေဦးမှာပဲလေ မဟုတ်ဘူးလား...’’


ရှောင်ကျိုး က နံနေတဲ့သူ့ခြေထောက်တွေကို ထန်ထန် ဆေးပေးခဲ့တာကို အမှတ်ရသွားတယ်။ သူမာမီကအကောင်းဆုံးပဲဆိုတာ ချက်ချင်းတွေးလိုက်ပြီးတဲ့နောက် သူမ ဆီသို့တွားသွားလိုက်ကာ ဖက်ပြီး အနမ်းပေးလိုက်တယ် 


“ မာမီ, သားမာမီကိုချစ်တယ်’’


သူမနှလုံးသားထဲမှာ ပန်းတွေပွင့်သွားတယ်လို့ ခံစားလိုက်ရပြီး ပောင်ပေ့လေးရဲ့နဖူးလေးကို ပြန်နမ်းလိုက်ကာ


 “ မာမီလဲချစ်ပါတယ် မြန်မြန်လေး  သွားလှဲနေတော့, မာမီပြီးတော့မယ်’’


ရှောင်ကျိုးက  န ခံစွာနဲ့ ခေါင်းငြိမ့်ပြလိုက်ပြီး သူ့နေရာသို့တွားသွားလိုက်တယ်။ သူက စောင်အောက်မှာလှဲချလိုက်ပြီး ကျိယန် လက်ကို နောက်တစ်ခါ ထပ်ကိုင်ထားတယ်။


သူမက  ကိုသန့်ရှင်းပြီး အနံ့မထွက်တဲ့အထိ သဘက်နဲ့ သုတ်ပေးပြီးနောက် ရှောင်ကျိုး ဘေးနားမှာ လှဲနေလိုက်တယ်။ အဓိကမီးကိုပိတ်လိုက်ပြီး ညအိပ်မီးကိုဖွင့်လိုက်တယ်။ 


ဒါဆို ကျိယန်လဲ သက်သောင့်သက်သာနဲ့ အိပ်နိုင်ပြီး အသေးလေးလဲ ညဘက်အိမ်သာသွားမယ်ဆိုရင် ရှင်းရှင်းလင်းရှင်းမြင်နိုင်လိမ့်မယ်။


ထန်ထန် ရဲ့ ပုတ်သိပ်မှုအောက်မှာ အသေးလေးက လျင်မြန်စွာနဲ့ အိပ်မောကျကာ အိမ်မက်ကမ္ဘာထဲသို့ပင် ရောက်ရှိသွားတော့တယ်။ သူမ အတွက်ကတော့, ဒီနေ့က သူမအတွက် အတော်လေးအလုပ်များတဲ့နေ့ဖြစ်တဲ့အတွက် မကြာခင်မှာပဲ အိပ်ပျော်သွားတော့တယ်။ အခန်းတစ်ခုလုံးမှာတော့ အဝါရောင်မီးအလင်းရောင်မှိန်မှိန်လေးက မိသားစုသုံးယောက်လုံးအပေါ် ဖြာကျနေပြီး တိတ်ဆိတ်စွာနဲ့ နွေးထွေးနေတော့တယ်။


- - - - - - - - - - - - - - - - - - - - - - - - -


မနက်ခြောက်နာရီထိုးတိုင်း နိုးနေကျဖြစ်တဲ့ ကျိယန် တစ်ယောက် နိုးလာပါတော့တယ်။ သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီးတဲ့နောက် စိတ်ထဲအနည်းငယ်တုန်လှုပ်သွားတယ်။ မိနစ်အနည်းငယ်ကြာပြီးတဲ့နောက် မနေ့ကအရာအားလုံးကို သူမှတ်မိသွားတော့တယ်။ သူအလွန်အကျွံသောက်ခဲ့မှန်း မှတ်မိတယ်။ ထို့နောက် ကုတင်ပေါ်မှာထိုင်လိုက်တယ်။


သူ့ဘေးနားမှာ အသက်ရှူသံတူညီစွာနဲ့ အိပ်ပျော်နေတဲ့ သားအမိကို ဖြေးငြင်းစွာ လှည့်ကြည့်လိုက်မိတယ်။ 


ရှောင်ကျိုး  ပေါ်မှ သူ့အကြည့်တွေကဖြတ်သန်းသွားပြီး ထန်ထန် မျက်နှာပေါ်မှာ ရပ်တန့်သွားတယ်။ သူအရက်မူးနေချိန်မှာ သူမ လုပ်ပေးခဲ့သမျှ အရာအားလုံးကိုမှတ်မိနေတယ်။ ခန့်မှန်းရခက်တဲ့ အမူအယာတစ်ခု သူ့မျက်နှာမှာ ဖြတ်သန်းသွားတယ်။


သူခေါင်းကိုခဏလောက်ငုံ့ပြီးနေလိုက်တယ်။ ထို့နောက် တိတ်ဆိတ်စွာနဲ့ ထရပ်လိုက်ပြီး ရေချိုးခန်းထဲသို့ဝင်သွားတယ်။ သားအမိနှစ်ယောက်လုံး မနိုးစေရန် ဂရုတစိုက်လုပ်ပြီးနောက် တိတ်ဆိတ်စွာနဲ့ ထွက်ခွာသွားတယ်။ ဒါပေမယ့် သူ မထွက်သွားခင်မှာ ထန်ထန်  ရဲ့ဖုန်းထဲသို့ မက်ဆေ့တစ်စောင်ပို့ထားပြီး အိတ်ထဲမှာ အကြွေး၀ယ်ကတ်တစ်ခု ထားပေးခဲ့တယ်။


- - - - - - - - - - - - -


အဆက်မပြတ်တံခါးခေါက်သံကြောင့် ထန်ထန်နိုးလာတယ်။ သူမမျက်လုံးကိုဖွင့်လိုက်တဲ့အခါမှာ မနက်ကိုးနာရီထိုးခါနီးပြီဖြစ်တယ်။ သူမအထိတ်တလန့်ဖြစ်သွားပြီး ချက်ချင်းပဲမတ်တပ်ရပ်လိုက်တယ်။ ထို့နောက် သူမက မစဉ်းစားပဲ အလောတကြီးနဲ့တံခါးကိုဖွင့်လိုက်တဲ့အခါမှာ တပ်ရင်းမှုးကတော်နဲ့ သူ့သမီးဝမ်ဝမ် ကိုတွေ့လိုက်ရတယ်။


‘’ ထန်ထန် အဆင်သင့်မဖြစ်သေးဘူးလား, ဒီနေ့ တို့တွေ ပရိဘောဂသွားဝယ်ကြမှာမဟုတ်ဘူးလား, နောက်ကျရင် မကောင်းဘူးနော်’’


ထန်ထန် အလျင်အမြန်ပဲ သူမတို့နှစ်ယောက်ကို အခန်းထဲပေးဝင်လိုက်ကာ 


‘’ တောင်းပန်ပါတယ် မရီး, ကျွန်မအိပ်ပျော်သွားတယ်, အခုပဲ သွားပြင်လိုက်မယ် မကြာပါဘူး’’


သူမက အိပ်ယာပေါ်မှာ အိပ်နေဆဲဖြစ်တဲ့ ရှောင်ကျိုး ကိုကြည့်လိုက်ပြီး ကုတင်နားလျောက်သွားကာ 


“ ညီမ အရင်သွားပြီး လုပ်စရာရှိတာတွေလုပ်ထားလိုက်, အစ်မ ကလေး ကိုနှိုးပြီး အ၀တ်အစားကူလဲပေးထားမယ်။ အဲ့လိုဆိုပိုမြန်လိမ့်မယ်’’


ထန်ထန် အားနာမနေတော့ပဲ တပ်ရင်းမှုးကတော်လက်ထဲ ရှောင်ကျိုး  ကို လွှဲထားခဲ့တော့တယ်။ ထို့နောက် သူမက ရေချိုးခန်းထဲသို့ဝင်ကာ ပစ္စည်းများကို ထုတ်ပိုးလိုက်တော့တယ်။ အားလုံးပြီးသွားတဲ့အခါမှာတော့ အသေးလေး လဲ အဆင်သင့်ဖြစ်နေပြီ ဖြစ်တယ်။ တစ်ဖွဲ့လုံးအလျင်အမြန်နဲ့ အောက်ကိုဆင်းပြီး ကားပေါ်တက်ကာ မြို့ထဲသို့သွားတော့တယ်။


စခန်းမှ မြို့ထဲသို့ နှစ်နာရီလောက်မောင်းရပြီး ခရီးလမ်းမှာတော့သူမ ကျိယန် ဆီမှပို့ထားတဲ့ message ကိုတွေ့လိုက်တယ်။ ထို့နောက်အိတ်ထဲမှ ကြွေး၀ယ်ကတ်ကိုဆွဲထုတ်လိုက်ပြီး သတိမထားမိစွာနဲ့ သူမနှုတ်ခမ်းထောင့်တွေ အပေါ်ကိုကော့တက်သွားတယ်။


သူမတို့မြို့ကိုရောက်တဲ့အချိန်မှာ တပ်ရင်းမှုးကတော်က ပရိဘောဂဆိုင်သို့ တိုက်ရိုက်ပဲ ထန်ထန် ကို ဦးဆောင်ခေါ်သွားပြီး သူမစိတ်ကြိုက်ရွေးစေတယ်။


တိုက်ခန်းမှာ အချိန်အတော်ကြာနေရမှာဖြစ်တဲ့အတွက် ထန်ထန် က ကြုံရာအလွယ်တကူမရွေးချယ်ပေ။ နွေးထွေးပြီး နေချင်စဖွယ်ကောင်းတဲ့ အိမ်လေးဖြစ်စေရန် အရာအားလုံးကို သေချာရွေးဖို့လိုတယ်။ ဒါကြောင့် သူမတို့မပြောင်းရွေ့ခင်ကတည်းက ကျီယွဲ့ဆီမှအကြံတချို့ကို မေးပြီးဖြစ်တယ်။


 ကျီယွဲ့ကလဲ အိမ်အလှဆင်ထားတဲ့ပုံတွေ အမြောက်အမြား သူမဆီပို့ပေးခဲ့တဲ့အတွက်  အချိန်တချို့ပေးပြီး လေ့လာပြီးဖြစ်တယ်။ ဒါကြောင့်သူမတို့အိမ်အသစ်လေးအတွက် အကြံတချို့ရှိပြီးသားဖြစ်တယ်။ ပရိဘောဂရွေးဝယ်တဲ့ လုပ်ငန်းစဉ်က အရာအားလုံးချောမွေ့နေတယ်။ ထို့အပြင် ဆိုင်က delivery ပါပို့ပေးသေးတဲ့အတွက် သူမပျော်ရွှင်နေတယ်။ ဒါပေမယ့်လဲ သူမ၀ယ်တဲ့အရာများအတွက် ငွေပေးချေတဲ့အချိန်မှာတော့ ယွမ်ငါးသောင်းကိုတစ်ကြိမ်တည်း အသုံးပြုလိုက်ရပြီး သူမနှလုံးသားတွေ နာကျင်နေတော့တယ်။


ပရိဘောဂနဲ့ အသုံးဆောင်ပစည်းတွေ ၀ယ်ပြီးတဲ့နောက် သူမတို့တွေ ပန်ကန်လုံး ဒယ်အိုး စတာတွေနဲ့ တခြား နေ့စဉ်သုံး လိုအပ်တာတွေဝယ်ဖို့အတွက် ငွေပမာဏ တော်တော်များများကိုသုံးလိုက်ရတယ်။ ထန်ထန့် မျက်နှာပေါ်မှ နာကျင်မှုအမူအယာတွေက ပိုမိုလေးနက်လာတယ်။


သူမအမူအယာကိုကြည့်ပြီး တပ်ရင်းမှုးကတော်က ပြုံးလျက် 


“ ပရိဘောဂတွေဝယ်တာက ဒီလိုပါပဲ, ရှင်၀ယ်တာတွေအားလုံးက စျေးအနေတော်ပါပဲ, သိပ်ပြီးနှမြောမနေပါနဲ့’’


သူမက နှမြောတဲ့လေသံနဲ့


 “ မရီး ကျိယန် ရဲ့စစ်သားလစာက သိပ်မများဘူးလေ, ပိုက်ဆံအများကြီးကို တပြိုင်တည်းသုံးလိုက်ရတော့ ကျွန်မ ရင်တွေနာလို့ပါ’’


တပ်ရင်းမှုးကတော်က နားလည်စွာနဲ့ သူမကိုနှစ်သိမ့်ပေးနေတယ် 


“ အဲ့ဒါအမှန်ပဲ, သူတို့အလုပ်က ပင်ပန်းပြီး လစာအများကြီးမရကြဘူး, အစ်မတို့တွေ စာနာပြီး တတ်နိုင်သလောက် ငွေသုံးတာကို စီစစ်သင့်တယ်လေ’’


ထန်ထန် လေးနက်စွာ သဘောတူလိုက်တယ်။


သူမတို့ပြောနေတဲ့စကားတွေကို နားထောင်နေတဲ့ ဝမ်ဝမ် သက်ပြင်းချလိုက်တယ်။ သူမအမေအကျီကိုဆွဲလိုက်ပြီး


 ‘’ ဒီစကားတွေက သမီးကိုပြောနေတယ်လို့ ဘာလို့ခံစားမိနေတာလဲ...အမေ သမီးအတွက်အဝတ်အစားတွေ မ၀ယ်ပေးပဲ အပြင်ထွက်လာတာတော့ မဟုတ်ပါဘူးနော်လုပ် အဲ့လိုမရဘူးနော်. အမေ ကတိပေးထားပြီးသား’’


တပ်ရင်းမှုးကတော်က စိတ်တိုသွားကာ သူမနှဖူးကိုလက်နဲ့လှမ်းပုတ်လိုက်တယ် 


“ ဒီကလေးမကတော့, နင့်အတွက် မ၀ယ်ပေးဘူးလို့ ဘယ်သူကပြောနေလို့လဲ...’’


ဝမ်ဝမ် ပျော်ရွှင်စွာနဲ့ပြုံးလိုက်ပြီး သူမအမေလက်ကိုဆွဲကာ အ၀တ်အစားဆိုင်ဆီသို့ ဦးတည်သွားလိုက်တယ်


 “ အဲ့ဒါဆို အကျီတွေ သွား၀ယ်ရအောင်’’


ထန်ထန် လဲ ရှောင်ကျိုး လက်ကိုဆွဲကာ သူမတို့အနောက်မှနေ၍ အကျီဆိုင်ထဲသို့ လိုက်၀င်သွားတယ်။


ဒါက သူမ အနေနဲ့ ပထမဆုံးအကြိမ် အ၀တ်အစားဆိုင်ထဲ ၀င်ဖူးခြင်းပဲဖြစ်တယ်။ သူမ၀တ်သမျှအဝတ်အားလုံးက မူလပိုင်ရှင်ဝယ်ထားခဲ့တာတွေပဲဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့အဝတ်အစားတွေက ထင်ရှားပေါ်လွင်နေတဲ့အတွက် ထန်ထန်မ၀တ်ချင်ပေ။ ထို့ကြောင့် သူမက အ၀တ်ဗီဒိုထဲမှာ ဘောင်းဘီရှည်နဲ့အကျီလက်ရှည်ကိုတွေ့ခဲ့ပြီး ဒီအ၀တ်အစားကိုပဲ မကြာခဏ၀တ်ခဲ့တာဖြစ်တယ်။


 ပြီးတော့ စတိုးဆိုင်ထဲ ၀င်ခဲ့ပေမယ့်လဲ သူမအနေနဲ့ အ၀တ်အစားဝယ်ဖို့ အစီအစဉ်မရှိပေ။ ထို့ကြောင့်  သူမနဲ့ ရှောင်ကျိုး နှစ်ယောက်သား ဆိုင်ထဲမှ ဆိုဖာပေါ်မှာ ထိုင်ရင်း တပ်ရင်းမှုးကတော်နဲ့ ဝမ်ဝမ်တို့ စျေးဝယ်တာကို စောင့်နေလိုက်တယ်။