အပိုင်း (၂၈)
Viewers 12k

Part 28


အ၀တ်အစားများ အဆက်မပြတ် ရွေးချယ်နေတဲ့ ဝမ်ဝမ် ကို ကျိရှောင်ကျိုး ကြည့်နေပြီးနောက် သူက ဆိုဖာမှာ ထိုင်နေတဲ့ ထန်ထန် နဲ့နှိုင်းယှဉ်ကြည့်လိုက်တယ်။ သူက ထန်ထန့် လက်ကိုဆွဲပြီး မေးလိုက်တယ်


 “မာမီ, အကျီနည်းနည်းပါးပါး မ၀ယ်တော့ဘူးလား...’’


ထန်ထန် က ခေါင်းကိုယမ်းလိုက်ပြီး


 “ မာမီ, မလိုဘူးလေ, မာမီဆီမှာ အကျီတွေရှိပြီးသား’’


အသေးလေး က ပဟေဠိဖြစ်စွာနဲ့ မျက်မှောင်ကြုတ်လိုက်ပြီး


 “ ဒါပေမယ့် မာမီရှောပင်းထွက်တာ သားမတွေ့မိပါဘူး, မိန်းကလေးတွေက အဝတ်အစားဝယ်တာ သဘောကျကြတယ်မဟုတ်ဘူးလား...မာမီက ဘာလို့မဝယ်တာလဲ...’’


မိန်းကလေးတွေက ပုံမှန်အားဖြင့် အဝတ်အစား၀ယ်ရတာ သဘောကျတယ်ဆိုတာ အသေးလေး နားလည်မယ်လို့ သူမ မထင်ထားမိဘူး။ ဒါတွေကို သူဘယ်ကကြားပြီး သိလဲဆိုတာ သူမ မသိဘူး။ အဆုံးမှာတော့ သူမက ပြုံးလျက် ခေါင်းယမ်းကာ


 “ မိန်းကလေးအားလုံးမဟုတ်ဘူး, မာမီက မကြိုက်ဘူးလေ’’


ရှောင်ကျိုးက သံသယမျက်လုံးတွေနဲ့ သူမအားကြည့်နေပြီး ပရိဘောဂ၀ယ်တုန်းက သူမရဲ့အမူအယာကို သတိရသွားတယ်။ သူက ခေါင်းကိုယမ်းလိုက်ပြီး


 ‘’ မဟုတ်သေးပါဘူး, အဲ့ဒါမမှန်ဘူး, မာမီ လိမ်နေတာပါ, မာမီ ရှောပင်းထွက်ရတာ ကြိုက်တယ်မဟုတ်လား... ပိုက်ဆံကုန်မှာစိုးလို့ မကြိုက်တာ မဟုတ်လား..."


အသေးလေးက သူမရဲ့အကြောင်းပြချက်ကို သိလောက်တဲ့အထိ ထက်မြက်လိမ့်မယ်လို့ သူမ မထင်ထားမိဘူး။သူမ  စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြလိုက်တယ်


 “ မာမီဆီမှာ တခြားအကျီတွေ ရှိနေသေးတာက တစ်ပိုင်း, ပိုက်ဆံချွေတာက နောက်တပိုင်းပေါ့, မာမီက အလုပ်မရှိဘူးလေ ဒါကြောင့် မာမီတို့သားအမိတွေက ဒက်ဒီကြိုးစားပြီး ရှာထားတဲ့ပိုက်ဆံတွေကို မှီခိုနေရတယ်, ပြီးတော့ ဒက်ဒီအလုပ်က ပိုက်ဆံရှာရတာ အရမ်းပင်ပန်းတယ် ဒါကြောင့် မလိုအပ်တဲ့နေရာမှာ မာမီတို့က ပိုက်ဆံမဖြုန်းသင့်ဘူးလေ...’’


သူမဆိုလိုတဲ့အဓိပါယ်အားလုံးကို သူနားမလည်သော်လဲ အနာဂါတ်မှာ သူ့မိသားစု ငွေကြေးချောင်လည်စေဖို့အတွက် အစားကိုလျော့စားသင့်တယ်လို့ တွေးမိကာ ခေါင်းငြိမ့်လိုက်တယ်။ 


အဲ့အချိန်မှာပဲ, အဖြူရောင်အကျီဝတ်ထားတဲ့ ဝမ်ဝမ် က အ၀တ်လဲခန်းထဲမှထွက်လာတယ်။ သူမက နှစ်ပတ်လောက်လှည့်လိုက်ပြီး မေးလိုက်တယ်


 “ အစ်မ ထန်ထန် ဘယ်လိုထင်လဲ... ဒါကြည့်ကောင်းရဲ့လား..."


ထန်ထန်ဂရုတစိုက်နဲ့ သူမကိုကြည့်လိုက်တယ်။ သူမတို့တွေက မတူညီတဲ့အချိန်ကာလနဲ့ မတူညီတဲ့ဝတ်စားပုံတွေကြားထဲ ကြီးပြင်းလာပေမယ့်လဲ ဒီအ၀တ်အစားတွေက လှပတယ်လို့  တွေးမိတယ်။ သူမက ဝမ်ဝမ် ကို လက်မထောင်ပြလိုက်ပြီး


 “ အရမ်းလှတယ်, ဒါလေးက ညီမလေးနဲ့ကွက်တိပဲ’’


‘’တကယ်လား... ညီမလဲ အဲ့လိုပဲထင်တယ်, ဒါဆို ဒါပဲယူလိုက်တော့မယ်...’’


 ဝမ်ဝမ် က သူမအနောက်မှာရှိနေတဲ့ အရောင်းစာရေး မိန်းကလေးကိုအကျီပေးပြီး ကောင်တာကိုယူသွားစေတယ်။ တချိန်လုံးထိုင်ပြီးစောင့်နေတဲ့ ထန်ထန် ကို သူမ သတိထားမိသွားပြီး


 “ အစ်မ ဘာလို့ အကျီတွေစမ်းမဝတ်ကြည့်တာလဲ...ညီမတို့ မြို့ထဲရောက်နေမှတော့ နည်းနည်းပါးပါး ၀ယ်ပါလား...’’


ရိုးသားစွာပြောရရင် ထန်ထန် ရဲ့အဝတ်အစားတွေက သူမနဲ့မသင့်တော်ဘူးလို့ ဝမ်ဝမ်ထင်မိတယ်။ ထန်ထန် က ငယ်ရွယ်သေးတယ် ဒါပေမယ့် သူမက သက်လတ်ပိုင်းအမျိုးသမီးတွေလို ၀တ်စားလေ့ရှိတယ်။


 ထန်ထန် က ဒီအ၀တ်အစားတွေနဲ့ မလိုက်ဖက်ပါဘူး။ ရှောင်ကျိုးရဲ့ဒက်ဒီက ဒီလောက်ထိကြည့်ကောင်းနေတာကို သူမအနေနဲ့ ကြည့်ကောင်းတာလေးတွေ ၀တ်သင့်တယ်လို့ ဝမ်ဝမ်တွေးမိတယ်။ ဒီအဝတ်အစားတွေနဲ့ ထန်ထန် ကို အသေးလေး ဒယ်ဒီက သဘောမကျဘူးဆိုရင် ဘယ်လိုလုပ်မလဲ...


ထန်ထန် က ခပ်ဖျော့ဖျော့ပြုံးရင်းနဲ့ ခေါင်းယမ်းလိုက်ကာ


 “ အစ်မ မ၀ယ်တော့ပါဘူး, အစ်မဆီမှာ အကျီတွေရှိပါသေးတယ်’’


ဝမ်ဝမ်က တုံ့ပြန်တဲ့အနေနဲ့ သူမမျက်လုံးတွေကို လှည့်လိုက်ပြီး ထန်ထန်အနားသို့တိုးကပ်ကာ လေသံတိုးနဲ့ပြောလိုက်တယ် 


“ အစ်မ... အစ်မ ရှောင်ကျိုး ဒယ်ဒီကို တကယ်သဘောကျတယ်မဟုတ်လား...’’


ထန်ထန် စိတ်ထဲဗလာကျင်းသွားတယ်။ သူမက ခြောက်သွေ့တဲ့အကြည့်တွေနဲ့ ဝမ်ဝမ် ကိုကြည့်ပြီးဖြေလိုက်တယ် 


“ဝမ်ဝမ် နင်…နင်… ဘာတွေပြောလိုက်တာလဲ?’’


ဝမ်ဝမ်ရယ်လိုက်ပြီး ထန်ထန့်ပုခုံးကို  သိုင်းဖက်လိုက်ကာ 


“ မငြင်းပါနဲ့, အစ်မ ရှောင်ကျိုးဒယ်ဒီကို ကြည့်တဲ့အကြည့်တွေ ညီမမြင်ပြီးပါပြီ, ညီမက မျက်စိလျင်တဲ့သူပါနော်, အစ်မ သူ့ကိုကြည့်တဲ့အကြည့်တွေက နူးညံ့ပြီး စမ်းရေတွေစီးဆင်းနေသလိုပဲ, ဒီလောက် နူးညံ့တဲ့အကြည့်နဲ့ ကြည့်တဲ့အမျိုးသမီးမျိုး ညီမ မမြင်ဖူးဘူး...’’


သူမက အဲ့လောက်တောင် သိသာနေတာလား ထန်ထန် မတတ်သာစွာနဲ့ပဲ သူမမျက်လုံးတွေကို ထိလိုက်မိပြီး မျက်နှာက နီရဲလာကာ ဘာစကားမှ မပြောနိုင်တော့ဘူး။


ရ “ အာယာ, အဲ့လောက်ရှက်ဖို့မလိုပါဘူး၊ အစ်မတို့က လင်မယားတွေပဲ, အစ်မ အနေနဲ့ ကိုယ့်ခင်ပွန်းကို သဘောကျတာ ပုံမှန်ပဲကို, အစ်မသူ့ကို သဘောမကျတာကမှသာ ပုံမှန်မဟုတ်တာ’’


သူမတို့ရဲ့ လင်မယားဆက်ဆံရေးအကြောင်း ဝမ်ဝမ် အား ရှင်းပြရန်နည်းလမ်း မရှိတော့တဲ့အတွက် သူမ တိတ်ဆိတ်သွားတော့တယ်။


ဝမ်ဝမ် က တခြားခေါင်းစဉ်တစ်ခုနဲ့ သူမရဲ့အတွေးတွေကို နှောက်ယှက်လိုက်တယ်


 “ ဒါပေမယ့် ရှောင်ကျိုး  ဒယ်ဒီက အရမ်းကို ထူးချွန်နေတော့ သူ့ဇနီးအနေနဲ့ ပုံစံဆိုးဆိုးတွေ ဖြစ်လို့မရဘူးလေ, မဟုတ်ရင် အစ်မတို့နှစ်ယောက် မလိုက်ဖက်ဘူးလို့ တခြားသူတွေ တွေးကြလိမ့်မယ်။ ပြီး‌တော့ ယောကျာ်းတွေဆိုတာ အမြင်အာရုံပေါ်မှာလဲ မူတည်သေးတယ်လေ။ ယောကျာ်းတစ်ယောက်ကို ထိန်းသိမ်းထားချင်တယ်ဆိုရင် အစ်မအနေနဲ့လဲ လှပနေမှဖြစ်မယ်။ မဟုတ်ရင် သူတို့တွေက မကြာခင်မှာပဲ အစ်မကို သဘောမကျဖြစ်သွားလိမ့်မယ်။ အဲ့ဒါကြောင့် အမျိုးသမီးတွေအတွက် အလှအပက အရေးကြီးတယ်’’


ဝမ်ဝမ် ရဲ့စကားတွေကို ထန်ထန် သဘောတူတယ်။ ဒါကြောင့် သူမအတွေးတွေကိုပြောလိုက်တယ်


 “ ညီမလေးပြောတာကို အစ်မသဘောတူတယ်, ဒါပေမယ့်လဲ နဂိုကတည်းကမလှပတဲ့ အစ်မလိုလူက ရှောင်ကျိုး ဒယ်ဒီနဲ့ မသင့်တော်ဘူးဆိုတာ အစ်မသိပါတယ်’’


ဒီအဖြေကိုကြားတဲ့ ဝမ်ဝမ် တစ်ယောက် သွေးအန်မတတ်ဖြစ်သွားတယ်။သူမ သက်ပြင်းချလိုက်ပြီး ထန်ထန့် ကိုကြည့်လိုက်တယ် 


“ အစ်မ...အစ်မအရပ်က ညီမအရပ် 167 cm(5'6") နဲ့သိပ်မကွာဘူး, ဒါပေမယ့် အလေးချိန်ကျတော့ ညီမတစ်ဝက်တောင် မရှိလောက်ဘူး’’


သူမ ကိုယ်အလေးချိန်ကို လှောင်ပြောင်ခံရသလို ခံစားလိုက်ရပြီး


 ‘’ ဘယ်လိုပြောလိုက်တာလဲ, အစ်မက 39 kg ရှိပါတယ်နော်’’


‘’ ဘုရားရေ... ‘’


 ဝမ်ဝမ် အရမ်းအံ့ဩသွားပြီး 


“ ညီမတို့က အရပ်အတူတူပဲ ဒါပေမယ့် ညီမက 55 kg (၁၂၁ပေါင် )ရှိတယ် အစ်မက 39 kg ပဲလား, အစ်မအသက်ကြီးလာဖို့ ဆန်ပဲစားခဲ့တာလား...’’


ထန်ထန် မှားယွင်းသွားသလို ခံစားလိုက်ရတယ်


 “ ဒါပေမယ့် ဝိတ်တက်ဖို့ အစ်မ အကောင်းဆုံးကြိုးစားခဲ့တာပဲလေ’’


ဝမ်ဝမ် က အလေးအနက်နဲ့ သူမကိုပြောလိုက်တယ် 


“ အမှန်အတိုင်းပြောရရင် အစ်မကို ရုပ်ဆိုးတယ်လို့မထင်ပါဘူး, ဒါပေမယ့် အစ်မက အရမ်းပိန်လွန်းတယ်, ပြီးတော့ အသားအရည်ကလဲမကောင်းဘူး, ဒါကြောင့် အစ်မ ကြည့်မကောင်းတာနေမယ်, ဒါပေမယ့် ဒါတွေအားလုံးက ပြောင်းလဲလို့ရပါတယ်’’


ဝမ်ဝမ် ရဲ့စကားတွေကို နားထောင်ရင်း သူမ အနည်းငယ် နေလို့ကောင်းသွားတယ်လို့ ခံစားလိုက်ရတယ်။


‘’ဒါတွေအားလုံးအတွက် အချိန်ပဲလိုတာ, ရလဒ်ကတော့ ချက်ချင်းမပြဘူးပေါ့, ဒါပေမယ့် ချက်ချင်းပြင်လို့ရတာကတော့ အ၀တ်အစား စတိုင်ပဲအစ်မ, အ၀တ်အစားဆိုတာ မိန်းကလေးတွေအတွက် အရမ်းအရေးကြီးတယ်၊ လူတွေက တူညီတဲ့အကျီတွေဝတ်ပေမယ့်လဲ ခံစားချက်တွေကတော့ ကွာခြားသွားတယ်, အ၀တ်အစားတွေက အစ်မရဲ့ပုံစံကို ပြောင်းလဲပေးနိုင်တယ်။ အစ်မ ရယ်, အခုအစ်မဝတ်ထားတာကိုကြည့်ပါဦး, ရုပ်ဆိုးမနေဘူးလား, ဒီလိုပုံနဲ့ အမျိုးသားကို ဘယ်လိုဆွဲဆောင်မလဲ...’’


‘’ဒါတွေက တကယ်ပဲကြည့်ရဆိုးနေလို့လား...’’ 


ထန်ထန် က သူမအကျီတွေကို ကြည့်ပြီး မသေချာစွာနဲ့ မေးလိုက်တယ်။


ဝမ်ဝမ် က ပိုသေချာစေရန် ခေါင်းငြိမ့်ပြလိုက်တယ် 


“ တကယ်ကို ကြည့်ရဆိုးတာပေါ့, ဒါကြောင့် အစ်မအနေနဲ့ အ၀တ်အစားပုံစံကို ပြောင်းရမယ်, မဟုတ်ရင် ရှောင်ကျိုး အဖေရဲ့ နှလုံးသားကို ဘယ်လိုထိန်းချုပ်နိုင်မှာလဲလို့, ပြီးတော့ တခြားသူတွေနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ... အစ်မ ဘယ်လိုထင်လဲ...’’


ဝမ်ဝမ် ရဲ့စကားတွေက ထန်ထန့် ကို တုံ့ဆိုင်းနေစေတယ်။ သူမရဲ့အဝတ်အစားပုံစံကို ပြောင်းလဲသင့်ပြီလား... ဒါတွေကကော သူမအတွက် ကောင်းတဲ့ရလဒ်တွေ ရလာနိုင်ပါ့မလား...


‘’ဒါဆို…အစ်မသွားပြီး ကြည့်လိုက်တော့မယ်’’


ထန်ထန် ကိုအောင်မြင်စွာ စည်းရုံးပြီးတဲ့နောက် ဝမ်ဝမ် က လက်ခုပ်တီးလိုက်ကာ ချက်ချင်းပဲ သူမလက်ကိုဆွဲပြီး အ၀တ်အစားတွေကို ရွေးပေးလိုက်တယ်။


သူ့မာမီ အ၀တ်အစားဝယ်ဖို့ စိတ်အားထက်သန်တာကို မြင်တွေ့လိုက်ရတဲ့ ကျိရှောင်ကျိုး  က လဲ သူ့မာမီအတွက် အကျီတစ်ချို့ကို စတင်ပြီး ကူရွေးပေးတော့တယ်။


ဝမ်ဝမ် က ဒူးအထိရှည်တဲ့ အဖြူရောင်ဂါဝန်ကိုရွေးပေးလိုက်တယ်။ ဒီလိုဂါဝန်က ခပ်လျော့လျော့သာ ၀တ်ဆင်ရတဲ့အတွက် ပိန်တဲ့သူတွေဝတ်ရင်တောင် ကြည့်ကောင်းနေမှာဖြစ်တယ်။ ဒီ၀တ်စုံက ထန်ထန် နဲ့သင့်တော်တယ်လို့ သူမယူဆလိုက်ပြီး စမ်း၀တ်ကြည့်ရန် တောင်းဆိုလိုက်တယ်။


ထန်ထန် က ဒီအ၀တ်အစားက ထင်ရှားလွန်းတယ်လို့ ယူဆလိုက်မိတယ်။ ဒီ၀တ်စုံက သူမရဲ့ခြေထောက်နဲ့ လက်မောင်းတဝက်ခန့်ကို ဖော်ပြထားမှာဖြစ်တယ်။ မူလက သူမငြင်းဖို့စဉ်းစားပေမယ့်လဲ ဒီခေတ်မှာ အမျိုးသမီးတွေက ဒါမျိုးဝတ်နေကျဆိုတာကို သတိထားမိသွားတယ်။ ဒါကြောင့် ဒီလိုအဝတ်အစားတွေ မ၀တ်ဘူးဆိုရင် ပေါင်ပေါင်ဒက်ဒီက သူမကိုရုပ်ဆိုးတယ်လို့ ထင်သွားမလား။ ဒါမှမဟုတ် ခေတ်ရေစီးကြောင်းအတိုင်း လိုက်သွားသင့်သလား။


နောက်ဆုံးမှာတော့ သူမက အံကိုတင်းတင်းကြိတ်ကာ အ၀တ်အစားများကို လဲ၀တ်ကြည့်ရန် အ၀တ်လဲခန်းထဲသို့ ၀င်လိုက်တယ်။ အချိန်အတော်ကြာပြီးတဲ့နောက် သူမအခန်းထဲက ပြန်ထွက်လာတယ်။


ဝမ်ဝမ် သူမကိုကြည့်ပြီး လက်မထောင်ပြကာ 


“  ဒီ၀တ်စုံက အစ်မနဲ့လိုက်တယ်။ အရင်လောက်ပိန်တယ်လို့ မထင်ရတော့ဘူး ပြီးတော့ အစ်မပြောင်းလဲသွားတယ်လို့လဲ ခံစားရတယ်။ အစ်မနဲ့ တကယ်ပဲကြည့်ကောင်းတာ ‘’


တပ်ရင်းမှုးကတော်လဲ ခေါင်းငြိမ့်လိုက်ပြီး


 “ မဆိုးဘူး, မဆိုးဘူး, တခြားလူတစ်ယောက်လိုပဲ ပြောင်းလဲသွားတယ်’’


ကျိရှောင်ကျိုး က သူ့မေးကိုလက်လေးနဲ့ထောက်ရင်း အချိန်ယူကာ သူမကို ပတ်ပတ်လည်ကြည့်လိုက်တယ် ထို့နောက် ကျေနပ်တဲ့လေသံနဲ့


 “ မာမီ , ဒီတစ်ထည်နဲ့ ကြည့်ကောင်းတယ်’’


အားလုံးက ကြည့်ကောင်းတယ်ပြောနေတဲ့အတွက် နောက်ဆုံးမှာတော့ ထန်ထန် မှန်ရှေ့မှာ ရပ်ရဲတော့တယ်။ သူမက တခြားတစ်ယောက်လိုဖြစ်နေပြီး သူမမျက်နှာပေါ်က အမာရွတ်တွေ ဒဏ်ရာတွေကလဲ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့အတွက် သူမအသွင်အပြင်က အရင်ကလောက် ကြောက်ဖို့မကောင်းတော့ပေ။ အဖြူရောင်ဝတ်စုံက သူမအသားအရည်ပေါ်မှာ အရောင်ဟပ်နေပြီး ဝမ်ဝမ် ပြောတဲ့အတိုင်းပင် သူမအရင်လို ပိန်လှီနေတဲ့ပုံမပေါက်တော့ပေ။ 


ဒီအချက်ကိုတွေးရင်း ဒီ၀တ်စုံက မဆိုးဘူးလို့ သူမ တွေးလိုက်မိတယ်။


ကံမကောင်းစွာနဲ့ပဲ သူမတို့ ၀တ်စုံစျေးကိုမေးကြည့်လိုက်တဲ့အခါ ယွမ် ၈၀၀ ကျသင့်မှာဖြစ်တယ်။ စျေးနှုန်းက သူမကိုအလွန်တရာကြောက်လန့်စေပြီး ချက်ချင်းပဲ ဒီ၀တ်စုံကို မလိုချင်တော့ပေ။ ဒါက အရမ်းစျေးကြီးတာပဲ။


ဝမ်ဝမ်နဲ့ တပ်ရင်းမှုးကတော် ဘယ်လောက်ပဲ သူမကိုဝယ်အောင်ပြောနေပါစေ သူမ မ၀ယ်ချင်တော့ပေ။ တိုက်တွန်းလို့မရတော့တဲ့အဆုံး သူတို့အားလုံး သူမကိုလက်လျော့လိုက်တော့တယ်။


 ဒါပေမယ့်လဲ ဝမ်ဝမ်က ရေရွတ်နေတုန်းပဲဖြစ်တယ်


 “ အမှန်အတိုင်းပြောရရင်, ယွမ် ၈၀၀ က အဲ့လောက်လဲ စျေးမများပါဘူး အစ်မ  ရယ်, တခါတလေမှ အကျီနည်းနည်းပါးပါးဝယ်တာပဲကို, ဘာလို့များကိုယ့်ကိုယ်ကိုယ် မဆင်ရတာလဲ, ကိုယ်နဲ့လိုက်တဲ့ အ၀တ်အစားဆိုတာ ရှာရခက်တယ်...’’


ထန်ထန် ပြုံးလိုက်ကာ 


“ အစ်မသိပါတယ်, အစ်မလဲ အဲ့၀တ်စုံကိုကြိုက်ပါတယ်၊ ဒါပေမယ့်လဲ အရမ်းစျေးကြီးလွန်းတယ်လေ, ဒါကြောင့် အိမ်ရောက်တဲ့အခါကျရင် အစ်မဘာသာ လိုအပ်တဲ့ပစ္စည်းလေးတွေနဲ့ ဒီပုံအတိုင်း ၀တ်စုံတစ်ထည်လောက် လုပ်လို့ရပါတယ်၊ ဒီလိုဆိုရင် ယွမ် ၁၀၀ တောင် မကုန်တော့ဘူးလေ’’


ဝမ်ဝမ် မျက်လုံးတွေ ကျယ်သွားပြီး မယုံနိုင်တဲ့ လေသံနဲ့မေးလိုက်တယ် 


“ အစ်မ ထန်ထန် ကိုယ့်ဘာသာ ချုပ်တတ်တယ်လို့ပြောလိုက်တာလား... ပြီးတော့ ဒီပုံစံအတိုင်းလား...’’


ထန်ထန် ကခေါင်းငြိမ့်ပြလိုက်ပြီး 


“ အဲ့၀တ်စုံဘယ်လိုချုပ်ထားလဲဆိုတာ အစ်မသေချာကြည့်ပြီးပြီ, အဲ့လောက်လဲမခက်ပါဘူး, အစ်မဆီမှာသာ လိုအပ်တဲ့ပစ္စည်းတွေရှိရင် တစ်ရက်တည်းနဲ့ အပြီးချုပ်နိုင်တယ်။ အဲ့ဒါက ဒီပုံနဲ့လုံး၀အတူတူပဲဖြစ်ရမယ်’’


ဒီအပိုင်းမှာတော့ သူမလုံး၀ ယုံကြည်မှုရှိတယ် , ချုပ်လုပ်ခြင်းအတတ်ပညာက သူမအထူးကျွမ်းကျင်တာပဲဖြစ်တယ်။


တပ်ရင်းမှုးကတော်လဲ အလန့်တကြားဖြစ်သွားပြီး မေးလိုက်တယ်


 “ ထန်ထန် အကျီချုပ်နည်းတွေပါ သိနေတာလား, ဘယ်မှာသင်ခဲ့တာလဲ...’’


ဒီပညာရပ်တွေက သူမငယ်စဉ်ကတည်းက သင်ခဲ့တာလို့ မပြောရဲပေ။ ဒါကြောင့် မူလခန္ဓာကိုယ်ပိုင်ရှင် ရဲ့ အတွေ့အကြုံကိုသာ ယူသုံးလိုက်တယ်


 “ ကျွန်မက ဖက်ရှင်ဒီဇိုင်း မေဂျာနဲ့ ဘွဲ့ရထားတာလေ’’


တပ်ရင်းမှုးကတော်နဲ့ဝမ်ဝမ်နှစ်ယောက်လုံး ချက်ချင်းပဲ နားလည်သွားကြတယ် ။ ဖက်ရှင်ဒီဇိုင်းနဲ့ ဘွဲ့ရထားမှတော့ ဒါတွေသိနေတာ မအံ့ဩတော့ပါဘူး။


‘’ ဒီအတိုင်းပုံစံတူချုပ်မယ်ဆို ပိုက်ဆံအများကြီးသက်သာသွားမှာပေါ့’’ 


တပ်ရင်းမှုးကတော်က ပျော်ရွှင်စွာနဲ့ပြောလိုက်တယ်။


‘’အဲ့ဒါတော့ဟုတ်တယ်, ချွေတာပြီးသားဖြစ်သွားတာပေါ့’’


 ထန်ထန်က ပျော်ရွှင်စွာနဲ့မေးလိုက်တယ်


 “ မရီး, လိုအပ်တဲ့ပစ္စည်းတွေ ဘယ်မှာဝယ်လို့ရလဲ အစ်မသိလား ကျွန်မကို ခေါ်သွားပေးလို့ရမလား...’’


တပ်ရင်းမှုးကတော်က ချက်ချင်းပဲ လမ်းပြလိုက်တယ်။ အဲ့ဒီစတိုးဆိုင်မှာ လိုအပ်တဲ့အပစ္စည်းတွေအကုန်ရှိနေတော့  သူမလိုအပ်တာတွေကို ယူလိုက်တယ်။ သူမ ၀တ်စုံအတွက်လိုအပ်တဲ့ ပစ္စည်းတွေဝယ်ပြီးတဲ့နောက် ဂျင်းသားနဲ့ ပိတ်စတစ်ချို့ကိုပါဝယ်လိုက်တယ်။ 


သူမဝယ်လိုက်တဲ့ ပိတ်စတွေကိုကြည့်ပြီး တပ်ရင်းမှုးကတော်က မေးလိုက်တယ် 


“ တခြားအဝတ်အစားတွေပါ ချုပ်မလို့လား...’’


 သူမ ခေါင်းငြိမ့်ပြလိုက်တယ်


 ‘’ မရီး, ကျွန်မက ရှောင်ကျိုး အတွက်ပါ ဂျင်း၀တ်စုံလေးချုပ်ပေးချင်လို့လေ’’


သူမ အပြင်ထွက်တိုင်း တခြားကလေးတွေဒီလိုဝတ်စုံမျိုး ၀တ်ထားတာကို သူမ မြင်ဖူးတယ်။ အဲ့ဒီဝတ်စုံလေးက အရမ်းချစ်ဖို့ကောင်းပြီး အသေးလေးဆီမှာ မရှိသေးတဲ့အတွက် ချုပ်ဖို့ စဉ်းစားမိတာဖြစ်တယ်။


တပ်ရင်းမှုးကတော်က နားလည်သွားပြီး


 “ ညီမပြောတာ ကြိုးသိုင်းကလေးဝတ်ဂျင်းဘောင်းဘီနဲ့တူတယ်, အဲ့ဒါလေးတွေနဲ့ဆို ကလေးတွေက ပိုချစ်ဖို့ကောင်းတယ်,  ချုပ်တတ်တယ်ဆိုမှတော့ ၀ယ်သာဝယ်, ကိုယ်တိုင်ချုပ်တဲ့ အ၀တ်က ဆိုင်ကဝယ်လာတာထက်ပိုစိတ်တိုင်းကျတယ်’’


ပြောပြီးတဲ့နောက် တပ်ရင်းမှုးကတော်က တခြားပိတ်စတခုကို လက်ညှိုးထိုးပြီး


 ‘’ ဒါဆိုရင် ဒီအစက ကျိယန် အတွက်ပဲဖြစ်ရမယ်’’


ထန်ထန် အနည်းငယ်ရှက်သွားပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ ကျိယန် ဆီမှာ ထသွားထလာ အ၀တ်အစားတွေ သိပ်မရှိမှန်း သူမ သတိထားမိတယ်။ ဒါကြောင့် သူ့အတွက်ရှပ်အကျီချုပ်ပေးချင်တာဖြစ်တယ်။ ရှပ်အကျီချုပ်နည်းကိုလဲ သူမ အတော်ကြာလေ့လာခဲ့ပြီးတဲ့အပြင့် ဆိုင်တွေမှအကျီဒီဇိုင်းတွေကိုလဲ မှတ်သားထားတာဖြစ်တယ်။ ဒါကြောင့် သူမလုပ်နိုင်မယ်လို့ ကိုယ့်ကိုကိုယ်ယုံကြည်တယ်။


တပ်ရင်းမှုးကတော်က သူမပုခုံးကိုပုတ်ကာ

 

" ဒါဆိုလဲ ၀ယ်လိုက်လေ, အစ်မတို့က ဒီကိုခဏခဏ ရောက်ဖြစ်တာမဟုတ်တော့ , နောက်တခါလာဖို့ဆိုတာ မလွယ်ဘူး’’


ခဏလောက်စဉ်းစားပြီးနောက် သူမ သဘောတူလိုက်တယ်။ ဒါကြောင့် သူမတို့ မပြန်ခင်မှာပဲ လိုအပ်တာတွေအားလုံးကို ၀ယ်လိုက်တယ်။


သူမတို့ အိမ်ပြန်ရောက်တဲ့အချိန်မှာ  delivery က ပရိဘောဂတွေအားလုံးကို ပို့ပေးပြီးဖြစ်တယ်။ စစ်သားလေးများကလဲ အရာအားလုံးကို ရွေ့ပြောင်းရန် ကူညီပေးခဲ့ကြတယ်။ တပ်ထဲမှာရှိတဲ့သူတွေ အားလုံးက ချစ်စရာကောင်းပြီး ဖော်ရွေတယ်လို့ သူမခံစားလိုက်မိတယ်။ သူတို့တွေက ဒီမှာ ပျော်ရွှင်စွာနဲ့ နေနေကြတာပဲ။


အားလုံးပြောင်းရွေ့ပြီးတဲ့နောက် စစ်သားလေးတွေက မပြန်သေးပဲ သူမ ကို ကူညီပေးဖို့ရာ စောင့်နေကြတယ်။ သူမသွားတဲ့နေရာအကုန်လုံးမှာ သူတို့တွေက ဝိုင်းကူညီပေးတာဖြစ်တယ်။ ဒီစစ်သားလေးတွေက တကယ်ကိုပဲ စွမ်းဆောင်ရည်အပြည့်နဲ့ဖြစ်တယ်။ သူတို့တွေက အိမ်သန့်ရှင်းရေးကိုပါ လုပ်ပေးကြတယ်။ ညနေစောင်းမှာတော့ သူမရဲ့အိမ်လေးက နွေးထွေးပြီး နေချင်စဖွယ်ကောင်းတဲ့ အိမ်လေးအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်တယ်။


သူမကိုယ်တိုင် စိတ်တိုင်းကျပြင်ဆင်ထားတဲ့ အိမ်လေးကိုကြည့်ရင်း ရလာတဲ့ပျော်ရွှင်မှုက ဘာနဲ့မှဖော်ပြလို့မရအောင်ပဲဖြစ်တယ်။


ကျိယန် ပြန်လာတဲ့အချိန်မှာတော့ ပြောင်းလဲသွားတဲ့အိမ်လေးကို သူကကြည့်ပြီး လျောက်လမ်းမှာအကြာကြီး ရပ်နေမိတယ်။ ထန်ထန် တစ်ယောက် အိမ်ကိုဒီလိုမျိုး လှလှပပနဲ့ နွေးထွေးပြီး နေချင်စဖွယ်ကောင်းအောင်ပြင်ဆင်နိုင်မှန်း သူမထင်ထားမိဘူး။ ဒီအိမ်လေးအတွက် သူမရဲ့အတွေးတွေနဲ့ အားထုတ်မှုတွေများစွာ အသုံးပြုခဲ့ရမှန်း သူအတတ်ပြောရဲတယ်။


အိမ်ရှေ့မှ တံခါးဖွင့်သံကြားလိုက်ရတဲ့ ထန်ထန် က မီးဖိုချောင်ထဲမှ ထွက်လာတယ်။ ကျိယန် ကိုတွေ့လိုက်တာနဲတပြိုင်နက် သူမက ချိုသာတဲ့အပြုံးနဲ့ နှုတ်ဆက်လိုက်တယ်


 “ ယောကျာ်း, ရှင်ပြန်လာပြီလား, ညစာချက်နေတာ ပြီးတော့မယ် ‘’


ကျိယန်တစ်ယောက် ‘’အင်း’’ လို့ပြောပြီး ဖိနပ်စင်မှာ သူ့ရဲ့ဖိနပ်ကို ချွတ်ပြီးတင်လိုက်တယ်။ ထို့နောက် မီးဖိုချောင်ထဲမဝင်ခင် အိမ်ကိုလှည့်ပတ်ကြည့်လိုက်တယ်။ အလုပ်များနေတဲ့ ထန်ထန် ကိုအနောက်မှကြည့်ပြီး ပြောလိုက်တယ်


 “ မင်း ပင်ပင်ပန်းပန်းလုပ်ထားတာပဲ, ဒီအိမ်က တော်တော်လေးလှတယ်’’


ထန်ထန် က သူ့ကိုလှည့်ကြည့်လိုက်ပြီး တောက်ပစွာပြုံးလိုက်ကာ


 “ အဲ့လောက်လဲ မပင်ပန်းပါဘူး, ဒါက ကျွန်မတို့အိမ်ပဲလေ’’


ကျွန်မတို့အိမ်... ဒီစကားလုံးက ကျိယန် ကို ခေတ္တခဏ တိတ်ဆိတ်သွားစေပြီးနောက် သူကမေးလိုက်တယ်


 “ ရှောင်ကျိုး  ကော ဘယ်မှာလဲ...’’


သူမအပြင်ဘက်ကိုညွှန်ပြလိုက်ရင်း


 “ စစ်သားလေးတွေက သူနဲ့ဆော့ဖို့ခေါ်သွားတယ်, ခဏနေပြန်လာတော့မှာပါ’’


သူမတို့ ပြောပြီးတဲ့အချိန်မှာပဲ အိမ်ရှေ့တံခါးမှ ဆူညံသံတွေထွက်လာပြီး စစ်သားလေး နှစ်ယောက်က ရှောင်ကျိုး  ကိုပြန်ခေါ်လာတာတွေ့လိုက်တယ်။ သူတို့က ကလေးကို ကျိယန် ဆီသို့ပေးလိုက်ပြီး နှုတ်ဆက်ကာ ပြန်သွားကြတော့တယ်။


အသေးလေး က မီးဖိုချောင်ဘက်သို့လှည့်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ အော်ပြောလိုက်တယ် 


“ မာမီ, သားပြန်ရောက်ပါပြီ’’


ထန်ထန်  က ထိတ်လန့်ဟန်ဆောင်ပြီး မေးလိုက်တယ်


 “ အာ, မာမီတို့ရဲ့ ပေါင်ပေါင်လေး ပြန်ရောက်ပြီလား, ပျော်ခဲ့ရဲ့လား...’’


ကျိရှောင်ကျိုး က အားအပြည့်နဲ့ ခေါင်းငြိမ့်လိုက်ကာ သူမ ခြေထောက်ကိုဆွဲပြီး ပြောလိုက်တယ်


 “ အရမ်းပျော်ဖို့ကောင်းတာပဲ, တင့်ကားကြီးကို သားတွေ့ခဲ့တယ်, အဲ့ဒါအရမ်းမိုက်တာပဲ’’


အသေးလေး စိတ်လှုပ်ရှားနေမှန်း သူမခန့်မှန်းမိတယ်။သူမ ပေါင်ပေ့ ခေါင်းလေးကို ဆွဲဖက်လိုက်ပြီး ကျိယန် ကိုမေးလိုက်တယ်


 “ စစ်သားလေးတွေကော ဘယ်ရောက်သွားပြီလဲ... ပြန်သွားကြပြီလား...’’


ကျိယန် ခေါင်းငြိမ့်ပြလိုက်တယ်။


ထန်ထန် က ခဏလောက်စဉ်းစားလိုက်ပြီးနောက် ကျိယန် ကို သူမရဲ့အကြံပြောပြလိုက်တယ်


 “ ယောကျာ်း...တုန်းလီတို့အုပ်စုနဲ့ စစ်သားလေးတွေကို အိမ်ခေါ်ပြီး ထမင်းဖိတ်ကျွေးချင်တယ်, သူတို့က ကျွန်မကို တော်တော်လေး ကူညီထားတာ, ဒီနေ့လည်တုန်းကဆိုရင် ပရိဘောဂတွေပါ ဝိုင်းသယ်ပေးကြသေးတယ်။ သူတို့တွေ အလုပ်များပြီး အရမ်းပင်ပန်းနေမှာအသေအချာပဲလေ, အဲ့ဒါကြောင့် သူတို့ကို ထမင်းဖိတ်ကျွေးချင်တာ ရှင်ဘယ်လိုထင်လဲ...’’


ကျိယန်  ခေါင်းငြိမ့်ပြလိုက်တယ်


“ အိုကေ အဆင်ပြေပါတယ်, မင်းပဲစီစဉ်လိုက်ပါ’’


တကယ်တော့ မိသားစုအသစ်တွေက တခြားသူတွေကို ထမင်းစားဖိတ်တဲ့ ထုံးစံက သူတို့တပ်ထဲမှာရှိတာဖြစ်တယ်။ သူမစိတ်အနှောက်အယှက်ဖြစ်ပြီး ဧည့်သည်တွေကို ဧည်ခံဖို့ ဆန္ဒမရှိမှာကို သူစိုးရွံမိခဲ့တာဖြစ်တယ်။ မမျှော်လင့်ပဲ သူမကစတင်ပြီး အကြံပေးတာဖြစ်တဲ့အတွက် သူမက တကယ်ကိုတွေးပေးတတ်တာပဲ။


ထန်ထန်က ပျော်ရွှင်စွာနဲ့ စီစဉ်တော့တယ်


 “ ဒါဆို မနက်ဖြန်ည သူတို့ကိုဖိတ်လိုက်ရအောင်, ဟင်းချက်စရာတွေ အများကြီး ကျွန်မ၀ယ်လာတယ်, သူတို့တွေနဲ့အတူတူ ကျွန်မတို့အိမ်ပြောင်းတာကို ကျင်းပကြရအောင်’’


ကျိယန် မျက်၀န်းထဲ ပျော်ရွှင်မှုတွေ ဖြတ်ပြေးသွားတယ်။