အပိုင်း (၂၉)
Viewers 12k

Part 29


ညစာစားတဲ့အချိန်မှာတော့ အကြွေး၀ယ်ကတ်ကိုပြန်ပေးရင်းနဲ့  သူမရဲ့ ဒီနေ့အသုံးစားရိတ်တွေကို ကျိယန် အား စာရင်းတင်ပြတော့တယ်


 “ ယောကျာ်း, ဒီနေ့ ကျွန်မအတော်လေး သုံးလိုက်မိတယ်, ပရိဘောဂတွေနဲ့အသုံးအဆောင်ပစ္စည်းတွေက ၅၀,၀၀၀ လောက်ကျတယ်, နေ့စဉ်သုံးလိုအပ်တာတွေက တစ်ထောင်ဝန်းကျင်လောက် ပြီးတော့ …..’’


‘’ ထန်ထန်’’ 


ကျိယန် သူမကိုကြည့်ရင်း စကားဖြတ်ပြောလိုက်တယ်


 “ အကြွေး၀ယ်ကတ်ကို ကိုယ့်ကိုပြန်ပေးဖို့မလိုပါဘူး, သေချာသိမ်းထားလိုက်ပါ, အနာဂတ်မှာ မင်းလိုချင်ဘာဖြစ်ဖြစ်ဝယ်လို့ရတယ်, ကိုယ့်ကိုအသုံးစားရိတ်တွေတွက်ပြီး ပြောပြဖို့မလိုဘူး, ဒါကိုမှတ်ထားနော်...ဟုတ်ပြီလား...’’


‘’အင်း.."


သူမခေါင်းညိတ်ပြလိုက်သည်။


ထို့နောက် ကျိယန် ခေါင်းငုံကာ ထမင်းဆက်စားနေတယ်။


 သူမနှုတ်ခမ်းထောင့်တွေ အပေါ်သို့ကွေးတက်တဲ့အထိပြုံးမိရင်း သူ့ကိုတိတ်ဆိတ်စွာနဲ့ ကြည့်နေမိပြီး ချိုမြိန်လွန်းတဲ့ခံစားချက်တွေက  သူမနှလုံးသားထဲမှာ လျှံကျနေတော့တယ်။ တကယ်ကိုပဲ သူရဲ့ပိုက်ဆံတွေကို သူမစိတ်ကြိုက်သုံးဖို့ ခွင့်ပြုထားတာပဲ။ အဲ့ဒါက သူ သူမကို ယုံကြည်တယ်လို့ ဆိုလိုတာပဲမဟုတ်လား... ဟိဟိ…


ချိုမြိန်လွန်းတဲ့ခံစားချက်တွေက သူမ အိပ်ချိန်ရောက်တဲ့အထိကျန်ရစ်နေဆဲဖြစ်တယ်။ ကျိယန် ပုံမှန်ဆို အိပ်ခန်းကျယ် (master bedroom) မှာပဲအိပ်လေ့ရှိတယ်။ သူမ က ခါတိုင်းလိုပဲ ရှောင်ကျိုး  နဲ့အတူတူ ဘေးကပ်ရပ် အိပ်ခန်းအသေးထဲမှာအိပ်မယ်လို့ပြင်ဆင်လိုက်ပေမယ့်လဲ ဘယ်သူထင်မှာလဲ အသေးလေးက ဒီတကြိမ်မှာတော့ ငြင်းဆန်နေလိမ့်မယ်လို့ ။


အသေးလေးက သူမခြေထောက်တွေကို ဆွဲဖက်လိုက်ပြီး လှုပ်မရအောင်တားလိုက်တယ်။ အသေးလေးက မြင်သူတိုင်း နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ခံစားသွားစေလောက်တဲ့ အကြည့်နဲ့ သူမကိုကြည့်လိုက်ပြီး


 “ မာမီ, သားတို့ဒယ်ဒီနဲ့ ခွဲအိပ်မလို့လား... မနေ့ညကလို အတူတူအိပ်လို့မရဘူးလားဟင်... သားမနေ့ကလိုပဲ ဒယ်ဒီနဲ့အတူတူအိပ်ချင်တယ်, အဲ့လိုမရဘူးလားဟင်, မာမီ…’’


ရှောင်ကျိုးရဲ့ ချစ်ဖို့ကောင်းစွာချွဲနေပုံလေးကြောင့် သူမ ပြောစရာစကားမဲ့သွားတယ်။ သူမ အကူအညီမဲ့စွာနဲ့ မျက်လုံးထောင့်မှနေ၍ ကျိယန် ကိုတိတ်တဆိတ် လှမ်းကြည့်လိုက်မိတယ်။ ‘ သူဆိုရင် အသေးလေးကို လုံလောက်တဲ့အကြောင်းပြချက်နဲ့ ဖြေရှင်းပေးနိုင်လောက်မယ် ‘


ကျိယန် က နားထင်ကိုလက်နဲ့နှိပ်နယ်လိုက်ပြီး အသေးလေးကို ခိုအာလာ ၀က်ဝံလေးလို ဖြစ်နေတဲ့အသေးလေးကိုချီလိုက်တယ်။ သူက ရှောင်ကျိုး ဖင်လေးကိုပုတ်လိုက်ပြီး


 “ ဒယ်ဒီအရင်ကပြောဖူးတယ် မဟုတ်ဘူးလား, မာမီနဲ့ ဒက်ဒီက ကိုယ့်အခန်းထဲမှာပဲကိုယ် အိပ်တတ်တယ်လို့လေ, မဟုတ်ရင် ဒက်ဒီတို့ အိပ်ပျော်မှာမဟုတ်ဘူး’’


အသေးလေး က မပျော်မရွင်နဲ့ နှုတ်ခမ်းဆူလိုက်ကာ အထွန့်တက်လိုက်တယ် 


“ ဒက်ဒီ လိမ်နေတာ, သားက သုံးနှစ်ကလေးမဟုတ်တော့ဘူး, သားကို ဒီလိုလှည့်စားလို့မရတော့ဘူး, သားတို့ မနေ့ညကအတူတူအိပ်တုန်း ဒက်ဒီကော မာမီကော အိပ်ပျော်တာပဲလေ, တကယ်ဆိုရင် ဒက်ဒီက သားနဲ့မာမီတို့နဲ့ အတူတူအိပ်သင့်တယ်, မာမီက ဒက်ဒီခြေထောက်ကို သုတ်ပေးနေတာတောင် ဒက်ဒီက မနိုးဘူးလေ’’


အရမ်းကို ထက်မြတ်နေတဲ့ အသေးလေးရဲ့အတွေးတွေကြောင့် ကျိယန် ပြောစရာစကားတို့ ပျောက်ရှကုန်တယ်။ သူကို လှည့်စားဖို့ မလွယ်ပါလား။


ထန်ထန်   တစ်ယောက် သူမဆံပင်တွေကို ထိတွေ့နေရင်းနဲ့ ဒီနေရာမှ သူမရဲ့တည်ရှိနေမှုကို မသိသာအောင် ကြိုးစားနေနေတယ်။ အသေးလေးရဲ့ နောက်ထပ်ပစ်မှတ်က သူမ ဖြစ်မလာစေဖို့အတွက် တိတ်တိတ်ကလေး ဆုတောင်းနေမိတယ်။ ‘ယောကျာ်းရေ, ကျွန်မတောင်းပန်ပါတယ်နော်, ဒီခက်ခဲတဲ့ပြဿနာကိုတော့ ရှင့်ဘာသာပဲ ဖြေရှင်းလိုက်ပါတော့’


ဒါပေမယ့် ကျိယန်  ဘာမှမရှင်းပြရသေးခင်မှာပဲ အသေးလေးက ရုတ်တရက်ပဲ ကြေကွဲ၀မ်းနည်းစွာနဲ့ မျက်ရည်တွေကျလာတော့တယ်


 “ ဒယ်ဒီနဲ့ မာမီ, ကွာရှင်းဖို့ကြံနေကြတာလားဟင်... သားက ဘယ်သူမှမလိုချင်တဲ့ကလေးလေး ဖြစ်လာတော့မှာလား...’’


ကလေး ရဲ့ မေးခွန်းကြောင့် သူတို့ နှစ်ယောက်လုံး အေးခဲရပ်တန့်သွားတယ်။ အသေးလေးက ဘာလို့ ဒီလိုမေးခွန်းမျိုး မေးရလဲဆိုတာ သူတို့နှစ်ယောက်လုံးမသိတော့ဘူး။ ဒါပေမယ့်လဲ အသေးလေးရဲ့ မျက်ရည်တွေနဲ့ပုံလေးကို မခံစားနိုင်တဲ့ ထန်ထန် က ချက်ချင်းပဲ ဖက်လိုက်ပြီး နှစ်သိမ့်လိုက်တယ်


 “ မဟုတ်ပါဘူး မဟုတ်ပါဘူး ဒယ်ဒီနဲ့ မာမီတို့ နှစ်ယောက်လုံး မကွာရှင်းပါဘူး, ဒီလို ပေါက်ကရတွေလျောက်မတွေးနဲ့လေ...’’


ရှောင်ကျိုးက ထန်ထန်   ပုခုံးပေါ်မှာ ပါးလေးအပ်ရင်း အသဲကွဲကာ မျက်ရည်စတွေနဲ့ ကျိယန် ကိုငေးကြည့်နေတယ်။ ငိုထားတဲ့အတွက် ကြို့ထိုးနေတဲ့ကြားထဲမှ အသေးလေးက ပြောလိုက်တယ် 


“ သားကို မညာပါနဲ့တော့, မာမီတို့တွေ သပ်သပ်စီခွဲနေကြပြီးတော့, မာမီတို့ကွာရှင်းဖို့ပြင်နေတာ အသေအချာပဲကို, သားနားလည်ပါတယ်’’


အသေးလေးက သပ်သပ်စီခွဲနေကြတယ် ဆိုတဲ့အသုံးအနှုန်းကို အသေအချာနားလည်နေတာပဲ။ ဒီလိုအသုံးအနှုန်းတွေကို သူဘယ်ကနေသင်လာတာလဲ တချိန်တည်းမှာပဲ, ဒီနေ့ခေတ်ကလေးတွေက ဘာလို့များကိစ္စတွေအများကြီးကို နားလည်နေရလဲဆိုတာ ကျိယန်   မသိတော့ဘူး။ သူ့ကလေးက အသက်သုံးနှစ်ခွဲပဲရှိသေးတာ ဒီလိုအရာတွေကို နားလည်တတ်နေပြီလား...


သူမ အကူအညီမဲ့စွာနဲ့ ကျိယန် ကိုကြည့်မိပြီး 


‘’ ယောကျာ်း…’’


ကျိယန်သက်ပြင်းချလိုက်ပြီး အသေးလေးရဲ့ ကိုယ်အလေးချိန်ကို ထန်ထန် မနိုင်မှန်းသိတဲ့အတွက် သူမဆီမှ အသေးလေးကိုချီလိုက်တယ်။ ထို့နောက်


 ‘’ ဟုတ်ပါပြီ ဟုတ်ပါပြီ  မာမီနဲ့ ဒယ်ဒီတို့ မကွာရှင်းပါဘူး, ဒယ်ဒီတို့ အခုကစပြီး တခန်းထဲ အတူတူအိပ်ကြမယ် ဟုတ်ပြီလား...’’


‘’တကယ်လားဒယ်ဒီ, ကတိနော် ‘’ 


ကျိရှောင်ကျိုး ရဲ့ မျက်လုံးများက တောက်ပလို့နေတယ်။ မကြာသေးခင်က သူရဲ့စိတ်မကျေနပ်မှုတွေက ချက်ချင်းပဲ ပျောက်ကွယ်ကုန်ပြီး သူနှုတ်ခမ်းတွေက နားရွက်နားအထိရောက်လုမတတ် အားပါးတရပြုံးနေတော့တယ်။ သူက ကျိယန်  ပါးပြင်ကို အသံထွက်သည်အထိ အနမ်းပေးလိုက်တယ်


 “ ရေး…အခုကစပြီး သားတို့အားလုံး အတူတူအိပ်ရတော့မယ်, သားက မာမီနဲ့ ဒယ်ဒီကြားထဲက အလယ်မှာအိပ်မှာနော်’’


အသေးလေးရဲ့ အမူအယာက ရာသီဥတုလိုပဲ ပြောင်းလဲသွားတယ်။ အသေးလေးရဲ့ အကြံအစည်ကို သိနေတဲ့ ကျိယန်က သူ့ရဲ့ကြိုးစားအားထုတ်မှုကို မပျက်စီးစေလိုတဲ့အတွက် အကူအညီမဲ့စွာနဲ့ပဲ ထန်ထန် ကို အကြည့်နဲ့ လှမ်းမေးလိုက်တော့တယ်။


သူမက အနည်းငယ်နီနေတဲ့ မျက်နှာကိုဖုံးကွယ်ဖို့ကြိုးစားရင်း ခေါင်းငြိမ့်ပြလိုက်တယ်။


အခုအချိန်မှာတော့ အိမ်အသစ်လေးမှာ မိသားစုသုံးယောက်က အတူတူ တခန်းတည်းအိပ်ရတော့မှာပဲဖြစ်တယ်။


ဒီလိုအခြေအနေမှာ သူမ အနေနဲ့ စိတ်မလှုပ်ရှားဘူးဆိုရင် မှားသွားမှာပေါ့။ ဒါပေမယ့်လဲ အလယ်မှာ ကလေး ရှိနေတဲ့အတွက် အရမ်းကြီးစိတ်မလှုပ်ရှားမိတော့ပေ။ ပြီးတော့ ဒီလိုရိုးရိုးရှင်းရှင်းအိပ်ရုံနဲ့ တခြားဘာမှမဖြစ်လာဘူးဆိုတာ သူမ သိနေတယ်လေ။ ဒါအပြင့် သူမတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက စိတ်လှုပ်ရှားရလောက်တဲ့အထိ အကျိုးမရှိမှန်း နားလည်တဲ့အတွက် သူမအနေနဲ့ အရမ်းကြီး စိတ်လှုပ်ရှားဖို့ မလိုအပ်ဘူး။  


ထန်ထန်  ရေချိုးပြီးတဲ့နောက် မှန်ရှေ့မှာ သူမကိုယ်သူမကြည့်ရင်း နာရီ၀က်လောက် သူမနှလုံးသားကို အားပေးနေရတယ် ’အဲ့ဒါဘာမှမဟုတ်ပါဘူး , ဒီလောက်စိတ်လှုပ်ရှားဖို့မလိုဘူး, ဒါက အိပ်ယာပေါ်မှာ ဒီအတိုင်းအိပ်ရုံပဲလေ, ဒါက အရမ်းကို ပုံမှန်ပါပဲ’ ။ သူမ စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီးတဲ့နောက် ဒီနေသူမ တမင်တကာ သေသေချာချာရွေးဝယ်လာတဲ့ ဇလုံကြီးတစ်လုံးကို ထုတ်ယူလိုက်တယ်။ ထို့နောက် ရေနွေးတစ်ချို့ကို ဇလုံထဲဖြည့်ပြီး အိပ်ယာဘေးသို ခက်ခက်ခဲခဲသယ်ယူလာတယ်။ အဲ့ဒါကို ကြမ်းပြင်မှာချပြီးတဲ့နောက် သူမ အသက်ပြင်းပြင်းရှုလိုက်တယ်။


အခုလေးတင် ရေချိုးပြီး အိပ်ယာပေါ်ကခေါင်းအုံးပေါ်မှီကာ စစ်ဘက်ဆိုင်ရာစာအုပ်ဖတ်နေတဲ့ ကျိယန် တစ်ယောက် သူမသယ်လာတဲ့ရေဇလုံကြီးကို ကြည့်ပြီး ပဟေဠိဖြစ်စွာနဲ့ မေးလိုက်တယ်


 “ မင်းဘာတွေလုပ်နေတာလဲ...’’


သူမ က အပြုံးတပွင့်နဲ့အတူ ရှင်းပြလိုက်တယ်


 “ ရှင့်ခြေထောက်တွေ ညတိုင်းစိမ်လို့ရအောင် ကျွန်မ ဒီဇလုံကို ဒီနေ့ သေချာရွေးဝယ်လာတာလေ, ရှင်ခြေထောက်မှာ ဒဏ်ရာဟောင်းတွေအများကြီး ကျွန်မတွေ့လိုက်တယ်, ပြီးတော့ ရှင့်ရဲ့လေ့ကျင်ရေးတွေက အရမ်းခက်ခဲတယ်လေ, ရှင့်ခြေထောက်တွေကို စိမ်လိုက်ရင် ပင်ပန်းတာတွေ သက်သာသွားလိမ့်မယ်, ပြီးတော့ ညဘက်ကောင်းကောင်းအိပ်ပျော်စေတယ်, နောက်နေ့ကျရင် ဆေးဖက်ဝင်အပင်နည်းနည်းလောက် ကျွန်မ၀ယ်ပြီး စိမ်ပေးမယ်, ဒါဆို ရှင့်ရဲ့ အတွင်းဒဏ်ရာတွေပါသက်သာသွားလိမ့်မယ်, ဒီညတော့ ပင်ပန်းတာတွေသက်သာအောင်လို့ ဒီတိုင်းရေပူလေးနဲ့ပဲစိမ်လိုက်တော့’’


ကျိယန်   ရုတ်တရက်ပဲ သူ့နှလုံးသားတစ်ခုလုံး အပြင်သို့ခုန်ထွက်လာမတတ် ခံစားလိုက်ရတယ်။ အိပ်ယာဘေးနားက ရေနွေးထည့်ထားတဲ့ ခြေဆေးဇလုံကိုကြည့်လိုက်မိတယ်။ သူ့လည်ချောင်းထဲမှ တစ်ခုခုတစ်ဆို့နေသလိုခံစားလိုက်ရပြီး ဘာပြောရမှန်းမသိတဲ့ခံစားချက်တွေ ရုတ်တရက်ခံစားလိုက်ရတယ်။ သူ့ခြေထောက်တွေစိမ်ဖို့အတွက်သာမက သူအတွက်ရေပြင်ဆင်ပေးဖို့တောင် သူမ အပေါ်မှာ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ သူ့ဒဏ်ရာတွေကို မြင်ရုံလေးနဲ့ သူမက သူ့အတွက် ဒီလိုအရာအားလုံးလုပ်ပေးနေတယ်။ ဒီလိုအခြင်းအရာမျိုးကို သူ ဘယ်တုန်းကမှ စိတ်ကူးထဲတောင် ပုံမဖော်ခဲ့ဖူးဘူး။ မဟုတ်ဘူး, တခြားအမျိုးသမီးတစ်ယောက်ဆိုရင်တောင် ဒီလိုမျိုးတွေးပေးကြမှာမဟုတ်ဘူး။ 


ကလေးတွေတောင် သူတို့ရဲ့မိဘတွေဆီကနေ ဒီလိုဂရုစိုက်မှုမျိုးကို ရနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် အက်ဆီးဒန့်ကြောင့် အတိတ်မေ့နေတဲ့ ဒီအမျိုးသမီးလေးက သဘာ၀ကျစွာနဲ့ပဲ သူ့အတွက်လုပ်ပေးနေတယ်။


ကြီးမားတဲ့ တုန်လှုပ်ဖွယ်ရာ ခြောက်ခြားမှုက ကျိယန် နှလုံးသားထဲမှ ခံစားနေရတယ်။ ဒီလိုကြီးမားတဲ့အင်အားမျိုးက ယောကျာ်းရင့်မာကြီးဖြစ်တဲ့သူ့ကို ပြောစရာစကားမဲ့စေတယ်။ သူ မျက်တောင်ခတ်လိုက်ပြီး ဘာမှ မတုံ့ပြန်နိုင်တော့ဘူး။


သူ့ဘက်က ဘာမှလှုပ်ရှားမှုမရှိတဲ့အတွက်ကျိယန်ဘာတွေဖြစ်နေမှန်း ထန်ထန် မသိတော့ဘူး။ ခြေထောက်ရေဆေးတာကို အကျင့်မရှိတဲ့အတွက် သူ သူမကိုငေးစိုက်ကြည့်နေတယ်လို့ပဲ တွေးလိုက်မိတယ်။ ဒါကြောင့် သူမက ခြေထောက်ဆေးမယ့်ဇလုံကို အနားမှာချထားလိုက်တယ်၊ ထို့နောက် သူ့ခြေထောက်ကို ဇလုံထဲထည့်ပေးပြီး နှိပ်နယ်ပေးကာ


 ‘’ ခြေထောက်ဆေးပေးတာက ရှင့်ကျန်းမာရေးကို ပိုကောင်းစေတယ်, အစပိုင်းတော့ အကျင့်ဘယ်ဖြစ်ပါ့မလဲ, ဒါပေမယ့် နှစ်ခါလောက်လုပ်ပြီးရင် ရှင်သဘောကျလာမှာပါ’’ 


သူမရဲ့ နို့ထိန်းဆိုရင် နေ့တိုင်းခြေထောက်ဆေးရတာကို သဘောကျတယ်။ ခြေထောက်မဆေးတဲ့နေ့တွေဆိုရင် သူမ နေလို့ထိုင်လို့မကောင်းဘူးတဲ့။


ထန်ထန် သူ့ခြေထောက်ကိုဆေးပေးနေစဉ်မှာပဲ သူ့ခြေထောက်ကိုထိတွေနေတဲ့ အမျိုးသမီးလေးရဲ့လက်တွေက နူးညံ့နေမှန်းခံစားလိုက်မိတယ်။ နောက်ဆုံးမှာတော့ အသိစိတ်ပြန်ကပ်လာပြီး ဘာတွေဖြစ်နေလဲဆိုတာကို သတိထားမိသွားတယ်။ သူမ က သူ့ခြေထောက်ကိုဆေးပေးနေတယ် !


သူကိုယ်တိုင်တောင် သတိမထားမိပဲ အလန့်တကြားနဲ့ သူမလက်ထဲမှ သူ့ခြေထောက်တွေကို ထုတ်ယူဖို့ကြိုးစားလိုက်မိတယ်။ ဒါပေမယ့် သူ့အမူအယာကို သတိထားနေတဲ့ ထန်ထန်  က အားစိုက်ပြီးခြေထောက်ကိုရေထဲသို့ ပြန်ဆွဲထားကာ မျက်မှောင်ကြုတ်ပြီး ဆူပူတဲ့လေသံနဲ့ပြောလိုက်တယ်


 “ မလှုပ်နဲ့လေ, ခြေထောက်စိမ်တာ ကျန်းမာရေးအတွက်ကောင်းတယ်, တနေကုန် ပင်ပန်းတဲ့လေ့ကျင့်ရေးတွေလုပ်ထားတာကို ဒါကသက်သာစေတယ်လေ, ဒီည ရှင်ကောင်းကောင်းအိပ်ပျော်စေရမယ်လို့ ကျွန်မအာမခံတယ်, ကျွန်မသေချာနှိပ်ပေးရင် ပိုပြီးနေလို့ကောင်းလာလိမ့်မယ်’’ 


အတိတ်တုန်းကဆိုရင် သူမရဲ့နို့ထိန်းကို ခြေထောက်ဆေးပေးနေကျဖြစ်တဲ့အတွက် သူမရဲ့ကျွမ်းကျင်မှုက အတော်လေးကောင်းမွန်တယ်။ ပြီးတော့ သူမနို့ထိန်းကဆိုရင် သူမနှိပ်ပေးတာအရမ်းသက်တောင့်သက်သာဖြစ်တယ်လို့ ချီးကျူးလေ့ရှိတယ်။ 


ကျိယန် ခြေထောက်တွေက ပြန်ဆွဲချခံထားရတယ်။ ထန်ထန် ရဲ့အားက သိပ်မများပေမယ့်လဲ သူသာအားသုံးပြီး ခြေထောက်ကိုမြှောက်လိုက်ရင် သူမနာကျင်သွားမှာကို စိုးရိမ်မိတဲ့အတွက် နေရခက်စွာနဲ့ ငြင်းလိုက်မိတယ်


 “ ထန်ထန် ဒီလိုတွေလုပ်ဖို့မလိုပါဘူး, မြန်မြန်မတ်တပ်ရပ်လိုက်တော့, ကိုယ့်ဘာသာ လုပ်လို့ရပါတယ်’’


သူမရဲ့လှုပ်ရှားမှုတွေက ရပ်တန့်မသွားပေ ပြီးတော့ သူမရဲ့လက်ကိုသုံးပြီး အပ်စိုက်ကုထုံးအမှတ် နေရာတွေကိုနှိပ်နယ်လိုက်တယ် 


" ဒီလိုအပ်စိုက်ကုထုံးမှတ်တွေကိုကျ ရှင်နှိပ်လို့ရမှာမဟုတ်ဘူးလေ, ကျွန်မပဲ လုပ်ပေးပါရစေ, ရှင်က ဒီအတိုင်းလေးသာ ထိုင်နေ ဟုတ်ပြီလား’’


ကျိယန်  ကမျက်မှောင်ကြုတ်ရင်းနဲ့ သူမ လက်မောင်းကိုကိုင်ဖို့ ခါးကိုညွတ်လိုက်တယ်။ သူက လေသံတိုးတိုးလေးနှင့်


 ‘’ ထန်ထန် ကိုယ့်ကိုကိုယ် ဒီလောက်ထိနှိမ်ချပြီး လုပ်ပေးဖို့မလိုပါဘူး, မြန်မြန်လေးသာ မတ်တပ်ရပ်လိုက်ပါတော့’’


‘’အာ...’’ 


ထန်ထန် သူ့ကို နားမလည်စွာနဲ့ ကြည့်လိုက်တယ် 


‘’ ကိုယ့်ကိုယ်ကို နှိမ့်ချတယ်... ဇနီးမယားတစ်ယောက်အနေနဲ့ ကိုယ့်ခင်ပွန်းရဲ့ခြေထောက်ကိုဆေးပေးတာ ပုံမှန်ပဲမဟုတ်ဘူးလား...’’


ကျိယန် ပြောစရာစကားတွေ ပျောက်ရှကုန်တယ်။


သူဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ သူ့ခြေထောက်ပေါ်မှာ နူးညံ့တဲ့လက်သေးသေးလေး တစ်စုံကရွေ့လျားနေပြီး ဒီခံစားချက်က သူ့ကိုအထိတ်တလန့်ဖြစ်စေတယ်။ သူ့ရဲ့ဇနီးက သူ့ခြေထောက်ကိုဆေးပေးမယ်လို့ သူ့ဘ၀တစ်လျောက်လုံးမှာ ဘယ်တုန်းက မမျှော်လင့်ဖူးဘူး။ ပြီးတော့ သူမက ဒါကို ပုံမှန်လုပ်ရိုးလုပ်စဉ်တခုလိုတောင် လုပ်ဆောင်လို့နေတယ်။


ကံမကောင်းစွာနဲ့ပဲ သူ့ကိုပါထည့်မတွက်မှာ စိုးရိမ်နေတဲ့ ရှောင်ကျိုး  တစ်ယောက်က အိပ်ယာဘေးသို့တွယ်တက်လာပြီး


 ‘’ မာမီ, သားလဲ ရေစိမ်ချင်တယ်, ဒယ်ဒီလိုမျိုး နှိပ်ပေးတာလိုချင်တယ်’’


ထန်ထန် က ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်တယ် 


“ ရတာပေါ့... ဒီဇလုံက အကြီးကြီးပဲ , သားဒယ်ဒီနဲ့ အတူတူ စိမ်လို့ရတယ်’’


အသေးလေး က ချက်ချင်းပဲခေါင်းငြိမ့်လိုက်ကာ ကျိယန် ပေါင်ပေါ်သို့ တွယ်တက်လိုက်တယ်။ ပြီးတော့ သူ့ခြေထောက်လေးတွေကို ကျိယန်  ရဲ့ခြေထောက်တွေပေါ်သို့ ထပ်တူ တင်ထားလိုက်တယ်။


ထန်ထန် က ခွေးခြေခုံလေးတစ်လုံးသွားယူလိုက်ပြီး အသေးလေးကိုထိုင်စေလိုက်တယ်။ အသေးလေးရဲ့ခြေထောက်လေးတွေက ကျိယန် ရဲ့ ခြေထောက်ဘေးမှာ ရေစိမ်နေတော့တယ်။


ကျိယန် ကို နှိပ်နယ်ပေးပြီးတဲ့နောက် ပေါင်ပေ့လေး ရဲ့ ခြေထောက်လေးတွေကိုပါ သူမနှိပ်ပေးနေတယ်။ 


ကလေးက အနှိပ်ခံရင်းနဲ့ ရယ်မောနေရတယ်။ သူက အနည်းငယ်နာတဲ့အခါ အော်ဟစ်နေပြီး ယားတဲ့အခါ တခစ်ခစ်နဲ့ရယ်နေတယ်။ ခန္ဓာကိုယ်ကလဲ အဆက်မပြတ်တွန့်လိမ်နေပြီး ပျော်ရွှင်နေတယ်။


သားအမိနှစ်ယောက်လုံးကိုကြည့်ပြီး ပြောဖို့ကြံနေတဲ့ သူ့စကားလုံးတွေကို ကျိယန် မျိုချလိုက်တယ်။ ကိစ္စမရှိပါဘူး, သူတို့တွေက ဒီလိုဖြစ်နေမှတော့ သူဘာပြောလို့ရပါဦးမလဲ...


ထန်ထန်  သားအဖနှစ်ယောက်လုံးကို နှိပ်နယ်ပေးပြီးနောက် ခြေဆေးဇလုံထဲသို့ ရေနွေးတချို့ထပ်ထည့်လိုက်ပြီး ကျိရှောင်ကျိုး  ကိုညွှန်ကြားလိုက်တယ်


“ ဟုတ်ပြီ, မာမီလုပ်စရာလေးတွေရှိသေးတယ်၊ သားနဲ့သားဒက်ဒီနှစ်ယောက်လုံး ဆယ်မိနစ်အနည်းဆုံးစိမ်ရမယ်, ပေါင်ပေါင်လေးက သားဒက်ဒီကို လုံးဝစောင့်ကြည့်နေရမယ်နော်, ဒက်ဒီခြေထောက်တွေကို ဒီထဲကနေ ပေးမထုတ်နဲ့’’


ရှောင်ကျိုး က သူ့ရင်ဘတ်ကိုပုတ်ပြရင်း အာမခံလိုက်တယ်


 “ မာမီ, သားဒယ်ဒီကို သေချာစောင့်ကြည့်ပေးမှာမို့ စိတ်ချလို့ရတယ်’’


ကျိယန်  ‘’ …..’’


လိမ်မာစွာနဲ့ နာခံနေတဲ့နှစ်ယောက်လုံးကိုကြည့်ပြီး ထန်ထန်  အခန်းထဲမှထွက်ခွာသွားတယ်။ သူမရဲ့ နေ့စဉ် လှပခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ အစာစားခြင်းကို စတင်လုပ်ဆောင်တော့တယ်။ အလွယ်တကူ ကိုယ်အလေးချိန်တက်စေမယ့် အစားအစာအများအပြားကို မီးဖိုချောင်ထဲမှာ သိမ်းဆည်းထားတာဖြစ်တယ်။ သူမ ညတိုင်း အသေးလေးမသိအောင် စားခဲ့တာဖြစ်တယ်။ ဒီတစ်ကြိမ်တော့ သူမကိုယ်အလေးချိန် ကျိန်းသေပေါက်တက်လာရမယ်။ သူမရဲ့ ပန်းတိုင်က ဒီလအကုန်မှာ ၅ ကီလို တက်လာဖို့ပဲဖြစ်တယ်။


သူမရဲ့လှပခြင်းဆိုင်ရာလုပ်ငန်းစဉ်အတွက် မီးဖိုချောင်ထဲဝင်သွားချိန်မှာတော့ အိပ်ခန်းထဲကျန်နေတဲ့ နှစ်ယောက်က အကြောင်းအရာတစ်ခုကို အလေးအနက်ဆွေးနွေးနေပါတယ်။


မျက်လုံးအပြူးသားနဲ့ ရှောင်ကျိုး  တစ်ယောက် ကျိယန် ကို အလေးအနက်မေးလိုက်တယ် 


“ ဒယ်ဒီ, သားတစ်ခုလောက်မေးချင်လို့, သေသေချာချာနဲ့ သားကို မလိမ်ပဲဖြေရမယ်နော်’’


အသေးလေး ဒီလောက်ထိအလေးအနက်ဖြစ်တဲ့ပုံမျိုး မြင်ရခဲတယ်။ ဒါကြောင့် ကျိယန် လေးလေးနက်နက်နဲ့ ခေါင်းငြိမ့်ပြီး ဖြေလိုက်တယ်


 “ ကောင်းပြီ, မေးလေ’’


‘’ ဒယ်ဒီ, သားတို့ တကယ်ပဲဆင်းရဲနေတာလား?’’


“ဟမ်...’’


 ကျိယန် မျက်တောင်ခတ်လိုက်ပြီး 


“ ဘာလို့ ဒီမေးခွန်းကိုမေးတာလဲ...’


 “ ဘာလို့လဲဆိုတော့ သားတို့ကဒယ်ဒီကိုမှီခိုနေရတယ်လို့ မာမီကပြောတယ်, ပြီးတော့ ဒယ်ဒီက ပိုက်ဆံကို ပင်ပင်ပန်းပန်းရှာရတာတဲ့, ဒါကြောင့် သားတို့က ပိုက်ဆံကိုချွေတာရမယ်တဲ့ ပြီးတော့…’’ 


နောက်ပိုင်းအချက်တွေကို သူမမှတ်မိတော့ပေ။


သူ ဘာကြောင့် ဒီမေးခွန်းကို မေးရလဲဆိုတာ ကျိယန် နားလည်သွားတယ်။ ထန်ထန် ရဲ့ ခြိုးခြံချွေတာရေး သဘောတရားတွေကြောင့် ရှောင်ကျိုး  က ဒီလိုတွေ တွေးနေတာပဲဖြစ်တယ်။ ဒါပေမယ့် သူ ကလေးကို ဘယ်လိုရှင်းပြရမှာလဲ... သူတို့မိသားစုက မဆင်းရဲတဲ့အပြင့် ငွေကိုချွေတာသုံးဖို့ မလိုအပ်ဘူးလို့လဲ ပြောလို့မရဘူး, ကလေးတွေ အနေနဲ့ ငွေတန်ဖိုးကိုသိဖို့လိုအပ်သလို ငွေကိုသေချာစွာ ကိုင်တွယ်ပြီးသုံးတတ်ဖို့ လိုသေးတယ်လေ။ 


ကျိယန် ခဏလောက်တွေးပြီးတဲ့နောက် ပြောလိုက်တယ်


 “ ဒယ်ဒီအလုပ်ကရတဲ့လစာက သားနဲ့ သားမာမီတို့သုံးဖို့အတွက် လုံလောက်တယ်, လိုအပ်တာတွေဝယ်ဖို့အတွက် ဒက်ဒီတို့မှာ ပိုက်ဆံတွေရှိတယ် ဒါကြောင့် သားစိတ်ပူဖို့မလိုဘူး,  ဒါပေမယ့် မာမီပြောတာလဲမှန်တယ်, ပိုက်ဆံကို လက်လွတ်စပယ်မဖြုန်းရဘူး, ဒက်ဒီတို့က ပိုက်ဆံကို မလိုအပ်တဲ့နေရာတွေမှာ မသုံးသင့်ဘူး..ဟုတ်ပြီလား’’


ရှောင်ကျိုး က မျက်မှောင်ကြုတ်တွေးတောပြီးတဲ့နောက် ခေါင်းငြိမ့်လိုက်တယ် ။ သူ့မာမီပြောတာ မှန်နေတာပဲ, သူတို့ရဲ့ပိုက်ဆံတွေကို အလကားလျောက်မဖြုန်းသင့်ဘူး။


အသေးလေးက ကျိယန် လက်ကိုဆွဲကာ ချွဲပျစ်နေတဲ့လေသံနဲ့ 


‘’ ဒယ်ဒီ, နောက်ဆို သားအစားလျော့စားမှဖြစ်မယ်, ပြီးတော့ မာမီအဝတ်အစားအသစ်တွေဝယ်နိုင်ဖို့ ပိုက်ဆံစုပေးရမယ်, အဲ့လိုရလား... ဒီနေ့ မာမီက အကျီလှလှလေးကိုတွေ့ပေမယ့် စျေးအရမ်းကြီးလို့ဆိုပြီး မ၀ယ်လာဘူး’’


ထန်ထန်   ၀တ်တဲ့အဝတ်အစားတွေက ရိုးရိုးပုံမှန်အဝတ်အစားတွေမှန်း သတိရလိုက်မိပြီး ကျိယန် နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်တယ်။ သူမ တကယ်ပဲမ၀ယ်ချင်တာလား... ကတ်ထဲက ငွေလက်ကျန်ကိုပဲ သူမ မတွေ့လိုက်တာလား....


သူ့ဒယ်ဒီ ဘာစကားမှမပြောတာကို တွေ့လိုက်တဲ့အတွက် သူ့မာမီအဝတ်အစား လှလှလေးတွေ ဝယ်မှာကို သဘောမတူဘူးလို့ အသေးလေးက ထင်သွားတယ်။ သူကမျက်မှောင်ကြုတ်လိုက်ပြီး သူ့ဒယ်ဒီလုပ်နေပုံတွေက မဟုတ်သေးဘူးလို့ တွေးလိုက်တယ်။ မိန်းကလေးတွေက စျေးဝယ်ပြီးရင်းဝယ်ရတာကို သဘောကျတယ်လေ, ဒါကို ဘာလို့ဒယ်ဒီက မာမီကိုပေးမဝယ်ရတာလဲ...


 ‘’ ဒယ်ဒီ, မာမီက မိန်းကလေးပါ, ပြီးတော့ ဒယ်ဒီကိုလဲ ကောင်းကောင်းဆက်ဆံပါတယ်, အာ့ကြောင့် မာမီ့ကို သူကြိုက်တာတွေ ပေး၀ယ်သင့်တယ်လို့ သားထင်တယ်, တကယ်လို့ ဒယ်ဒီက ခွင့်မပြုပဲထားရင် နောက်ပိုင်းမာမီဒယ်ဒီကို စိတ်ဆိုးလာမှာကို သတိထားနေတော့, အဲ့ကျရင် ဒယ်ဒီကို ခြေထောက်လဲဆေးပေးမှာမဟုတ်တော့ဘူး, အကျီတွေလဲလျော်ပေးမှာ မဟုတ်တော့ဘူး, ပြီးတော့ စားကောင်းတာတွေလဲ ချက်ကျွေးမှာမဟုတ်တော့ဘူးနော်...’’ 


အသေးလေးက သူ့ဒယ်ဒီကြောက်အောင်လို့ စိတ်ထဲရှိသမျှအကုန်ထုတ်ပြောလိုက်တယ်။


ကျိယန်ကပေါ့ပါးစွာရယ်လိုက်ပြီး အသေးလေးရဲ့နဖူးကို ထုလိုက်တယ်


” အိုကေ, ဒယ်ဒီက သားမာမီကို သူကြိုက်တာတွေဝယ်ဖို့ ခွင့်ပြုပေးလိုက်ပြီကွာ, ဒါပေမယ့် သားအတွက်ကတော့ မာမီနဲ့ညှိရမယ်, နို့နဲ့အသီးတွေကလွဲလို့ တခြားမုန့်တွေစားလို့မရဘူးနော်, ဒါဆို သားမာမီအတွက် အကျီလှလှလေးတွေဝယ်ဖို့ ပိုက်ဆံစုလို့ရပြီ’’ 


ဒါကလဲ အသေးလေးရဲ့ ကိုယ်အလေးချိန်လျော့စေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်သွားတယ်။


ကျိရှောင်ကျိုး  က ခေါင်းငြိမ့်လိုက်ပြီး လက်သီးကိုတင်းတင်းဆုပ်ကာ ဆုံးဖြတ်ချက်ချလိုက်တဲ့လေသံနဲ့ 


“ သားလုပ်နိုင်တယ်’’


မုန်တွေစားပြီးတဲ့ ထန်ထန် ပြန်လာချိန်မှာတော့ သားအဖနှစ်ယောက်လုံးက အိပ်ယာပေါ်မှာ လှဲနေကြပြီး ရေဇလုံကိုလဲ သန့်ရှင်းရေးလုပ်ပြီးဖြစ်တယ်။


အိပ်ယာကြီးရဲ့အလယ်မှာတော့ ကျိရှောင်ကျိုး က သူ့ခြေထောက်လေးတွေကို လွှဲဆော့နေပြီး ထန်ထန် ၀င်လာတာကိုမြင်လိုက်တဲ့အခိုက်မှာပဲ သူ့ဘေးဘက်ကိုလက်နဲ့ပုတ်ပြလိုက်ကာ စိတ်အားထက်သန်စွာနဲ့ 


“ ဘာတွေလုပ်နေတာလဲ မာမီ, မြန်မြန်အိပ်ကြရအောင်, မာမီကို သားစောင့်နေတာ ကြာလှပြီ’’


သူမ ပြုံးလိုက်ရင်း အသေးလေးဘေးမှာ လှဲအိပ်လိုက်တယ်။ ထို့နောက် အသေးလေးက သူမရင်ခွင်ထဲပြေးဝင်ခါ သူမလည်ပင်းကိုဖက်ထားလိုက်တယ်။


သူမ အသေးလေးနောက်ကျောကိုပွတ်ပေးရင်း ညတိုင်းဆိုပေးနေကျဖြစ်တဲ့ ကလေးသီချင်းကိုဆိုပေးတဲ့နောက် သိပ်မကြာခင်မှာပဲ ရှောင်ကျိုး  တစ်ယောက် အိပ်ပျော်သွားတော့တယ်။


အသေးလေးအိပ်ပျော်သွားတာ သေချာသွားတဲ့နောက် ဘယ်အချိန်ကတည်းက သူမကိုစိုက်ကြည့်နေမှန်းမသိတဲ့ ကျိယန် ကို လှမ်းကြည့်လိုက်မိတယ်။ သူ့အကြည့်ကို နားမလည်နိုင်စွာနဲ့ပဲ ယောင်ချာချာနဲ့မေးလိုက်တယ်


 “ ယောကျာ်း, ရှင်ကော မအိပ်သေးဘူးလား...’’


‘’အင်း’’ 


ကျိယန်  က သူမကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်ပြီး ညအိပ်မီးသီးကိုလှမ်းပိတ်လိုက်တယ်။ ထို့နောက် အခန်းက မည်းမှောင်သွားတော့တယ်။


သူမ သက်ပြင်းချလိုက်ပြီး အိပ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲ အမှောင်ထဲက ကျိယန်  ရဲ့ လေးနက်တဲ့အသံကိုကြားလိုက်ရတယ်


 “ ထန်ထန် ကိုယ် မင်းနဲ့သား အတွက် ပိုက်ဆံလုံလုံလောက်လောက် ရှာနိုင်ပါတယ်၊ ဒါကြောင့် ပိုက်ဆံအတွက် မင်းစိတ်ပူဖို့မလိုအပ်ဘူးနော်’’


‘’ဟင်...’’ 


ထန်ထန် စိတ်ရှုပ်ထွေးသွားတယ်။ ရုတ်တရက် သူဘာလို့ သူမကို ဒီလိုပြောလဲဆိုတာ သူမ နားမလည်ဘူး။ ခဏနေပြီးနောက်, ဘယ်လိုပြန်ဖြေရမှန်းမသိတဲ့အတွက် 


‘’ အိုး...ဟုတ်...ကျွန်မသိပါပြီ’’ 


လို့သာ ပြောလိုက်တော့တယ်။


ထန်ထန်  က ဆက်စောင့်နေပေမယ့်လဲ ကျိယန် က ဘာမှဆက်မပြောတော့ပေ။ သူဆက်မပြောတာ သေချာသွားတဲ့နောက် သူမလဲ တဖြည်းဖြည်းအိပ်ပျော်သွားတော့တယ်။


- - - -  - - - - - - - - - - - - -