အခန်း( ၃၀)ကြက်ဥဆားရေစိမ်
Viewers 51k

အခန်း(၃၀) - ကြက်ဥဆားရေစိမ်


မိန့်ကျဲက အမြန်ပြောသည်။ “ဒီဝက်ခြေထောက်လောက်က ကိစ္စမရှိဘူး။ နင် ငါ့ကို တစ်ရက်သာ ကြိုပြောထားလိုက် ငါ ယူထားပေးမယ်။”


“ကျေးဇူးပါ ကျဲ” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။


နှစ်ယောက်သား စကားစမြည်ပြောကြပြီး လင်းချင်းဟယ်က ရေနံဆီအကြောင်း မေးလိုက်သည်။ မိန့်ကျဲက သူမကို မနက်ဖြန်ကျရင် ထိုအရာအားလုံးကို ပြန်လာယူဖို့ ပြောသည်။ မိန့်ကျဲရဲ့ကောင်တာမှာ ဧည့်သည်တစ်ယောက်ရှိနေတာကို တွေ့လိုက်ရတော့ သူမ မိန့်ကျဲကို နှုတ်ဆက်ပြီး ပြန်လာသည်။


လင်းချင်းဟယ်က အိမ်ပြန်ဖို့ အလျင်လိုနေတာ မဟုတ်ဘူး။ သူမသည် ခြင်းတောင်း၏အောက်ခြေတွင် အဝတ်စတစ်စဖြင့် ခြင်းတောင်းကိုဖုံးအုပ်ထားကာ နေရာများစွာကို လှည့်လည်ကြည့်ရှုသည်။ အိမ်မပြန်ခင်မှာ ငရုတ်သီး၊ ဂျင်းခြောက်၊ ကြက်သွန်ဖြူစသည်ဖြင့် မီးဖိုချောင်သုံးပစ္စည်းများကို ဝယ်ယူခဲ့သည်။


လင်းချင်းဟယ်သည် ကျိုးကျားရွာသို့ ရောက်ခါနီးတွင် သူမနေရာလွတ်ထဲမှ ကြက်ဥများကို ထုတ်ယူခဲ့သည်။ သုံးကျင်ပတ်ဝန်းကျင်လောက်ရှိတယ်။ အသားနဲ့ပတ်သက်တာ ဘာတစ်ခုမှ မထုတ်ယူခဲ့ပေ။

 

အဲ့တာက မနက်ဖြန်ကျရင် ရမှာပဲလေ။


သို့သော်လည်း ဘန်းမုန့်နှစ်ခုကိုတော့ ထုတ်ယူခဲ့သည်။ ကလေးသုံးယောက်က ရက်အတော်ကြာ အသားမစားရတဲ့အတွက် အသားတစ်ချို့အစား ဒါကို ပေးရမယ်။


တကယ်တော့ ဒါက သူမရဲ့စံနှုန်းအရကြောင့်ပင်။ ရွာ၏စံနှုန်းအရဆိုလျှင် ဒီညီအစ်ကိုတွေ ပျားရည်အိုးမှာ နေထိုင်သလို အရမ်းသာယာနေကြသည်မှာ သေချာပါသည်။


နေ့တိုင်း ကြက်ဥတစ်လုံးနှင့် ရံဖန်ရံခါ ယုန်ဖြူသကြားလုံးများ၊ ပန်သီး၊ သစ်တော်သီးနှင့် စွံပလွံသီးများကိုပင် စားကြရသည်။


ဤအရာသာ ဒုက္ခဖြစ်ခဲ့လျှင် မည်သည့်အရာကများ ဆိုးဝါးတယ်လို့ဆိုနိုင်မည်နည်း။


ဒါပေမယ့် လင်းချင်းဟယ်မှာ ဒီလို နားလည်သဘောပေါက်မှုမျိုး မရှိဘူး။


အိမ်သို့ပြန်ရောက်ချိန်တွင် လင်းချင်းဟယ်သည် အမေကျိုးအား ဝက်ခြေထောက်များအကြောင်းအား တစ်ရက်မျှ စောင့်ဆိုင်းပြီးနောက် ရမည်ဖြစ်ကြောင်း ပြောပြလိုက်သည်။


အမေကျိုးက သူမမှာ အသားရဖို့ နည်းလမ်းတကယ်ရှိတာကို မြင်လိုက်ရပြီး ရင်ထဲမှာ စိတ်ခံစားချက်တွေ တဟုန်ထိုး မြင့်တက်လာသည်။ မျှော်မှန်းထားသည့်အတိုင်း စားနိုင်သောက်နိုင်သူသည် မိမိအကျိုးစီးပွားကို ပိုမိုတိုးတက်စေနိုင်သည်။


အမေကျိုးသည် လင်းချင်းဟယ်၏ စျေးခြင်းတောင်းထဲသို့ ချောင်းကြည့်လိုက်သည်။ လင်းချင်းဟယ်သည် ပုံမှန်အတိုင်း သူမစစ်ဆေးကြည့်ရှုတာကို မကြောက်ပေ။ သူမသည် အဖြူရောင်ဘန်းမုန့်နှစ်ခုကို ထုတ်ယူလိုက်သည်။


“အဖြူရောင် ဘန်းမုန့်တွေ” လောင်တနှင့် လောင်အာ့တို့၏ မျက်လုံး‌လေးများ တလက်လက် တောက်ပလာသည်။


မကြာသေးမီ ရက်များအတွင်း ပိုမိုထက်မြက်တက်ကြွလာသည့် လောင်စန်းလေးသည်လည်း ချက်ချင်းပြေးလွှားလာကာ “စားမယ် စားမယ်”လို့ ရေရွတ်နေလေသည်။


ဒီအဖြူရောင်ဘန်းမုန့်ကို သူ မစားရတာ ကြာပေမယ့် အရသာရှိတယ်ဆိုတာကို သူ အမှတ်ရနေဆဲပါပဲ။


“လောင်တ ဒါကို လာယူပြီး တစ်ခုစီကို ဓားနဲ့တစ်ဝက်ပိုင်းလိုက်။ မင်းက အစ်ကိုအကြီးဆုံးဆိုတာကို အမှတ်ရနော်။ မင်းက တရားမျှတညီညွှတ်ရမယ်။” လင်းချင်းဟယ်သည် ဘန်းမုန့်နှစ်ခုကို လောာင်တလက်ထဲသို့ ထည့်ပေးပြီး ပြောလိုက်သည်။


လောင်တကပြောသည်။ “ဟုတ်ကဲ့ သား တရားမျှတမှုရှိမှာပါ။


လောင်အာ့က စိတ်ပူသွားပြီး သူ့နောက်ကနေ မီးဖိုချောင်ထဲသို့ လိုက်ပါသွားသည်။


ဒါက ဘန်းမုန့်ကို ပိုင်းဖြတ်ခိုင်းလိုက်ရုံပါပဲ။ သူက နှစ်သစ်ကူးပြီးသွားရင် အသက်ခြောက်နှစ်အရွယ်သို့ရောက်ပြီ။ ဒါ့ကြောင့် လင်းချင်းဟယ်က သူ့ကို ဒီကိစ္စအား ကြီးကြပ်ပေးခြင်းမရှိပဲ ကိုင်တွယ်ခွင့်ပေးလိုက်သည်။


လောင်တက ဘန်းမုန့်ကို တစ်ဝက်ခြမ်းလိုက်ပြီး လောင်အာ့ကို တစ်ဝက်ပေးသည်။ နောက်တစ်ခြမ်းကို လောင်စန်းကို ပေးလိုက်သည်။ ဒါပေမယ့် လောင်စန်းက သူ့အဝတ်တွေကို ဆီတွေစွန်းပေပြီး လျှော်ဖွတ်ရခက်မှာကို စိုးရိမ်သောကြောင့် သူ့လက်ထဲ တန်းမထည့်ပေးခဲ့ဘူး။ အဲ့ဒီအစား သူက ပန်းကန်တစ်လုံးထဲထည့်ပြီး သူ့အမေဆီ ထွက်လာခဲ့တယ်။


“နောက်တစ်ဝက်ကို သားတို့အဖွားကိုပေးလိုက်” လင်းချင်းဟယ်က ပန်းကန်လုံးကိုယူပြီး လောင်စန်းကို ဇွန်းဖြင့် ခွံ့ကျွေးလိုက်သည်။


အမေကျိုးက ငြင်းပယ်ချင်ပေမယ့် လင်းချင်းဟယ်က တစ်ဖက်မှ ပန်းကန်လုံးကို တစ်ဖက်မှ လောင်စန်းချီရင်း အထဲသို့ ပြန်ဝင်သွားသည်။ အပြင်ဖက်မှာ အရမ်းအေးတယ်။


“အဖွား ဒါကိုစားကြည့်။ ဒီအဖြူရောင်ဘန်းမုန့်က အရမ်းအရသာရှိတယ်။” ကျိုးလောင်တသည် သူ့အဖွားကို ကျန်ဘန်းမုန့်တစ်ဝက်ကို ကမ်းပေးရင်း တိုက်တွန်းပြောဆိုသည်။


“အရသာရှိတယ်။” လောင်အာ့ကလည်း ခေါင်းညိတ်ထောက်ခံသည်။


အမေကျိုးသည် ဘန်းမုန့်ကို လက်ခံလိုက်သည်။ ထိုဘန်းမုန့်တွင် ကြက်ဥတွေနဲ့ အသားပါ ပါဝင်သည်။ ထို့အပြင် ဒီဘန်းမုန့်ကို ဂျုံမှုန့်ဖြင့် ပြုလုပ်ထားသည်။ ဒါက အရသာမရှိဘူးလို့ဆိုရင် ထူးဆန်းနေလိမ့်မည်။


သူ့ချွေးမက သူမ မစားရတာကို စိတ်ထဲမထားတာကို မြင်ရတော့ အမေကျိုးလည်း ထိုဘန်းမုန့်ကို စားလိုက်သည်။ အမှန်တိုင်းပြောရရင်... ဒါက သူမလျှာကို‌တောင် မျိုချချင်မိလောက်သည့်အထိ အရမ်းအရသာရှိလွန်းတယ်။


“အမေ ဒီမှာ နေ့လည်စာစားဖို့ နေဦးမလား။” လင်းချင်းဟယ်က မေးသည်။


“မနေတော့ဘူး။ နင်ပြန်ရောက်ပြီဆိုတော့ ငါ အခုပဲ အိမ်ပြန်တော့မလို့” အမေကျိုးက တုံ့ပြန်ပြောဆိုသည်။


“လောင်တ လောင်အာ့ မင်းတို့အဖွားကို ပြန်လိုက်ပို့ကြ။” လင်းချင်းဟယ်က သူတို့ကို ညွှန်ကြားလိုက်သည်။


“အဖွား သွားကြရအောင် သားတို့ အဖွားကို ပြန်လိုက်ပို့မယ်။” လောင်တနှင့် လောင်အာ့တို့က ပြောသည်။


အိမ်နှစ်အိမ်ရဲ့အကွာအဝေးက သိပ်မဝေးတာကြောင့် အမေကျိုးကို ညီအစ်ကိုနှစ်ယောက်အား ပြန်လိုက်ပို့ခိုင်းသည်။ သူတို့ ဒီနှစ်ဆောင်းတွင်းမှာ ဝတ်ဆင်ထားတွေကြောင့် နွေးထွေးနေသည်။


အိမ်မှာ ထင်းစည်းအလုံအလောက်ရှိတယ်။ ဒီဆောင်းတွင်းမှာ ထင်းမီး မလုံလောက်မှာကို စိုးရိမ်နေဖို့ မလိုပါဘူး။ ဒါ့အပြင် လောင်တအတွက် ဆွယ်တာအင်္ကျီထိုးပေးပြီးသွားပြီး လောင်အာ့အတွက်တော့ ဆွယ်တာအင်္ကျီတစ်ဝက်လောက်ကို ထိုးပြီးနေပြီ။


အိမ်မှာ ချည်လုံးတွေ အများကြီးရှိတော့ လောင်စန်းလေးအတွက်လည်း ရမယ့်ပုံ ရှိတယ်။


အိမ်သို့ပြန်‌ရောက်သည်နှင့် အမေကျိုးသည် လောင်တနှင့် လောင်အာ့တို့ကို အိမ်ဟောင်းထဲမဝင်ခင် ပြန်ခိုင်းခဲ့သည်။


အဖေကျိုးက တစ်ရေးအိပ်စက်ရာမှ နိုးလာသည်။ သူက အမေကျိုးပြန်‌ရောက်နေတာကို တွေ့တော့ မေးလိုက်သည်။ “မင်း ဘာလို့ ပြန်ရောက်နေတာလဲ။”


“စတုတ္ထလေးရဲ့ဇနီးက အိမ်ပြန်ရောက်နေပြီလေ။ ကျွန်မ အဲ့အိမ်မှာနေတော့ ဘာထူးမှာမို့လဲ။” အမေကျိုး ပြောသည်။


အဖေကျိုးရဲ့နှာခေါင်းက တရှုံ့ရှုံ့ဖြစ်သွားကာ “ဘာအနံ့လဲ။” လို့ မေးလိုက်သည်။


“ဟိုအိမ်မှာ ဘန်းမုန့်တစ်ဝက်စားလာတာလေ” အမေကျိုးက ပြန်ဖြေသည်။


အိမ်မှာ အသားတွေ ရှိပေမယ့် ဘန်းမုန့်အကြောင်းကို တွေးမိချိန်မှာ အဖေကျိုးက လွမ်းဆွတ်မတမ်းတပဲ မနေနိုင်ပါဘူး။


သူ့ဘဝတွင် ဘန်းမုန့်ဖြူကို တစ်ခါသာ စားဖူးသည်။ ထိုအရသာက သူ့တစ်သက်မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အရာတစ်ခုဖြစ်ပြီး အခုအချိန်အထိ ပြန်တမ်းတနေတုန်းပါပဲ။


“စားချင်လား။” အမေကျိုးသည် သူ့ကိုကြည့်ရင်း သူ ဘာတွေးနေမှန်းသိ၍ တခစ်ခစ်ရယ်ရင်း စနောက်လိုက်သည်။


“ဘာစားချင်ရမှာလဲ။ တတိယချွေးမ မွေးခါနီးဖွားခါနီးအချိန်မှာ ဖြုန်းတီးနေစရာ မလိုဘူး။ သူမစားဖို့အတွက်သာ ထားလိုက်စမ်းပါ။” အဖေကျိုးသည် သူ့လက်ကို ‌‌ဝှေ့ယမ်းရင်း စကားဆိုသည်။


အခုခေတ်က အရင်ကထက်စာရင် အများကြီး ပိုကောင်းမွန်လာသည်။ လူတိုင်း စားစရာ လုံလောက်ပြီး ကျေနပ်မှုပြည့်နေကြသည်။ သူလည်း စိတ်ကျေနပ်လေသည်။ ဘန်းမုန့်ဖြူကြီးအတွက်ကတော့ တစ်ခုမှမစားရရင်တောင် သူ ဘာမှ မဖြစ်ပါဘူး။


သူက ထိုအကြောင်းကို ထပ်မတွေးတော့ပေမယ့် လောင်အာ့ကတော့ သူ့အမေကို ပြောပြနေခဲ့သည်။ “အမေ အဖွားက စားပြီးပြီ။ အဖိုးကျတော့ မစားရသေးဘူးလေ။”


များသောအားဖြင့် အဖိုးက သူတို့အပေါ် အရမ်းကောင်းသည်။


လောင်တက ခေါင်းညိတ်သည်။ “သားတို့ ဆာလောင်တဲ့အခါတုန်းက အဖိုးက သားတို့ကို ထမင်းကျွေးဖို့ ခေါ်ဖူးတယ်။”


စားသောက်ရတာ အရသာသိပ်မရှိပေမယ့် သူတို့ရဲ့ဝမ်းဗိုက်ကို ပြည့်စေနိုင်ပါသေးသည်။


မူလခန္ဓာပိုင်ရှင်က သိပ်ဂရုမစိုက်သောကြောင့် သူတို့ဗိုက်ဆာတဲ့အခါမှာ သူတို့ရဲ့အဖိုးနဲ့အဖွားဆီ သွားဖူးတာကို သူတို့ မှတ်မိနေပါသေးသည်။


လင်းချင်းဟယ်က နားလည်သွားပြီး ပြောသည်။ “ဒါဆို မနက်ဖြန် အမေ အသားသွားဝယ်တဲ့အခါကျရင် သားတို့အတွက် ဘန်းမုန့်အကြီးကြီးတစ်ခုပါ ယူလာခဲ့မယ်။ သားတို့ အဲ့တာကို သားတို့အဖိုးကို သွားပေးလိုက်ကြပေါ့။ ဒါပေမယ့် သားတို့ ခိုးကြောင်ခိုးဝှက်သွားပေးပြီး သားတို့အဖိုး သေချာစားမစားကိုပါ စောင့်ကြည့်ခဲ့ကြ။”


“ဟုတ်ကဲ့ပါ။” လောင်တနှင့် လောင်အာ့တို့ နှစ်ယောက်စလုံး ခေါင်းညိတ်ကြသည်။


လင်းချင်းဟယ်က သူတို့ရဲ့ခေါင်းလေးတွေကို ပွတ်သပ်ပေးရင်း “မဆိုးပါဘူး။” လို့ ဆိုသည်။


သူတို့ရဲ့မျက်လုံးများ အရောင်တောက်ပလာကြသည်။


“သားတို့ နေ့လည်ကျရင် ဘာစားချင်လဲ။” လင်းချင်းဟယ်က မေးခွန်းထုတ်သည်။


“ကြက်ဥဖက်ထုပ်စားချင်တယ်။” လောင်တက ပြန်ဖြေသည်။


လောင်အာ့က ခေါင်းညိတ်ထောက်ခံသည်။


ထိုအရာကို ညတွင်းချင်း ပြုလုပ်နိုင်ပြီး ဒီရာသီဥတုတွင် ညဖက်ကြီး ဖက်ထုပ်ပြင်ဆင်ချက်ပြုတ်ပေးဖို့ ပြဿနာမရှိချေ။


ဒီတော့ လင်းချင်းဟယ်က သူတို့အတွက် ဖက်ထုပ်ပြုတ်ပေးသည်။ ဖက်ထုပ်စွပ်ပြုတ်ထဲတွင် ပုဇွန်ဆိတ်လေးများကို ထည့်သွင်းထားပြီး အရသာ အရမ်းကောင်းမွန်သည်။


နေ့တိုင်း အိမ်တွင် အခြားလုပ်စရာမရှိ၍ လင်းချင်းဟယ်သည် ကြက်ဥအချို့ကို ဆားရည်စိမ် လုပ်ချင်လာသည်။


ဆားရည်ဘယ်လိုစိမ်ရမလဲဆိုတာကို သူမ သိသည်။ ထို့အပြင် သူမသည် ဆေးဘဲဥလုပ်နည်းကိုပါသိသည်။ သူမသည် ထိုနည်းလမ်းများကို သူမအဖွားထံမှ သင်ယူဖူးသည်။ ထိုအရာမှ ဆီတွေအများကြီး တစိမ့်စိမ့်ထွက်လာသည်။


လင်းချင်းဟယ်သည် ကြက်ဥဆားရည်စိမ်ဖို့ ပုလင်းသေးတစ်ခုကို ပြင်ဆင်ထားသည်။ သိပ်မများပါဘူး။ နှစ်ကျင်းလောက်ကိုပဲ ဆားရည်စိမ်ထားမှာဖြစ်သည်။ သူမသည် ထိုကြက်ဥများကို နေရာလွတ်ထဲမှ ထုတ်ယူခဲ့သည့်အပြင် ဒီနေ့ အပြင်ဖက်မှာလည်း ဝယ်ယူလာသေးသည်။


ကြက်ဥတွေကို အရသာစိမ်သည့်အခါ ဝိုင်ဖြူထည့်ဖို့ လိုအပ်သည်။ ဆားရည်စိမ်ပြီး တစ်လအကြာတွင် စားသုံးနိုင်သည်။ အခုအချိန်မှာ ဆားရည်စိမ်ထားရင် နောက်တစ်လအကြာမှာ စားသောက်ဖို့ ထုတ်ယူနိုင်ပေလိမ့်မည်။


ကြက်ဥတွေကို ဆားရည်စိမ်ဖို့လုပ်သည့်အခါမှာ လင်းချင်းဟယ်သည် သူမကိုကူညီပေးဖို့ လောင်တနဲ့ လောင်အာ့တို့အား သဘာဝကျစွာ ခိုင်းစေသည်။ ဥပမာအားဖြင့် သူမသည် ကြက်ဥတွေကို ပွတ်တိုက်ဆေးကြောသည့်တာဝန်ကို သူတို့ကို ပေးအပ်ခဲ့သည်။


သူမသည် သူတို့ကို နူးညံ့သိမ်မွေ့စွာ ပြုစုပျိုးထောင်ဖို့ ရည်ရွယ်ချက် မရှိပေ။


ကြက်ဥတွေကို ဆေးကြောပြီးတာနဲ့ လင်းချင်းဟယ်သည် သူတို့လေးတွေရဲ့ လက်တွေကို ချက်ချင်း ရေနွေးနွေးလေးဖြင့် ဆေးကြောပေးကာ လက်လိမ်းခရင်မ်ကို လိမ်းပေးလိုက်သည်။ ထိုသို့လုပ်ပြီးနောက် သူမသည် ကလေးတွေကို ပန်းသီးကျွေးလိုက်ပြီး အနွေးကုတင်ဆီသို့ လွှတ်လိုက်သည်။


ထောင့်စွန်းမှာ ကြက်ဥဆားရေစိမ်အိုးကို ချလိုက်ကာ သူမသည် အနွေးကုတင်နားသို့ လျှောက်လာကာ ညီအစ်ကိုတွေရဲ့ပါးပြင်တွေကို ဖြစ်ညှစ်လိုက်သည်။ သို့ပြီးနောက် လင်းချင်းဟယ်သည် ဆွယ်တာအင်္ကျီတစ်ထည်ကို ချည်ထိုင်ထိုးနေခဲ့သည်။


လက်ရှိ ရာသီဥတုအပူချိန်နှင့် အိမ်တွင် ထင်းအလုံအလောက် ရရှိသောကြောင့် သူမထင်းသုံးစွဲမှုကို ချွေတာရန် မလိုအပ်ပါ။ အနွေးကုတင်ကို အမြဲတမ်းအပူပေးထားသောကြောင့် ဒါက အရမ်းပူနွေးနေသည်။


အနွေးကုတင်သည် အတော်လေး ခြောက်သွေ့ပြီး သစ်သီးများကို အခြောက်ခံခြင်းများ ကဲ့သို့သော အရေးကိစ္စများကို ပြုလုပ်ရန် သင့်တော်သည်။ သို့ပေမယ့် ထောက်ပံ့ရေးနှင့် ဝယ်လိုအား သမဝါယမအသင်းတွင် အသီးအနှံများ မရှိပေ။