အခန်း(၃၁)ဝက်အဆီချက်ခြင်း
Viewers 40k

အခန်း(၃၁) - ဝက်အဆီ ချက်ခြင်း


နောက်ဆုံးတစ်ခေါက်တုန်းက လိမ္မော်သီးကို ခရိုင်မြို့၏ ထောက်ပံ့ရေးနှင့် ဝယ်လိုအား သမဝါယမ အသင်းအဖွဲ့၌ သူမ တွေ့လိုက်ပြီး ရွာအုပ်စု ထောက်ပံ့ရေးနှင့် ဝယ်လိုအား သမဝါယမအသင်းတွင် လုံးဝရှာမတွေ့ပေ။ ထိုအချိန်တုန်းက နယ်မြေထဲတွင် ပန်းသီး၊ သစ်တော်သီးနှင့် စပျစ်သီးများ ရှိနေသောကြောင့် ထိုအကြောင်းကို သူမ မတွေးတော့ဘဲ မဝယ်တော့ရန် ဆုံးဖြတ်ခဲ့သည်။


အခုတော့ သူမ နောင်တရနေမိသည်။


သူမသည် တစ်ချိန်လုံး အိမ်မှာပဲ ရှိနေသောကြောင့် ဆွယ်တာထိုးခြင်းသည် ပုံမှန်အားဖြင့် မြန်ဆန်သည်။ ည၌ သူတို့သည် ပင်လယ်ရေညှိနှင့် ပုဇွန်အရေခွံယာဂုကို စားကြသည်။ သူမသည် တစ်ခဏကြာအောင် သိုးချည်ထိုးခြင်းကို အချိန်ပိုပေးပြီး လုပ်သဖြင့် လောင်အာ့၏ဆွယ်တာ ထိုးလို့ပြီးသွားသည်။


နောက်တစ်နေ့တွင် သူမသည် လောင်တနှင့် သူ့ညီတွေကို အိမ်မှာပဲ နေစေသည်။ အုတ်ကုတင်ကို အပူပေးထားပြီး သူတို့တွေကိုလည်း ဝဝလင်လင် ကျွေးမွေးထားသည်။ သူတို့တွေက လောင်စန်းကို ကြည့်ထားပေးရုံပဲ။ သူမ မြန်နိုင်သမျှ အမြန်ဆုံး ပြန်လာမည် ဖြစ်သည်။


အိမ်မှာ ကလေးသုံးယောက်ပဲ ရှိနေသောကြောင့် သူမသည် မြန်မြန် လမ်းလျှောက်ခဲ့သည်။ သူမ ရောက်သွားတာနဲ့ အစ်မမိန်က လှမ်းပေးသည်။ သူမကလည်း ဆပ်ပြာတစ်ခဲ ပေးလိုက်သည်။


သူမနယ်မြေထဲတွင် ဆပ်ပြာသေတ္တာ အနည်းငယ် ရှိသည်။ တစ်သေတ္တာမှာ ဆပ်ပြာ ဆယ်ခဲ ပါရှိသည်။ သူမသည် အဝတ်လျှော်ရန်နှင့် ရေချိုးရန် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။


တစ်ချက်ကြည့်ရုံဖြင့် ဆပ်ပြာကို ခရိုင်မြို့မှ ဝယ်လာမှန်း အစ်မမိန် သိလိုက်သည်။ မဟုတ်ရင် ဒီလို လှပပြီး မွှေးကြိုင်နေမှာ မဟုတ်ဘူး။


ယေဘုယျအားဖြင့် သူမသည် ဒီလောက်ကောင်းသည့် ပစ္စည်းကို သူမ(လင်းချင်းဟယ်)ထံမှ လက်မခံရဲပေ။ လင်းချင်းဟယ်က သူမကို ပြောသည်။ " အစ်မ… ကျေးဇူးပြုပြီး လက်ခံပေးပါ။ ကျွန်မကို ယဉ်ကျေးမနေပါနဲ့။ ကျွန်မအတွက် အရိုးတွေ ရယူပေးတာနဲ့တင် အစ်မကို ကျွန်မက ကျေးဇူးတင်ရမှာပါ "


နှစ်ယွမ် အတွက် ချန်မိန်က အဆီများအသား ဂျင်းတစ်ဝက်နှင့် အဆီနည်းအသား ဂျင်းတစ်ဝက် ဝယ်ပေးခဲ့သည်။ ဒါ့အပြင် နံရိုးသုံးရိုး၊ အရိုးကြီးနှစ်ရိုး နှင့် ဝက်နားရွက် တစ်ခုလည်း ပါသေးသည်။


ဒါတွေက တကယ့်ကို လုံလောက်နေပြီ။


ထိုအရာတွေအပြင် သူမက ရေနံဆီ နှစ်ဂျင်းကိုလည်း ပေးခဲ့သည်။


သူမက ပိုက်ဆံပေးခဲ့ပေမယ့် ဒီအရည်အသွေးမြင့် ဆပ်ပြာက ချန်မိန်အတွက် စေတနာဖြင့် ပေးခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမကို စတွေ့တုန်းက သူမသည် အနည်းငယ် မာနကြီးမောက်မာသော်ငြားလည်း ချန်မိန်က လူကောင်းတစ်ယောက်ဆိုတာ သူမ(လင်းချင်းဟယ်) မြင်တွေ့ခဲ့တာကြောင့် ဖြစ်သည်။


သူမသည် အမှန်တကယ် စိတ်ရင်းဖြင့် ပေးမှန်း မြင်တွေ့လိုက်ရတော့ အစ်မမိန်လည်း လက်ခံလိုက်သည်။ ဒီဆပ်ပြာအမျိုးအစားသည် အသုံးပြုရန်အတွက် အရမ်းကောင်းသည်။ နှစ်ယွမ် မရှိဘဲ ဒါကို မဝယ်နိုင်ဘူး။ သူမက တိုးတိုးလေး ပြောသည်။ " ဒီတစ်ခါ ရေနံဆီ အများကြီး မရှိဘူး။ နောက်တစ်ခါဆို အသစ်ထပ်ရောက်မှာ။ ညီမအတွက် အစ်မ ဘေးဖယ်ထားပေးမယ် "


" ကျေးဇူးတင်ပါတယ် အစ်မမိန် " လင်းချင်းဟယ်က ခေါင်းငြိမ့်သည်။


အစ်မမိန်ကို နှုတ်ဆက်စကားပြောပြီးနောက် လင်းချင်းဟယ်က အရာအားလုံးကို ခြင်းတောင်းထဲ ထည့်ကာ ပိတ်စဖြင့် ဖုံးအုပ်ပြီး အိမ်ပြန်လာခဲ့သည်။


သူမ အိမ်ပြန်ရောက်တာနှင့်တစ်ပြိုင်နက် အဆီထုတ်ရန်အတွက် ပြင်ဆင်ရန် နယ်မြေထဲမှ အဆီများအသားများကိုလည်း ထုတ်ယူလိုက်သည်။


" ဒါကို မင်းတို့အဘိုးဆီ သွားပို့ပေးလိုက်ဦး " လင်းချင်းဟယ်က သူတို့ကို အဖြူရောင်ဘန်းမုန့် တစ်ခု ပေးလိုက်သည်။ ညီအစ်ကိုတွေအတွက်တော့ သူမ ထပ်မပေးလိုက်တော့ဘူး။


ဒါကို သူတို့အဘိုးဆီ သွားပို့ပေးရမယ့် အကြောင်း သူတို့ကြားတော့ ညီအစ်ကိုတွေက တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်မနေကြဘူး။


သူတို့တွေက ဘန်းမုန့်ကို ဆီစိမ်စက္ကူဖြင့် ထုပ်ကာ လက်မောင်းကြား ထည့်ပြီး ကျိုးအိမ်ဆီ သွားပို့ကြသည်။


ဒီရက်ပိုင်းအတွင်း အရမ်းအေးတာကြောင့် ကျိုးအဖေသည် အုတ်ကုတင်ပေါ်တွင် ထိုင်နေသည်။ သူသည် စီးကရက်သောက်နေပြီး သက်တောင့်သက်သာဖြင့် ဇိမ်ကျနေသည်။


" အဘိုး… ကျွန်တော်တို့ လာတယ် " လောင်တနှင့် လောင်အာ့က ရယ်ပြုံးကာ နှုတ်ဆက်လိုက်သည်။


" မင်းတို့ညီအစ်ကို နှစ်ယောက်က ဒီကို ဘာလို့ ရောက်လာတာလဲ " ကျိုးအဖေက အပြုံးလေးဖြင့် မေးသည်။


" အဘိုး…… ဒါက အဘိုးစားဖို့အတွက် " လောင်တသည် သူ့လက်မောင်းကြားက ဆီစိမ်စက္ကူကို ထုတ်ယူလိုက်ပြီး သူတို့အဘိုးဆီ ပေးလိုက်သည်။


" ဒါက ဘာလဲ " ကျိုးအဖေသည် ခဏလောက် တန့်သွားပြီး မေးလိုက်သည်။


" အဘိုး ကြည့်လိုက်ရင် သိလိမ့်မယ် " မျက်တောင်ခတ်လိုက်ပြီး လောင်အာ့က အလေးအနက် ပြောသည်။


ကျိုးအဖေသည် လက်ခံလိုက်ပြီးနောက်တွင် ထိုအရာက ပူပူနွေးနွေး အဖြူရောင်ဘန်းမုန့်မှန်း သိလိုက်ရသည်။ ကြက်သေ,သေ မှင်တက်သွားပြီး ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်သည်။ " ဒါ ဘာကနေ ရလာတာလဲ "


" ကျွန်တော်တို့အမေ ဝယ်လာခဲ့တာ " လောင်တက ဖြေသည်။


" မနေ့က အဘွားက စားရပြီး အဘိုး မစားလိုက်ရဘူးလေ။ ဒါကြောင့် အမေ အသားဝယ်သွားတဲ့အခါ ဒါကို ဝယ်လာခဲ့တာ။ အဘိုး…… စားလိုက်ပါ " လောင်အာ့က ရှင်းပြသည်။


ကျိုးအဖေ အကြမ်းဖျဉ်း သဘောပေါက် နားလည်သွားသည်။ သူတို့တွေ မနေ့က စားကြပြီး သူ မစားလိုက်ရတာကြောင့် သူ့မြေးနှစ်ယောက်က ဒါကို သူ့အတွက် ယူလာပေးတာ။ သူတို့အမေက သူ့အတွက် ဝယ်လာခဲ့ပေးတာ။


" အဘိုး မစားတော့ပါဘူး……… မြေးတို့ပဲ စားလိုက်ကြလေ " ကျိုးအဖေသည် စိတ်ထဲတွင် အရမ်းစိတ်ချမ်းသာသလို ခံစားနေရသည်။ စတုတ္ထသားရဲ့ဇနီးက အတုယူရန် စံနမူနာ ထားထိုက်သူ ဖြစ်တယ် လို့ တွေးထင်လိုက်သည်။


" ကျွန်တော်တို့ စားပြီးပြီ " လောင်တက ခေါင်းခါပြသည်။


" အင်း… ကျွန်တော်တို့ မနေ့က စားပြီးပြီ " လောင်အာ့က ခေါင်းညိမ့်သည်။ သူက လောဘကြီးသော်လည်း သူတို့အဘိုးဟာကိုတော့ ဘယ်တော့မှ စားမှာမဟုတ်ဘူး။


ဒါကြောင့် ကျိုးအဖေသည် သူ့ဘဝတွင် သူ၏ ဒုတိယမြောက် အဖြူရောင်ဘန်းမုန့်ကို စားခဲ့သည်။


သူ မှတ်မိနေသလို အရသာရှိနေဆဲပင်။ အရမ်းအရသာရှိလွန်းသောကြောင့် သူ စားပြီးသွားသောအခါ အချိန်တော်တော်ကြာတဲ့အထိ ထိုအရသာထဲ နစ်မျောနေမိသည်။


သူ သတိပြန်ဝင်လာချိန်တွင် သူ့မြေးနှစ်ယောက်က သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ကျိုးအဖေသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ ဒီလောက်ကြီးတဲ့ ဘန်းမုန့်ကို သူက နည်းနည်းလေးတောင် မချန်ထားမိဘူး။


" အဘိုး…… စားကောင်းလား " ကျိုးလောင်တက မေးသည်။


" အဲဒါက အရမ်းစားကောင်းလိမ့်မယ် " လောင်အာ့က ပြောသည်။


" ဟုတ်တယ် " ကျိုးအဖေက ခေါင်းညိမ့်သည်။ " ဒီလောက်စားကောင်းတဲ့ ဘန်းမုန့်ကို အဘိုးကို စားဖို့ ယူလာပေးလို့ မြေးလေး လောင်တနဲ့ လောင်အာ့ကို ကျေးဇူးတင်လိုက်တာ "


လောင်တနှင့် လောင်အာ့သည် အားရပါးရ ပြုံးပြလိုက်ပြီး စိတ်ပျော်ရွှင်စွာဖြင့် ပြန်လာကြသည်။


ကျိုးအဖေသည် အရသာအကြောင်းကို ထပ်တလဲလဲ ဆက်လက် ပြန်လည် ခံစားတွေးတောနေသည်။ ဒီအဖြူရောင် ဘန်းမုန့်က သူ မှတ်မိနေတာထက် ပိုပြီး အရသာရှိနေတယ်။ တကယ့်ကို အနံ့အရသာ ပြည့်စုံတာပဲ။


ထိုအချိန် ကျိုးအမေ ဝင်လာပြီး မေးသည်။ " လောင်တနဲ့ လောင်အာ့ လာသွားတယ်လို့ သားကြီးရဲ့ဇနီးက ပြောတယ် "


" အင်း… ငါ့ကို သူတို့တွေ ဘန်းမုန့် လာပို့တာ " ကျိုးအဖေက ပြန်ဖြေသည်။


ကျိုးအမေသည် ခဏတာမျှ မှင်တက်သွားပြီး " သူတို့တွေ တကယ် လာပို့တာလား "


" မနေ့က ငါ မစားလိုက်ရလို့ အစားပေးရအောင် ဒီနေ့ သူတို့အမေက ဝယ်လာခဲ့တာလို့ သူတို့တွေက ပြောတယ် " ကျိုးအဖေက ပြောသည်။


ထိုအကြောင်း ကြားလိုက်တော့ ကျိုးအမေသည် စိတ်အခြေအနေ ပိုကောင်းသွားပြီး ပြောသည်။ " စတုတ္ထရဲ့ဇနီးက မလျော်မကန် သိပ်မဖြစ်တော့ဘူးပဲ "


" အဖြူရောင် ဘန်းမုန့်က တကယ် မွှေးကြိုင်နေတာပဲ " ကျိုးအဖေသည် အနည်းငယ် အိပ်ချင်နေကာ နှုတ်ခမ်းကို အသံမြည်အောင် သပ်လိုက်ပြီး ပြောသည်။


သူမလည်း တစ်ခု စားဖူးပြီးတာကြောင့် ကျိုးအမေက ဘာမှ မှတ်ချက်မပေးလိုက်ချေ။ အဲဒါက အရမ်းအရသာရှိလွန်းလို့ လျှာကိုတောင် မြိုချမိမတတ်ပဲ။


တခြားတဖက်တွင် လင်းချင်းဟယ်သည် ဝက်အဆီကို ချက်ရန် စတင်လိုက်သည်။


သူမသည် နယ်မြေထဲမှ ဝက်အဆီ ငါးပေါင်ကို ထုတ်ယူပြီး အစ်မမိန်ဆီက ယူလာသော တစ်ခုနှင့်အတူ ပေါင်းထည့်လိုက်သည်။ ဒါဆို ဝက်ဆီ တစ်အိုးအပြည့် ထုတ်ယူဖို့ လုံလောက်ပြီ။


အခုလက်ရှိ ရာသီဥတုနဲ့ဆိုရင် ဝက်ဆီက သူ့ဘာသာ ခဲသွားပြီး မပုပ်သိုးသွားနိုင်ဘူး။ အချိန်ကို ခန့်မှန်းကြည့်ရင် ကျိုးချင်းပိုင် ပြန်မလာခင်အထိ မကြာနိုင်ဘူး။ သူက လကုန်မှာ ပြန်ရောက်လာလိမ့်မယ်။ ဒါဆို အိမ်မှာ ပစ္စည်းအမြောက်အများကို သှိမှီးထားရတော့မှာပေါ့။


သူ ပြန်ရောက်လာတာနှင့်တစ်ပြိုင်နက် သူမ သတိကြီးကြီး ထားရတော့မယ်။ မဟုတ်ရင် သူရဲ့နိုးကြားထက်မြက်မှုကြောင့် ဆယ်ကြိမ်မှာ ရှစ်ကြိမ် ကိုးကြိမ်လောက် သူမကို ဖမ်းမိလိမ့်မည်။ သူ ပြန်ရောက်လာရင် နယ်မြေထဲက ပစ္စည်းတွေကို ထုတ်ယူရန် သူမ မစီစဉ်ထားဘူး။


ဒါကြောင့် ဆီများများ ထုတ်ယူခြင်းကို လုပ်ကိုလုပ်ရမယ်။


သေချာတာပေါ့… အိမ်မှာ မြေပဲဆီပုလင်းကလည်း အပြည့်ပဲ။ သူမနယ်မြေထဲမှာ တော်တော်များများ ကျန်နေသေးသည်။


ဝက်အဆီကို ချက်တာက မွှေးကြိုင်တဲ့ အနံ့ပြင်းပြင်းကို ပျံ့လွှင့်စေသည်။ ဒါပေမယ့် အခုတော့ သိသာထင်ရှားမှာ မဟုတ်ဘူး။ အဘယ်ကြောင့်ဆိုသော် မကြာသေးခင်က အသားဝေငှထားပြီး လူတော်တော်များများ ဝက်အဆီကို ချက်ပြုတ်ကြတာကြောင့် ဖြစ်သည်။ ယခုအထိ လူအများစုက သူတို့အသားတွေ စားမကုန်သေးဘူး။ သူတို့တွေက ဖြည်းဖြည်းချင်းသာ စားကြလိမ့်မယ်။ ဒါကြောင့် အသားအနံ့ ပျံ့လွှင့်နေတာက ပုံမှန်ပါပဲ။


ဝက်အဆီ ငါးဂျင်းကနေ ဝက်ဆီ အိုးအပြည့် ထုတ်ယူလိုက်သည်။ ကျန်တာကိုတော့ လင်းချင်းဟယ်က နောက်ထပ်အိုးတစ်လုံးကို အသုံးပြုသည်။ အိုးတစ်ဝက်နီးပါးလောက် ရလိုက်သည်။ ဝက်အဆီတုံး အကြွင်းအကျန်တွေကိုတော့ ပန်းကန်ထဲ ထည့်ထားလိုက်သည်။


ကြော်လှော်တဲ့အခါ အနည်းငယ်ကို သူမ ထည့်ကြော်နိုင်သည်။ ဆီမပါဘဲနဲ့တောင် တစ်ခုခုကို မွှေးကြိုင်နေအောင် ကြော်နိုင်သည်။


ကလေးသုံးယောက်ကလည်း ဝက်ဆီတုံးလေးတွေကို စားရတာ ကြိုက်ကြသည်။ လင်းချင်းဟယ်က သူတို့ကို မတားပေမယ့် အများကြီးတော့ စားခွင့်မပြုချေ။ တစ်ယောက်ကို သုံးတုံးပဲ စားရသည်။ အဲဒါလေးနဲ့တောင် စိတ်ကျေနပ် အာသာပြေနေပြီ။


နေ့လည်စာကို ဂျုံယာဂု စားကြသည်။ လင်းချင်းဟယ် ချက်ထားသော ပဲငံပြာရည်နံရိုးများအပြင် အဆီတုံး အကြွင်းအကျန်များနှင့် ရောကြော်ထားသည့် အသီးအရွက်ကြော်လည်း ပါသေးသည်။ ညီအစ်ကိုသုံးယောက်လုံး ကျေနပ်ကြသည်။ လင်းချင်းဟယ်လည်း အတူတူပဲ။ သူမဘဝက တော်တော်ကောင်းတယ်လို့ ခံစားရသည်။


အခုဆို အမေနှင့် သားတွေက နေ့တိုင်း တစ်နေ့လုံး စားဖို့ပဲ သိကြသည်။ ဒီနေ့ ဘာစားကြမလဲ?? မနက်ဖြန် ဘာစားကြမလဲ?? အမေနှင့် သားတွေ အားလုံးက အစားအသောက်ကောင်း ကြိုက်သူတွေပဲ။


ပျော်ရွှင်စရာ နေ့ရက်များသည် ရက်အနည်းငယ်တောင် မကြာလိုက်ချေ။ နောက်ဆုံး ဆောင်းဦးမိုး ရွာသွန်းပြီးနောက် နောက်ထပ် ဆောင်းဦးမိုး ပြန်ရွာခဲ့သည်။ ထိုဆောင်းဦးမိုးသည်လည်း ရက်အနည်းငယ် ကြာအောင် ရွာခဲ့သည်။ ထိုအချိန်က အရမ်းအေးသည်။ အပူချိန် လေးဒီဂရီ သို့မဟုတ် ငါးဒီဂရီဝန်းကျင်လောက် ဖြစ်နိုင်သည်။ အေးပြီးရင်း အေးနေသည်။