Chapter 6
Viewers 369

အခန်း (၆) - အချစ်၏ နာကျင်မှုကို မခံစားနိုင်ပါ


---


ကျန်းရော့ချန်းသည် အိမ်တော်ထိန်းလော့၏ ပေါရှေးကားပေါ်တွင် ထိုင်နေစဉ် ကွမ်းရင်းကျွင်း၏ "မဟုတ်ဘူး" ဆိုသည့် စကားသံမှာ နားထဲ၌ ဝဲနေဆဲပင်။ ကားလေးသည် လီကျင်အပြည်ပြည်ဆိုင်ရာ ဥယျာဉ်ရှိ တောင်ကုန်းပေါ်မှ ဗီလာအိမ်ကြီးဆီသို့ ဆိုက်ရောက်လာခဲ့သည်။


'သာမန်လူတစ်ယောက်က ထိုကဲ့သို့သော အခြေအနေမျိုးမှာ တကယ်ပဲ "မဟုတ်ဘူး" လို့ ပြောပါ့မလား။'


ကျန်းရော့ချန်းသည် အတွေးကိုယ်စီဖြင့် ဗီလာအိမ်ကြီး၏ ခမ်းနားလှသော ဝင်ပေါက်မှတစ်ဆင့် အတွင်းသို့ လှမ်းဝင်လိုက်သည်။ မီးခလုတ်များကို ဖွင့်လိုက်သောအခါ ဖန်စီမီးဆိုင်းကြီးမှ တောက်ပသော အလင်းရောင်များမှာ တစ်ခုနှင့်တစ်ခု ယှက်ဖြာလျက် ကျဆင်းလာတော့သည်။ သူ၏ အားကစားဖိနပ်ကို ချွတ်လိုက်သည့်အခါ သူ့ခြေထောက်နှင့် အံကိုက်ဖြစ်သော အိမ်စီးဖိနပ်တစ်စုံမှာ ရှေ့သို့ ရောက်ရှိလာ၏။


လော့ဘင်ဝမ်သည် စင်္ကြံလမ်းတွင် ပြုံးလျက် ရပ်နေသည်။ 


"အိမ်ပြန်လာတာ ကြိုဆိုပါတယ် သခင်လေး။"


အိမ်တော်ထိန်းကြီးသည် ဗီလာ၏ အခန်းဖွဲ့စည်းပုံကို စိတ်အားထက်သန်စွာ ရှင်းပြနေတော့သည်။ 


"ရေချိုးခန်းက အပေါ်ထပ်မှာပါ၊ ဘယ်ဘက်ကိုကွေ့ပြီး ညာဘက်ဆုံးက နောက်ဆုံးတံခါးပါ၊ ရေနွေးလည်း ပြင်ထားပြီးပါပြီ၊ ရေချိုးပြီးတာနဲ့ တန်းအိပ်လို့ ရပါတယ်၊ ကျန်တာတွေကိုတော့ အိမ်အကူကပဲ လုပ်ပေးပါလိမ့်မယ်။"


လော့ဘင်ဝမ်သည် အဝတ်အစားများ တင်ထားသော လင်ပန်းကို အမြန်မလိုက်ရင်း ပြောလိုက်သည်။


"ဒါကတော့ လဲဖို့ အဝတ်အစားတွေပါ၊ မိုးလင်းဖို့ တစ်နာရီပဲ လိုပါတော့တယ်၊ သခင်လေး တော်တော်လေး ပင်ပန်းနေမှာဆိုတော့ ဒီနေ့ ကျောင်းမသွားဘဲ အနားယူဖို့အတွက် ကျွန်တော် ခွင့်တိုင်ပေးထားပါတယ်။" 


ကျန်ရော့ချန်းသည် လင်ပန်းကို ယူကာ အူကြောင်ကြောင်ဖြင့် အပေါ်ထပ်သို့ တက်လာခဲ့သည်။ စန္ဒကူးနံ့သာဆီ ရနံ့သင်းပျံ့နေသော ရေနွေးကန်ထဲသို့ ကိုယ်ကို နှစ်လိုက်ပြီး ရေလှိုင်းလေးများကြောင့် လွင့်စဉ်နေသော နှင်းဆီပွင့်ဖတ်ဖြူလေးများကို ငေးကြည့်နေမိသည်။


သူသည် ပွင့်ဖတ်လေးတစ်ခုကို ဖမ်းယူကာ လက်ဝါးထဲတွင် ခြေမွလိုက်ရင်း တိုးညင်းစွာ ရေရွတ်လိုက်၏။ 


"တွေ့လား... ငါတို့က အချစ်ရဲ့ ခါးသီးမှုကိုတော့ မခံစားနိုင်ဘူး၊ ဒါပေမဲ့ စည်းစိမ်ဥစ္စာရဲ့ အလေးချိန်ကိုတော့ အသာလေး ခံနိုင်ရည် ရှိတာပေါ့။"


ကျန်ရော့ချန်းသည် သူ၏ လက်ကောက်ဝတ်များကို သေသေချာချာ တိုက်ချွတ်ဆေးကြောပြီးနောက် လျောင်နင်းရေချိုးခန်း နည်းစနစ်များအတိုင်း တစ်ကိုယ်လုံးကို ပွတ်တိုက်လိုက်သည်။ ထို့နောက် ရေကူးနိုင်လောက်အောင် ကျယ်ဝန်းလှသော ရေချိုးကန်ကြီး၏ အနားစောင်းကို မှီကာ အတွေးများ လွင့်စဉ်နေမိတော့သည်။


ရေချိုးခန်းထဲတွင် လက်ကိုင်မှန်အပါအဝင် လိုအပ်သမျှ အစုံအလင် ရှိနေ၏။


ကျန်းရော့ချန်းသည် မှန်ကို ယူကြည့်လိုက်ရာ အံ့ဩမှင်တက် သွားတော့သည်။


ဤခန္ဓာကိုယ်မှာ သူ့ရုပ်ရည်နှင့် ထပ်တူပင် ဖြစ်နေသည်။


သူ၏ ဆံပင်ဖြူများက အရင်ကထက် ပိုရှည်လာသည်မှအပ နားရွက်နုပေါ်ရှိ မှည့်နီလေးမှာလည်း အတူတူပင် ဖြစ်နေ၏။


သူသည် တစ်ခုခုကို အသေအချာ သိရှိသွားသည်။


ယခုမူ နောက်ကြောင်းပြန်လှည့်ရန် လမ်းမရှိတော့ချေ။


ကျန်းရော့ချန်းသည် ရေကန်အစွန်းသို့ ကူးလာပြီး သေသပ်လှသော သူ့လက်သည်းများကို လက်သည်းညှပ်ဖြင့် ညှပ်လိုက်၏။ ထို့နောက် ရေပန်းအောက်တွင် မတ်တတ်ရပ်ကာ ခေါင်းလျှော်လိုက်တော့သည်။


ခေါင်းကို အူကြောင်ကြောင်ဖြင့် ပွတ်တိုက်နေစဉ် သူက တွေးနေမိသည်။


'လုချန်းကတော့ ရှုံးပြီး ပြန်သွားရပြီ။'


'ကျန်းယုံယန့်ကတော့ အဖမ်းခံလိုက်ရပြီ၊ နောက်ကြောင်းပြန်လှည့်ဖို့ လမ်းမရှိတော့ဘူး။'


'ကျန်းဟန်ယွီကတော့ သူ့ဆီက သွေးကို မရလိုက်ဘူး...'


'အခု ကျန်းမိသားစုမှာ ဘာတွေ ဖြစ်နေမလဲ။'


ကျန်းမိသားစု၏ ဘိုးဘွားပိုင်စံအိမ်ဖြစ်သော ကျန်းထင်စံအိမ်၌။


ကျန်းဟန်ယွီသည် ဆိုဖာပေါ်တွင် ကွေးညွတ်လျက် ထိုင်နေပြီး မျက်ရည်များ ဝဲကာ ကြောက်ရွံ့တုန်ယင်နေသည်။ 


"လုချန်း... ကိုကိုက သူ့အမေရဲ့ အမွေတွေကို ဆက်ခံလိုက်ပြီလို့ ပြောတာ... အဲဒါ... အဲဒါ တကယ်လားဟင်။"


ထိုကောင်လေးမှာ သွယ်လျသော်လည်း အခွင့်ထူးခံ လူတန်းစားအဖြစ် ပြုစုပျိုးထောင်ခြင်း ခံထားရသူဖြစ်ရာ သူ့လက်ချောင်းလေးများမှာ ဆိုဖာအနားစွန်းတွင် အသာအယာ တင်ထားသည်။


လုချန်းသည် ဆိုဖာဘေးတွင် ကိုင်းညွတ်၍ ထိုင်လိုက်ပြီး ထိုလက်ကလေးကို ဆုပ်ကိုင်ထားသည်။ သူ့မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများမှာ အထင်အရှားပင်။ 


"တကယ်ပါပဲ"


ကျန်းဟန်ယွီသည် သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားမိ၏။


လုချန်းက လက်လှမ်း၍ ကျန်းဟန်ယွီ၏ ပါးပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်သည်။ 


"သူ့ကို ကိုကိုလို့ မခေါ်စမ်းပါနဲ့၊ သူက မင်းကို ညီလေးတစ်ယောက်လို တစ်ခါမှ မဆက်ဆံခဲ့ဘူး! သူ အမွေဆက်ခံလိုက်တယ် ဆိုရင်တောင် အဲဒါက ဘာမှ မဟုတ်ပါဘူး၊ မကြောက်ပါနဲ့ မင်းအတွက် သွေးကို တစ်နည်းနည်းနဲ့ ငါ ရအောင် လုပ်ပေးမှာပါ။"


ကျန်းဟန်ယွီက သူ့လက်ကို အသာအယာ ဆွဲထုတ်လိုက်၏။ 


"ကျွန်တော် မကြောက်ပါဘူး၊ ကိုကိုလုချန်း... ကျေးဇူးပြုပြီး ကျွန်တော့်လက်ကို မကိုင်ပါနဲ့၊ ရော့ချန်း သိရင် စိတ်ဆိုးလိမ့်မယ်။"


လုချန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ 


"သူက ဘာလို့ စိတ်ဆိုးရမှာလဲ၊ သူက အမွေဆက်ခံချင်လို့ စေ့စပ်ပွဲကိုတောင် ဖျက်ခဲ့တဲ့သူလေ!"


သူ့နောက်သို့ အမြဲ တကောက်ကောက် လိုက်ခဲ့ဖူးသော ကျန်းရော့ချန်းကို သတိရလိုက်သည့်အခါ လုချန်း၏ မျက်နှာမှာ မှောင်မှိုက်သွားတော့သည်။ 


"ဒီနေ့ကစပြီး သူ မင်းဆီက ဘာကိုမှ ထပ်ပြီး မယူနိုင်စေရဘူး။"


ကျန်းဟန်ယွီ၏ မျက်ရည်များမှာ အသာအယာ ကျဆင်းလာသည်။ 


"ဒါဆို... ကျွန်တော့်မှာ ကိုကို မရှိတော့ဘူးပေါ့နော်။"


သူသည် နှာတစ်ချက် ရှုံ့လိုက်ပြီး ပြောလိုက်၏။


"ရပါတယ်... ရော့ချန်းသာ ပျော်နေမယ်ဆိုရင် ကျွန်တော် ဘာဖြစ်ဖြစ် ဖြစ်ပါစေ။"


လုချန်းက သူ့ကို ချော့မြှူရန် ပြင်လိုက်စဉ်မှာပင် ဖုန်းမှာ ရုတ်တရက် မြည်လာတော့သည်။


၉၀ ပြည့်လွန်နှစ်များက ဖုန်းများတွင် တုန်ခါမှုစနစ် မရှိသေးပေ။ ထိုကဲ့သို့ ရုတ်တရက် အသံမြည်လာခြင်းကြောင့် ကျန်းဟန်ယွီမှာ လန့်ဖျပ်သွားပြီး ရှိုက်ကြီးတငင် ငိုတော့သည်။


လုချန်းသည် ကျန်းဟန်ယွီကို အရင်ဆုံး ချော့မြှူချင်သော်လည်း ဖုန်းတွင် ပေါ်နေသော နံပါတ်မှာ ရှန်ရွှေပုရဲစခန်းမှ ဖြစ်နေသဖြင့် ကျန်းဟန်ယွီ၏ လက်ကို ကိုင်ထားရင်းပင် ဖုန်းဖြေလိုက်ရသည်။ 


"ဟဲလို။


...


"ကျန်းယုံယန့်က လူသတ်သမား ငှားတဲ့အမှုနဲ့ သံသယရှိခံထားရတယ် ဟုတ်လား။ 


လုချန်းမှာ မတ်တတ်ရပ်လိုက်မိသည်။


ကျန်းဟန်ယွီက သူ့တ်ခမ်းကို ကိုက်ကာ ဆိုဖာ၏ သားရေအဖုံးကို တင်းတင်းဆုပ်ကိုင်ထားမိသည်။


လုချန်းက ပြောလိုက်၏


"ကျွန်တော် အခုချက်ချင်း လာခဲ့မယ်၊ သူ့ကို ဘာစကားမှ ထပ်မပြောဖို့ မှာထားလိုက်ပါ၊ မီးခံသေတ္တာထဲက ပိုက်ဆံတွေကို ယူပြီး တံခါးဝမှာ စောင့်နေတဲ့ သတင်းထောက်တွေကို မောင်းထုတ်လိုက်ပါ။" 


လီကျင်အပြည်ပြည်ဆိုင်ရာ စံအိမ်တွင်။


ကျန်းရော့ချန်းသည် အိပ်ရာထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် လော့ဘင်ဝမ်က သူ့ကို စောင်ထဲမှ ပြန်ဆွဲထုတ်လိုက်သည်။


အိမ်တော်ထိန်းလော့သည် စိုစွတ်နေသော ဆံပင်များကို ကြည့်ကာ ပျာယာခတ်နေတော့သည်။


 "သခင်လေး... ဆံပင်ကို အရင်ခြောက်အောင် လုပ်ပြီးမှ အိပ်ပါ။"


ကျန်းရော့ချန်းက ငိုက်မျဉ်းစွာဖြင့် ပြောလိုက်၏။


"ဆံပင်အခြောက်ခံစက် မရှိဘူးလေ။" 


'ဒါက ၉၀ ပြည့်လွန်နှစ်တွေလေ၊ ဆံပင်အခြောက်ခံစက်ဆိုတာ ရှိလို့လား။'


"ရှိပါတယ် သခင်လေးရဲ့။" 


လော့ဘင်ဝမ်က ကျန်းရော့ချန်း၏ ဆံပင်များကို ဖြီးလိမ်းပေးလိုက်သည်။


'သခင်လေး အရင်နေခဲ့တဲ့ အိမ်ရဲ့ လခက ဆံပင်အခြောက်ခံစက် တစ်လုံးဖိုးတောင် ရှိမှာမဟုတ်ဘူး၊ သူ ဝယ်နိုင်မှာ မဟုတ်ဘူး' ဟု တွေးမိကာ လော့ဘင်ဝမ်၏ စိတ်ထဲမှာ နာကျင်သွားရသည်။ 


"ဒီမှာက အကုန်လုံး ရှိပါတယ်။"


လော့ဘင်ဝမ်သည် ဆံပင်အခြောက်ခံစက်ကို ဆူညံစွာ ဖွင့်၍ ကျန်းရော့ချန်း၏ ဆံပင်များကို အခြောက်ခံပေးရင်း ပြောလိုက်သည်။


"ရှန်ရွှေပုရဲစခန်း အပြင်ဘက်မှာ စောင့်နေတဲ့ မီဒီယာတွေကို လုချန်းက ပိုက်ဆံပေးပြီး နှုတ်ပိတ်လိုက်တယ်လို့ သတင်းရပါတယ်။" 


ကျန်းရော့ချန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။


"ဒီသတင်းကို ဘယ်ကနေ သိတာလဲ။"


သတင်းက တော်တော်လေး မြန်တာပဲ။


လော့ဘင်ဝမ်က အခြောက်ခံစက်ကို ကျွမ်းကျင်စွာ ဝှေ့ယမ်းရင်း ပြောလိုက်သည်။


"သခင်လေး အမွေဆက်ခံတဲ့ စာချုပ်ကို သေသေချာချာ မဖတ်ရသေးဘူး ထင်တယ်၊ Condé Nast Era Media ကုမ္ပဏီဆိုတာ သခင်လေးရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခုပဲလေ၊ သခင်လေးဟာ ကမ္ဘာ့အကြီးဆုံး မီဒီယာကုမ္ပဏီကြီးကို ပိုင်ဆိုင်ထားတာပါ။" 


ကျန်းရော့ချန်းသည် ထိုအမည်ကို တစ်ခါမျှ မကြားဖူးပေ။ 


"...အဲဒီရဲ့ ရုံးချုပ်က ဘယ်မှာလဲ"


"ဟောလိဝုဒ်ရဲ့ ဘေးနားမှာတင်ပါ၊ ဪ... ပြီးတော့ ဒီဟောင်ကောင်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဌာနခွဲကိုတော့ Polar Star Media လို့ ခေါ်ပါတယ်။"


ကျန်းရော့ချန်း: '...ငါ တကယ်ပဲ ဘာတွေကို အမွေဆက်ခံလိုက်တာလဲ။'


သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ မေးလိုက်သည်။


"စောစောက ပြောတာ... လုချန်းက မီဒီယာတွေကို ပိုက်ဆံပေးလိုက်တယ် ဆိုတာလား။"


"ဟုတ်ပါတယ်။"


ကျန်းရော့ချန်းက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ 


"ဒါဆိုရင် သတင်းအချို့ကို ပေါက်ကြားအောင် လုပ်လိုက်ကြရအောင်၊ ပြီးတော့ Polar Star Media က ဝန်ထမ်းတွေကိုပါ စောင့်ကြည့်ခိုင်းလိုက်။"


လော့ဘင်ဝမ်က နားလည်သွားသည်။ 


"ကျန်းမိသားစုနဲ့ လုချန်းတို့ သိက္ခာကျနေတဲ့ ဓာတ်ပုံတွေကို ရိုက်ပြီး သတင်းပြန့်အောင် မိတ္တူတစ်သောင်းလောက် ရိုက်ထုတ်လိုက်ရမလား။"


ကျန်းရော့ချန်းသည် ဆူညံနေသော အခြောက်ခံစက်သံကြားမှ ခေါင်းခါပြလိုက်သည်။ 


"မဟုတ်ဘူး၊ ငါတို့က အလုပ်လုပ်ပြရုံပဲ လုပ်မှာပါ၊ ပထမအဖွဲ့က လုချန်းဆီက ပိုက်ဆံကို ယူပြီးတာနဲ့ ဒုတိယအဖွဲ့ကို ချက်ချင်း လွှတ်လိုက်၊ သူတို့ကို ပြိုင်ဘက် မီဒီယာတွေရဲ့ လိုဂိုအတုတွေ တပ်ခိုင်းထားလိုက်၊ သူတို့ရလာမယ့် ပိုက်ဆံတွေက သူတို့အတွက် ဘောနပ်စ်ပဲ၊ဘယ်လောက်ရမလဲဆိုတာကတော့ သူတို့ရဲ့ စွမ်းဆောင်ရည်ပေါ်မှာပဲ မူတည်လိမ့်မယ်။"


လော့ဘင်ဝမ်: ...


ဟင်?


'သခင်လေးက လူကိုယ်တိုင် မသွားဘဲနဲ့တောင် ဝန်ထမ်းတွေရဲ့ စိတ်ကို ဖမ်းစားနိုင်တာပဲ။'


'Polar Star က ဝန်ထမ်းတွေက ဘောနပ်စ်ရမယ်၊ အဲဒီပိုက်ဆံကလည်း သခင်လေး အိတ်ထဲက ထွက်တာ မဟုတ်ဘူး။'


'နောက်ပိုင်းမှာ လုချန်းက အဲဒီလူတွေကို ဒုက္ခပေးချင်ရင်တောင် မီဒီယာ လိုဂိုတွေက ရောထွေးနေတော့ ဘယ်သူ့ကိုမှ ရှာတွေ့မှာ မဟုတ်သလို လူမှားပြီးတော့တောင် ဒုက္ခပေးမိနိုင်သေးတယ်။'


'တကယ့်ကို ပြောင်မြောက်တဲ့ အစီအစဉ်ပဲ!'

'သခင်လေးက တကယ်ကို ထက်မြက်တာပဲ!'


လော့ဘင်ဝမ်သည် ရယ်သံကို အောင့်အည်းကာ  ပြောလိုက်၏။


 "ကောင်းပါပြီ သခင်လေး၊ အဲဒီအတိုင်းပဲ လုပ်လိုက်ပါ့မယ်။"


လူယုတ်မာအတွက် ထောင်ချောက်ဆင်ပြီးနောက် ကျန်းရော့ချန်းသည် အိပ်ရာထဲတွင် ကျေနပ်စွာ လဲလျောင်းလိုက်၏။


သိုးမွေးစောင်မှာ ပွပွလေးနှင့် နူးညံ့နေပြီး လတ်ဆတ်သော ရနံ့လေး သင်းနေသည်။ သူသည် မျက်လုံးကို မှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် နေပူလှန်းထားသော ဂွမ်းဖတ်လေးများထဲတွင် ရောက်သွားသည့်အလား အိပ်မက်ကမ္ဘာထဲသို့ နစ်ဝင်သွားတော့သည်။


သူသည် တစ်ညလုံး အိပ်မက်မရှိဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ရာ နိုးလာသည့်အခါ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေတော့သည်။


ကျန်းရော့ချန်းသည် ကုတင်ဘေးရှိ နာရီကို ကြည့်လိုက်၏။


မွန်းလွဲ နှစ်နာရီ။


သူ့ဘဝတွင် မနက် ၈ နာရီကျော်သည်အထိ ပထမဆုံးအကြိမ် အိပ်ပျော်ခဲ့ခြင်း ဖြစ်သည်။ ဇိမ်ကျလွန်းသော်လည်း တကယ်ကို ကောင်းလှပေသည်။


ကျန်းရော့ချန်းသည် မျက်နှာသုတ်ပဝါဖြင့် သုတ်သင်ပြီးနောက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။


ဗီလာတစ်ခုလုံးသည် အိမ်ရှင်နိုးလာသည်နှင့်အမျှ သက်ဝင်လှုပ်ရှားလာတော့သည်။ အောက်ထပ် ထမင်းစားပွဲတွင်လည်း ပြင်ဆင်ပြီးသား ဖြစ်၏။ လော့ဘင်ဝမ်သည် ကုလားထိုင်ကို ဆွဲပေးလိုက်ရင်း ပြောလိုက်သည်။


"သခင်လေး... ဒီမနက်က ချိုင်ကျင်းဝူနဲ့ သူ့အဖေ ရောက်လာကြတယ်။"


ကျန်းရော့ချန်းက ဝင်ထိုင်လိုက်ရင်း မေးလိုက်၏။


"ဘာလာလုပ်ကြတာလဲ။" 


"မစ္စတာချိုင်က ချိုင်ကျင်းဝူရဲ့ အပြစ်ကင်းစင်မှုကို ဖော်ထုတ်ပေးလို့ ကျေးဇူးလာတင်တာပါ၊ သခင်လေး အိပ်နေသေးတယ်လို့ ကျွန်တော် ပြောလိုက်တော့ သူ့ကို နှိုးခိုင်းဖို့လည်း မပြောတော့ပါဘူး။" 


လော့ဘင်ဝမ်သည် ကျန်းရော့ချန်း၏ ဘေးတွင် ထူထဲသော စက္ကူအိတ်တစ်အိတ်ကို ချပေးလိုက်သည်။ 


"ဒါက မစ္စတာချိုင် ပြင်ဆင်လာတဲ့ ကျေးဇူးတင်လက်ဆောင်ပါ။"


ကျန်းရော့ချန်းက ဖွင့်ကြည့်လိုက်သည်။


အတွင်းတွင် အသစ်စက်စက် ဟောင်ကောင်ဒေါ်လာ အထပ်လိုက် ရှိနေပြီး တကယ့်ကို စိတ်ရင်းမှန်ဖြင့် ပေးအပ်ခြင်း ဖြစ်သည်။


ကျန်းရော့ချန်း: ...


'ကောင်းပြီလေ၊ ဒါကို အမှုလိုက်ခလို့ပဲ သတ်မှတ်လိုက်ပါ့မယ်။'


သူသည် ပိုက်ဆံတစ်ဝက်ကို ထုတ်ယူကာ လော့ဘင်ဝမ်ကို ကမ်းပေးလိုက်သည်။ 


"ကျွန်တော့်ကို အမွေဆက်ခံဖို့ တိုက်တွန်းခဲ့လို့ရော၊ တစ်ညလုံး ကျွန်တော်နဲ့အတူ မအိပ်ဘဲ နေပေးခဲ့လို့ရော ကျေးဇူးတင်ပါတယ် အိမ်တော်ထိန်းလော့၊ ဒါက မနေ့ကအတွက် အချိန်ပိုဆင်းခပါ။"


လော့ဘင်ဝမ်က ထိုဘောနပ်စ်ကို လက်ခံလိုက်ရင်း 'တကယ့်ကို စာနာတတ်တဲ့ ကလေးလေးပဲ!' ဟု တွေးနေမိသည်။


'ဒီလိုလူမျိုးကို ဘယ်သူက မချစ်ဘဲ နေနိုင်မှာလဲ။'


'ဪ... လုချန်း၊ တကယ့်ကို အဆင့်အတန်းမရှိတဲ့ လူပဲ!'


ကျန်းရော့ချန်းသည် လက်ကို သုတ်ပြီးနောက် ဗိုက်ဝအောင် စားလိုက်သည်။ ထမင်းစားပြီးနောက် အနားရှိ သတင်းစာကို ကောက်ကိုင်လိုက်ရာ ဟောင်ကောင်တက္ကသိုလ်၏ ကျောင်းသတင်းစာ ဖြစ်နေသည်။


လော့ဘင်ဝမ်က တကယ်ကို ဂရုစိုက်တတ်သူ ဖြစ်၏။


၁၉၉၀ ပြည့်လွန်နှစ်များတွင် ကွန်ပျူတာများမှာ လူတိုင်းဆီ မရောက်သေးသလို ရှာဖွေရေး အင်ဂျင်များလည်း မရှိသေးပေ။ သာမန်လူအများစုမှာ သတင်းစာနှင့် တီဗီကိုသာ အားကိုးကြရသည်။


ကျန်းရော့ချန်းသည် စာမျက်နှာများကို ဖတ်ကြည့်လိုက်သည်။


ကွန်မြူနစ်လူငယ်အဖွဲ့ ဝန်ထမ်းများကို ချီးကျူးထားသော သတင်းများအပြင် အခြားစိတ်ဝင်စားစရာ သတင်းတစ်ခုကို တွေ့လိုက်ရ၏။


[FBI အရာရှိဟောင်းနှင့် BSU အပြုအမူဆိုင်ရာ သိပ္ပံဌာန၏ အထူးကိုယ်စားလှယ်ဟောင်း ပါမောက္ခ လီချန်းယွီသည် ကျွန်တော်တို့ တက္ကသိုလ်တွင် "ရာဇဝတ်မှုဆိုင်ရာ အပြုအမူနှင့် စိတ်ပညာ" ဌာနကို တည်ထောင်တော့မည်ဖြစ်သည်။


ဤဌာနသည် လူမှုရေးသိပ္ပံကျောင်းအောက်တွင် ရှိပြီး လက်ရှိ ပထမနှစ် ကျောင်းသားများကို တစ်ကြိမ်သာ အဓိကဘာသာရပ် ပြောင်းလဲခွင့် ပေးမည်ဖြစ်သည်။ ဟောင်ကောင်တွင် ဤဘာသာရပ်ကို ပထမဆုံး မိတ်ဆက်သည့် တက္ကသိုလ်ဖြစ်သည့်အလျောက် တနင်္ဂနွေနေ့မှစ၍ သုံးရက်ကြာ စမ်းသပ်သင်ကြားမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။ ဘာသာရပ် ပြောင်းလိုသူများအနေဖြင့် မိမိတို့၏ ဆရာများနှင့် တိုင်ပင်နိုင်သည်...]


ကျန်းရော့ချန်းသည် နောက်စာမျက်နှာသို့ လှန်လိုက်ရာ စားပွဲနောက်တွင် ထိုင်နေသော ပါမောက္ခ၏ ဓာတ်ပုံကို တွေ့လိုက်ရသည်။


လီချန်းယွီသည် မျက်မှန်ကြီးကြီး တပ်ထားသော လူပုပု အဘိုးအိုတစ်ဦး ဖြစ်သည်။ ဓာတ်ပုံထဲတွင် သူက ပြုံးနေသဖြင့် မျက်လုံးများမှာ မှေးစင်းနေ၏။


သူ့စားပွဲပေါ်တွင် လက်ဖက်ရည်အစုံ ရှိနေသည်။


သူ့ပုံစံမှာ ချဉ်းကပ်ရလွယ်ကူပြီး မြင်မြင်ချင်း ချစ်ခင်စရာ ကောင်းလှသည်။


ကျန်းရော့ချန်းက သတင်းစာကို ပိတ်လိုက်ပြီး လော့ဘင်ဝမ်ကို လှည့်မေးလိုက်သည်။ 


"မနေ့က အခြေအနေ ဘယ်လိုလဲ၊ ငါတို့ ဝန်ထမ်းတွေ ပိုက်ဆံရကြရဲ့လား။"


'လုချန်းကတော့ အတော်လေး အိတ်သွန်ဖိတ်စင် ပေးလိုက်ရမှာပဲ မဟုတ်လား။'


လော့ဘင်ဝမ်သည် ဝန်ထမ်းများ၏ ပျော်ရွှင်နေသော အပြုံးများကို သတိရကာ ရယ်မောလိုက်သည်။ 


"လူ ၅၀ နီးပါးလောက် အလှည့်ကျ သွားခဲ့ကြတာ၊ တစ်ယောက်ကို ဟောင်ကောင်ဒေါ်လာ ငါးထောင်စီ ရခဲ့ကြတယ်။"


'၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ငါးထောင်ဆိုတာ တော်တော်လေး များတဲ့ ပမာဏပဲ။'


သို့သော် ကျန်းရော့ချန်းကမူ နည်းသေးတယ်ဟု တွေးနေမိသည်။


"လုချန်းက တော်တော်လေး ကပ်စေးနှဲတာပဲ။"


သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ပြောလိုက်၏။


"ပိုက်ဆံရတဲ့ ဝန်ထမ်းတွေကို သတင်းတွေ ရေးခိုင်းလိုက်၊ သတင်းထောက်တွေကို ပိုက်ဆံပေးပြီး နှုတ်ပိတ်ခဲ့တဲ့အကြောင်းကို မနာလိုတဲ့ လေသံမျိုးနဲ့ ရေးခိုင်းလိုက်၊ ငါတို့က တကယ်ပဲ မနာလိုဖြစ်နေသလိုမျိုး သိသာအောင် လုပ်ခိုင်းလိုက်ပါ။"


လော့ဘင်ဝမ်က သူ့ကို ကြည့်လိုက်သည်။


ကျန်းရော့ချန်းသည် ကုလားထိုင်ကို မှီလိုက်ရာ သူ၏ ငွေဖြူရောင် ဆံပင်များမှာ ဖရိုဖရဲ ကျဆင်းနေသည်။ သူသည် ခြေထောက်ကို ချိတ်ကာ ထိုင်နေပုံမှာ မြင်ရသူ၏ နှလုံးသားကို တုန်ယင်သွားစေလောက်အောင် လှပနူးညံ့လှသည်။


သို့သော် သူ၏ စကားလုံးများတွင်မူ နူးညံ့မှု အလျင်းမရှိပေ။


"လုချန်းဆီက ပိုက်ဆံရတယ်လို့ မရေးနဲ့၊ ကျန်းမင်ရှန်းက သံသယရှိသူကို ကာကွယ်ဖို့ မီဒီယာတွေကို လာဘ်ထိုးနေတယ်လို့ပဲ ရေးလိုက်။"


လုချန်း၏ ရည်ရွယ်ချက်မှာ လူထု၏ အာရုံကို ကျန်းမိသားစုနှင့် လုမိသားစုဆီမှ လွှဲဖယ်ရန် ဖြစ်သည်။ သို့သော် ယခုအခါ ကျန်းမင်ရှန်းက မီဒီယာကို လာဘ်ထိုးသည်ဆိုသော သတင်းမှာ အထူးသတင်း ဖြစ်သွားသဖြင့် လူထု၏ အာရုံမှာ ထိုအမှုဆီသို့ ပြန်ရောက်လာမည်မှာ မလွဲဧကန်ပင်။


ကျန်းယုံယန့်သည် ကျန်းမိသားစုနှင့် လုမိသားစုကြား ပထမဆုံး အက်ကြောင်း ဖြစ်လာတော့မည်။


'ဟောင်ကောင်တက္ကသိုလ် လူသတ်မှုမှာ ပြီးဆုံးသွားခဲ့ပြီ။'


'ကျန်းယုံယန့်လည်း ထောင်ထဲ ရောက်သွားပြီ။'


'အဓိကဘာသာရပ်ကိုသာ ပြောင်းလိုက်နိုင်ရင် ဘဝက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားမှာပဲ။'


အခုက စာမေးပွဲကာလ နီးနေပြီ။ ကျန်းရော့ချန်းသည် အရင်ဘဝက ဆေးပညာ မသင်ခဲ့ဖူးသလို မူရင်းပိုင်ရှင်၏ မှတ်ဉာဏ်တွေကိုလည်း အမွေမရခဲ့ပေ။ အကယ်၍ ဆေးကျောင်းမှာပ စာမေးပွဲ ဆက်ဖြေနေရင်တော့ ပထမနေရာကနေ နောက်ဆုံးနေရာကို ကျသွားမှာ အသေအချာပဲ။'


အဲဒီလို ဖြစ်မှာကို သူ လုံးဝ လက်မခံနိုင်ဘူး!


မနက်ဖြန်ကျရင် လီချန်းယွီဆီ သွားပြီး ပါမောက္ခကတစ်ဆင့် ဘာသာရပ် ပြောင်းလို့ရမလားဆိုတာ သွားမေးရမယ်!


တစ်ရက်တာ အနားယူပြီးနောက် နောက်တစ်နေ့ မနက်တွင် ကျန်းရော့ချန်း စောစောနိုးလာသည်။ ZARA စတိုးဆိုင်လောက် ကျယ်ဝန်းလှသော အဝတ်ခန်းထဲတွင် လူကြီးများ သဘောကျမည့် ဝတ်စုံကို ရွေးချယ်ဝတ်ဆင်ကာ လည်ပင်းတွင် လေပြည်ရောင် ပဝါလေးကို ပတ်၍ အပြင်သို့ ထွက်လာခဲ့သည်။


သူသည် အရင်ဆုံး ကုန်တိုက်ရှိ အဆင့်မြင့် လက်ဖက်ရည်ဆိုင်သို့ သွားကာ ဈေးသင့်တင့်သော ပန်းသီးပုံစံ လက်ဖက်ရည်ဖျော်စက် တစ်ခုကို ဝယ်လိုက်သည်။ ထို့နောက် လက်ဆောင်အိတ်ကို ကိုင်ကာ ဟောင်ကောင်တက္ကသိုလ်သို့ လမ်းမေးရင်း လျှောက်လာခဲ့သည်။


နောက်ဆုံးတွင် မနက် ၉ နာရီ၌ လူမှုရေးသိပ္ပံကျောင်းတွင် ပါမောက္ခ လီချန်းယွီအတွက် သတ်မှတ်ပေးထားသော ရုံးခန်းကို ရှာတွေ့ခဲ့သည်။


ကျန်းရော့ချန်းသည် လမ်းလျှောက်လာရသဖြင့် ကိုယ်ပူလာကာ လည်ပင်းမှ ပဝါကို အနည်းငယ် ဖြေလိုက်သည်။ ထို့နောက် လီချန်းယွီ၏ ရုံးခန်းတံခါးကို ခေါက်လိုက်၏။


သုံးချက်ခန့် ခေါက်ပြီးနောက် တံခါးပွင့်လာသည်။


ကျန်းရော့ချန်း မော့ကြည့်လိုက်ရာ သူ့အပြုံးမှာ ပီပီပြင်ပြင် မပေါ်လာသေးခင်မှာပင် အေးစက်ထက်မြက်သော မျက်ဝန်းတစ်စုံနှင့် ဆုံလိုက်ရသည်။ 


"...စုံထောက်ကွမ်း။"


သူ ဒီမှာ ဘာလုပ်နေတာလဲ။


ကွမ်းရင်းကျွင်းက ဘာမှ ပြန်မပြောဘဲ သူ၏ အေးစိမ့်နေသော နှာခေါင်းလေးကို ကြည့်ကာ အသာဖယ်ပေးလိုက်သည်။ 


"ဝင်ခဲ့လေ"


အခန်းတွင်းမှ နွေးထွေးသော လေများမှာ တံခါးဝမှတစ်ဆင့် ရုတ်တရက် တိုးထွက်လာသည်။


ကျန်းရော့ချန်း အထဲသို့ လှမ်းဝင်လိုက်ပြီး ပဝါကို ချွတ်ကာ စားပွဲဘက်သို့ လှည့်၍ နှုတ်ဆက်လိုက်သည်။ 


"မင်္ဂလာပါ လီဆရာ"


သူသည် စားပွဲနောက်မှ လူကို သေသေချာချာ မမြင်ရသေးခင်မှာပင် ဘေးဘက်ရှိ စခရင်ဖြူပေါ်တွင် ပြသနေသော ပုံရိပ်ကို ကျန်းရော့ချန်း အရင်ဆုံး မြင်လိုက်ရသည်။


၎င်းမှာ သူ ဟော့ကျင်ကျယ်ကို စစ်မေးနေသည့် ဗီဒီယိုဖိုင် ဖြစ်နေတော့သည်!


---