Ch 7
အခန်း (၇) - ပါမောက္ခလီက အယုံအကြည်မရှိပါ
---
ကျန်းရော့ချန်းသည် ခဏမျှ ကြောင်အသွားမိ၏။
ဗီဒီယိုကင်မရာထဲ၌ သူသည် ဟော့ကျင်ကျယ်၏ မျက်ရည်များကို သုတ်ပေးနေစဉ်က သူ၏ အေးစက်လှသော၊ တစ်နည်းအားဖြင့် ဘာခံစားချက်မှ မရှိသော မျက်ဝန်းများကို အထင်အသား ရိုက်ကူးမိထားခြင်း ဖြစ်သည်။
၁၉၉၀ ပြည့်လွန်နှစ်များ၏ ကင်မရာများမှာ အဘယ်ကြောင့် ဤမျှ ကြည်လင်နေရသနည်း။
အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်ပြီး စစ်ဆေးနေလိမ့်မည်ဟု ကြိုသိခဲ့ပါက စစ်ဆေးမေးမြန်းနေစဉ်အတွင်း တစ်ဖက်လူ ယုံကြည်သွားအောင် သရုပ်ဆောင်ပြခဲ့မိမှာ အသေအချာပင်။
သူ့အနေဖြင့် အခြားကမ္ဘာသို့ ရောက်ရှိလာခြင်းမှာ အံ့ဩစရာ ကောင်းလှသော်လည်း ပါမောက္ခလီက သူ့ကို လုပ်ငန်းခွင်၌ ကျွမ်းကျင်မှုမရှိသူ တစ်ဦးအဖြစ် သတ်မှတ်သွားမည်လားဟု စိုးရိမ်မိသည်။
ကျန်းရော့ချန်းသည် နောင်တရနေသော မျက်နှာပေးဖြင့် လက်ဆောင်အိတ်ကို တင်းတင်းဆုပ်ကိုင်ထားမိသည်။ သူ၏ မျက်လုံးထောင့်မှတစ်ဆင့် ကွမ်းရင်းကျွင်း၏ နှုတ်ခမ်းဖျားတွင် ခဏတာ ဖြတ်ပြေးသွားသော အပြုံးတစ်ခုကိုလည်း သတိပြုမိလိုက်၏။
ကွမ်းရင်းကျွင်းသည် လက်မောင်းပွပွ ပါရှိသော မီးခိုးနုရောင် V-neck ကတ်ရှ်မီးယားဆွယ်တာကို ဝတ်ဆင်ထားပြီး အတွင်းမှ အနက်ရောင် အားကစားဘောင်းဘီ၏ ခါးစည်းကြိုးမှာ အပြင်သို့ အနည်းငယ် ထွက်နေသည်။ သူ၏ ခြေထောက်တွင်မူ မီးခိုးပြာရောင် အားကစားဖိနပ်တစ်စုံ ရှိနေ၏။
သူ၏ ရိုးရှင်းလှသော ဝတ်စားဆင်ယင်မှုမှာ သူ့ကို ပို၍ပင် ခန့်ညားထည်ဝါစေသည်။ လောလောဆယ်တွင်မူ သူ့ကို သွား၍ မဆွမိရန်သာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ကျန်းရော့ချန်းသည် ကွမ်းရင်းကျွင်းနှင့် အနည်းငယ် ဝေးရာသို့ တစ်လှမ်းချင်း ဆုတ်လိုက်သည်။
လီချန်းယွီသည် ဗီဒီယိုဖိုင်ကို ကြည့်ရှုပြီးသွားသောအခါ ဗီဒီယိုထဲမှ ဇာတ်လိုက်ဖြစ်သူမှာ တံခါးဝသို့ တဖြည်းဖြည်းချင်း တိုးကပ်သွားသည်ကို သတိထားမိလိုက်၏။
ယနေ့ ထိုလူငယ်လေး ဝတ်ဆင်ထားသော အဝတ်အစားမှာ ကိုယ်နှင့် အံကိုက်ဖြစ်ပြီး သေသပ်လှပလှသည်။
ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသော အနွေးထည်ပွပွကြီးမှာ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး ဦးထုပ်တွင်မူ နူးညံ့လှသော သားမွေးများဖြင့် ဝန်းရံထားသည်။
သူ၏ မျက်နှာတစ်ဝက်မှာ အကျီကော်လာထဲ၌ မြုပ်နေပြီး အောက်ပိုင်းမှာ အဝတ်စများကြား ကွယ်နေသော်လည်း အခန်းတွင်းမှ အပူရှိန်ကြောင့် နီမြန်းနေသော အပေါ်ပိုင်း မျက်နှာပြင်မှာ အထင်အရှားပင်။
သူ၏ ပယင်းရောင် မျက်ဝန်းဝိုင်းဝိုင်းလေးများမှာ အနည်းငယ် ဝိုင်းစက်နေပြီး မျက်တောင်ဖျားများမှာ အပေါ်သို့ အနည်းငယ် ကော့ညွတ်နေကာ သူ၏ နောင်တရမှုနှင့် အံ့ဩမှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
သူ့ကို ကြည့်ရသည်မှာ လိမ္မာယဉ်ကျေးပြီး သေသပ်သော လူငယ်လေးတစ်ဦးနှင့် တူလှသည်။
လီချန်းယွီရော ကွမ်းရင်းကျွင်းပါ စကားတစ်လုံးမျှ မဆိုကြပေ။
ထို့ကြောင့် ကျန်းရော့ချန်းကပင် စတင်၍ စကားဆိုလိုက်ရသည်။
သူသည် လက်ဆောင်အိတ်ကို ကိုင်လျက် ရှေ့သို့ တည့်တည့်လှမ်းလာပြီး ပြောလိုက်၏။
"မင်္ဂလာပါ ပါမောက္ခလီ၊ ကျွန်တော်က ကျန်းရော့ချန်းပါ၊ ဆရာက တက္ကသိုလ်မှာ ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာဌာနသစ်တစ်ခု တည်ထောင်ဖို့ စီစဉ်နေတယ်လို့ ကြားသိရလို့ ဒီနေ့ အထူးတလည် လာရောက်နှုတ်ဆက်တာပါ။"
ကျန်ရော့ချန်းသည် လက်ဆောင်အိတ်လေးကို လီချန်းယွီ၏ ဘေးတွင် ချထားလိုက်ပြီး ပြောသည်။
"ဒါက ကျွန်တော်တို့ ပထမဆုံးအကြိမ် တွေ့ဆုံတာဆိုတော့ ဆရာ ဘာကြိုက်တတ်လဲဆိုတာ ကျွန်တော် မသိပါဘူး၊ ဒါကြောင့် လက်ဖက်ရည်ဝိုင်းမှာ တင်ထားဖို့ အလှဆင်ပစ္စည်းလေး တစ်ခု ဝယ်လာခဲ့ပါတယ်။"
သူသည် သူ့ပါးကို အသာအယာ ကုတ်လိုက်ပြီးနောက် သူ၏ အစစ်အမှန် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောလိုက်တော့သည်။
"ကျွန်တော့်ရဲ့ ဗီဒီယိုကို ကြည့်ပြီးတော့ ဆရာ ဘယ်လိုထင်သလဲဆိုတာ သိချင်မိပါတယ်၊ တကယ်တော့ ကျွန်တော်က ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာကို အမြဲတမ်း စိတ်ဝင်စားခဲ့တာပါ၊ ဒါပေမဲ့ စနစ်တကျ သင်ယူဖို့ အခွင့်အရေး မရခဲ့ပါဘူး၊ အခု ဆရာက ဘာသာရပ်အသစ် သင်ကြားပေးတော့မယ်ဆိုတော့ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ ပထမနှစ်မှာတင် ဘာသာရပ် အမြန်ဆုံး ပြောင်းချင်မိလို့ပါ၊ ကျွန်တော်က ဆရာ့ရဲ့ တပည့်တစ်ယောက် ဖြစ်လာဖို့ အရည်အချင်း ပြည့်မီရဲ့လားလို့ သိချင်ပါတယ်ဗျာ။"
ကွမ်းရင်းကျွင်းက ဗီဒီယိုဖိုင်ကို ယူဆောင်လာခဲ့ပြီး ဖြစ်ရာ သူသည် မိမိကိုယ်ကိုယ် မိတ်ဆက်နေရန်ပင် မလိုတော့ချေ။
တကယ့်ကို ကံကောင်းခြင်းပင်!
ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသော ကွမ်းရင်းကျွင်းသည် စကားအဆုံး၌ မြင့်တက်သွားသော ထိုလေသံလေးမှာ တစ်ဖက်လူ၏ မျက်နှာသာရအောင် ဖားနေခြင်း ဖြစ်သည်ကို သတိပြုမိလိုက်သည်။
လီချန်းယွီသည် လူအများစု ဆားစားဖူးသည်ထက် ရာဇဝတ်ကောင်များကို ပို၍ တွေ့ဆုံဖူးသူဖြစ်ပြီး ဖြောင့်မတ်တည်ကြည်ကာ လာဘ်ပေးလာဘ်ယူခြင်းကို လုံးဝ လက်မခံသူအဖြစ် ကျော်ကြားသူ ဖြစ်သည်။ သံသယရှိသူ ပေါင်းများစွာက သူ့ကို လာဘ်ထိုးရန် ကြိုးစားခဲ့ကြသော်လည်း မည်သူမျှ မအောင်မြင်ခဲ့ကြပေ။
သူသည် ဤသို့သော မြှူဆွယ်မှုကို အယုံအကြည် ရှိပါ့မလား။
လီချန်းယွီသည် ပြုံးလျက် လက်ဆောင်အိတ်ကို ဖွင့်ကြည့်လိုက်၏။
"လက်ဖက်ရည်ဝိုင်းတင် အလှဆင်တဲ့ တိုဟူးရုပ်လေးလား... တည်သီးပုံစံလေးလား။"
ကျန်းရော့ချန်းက "အဲဒါက 'အရာရာ အဆင်ပြေပါစေ' ဆိုတဲ့ ကံကောင်းခြင်း သင်္ကေတလေးပါ" ဟု ရှင်းပြလိုက်သည်။
ဟောင်ကောင်၏ ဓလေ့ထုံးတမ်းများမှာ ဗြိတိသျှဆန်ပြီး အမေရိကန်မှ ပြန်လာသော လီချန်းယွီမှာလည်း ယဉ်ကျေးပျူငှာစွာဖြင့် ငြင်းပယ်တတ်သူ မဟုတ်ပေ။
သူသည် လက်ဆောင်ကို ထိုနေရာတွင်ပင် ဖွင့်ဖောက်ကြည့်ရှုပြီးနောက် စားပွဲပေါ်ရှိ လက်ဖက်ရည် လင်ပန်းပေါ်သို့ တင်လိုက်ရာ အလွန်ပင် သဘောကျနေပုံရသည်။
ကွမ်းရင်းကျွင်း: ...
သူသည် လီချန်းယွီကို တစ်ချက် ကြည့်လိုက်ပြီး သတိပေးလိုက်၏။
"ပါမောက္ခလီ၊ ကျွန်တော့်မေးခွန်းကို ဆရာ မဖြေရသေးဘူးနော်။"
ကျန်းရော့ချန်းတွင် သံသယဖြစ်ဖွယ် အချက်အလက်များစွာ ရှိနေသဖြင့် သူသည် ဆရာ့၏ တပည့်ဖြစ်လာရန် မသင့်တော်ပါဟု သူက ဆိုလိုခြင်း ဖြစ်သည်။
"ခဏနေဦး။"
လီချန်းယွီသည် ရုံးခန်းအတွင်းရှိ ရေနွေးအိုးဖြင့် ရေနွေးတည်နေပြီး လက်ဆောင်ရထားသော အလှဆင်ပစ္စည်းလေးကို စမ်းသပ်ရန် စိတ်အားထက်သန်နေသဖြင့် မော့ပင် မကြည့်ချေ။
ထိုအဘိုးအိုသည် ကျန်ရော့ချန်းကို လက်လှမ်းပြလိုက်ရင်း ပြောလိုက်သည်။
"ဆိုဖာမှာ သွားထိုင်နေဦး၊ ခဏနေရင် ငါတို့ အသေးစိတ် စကားပြောကြတာပေါ့။"
သူ၏ ဆက်ဆံရေးမှာ တစ်ဖက်နှင့် တစ်ဖက် သိသိသာသာ ကွာခြားလှပေသည်။
ကျန်ရော့ချန်းသည် ပြုံးလျက် ခေါင်းညိတ်ပြကာ ဆိုဖာရှိရာသို့ လျှောက်လာခဲ့၏။
ဧည့်ခန်းဆောင်တွင် ဆိုဖာနှစ်လုံးသာ ရှိသည်။ တစ်ယောက်ထိုင် ဆိုဖာ၏ လက်တင်ခုံပေါ်တွင် သားရေအကျီတစ်ထည် ရှိနေပြီး နောက်မှီဘေးတွင်မူ A4 စာရွက် အရွယ်အစားရှိသော သားရေအိတ်တစ်အိတ် ရှိနေ၏။
ထိုနေရာမှာ လီချန်းယွီ ပုံမှန်ထိုင်နေကျ နေရာဖြစ်ကြောင်း ထင်ရှားလှသည်။
ထို့ကြောင့် ကျန်းရော့ချန်းမှာ ကွမ်းရင်းကျွင်း၏ ဘေးတွင် ထိုင်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
နှစ်ယောက်ထိုင် ဆိုဖာမှာ အလွန်မရှည်လျားလှဘဲ ရှေ့တွင် ဖန်သား ကော်ဖီစားပွဲတစ်ခု ရှိနေသည်။
ကွမ်းရင်းကျွင်း၏ ရှည်လျားသော ခြေထောက်များကို ဆန့်ထုတ်ရန် နေရာမရှိသဖြင့် သူသည် ခြေထောက်များကို ခပ်ဟဟ ကား၍ ထိုင်နေရသည်။
ကျန်းရော့ချန်း ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဒူးခေါင်းမှာ ထိုလူငယ်၏ ခြေထောက်နှင့် ထိမိသွားပြီး ခဏတာ ထိတွေ့မှုကြောင့် နှစ်ဦးသား စိတ်အိုးတိုးအမ်းတမ်း ဖြစ်သွားကြသည်။
ကွမ်းရင်းကျွင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ကျောနောက်မှ မှီအုံးကို ဖယ်ထုတ်ကာ နောက်သို့ ပို၍ မှီလိုက်ခြင်းဖြင့် အကွာအဝေးတစ်ခုကို ဖန်တီးလိုက်သည်။
သို့သော် ထိုသို့လုပ်ခြင်းမှာ များစွာ အကျိုးမထူးလှပေ။ ကျန်းရော့ချန်း ဝတ်ဆင်ထားသော အဝတ်အစားများမှာ ပွပွလေးနှင့် နူးညံ့နေသဖြင့် ဆိုဖာပေါ်တွင် ကွေးညွတ်နေသော ဂွမ်းလုံးလေးတစ်လုံးနှင့် တူလှသည်။ သူ၏ အကျီအနားစွန်းမှာ ကွမ်းရင်းကျွင်း၏ ဘေးဘက်သို့ ဖိကပ်နေသဖြင့် အဆက်မပြတ်သော နွေးထွေးမှုကို ပေးစွမ်းနေတော့သည်။
ကွမ်းရင်းကျွင်းသည် လေထုမှာ အနည်းငယ် အုံ့ဆိုင်းလာသည်ဟု ခံစားရသဖြင့် အိတ်ကပ်ထဲသို့ လက်နှိုက်ကာ သူ၏ စီးကရက်ဘူးကို စမ်းလိုက်မိသည်။
ကျန်ရော့ချန်းက သူ့အကြံကို ရိပ်မိသွားပြီး မေးလိုက်၏။
"ဆေးလိပ်သောက်ချင်လို့လား။"
သူ ခေါင်းလှည့်လိုက်သည့်အခါ ကွမ်းရင်းကျွင်းထံမှ ရနံ့တစ်ခု ပျံ့လွင့်လာသည်။
လက်ဖက်ရည်ကြမ်းနံ့မှာ အလွန်ပင် ပြင်းရှလှ၏။ ရနံ့မှာ ကြွယ်ဝသော်လည်း မွှန်ထူခြင်းမရှိဘဲ နှာခေါင်းထဲသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာကာ မိမိ၏ တည်ရှိမှုကို ပြသနေသကဲ့သို့ ရှိသည်။
ကျန်းရော့ချန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ခင်ဗျားက လက်ဖက်ရည်ကြမ်းလည်း မသောက်ဘဲနဲ့ ဘာလို့ အဲဒီနံ့ ရနေတာလဲ။"
ကွမ်းရင်းကျွင်းသည် အစပိုင်းတွင် ပြန်မဖြေချင်သော်လည်း ကျန်ရော့ချန်းက ပို၍ နီးကပ်စွာ မေးမြန်းလာသဖြင့် သူ့ကို ပြန်ဖြေလိုက်လျှင် အကြည့်လွှဲသွားနိုင်ကောင်းပါရဲ့ဟု တွေးမိကာ ကွမ်းရင်းကျွင်းက တိုးညင်းစွာဖြင့် ပြောလိုက်သည်။
"ငါက လက်ဖက်ရည်ကြမ်းနံ့ပါတဲ့ စီးကရက်ကို သောက်တာ။"
သူ့ထံမှ ထိုရနံ့ ရနေခြင်းမှာ မဆန်းတော့ပေ။ ကွမ်းရင်းကျွင်းသည် ပိုက်ဆံရှိသူ ဖြစ်ရမည်။ လက်ဖက်ရည်နံ့ပါသော စီးကရက် တစ်ဗူးမှာ အနည်းဆုံး ဟောင်ကောင်ဒေါ်လာ နှစ်ရာခန့် ပေးရသည်။
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ နှစ်ရာဆိုသည်မှာ...
ကျန်းရော့ချန်းက ရုတ်တရက် မေးလိုက်၏။
"ခင်ဗျားက ရှန်ရွှေပုရဲစခန်းက ရဲအရာရှိ မဟုတ်ဘူး မဟုတ်လား။"
ကွမ်းရင်းကျွင်းက သူ့ကို ဘေးတိုက် တစ်ချက် ကြည့်လိုက်သည်။
သူ ဘာမှ ပြန်မပြောသဖြင့် လေထုမှာ လုံးဝ တိတ်ဆိတ်သွားတော့သည်။
ရုံးခန်းအတွင်း၌ အဲကွန်းသံနှင့် လီချန်းယွီ၏ ရေနွေးတည်နေသော အသံမှအပ ဘာအသံမျှ မရှိချေ။
အတော်ကြာမှ သူက မေးလိုက်၏။
"မင်း ဘယ်လို သိတာလဲ။"
"ချန်ယွန်ချွမ်းကြောင့်ပေါ့။"
ကျန်ရော့ချန်းက တွေဝေခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
"လူတစ်ယောက်ရဲ့ အသုံးအဆောင်နဲ့ ဝတ်စားဆင်ယင်မှုက အဲဒီလူရဲ့ မိသားစုနောက်ခံနဲ့ ဝင်ငွေအခြေအနေကို ခန့်မှန်းနိုင်ပါတယ်၊ ရှန်ရွှေပုရဲစခန်းရဲ့ လစာက အဝတ်အစားသစ်တွေ ဝယ်ရတာ ဝါသနာပါတဲ့ အရာရှိချန်ကို ထောက်ပံ့ပေးနိုင်ပေမဲ့ တစ်နေ့ကို လက်ဖက်ရည်နံ့ပါတဲ့ စီးကရက် တစ်ဝက်လောက် ကုန်အောင် သောက်နိုင်တဲ့ ရဲအရာရှိတစ်ယောက်ကိုတော့ မထောက်ပံ့နိုင်ဘူးလေ။"
အဝတ်အစားကို အကြာကြီး ဝတ်နိုင်သော်လည်း စီးကရက်မှာမူ နေ့စဉ် သုံးစွဲရသော အရာဖြစ်သည်။
လီချန်းယွီသည် ရေနွေးတည်ပြီးသွားသဖြင့် လက်ဖက်ရည် လင်ပန်းကို သယ်ဆောင်လာစဉ် ထိုစကားကို ကြားသွားကာ ရယ်မောရင်း ချီးကျူးလိုက်သည်။
"မဆိုးဘူး၊ အသေးစိတ်ကို အကဲခတ်တာ တော်တော်လေး ထက်မြက်သားပဲ၊ ကွမ်းရင်းကျွင်းက ကွမ်တုံးဒေသ ရာဇဝတ်မှု နှိမ်နင်းရေးဌာနရဲ့ အကြီးအကဲလေ။"
ကျန်ရော့ချန်းသည် လီချန်းယွီကို ကူညီရန် မတ်တတ်ရပ်လိုက်ရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"အဲဒါ တကယ်ကို အထင်ကြီးစရာပဲနော်။"
ကွမ်းရင်းကျွင်းမှာမူ ထိုစကားကို သဘောမကျဘဲ မျက်မှောင်ကြုတ်ကာ ခေါ်လိုက်သည်။
"ဦးလေးလီ။"
သူ၏ အထောက်အထားကို အဘယ်ကြောင့် ဤမျှ အလွယ်တကူ ထုတ်ဖော်လိုက်ရသနည်း။
ကျန်းရော့ချန်းသည် သူ့ကို အစကတည်းက သတိထားနေသူ ဖြစ်သည်။
သူ့ရာထူးကို သိသွားပြီဆိုလျှင် သူ့ကို မည်သို့ ဆက်လက် စူးစမ်းနိုင်တော့မည်နည်း။
လီချန်းယွီသည် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ကာ ကွမ်းရင်းကျွင်း၏ ရှေ့တွင် ချပေးလိုက်၏။
"ငါ ဗီဒီယို သုံးခုလုံးကို ကြည့်ပြီးပြီ၊ ဘာပြဿနာမှ မရှိပါဘူး၊ မင်းက... သံသယ အရမ်းများနေတာပါ။"
ထိုအဘိုးအိုသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး စေတနာဖြင့် အကြံပေးလိုက်သည်။
"မင်း အယောင်ဆောင် စုံထောက်အဖြစ် လုပ်ခဲ့ရလို့ ဒီလို ဖြစ်သွားတာကို ငါ နားလည်ပါတယ်၊ ဒါပေမဲ့ မင်းရဲ့ တာဝန်က ပြီးသွားပြီလေ၊ အခုတော့ တခြားလူတွေလိုပဲ သာမန်ဘဝမှာ နေထိုင်သင့်ပြီ။"
ကျန်းရော့ချန်းသည် အတွင်းသတင်းများကို ကြားရရန် နားကို အသာစွင့်ထားမိသည်။
"တော်ပါတော့ ဦးလေးလီ။"
ကွမ်းရင်းကျွင်းက အေးအေးဆေးဆေးပင် ပြောလိုက်ရင်း လက်ဖက်ရည်ကြမ်းကို တစ်ငုံတည်းဖြင့် သောက်လိုက်သည်။ သူသည် ပရိုဂျက်တာမှ ဗီဒီယိုဖိုင်ကို ယူရန် မတ်တတ်ရပ်လိုက်ပြီး သူ၏ သားရေအကျီကို ကောက်ကိုင်လိုက်၏။
"ဦးလေးလီ၊ ဗီဒီယိုကိစ္စကိုတော့ ဒီအတိုင်းပဲ ထားလိုက်ပါတော့၊ အနောက်ကွမ်တုံး ရာဇဝတ်မှု နှိမ်နင်းရေးဌာနရဲ့ ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာ အကြံပေးအဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းချက်ကို ဆရာ ဘယ်လို စဉ်းစားထားလဲ။"
ကျန်းရော့ချန်းသည် ကွမ်းရင်းကျွင်းနှင့် လီချန်းယွီကို တစ်လှည့်စီ ကြည့်လိုက်သည်။ ဤနှစ်ဦးမှာ တော်တော်လေး ရင်းနှီးကြပုံရ၏။
သို့သော် ရင်းနှီးသူတစ်ဦးထံမှ အကူအညီ တောင်းခံလျှင်ပင် စိတ်ရင်းမှန်ကို ပြသသင့်ပေသည်။
အကယ်၍ သူသာ ဖြစ်ပါက လက်ဖက်ရည်ကောင်းကောင်း တစ်ပေါင်လောက် ယူလာခဲ့မိမှာ အသေအချာပင်။
စကားချည်းသက်သက် ပြောနေခြင်းက ဖြစ်လာနိုင်မည့် အခွင့်အရေးကို ပျက်ပြားသွားစေနိုင်သည်။
ထို့အပြင် လီချန်းယွီသည် အမေရိကန်မှ ရာထူးကို စွန့်လွှတ်ကာ ဟောင်ကောင်သို့ ဆရာအဖြစ် ပြန်လာခဲ့ခြင်းမှာ သူ၏ ရည်မှန်းချက်မှာ ရဲတပ်ဖွဲ့တွင် မဟုတ်ကြောင်း ထင်ရှားလှသည်။
မဟုတ်ပါက အဘယ်ကြောင့် အမေရိကန်တွင် ဆက်မနေခဲ့သနည်း။
မျှော်လင့်ထားသည့်အတိုင်းပင် လီချန်းယွီက လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။
"ငါက စာသင်ချင်တာပါ၊ ဒီမှာက ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာက စတင်တောင် မရသေးဘူး၊ နိုင်ငံခြားမှာတော့ တော်တော်လေးကို ရှေ့ရောက်နေပြီ၊ အခုက လူတော်တွေကို ပြုစုပျိုးထောင်ရမယ့် အချိန်ပဲ။"
ကွမ်းရင်းကျွင်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ပြည်တွင်းမှာက ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာကို သိပ်ပြီး အာရုံမစိုက်ကြဘူး၊ အလုပ်အကိုင် အခွင့်အလမ်းကလည်း တော်တော်လေး နည်းပါတယ်၊ ကျွန်တော်တို့ အနောက်ကွမ်တုံးကလွဲလို့ တခြား ဘယ်ရဲစခန်းကမှ ဒီအတွက် အပိုလစာပေးပြီး ခန့်ချင်မှာ မဟုတ်ဘူး။"
သူ ခေတ္တမျှ ရပ်လိုက်ပြီး ဆက်ပြောလိုက်၏။
"ဦးလေးလီ၊ ဆရာ့ဆီမှာ ကျောင်းသားတောင် ရှိမှာ မဟုတ်ဘူး။"
လီချန်းယွီက စိတ်မဆိုးဘဲ ကျန်းရော့ချန်းဘက်သို့ မေးထိုးပြလိုက်သည်။
"ဒီမှာ တစ်ယောက် ရှိနေပြီလေ။"
ကျန်ရော့ချန်း၏ မျက်လုံးများမှာ တောက်ပသွားပြီး မျက်နှာတွင် အပြုံးများ ယှက်သန်းသွားတော့သည်။
"ပါမောက္ခလီ၊ ကျွန်တော့်ကို လက်ခံလိုက်ပြီပေါ့နော်။"
သူသည် လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ကွမ်းရင်းကျွင်းအတွက် နောက်တစ်ခွက် ထပ်မံ ငှဲ့ပေးလိုက်ရင်း ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။
"ပါမောက္ခလီ ကြည့်ရအောင် ဒီဗီဒီယိုတွေကို ယူလာပေးတဲ့ စုံထောက်ကွမ်းကိုလည်း ကျေးဇူးတင်ရမှာပဲ။"
ကွမ်းရင်းကျွင်း: 'ဟား... သူက ငါ့ကို တမင် သွားပုပ်လေလွင့် ပြောနေတာလား။'
သူသည် ထိုလူငယ်လေး၏ မြေခွေးမျက်လုံးလေးများကဲ့သို့ ပြုံးနေသော မျက်ဝန်းများကို စိုက်ကြည့်လိုက်ပြီး လက်ဖက်ရည်ကို ယူကာ တစ်ငုံတည်းဖြင့် သောက်ချလိုက်သည်။
ကျန်းရော့ချန်းသည် အကြိမ်ကြိမ် ဆွပေးနေသော်လည်း တည်ငြိမ်နေပုံမှာ သူ၏ သတ္တိက သာမန်မဟုတ်ကြောင်း ပြသနေသည်။
အသက် ၁၉ နှစ်ပဲ ရှိသေးတာကို...
လီချန်းယွီက ကွမ်းရင်းကျွင်းကို ပြောလိုက်၏။
"ကျန်းရော့ချန်းက ဗဟုသုတလည်း ကြွယ်ဝသလို အခြေခံလည်း ကောင်းပါတယ်၊ မင်းက အကြံပေး တစ်ယောက် လိုချင်တာ မဟုတ်လား၊ သူ့ကိုပဲ ခေါ်လိုက်လေ၊ ငါက သူ့ကို မင်းတို့ အသုံးချနိုင်အောင် သေသေချာချာ သင်ပေးလိုက်မယ်၊ ဒါဆိုရင် ငါကလည်း စာသင်ချင်တဲ့ ဆန္ဒပြည့်ဝမယ်၊ မင်းတို့ အနောက်ကွမ်တုံး ရာဇဝတ်မှု နှိမ်နင်းရေးဌာနကလည်း အကြံပေး တစ်ယောက် ရတာပေါ့။"
ကွမ်းရင်းကျွင်းသည် အစပိုင်းတွင် ငြင်းပယ်ချင်သော်လည်း -
ပြန်လည် စဉ်းစားကြည့်လိုက်သောအခါ ကျန်ရော့ချန်း၌ သံသယဖြစ်ဖွယ်များ ရှိနေသော်လည်း သူ၏ အရည်အချင်းကမူ မဆိုးလှပေ။ သူ၏ စစ်ဆေးမေးမြန်းမှု နည်းစနစ်မှာပင် အနောက်ကွမ်တုံးရှိ မည်သူ့ထက်မဆို ပို၍ သာလွန်နေသည်။
ယခုအခါ ဟောင်ကောင်တွင် အခြေအနေများမှာ မငြိမ်မသက်ဖြစ်နေပြီး လူမျိုးစုံ ရောထွေးနေသည်။
သူသည် အလုပ်များသူဖြစ်ရာ ကျန်ရော့ချန်းကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ရန်မှာ မဖြစ်နိုင်ပေ၊ သို့သော် သူ့ကို လွှတ်ထားရန်မှာလည်း မသင့်တော်ချေ။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်လျှင် သူ့ကို အနီးအနားတွင် ထားရှိခြင်းမှာ အကောင်းဆုံး အဖြေဖြစ်ပေလိမ့်မည်။
ထို့အပြင် ကျန်းရော့ချန်းသည် သူ၏ ရုပ်ရည်ကို ပြုပြင်ပြောင်းလဲထားခြင်း ရှိမရှိကိုလည်း သူ အရင်ဆုံး စစ်ဆေးချင်နေသေးသည်။
သူ၏ အဒေါ်ဖြစ်သူက ပြောဖူးသည်မှာ မျက်နှာတစ်ခုလုံးကို ခွဲစိတ်ပြုပြင်ထားသူများအား စစ်ဆေးရန် အကောင်းဆုံးနည်းလမ်းမှာ ထိုသူ စားသောက်နေပုံကို ကြည့်ရန် ဖြစ်သည်ဟု ဆိုသည်။
မျက်နှာခွဲစိတ်ထားသူများသည် မျက်နှာကြွက်သားများကို လွတ်လပ်စွာ အသုံးမပြုနိုင်သဖြင့် အစားအစာ အတုံးကြီးများကို ဝါးစားသည့်အခါ အလွန်ပင် သဘာဝမကျဘဲ ရှိတတ်သည်။
သူသည် ကျန်ရော့ချန်း စားသောက်နေပုံကို မြင်ချင်မိ၏။
ကွမ်းရင်းကျွင်းက သူ့နာရီကို တစ်ချက် ကြည့်လိုက်ပြီး ဖိတ်ခေါ်လိုက်သည်။
"ဦးလေးလီ၊ ဗိုက်ဆာနေပြီလား၊ ဟွမ်ကျိမှာ သွားပြီး နေ့လယ်စာ စားကြမလား၊ ကျွန်တော် ကျွေးပါ့မယ်။"
ထို့နောက် ကျန်ရော့ချန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"မင်းလည်း လိုက်ခဲ့လေ၊ ဒါက အဖွဲ့ထဲကို ကြိုဆိုတဲ့ နေ့လယ်စာပေါ့။"
ကျန်းရော့ချန်းက တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ဒါက အဖွဲ့ထဲကို ကြိုဆိုတဲ့ နေ့လယ်စာဆိုမှတော့ ခင်ဗျားကို အကျွေးခံလို့ ဘယ်ဖြစ်မလဲ။"
ကွမ်းရင်းကျွင်းသည် ဟန်ဆောင်ကောင်းသူ မဟုတ်ကြောင်း သူ မသိခဲ့ပါက ထိုလူမှာ သူ့ကို တမင် ထောင်ချောက်ဆင်နေသည်ဟု ထင်မိမှာ အသေအချာပင်။
ထို့အပြင် သူက အဈေးအကြီးဆုံးဖြစ်သော ဟွမ်ကျိကိုပင် အကြံပြုခဲ့သေးသည်။
ကံကောင်းထောက်မစွာဖြင့် သူ ယခု ပိုက်ဆံရှိနေသဖြင့်သာ တော်တော့သည်၊ မဟုတ်ပါက ကွမ်းရင်းကျွင်းကို လက်သီးဖြင့် အချက်အနည်းငယ်လောက် ထိုးမိမှာ အသေအချာပင်။
အဲကွန်းခန်းထဲတွင် သားရေအကျီ ဝတ်ဆင်ထားသော ကွမ်းရင်းကျွင်းမှာ မိနစ်အနည်းငယ်အတွင်းမှာပင် ချွေးများ ထွက်လာတော့သည်။
သူက အသံဩဩဖြင့် ပြောလိုက်၏။
"ဒါကို ငါ့ရဲ့ အောင်သွယ်ခလို့ပဲ သတ်မှတ်လိုက်ပါ၊ ငါသာ ဒီဗီဒီယိုတွေကို ယူမလာခဲ့ရင် ဦးလေးလီက မင်းကို တပည့်အဖြစ် ဒီလောက် မြန်မြန် လက်ခံမှာ မဟုတ်ဘူး၊ မင်းက ငါ့ကို လက်ဖက်ရည် တိုက်ပြီးပြီဆိုတော့ ငါကလည်း ပြန်ကျွေးရမှာပေါ့။"
ကျန်းရော့ချန်း: ...
ဤကမ္ဘာပေါ်တွင် ဤမျှ အရှက်မရှိသော လူမျိုး ရှိနေပါသေးလား။
ဟောင်ကောင် ရုပ်ရှင်များထဲမှ စကားတစ်ခွန်းကိုပင် သတိရမိတော့သည်။ "
အချို့သော ရဲတွေက သူတို့ရဲ့ ယူနီဖောင်းကို ချွတ်ပြီး အရပ်ဝတ် ဝတ်လိုက်တဲ့အခါ လူမိုက်တွေထက်တောင် ပိုပြီး လူမိုက်ဆန်တတ်ကြတယ်။"
"ကောင်းပါပြီလေ"
ကျန်းရော့ချန်းက သူ၏ ခရင်မ်ရောင် ကတ်ရှ်မီးယား ပဝါကို လည်ပင်းတွင် တင်းတင်းပတ်လိုက်ရင်း အသံဗလုံးဗထွေးဖြင့် ပြောလိုက်သည်။
"ဒါဆိုရင်လည်း ကျွန်တော်က ဝမ်းမြောက်ဝမ်းသာ လက်ခံရမှာပေါ့။"
လီချန်းယွီကလည်း ဘေးမှ မြှောက်ပေးလိုက်သည်။
"အေး... ငါးမန်းတောင် စွပ်ပြုတ်ကို အရင်မှာလိုက်၊ သူ ဆေးလိပ် မဝယ်နိုင်တော့တဲ့အထိ စားပစ်လိုက်ကြရအောင်။"
ကွမ်းရင်းကျွင်းသည် ရုံးခန်းအပြင်သို့ ထွက်လာပြီး အိတ်ကပ်ထဲမှ လက်ဖက်ရည်နံ့ပါသော စီးကရက်တစ်လိပ်ကို ထုတ်၍ မီးခြစ်ဖြင့် ညှိလိုက်သည်။
အမှုများကို စစ်ဆေးရခြင်းမှာ စိတ်ပင်ပန်းလှသဖြင့် စုံထောက်များအနေဖြင့် စိတ်ကြည်လင်စေရန် ဆေးလိပ်သောက်လေ့ ရှိကြသည်။
အေးစက်သော လေပြည်နှင့်အတူ ဆေးလိပ်ငွေ့များမှာ ကျန်ရော့ချန်းထံသို့ လွင့်စဉ်လာသည်။
ကွမ်းရင်းကျွင်းက မီးခြစ်ဆံကို ငြှိမ်းသတ်လိုက်ပြီး ကျန်ရော့ချန်းထံသို့ လွင့်လာသော ဆေးလိပ်ငွေ့များကို လက်ဖြင့် ဝှေ့ယမ်း ဖယ်ရှားပေးလိုက်သည်။ လမ်းလျှောက်နေစဉ် သူက ပြောလိုက်၏။
"ငါ့ကားက ကျောင်းရှေ့တံခါးဝမှာ ရပ်ထားတာ၊ ငါတို့ လမ်းနည်းနည်း လျှောက်ရလိမ့်မယ်။"
ကျန်းရော့ချန်းသည် လက်ကို အိတ်ကပ်ထဲ ထည့်လိုက်ရင်း "အင်း" ဟု ပြန်ဖြေလိုက်သည်။
လီချန်းယွီကမူ တိုက်တွန်းနေတော့သည်။
"ငါတော့ အေးနေပြီ၊ မြန်မြန် သွားကြရအောင်။"
ကျန်ရော့ချန်းမှာမူ အဝတ်အစားများ အထပ်ထပ် ဝတ်ဆင်ထားသဖြင့် လေထဲတွင် လွင့်နေသော ဂွမ်းလုံးလေးတစ်လုံးနှင့် တူလှသည်။
သူ့ဆံပင်နှင့် အဝတ်အစားများမှာ အဖြူရောင်ဖြစ်သဖြင့် လည်ပင်းမှ အဝါနုရောင် ပဝါလေးမှာ အထူးပင် သိသာထင်ရှားလှသည်။
ထိုအဝါရောင်လေးမှာ အလွန်ပင် ထင်ရှားလှသဖြင့် ကျောင်းတံခါးဝတွင် ရပ်နေသော ကျန်းဟန်ယွီမှာ တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်ရသည်။
နူးညံ့ပြီး နွေးထွေးလှ၏။
ကျန်းဟန်ယွီ၏ အကြည့်မှာ ကျန်ရော့ချန်း၏ ဘေးတွင် ဆေးလိပ်သောက်နေသော အရပ်ရှည်ရှည် လူတစ်ယောက်ထံသို့ ရောက်ရှိသွားပြီးနောက် သူ ရှေ့သို့ လှမ်းလာခဲ့သည်။
"ကိုကို"
သူ့အသံမှာ အကျယ်ကြီး မဟုတ်သလို အတိုးကြီးလည်း မဟုတ်ပေ၊ အေးစက်သော လေတိုက်နှုန်းကြောင့် ထိုအသံမှာ ကျန်းရော့ချန်းထံသို့ မရောက်ရှိနိုင်ခင်မှာပင် ပျောက်ကွယ်သွားတော့သည်။
ကျန်းရော့ချန်းမှာမူ ဘာမှ မကြားလိုက်ရပေ။
ထို့ကြောင့် ကျန်းဟန်ယွီသည် ကျန်ရော့ချန်း၏ ရှေ့သို့ ပြေးလာပြီး လမ်းကို ပိတ်ရပ်လိုက်ရတော့သည်။
"ရော့ချန်းကိုကို"
ကျန်းရော့ချန်းသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မော့ကြည့်လိုက်တော့သည်။
---
7