Chapter 01
[ဉာဏ်နီဉာဏ်နက်များတဲ့
အလှလေး]
"မင်းပြောတာက... ငါမကြာခင် သေရတော့မှာပေါ့"
"ဟုတ်ပါတယ်၊ ဟို့စ်"
ဧည့်ခံပွဲခန်းမကြီး၏ထောင့်တစ်နေရာတွင် ယဲ့မန်မှာ
ကိတ်မုန့်ကိုကိုက်စားတော့မည်ဆဲဆဲ ရပ်တန့်သွားရသည်။
နောက်တစ်စက္ကန့်တွင်တော့ သူက ကိတ်မုန့်ကို ပါးစပ်ထဲသို့
အမြန်ထိုးထည့်ကာ အငမ်းမရ မျိုချလိုက်လေ၏။ ထို့နောက် ဖြူဖွေးလှပသော မျက်နှာလေးကိုမော့ချီ၍
ထိုအသံပိုင်ရှင်အား မေးလိုက်သည်။ "ဘာလို့လဲ”
ယဲ့မန်ဆိုသည်ကား မကြာသေးမီကမှ ချီမိသားစုမှ အသိအမှတ်ပြုကာ
ပြန်ခေါ်လာခြင်းခံရသူဖြစ်၏။
ချီမိသားစုသည် ပေကျင်းမြို့၏ ထိပ်သီးအသိုင်းအဝိုင်းမှဖြစ်ပြီး
သားနှစ်ယောက်ရှိကာ သားအကြီးချီယန့်နှင့် ဒုတိယသား ချီကျွယ်တို့မှာ လက်ရှိ အထက်တန်းလွှာအသိုင်းအဝိုင်း၏
မျိုးဆက်များအကြားတွင် ထိပ်သီးပုဂ္ဂိုလ်များဖြစ်ကြသည်။
လွန်ခဲ့သောအချိန်ကာလတစ်ခုက အထက်တန်းလွှာအသိုင်းအဝိုင်းတွင်
ဂယက်ကြီးတစ်ခု ထခဲ့ဖူးလေသည်။ ချီကျွယ်သည် ချီမိသားစု၏ သွေးသားအရင်းမဟုတ်ကြောင်းကို
မတော်တဆ သိရှိသွားခဲ့ကြခြင်းပင်။ ထပ်မံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်လိုက်သောအခါ မွေးကင်းစအရွယ်မှာပင်
ကလေးချင်းလဲလှယ်ခံခဲ့ရသည်ကို သိရှိသွားခဲ့ကြသည်။
ချီမိသားစု၏ဩဇာအာဏာကြီးမားမှုနှင့် လုပ်ရည်ကိုင်ရည်များကြောင့်
နှစ်ပေါင်းများစွာ အိမ်နှင့်ဝေးနေခဲ့ရသော သခင်လေးအစစ် ယဲ့မန်အား အမြန်ဆုံးရှာဖွေတွေ့ရှိခဲ့သည်။
ထို့ပြင် ယဲ့မန်၏ကြီးပြင်းလာပုံကိုလည်း အသေအချာ စုံစမ်းခဲ့ကြသည်။
ယဲ့မန်သည် ဤနှစ်များအတွင်း ဘဝကို ကောင်းမွန်စွာ
ဖြတ်သန်းခဲ့ရခြင်းမရှိပေ။ သူ၏မွေးစားမိခင်မှာ ငယ်ငယ်လေးကတည်းက ကွယ်လွန်သွားခဲ့ရပြီး
မွေးစားဖခင်ဖြစ်သူမှာ အရက်သေစာသောက်စားတတ်ခြင်း၊ လောင်းကစားလုပ်ခြင်းနှင့် အကြမ်းဖက်တတ်သူတစ်ဦးဖြစ်ကာ
အကြွေးပုံကြီးချန်ရစ်၍ ထွက်ပြေးသွားခဲ့သဖြင့် ငယ်ရွယ်သော ယဲ့မန်မှာ အကြွေးတောင်းသူများကို
တစ်ကိုယ်တည်း ရင်ဆိုင်ခဲ့ရသည်။ အခြားရွေးချယ်စရာမရှိသဖြင့် ယဲ့မန်မှာ ငယ်ငယ်ရွယ်ရွယ်နှင့်
ကျောင်းထွက်ကာ အကြွေးဆပ်ရန် အလုပ်လုပ်ခဲ့ရသည်။
ချီမိသားစုကဲ့သို့ ချမ်းသာကြွယ်ဝသော မိသားစုတစ်ခုအတွက်
ကလေးမှားယွင်းသည့်ကိစ္စမှာ ဖြေရှင်းရန် လွယ်ကူလှသည်။
ချီကျွယ်အား သွေးသားအရင်းပမာ နှစ်ပေါင်းများစွာ
ပြုစုပျိုးထောင်ခဲ့ပြီး ထူးချွန်ထက်မြက်ကာ မိသားစုနှင့်လည်း သံယောဇဉ်နက်ရှိုင်းနေပြီဖြစ်သဖြင့်
ချီမိသားစုအနေဖြင့် သူ့အား စွန့်လွှတ်ရန် အကြောင်းပြချက်မရှိပေ။ အခြားတစ်ဖက်တွင်လည်း
သားအရင်းဖြစ်သော ယဲ့မန်အား အပြင်တွင် ဒုက္ခဆက်ခံခိုင်း၍ မဖြစ်နိုင်ပေ။ ထို့ကြောင့်
ယခုအခါ သူတို့၌ သားနှစ်ယောက်ရှိလာမည်ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် မကျွေးမမွေးနိုင်လောက်အောင်
ဆင်းရဲမနေပါချေ။
တစ်ခုတည်းသော ခေါင်းခဲစရာကိစ္စမှာ အမွေဆက်ခံရေးပင်ဖြစ်၏။
ထိုအတွက် ဖေဖေချီသည် ချီယန့်နှင့် ချီကျွယ်တို့ကို
စာကြည့်ခန်းထဲသို့ စောစောစီးစီးခေါ်ယူကာ အခြေအနေကို ရှင်းပြခဲ့၏။ သူ့ဖိုင်အရ သိရသလောက်ဆိုလျှင်
ယဲ့မန်မှာ အလုပ်ကြီးအကိုင်ကြီးများနှင့် အဆင်ပြေမည် မဟုတ်ပေ။ သူ့အတွက် ထိုက်တန်သော
ဝေစုကိုရရှိမည်ဖြစ်ပြီး ပူပင်သောကကင်းစွာ နေထိုင်ရန် လုံလောက်သော်လည်း ထို့ထက်ပို၍တော့
ရမည်မဟုတ်ပေ။
စာချုပ်စာတမ်းများ အားလုံးကို လက်မှတ်ရေးထိုးပြီးသည်နှင့်
ချီမိသားစုသည် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော အမွေလုပွဲအန္တရာယ်ကို လုံးဝဖယ်ရှားလိုက်ပြီး
ချီကျွယ်၏စိတ်ကို သက်သာရာရစေခဲ့၏။
ယဲ့မန်အား ရှာတွေ့ချိန်မှစ၍ တရားဝင်အိမ်ပြန်ခေါ်ရန်
ဆုံးဖြတ်ချက်ချသည်အထိ ချီမိသားစုသည် ကိစ္စအားလုံးကို သုံးရက်အတွင်း စီစဉ်ဆောင်ရွက်ခဲ့သည်။
သို့နှင့် ယဲ့မန်သည် ညတွင်းချင်းပင် လူချမ်းသာ
မိသားစုတစ်ခု၏သခင်လေးဖြစ်လာခဲ့လေသည်။
သို့ရာတွင် စည်းစိမ်ချမ်းသာကို မခံစားရမီမှာပင်
စနစ်တစ်ခုပေါ်လာပြီး သူ မကြာမီ သေဆုံးရတော့မည်ဟု ပြောလာခဲ့၏။
"မင်းရဲ့ကမ္ဘာက 'လူတိုင်းကချစ်ကြတဲ့၊ အားလုံးရဲ့အချစ်တော်
BL' ဝတ္ထုတစ်ပုဒ်ပဲ။ ချီကျွယ်က ဒီစာအုပ်ထဲက အားလုံးအချစ်ခံ အဓိကဇာတ်ကောင်ဖြစ်ပြီး မင်းကတော့
သူ့ကိုပေါ်လွင်အောင် လုပ်ပေးရမယ့် ဗီလိန်အမြောက်စာလေးပဲ”
စနစ်က ဇာတ်ကွက်ကို ရွတ်ပြလာသည်။
"မင်းက ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့သူဖြစ်ပြီး
မှုန်ကုပ်ကုပ်နဲ့ လူမုန်းများတဲ့အကျင့်စရိုက်ရှိတယ်။ ချီမိသားစုဆီ ပြန်ရောက်ပြီးတဲ့နောက်မှာတော့
မင်းက အစစအရာရာမှာ ချီကျွယ် လွှမ်းမိုးတာကိုခံရတဲ့သူဖြစ်လာတယ်။ လူတိုင်းက ချီကျွယ်ကို
သဘောကျပြီး မင်းကိုတော့ ဘယ်သူကမှ မကြိုက်ကြဘူး။ မင်းက အထက်တန်းလွှာအသိုင်းအဝိုင်းထဲ
ဝင်ဆံ့အောင် အသည်းအသန်ကြိုးစားပေမယ့် အရေးကြီးတဲ့ပွဲတွေမှာ အမြဲတမ်းအရှက်ကွဲရပြီး လူရယ်စရာဖြစ်လာတယ်။
မင်းကို လူတိုင်းက အထင်သေးပြီး မုန်းတီးကြတယ်။ မင်းရဲ့မွေးစားမိဘတွေနဲ့ အစ်ကိုအရင်းကတောင်
မင်းထက်စာရင် ချီကျွယ်ကို ပိုသဘောကျကြတယ်"
"မနာလိုဝန်တိုမှုတွေကြောင့် မင်းရူးသွပ်သွားတယ်။
မင်းရဲ့နှလုံးသားက ကောက်ကျစ်မည်းမှောင်လာပြီး ချီကျွယ်ကို ချောက်ချဖို့ ယုတ်မာတဲ့နည်းလမ်းပေါင်းစုံကို
သုံး၊ သူ့ဆီက အရာအားလုံးကိုလုယူဖို့ ကြိုးစားခဲ့တယ်။ မုန့်မိသားစုရဲ့ သားမက်လောင်းအဖြစ်
ချီကျွယ်ရဲ့နေရာကို ရဖို့အတွက် သူ ငယ်ငယ်တည်းက စေ့စပ်ထားသူကိုတောင် ဆေးခတ်ပြီး ကုတင်ပေါ်ရောက်အောင်
လုပ်ခဲ့သေးတယ်..."
"အတိုချုပ်ပြောရရင်တော့ မင်းက မကောင်းမှုတွေကို
ဆက်တိုက်လုပ်ခဲ့ပြီး တဖြည်းဖြည်းနဲ့ မင်းရဲ့လုပ်ရပ်တွေ ပေါ်လာတဲ့အခါ ဖေဖေချီက ဒေါသတကြီးနဲ့
မင်းကို နှင်ထုတ်လိုက်တယ်။ မင်း သတိလက်လွတ်ဖြစ်နေတဲ့အချိန်မှာ ကားတိုက်ခံရပြီး ခြေထောက်ကျိုးသွားခဲ့တယ်။
ပြီးတော့ မင်းက သနားခံချင်လို့ နေမကောင်းချင်ယောင်၊ ဒဏ်ရာရချင်ယောင်ဆောင်ခဲ့တဲ့အတွက်
မင်း အကူအညီတောင်းပေမယ့် ဘယ်သူကမှ မယုံကြတော့ဘူး။ နောက်ဆုံးမှာ စိတ်ထားကောင်းတဲ့ သူစိမ်းတစ်ယောက်က
လူနာတင်ယာဉ် ခေါ်ပေးခဲ့တယ်"
"မင်းအသက်ရှင်ပေမယ့် မသန်စွမ်းဖြစ်သွားတယ်။
ထိုးနှက်ချက်တွေ အများကြီးခံရပြီး စိတ်လွတ်သွားတယ်။ နောက်ဆုံးမှာတော့ စိတ်ကျန်းမာရေးဆေးရုံရဲ့
လှေကားပေါ်က ပြုတ်ကျပြီး သေဆုံးသွားခဲ့တယ်"
၎င်းက ယဲ့မန်၏မူလကံကြမ္မာပင် ဖြစ်၏။
"ငါ မင်းကို ကယ်နိုင်ပါတယ်"
"အဓိကစုံတွဲရဲ့ အချစ်ရေးမှာ ပြဿနာတစ်ခုရှိနေတာကို
ငါတို့ ရှာတွေ့ခဲ့တယ်။ ဇာတ်လမ်းကိုထိန်းသိမ်းဖို့ မင်းရဲ့အကူအညီ လိုအပ်တယ်။ အချိန်ကျလာရင်
စနစ်က မင်းကို သေချင်ယောင်ဆောင်နိုင်ဖို့ ကူညီပေးလိမ့်မယ် ပြီးရင် အဲ့ဒီအတွက် အပြန်အလှန်အနေနဲ့
တစ်သက်စာလောက်ငှတဲ့ ပိုက်ဆံအများကြီးကို ပေးမယ်"
"ကျွန်တော်က ဘာလုပ်ပေးရမှာလဲ"
"ဇာတ်ကြောင်းအတိုင်းသွားပြီး ဗီလိန်အမြောက်စာလိုပဲနေ။
လိုအပ်တဲ့အခါကျရင် အဓိကစုံတွဲရဲ့ ဆက်ဆံရေးကို နည်းနည်းလောက် တွန်းအားပေးလိုက်ပေါ့။
ဒါနဲ့ ထွက်ပြေးပြီး မင်းရဲ့ မူလဇာတ်သိမ်းကနေ လွတ်မြောက်နိုင်မယ်လို့တော့ မထင်လိုက်နဲ့နော်။
ဇာတ်လမ်းက အရှိန်ပြင်းပြီး စနစ်ရဲ့ Cheat တွေမပါဘဲ မင်း ဘယ်လောက်ပဲ ရုန်းကန်ရုန်းကန်သေရမှာပဲ"
"ဒါဆို ခြေထောက်ကျိုးတဲ့အဖြစ်ကနေ ရှောင်လို့ရမလား"
စနစ် : "မရဘူး၊ အဲ့ဒါက အရေးကြီးတဲ့ ဇာတ်ကွက်တစ်ခုပဲ။
မင်းဇာတ်ကောင်ရဲ့ စရိုက်အရဆိုရင် မင်းက မသန်စွမ်းမဖြစ်မချင်း ချီမိသားစုကိုနှောင့်ယှက်တာ
မရပ်ဘဲ ပြဿနာရှာဖို့ ဆက်ကြိုးစားနေမှာပဲလေ။ ဒါပေမယ့် အဲ့ဒီအချက်ပြီးသွားရင်တော့ မင်းရဲ့အခန်းက
ပြီးဆုံးသွားပြီဖြစ်လို့ ခြေထောက်ကတော့ ကျိုးကိုကျိုးရမှာပဲ"
ယဲ့မန် သူ၏အင်္ကျီစကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်ရာ
သူ့မျက်နှာပေါ်တွင် ကူကယ်ရာမဲ့မှုများ ဖြတ်ပြေးသွားလေသည်။ "ဒါပေမယ့်... ကျွန်တော်က
မျက်မမြင်တစ်ယောက်လေ။ ခြေထောက်ပါကျိုးသွားမယ်ဆိုရင် ကျွန်တော့်အဘွားက ဘယ်လိုလုပ်မလဲ"
စနစ် : "...အဘွား?"
“…”
"..."
နေပါဦး…. မျက်မမြင်??
ယဲ့မန်၏အပြစ်ကင်းစင်ပြီး ကြည်လင်နေသော မျက်ဝန်းများမှာ
တစ်ချိန်လုံး အာရုံစူးစိုက်မှုမရှိဘဲ ဗလာဖြစ်နေကြောင်းကို စနစ်သည် နောက်ဆုံး၌ သတိပြုမိသွားလေသည်။
သူတို့ စကားပြောနေစဉ်မှာပင် ကောင်လေး၏မျက်ဝန်းများက
နီရဲလာလေတော့သည်။ သူသည် အမှန်တကယ်ပင် လှပကာ သနားစရာကောင်းပြီး မျက်လုံးတစ်ဝိုက်ရှိ
အသားအရေမှာ ပါးလွှာနေသဖြင့် နီရဲနေမှုမှာ ပို၍သိသာကာ သနားချင့်စဖွယ် ယုန်ပေါက်လေးတစ်ကောင်နှင့်
တူနေတော့သည်။
အထူးသဖြင့် သူဟာ မျက်မမြင်ဖြစ်ကြောင်း သိလိုက်ရပြီးနောက်တွင်
စနစ်မှာ အရင်ကနှင့်မတူဘဲ ပျာယာခတ်သွားတော့သည်။
ယဲ့မန်က ဘာလို့ မျက်မမြင်ဖြစ်နေတာလဲ?!
သူ မမြင်ရဘူးဆိုရင် မကောင်းမှုတွေကို ဘယ်လိုလုပ်နိုင်မှာလဲ။
မျက်လုံးမမြင်တဲ့ အမြောက်စာဗီလိန်ဆိုတာကို ကြားဖူးတဲ့သူရောရှိရဲ့လား!
မလှမ်းမကမ်းတွင်တော့ ချမ်းသာသော လူငယ်အချို့က
ထောင့်တစ်နေရာ၌ တစ်ယောက်တည်းရပ်နေသော ယဲ့မန့်ဘက်သို့ မျက်ရိပ်ပြနေလျက်ရှိ၏။
"အဲ့ဒါ ချီမိသားစုရဲ့ကလေးအသစ်လား"
"သူက... အင်း... တော်တော်လေးလှတာပဲ"
ခနဲ့တဲ့တဲ့စကားက
လွှတ်ခနဲထွက်တော့မတတ် ဖြစ်သွားသော်ငြား သူတို့မှာ
လိမ်ပြောရန် မစွမ်းသာကြပေ။
"အဟမ်း၊ လာ... ကျွယ်ကောအတွက် အဲ့ဒီညီလေးကို
သွား 'စောင့်ရှောက်' ပေးရအောင်"
ယဲ့မန်နှင့် ချီကျွယ်တို့မှာ သက်တူရွယ်တူဖြစ်သည်။
လက်တွေ့တွင်မူ ယဲ့မန်က ချီကျွယ်ထက် နာရီအနည်းငယ် နောက်ကျပြီးမှ မွေးဖွားလာခဲ့သဖြင့်
အိမ်သို့ပြောင်းရွှေ့လာပြီးကတည်းက သူ့အား "ညီငယ်"အဖြစ် သတ်မှတ်ခဲ့ကြလေ၏။
ယခုအချိန်တွင် မျက်မမြင်လူငယ်လေးမှာ သူ့ထံချဉ်းကပ်လာနေသော
ပြဿနာကို သတိမထားမိဘဲ စနစ်နှင့်စကားပြောရန်သာ အာရုံစိုက်နေခဲ့သည်။
"ဟုတ်တယ်၊ ကျွန်တော့်အဘွားက လွန်ခဲ့တဲ့နှစ်အနည်းငယ်က
အယ်လ်ဇိုင်းမားရောဂါ ဖြစ်နေတယ်လို့ ရောဂါအမည်တပ်ခံခဲ့ရတာ။ သူ့ကို တစ်ယောက်တည်း ထားခဲ့လို့မရဘူး။
တစ်ခါတလေ သူက ဂက်စ်မီးဖိုပိတ်ဖို့ မေ့နေတတ်လို့ အရမ်းအန္တရာယ်များတယ်။ ကျွန်တော်သာ
မရှိတော့ရင်..."
စနစ်က ဇာတ်လမ်းဖိုင်များကို မွှေနှောက်ရှာဖွေလိုက်ရာ
နောက်ဆုံးတွင်တော့ ယဲ့မန်၏အဘွားအကြောင်း ဖော်ပြထားသော စာပိုဒ်တစ်ပိုဒ်ကို တွေ့ရှိသွားလေသည်။
"စကားဖြတ်ပြောမိလို့ အားနာပါတယ်။ မင်းရဲ့အဘွား၊
ဆိုလိုတာက မင်းရဲ့မွေးစားအမေရဲ့အမေက မင်းမမွေးခင်ကတည်းက သေသွားခဲ့ပြီ မဟုတ်ဘူးလား"
ဆိုတော့ ဒီအယ်လ်ဇိုင်းမားရောဂါဝေဒနာရှင် အဘွားက
ဘယ်ကရောက်လာတာလဲ။
ယဲ့မန် မျက်လွှာချလိုက်ရာ ရှည်လျားသော မျက်တောင်လေးများက
မျက်ခွံပေါ်တွင် အရိပ်လေးများအဖြစ် ကျဆင်းသွားခဲ့၏။ "အို့... ကျွန်တော် ရှင်းရှင်းလင်းလင်း
မပြောမိလိုက်လို့..."
သူက စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားလေသည်။
လူငယ်လေးမှာ ပိန်ပါးလွန်းလှကာ တစ်ယောက်တည်း ငြိမ်ငြိမ်လေးရပ်နေရသဖြင့်
အင်မတန် သနားစရာကောင်းနေတော့သည်။
စနစ်၏မရှိသောလိပ်ပြာမှာပင် နာကျင်လာရလေသည်။
"သူက တကယ်တော့အိမ်နီးချင်းပါ၊ ဘေးအိမ်ကလေ။
အမေဆုံးသွားပြီးတဲ့နောက် အဲ့လူက ကျွန်တော့်ကို ရက်အတော်ကြာ အိမ်မှာတစ်ယောက်တည်း ထားခဲ့လေ့ရှိတယ်။
သူက ပိုက်ဆံတွေအကုန်ယူသွားတတ်တော့ ကျွန်တော် ငတ်မလိုဖြစ်တိုင်း ဘေးအိမ်က အဘွားလွီကပဲ
စားစရာတွေပေးခဲ့တာ။ ကျွန်တော်က သူတို့ရဲ့ ဆက်ဆံရေးကို တခြားလူတွေ အထင်လွဲသွားတာမျိုး
မဖြစ်စေချင်လို့ သူ့ကို အဘွားလို့ပဲ အမြဲခေါ်ခဲ့တယ်"
(T/N သူတို့ဆက်ဆံရေးဆိုတာ အဘွားလွီနဲ့ မွေးစားအဖေ
တစ်ခုခုပတ်သက်နေတယ်လို့ ထင်မြင်သွားမှာစိုးတာကိုပြောတာပါ)
ယဲ့မန်က နှုတ်ခမ်းကိုစေ့ကာ ခေါင်းငုံ့လိုက်သည်။
"သူက ဒီကမ္ဘာကြီးပေါ်မှာ ကျွန်တော့်အပေါ် ကောင်းပေးဖူးတဲ့ တစ်ဦးတည်းသောသူပါ။ သူ့ကို
မိသားစုဝင်အရင်းအချာတစ်ယောက်လို အမြဲသဘောထားခဲ့ပြီး ကျွန်တော်တို့က အဘွားနဲ့မြေးအရင်းတွေလိုပါပဲ။
ဒါကြောင့်... ခင်ဗျား ကျွန်တော့်ခြေထောက်ကို မချိုးဘဲ နေပေးလို့ရမလား"
"ပြီးတော့ ခင်ဗျားပေးတဲ့ တခြားအလုပ်တွေ အားလုံးကိုလည်း
အကောင်းဆုံးပြီးမြောက်အောင် လုပ်ပေးပါ့မယ်"
စနစ်၏မရှိသောလိပ်ပြာမှာ ပို၍ပင် နာကျင်လာရတော့သည်။
ယဲ့မန်မှာ စိုးရိမ်တကြီးစောင့်ဆိုင်းနေစဉ် တစ်ယောက်ယောက်က
ကိုယ့်ပါးကိုယ်ရိုက်လိုက်သည့် 'ဖြန်း'ခနဲအသံကို ကြားလိုက်ရလေသည်။
စနစ်၏အသံမှာ နူးညံ့သွားလေသည်။ "ရပါတယ်၊ မင်းရဲ့ခြေထောက်ကို
ချိုးဖို့က အရမ်းကြီးလည်း လိုအပ်မနေပါဘူး"
ထိုအတွက်ကြောင့် ဆုံးရှုံးရမည့် စွမ်းဆောင်ရည်ဆုကြေးငွေများကို
တွေးမိကာ စနစ်၏နှလုံးသားလေး သွေးထွက်လုမတတ် နာကျင်သွားရလေသည်။
ယဲ့မန်က သတိကြီးစွာဖြင့် မေးလိုက်သည်။ "ဒီအတွက် ခင်ဗျား ပြဿနာတက်သွားမှာလား”
"ဟင့်အင်း"
ယဲ့မန်က ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ်
စနစ်ကော"
ကောင်လေး၏အပြုံးအောက်တွင် စနစ်မှာ တုန်ယင်သွားပြီး
တိမ်တိုက်များပေါ် နင်းလျှောက်နေရသကဲ့သို့ အားအင်ချိနဲ့လာသည်ဟု ခံစားလိုက်ရသည်။
စွမ်းဆောင်ရည်ဆုကြေးက နည်းနည်းလေးပါလေ။
ဖြတ်လိုက်စမ်း! ဂရုကိုမစိုက်ဘူး!
ပရော်ဖက်ရှင်နယ် ဗီလိန်အမြှောက်စာစနစ်တစ်ခုအနေဖြင့်
၎င်း၏ ယခင်ဟို့စ်များအားလုံးသည် အကြံအစည်များ၊ ယုတ်မာသော အကွက်ဆင်မှုများဖြင့် ပြည့်နှက်နေပြီး
အစီအစဉ်တစ်ခုပြီးတစ်ခုဖြင့် အဓိကဇာတ်ကောင်ကို ချောက်ချဖို့ရန် ကြံစည်နေလေ့ရှိကြသည်။
ဤသည်မှာ ယဲ့မန်ကဲ့သို့သော အမြှောက်စာဇာတ်ကောင်မျိုးနှင့် ပထမဆုံးအကြိမ် တွေ့ရခြင်းပင်ဖြစ်၏။
သနားစရာကောင်းသော မျက်မမြင်ကောင်လေး ကောင်လေးတစ်ယောက်ကို
ဗီလိန်ဇာတ်ရုပ် ဇွတ်အတင်းကပြခိုင်းခြင်းက စနစ်ကိုယ်တိုင်ပင် ပြစ်မှုကျူးလွန်သူတစ်ဦးကဲ့သို့
ခံစားလာရစေသည်။
သို့ပေသော်ငြား ဤကမ္ဘာတွင်မူ ယဲ့မန်က တကယ့်ကို
ဗီလိန်ပင်ဖြစ်၏။
ယနေ့သည် ချီမိသားစုသို့ ပြန်လည်ရောက်ရှိပြီးနောက်
ပထမဆုံးအကြိမ်အဖြစ် ယဲ့မန် လူအများရှေ့ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူသည် အလုပ်ကိစ္စဖြင့်ရောက်လာသော ချီယန့်နှင့်အတူ
ပါလာခြင်းဖြစ်သည်။ ယဲ့မန်က စားသောက်ပြီး အပန်းဖြေရန်အတွက်သာ ကပ်လိုက်လာခဲ့ခြင်းပင်။
မူလဇာတ်ညွှန်းတွင် သူ၏ပထမဆုံးလူမှုရေးပွဲ၌ ယဲ့မန်သည်
အထက်တန်းလွှာလူငယ်များ၏ အသိုင်းအဝိုင်းထဲသို့ ဝင်ဆံ့ရန် အသည်းအသန် ကြိုးစားခဲ့ပြီး
မဖိတ်ခေါ်ထားသည့်တိုင် အမြဲတမ်း ဝင်ပါရန် ကြိုးစားခဲ့သည်။
သို့ရာတွင် ရလဒ်အနေဖြင့် သူ မည်မျှပင်ကြိုးစားစေကာမူ
လူတိုင်းက သူ့အား လှောင်ပြုံးပြုံးလျက် ကြည့်ရှုကြပြီး ရည်ရွယ်ချက်ရှိရှိ ဖယ်ကြဉ်ထားကြမည်သာ။ သူတို့က သူ့ကို
စော်ကားကြပြီး လူရွှင်တော်တစ်ဦးလို သဘောထား၍ လှောင်ပြောင်ကာ လူရာမဝင်ကြောင်း၊ ချီကျွယ်၏
လက်တစ်ချောင်းနှင့်ပင် ယှဥ်ဖို့မတန်ကြောင်း ပြောဆိုကြမည်ဖြစ်၏။
အရှက်ခွဲခံရသဖြင့် ယဲ့မန်သည် ချီကျွယ်က သူတစ်ပါးပိုင်ဆိုင်သည့်အရာများကို
ခိုးယူသွားသော သူခိုးဖြစ်ကြောင်း၊ သူသာလျှင် ချီမိသားစု၏သားအရင်းဖြစ်ပြီး ချီကျွယ်သည်
အတုအယောင်သာဖြစ်ကြောင်း လူအများရှေ့တွင် အော်ဟစ်မည်ဖြစ်သည်။
၎င်းမှာ အမှန်တရားဖြစ်သော်ငြား မည်သူကများ ထိုသို့သောကိစ္စများကို
လူပုံအလယ်တွင် ထုတ်ဖော်ပြောဆိုပါမည်နည်း။
လူအုပ်ထဲတွင် တစ်ယောက်တည်းရပ်နေသော သူ့ကို လူတိုင်းက
အကြောင်းပြချက်မရှိ ပြဿနာရှာသူအဖြစ်သာ ရှုမြင်ကြမည်ဖြစ်ကာ သူ့အား ပို၍ပင် အံမဝင်ခွင်မကျ
ဖြစ်စေတော့သည်။
ထို့အပြင် ဖေဖေချီသည် ကလေးလဲခံရသည့်ကိစ္စကို မိသားစုက
ချောမွေ့စွာ ကိုင်တွယ်ဖြေရှင်းပြီးဖြစ်ကြောင်း တစ်ကမ္ဘာလုံးကို သိစေခဲ့ပြီးဖြစ်သည်။
အများသိထားသည့် ဇာတ်လမ်းမှာ ညီအစ်ကိုနှစ်ယောက် အဆင်ပြေသည်ဟုသာ ဖြစ်ရာ ယဲ့မန်က ထိုအရာကို
ဖျက်ဆီးလိုက်ခြင်းက ချီမိသားစု၏ "အရှက်ကွဲမှု"ကို လူတိုင်းအား စောင့်ကြည့်လာစေခဲ့သည်။
အိမ်ပြန်ရောက်သည့်အခါ ဖေဖေချီသည် အလွန်ဒေါသထွက်သွားပြီး
ယဲ့မန်အား သုံးရက်တိတိ အိမ်အကျယ်ချုပ်ချထားကာ ကိုယ့်အမှားကိုယ် သုံးသပ်စေတော့သည်။
လာမည့်ဇာတ်ကွက်အား ပြန်ပြောပြပြီးသည့်နောက်တွင်
စနစ်က တိတ်တိတ်ကလေး ကိတ်မုန့်စားနေသည့်၊ လိမ္မာရေးခြားရှိသော ကောင်လေးကို လှမ်းကြည့်ကာ
ငြိမ်သက်သွားလေသည်။
ယဲ့မန် တွေ့ကြုံရတော့မည့်အရာများကို တွေးမိကာ
အပြစ်ရှိစိတ်က ထပ်မံစူးအောင့်လာရပြန်သည်။
"ဒီလူတွေပြောမယ့်စကားတွေက ရိုင်းစိုင်းကောင်း
ရိုင်းစိုင်းလိမ့်မယ်။ အများကြီးလျှောက်မတွေးဘဲ ပြဇာတ်တစ်ပုဒ်လိုပဲသဘောထားလိုက်။ မ...
မငိုနဲ့နော်၊ ကြားလား"
ယဲ့မန်၏မျက်နှာပေါ်တွင် နောင်တရရိပ်လေးများ ဖြတ်ပြေးသွားလေသည်။
"မငိုပါဘူး"
သူက တစ်ထိုင်တည်း အများကြီးစားထားသဖြင့် ယခုအခါ
ဗိုက်ထဲတွင် အနည်းငယ် နေမထိထိုင်မသာ ဖြစ်နေသည်။
"ဇာတ်ကွက်"ထဲသို့ ပြန်မဝင်မီ သူ မျက်နှာသစ်ချင်နေသည်။
သွားတော့မည့်ဆဲဆဲမှာပင် သူက လက်ရှိတွင် မျက်မမြင်ဖြစ်နေကြောင်းကို
သတိရသွားကာ ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။
သူက ဖြတ်လျှောက်သွားသော စားပွဲထိုးတစ်ဦးကို တားလိုက်ပြီး
အိမ်သာဆီသို့လမ်းပြပေးရန် ယဉ်ကျေးစွာ တောင်းဆိုလိုက်သည်။
သူထွက်လာသည့်အခါတွင်တော့ စားပွဲထိုးလေးမှာ မရှိတော့ပေ။
ထိုအစား စောင်းကြွကြွ သူဌေးသားလူငယ်အချို့က သူ့နောက်မှ ကပ်ပါလာလေ၏။
"ဟင်း… ဒါက ချီမိသားစုရဲ့ သခင်လေး မဟုတ်လား"
သူတို့သုံးလေးငါးယောက်ခန့်သည် မကောင်းသောရည်ရွယ်ချက်များဖြင့်
ယဲ့မန်အား အပြည့်အဝ ဝိုင်းရံထားလိုက်ကြသည်။
"ဒီမှာ တစ်ယောက်တည်းစောင့်နေတာလား။ ဒါက ဒီလိုနေရာမျိုးကို
မင်းရောက်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်မှာပေါ့။ ကိုယ်တို့ မင်းကို ပျော်စရာကောင်းအောင်
လုပ်ပေးရမလား"
သူတို့ထဲမှတစ်ယောက်က ယဲ့မန်၏မျက်နှာကို ကိုင်တွယ်ရန်
လက်လှမ်းလိုက်လေသည်။
သူ အနားသို့ ကပ်လာသောအခါ ယဲ့မန်သည် တစ်ခဏမျှ နှောင့်နှေးနေပြီးမှ
ရှောင်ဖယ်လိုက်သည်။ ၎င်းမှာ ပြတ်သားစွာ ငြင်းဆန်ခြင်းမျိုးမဟုတ်ဘဲ သိမ်မွေ့စွာ နောက်ဆုတ်လိုက်ခြင်းဖြစ်ရာ
သူက အလွယ်တကူ အလျော့မပေးဘဲ ဈေးကိုင်နေသကဲ့သို့ပင် ထင်မှတ်ရစေသည်။
"ဟင့်အင်း... ကျေးဇူးပါ။ ကျွန်တော် ပြန်သွားရတော့မယ်၊
အစ်ကိုက ကျွန်တော့်ကို လျှောက်မသွားဖို့ မှာထားလို့ပါ"
"အာ... ကိုယ်တို့က သူစိမ်းတွေမှ မဟုတ်တာ၊
မင်းအစ်ကိုရဲ့ သူငယ်ချင်းကောင်းတွေလေ။ ကိုယ်တို့ အတူတူရှိနေပေးမယ်။ ဘာမှမဖြစ်ပါဘူးကွာ...
လာပါ"ဟုပြောရင်း သူက ယဲ့မန်၏ပခုံးကို ဖက်လိုက်လေသည်။
စနစ် : !!! သူ ဘာလုပ်နေတာလဲ။ ဘယ်လိုလုပ်ပြီး ဗီလိန်ကို
လာရှုပ်ရဲရတာလဲ။ အခုချက်ချင်း လွှတ်စမ်း။
"ယဲ့မန်! သူနဲ့လိုက်မသွားနဲ့။ သူ မကောင်းတာတစ်ခုခု
ကြံစည်နေတယ်”
ယဲ့မန်သည်ကား မျက်မမြင်ဖြစ်နေသောကြောင့် ထိုလူ၏မျက်နှာပေါ်ရှိ
အမဲဖျက်ချင်နေသည့် အသွင်အပြင်ကို မမြင်တွေ့နိုင်ခဲ့ပေ။ သို့သော်ငြား စနစ်မှာမူ စိုးရိမ်လွန်းသဖြင့်
ချွေးပြန်နေခဲ့လေပြီ။
ထောင့်တစ်နေရာတွင်တော့ လူရိပ်တစ်ခုက ရပ်တန့်သွားလေသည်။
အတွင်းရေးမှူးချန်သည် သူတို့၏ လုပ်ငန်းသဘောတူညီချက်
နောက်တစ်ခုအတွက် စာရွက်စာတမ်းများကို စစ်ဆေးနေစဉ် သူ့ရှေ့ရှိ အမျိုးသားက ရုတ်တရက် ရပ်တန့်သွားသည်။
တွေဝေသွားပြီးနောက် သူ တစ်ခုခုများ မှားပြောမိလေသလားဟုတွေးကာ လန့်လုမတတ်ဖြစ်သွားရပြီး
လူငယ်တစ်စုက လမ်းပိတ်ရပ်နေသည်ကို မြင်လိုက်ရသောအခါမှ သက်ပြင်းချကာ စိတ်သက်သာရာ ရသွားတော့သည်။
"မစ္စတာရွှီ၊ ကျွန်တော် သူတို့ကို သွားပြောလိုက်ပါ့မယ်"
သို့ရာတွင် အတွင်းရေးမှူးချန် တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်မီမှာပင်
ပြဿနာရှာနေသော လူငယ်များကြားတွင် ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။
တစ်စုံတစ်ယောက်က တွန်းထုတ်ခံလိုက်ရပြီး ပိန်ပါးပါးလူရိပ်လေးတစ်ခုသည်
ပြခန်းတစ်ခုကို ဝင်တိုက်မိကာ ပန်းအိုးများ ပြုတ်ကျကွဲကြေသွားပြီး ကြမ်းပြင်ပေါ်သို့
ခွမ်းခနဲ ပြုတ်ကျသွားလေသည်။
မျက်လုံးများကို ပွတ်သပ်လိုက်ရင်း အတိအကျ ဘာဖြစ်သွားသည်ကို
အတွင်းရေးမှူးချန် မပြောနိုင်တော့ပေ။
လူတိုင်းမှာ တိတ်ဆိတ်သွားပြီး ကြမ်းပြင်ပေါ်တွင်
ခွေယိုင်လဲကျနေသော ကောင်လေးကိုသာ စိုက်ကြည့်နေမိကြသည်။
ပိန်လှီပြီး သနားစရာကောင်းလှသော ယဲ့မန်သည် သူ၏ဘယ်ဘက်လက်ကို
ဆုပ်ကိုင်ထားကာ မျက်ဝန်းများမှာလည်း နီရဲလာလေသည်။
အတွင်းရေးမှူးချန်က စိတ်ကိုတင်းလျက် "တတိယသခင်လေးချူ၊
ဘာတွေဖြစ်နေတာလဲ"
ချူရုန် လှည့်ကြည့်လိုက်ရာ စင်္ကြံလမ်းပေါ်ရှိ
လူရိပ်ကို မြင်လိုက်ရသောအခါ သူ၏တစ်ကိုယ်လုံး တောင့်တင်းသွားလေသည်။
"မစ္စတာ... မစ္စတာရွှီ"
ထိုအမည်ကိုကြားလိုက်ရသည်နှင့် ချက်ချင်းပင် လူတိုင်း
ငြိမ်ကျသွားကြလေသည်။
ချူရုန်က ထိုစူးရှသောအကြည့်များအောက်တွင် ခေါင်းမမော့ရဲတော့ပေ။
"မစ္စတာရွှီ... ကျွန်တော်... ဒါက... ဒါက..."
မစ္စတာရွှီသည် ချူရုန်ကိုမကြည့်ဘဲ ကြမ်းပြင်ပေါ်ရှိ
ကောင်လေးထံသို့သာ ကမန်းကတန်း ဝေ့ဝဲကြည့်လိုက်သည်။
ယဲ့မန်သည် အခြားသူများ၏အကြည့်များကို ထိရှလွယ်သူဖြစ်သည်။
သူ မျက်တောင်ခတ်လိုက်သည်နှင့် မျက်ရည်များက မျက်တောင်လေးများထံမှ စီးကျလာပြီး သူ၏နှာခေါင်းနှင့်မျက်လုံးများမှာ ပန်းရောင်ဖျော့ဖျော့ သန်းလာလေ၏။
ထိုအကြည့်များ ရွေ့လျားသွားတော့မည့်ဆဲဆဲတွင် ယဲ့မန်က
ထိုအကြည့်၏အဆုံးစွန်းကို ဖမ်းမိသွားလေသည်။
သူက နှုတ်ခမ်းထောင့်စွန်းများကို မသိမသာလေး ကွေးတက်သွားအောင်
ပြုံးလိုက်သည်။
သူ ဤလှည့်ကွက်ကို မှန်ရှေ့တွင် အကြိမ်ပေါင်းများစွာ
လေ့ကျင့်ခဲ့ဖူးသည်။
"မစ္စတာရွှီ" ဆိုသည်မှာ မည်သူမှန်း
သူ မသိသော်လည်း လူတိုင်း၏တုံ့ပြန်မှုများကို ကြည့်ခြင်းအားဖြင့် သူသည် အရေးပါသောသူတစ်ဦး
ဖြစ်ရမည်ပင်။
"တတိယသခင်လေးချူ၊ သခင်လေး စိတ်အနှောင့်အယှက်ဖြစ်အောင်
ကျွန်တော် ဘာများလုပ်မိလဲ မသိဘူး။ ကျွန်တော့်အမှားပါ၊ ကျွန်တော် တောင်းပန်ပါတယ်။ တောင်းပန်တဲ့အနေနဲ့
ကျွန်တော့်လက်ကိုပဲ ယူလိုက်ပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ..." ယဲ့မန်က
ရှိုက်ကြီးတငင် ပြောလိုက်သည်။
လောကအကြောင်း နားလည်ပြီး လူ့အသိုင်းအဝိုင်းတွင်
အတွေ့အကြုံများသော အတွင်းရေးမှူးချန်မှာ သနားစိတ်ဖြင့် မျက်နှာလွှဲသွားလေသည်။
"တတိယသခင်လေးချူ... ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ကို ရိုက်နှက်တာကတော့ မမှန်ဘူး မဟုတ်လား"
ချူရုန်က အသည်းအသန် ပြောလာ၏။ "ကျွန်တော်
မဟုတ်ဘူး။ ကျွန်တော် သူ့ကို မထိခဲ့ဘူး၊ သူဘာသာသူ လဲကျသွားတာ"
အတွင်းရေးမှူးချန်က သက်ပြင်းချလိုက်သည်။
"တတိယသခင်လေး..."
အဲ့စကားကို သူကိုယ်တိုင်ရော ယုံရဲ့လား။
ချူရုန်မှာ ဒေါသထွက်လွန်း၍ ရူးမတတ်ပင် ဖြစ်သွားရသည်။
သူ တကယ် ဘာမှမလုပ်ခဲ့ဘူးလေ!။ ယဲ့မန်ကို နည်းနည်းလေး
ခြောက်လှန့်ဖို့ပဲ ရည်ရွယ်ခဲ့ပြီး ချီမိသားစုရဲ့ သခင်လေးကို တကယ်ကြီး ရိုက်နှက်ဖို့အထိ
သူ အတင့်မရဲသေးပါဘူး!
သူ စကားမဆုံးမီမှာပင် ရှေ့မှလူက လှုပ်ရှားလိုက်သည်။
အတွင်းရေးမှူးချန်မှာ တိတ်ဆိတ်သွားပြီး တာဝန်ကျေပွန်စွာဖြင့်
နောက်မှ လိုက်သွားလေသည်။
ထိုလူ အနားသို့ ချဉ်းကပ်လာသောအခါ လူတိုင်းမှာ
အေးခဲသွားကြပြီး ယဲ့မန်သည်ပင် အလိုအလျောက် အသက်အောင့်ထားမိလိုက်သည်။
သူသည် အန္တရာယ်ကို အာရုံခံမိသော တိရစ္ဆာန်လေးတစ်ကောင်ပမာ
လူမိသွားမည်ကို ကြောက်ရွံ့ကာ ပင်ကိုယ်အသိစိတ်အရ အသက်အောင့်ထားမိခဲ့၏။
အမြင်အာရုံ ဆုံးရှုံးသွားသောကြောင့် သူ၏အခြားအာရုံခံစားမှုများမှာ
ပို၍ ထိလွယ်ရှလွယ်ဖြစ်လာခဲ့၏။
သူ့ရှေ့ရှိ ကြီးမားလေးလံသော တည်ရှိမှုကို အာရုံခံမိလိုက်ပြီး
သူ ကွေးကွေးလေးနေနေသည့် နေရာအထက်တွင် အရပ်ရှည်ရှည် လူရိပ်ကြီးတစ်ခုက မိုးထိုးမတတ် ရပ်နေလေ၏။
မပြင်းလွန်း၊ မစူးရှလွန်းသော ဆေးလိပ်နံ့သင်းသင်းလေး
လွင့်ပျံလာသော်လည်း ယဲ့မန်၏ နှလုံးခုန်သံမှာ တစ်ချက် ရပ်တန့်သွားရသည်။ အဘယ်ကြောင့်မှန်း
မသိသော်လည်း သူ အနည်းငယ် ကြောက်လန့်နေမိသည်။
၎င်းမှာ ဤနှစ်များတစ်လျှောက်လုံး သူ့အား ရှင်သန်နေစေခဲ့သည့်
အန္တရာယ်ရှောင်ရှားလိုသောပင်ကိုယ်အသိစိတ်ပင် ဖြစ်သည်။
နေရာတွင် မှင်တက်နေသော ချူရုန်နှင့် အခြားလူငယ်များကဲ့သို့မဟုတ်ဘဲ
ယဲ့မန်သည် တုံ့ပြန်မှုအနေဖြင့် သူ၏ဘယ်ဘက်လက်ကို ဆုပ်ကိုင်ကာ တိုးညှင်းစွာ ညည်းတွားလိုက်သည်။
သို့သော်ငြား သူ၏အကြောက်တရားကြောင့် ထိုဖိအားကို
မခံနိုင်တော့ဘဲ ထိုလေးလံသော အကြည့်များကို ရင်ဆိုင်နိုင်ခြင်းမရှိစွာ မျက်နှာလွှဲလိုက်ရသည်။
သူသည် သူရှေ့ရှိ အမျိုးသားထံမှ ရယ်သံရေးရေးလေးကို
ကြားလိုက်ရသည်။
ဒီလောက်ရှုပ်ထွေးနေတဲ့ အခြေအနေကြီးထဲ ဘယ်သူက လာရယ်နေနိုင်တာလဲ။
ယဲ့မန် နားမလည်နိုင်ပေ။
ထိုရယ်သံမှာ လှောင်ပြောင်သည့်အသံမဟုတ်ဘဲ ပျင်းရိလေးတွဲသော
အသံမျိုးဖြစ်ကြောင်းကိုသာ သူ ခွဲခြားသိနိုင်သည်။
"ဒဏ်ရာက ညာဘက်လက်မှာလေ" အနည်းငယ် ဩရှရှနှင့်
ခန့်မှန်းရခက်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။
ထို့နောက်တွင် ရွှီဟွိုင်ထင်က အတွင်းရေးမှူးချန်အား
ညွှန်ကြားလိုက်သည်။ "လူတစ်ယောက်ခေါ်ပြီး
သူ့ကို ပတ်တီးစည်းပေးလိုက်”
အတွင်းရေးမှူးချန်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ သူဌေး”
သူသည်ကား ကြမ်းပြင်ပေါ်ရှိ သနားစရာကောင်းသော ကောင်လေးကို
ကရုဏာအပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
အကောင်းပကတိဖြစ်နေသော ဘယ်ဘက်လက်ကို ယဲ့မန် အဘယ်ကြောင့်
ဆက်တိုက် ဆုပ်ကိုင်ထားသည်အား သူ မသိသော်လည်း ညာဘက်လက်မှ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာမှာမူ
တကယ့်ကို တုန်လှုပ်စရာကောင်းလှသည်။
မှုခင်းဖြစ်ပွားရာ နေရာတစ်ခုကဲ့သို့ သွေးများက
နေရာအနှံ့ ပေကျံနေသည်။ ဤမျှ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့်တိုင် ထိုကောင်လေးမှာ နာကျင်လွန်း၍
အော်ဟစ်ခြင်းပင်မရှိဘဲ သူ၏နူးညံ့သိမ်မွေ့သော ရုပ်ရည်သွင်ပြင်နှင့် ဆန့်ကျင်စွာ အံ့ဩဖွယ်ကောင်းလောက်အောင်
ခေါင်းမာမှုကို ပြသနေလေသည်။
အတွင်းရေးမှူးချန်က ခေါင်းခါလိုက်သည်။ တတိယသခင်လေးချူမှာ
ရိုင်းစိုင်းကြမ်းတမ်းသော်လည်း ယခုတစ်ကြိမ်တွင်မူ သူ အတော်လေး လွန်ကျူးသွားခဲ့လေပြီ။
မစ္စတာရွှီက နှုတ်ဆက်စကားဆိုကာ သူ၏နောက်လိုက်များကို
ခေါ်ဆောင်၍ ထွက်ခွာသွားသည်။ အတွင်းရေးမှူးချန်က ဆရာဝန်ကိုခေါ်လိုက်ပြီး ယဲ့မန်ကို နှစ်သိမ့်ပေးရန်
ကြိုးစားလိုက်သည်။
ယဲ့မန်မှာ ညာဘက်လက်ကို သတိကြီးစွာဖြင့် ထိကိုင်လိုက်ပြီး
"အင့်"ခနဲ ညည်းတွားလိုက်သည်။
ဪ... သူ ဒဏ်ရာရသွားတာက ဒီနေရာလား။
"ထိုလူ" အဘယ်ကြောင့် ရယ်မောသွားခဲ့သည်ကို
သဘောပေါက်သွားသောအခါ နှုတ်ခမ်းကိုကိုက်ထားမိရင်း အရှက်ရမှု၊ သိက္ခာကျမှုတို့က သူ၏တစ်ကိုယ်လုံးသို့
လွှမ်းမိုးသွားလေတော့သည်။
ထိုလူက ယဲ့မန်၏သရုပ်ဆောင်မှုကို ထွင်းဖောက်မြင်သွားခဲ့သည်မှာ
သေချာလှသည်။