Ch 2
Viewers 394

Chapter 02

 

[ချီမိသားစု၏အစ်ကိုကြီး]

 

အတွင်းရေးမှူးချန်သည် ယုံကြည်စိတ်ချရသူတစ်ဦးအဖြစ် လူသိများသည်။

 

သူဌေးဖြစ်သူက ဒဏ်ရာကို ပတ်တီးစည်းပေးမည့်သူရှာရန် ခိုင်းစေသောအခါ သူသည် ထိုနေရာတွင်သာနေပြီး ဆရာဝန်ကို ကိုယ်တိုင်ကိုယ်ကျ စောင့်ဆိုင်းကာ ယဲ့မန်၏လက်မှ ဒဏ်ရာကို ကုသပေးနေသည်ကို စောင့်ကြည့်နေခဲ့သည်။

 

သို့သော်လည်း သူ၏ ကိုယ်ပိုင်အကြောင်းပြချက်များလည်း ရှိနေသေးသည်။ ချူရုန်က ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး သွေးထွက်နေကာ သနားစရာကောင်းလှသည့် ယဲ့မန်လို ကောင်လေးကို သူနှင့် သူ၏အပေါင်းအပါများနှင့်အတူ ထားရစ်ခဲ့ပါက အနှီသူ မည်သည့်အရာများ လုပ်လာမည်ကို မည်သူ သိနိုင်မည်နည်း။

 

အတွင်းရေးမှူးချန် ရှိနေသေးသည်ဖြစ်ရာ ရွှီဟွိုင်ထင်အား လေးစားသောအားဖြင့် ချူရုန်သည် နောက်ထပ်ခြေလှမ်းတစ်ခု လှမ်းရဲမည်မဟုတ်ပေ။

 

ယဲ့မန် ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေးထိုင်နေပြီး လက်ကိုဆန့်ထုတ်ကာ ဆရာဝန်အား ပတ်တီးစည်းခွင့်ပြုထားလေသည်။

 

လက်ပေါ်ရှိ သွေးထွက်နေသော၊ သိသာထင်ရှားသည့် ဒဏ်ရာကြီးအပြင် ကွဲကြေနေသော ဖန်ကွဲစများကြောင့်ရသော အခြားသော ပြတ်ရှဒဏ်ရာလေးများလည်း ရှိနေသေးသည်။ ၎င်းတို့မှာ သေးငယ်သော်လည်း ကုသရန် အချိန်ယူရလေသည်။

 

ဆရာဝန် အလုပ်လုပ်နေစဉ်အတွင်း အတွင်းရေးမှူးချန်သည် ထိုအချိန်ကို အသုံးချကာ ရှိနေသူအားလုံး၏ နောက်ခံအချက်အလက်များကို စစ်ဆေးခဲ့သည်။ မကြာမီမှာပင် ယဲ့မန်သည် မည်သူမည်ဝါဖြစ်ကြောင်း၊ မကြာသေးမီကမှ ချီမိသားစုဆီ ပြန်လည်ရောက်ရှိလာသော သခင်လေးဖြစ်ကြောင်းကို သူ နားလည်သွားလေသည်။

 

ပွဲတက်ဧည့်သည်စာရင်းမှ အချက်အလက်များကို ရှာဖွေတွေ့ရှိပြီးနောက် သူသည် ယဲ့မန်၏ ဓာတ်ပုံတစ်ပုံကို ရိုက်ကာ ချီယန့်ထံသို့ ပေးပို့လိုက်သည်။

 

ထိုအရာများအားလုံးပြီးမှသာ ဆိုဖာပေါ်တွင် ထိုင်နေသော ကောင်လေးကို သေချာကြည့်ရန် အချိန်ရသွားတော့သည်။

 

ထို့အပြင် ယဲ့မန် လှပကြောင်းကို သူ ဝန်ခံရပေမည်။

 

ရွှီဟွိုင်ထင်နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့သော အတွင်းရေးမှူးချန်သည် ဩဇာအာဏာရှိသူများထံ ကိုယ့်ကိုယ့်ကို ပစ်သွင်းလေ့ရှိသော၊ ဆွဲဆောင်မှုရှိသည့် အမျိုးသား၊ အမျိုးသမီးများကို အလုံအလောက် မြင်တွေ့ခဲ့ဖူးသော်လည်း အသေအချာ ရွေးချယ်ထားသော ထိပ်သီးများကြားတွင်ပင် ယဲ့မန်က ထင်ရှားပေါ်လွင်နေလေသည်။

 

သို့သော်ငြား ၎င်းမှာ သူ၏ရုပ်ရည်သွင်ပြင်ကြောင့်သာ မဟုတ်ပေ။ ယဲ့မန်သည် ရှားပါး၊နုနယ်သော ညို့ဓာတ်တစ်မျိုးကို ပိုင်ဆိုင်ထားပြီး နူးညံ့သိမ်မွေ့သော်လည်း ညှို့ငင်နိုင်စွမ်း ရှိလေသည်။

 

ယဲ့မန်၌ သေးသွယ်သော ကိုယ်ခန္ဓာနှင့် နူးညံ့သော အရိုးအဆစ်များရှိပြီး ပွယောင်းသော အင်္ကျီလက်များကြားမှ ထွက်ပေါ်နေသည့် သူ၏ လက်ကောက်ဝတ်များမှာ သေးသွယ်လွန်းလှကာ စူးရှလောက်အောင် ဖြူလျော့နေလေသည်။ သူ၏လက်ကောက်ဝတ်နှစ်ဖက်စလုံးကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားနိုင်မည်ဟုပင် ထင်ရသည်။ အနည်းငယ် ဆိုးသွမ်းချင်သည်မှာ လူ့သဘာဝဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ထိုအတွေး ခေါင်းထဲသို့ ရောက်လာသည်နှင့် သည်းမခံနိုင်လောက်အောင် ယားယံလာပြီး လက်တစ်ဖက်ဖြင့် အမှန်တကယ် ဆုပ်ကိုင်ကြည့်ချင်စိတ်ကြောင့် လက်ချောင်းများပင် တဆတ်ဆတ်တုန်လာရသည်။

 

ထို့အပြင် ၎င်းက စမ်းကြည့်ချင်ရုံသာ မဟုတ်ပေ။

 

အရာအားလုံးထက် ဤကောင်လေး မည်သို့တုံ့ပြန်မည်ကို သိချင်နေခြင်းပင် ဖြစ်၏။

 

သူသည် သနားယုယစိတ်ဖြစ်စေသော ဆွဲဆောင်မှုမျိုးကို ပိုင်ဆိုင်ထားပြီး အခြားတစ်ယောက်ယောက်သာဆိုလျှင် ဟန်ဆောင်နေသည်ဟု ထင်ရနိုင်သော်လည်း ယဲ့မန်မှာမူ နှလုံးသားကို တိုက်ရိုက်ထိမှန်စေသော ခြောက်ခြားဖွယ်ကောင်းပြီး ရှင်းပြမရနိုင်သည့် ထိရှလွယ်မှုကို သယ်ဆောင်ထားလေသည်။

 

လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ အမှောင်မိုက်ဆုံးထောင့်စွန်းများကို အလွယ်တကူ နှိုးဆွပေးနိုင်ပြီး လွှမ်းမိုးချုပ်ကိုင်လိုသော၊ ရက်စက်ပြီး ခုခံမရနိုင်သည့် ဆန္ဒကို လှုံ့ဆော်ပေးနိုင်သော ထိရှလွယ်မှုမျိုးပင်။

 

အတွင်းရေးမှူးချန်သည် ဒေါသများဖြင့် တောက်လောင်နေသော သွေးဆာနေသည့် မျက်လုံးများရှိသည့် ချူရုန်ကို လှမ်းကြည့်လိုက်သည်။

 

ယဲ့မန် ချီမိသားစုထံ ပြန်ရောက်သွားသည်မှာ ကံကောင်းခြင်းတစ်ရပ်ပင်။ ထိုအကာအကွယ်ပေးထားသည့် အဆင့်အတန်းမျိုးသာမရှိပါက ချူရုန်လို လူမျိုးနှင့်တွေ့ဆုံခြင်းက ဆိုးရွားစွာ အဆုံးသတ်သွားပေလိမ့်မည်။

 

"ကဲ ပြီးပြီ" ဆရာဝန်က သူ၏ဆေးအိတ်ကို သိမ်းဆည်းရင်း ပြောလိုက်သည်။ "နောက်ထပ်ရက်နည်းနည်းလောက်တော့ လက်ကို ရေမစိုအောင်ထားရမယ်၊ အစပ်တွေ၊ လှုံ့ဆော်မှုဖြစ်စေတဲ့ အစားအစာတွေကို ရှောင်ပြီး အနားများများယူ။ ပြီးတော့ သခင်လေးက နည်းနည်းလေး သွေးအားနည်းနေလို့ ခေါင်းမူးသလို ခံစားရနိုင်တယ်။ သခင်လေးရဲ့ အမြင်အာရုံ ချို့ယွင်းနေတဲ့အခြေအနေအရ အဲ့ဒါက ပိုပြီးအန္တရာယ်များတယ်။ အိမ်မှာပဲနေပြီး ပြန်သက်သာအောင်လုပ်တာ အကောင်းဆုံးပါပဲ"

 

ယဲ့မန် - "ကျေးဇူးတင်ပါတယ် ဒေါက်တာ"

 

"အမြင်အာရုံ ချို့ယွင်းနေတာ?" ချူရုန်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ "သူက မျက်မမြင်ဆိုတာ ဘာကိုဆိုလိုတာလဲ"

 

အံ့အားသင့်သွားသော ဆရာဝန်က ပြန်ဖြေလိုက်သည်။ "လူနာမှာ အမြင်အာရုံ ချို့ယွင်းချက်ရှိနေတာလေ။ မင်းတို့ မသိကြဘူးလား"

 

အတွင်းရေးမှူးချန်သည် ယဲ့မန်၏မျက်လုံးများကို ပို၍နီးကပ်စွာ ကြည့်လိုက်သည်။

 

သူ၏နှလုံးသားမှာ တစ်ချက်ခုန်ပေါက်သွားလေသည်။

 

စောစောက ဒဏ်ရာကိုသာ အာရုံစိုက်ထားခဲ့ပြီး ယခုအချိန်အထိ ယဲ့မန်၏အကြည့်တွင် ပုံမှန်မဟုတ်သည်ကို သူ သတိမထားမိခဲ့ပေ။ သေချာပေါက် တစ်ခုခုတော့ မှားယွင်းနေလေပြီ။

 

မကြာသေးမီကမှ ချီမိသားစုထံ ပြန်လည်ပေါင်းစည်းထားသော သခင်လေးက... မျက်မမြင်တဲ့လား။

 

မည်သည့် တရားဝင်သတင်းများတွင်မဆို ဤအကြောင်းနှင့်ပတ်သက်၍ ကောလာဟလတစ်ခုပင် ထွက်ပေါ်ခဲ့ခြင်းမရှိပေ။

 

အတွင်းရေးမှူးချန်က စိတ်ထဲတွင် မှတ်သားလိုက်ပြီးနောက် ချူရုန်အား အပြစ်တင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ဘယ်လိုရှုပ်ထွေးမှုကြီးလဲ။ သူက အားနည်းသူကို အနိုင်ကျင့်ရုံသာမက ချူရုန်သည် မသန်စွမ်းသူတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ၎င်းက အခြေအနေကို ပို၍ဆိုးရွားသွားစေသည်။

 

စိတ်ရှုပ်ထွေးမှုများကြောင့် မျက်နှာရဲတက်လာကာ ချူရုန်သည် ဒေါသတကြီးဖြင့် ယဲ့မန်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။ "သူ ဟန်ဆောင်နေတာ။ သူက မျက်မမြင်ဆိုရင် ပြခန်းနဲ့ပန်းအိုးတွေ ဘယ်နေရာမှာရှိလဲ အတိအကျ ဘယ်လိုသိနိုင်မှာလဲ။ သူ အဲ့ဒါတွေကို တမင်ဝင်တိုက်ပစ်ခဲ့တာ"

 

ပြခန်းမှာ ခြေလှမ်းအနည်းငယ်သာ ဝေးသဖြင့် တိုက်မိရန် မဖြစ်နိုင်သည်တော့ မဟုတ်သော်လည်း မမြင်ရဘဲနှင့်တော့ လူတစ်ယောက်က ကွက်တိချိန်ရွယ်ရန် နည်းလမ်းမရှိပေ။

 

ချူရုန်သည် အနိုင်ကျင့်တတ်သူဟု အမည်တပ်ခံရခြင်းကို ဂရုမစိုက်သော်ငြား မတရားစွပ်စွဲခံရခြင်းကိုတော့ လက်မခံနိုင်ပေ။

 

"မင်း ရှင်းပြလိုက်တာ ပိုကောင်းမယ်​နော်!” သူ ယဲ့မန်ကို စိုက်ကြည့်ကာ အမိန့်ပေးလိုက်၏။

 

ယဲ့မန်က ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်တော် တောင်းပန်ပါတယ်…”

 

ထိုအမူအရာက ချူရုန်ကို ပို၍ပင် ဒေါသထွက်စေသည်။ သူ့အား မည်သူကမျှ မယုံကြသည့်အချက်ကြောင့် ဒေါသထွက်ရုံသာမက တခြားအရာတစ်ခုလည်း ရှိနေသေးသည်။

 

-ချီးပဲ

 

ဘာတွေဖြစ်နေတာလဲ။

 

ယဲ့မန်ရဲ့လက်တွေက ဘာလို့ဒီလောက်တောင် နူးညံ့နေရတာလဲ။

 

အတွင်းရေးမှူးချန်က ချူရုန်ကို ဆွဲဖယ်လိုက်တော့မည့်ဆဲဆဲမှာပင် တံခါးက ပွင့်ထွက်သွားလေသည်။

 

လူရိပ်တစ်ခုက လေပြင်းတစ်ချက်နှင့်အတူ လျင်မြန်စွာ ဝင်ရောက်လာသည်။

 

အတွင်းရေးမှူးချန် လှည့်ကြည့်လိုက်ပြီး အသစ်ရောက်လာသူအတွက် လမ်းဖယ်ပေးရန် ချက်ချင်း ဘေးသို့ ရှောင်လိုက်သည်။

 

"ချူရုန်" ဩဇာအပြည့်ပါသော အသံတစ်ခု ထွက်ပေါ်လာသည်။ "လွှတ်လိုက်စမ်း"

 

ချူရုန်မှာ တွန့်ဆုတ်သွားပြီး ယဲ့မန်အား ချက်ချင်း လွှတ်ပေးလိုက်လေသည်။

 

ထိုလူမှာ သီးသန့်ချုပ်လုပ်ထားသော မီးခိုးရောင် သုံးထပ်ဝတ်စုံနှင့် ရွှေရောင်ကိုင်းမျက်မှန်ကို တပ်ဆင်ထားပြီး ချူရုန်ကို ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေစဉ် သူ၏အမူအရာမှာ အေးစက်ကာ စူးရှနေလေသည်။

 

သာမန်လူ့အသိုင်းအဝိုင်း၏ အမြင်တွင် ချီမိသားစုသည် အထက်တန်းလွှာအဖြစ် သတ်မှတ်ခံထားရသည်။ သို့ရာတွင် ရှေးရိုးအထက်တန်းလွှာ လူနည်းစု၏အမြင်၌ သူတို့က မျက်နှာသစ်များသာဖြစ်ပြီး အခြေခိုင်နေပြီးသား သူဌေးကြီးများနှင့် နှိုင်းယှဉ်ရန် အလှမ်းဝေးနေဆဲပင်။ ချီမိသားစုသည် ချူမိသားစုထက် တစ်ဆင့်နိမ့်နေသေးသည်သာ။

 

ထိုအချက်က ချူရုန်အား အထက်တန်းလွှာအသိုင်းအဝိုင်းတွင် "အိမ်ရှေ့စံမင်းသား"သဖွယ် ဖြစ်စေခဲ့သည်။ ပုံမှန်အားဖြင့် သူ၏လူမှုအဆင့်အတန်းအရဆိုလျှင် ချီယန့်ကဲ့သို့သော သူမျိုးကို သူ ကြောက်ရွံ့နေမည် မဟုတ်ပေ။

 

သို့သော်ငြား ချီယန့်၏ရှေ့တွင် ရပ်လိုက်ရသောအခါ သူ၏ယုံကြည်မှုများ ပြိုလဲသွားရလေသည်။

 

၎င်းမှာ ချီယန့်သည် ရွှီဟွိုင်ထင်နှင့် တူနေခြင်းကြောင့်ဖြစ်နိုင်သလို ချူရုန်ကဲ့သို့ အလိုလိုက်ခံထားရသော ဒုတိယမျိုးဆက် သူ​ဌေးသားများနှင့် လုံးဝကွဲပြားခြားနားနေလျက်၊ ဩဇာအာဏာရှိသူများ ပိုင်ဆိုင်ထားသည့် ကြီးမားလှသော လွှမ်းမိုးနိုင်စွမ်းကြောင့်လည်း ဖြစ်နိုင်သည်။ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ချီယန့်သည် လူများကို အသံမထွက်ရဲအောင် လုပ်နိုင်စွမ်းရှိလေသည်။

 

ချီယန့် ချူရုန်အား အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက် ယဲ့မန်ထံသို့ လျင်မြန်စွာ အကြည့်လွှဲလိုက်သည်။

 

ယဲ့မန်၏အဖြူရောင်ရှပ်အင်္ကျီ ကော်လံနှင့် လက်ဖျားများတွင် သွေးများ စွန်းထင်းနေသည်။ အပြင်သို့ထွက်နေသော ခြေအိတ်ဖြူများပေါ်တွင်ပင် အနီရောင် သွေးစက်အနည်းငယ် ရှိနေသည်။

 

ချီယန့် မျက်မှောင်အသာကြုတ်လိုက်မိသည်။

 

ယဲ့မန်က သူ့ကို မမြင်နိုင်သော်လည်း နောက်သို့ အလိုလိုဆုတ်သွားမိရသည်။ "သာ့ကော…(အစ်ကိုကြီး)”

 

သူသည် ဆူပူခံရတော့မည့် ကလေးတစ်ယောက်ပမာ သူ၏အင်္ကျီလက်ကို စိုးရိမ်တကြီး ဆွဲဆုပ်ထားလိုက်မိသည်။

 

ချီယန့်က တိုးညှင်းသော အင်းတစ်ချက်ဖြင့် တုံ့ပြန်လိုက်ပြီး စကားများများမပြောခဲ့ပေ။ သူက အတွင်းရေးမှူးချန်ဘက်သို့ လှည့်ကာ အနည်းငယ် ပို၍နူးညံ့သောအသံဖြင့် ပြောလိုက်သည်။ "ခင်ဗျားနဲ့ မစ္စတာရွှီကို ထပ်ပြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ ကျေးဇူးတင်စကားကို တစ်ဆင့်ပါးပေးပါ။ ရှောင်မန်နဲ့ ကျွန်တော် သူ့ကို ကျေးဇူးတင်ဖို့ တစ်ရက်လောက် လူကိုယ်တိုင် လာရောက်လည်ပတ်ပါ့မယ်"

 

ချီယန့်သည် ခက်ထန်ပုံပေါ်သော်လည်း သူ၏အမူအကျင့်များမှာ အပြစ်ဆိုဖွယ်မရှိအောင် ယဉ်ကျေးသိမ်မွေ့လေသည်။

 

အတွင်းရေးမှူးချန်က ပြုံးလိုက်သည်။ "ရပါတယ်။ ကိစ္စမရှိပါဘူး။ ကျွန်တော် သွားလိုက်ပါဦးမယ်"

 

သူ လှည့်ထွက်သွားစဉ်မှာပင် ချူရုန်အား ထပ်ပြောလိုက်သည်။ "တတိယသခင်လေး၊ မင်းအဘိုး ဒီညကိစ္စကို သိသွားပြီ။ ခဏနေ မင်းကို အိမ်ပြန်ခေါ်ဖို့ လူလွှတ်လိုက်လိမ့်မယ်။ မင်း ကြိုတင်ပြင်ဆင်ထားသင့်တယ်"

 

ချူရုန်က ညည်းတွားလိုက်သည်။  "မစ္စတာရွှီ တိုင်လိုက်တာလား”

 

အတွင်းရေးမှူးချန်သည် အမူအရာမဲ့နေသော ချီယန့်ကို တစ်ချက်ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမဆိုသလို ဝန်ခံခြင်း၊ ငြင်းဆိုခြင်းလည်း မပြုခဲ့ပေ။

 

ယခုအခါ ချူရုန်တွင် ချီမိသားစုအကြောင်း စိတ်ပူနေရန် အားမရှိတော့။

 

ယခုနှစ်အစောပိုင်းက ရန်ဖြစ်ထားမှုကြောင့် ပိတ်ပင်ခံထားရသော သူ၏ခရက်ဒစ်ကတ်များကို မကြာသေးမီကမှ ပြန်ဖွင့်ပေးထားခြင်းဖြစ်ပြီး ပြဿနာမရှာတော့ပါဟု မိသားစုကို ကတိပေးထားခဲ့ရသည်။ သူသည် လိမ္မာရေးခြားရှိအောင် ကြိုးစားနေပြီး မိမိကိုယ်ကိုယ် တိုးတက်စေရန်သာ အာရုံစိုက်နေခဲ့သည်။ ဒါပေမယ့် အခုတော့လား။ လွန်ခဲ့သော နှစ်ရက်ကမှ သူ သဘောကျသော ကားတစ်စီးကို ရှာတွေ့ခဲ့ခြင်းဖြစ်၏။ ယခုတော့ ထိုအိပ်မက်လေး သေဆုံးသွားလေပြီ။ သည်အတိုင်းဆိုလျှင် သူသည် ဆူပူကြိမ်းမောင်းခံရမည့်အပြင် အိမ်အကျယ်ချုပ်ပင် ထပ်ကျနိုင်သေးသည်။

 

ချီမိသားစုသည် ဓနဥစ္စာကြွယ်ဝမှုတွင် ချူမိသားစုကို မယှဉ်နိုင်သော်လည်း ပြီးခဲ့သည့်လကပင် ညစာစားပွဲ၌ ချူသခင်ကြီးက ချီယန့်အား ချီးကျူးခဲ့ပြီး ဤမျှ အရည်အချင်းရှိသော လူငယ်များကို တွေ့ရခဲကြောင်းပြောဆိုကာ ချူရုန်ကိုပင် 'သူ့ကဲ့သို့' လူများနှင့် ပိုမိုပတ်သက်ရန် တိုက်တွန်းခဲ့သေးသည်။

 

သို့ပေသိ ယခုတော့ သူက ထိုလူ၏ညီငယ်ကို သွားပြီး 'ရိုက်နှက်' လိုက်မိလေပြီ။

 

ချူသခင်ကြီးကတော့ သေချာပေါက် ဒေါသူပုန်ထနေတော့မည်သာ။

 

ချူရုန် သူ၏အဖွဲ့ကို ကမန်းကတန်း ခေါ်ထုတ်သွားလေသည်။ မထွက်ခွာမီ ယဲ့မန်၏ သနားစရာကောင်းသော မျက်နှာကို လှည့်ကြည့်ကာ သွားကြိတ်သွားခဲ့သေးသည်။

 

စောင့်ကြည့်နေလိုက်။ အနှေးနဲ့အမြန် သူ လက်စားချေပြမယ်!

 

ယခုအခါ အခန်းထဲတွင် ယဲ့မန်၊ ချီယန့်နှင့် ချီယန့်၏ အတွင်းရေးမှူး ရှောင်လီတို့သာ ကျန်ရစ်တော့သည်။

 

"ငါ့ကားဆီသွားပြီး အဝတ်အစားအပိုတစ်စုံ ယူခဲ့လိုက်" ချီယန့်က တစ်ခဏမျှ ရပ်တန့်သွားပြီး "ပြီးတော့ ခြေအိတ်အသစ်တစ်စုံယူလာဖို့လည်း မမေ့နဲ့"

 

ရှောင်လီက ခေါင်းညိတ်ကာ ထွက်သွားလေသည်။ ထို့ကြောင့် ယဲ့မန်နှင့် ချီယန့်တို့ နှစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။

 

ယဲ့မန်သည်လည်း ခေါင်းငုံ့ထားရင်း ကသိကအောက်ခံစားချက်ဖြင့် တိတ်ဆိတ်သွားသည်။

 

ချီယန့်သည် အမြဲတမ်း အလုပ်များနေတတ်သည်။ ချီမိသားစုထံ ပြန်ရောက်ကတည်းက သူတို့နှစ်ဦးသည် ညစာတစ်နပ်သာ အတူစားဖူးပြီး ၎င်းမှာလည်း ဖေဖေချီက ယဲ့မန်ကို လူများနှင့်မိတ်ဆက်ပေးရန် အပြင်ခေါ်သွားသင့်သည်ဟု ချီယန့်အား အကြံပြုခဲ့သောကြောင့်သာ ဖြစ်သည်။

 

သူတို့သည်ကား အစကတည်းက ရင်းနှီးသူများ မဟုတ်သည့်အပြင် စနစ်က ချီယန့် သူ့ကို သဘောမကျကြောင်း ယဲ့မန်အား ပြောထားခဲ့သဖြင့် သူ့ကို ပို၍ပင် စိုးရိမ်ထိတ်လန့်စေခဲ့သည်။

 

သူ တိတ်တဆိတ် စုံစမ်းကြည့်ခဲ့ရာ ချီယန့်နှင့်ပတ်သက်သော အကြောင်းအရာကြီးများကို ကြားသိခဲ့ရသည်။ သူ မည်မျှ ထူးချွန်ထက်မြက်ကြောင်း၊ အိမ်ရှိ အစေခံတိုင်းက သူ ဘယ်သောအခါမှ အမှားမလုပ်နိုင်ကြောင်း ကျိန်ပြောနိုင်သည့် အကြောင်းများပင် ဖြစ်သည်။

 

ကနဦးတွင် ​ယဲ့မန်က ချီယန့်အားပေးရန် ရည်ရွယ်ထားသော သူ၏အိတ်ကပ်ထဲရှိ စက္ကူယုန်ရုပ်လေးကို စိုးရိမ်တကြီး ထိကိုင်လိုက်သည်။

 

သူသည် သွေးသားအရင်းဖြစ်နေသည့်တိုင် ချီမိသားစုအတွက် သူစိမ်းတစ်ယောက်သာ ဖြစ်နေသေးကြောင်းကို နားလည်နိုင်လောက်အောင် ကိုယ့်ကိုယ်ကိုယ် သိမြင်မှုရှိပါသည်။ လက်ခံမှုဆိုသည်မှာ လွယ်လွယ်နှင့် ရလာမည်မဟုတ်ဘဲ သူကိုယ်တိုင် ကြိုးစားယူရမည်သာ ဖြစ်သည်။

 

ထို့အပြင် မိသားစုတွင် ချီယန့်သည် ဩဇာအာဏာ အရှိဆုံးဖြစ်ပြီး ဖေဖေချီကိုယ်တိုင်ထက်ပင် ပို၍လွှမ်းမိုးနိုင်စွမ်းရှိသောကြောင့် ယဲ့မန်က သူ၏ယုံကြည်မှုကို ရယူရန် အဓိကဦးစားပေးအဖြစ် သတ်မှတ်ထားခဲ့သည်။

 

စနစ်၏သတိပေးချက်များသာမရှိခဲ့လျှင် သူသည် ဤယုန်ရုပ်လေးကို အားတက်သရော ထုတ်ယူပြီး သူ၏ 'ရတနာလေး' အဖြစ် လက်ဆောင်ပေးလိုက်မိမှာ သေချာသည်။

 

စက္ကူခေါက်ခြင်းကဲ့သို့သော ကလေးဆန်သည့်အရာမျိုးအား ချီယန့်ကဲ့သို့ လူမျိုး သဘောကျနိုင်သည်ဟု တွေးထင်ခဲ့မိသည်မှာ သူ၏ မိုက်မဲမှုပင် ဖြစ်သည်။

 

ချီယန့်က... သူနှင့် မတူပေ။

 

သူ အလုပ်လုပ်ခဲ့ဖူးသော လုပ်ဖော်ကိုင်ဖက်များနှင့်လည်း မတူညီပေ။

 

ယခုအခါ သူ့ပတ်ဝန်းကျင်ရှိ လူများသည် မတူညီသော အဆင့်အတန်းတစ်ခုတွင် ရှိနေသည်ဖြစ်ကြောင်း သူ့ကိုယ်သူ ထပ်မံသတိပေးလိုက်မိသည်။ သူတို့သည် စက္ကူတိရစ္ဆာန်ရုပ်များကဲ့သို့သော အသေးအဖွဲ ပစ္စည်းလေးများဖြင့် သိမ်းသွင်းခံမည်မဟုတ်ပေ။

 

ယဲ့မန်က စနစ်နှင့်လက်တွဲအလုပ်လုပ်ရန် အလျင်အမြန် သဘောတူခဲ့သည့် အကြောင်းရင်းမှာ ရိုးရှင်းလှသည်။ ၎င်းက သူ့အား အတွင်းကျကျ နားလည်ထားသောကြောင့် ဖြစ်သည်။

 

မနာလိုဝန်တိုမှု၊ နာကြဥ်းမှု၊ အကြံအစည်ကြီးမှု... အားလုံးက အမှန်တရားပင်။

 

စနစ်သည် သူ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့သော ဟန်ဆောင်မှုများကို ထွင်းဖောက်မြင်ခဲ့လေသည်။

 

အကယ်၍ သူသာ ပင်ကိုယ်သိစိတ်အတိုင်း လုံးဝပြုမူခဲ့မည်ဆိုလျှင် စနစ်ခန့်မှန်းထားသည့်အတိုင်းပင် လုပ်ဆောင်မိမည်ဖြစ်ပြီး သူ့ကိုယ်သူ အရူးလုပ်ကာ မိသားစုကို အရှက်ရစေပြီး အဆုံးတွင် မသန်စွမ်းဖြစ်ကာ သေဆုံးသွားရမည်မှာ သေချာလေသည်။

 

သို့သော်ငြား ယဲ့မန်သည် သူ့ကိုယ်သူ ဉာဏ်ကောင်းသည်ဟု ယူဆထားသည်။ သူ မည်မျှပင်ကြိုးစားစေကာမူ ချီကျွယ်ကို ဘယ်သောအခါမှ ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်းကို ယခုအခါ သူ သဘောပေါက်သွားလေပြီ။

 

သူတို့၏ဘဝများသည် ဆယ့်ရှစ်နှစ်မျှ ကွာဟနေခဲ့သည်။ သူသည် ကျောင်းပညာရေးကိုပင် ပြီးဆုံးအောင် မသင်ခဲ့ရပေ။ ချီမိသားစု၏ အပြည့်အဝ ပြုစုပျိုးထောင်ခံထားရပြီး ပုံသွင်းခံထားရသော အသီးအပွင့်ကို စိန်ခေါ်ရန် သူ့ထံတွင် မည်သည့်အရာရှိပါမည်နည်း။

 

ချီမိသားစုထံမှ ရုတ်တရက် ရရှိလာသော ချမ်းသာကြွယ်ဝမှုများကြောင့် ယဲ့မန်သည် လောဘမတက်ဘဲ မနေနိုင်ခဲ့ပေ။ ကံဆိုးစွာပင် ၎င်းမှာ သူ လက်လှမ်းမမီနိုင်သော အရာဖြစ်နိုင်လောက်မှန်း သူ သိသော်လည်း ကံကောင်းသည်ကား သူ့ထံတွင် လုံခြုံရေးကွန်ရက်တစ်ခုဖြစ်သည့် စနစ် ရှိနေသေးသည်။

 

အနည်းဆုံးတော့ သူသည် "ယုတ်မာရက်စက်သော အမြှောက်စာဇာတ်ကောင် "အဖြစ် ရှိနေသရွေ့ စနစ်က သူ့ကို စွန့်ပစ်သွားမည် မဟုတ်ပေ။

 

စနစ်က သူ့အနားတွင် ရှိနေသဖြင့် တစ်နေ့နေ့တွင် ချီမိသားစုက သူ၏စရိုက်မှန်ကို သိရှိသွားပြီး သူ့အပေါ် ရွံရှာကာ နှင်ထုတ်လိုက်လျှင်ပင် သူ သေဆုံးသွားမည်မဟုတ်ဘဲ စနစ်က သူ့အား ငွေကြေးအမြောက်အမြား ပေးအပ်ဦးမည်ဖြစ်သည်။ ၎င်းကပင် သူ့အတွက် လုံလောက်နေပြီဖြစ်၏။

 

"ဟေး... စနစ်ကော၊ ကျွန်တော့်အတွက် စစ်ဆေးပေးလို့ရမလား။ ချီယန့် စိတ်တိုနေတုန်းပဲလား"

 

"နည်းနည်းပေါ့"

 

ယဲ့မန် သူ့နှုတ်ခမ်းကို ပိုတင်းစွာ စေ့လိုက်မိသည်။

 

ချီယန့်သည် သူ၏ 'ညီငယ်'အသစ်လေးအား တိတ်တဆိတ် စိုက်ကြည့်နေသည်။ အချိန်အတန်ကြာသည်အထိ ယဲ့မန်က စကားမပြောသဖြင့် သူက မေးလိုက်သည်။ "မင်း ဘာအမှားလုပ်ခဲ့လဲ သိလား”

 

သူ၏လေသံမှာ နူးညံ့မှုမရှိလှ။ ယဲ့မန်ကလည်း ပြန်မဖြေချင်ပေ။

 

ချီယန့်၏အကြည့်များက ပို၍စူးရှလာသည်။ "ပြောလေ"

 

လန့်သွားသဖြင့် ယဲ့မန်မှာ တုန်တက်သွားပြီး မစဉ်းစားတော့ဘဲ လွှတ်ခနဲ အော်ပြောလိုက်သည်။  "သိပါတယ်!”

 

"ဘာမှားတာလဲ" ချီယန့်က အလွယ်တကူ လွှတ်မပေးပေ။

 

ထိုအမှားမှာ သူ့အား အထင်သေးသူများအပေါ် မျက်နှာလိုမျက်နှာရလုပ်ဖို့ ရှက်ရွံ့ခြင်းကင်းမဲ့စွာ ကြိုးစားခြင်း၊ သူတို့ကို ကျေနပ်စေရန်အတွက် အသည်းအသန် အရူးတစ်ယောက်လို ဟန်ဆောင်ခြင်းနှင့် ချီမိသားစုကို အရှက်ရစေခြင်းတို့ပင် ဖြစ်သည်။

 

ယဲ့မန် စကားပြောဖို့ ပြင်လိုက်စဥ် ရုတ်တရက် သူ သဘောပေါက်သွားလေသည်။ နေပါဦး... သူ ဇာတ်လမ်းရဲ့ အဲ့ဒီအပိုင်းကိုတောင် မရောက်သေးဘူး မဟုတ်လား။ သူ့ရဲ့ ရှက်စရာကောင်းတဲ့ အခိုက်အတန့်တွေ မဖြစ်လာသေးဘဲနဲ့ ဘာလို့ ဆူပူကြိမ်းမောင်းခံရတဲ့ ဇာတ်ကွက်ဆီ တိုက်ရိုက်ရောက်သွားရတာလဲ။

 

သူသည် အမှန်တကယ် ဘာအမှားလုပ်မိမှန်း မသေချာသဖြင့် စကားလုံးများရှာမရဘဲ အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားလေသည်။

 

"မင်း ပြဿနာတက်နေတာကို ဘာလို့ ငါ့ကို ဖုန်းမဆက်တာလဲ" ချီယန့်က အေးစက်စက် မေးလိုက်သည်။

 

ယဲ့မန် : ...?

 

ချီယန့်က ရုတ်တရက် သူ၏လက်ကို ဆန့်ထုတ်ကာ "မင်းဖုန်းပေး"ဟု တောင်းဆိုလိုက်သည်။

 

ယဲ့မန်က နာခံမှုရှိစွာဖြင့် လှမ်းပေးလိုက်သည်။ ဖုန်းကို ခဏမျှ ကလိပြီးနောက် ချီယန့်သည် သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ယဲ့မန်၏လက်ကို ယူ၍ မျက်နှာပြင်ပေါ်ရှိ တစ်ခုခုကို နှိပ်ရန် ညွှန်ပြလိုက်၏။

 

ဖုန်းက အသံထွက်ဖတ်ပြလာသည်။ "ချီယန့်၊ အမြန်ခေါ်ဆိုမှု၊ နံပါတ်တစ်”

 

ဖုန်းကို လော့စခရင်ဆီသို့ ပြန်ထွက်လိုက်ပြီး ချီယန့်က မျက်နှာသေဖြင့် အမိန့်ပေးလိုက်သည်။

"အခု မင်းဘာသာမင်း လုပ်ကြည့်"

 

ယဲ့မန်သည် ညွှန်ကြားချက်များကို တစ်ဆင့်ချင်းစီ လိုက်နာကာ အတိအကျလုပ်ဆောင်ခဲ့ပြီး ချီယန့်၏ဖုန်းနံပါတ်သို့ အောင်မြင်စွာ ခေါ်ဆိုနိုင်ခဲ့သည်။

 

"နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်လာရင် ငါ့ကို ချက်ချင်းဖုန်းဆက်။ နားလည်လား" ချီယန့်၏ လေသံမှာ သိသိသာသာ နူးညံ့သွားလေသည်။

 

ယဲ့မန်က နာခံမှုရှိစွာဖြင့် "နားလည်ပါပြီ"ဟု ပြန်ဖြေလိုက်သည်။

 

ချီယန့်၏မျက်မှောင်ကြုတ်ထားမှုမှာ နောက်ဆုံးတွင် အနည်းငယ် ပြေလျော့သွားသော်လည်း လျင်မြန်စွာပင် ပြန်လည်တွန့်ချိုးသွားလေသည်။

 

"မင်းလက်ကို ပြစမ်း၊ တခြားဒဏ်ရာတွေ ရှိသေးလား"

 

သူက ယဲ့မန်၏တစ်ကိုယ်လုံးကို စစ်ဆေးကာ ဒဏ်ရာတိုင်းကို သေချာကြည့်ရှုလေသည်။

 

နောက်ဆုံးတွင် ချီယန့်က အေးစက်စက် တစ်ချက်ရယ်၍ မေးလိုက်သည်။ "ချူရုန် လုပ်သွားတာလား"

 

ယဲ့မန်မှာ အနည်းငယ် အပြစ်ရှိသလို ဖြစ်သွားလေသည်။ "ဟုတ်၊ သူလုပ်တာ"

 

ထိုစဉ် ရှောင်လီ ပြန်ရောက်လာသည်။ ချီယန့်က ဘာမှထပ်မပြောတော့ဘဲ သူ့ထံမှ အိတ်ကိုယူကာ ယဲ့မန်အား အဝတ်အစားတစ်စုံ လှမ်းပေးရင်း မေးလိုက်သည်။ "ကိုယ့်ဘာကိုယ် လဲနိုင်လား"

 

ယဲ့မန် ခေါင်းညိတ်ပြလိုက်သည်။

 

"ပြီးရင် ငါ့ကိုခေါ်လိုက်"

 

သူ့အနောက်တွင် တံခါးပိတ်သွားသောအခါ ယဲ့မန်နှင့် စနစ်နှစ်ဦးစလုံး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။

 

အဝတ်အစားများ လဲလှယ်ပြီးနောက် သူက အခန်းထဲမှ ထွက်လာခဲ့၏။

 

ချီယန့်က သူ့ကို နောက်တစ်ကြိမ် အသေအချာ စစ်ဆေးကြည့်လိုက်သည်။ ယဲ့မန် ယခင်ပုံစံအတိုင်း ပြန်ဖြစ်သွားသည်ကို မြင်သောအခါ ချီယန့်၏စိတ်အခြေအနေမှာ အနည်းငယ် ပေါ့ပါးသွားပုံရသည်။

 

"ရှောင်လီ ကားသွားယူနေတယ်။ ခဏနေရင် ငါတို့ အိမ်ပြန်ကြမယ်" သူ ပြောလိုက်သည်။

 

"ပြီးတော့ ချူရုန်ကိစ္စကိုတော့ ငါ ရှင်းလိုက်မယ်"

 

နေပါဦး... ချူရုန်ကိစ္စက ဘာတွေဖြစ်နေတာလဲ။

 

ယဲ့မန် စဉ်းစား၍မရခင်မှာပင် အခြားအရာတစ်ခုက သူ့ကို ဝင်တိုက်သွားလေသည်။

 

သူက စိတ်ထဲတွင် "အာ"ခနဲ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

 

"စနစ်ကော၊ အခု ကျွန်တော် ဘာလုပ်ရမလဲ။ ဇာတ်ညွှန်းအတိုင်းလုပ်ဖို့ အခွင့်အရေးတောင် မရလိုက်ဘူး"

 

စနစ်သည် သူ၏သနားစရာကောင်းသော အခြေအနေကို ကြည့်ပြီး သူ့ကို ဖိအားထပ်မပေးရက်တော့ပေ။

 

"ထားလိုက်ပါတော့။ ဇာတ်လမ်းရဲ့ ဒီအပိုင်းက အဲ့လောက်အရေးမကြီးဘူး။ ဒီနေ့တော့ နားဖို့ကိုပဲ အာရုံစိုက်လိုက်”

 

ယခုအတိုင်း ဆက်သွားနေမည်ဆိုပါက ယဲ့မန် သတိလစ်သွားမည်ကို စနစ်က စိုးရိမ်နေခဲ့သည်။

 

ယဲ့မန်က အပြုံးရေးရေးလေးတစ်ခုကို ပေးလိုက်ပြီး စိတ်ထဲမှနေ၍ တိုးတိုးလေး ပြောလိုက်လေ၏။ "ကျေးဇူးကြီးလှပါတယ် စနစ်ရယ်"

 

"ဪ... ဒါနဲ့ စနစ်ကော၊ အဲ့ဒီမစ္စတာရွှီဆိုတာက ဘယ်သူလဲ"