Chapter 03
[ပေကျင်းအသိုင်းအဝိုင်း၏သက်ရှိဘိုးဘေးကြီး]
အတွင်းရေးမှူးချန်သည် ဒုတိယထပ်ရှိ သီးသန့်အခန်းထဲသို့
ဝင်လာပြီးနောက် ရွှီဟွိုင်ထင်၏နားနားသို့ကပ်ကာ စကားအနည်းငယ် တီးတိုး ပြောလိုက်လေသည်။
ပြောပြီးနောက် သူက တွေဝေသွားပြီး ထပ်ပြောလိုက်၏။
"ချူသခင်လေးက ချီသခင်လေး တမင်သက်သက် လုပ်တာလို့ အခိုင်အမာ ပြောနေပါတယ်။ သူက ဒီကိစ္စကို
ဒီအတိုင်းလွှတ်ထားမှာမဟုတ်ဘူး။ နောက်ကျရင် ပြဿနာရှာဖို့ လူလွှတ်လာမှာကို စိုးရိမ်ရပါတယ်"
ဤမှတ်ချက်မှာ အနည်းငယ် လွန်ကျူးသွားလေသည်။ မစ္စတာရွှီက
သူ့ကို အလုပ်တစ်ခုခိုင်းခဲ့ပြီး သူက ပြီးစီးအောင် လုပ်ဆောင်ပြီးပြီဖြစ်ရာ ထို့ထက်ပို၍
မပြောသင့်တော့ပေ။
သို့သော်ငြား အချိန်ပိုင်းအလုပ်မှတ်တမ်းများဖြင့်
ပြည့်နှက်နေသော ထိုနောက်ခံစုံစမ်းမှုဖိုင်ကို မြင်ပြီးနောက်တွင် သူ့ထံ၌ ကရုဏာသက်မှုလေးတစ်ခု
ဖြတ်ပြေးသွားပြီး ထိုကောင်လေး ဒုက္ခပိုရောက်သွားမည်ကို မမြင်ရက်သည့်စိတ်လေး ပေါ်လာခဲ့သည်။
သူ တတ်နိုင်သလောက်တော့ နည်းနည်းပါးပါး ကူညီပေးသင့်သည်ဟု သူ တွေးလိုက်မိသည်။
ရွှီဟွိုင်ထင်က စားပွဲပေါ်ရှိ ဆေးပြင်းလိပ်ကို
ဆော့ကစားနေရင်း မေးလိုက်သည်။ "သူ တမင်လုပ်တာမဟုတ်မှန်း မင်း ဘယ်လိုသိလဲ"
နက်နဲသော အဓိပ္ပာယ်ကြောင့် အတွင်းရေးမှူးချန်မှာ
အံ့အားသင့်သွားရသည်။
"သူဌေး ဆိုလိုတာက... သူက သရုပ်ဆောင်နေတာလား"
အတွင်းရေးမှူးချန်က လေတစ်ချက် ရှိုက်သွင်းလိုက်မိသည်။ ရွှီဟွိုင်ထင်နောက်သို့ နှစ်ပေါင်းများစွာ
လိုက်ပါခဲ့စဉ်အတွင်း မိသားစုတွင်း လှည့်ကွက်များနှင့် အာဏာပြိုင်ပွဲမျိုးစုံကို သူ
မြင်တွေ့ခဲ့ဖူးပြီး ဒရာမာတစ်ကား၏သွေးထွက်သံယို မိသားစုတွင်းတိုက်ပွဲ အပိုင်းတစ်ရာစာအတွက်ပင်
လုံလောက်နေပြီဖြစ်သော်လည်း ယဲ့မန်မှာ ဤမျှရက်စက်သော အမျိုးအစားဖြစ်မည်ဟု သူ တကယ်ကို
မတွေးခဲ့မိပေ။
ထိုဒဏ်ရာများမှာ အစစ်အမှန်ဖြစ်ပြီး ကြမ်းပြင်ပေါ်ရှိ
ကွဲအက်နေသော ကြွေစများပေါ်သို့ သူက တုံ့ဆိုင်းမှုအလျဉ်းမရှိဘဲ တိုက်ရိုက်လဲကျသွားခဲ့ခြင်းဖြစ်သည်။
ထိုအရာများပေါ်တွင် လိမ့်ကျသွားပြီးနောက် သူ တမင်တကာလုပ်ခဲ့သည်ဟု မည်သူက ယုံနိုင်ပါမည်နည်း။
ထိုသို့လုပ်ရန်အတွက် ပုဂ္ဂိုလ်ရေးအငြိုးအာဃာတတစ်ခု
ရှိနေရန် လိုအပ်ပေမည်။
သို့သော်ငြား သူက ဤမျှ ကြီးမားသော ချောက်ချမှုကို
စီစဉ်ခဲ့သည်ဆိုလျှင်ပင် ၎င်းထံမှ သူ မည်သည့်အရာ ရရှိသွားပါမည်နည်း။
တတိယသခင်လေးချူရဲ့ မုန်းတီးမှုကိုလား။
ဘီလီယံနှင့်ချီသော စီးပွားရေးများကို စီမံခန့်ခွဲနေသည့်
ဦးနှောက်တစ်ခုက ဤအရာကို ဆယ်စက္ကန့်ကျော်ကြာအောင် စဉ်းစားခန်းဖွင့်နေခဲ့သော်လည်း ယဲ့မန်
ဘာရသွားမည်ကို သူ စဉ်းစား၍မရသေးပေ။
ရုတ်တရက် သူ့ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာလေ၏။
"သူလုပ်တာက... သူဌေးအတွက်များ ဖြစ်နေမလား"
အတွင်းရေးမှူးချန်ထံ၌ အသိတစ်ခု ဖြတ်ကနဲ ဝင်လာပြီးနောက်
သူ တွေဝေသွားရသည်။
အနှီကောင်လေး မစ္စတာရွှီ၏အာရုံစိုက်မှုကိုရရန်
ရတဲ့နည်းနှင့် ကြိုးစားနေခဲ့သည်ဟုဆိုလျှင် ယုတ္တိရှိနိုင်သည်။ သို့ပေသိ သူအောင်မြင်ခဲ့သော်လည်း
အဆုံးမှာ မစ္စတာရွှီနှင့်စကားတစ်ခွန်းမျှပင် အပြန်အလှန် မပြောခဲ့ရဘူး မဟုတ်ပါလား။
ထိုမြင်ကွင်းကို ပြန်လည်အမှတ်ရသွားပြီးနောက် ရွှီဟွိုင်ထင်က
မျက်ခုံးတစ်ဖက်ကိုသာ ပင့်လျက် တုံ့ပြန်လိုက်ပြီး အတည်ပြုခြင်း၊ ငြင်းဆိုခြင်း မပြုဘဲ
ပြောလိုက်သည်။ "ထားတော့။ မင်း သူ့အတွက် စိတ်ပူနေဖို့မလိုဘူး။ အသုံးမကျတဲ့ အဲ့ဒီချူရုန်က
သူ့အတွက် ပြိုင်ဘက်ဖြစ်ချင်မှဖြစ်မှာ။ စောင့်သာ ကြည့်နေ”
အတွင်းရေးမှူးချန်သည် သူ၏ပိုလျှံနေသော ကရုဏာကို
သိမ်းဆည်းလိုက်ပြီး ချီမိသားစု၏ကိစ္စများကို ထပ်မံပြောဆိုခြင်း မပြုတော့ပေ။
သူတို့၏ဆွေးနွေးမှုပြီးဆုံးသွားမှသာ တစ်ဖက်မှလူက
ပြုံး၍ ပြောလာလေသည်။ "မစ္စတာရွှီ လတ်တလောမှာ တောင်ပိုင်းပင်လယ်ကနေ အကျိုးအမြတ်တွေ
အများကြီးရလာတယ်ဆို”
"တောင်ဘက်က မြေကွက်နဲ့ပတ်သက်ပြီး ခင်ဗျား
ဘယ်လိုထင်လဲ”
………..
"ချီကျွယ်ရဲ့ စေ့စပ်ထားတဲ့သူ၊ မုန့်မိသားစုက
မုန့်ယောင်အကြောင်း ကြားဖူးလား။ သူ့ကို ပေကျင်းအသိုင်းအဝိုင်းရဲ့ အိမ်ရှေ့စံမင်းသားလို့
ခေါ်ကြတယ်"
"ကြားဖူးတာပေါ့။ ဇာတ်လမ်းတိုတွေထဲမှာ အဲ့လိုမျိုးတွေ
အများကြီးတွေ့ဖူးတယ်"
ယဲ့မန် - "ပြီးတော့ ပေကျင်းရဲ့ဗုဒ္ဓ၊ ပေကျင်းရဲ့
သူဌေးကြီး၊ ပြီးတော့ အို့... ဟောင်ကောင်မှာလည်း တစ်ယောက်ရှိသေးတယ်..."
စနစ် - "တော်တော့။ အဲ့ဒီပေါတောတော ဇာတ်ကွက်တွေကို
မင်းရဲ့ဦးနှောက်ထဲကနေ ဖျက်ပစ်လိုက်စမ်း"
ယဲ့မန်က စိတ်မကောင်းဖြစ်သွားသယောင် ပြောလိုက်သည်။
"ကောင်းပါပြီ"
သူ အလုပ်လုပ်ခဲ့ဖူးသော ဆန်ခေါက်ဆွဲဆိုင်မှ သူဌေးမလေးသည်
ထိုဇာတ်လမ်းများကို အမြဲဖွင့်ပြလေ့ရှိသည်။ စနစ်ထံမှ ဤရင်းနှီးနေသော အသုံးအနှုန်းများကို
ကြားလိုက်ရခြင်းက လက်တွေ့မဆန်သော်လည်း နွေးထွေးမှုကို ခံစားရစေသည်။
"ဒါဆို မစ္စတာရွှီကအိမ်ရှေ့စံမင်းသားလား၊
ဒါမှမဟုတ် ဗုဒ္ဓလား" ယဲ့မန်က သိချင်စိတ်ဖြင့် မေးလိုက်၏။
စနစ် - "...
ရုတ်တရက် အဖြေပေးရန် အခက်တွေ့သွားသကဲ့သို့ ဖြစ်သွားလေသည်။
"သူက ပေကျင်းအသိုင်းအဝိုင်းရဲ့ ဧကရာဇ်အရှင်လေ"
"ဝိုး... အဲ့ဒါက... တော်တော်မြင့်တဲ့အဆင့်ပဲ"
ယဲ့မန်သည် သူ၏အံ့ဩမှုကို အပြည့်အဝ ဖော်ပြလိုက်သည်။
"..." စနစ်သည် အနည်းငယ် ငြီးငွေ့စွာဖြင့်
နှုတ်ခမ်းသပ်လိုက်သည်။ "သူက အဓိကဆိုတာကိုသာ သိထားလိုက်။ ငယ်တယ်၊ ရုပ်ချောတယ်၊
ချမ်းသာတယ်၊ မင်းတို့ ချီတစ်မိသားစုလုံးပေါင်းထားတာထက် ဆယ်ဆလောက်ပိုချမ်းသာတယ်။ သူ့ဘိုးဘေးတွေရဲ့
နာမည်ဂုဏ်သတင်းနဲ့တင် ဘယ်သူ့ကိုမဆို ခြောက်လှန့်ပစ်ဖို့ လုံလောက်တယ်။ တတိယသခင်လေးချူတောင်
သူ့ရှေ့မှာ နှိမ့်ချပြီး နေရတယ်"
၎င်းကို ကြားသောအခါ ယဲ့မန် သဘောပေါက်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း တတိယသခင်လေးချူ၏အရှေ့တွင်
နှိမ့်ချပြီး နေခဲ့ရသောကြောင့်ပင်။
ထို့ကြောင့် မစ္စတာရွှီဆိုသည်မှာ အမှန်တကယ်ပင်
ပြဿနာမရှာသင့်သော သက်ရှိဘိုးဘေးကြီးတစ်ဦးပင်ဖြစ်၏။
နောက်ကျမှ သဘောပေါက်သွားမှုက ယဲ့မန်အား လွှမ်းမိုးသွားပြီး
ချမ်းစိမ့်စိမ့် ခံစားချက်တစ်ခုက တွားသွားတက်လာလေသည်။
ထိုလူက သူ့အား တစ်ချက်ကြည့်ရုံဖြင့် ထွင်းဖောက်မြင်သွားသည်မှာ
အံ့ဩစရာ မဟုတ်တော့ပေ။
ဇာတ်လမ်းများထဲကအတိုင်းပင် ပေကျင်းအထက်တန်းလွှာ၏
'သက်ရှိဘိုးဘေးကြီး'သည် လှည့်ကွက်တိုင်းကို မြင်ဖူးထားပြီးဖြစ်၏။ ယဲ့မန်မှာ သာမန်သရုပ်ဆောင်လေးတစ်ဦးသာဖြစ်ပြီး
ထိုကဲ့သို့သော လူမျိုးရှေ့တွင် လုံးဝကို အရေးမပါသူလေးသာ ဖြစ်သည်။
ယဲ့မန်သည် ဖော်ထုတ်ခံရခြင်းအပေါ် နာကြည်းမှုကို
စွန့်လွှတ်လိုက်ပြီး ယခုမှစ၍ ဤသက်ရှိဘိုးဘေးကြီးနှင့် ဝေးဝေးရှောင်နေရန် ဆုံးဖြတ်လိုက်လေသည်။
စနစ်ကလည်း ပြောထားဖူးသည်။ ဂန္ထဝင် 'ဗီလိန်အမြှောက်စာ’
တစ်ယောက်အနေဖြင့် သူ့၌ "ဘယ်မကောင်းမှုလုပ်လုပ် ကျရှုံးမယ်" နှင့် "အကြံအစည်တိုင်းက
ဖော်ထုတ်ခံရမယ်"စသည့် အားနည်းချက် debuff များ ရှိနေသည်။ ကံဆိုးခြင်းမှာ ပုံမှန်သာဖြစ်ပြီး
ထိုကဲ့သို့သော လူမျိုးရှေ့တွင် ဆက်လျှောက်သွားနေမည်ဆိုလျှင် ထိုသူမှာ ဘိုးဘေးကြီးဖြစ်ရုံသာမက
သူ၏သက်ရှိထင်ရှား သေမင်းတမန်ပင် ဖြစ်လာပေလိမ့်မည်။
ကားလေးက ယဲ့မန်အား ချီမိသားစုအိမ်တော်ထဲသို့ ဝင်ရောက်ပို့ဆောင်ပေးလိုက်ရာ
ဖေဖေချီနှင့် မေမေချီတို့ နှစ်ဦးစလုံး အိမ်တွင်ရှိနေကြသည်။ ချီကျွယ်သည်ပင် ထိုနေရာ၌
ရှိနေလေသည်။
ယဲ့မန်သည်ကား ချီကျွယ်ကို သဘောမကျပေ။
သို့သော်ငြား ၎င်းကို ထုတ်ပြ၍မရမှန်း သူ သိလေသည်။
တစ်ကြိမ် နှစ်ကြိမ်ဆိုလျှင် သူ့ပတ်ဝန်းကျင်ရှိ လူများက သည်းခံပေးနိုင်ကောင်း သည်းခံပေးနိုင်သည်။
သို့သော်ငြား အကြိမ်များလာလျှင်တော့ ၎င်းက ပြောင်းပြန်အကျိုးသက်ရောက်သွားပေလိမ့်မည်။
အထူးသဖြင့် ချီကျွယ်က သူ့အပေါ် အမြဲတမ်း ကြင်နာဖော်ရွေစွာ ဆက်ဆံလေ့ရှိရာ အကယ်၍ ယဲ့မန်က
အေးစက်စက်နှင့်ရိုင်းစိုင်းစွာ ပြုမူပါက သူသာလျှင် ပို၍ အလိုလိုက်ခံထားရပြီး အကြောင်းပြချက်မရှိ
ပြဿနာရှာတတ်သူအဖြစ် ထင်မြင်ခံရပေလိမ့်မည်။
လူတို့သည် အမြဲတမ်း ဘက်လိုက်တတ်ကြသည်။ ဆယ်နှစ်ကျော်ကြာ
ပြုစုပျိုးထောင်လာခဲ့သော သားနှင့် မကြာသေးမီကမှ တွေ့ဖူးသူတို့ကြားတွင် မည်သူ့ကို ပို၍
မျက်နှာသာပေးမည်ကို မည်သူမဆို သိနိုင်လေသည်။
သို့ပေသော်ငြား သူသည် ချီကျွယ်နှင့် စကားမပြောလိုသဖြင့်
ထိုအစား ရှက်သယောင် ဟန်ဆောင်ကာ ရှက်သွေးဖြာနေသည့်ပုံဖမ်းပြီး ရောနှောဆက်ဆံခြင်းမှ ရှောင်ရှားလိုက်လေသည်။
စနစ်၏အဆိုအရ သူ၏ဤဟန်ဆောင်မျက်နှာဖုံးမှာ အဆုံးတွင်
ဆွဲခွာခံရမည်သာ ဖြစ်သည်။
ယခုအခါ ဆေးအရှိန်ပြယ်သွားပြီး ဒဏ်ရာများက ပြန်လည်နာကျင်လာပြီဖြစ်သဖြင့်
ယဲ့မန်တွင် ဟန်ဆောင်ရန် ခွန်အားများမရှိတော့ပေ။ ချီကျွယ်က သူ့ကို နှုတ်ဆက်လာသောအခါ
သူက မကြားချင်ယောင်ဆောင်နေလိုက်သည်။
"ကျွန်တော် နေသိပ်မကောင်းလို့၊ အခန်း အရင်ပြန်နှင့်တော့မယ်"
ချီကျွယ်က မတ်တတ်ရပ်လိုက်ပြီး "ကျွန်တော်
ရှောင်မန်ကို အခန်းထဲထိ လိုက်ပို့ပေးလိုက်မယ်"
အိမ်၏လွတ်လပ်စွာသွားလာရေး ပြုပြင်မွမ်းမံမှုများ**မှာ
မပြီးစီးသေးသည့်အပြင် ယဲ့မန် ပြန်ရောက်လာသည်မှာလည်း မကြာသေးသဖြင့် သူသည် ပတ်ဝန်းကျင်နှင့်
အသားမကျသေးဘဲ သူ့အနားတွင် တစ်ချိန်လုံး တစ်စုံတစ်ယောက် ရှိနေရန် လိုအပ်လေသည်။
(T/N accessiblity renovation လွတ်လပ်စွာသွားလာရေး
ပြုပြင်မွမ်းမံမှုများဆိုတာက သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေ တခြားသူတွေကို အားကိုးစရာမလိုဘဲ
အရာရာလုပ်ဆောင်နိုင်အောင် အိမ်ကို ပြင်ဆင်မွမ်းမံတာကို ပြောတာပါ။)
ယဲ့မန်က ငြင်းဆန်ချင်သော်လည်း ချီယန့်က သူ့ကို
ချီကျွယ်ထံ လွှဲအပ်ပြီးဖြစ်နေလေပြီ။
"သွားလေ၊ စောစောအနားယူလိုက်"
ယဲ့မန်က အနှီသူ၏လက်မှ ရုန်းထွက်ရန် ကြိုးစားသော်လည်း
အချည်းနှီးသာ ဖြစ်သည်။
သူ့ဘေးမှ ချီကျွယ်၏ချိုသာသောအသံမှာ အနည်းငယ် စိတ်မရှည်ဖြစ်နေသံ
ပေါက်နေလေသည်။ "ရှောင်မန်... လာပါ"
လူတိုင်းက ကြည့်နေသဖြင့် ယဲ့မန်သည် ဒေါသပေါက်ကွဲ၍မရသောကြောင့်
သူ့အား အပေါ်ထပ်သို့ ခေါ်ဆောင်သွားရန် ချီကျွယ်အား ခွင့်ပြုလိုက်ရလေသည်။
"ကျွန်တော် သွားနားတော့မယ်။ ကောင်းသောညပါ
အမေ၊ အဖေ၊ သာ့ကော" ယခုအခါ ၎င်းမှာ အဓိပ္ပာယ်မရှိတော့မှန်း သိနေသော်ငြား သူသည်
ချိုသာသည့်အပြုအမူကို ဆက်သရုပ်ဆောင်ဖို့ သတိရနေခဲ့၏။
တင်းမာသော မျက်နှာထားရှိသည့် ဖေဖေချီသည် ခေါင်းညိတ်ပြလိုက်ပြီးနောက်
ယဲ့မန် မမြင်နိုင်သည်ကို သတိပြုမိသွားကာ ထပ်ပြောလိုက်သည်။ "ကောင်းသောညပါ"
မေမေချီကလည်း အသံကို နူးညံ့သွားစေပြီး ခဏအကြာတွင်
အဒေါ်ကျိုးအား နွားနို့ပူပူတစ်ခွက် ယူသွားပေးရန် ပြောလိုက်လေသည်။
ချီကျွယ်နှင့် ယဲ့မန်တို့ လှေကားပေါ်သို့ ပျောက်ကွယ်သွားသည်နှင့်
ဖေဖေချီနှင့်မေမေချီတို့၏ မျက်နှာများမှာ ရှုပ်ထွေးသွားလေသည်။
ယဲ့မန်အပေါ်ထားရှိသော ချီမိသားစု၏သဘောထားမှာ ပို၍ပင်
ရှုပ်ထွေးလှသည်။
ယဲ့မန်သည် သူတို့၏ သွေးသားအရင်းဖြစ်သည်မှာ မှန်သော်လည်း
တရားမဝင်ကလေးများနှင့်ပတ်သက်သည့် အရှုပ်တော်ပုံများစွာကို မြင်တွေ့ခဲ့ရပြီးနောက် ယဲ့မန်
ကြီးပြင်းလာခဲ့ရသော ကြမ်းကြမ်းတမ်းတမ်း ပတ်ဝန်းကျင်ကိုပါ ထည့်သွင်းစဉ်းစားကာ သူ မကောင်းသောရည်ရွယ်ချက်များ
ထားရှိလာမည်ကို သူတို့ မပူပန်ဘဲ မနေနိုင်ခဲ့ပေ။ ချီမိသားစုသည် သားတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်သော်လည်း
အိမ်ထောင်စု၏ငြိမ်းချမ်းမှုကို အနှောင့်အယှက်ဖြစ်စေမည့် ပြဿနာရှာသူကိုမူ သည်းခံမည်မဟုတ်ပေ။
ပြဿနာများကို ကာကွယ်ရန် သူတို့သည် ကြိုတင်ပြင်ဆင်မှု အမြောက်အမြားကို ပြုလုပ်ခဲ့ကြသည်။
သူတို့သည် အခြေအနေတိုင်းကို ကြိုတင်မျှော်မှန်းထားခဲ့သည်။
တကယ်တမ်း ထွက်ပေါ်လာခဲ့သည့် တစ်ခုတည်းသောအရာဖြစ်သော
ယဲ့မန်ကိုယ်တိုင်မှလွဲ၍ပင်။
ယဲ့မန်သည် မျက်မမြင်တစ်ဦး ဖြစ်နေလေသည်။
…
...
ယဲ့မန် မျက်မမြင်ဖြစ်သွားခဲ့သည်မှာ မကြာသေးပေ။
သူကား အသားမကျသေးပေ။
သူ၏အမြင်အာရုံကွယ်ပျောက်မှုမှာ ပြင်ပဒဏ်ရာကြောင့်
ဖြစ်၏။ ကနဦးတွင် မျက်လုံးတစ်ဖက်က လုံးဝ မှောင်မိုက်သွားပြီးနောက် အခြားတစ်ဖက်မှာလည်း
စတင်ဝေဝါးလာခဲ့သည်။ ဆရာဝန်ကမူ သူ အပြီးတိုင် မျက်စိကွယ်သွားရန်မှာ အချိန်စောင့်ရန်သာရှိတော့သည်ဟု
ပြောခဲ့သည်။
"ဒေါက်တာတို့ဆီမှာ အစီအစဉ်တစ်ခုတော့ ရှိတယ်။
တကယ်လို့ အလုပ်ဖြစ်မယ်ဆိုရင် မျက်လုံးတစ်ဖက်မှာ အမြင်အာရုံ နည်းနည်းကျန်နေနိုင်တယ်။
အပြည့်အဝ ပြန်ကောင်းသွားမှာတော့ မဟုတ်ပေမယ့် လုံးဝမျက်စိကွယ်သွားတာမျိုးတော့ မဖြစ်နိုင်ဘူး။
ဒါပေမယ့် ကုသမှုနဲ့ကုထုံးတွေခံယူဖို့ ဆေးရုံကို ပုံမှန်တော့ လာပြရလိမ့်မယ်"
ထိုအရာအတွက် ငွေကြေးကုန်ကျမည်ဖြစ်၏။
ယဲ့မန်သည် ဆရာဝန်ကို တည်ငြိမ်စွာ ကျေးဇူးတင်စကားဆိုပြီး
ဆေးအချို့ကို ယူကာ ကုသမှုအစီအစဉ်ကို ငြင်းပယ်၍ သူ၏အချိန်ပိုင်းအလုပ်ဆီသို့ အလျင်စလို
ထွက်လာခဲ့သည်။
သူသည် ရှစ်သိန်းကို ပြန်ဆပ်ရန် ငါးနှစ်အချိန်ယူခဲ့ရသော်လည်း
အကြွေးဆပ်ရန် နောက်ထပ် ရှစ်သိန်းကျန်နေသေးသည်။
၎င်းမှာ သနားစရာကောင်းသော်လည်း သူသည် ဤကမ္ဘာပေါ်တွင်
တစ်ဦးတည်းသော သနားစရာကောင်းသူ မဟုတ်ပေ။
သူ့လို ဆင်းရဲဒုက္ခရောက်နေသူများ ဘီလီယံနှင့်ချီ၍
ရှိနိုင်ပြီး သူ့ထက်ပို၍ ဆိုးရွားသူများပင် နှစ်ဆမက ရှိနိုင်သည်ကို သူ နားလည်ထားသည်။
သူသည် မိမိ၏ရုန်းကန်ရမှုများကို ပုံကြီးချဲ့ရာတွင်
ကျွမ်းကျင်ပြီး အပြစ်ကင်းဟန်ဆောင်ရန်အတွက် အခြားသူများ၏ကရုဏာသက်မှုကို အသုံးချတတ်သည်။
အမှန်တရားမှာ သူ၏ ညာဘက်မျက်လုံးသည် အလင်းရောင်နှင့် ဝေဝါးသောအကွက်များကို မြင်နိုင်သေးသော်လည်း
နှစ်ခါမစဉ်းစားတော့ဘဲ လုံးဝမမြင်သူကဲ့သို့ သရုပ်ဆောင်လိုက်ခြင်းသာဖြစ်၏။
သူသည် မသန်စွမ်းသက်သေခံလက်မှတ် သွားရောက်လျှောက်ထားခဲ့ပြီး
နေ့လယ်စာတစ်နပ်ပင် အခမဲ့ရလိုက်သေးသည်။
အချို့သော ထိပ်တန်းကုမ္ပဏီများသည် မသန်စွမ်းသူများအတွက်
အလုပ်အကိုင်များ သီးသန့်ချန်ထားပေးလေ့ရှိသည်ကို သူ ကြားဖူးလေသည်။ အချိန်တစ်ခုကြာပြီးနောက်
အလုပ်လျှောက်လွှာများ ပေးပို့ရန် သူ စီစဉ်ထားခဲ့သည်။ သူသာ အမြင်အာရုံ မဆုံးရှုံးခဲ့ပါက
သူ၏အရည်အချင်းများဖြင့် မည်သည့်နေရာကိုမျှ ရောက်နိုင်မည်မဟုတ်ပေ။
ဤနှစ်များတစ်လျှောက် ထွက်ပြေးသွားသော ဖခင်ဖြစ်သူ၏အကြွေးများကိုဆပ်ရန်
ယဲ့မန်၏ကြိုးစားအားထုတ်မှုများမှာ ကြမ်းတမ်းခက်ခဲမှုများသာဖြစ်ခဲ့သည်။
ယနေ့ခေတ်တွင် ငွေတိုးချေးစားသူများအားလုံးသည်
ဥပဒေဘောင်အတွင်း၌သာ နေထိုင်ရန် သတိထားလာကြသည်။ နှောင့်ယှက်သော ဖုန်းခေါ်ဆိုမှုများမှာ
သူ ရင်ဆိုင်ခဲ့ရသည်များနှင့် နှိုင်းယှဉ်လျှင် သက်သာသေးသည်။ လူမိုက်များက ညဘက်တွင်
တံခါးလာထုခြင်း (ရဲကဖမ်းမိလျှင်လည်း မူးပြီး အမှားလုပ်မိသည်ဟုသာ ပြောကြမည်ဖြစ်သည်)၊
နံရံပေါ်တွင် ရိုင်းစိုင်းသော ဆေးရောင်များဖြင့် စာရေးခြင်း (တစ်ခါဆေးကြောပစ်လိုက်လျှင်လည်း
နောက်တစ်နေ့တွင် ပြန်ပေါ်လာမည်သာ ဖြစ်သည်)တို့ပင်။
ဥပဒေကို ချိုးဖောက်ခြင်းထက် လူများကို ပင်ပန်းနွမ်းနယ်လာစေရန်
ပို၍ရည်ရွယ်ထားသော လှည့်ကွက်ပေါင်းစုံပင် ဖြစ်သည်။
ငယ်ရွယ်စဉ်က ညသန်းခေါင်ယံတွင် တစ်စုံတစ်ယောက်
တံခါးကို ရိုက်ချိုးဝင်ရောက်လာမည်ကို စိုးရိမ်ကြောက်ရွံ့ခဲ့ရသဖြင့် ယဲ့မန် အိပ်မပျော်နိုင်ခဲ့ပေ။
သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ သူ အသားကျလာခဲ့လေပြီ။
၎င်းမှာ သူ၏နေ့စဉ်ဘဝတစ်ခုလို ဖြစ်လာခဲ့သည်။
ငွေတိုးချေးစားသူများက သူ့ဆီမှ ငွေပြန်ရလိမ့်မည်ဟု
ဘယ်သောအခါမှ မထင်ခဲ့ကြပေ။ သူတို့၏ပစ်မှတ်မှာ သူသာလျှင် ဖြစ်သည်။
သို့သော်ငြား လူသားတို့၏စွမ်းဆောင်ရည်မှာ အံ့ဩဖွယ်ကောင်းနိုင်လေသည်။
အလုပ်မျိုးစုံလုပ်ကာ သူပိုင်ဆိုင်သမျှကို နည်းနည်းချင်းစီ စုဆောင်းခြင်းဖြင့် အမှန်တကယ်ပင်
အကြွေးများစွာကို ဆပ်နိုင်ခဲ့သည်။
…
...
ချီကျွယ် သူ့ကို တံခါးဝအထိ လိုက်ပို့ပေးပြီး တံခါးဖွင့်ပေးခဲ့သည်။
အတွင်းသို့ ခေါ်ဆောင်သွားပြီးသည်နှင့် ယဲ့မန်မှာ အကူအညီ မလိုတော့ပေ။
ချီကျွယ်က တံခါးဘောင်ကို မှီ၍ မေးလိုက်သည်။
"ငါတို့ရဲ့ မွေးနေ့တွေ ရောက်တော့မယ်။ ရှောင်မန်... မင်းလိုချင်တဲ့ လက်ဆောင်တစ်ခုခု
ရှိလား"
အခန်းထဲတွင် အခြားမည်သူမျှ မရှိဘဲ သူတို့နှစ်ယောက်တည်းသာ
ရှိလေသည်။
ယဲ့မန်သည် သူ့အား တကယ်ကို အဖက်မလုပ်ချင်သဖြင့်
ဟန်ဆောင်ပြုံးပြလိုက် ရသည်။ "ကော ဘာပေးပေး ကျွန်တော် သဘောကျမှာပါ"
သို့သော်ငြား သူ့စိတ်ထဲတွင် အမှန်တကယ် တွေးနေမိသည်မှာမူ
"တခြားလူက မင်းကိုပေးတဲ့ ဘယ်ပစ္စည်းမဆို ငါ သဘောကျမှာပါ"ဟူ၍ပင်။