Chapter 04
[သနားချင့်စဖွယ် အသွင်တု]
ယဲ့မန်၏အကျင့်စရိုက်နှင့် ပတ်သက်၍ ချီမိသားစု၏စိုးရိမ်ပူပန်မှုများမှာ
လုံးဝ အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။
တခြားသူများက မသိနိုင်သော်ငြား ယဲ့မန်ကတော့ မိမိကိုယ်ကိုယ်
အသေအချာ နားလည်သဘောပေါက်ထားသည်။
ငယ်စဉ်ကတည်းကပင် သူ့ကိုယ်သူ ရုပ်ရည်ချောမောကြောင်း
သိထားခဲ့၏။ အပြင်ထွက်သည့်အခါတိုင်း လမ်းသွားလမ်းလာ ဦးလေးများနှင့် အဒေါ်များကို မော့ကြည့်ကာ
ချိုသာစွာ ပြုံးပြလိုက်ရုံမျှဖြင့် ချီးကျူးစကားများ ဝေဝေဆာဆာ ရရှိတတ်ပြီး တစ်ခါတစ်ရံ
ဂျယ်လီ သို့မဟုတ် ချောကလက်ကဲ့သို့သော မုန့်များကိုပင် ရရှိတတ်လေသည်။
ထိုအကျိုးအမြတ်များ၏အရသာကို မြည်းစမ်းမိပြီးနောက်
သူသည် ငယ်ရွယ်စဉ်မှာပင် သူ့မျက်နှာနှင့် စကားပြောစွမ်းရည် နှစ်ခုစလုံးကို အပြည့်အဝ
အသုံးချတတ်သည့် အနုပညာကို ကျွမ်းကျင်ပိုင်နိုင်လာခဲ့၏။
ထိုစဉ်က သူ၏အိမ်နီးချင်းများထဲတွင် မြေးမလေးနှင့်အတူ
နေထိုင်သော အဘွားအိုတစ်ဦး ရှိခဲ့သည်။ ကောင်မလေး၏မိဘများမှာ အနားတွင် မရှိသလောက်ပင်ဖြစ်သော်လည်း
သူမ၏အဘွားက သူမကို အလွန်အလိုလိုက်ထားလေသည်။ သူမသည် ပျားရည်အိုးထဲတွင် ကြီးပြင်းလာခဲ့ရသော
ကလေးတစ်ဦးဖြစ်သည်မှာ သိသာလှ၏။ ဖြူစင်ပြီး လှပသော ဂါဝန်လေးများကို ဝတ်ဆင်ထားလျက်၊ ယဲ့မန်
မဖတ်တတ်သော နိုင်ငံခြားစာများ ရေးသားထားပြီး တောက်ပစွာ ထုပ်ပိုးထားသည့် သကြားလုံးကို
အမြဲကိုင်ဆောင်ထားလေ့ရှိသည်။
သူမလက်ထဲရှိ ထိုသကြားလုံးလေးမှာ ယဲ့မန်၏မျက်စိထဲ၌
အမြဲတမ်းတောက်ပနေတတ်ပြီး ထုပ်ပိုးထားသည့် စက္ကူလေးသည်ပင် လှပနေလေသည်။ တစ်ခါက ယဲ့ကောဝမ်
ပြောနေသည်ကို သူကြားဖူးခဲ့ရာ ထိုအရာများမှာ ဤနေရာတွင် ဝယ်၍မရနိုင်သော နိုင်ငံခြားဖြစ်
သကြားလုံးများဖြစ်သည်ကို သိခဲ့ရသည်။ ထိုအချက်ကို ထောက်ရှုခြင်းအားဖြင့် ကောင်မလေး၏မိဘများမှာ
ချမ်းသာကြွယ်ဝသူများ ဖြစ်ရမည်ပင်။ သူတို့က ဤယိုယွင်းပျက်စီးနေသော တိုက်ခန်းဟောင်းကြီးတွင်
အဘယ်ကြောင့် လာရောက်နေထိုင်ကြသည်ကိုမူ မည်သူမျှ မသိကြပေ။
ယဲ့မန် သုံးနှစ်သားအရွယ်မှာပင် ယဲ့ကောဝမ်သည် လောင်းကစားကို
စွဲလမ်းနေခဲ့ပြီ ဖြစ်၏။ သူက အလုပ်လုပ်ရန် ငြင်းဆန်ခဲ့သဖြင့် အထည်ချုပ်စက်ရုံတွင် တစ်လလျှင်
ယွမ်နှစ်ထောင်မျှဖြင့် မနားမနေ အလုပ်လုပ်နေရသော ယဲ့မန်၏မိခင်ကသာ ကုန်ကျစရိတ် အားလုံးကို
တာဝန်ယူခဲ့ရ၏။ ဘဝမှာ ကျပ်တည်းလှသည်။ ယဲ့မန်သည် ဤနှစ်များတစ်လျှောက် ဤမျှကောင်းမွန်သော
အရာမျိုးကို တစ်ခါမျှ မမြည်းစမ်းဖူးခဲ့ရာ သွားရည်ကျလာပြီး တစ်ခါလောက်စားရရန်အတွက် ဘာမဆိုလုပ်ဖို့
ဆန္ဒရှိနေခဲ့သည်။
ထို့ကြောင့် တစ်နေ့တွင် ကောင်မလေးက အနီးနားရှိ
ပန်းခြံထဲ၌သဲဆော့ရင်း တစ်ယောက်တည်း ရှိနေသည်ကို တွေ့လိုက်ရသောအခါ သူသည် အဖြူစင်ဆုံးနှင့်အန္တရာယ်ကင်းလွန်းသော
အမူအရာကို ဖန်တီးကာ သူမအနားသို့ ဟန်မပျက် ချဉ်းကပ်သွားပြီး သူငယ်ချင်းဖြစ်ချင်ယောင်
ဆောင်လိုက်လေသည်။ ထို့နောက် သူပြုလုပ်ထားသော သဲယုန်ရုပ်လေးနှင့် သူမ၏သကြားလုံးကိုလဲလှယ်ရန်
လှည့်စားခဲ့သည်။
ထင်သည့်အတိုင်း သဲယုန်ရုပ်လေးသည် သူမ၏နိုင်ငံခြားဖြစ်သကြားလုံးနှင့်
နှိုင်းယှဉ်ပါက တန်ဖိုးမဲ့လှသည်။
ထို့ကြောင့် ယဲ့မန်က ပုံပြင်တစ်ပုဒ်ကို ဖန်တီးပြောဆိုလိုက်သည်။
သူက အမှန်တကယ်တော့ ရုပ်ဖျက်ထားသော မျက်လှည့်ဆရာတစ်ဦးဖြစ်ပြီး သူပြုလုပ်ထားသည့် ယုန်ရုပ်လေးမှာ
သာမန်မဟုတ်ကြောင်း၊ အနာဂတ်တွင် သူ၏မျက်လှည့်ပညာများ ပိုကောင်းလာသောအခါ ထိုယုန်ရုပ်လေးမှာ
အသက်ဝင်လာမည်ဖြစ်ကြောင်း ပြောပြခဲ့လေသည်။
ကောင်မလေးမှာ ဉာဏ်သိပ်မကောင်းလှပေ။ ယဲ့မန်သည်
အသက်ငါးနှစ်အရွယ်ကတည်းက ထိုသို့သော အရာများကို မယုံကြည်တော့သော်လည်း အသက်ခုနှစ်နှစ်အရွယ်
ရှိနေပြီဖြစ်သော သူမကမူ အလွန်အမင်း နှမြောတသဖြစ်နေသည့်တိုင် သကြားလုံးကို ပေးအပ်လိုက်ရန်
လွယ်ကူစွာ ယုံကြည်သွားခဲ့လေသည်။
ထိုအချိန်မှစ၍ညနေတိုင်း ထိုပန်းခြံထဲတွင် ယဲ့မန်က
သူမအား ယုန်မျက်လှည့်ပညာကို 'သင်ကြား' ပေးမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် သင်တန်းကြေးအဖြစ်
တစ်ချိန်လျှင် သကြားလုံးတစ်လုံးပေးရန် 'သဘောတူညီချက်' တစ်ခုကို ပြုလုပ်ခဲ့ကြသည်။
ထိုသို့ဖြင့် မျက်လှည့်ဆရာကြီးယဲ့မှာ သူ့ထံသို့
နေ့စဉ်သကြားလုံးများ လာပို့ပေးသော တပည့်မလေးတစ်ဦး ရရှိလာစေရန် လှည့်ဖြားနိုင်ခဲ့လေ၏။
နွေးထွေးသော နေဝင်ဆည်းဆာ အလင်းရောင်အောက်တွင်
ယဲ့မန်သည် ဒန်းပေါ်၌ ပျင်းရိပျင်းတွဲ လွှဲနေရင်း သူမ၏သကြားလုံးကိုစားကာ သဲပုံများပုံရန်
သူမအား အမိန့်ပေးလေ့ရှိသည်။ တစ်ချိန်တည်းမှာပင် သူမ၏မိုက်မဲမှုအတွက် စိတ်ထဲမှ ကျိတ်၍
ရယ်မောနေတတ်သည်။
သို့သော်ငြား တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့သည်။
ညတစ်ညတွင် တိုက်ခန်းအဆောက်အအုံသို့ ရဲကားများ ရောက်ရှိလာခဲ့လေသည်။ ကောင်မလေးနှင့် သူမ၏အဘွားတို့ကို
မိဘများက လာခေါ်သွားပြီး အလျင်အမြန် ခေါ်ထုတ်သွားကြသည်။ သူတို့ ဘယ်သောအခါမှ ပြန်မလာကြတော့ပေ။
ထိုအရူးမလေးက ထွက်သွားချိန်တွင်ပင် မပြီးဆုံးသေးသော "ယုန်မျက်လှည့် သင်ခန်းစာများ"
အတွက် ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သေးသည်။
ထို့ပြင် ခရုခေါက်ဆွဲဆိုင်မှ သူဌေးမလေးမှာလည်း
အစက သူကဲ့သို့ ငယ်ရွယ်သူတစ်ဦးကို အလုပ်မခန့်လိုခဲ့ပေ။ ထိုအကြောင်းကို ကြားသောအခါ ယဲ့မန်သည်
တစ်ရှူးတစ်ထုတ်လုံး ကုန်သွားသည်အထိ ငိုကြွေးစေနိုင်သော ရင်ကွဲဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်ကို
သူမအား ချက်ချင်း ဖန်တီးပြောဆိုခဲ့ရာ သူမက သူ့ကို သနားစိတ်ဖြင့် ဆက်လက်ခန့်ထားခဲ့လေသည်။
ဤအရာများအပြင် အခြားသော ထိုသို့ဖြစ်ရပ်မျိုးများမှာ
ရေတွက်၍ပင်မရနိုင်အောင် များပြားလှပေသည်။
သူ၏ဖြူစင်ချင်ယောင်ဆောင်မှုနှင့် ကျွမ်းကျင်သောစကားပြောစွမ်းရည်ဟူသည့်
ဤလက်နက်နှစ်ခုကို ကိုင်စွဲထားသဖြင့် ယဲ့မန်သည် မိမိလိုချင်သမျှကို အမြဲတမ်းရယူနိုင်ခဲ့သည်။
မည်သည့်အရာကမျှ သူ့ကို မတားဆီးနိုင်ခဲ့ပေ။
ဤနူးညံ့သိမ်မွေ့ပြီး အန္တရာယ်ကင်းသော မျက်နှာဖုံးလေးဖြင့်
သူသည် သူ၏ စရိုက်အမှန်ကို ဖုံးကွယ်ထားခဲ့သည်။ သူ၏သဘောထားသေးသိမ်မှု၊ လောဘကြီးမှုနှင့်
လိမ်ညာမှုများဖြင့် ပြည့်နှက်နေသော စရိုက်ကိုပင်။
သူသည် ချီကျွယ်၏ပစ္စည်းများကို လိုချင်ခဲ့သည်။
၎င်းမှာ ထိုအရာများ၏တန်ဖိုးကို ဂရုစိုက်သောကြောင့်မဟုတ်ဘဲ သီးသန့်ဖြစ်တည်နေသော မနာလိုဝန်တိုမှုနှင့်
နာကြည်းမှုတို့ကြောင့်သာ ဖြစ်သည်။ သူ၏ စိတ်ထဲတွင် ချီကျွယ်ပိုင်ဆိုင်သမျှ အရာအားလုံးမှာ
သူ့အရာများသာ ဖြစ်သင့်သည်ဟု မှတ်ယူထားသည်။ ချီကျွယ် ချီမိသားစုထံမှ မည်သည့်အရာကို ရရှိသည်ဖြစ်စေ
ယဲ့မန်က ၎င်းကို သူ၏အငြိုးအာဃာတမှတ်တမ်းစာအုပ်ထဲတွင် မှတ်သားထားမည်သာဖြစ်သည်။
မှန်ပါသည်။ ကလေးချင်းလဲလှယ်ခံရမှုမှာ ချီကျွယ်၏
ရွေးချယ်မှုမဟုတ်ခဲ့ပေ။ တစ်နည်းဆိုရလျှင် သူသည် အပြစ်ကင်းသူဖြစ်သည်။ ဤအခြေအနေတွင် မည်သူတစ်ဦးတစ်ယောက်မျှ
အမှန်တကယ် အပြစ်မရှိဘဲ မတော်တဆမှုတစ်ခုသာ ဖြစ်ခဲ့သည်။ ဆင်ခြင်တုံတရားရှိသူ မည်သူမဆို
ချီကျွယ်အပေါ် နာကြည်းမည်မဟုတ်ပေ။
သို့သော်ငြား ယဲ့မန်မှာ ဆင်ခြင်တုံတရားရှိသူ မဟုတ်ပေ။
သူသည် "ယုတ်မာသော အမြှောက်စာဇာတ်ကောင်"
ဖြစ်ရန် သတ်မှတ်ခံထားရသူဖြစ်သည်။ ထိုသို့သောလူမျိုးက ဆင်ခြင်တုံတရား ရှိနိုင်ပါမည်လား။
စနစ်သည် ဤအခန်းကဏ္ဍအတွက် လူမှန်ကို အမှန်တကယ် ရွေးချယ်နိုင်ခဲ့ပေသည်။
သူ့ပတ်ဝန်းကျင်ရှိ လူများ၏မေတ္တာကိုရရှိရန်အတွက်သာ
သူသည် အမြဲတမ်း အသိဉာဏ်ရှိသူအဖြစ် ဟန်ဆောင်နေခဲ့ခြင်းပင်။ အမှန်တကယ်တွင်မူ သူသည် ထိုသို့သောသူ
မဟုတ်ပေ။
…
တံခါးဝတွင်။
ယဲ့မန်၏ချိုသာပြီး လိုလားဟန်ရှိသောအဖြေကို ကြားလိုက်ရသောအခါ
ချီကျွယ်က သူ၏အတွေးများကို ဖုံးကွယ်ထားရင်း မျက်ခုံးများကို အသာပင့်လိုက်လေသည်။
"ဒါဆို ငါ မင်းအတွက် ရွေးပေးမယ်လေ။ မင်း
မကြိုက်ဘူးဆိုရင်တောင် စိတ်ဆိုးခွင့်မရှိဘူးနော်။ ဒီနေ့ မင်းပင်ပန်းနေလောက်ပြီ၊ အနားယူလိုက်ပါ၊
ညဉ့်အရမ်းမနက်စေနဲ့ နားလည်လား"
ယဲ့မန်၏နှလုံးခုန်သံမှာ တစ်ချက် ရပ်တန့်သွားလေသည်။
သူညသန်းခေါင်အထိ ရေချိုးကန်အကြီးကြီးထဲမှာ 'ရေကူး'
နေခဲ့တာတွေကို သူသိသွားတာများလား။
ချီမိသားစုက သူ့အားပေးထားသော အိပ်ခန်းမှာ အလွန်ကျယ်ဝန်းပြီး
သူ၏ယခင်နေအိမ်တစ်အိမ်လုံးထက်ပင် ပိုကြီးမားလေသည်။ ရေချိုးခန်းတစ်ခုတည်းကပင် အလွန်လှပသော
ရေချိုးကန်ကြီးတစ်ခုနှင့်အတူ ကြီးမားကျယ်ဝန်းလှသည်။ ပြောင်းရွှေ့လာပြီးနောက် ရက်ပေါင်းများစွာတိုင်
ယဲ့မန်သည် ညစဉ်ညတိုင်း ထိုကန်ထဲတွင် ပျော်ရွှင်စွာ ရေကစားရင်း နာရီပေါင်းများစွာ အချိန်ဖြုန်းနေခဲ့သည်။
နေပါဦး... မဖြစ်နိုင်တာ။ သူ ရေချိုးပြီးတာနဲ့
အမြဲတမ်းသန့်ရှင်းရေး ပြန်လုပ်ထားခဲ့တာပဲလေ။ ဘယ်သူမှ မသိနိုင်လောက်ပါဘူး။
ကိုယ်ဟန်အနေအထားကို မတ်မတ်ပြန်ထားလိုက်ပြီးနောက်
ယဲ့မန်သည် အနီးအနားတွင် အခြားမည်သူမျှမရှိကြောင်း သေချာစေရန် နားစွင့်လိုက်လေသည်။ သူ၏နှလုံးသားထဲရှိ
အဆိပ်ရည်အိုင်ငယ်လေးမှာ တစ်ဖန် ပြန်လည်ဆူပွက်လာခဲ့၏။
သူ၏သေးသိမ်သောလှည့်ကွက်များက အဆုံးတွင် သူ့အား
သေပွဲဝင်သွားစေနိုင်သည်ကို သိနေသည့်တိုင်အောင် လူ့သဘာဝကိုပြောင်းလဲရန် ခက်ခဲလှပေသည်။
အထက်တန်းလွှာသခင်လေးတစ်ဖြစ်လဲ၊ သိမ်မွေ့ပြီး
'အစ်ကိုကောင်း' ပုံရိပ်နှင့်ရှိနေသော ချီကျွယ်ကို မြင်ရသောအခါ ယဲ့မန်မှာ သူ့ကို သွားရှုပ်ချင်စိတ်များ
ပေါ်လာတော့သည်။
ချီကျွယ် မပျော်ရွှင်ရလေလေ သူ့အတွက် ပျော်ရွှင်ရလေလေပင်ဖြစ်၏။
ထို့ကြောင့် မကောင်းသော ရည်ရွယ်ချက်များ ထွက်ပေါ်လာကာ
ယဲ့မန်သည် ရှက်ရွံ့ပြီး ကသိကအောက်ဖြစ်နေသည့်အမူအရာကို ဖန်တီးလိုက်လေသည်။ "ဒုတိယအစ်ကို
ပိုက်ဆံအကုန်ခံစရာမလိုပါဘူး။ ဟိုတစ်နေ့က အဖေပေးထားတဲ့နာရီလေးက တော်တော်လှတယ်။ ပြီးတော့
ကျွန်တော်ကလည်း နာရီတစ်လုံး လိုနေတာနဲ့ အတော်ပဲ... အဲ့ဒါလေးကိုပဲ ကျွန်တော့်ရဲ့ မွေးနေ့လက်ဆောင်အဖြစ်
ပေးလိုက်ပါလား"
စနစ်မှာ ချီတုံချတုံဖြစ်သွားရသည်။
ယဲ့မန်က သူ၏အလွန်အိုဗာဖြစ်သော ဇာတ်လမ်းတိုလေးများကို
နှစ်သက်ကြောင်း တစ်ခါက ပြောဖူးသောကြောင့်ဖြစ်မည်။ ယခုလေးတင် သူ ပြောလိုက်သောစကားသံမှာ
အလွန်ပင်... 'လက်ဖက်စိမ်း' ဆန်လွန်းနေသည်ဟု ခံစားလိုက်ရသည်။ အမြှောက်စာခံဇာတ်ကောင်အရသာက
အင်မတန် ပြင်းရှလွန်းနေတော့သည်။
စနစ် - "ယဲ့မန်..."
ယဲ့မန် - "စိတ်မပူပါနဲ့ စနစ်ကောရဲ့။ သူ ကျွန်တော့်ကို
အော်ရဲအော်ကြည့်၊ မနက်ဖြန်ကျရင် သာ့ကောဆီမှာ သွားငိုပြပြီး အာ့ကောက ကျွန်တော့်ကို အနိုင်ကျင့်ပြီး
ခက်ခဲအောင်လုပ်နေတယ်လို့ တိုင်ပစ်လိုက်မယ်"
စနစ် - "အဲ့ဒါက..."
ချီကျွယ်က တုံ့ဆိုင်းစွာဖြင့် ပြန်ဖြေလိုက်သည်။
"ရှောင်မန်... မင်းကို မပေးချင်လို့တော့ မဟုတ်ပါဘူး..."
သူက စကားလုံးများကို ရွေးချယ်ရင်း တစ်ခဏရပ်လိုက်သည်။
"မင်းကို အသစ်တစ်လုံး ဝယ်ပေးပါ့မယ်"
လှေကားပေါ်မှ တစ်စုံတစ်ယောက်၏ခြေသံကို ကြားလိုက်ရသောအခါ
ယဲ့မန်သည် ချက်ချင်းပင် ဟန်ဆောင်လိုက်ပြီး မတရားခံရသကဲ့သို့ မျက်နှာထားဖြင့် ပြန်ဖြေလိုက်လေသည်။
"ကောရဲ့ပစ္စည်းကို ကျွန်တော့်ကို မပေးချင်တာက သဘာဝကျပါတယ်။ ကျွန်တော်ကပဲ အရမ်းကလေးဆန်သွားတာ။
ကျွန်တော် ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်နော်။ ကောင်းသောညပါ"
နောက်ဆုတ်ခြင်း၊ တံခါးပိတ်ခြင်းအားလုံးကို တစ်ဆက်တည်း
ပြုလုပ်လိုက်၏။
နွားနို့ပူပူတစ်ခွက်တင်ထားသော လင်ပန်းကို ကိုင်ထားသည့်
အဒေါ်ကျိုးအား စင်္ကြံလမ်းတွင် တွေဝေလျက် ကျန်ရစ်စေခဲ့၏။
"ဒုတိယသခင်လေး?"
ချီကျွယ်သည် နှာတံကို ပွတ်သပ်လိုက်ပြီး သူမထံမှ
နွားနို့ကိုယူကာ ယဲ့မန်၏တံခါးကို ခေါက်လိုက်သည်။ ထို့နောက် လင်ပန်းကို အပြင်ဘက်တွင်
ချထားခဲ့ပြီး ညင်သာစွာ ပြောလိုက်သည်။ "ရှောင်မန်၊ အဒေါ်ကျိုးက မင်းအတွက် နွားနို့ယူလာပေးတယ်။
နွေးနေတုန်း သောက်ဖို့မမေ့နဲ့နော်"
အချိန်အနည်းငယ်စောင့်သော်လည်း တုံ့ပြန်မှုမရှိသဖြင့်
နောက်ဆုံးတွင် ချီကျွယ် ထွက်သွားလေသည်။
အချိန်အနည်းငယ်ကြာပြီးနောက် သော့ဖွင့်သံ 'ချလောက်'ခနဲ
မြည်သွားပြီး လက်တစ်ဖက် ထွက်လာကာ နွားနို့ကို အထဲသို့ အမြန်ဆွဲယူသွားလေသည်။
တံခါးပြန်ပိတ်သွားသောအခါမှ စနစ်က သူ၏အစောပိုင်းကတွေးထားသော
အတွေးများ၏ အကြွင်းအကျန်ကို ပြောလာသည်။ "ဟို့စ်၊ မင်းက မျက်မမြင်လေ။ စက်နာရီတစ်လုံးနဲ့
မင်းက ဘာလုပ်မလို့လဲ။ မြင်ရတာမှမဟုတ်တာ"
ယဲ့မန် - "..."
ရှက်လွန်းသဖြင့် သူ၏မျက်နှာမှာ နီရဲသွားလေသည်။
လက်တစ်ဖက်က နွားနို့ခွက်ကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်က
ဖုန်းကို ကိုင်ထားရင်း အစောပိုင်းက ချီယန့်သင်ပေးခဲ့သော အမြန်ခေါ်ဆိုမှုကိုအသုံးပြုရန်
သူ ကြိုးစားနေခဲ့သည်။ ဖုန်း၏အထောက်အကူပြု လုပ်ဆောင်ချက်များနှင့် အကျွမ်းတဝင် မရှိသေးသဖြင့်
စနစ်၏မှတ်ချက်စကားကြောင့် သူ၏လက်ချောင်းများက ချော်ထွက်သွားပြီး အခြားအက်ပလီကေးရှင်းတစ်ခုကို
မတော်တဆ ဖွင့်မိသွားလေသည်။
ရုတ်တရက် အခန်းထဲတွင် မြန်ဆန်သော ဗုံတီးသံနှင့်
ပြဇာတ်ဆန်ဆန် နောက်ခံတေးဂီတသံများ ဖုံးလွှမ်းသွားသည်။
အမျိုးသားတစ်ဦး၏လှောင်ပြောင်သံက ကျယ်လောင်စွာ
ထွက်ပေါ်လာသည်။ "အစ်ကိုကြီး ပိုက်ဆံကုန်ခံနေစရာမလိုပါဘူး။ အဘိုးပေးထားတဲ့ အဲ့ဒီနာရီကို...
ကျွန်တော့်ကို ပေးလိုက်ပါလား"
အခြားအမျိုးသားတစ်ဦး၏ ဒေါသတကြီးပြန်လည်တုံ့ပြန်သံက
"လီလျို... မင်း အရမ်းလွန်လာပြီနော်။ အဲ့ဒါငါ့အမေရဲ့ အမှတ်တရပစ္စည်းကွ"
ယဲ့မန် - "..."
စနစ် - "..."
သူ၏ရှက်သွေးဖြာမှုက ပို၍ ရဲတက်လာလေသည်။
ပျာယာခတ်သွားသဖြင့် ပေ့ချ်ကိုပိတ်ရန် ကြိုးစားလိုက်သော်လည်း
သူ့လက်ချောင်းက ထပ်မံချော်ထွက်သွားပြီး အခြားဇာတ်ဝင်ခန်းတစ်ခုသို့ ရောက်သွားပြန်သည်။
ယခုတစ်ကြိမ်တွင်တော့ အမျိုးသမီးတစ်ဦး၏နာကျင်ကြေကွဲနေသော
ငိုရှိုက်သံ ထွက်ပေါ်လာလေသည်။ "ကွာရှင်းမယ်။ ငါ ကွာရှင်းချင်တယ်။ လီကျွယ်... နင်က
ငါ့အဘွားမှာ အယ်လ်ဇိုင်းမားရောဂါရှိပြီး သူ့ကို စောင့်ကြည့်ပေးဖို့ တစ်ယောက်ယောက် လိုအပ်တယ်ဆိုတာကိုသိသားနဲ့
နင့်ရဲ့အချစ်ဦးမွေးနေ့ကို ကျင်းပပေးဖို့ သူ့ကို အိမ်မှာ တစ်ယောက်တည်းထားခဲ့တယ်။ အခုတော့
ဂက်စ်ပေါက်ကွဲမှုကြောင့် သူ ဆေးရုံရောက်နေပြီ။ သူက ငါ့ရဲ့တစ်ဦးတည်းသော မိသားစုဝင်ပဲ။
သူတစ်ခုခု ဖြစ်သွားကြည့်၊ နင်တို့နှစ်ယောက်လုံးကို အသက်နဲ့ရင်းပြီး ပြန်ပေးဆပ်ခိုင်းမယ်"
စနစ် - "..."
ယဲ့မန်သည် အထိတ်တလန့်ဖြင့် ဖုန်းကို ပိတ်ချလိုက်လေသည်။
ဆူညံနေသော ဇာတ်လမ်းနောက်ခံတေးဂီတသံမှာ နောက်ဆုံးတွင်
ပျောက်ကွယ်သွားတော့သည်။
အခန်းတွင်း၌ တိတ်ဆိတ်မှုက လေးလံစွာ ကြီးစိုးသွားလေသည်။
ယဲ့မန် - T^T
"စနစ်ကော၊ ကျွန်တော့်ရဲ့ အချစ်ဆုံး စနစ်ကောရယ်...
ကျွန်တော့်ကို အခွင့်အရေးတစ်ကြိမ်လောက် ထပ်ပေးပါ"
စနစ် - 🙂
"စနစ်ကော၊ ကျွန်တော့်ကို လျစ်လျူမရှုပါနဲ့၊
တစ်ခုခု ပြောပါဦး"
ထိတ်လန့်မှုကြောင့် သူ၏လက်ဖဝါးများတွင် ချွေးများ
ပြန်လာလေသည်။ သူက ပြဇာတ်ဆန်ဆန် "အ့"ခနဲ ရေရွတ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့
ခပ်ကြမ်းကြမ်း ထိုင်ချလိုက်ကာ ညာဘက်လက်ကို ပွေ့ပိုက်ထားလိုက်သည်။ သူ၏မျက်ဝန်းများမှာ
ချက်ချင်းပင် နီရဲလာပြီး ကွာရှင်းတော့မည့် ဇာတ်ဝင်ခန်းမှ ဇာတ်လိုက်မင်းသမီးထက်ပင် သနားစရာကောင်းနေတော့သည်။
"ကျွန်... ကျွန်တော်ကြောက်လို့ပါ။ ခြေထောက်ကျိုးတာက
အရမ်းနာတယ်လေ... ခြေထောက်မရှိရင် ကျွန်တော် လမ်းလျှောက်လို့မရဘူး၊ အလုပ်ရှာလို့မရဘူး၊
အိမ်ထောင်ဘက်ရှာလို့လည်း မရတော့ဘူး... ဘယ်သူကမှ ကျွန်တော့်ကိုလိုချင်မှာမဟုတ်ဘူး...
အရမ်း၊ အရမ်းသနားစရာကောင်းတယ်..."
စနစ်က နှာမှုတ်လိုက်၏။
သူ့ကို ထွင်းဖောက်မြင်ပြီးပြီဖြစ်ရာ ယဲ့မန်သည်
၎င်းစီမံခန့်ခွဲဖူးသမျှ အခြားသော ဗီလိန်အမြှောက်စာဟို့စ်များနှင့် ကွာခြားမှုမရှိလှပေ။
"တော်တော့၊ ဟန်ဆောင်နေတာတွေ ရပ်လိုက်တော့။
ငါ ဌာနချုပ်ကိုပြန်တော့မယ်။ မနက်ဖြန်မှ ဆက်ပြောကြတာပေါ့"
ယဲ့မန် အေးခဲသွားပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများ
ပြန့်နှံ့သွားလေသည်။ သူ့အသံမှာ ပို၍တိုးညှင်းသွားပြီး ပို၍သနားစရာကောင်းလာသည်။
"စနစ်ကော၊ မသွားပါနဲ့ဗျာ... ကျွန်တော် ညဘက်တစ်ယောက်တည်းဆို ကြောက်တတ်လို့ပါ..."
စနစ်က အေးစက်စက် ရယ်မောလိုက်သည်။
လိမ်ပြန်ပြီ။ ထပ်လိမ်ကြည့်စမ်း။ မင်းကိုယုံတဲ့သူက
အရူးပဲ။
"...စနစ်ကော?"
အခန်းက တိတ်ဆိတ်နေဆဲပင်။
သူ၏ခေါင်းထဲတွင်လည်း တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
စနစ်ကော... ထွက်သွားလေပြီ။
နှုတ်ခမ်းကိုကိုက်ထားရင်း ယဲ့မန်သည် သတိကြီးစွာဖြင့်
ခေါင်းကိုလှည့်လိုက်ပြီး သူ၏အာရုံစူးစိုက်မှုမရှိသော မျက်လုံးများကို ပြူးပြူးကြီးဖွင့်ထားကာ
ပတ်ဝန်းကျင်ကိုမြင်ရအောင် အစွမ်းကုန် ကြိုးစားကြည့်လိုက်သည်။
သို့သော်ငြား အမှောင်ထုနှင့်တိတ်ဆိတ်မှုတို့က
ဒီရေလှိုင်းများပမာ တိုးဝင်လာခဲ့၏။
အခန်းကြီးမှာ ကျယ်ဝန်းပြီး ဟာလာဟင်းလင်း ဖြစ်နေသည်။
မျက်နှာကြက်ကြမ်းပြင်ဆက် ပြတင်းပေါက်၏အပြင်ဘက်တွင် သစ်ရွက်တစ်ရွက်က 'တောက်'ခနဲ အသံနှင့်အတူ
လွင့်ကျလာရာ သူ၏ပခုံးများမှာ တွန့်သွားရလေသည်။
သူ့ဘာသာသူ ရေရွတ်ရင်း မတ်တတ်ရပ်လိုက်ကာ
"ကျွန်တော် တကယ်ကြောက်နေတာ..." ဟု တီးတိုးပြောလိုက်သည်။
သူသည် ထိုနေရာတွင် ခေတ္တမျှရပ်နေပြီး အခန်းအလယ်ရှိ
ကြီးမားလှသော ကုတင်ကြီးကိုသာ စိုက်ကြည့်နေမိကာ အထီးကျန်ဆန်မှုကို ခံစားလာရသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ၏မျက်လုံးထောင့်မှ အဝတ်ဗီရိုကို မြင်လိုက်ရသောအခါ
ဝမ်းသာအားရဖြင့် စောင်နှင့် ခေါင်းအုံးကို တရွတ်တိုက်ဆွဲယူသွားလိုက်သည်။ အမောတကောဖြင့်
သယ်ယူသွားရင်း လမ်းတစ်ဝက်တွင် သူ မမြင်ရသော တစ်စုံတစ်ရာကို မတော်တဆ ခလုတ်တိုက်မိကာ
အပြင်းအထန် လဲကျသွားခဲ့သေးသည်။
နာကျင်သွားသော နှာခေါင်းကိုပွတ်သပ်ရင်း သူက နှာမှုတ်သံများကြားမှ
စနစ်ကောကို နောက်ထပ်နှစ်ကြိမ်မျှ ထပ်ခေါ်ကြည့်သော်လည်း တုံ့ပြန်မှု မရရှိသေးသဖြင့်
မတ်တတ်ပြန်ရပ်လိုက်ကာ သူ၏နေရာပြောင်းရွှေ့ရေး အစီအစဉ်ကို စိတ်ပိုင်းဖြတ်မှုအပြည့်ဖြင့်
ဆက်လက်လုပ်ဆောင်လိုက်သည်။
နောက်ဆုံးတွင် သူသည် အဝတ်ဗီရိုထောင့်၏ ကျဉ်းမြောင်းသော
အမှောင်ထုထဲတွင် စောင်ခြုံ၍ ကွေးကွေးလေး ဝင်အိပ်လိုက်ပြီး သူ၏ကျောပြင်ကို နံရံနှစ်ဖက်စလုံး၌
ဖိကပ်ထားလိုက်သည်။ ထိုအခါမှသာ သူသည် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့ပြီး သူ၏မျက်ခုံးများကြားရှိ
တွန့်ချိုးမှုမှာလည်း ပြေလျော့သွားလေသည်။
အဝတ်ဗီရိုထဲတွင် အိပ်ရန် မလိုအပ်တော့ဘူးဟု သူ
တကယ်ကို ထင်ထားခဲ့မိသည်။
စနစ်ကောက တကယ့်ကို သဘောထားသေးသိမ်လွန်းသည်။ လှည့်ကွက်လေးတစ်ခုလုပ်မိရုံနှင့်
သူက ဗီလိန်အမြှောက်စာဇာတ်ကောင်ထက်ပင် ပို၍ စိတ်ကောက်နေသေးသည်။
စနစ်၏စေးနှဲမှုနှင့်ပတ်သက်၍ စိတ်ထဲမှ ကျိတ်ရေရွတ်ရင်း
ယဲ့မန်မှာ မကြာမီမှာပင် အိပ်မောကျသွားလေတော့သည်။