Chapter 05
[ကံဆိုးလွန်းသော အမြှောက်စာလေး]
နောက်တစ်နေ့တွင် စနစ်ပြန်ရောက်လာချိန်၌ ယဲ့မန်သည်
စောစောစီးစီး နိုးထနေပြီဖြစ်ကာ သူ၏စောင်နှင့်ခေါင်းအုံးကို သေသပ်စွာ ခေါက်သိမ်းပြီး
အဝတ်ဗီရိုထဲမှနေ၍ ကုတင်ပေါ်သို့ ပြန်လည်ရွှေ့ပြောင်းထားခဲ့လေပြီ။
သူသည် အသံစာအုပ်တစ်အုပ်ကို နားထောင်နေရင်း တစ်ဝက်တစ်ပျက်တွင်
မိသွားခဲ့သည်။
"အာဏာရှင် CEO ကြီးက ‘သခင်မ သူ့အမှားကို
ဝန်ခံပြီလား' လို့ တင်းမာစွာ မေးလိုက်တယ်"
"လက်ထောက်ဖြစ်သူက 'သူဌေး... သခင်မက ထီသန်းငါးဆယ်
ပေါက်သွားပါတယ်။ သူ မော်လ်ဒိုက်ကိုသွားဖို့ လက်မှတ်ဝယ်ပြီး အခု ကျွန်းပေါ်မှာ ရေလွှာလျှောစီးနေပါတယ်...
မော်ဒယ်ကောင်လေး ဆယ့်ရှစ်ယောက်နဲ့အတူတူပါ' လို့ ပြန်ဖြေလိုက်တယ်"
ယဲ့မန် - "ဝိုး... သန်းငါးဆယ်တဲ့လား။ ကျွန်တော်တော့
အရမ်းအားကျတာပဲ"
စနစ် - "..."
ထို့ကြောင့် အဓိကစွမ်းရည်များအားလုံးကို ပေါတောတောအသံထွက်စာအုပ်များနှင့်
ဇာတ်လမ်းတိုလေးများထံမှ လုံးလုံးလျားလျား ရယူထားသော ဗီလိန်အမြှောက်စာ ဟို့စ်တစ်ယောက်ကို
ရရှိထားခြင်းက ဤကဲ့သို့ပင် ဖြစ်သည်။
စနစ်သည် ဒေါသထွက်သွားပြီး မယုံနိုင်လောက်အောင်
စိတ်ပျက်လက်ပျက်ဖြင့် "မင်းက ငါ စီမံခန့်ခွဲဖူးသမျှထဲမှာ အဆိုးရွားဆုံး အမြှောက်စာပဲ"
"စနစ်ကော ပြန်ရောက်လာပြီပဲ" ရုတ်တရက်
ထွက်ပေါ်လာသောအသံကို တုံ့ပြန်သည့်အနေဖြင့် ယဲ့မန်၏လက်ဝါးအရွယ် မျက်နှာလေးမှာ တောက်ပသောအပြုံးနှင့်အတူ
လင်းလက်သွားလေသည်။ ထိုအပြုံးမှာ အလွန်တောက်ပလွန်းသဖြင့် ၎င်း၏ဆုံးရှုံးသွားသော စွမ်းဆောင်ရည်အမှတ်များကို
အပြီးတိုင် ပြန်လည်ရယူ၍မရနိုင်တော့ကြောင်း အပြောခံထားရသည့် စနစ်သည်ပင် စိတ်မပျော့ဘဲ
မနေနိုင်အောင် ဖြစ်သွားရလေသည်။
သူ၏လှည့်ကွက်များထဲသို့ ထပ်မံကျဆင်းသွားခဲ့ပြန်သည်ကို
သတိပြုမိသွားသောအခါ ၎င်းမှာ စိတ်ထဲမှနေ၍ ကိုယ့်ပါးကိုယ် ရိုက်လိုက်မိလေသည်။
ယဲ့မန်သည် အသားစားပန်းတစ်ပွင့်နှင့် တူလေသည်။
အပြင်ပန်းတွင် အန္တရာယ်ကင်းပုံပေါက်သော်လည်း အတွင်း၌မူ အဆိပ်ပြင်းလှသည်။ သူ၏ပါးစပ်မှထွက်လာသော
စကားဆယ်ခွန်းတွင် ကိုးခွန်းမှာ လိမ်ညာမှုများသာ ဖြစ်သည်။ သူ့ကို တစ်ကြိမ်မျှ အလျော့ပေးမိသည်နှင့်
သူ၏ထောင်ချောက်ထဲတွင် ဖမ်းမိသွားပေလိမ့်မည်။
စနစ်က အေးစက်စက် နှာမှုတ်လိုက်၏။ "ပြင်ဆင်ထားတော့။
သန်ဘက်ခါကျရင် မင်းလုပ်ရမယ့် ဇာတ်ကွက်တာဝန်တစ်ခုရှိတယ်"
မကြာသေးမီက ဝတ္ထု၏ အဓိကဇာတ်ကောင်စုံတွဲဖြစ်သော
မုန့်ယောင်(ကုန်း) နှင့် ချီကျွယ်(ရှို့)တို့မှာ အေးစက်စက်စစ်ပွဲတစ်ခု ဖြစ်ပွားနေခဲ့သည်။
အကြောင်းရင်းမသိရဘဲ ချီကျွယ်က မုန့်ယောင်နှင့် အဆက်အသွယ်အားလုံးကို တစ်ဖက်သတ် ဖြတ်တောက်ထားခဲ့သည်။
(T/N ကုန်း- အထက်ပုဂ္ဂိုလ်/ ရှိ - အောက်ပုဂ္ဂိုလ်)
မကြာမီမှာပင် မုန့်ယောင်မှာ ဆက်သည်းမခံနိုင်တော့သဖြင့်
နောက်ဆုံးတွင် အရှုံးပေးရန် ဆုံးဖြတ်လိုက်လေ၏။ သူသည်ကား ယဲ့မန်အား အပြင်ထွက်လည်ရန်
ဖိတ်ခေါ်သည်ဟူသော ဆင်ခြေကိုသုံး၍ ချီကျွယ်နှင့် စကားပြောရန်အတွက် အပြင်သို့ သွေးဆောင်ခေါ်ထုတ်ရန်
စီစဉ်ခဲ့သည်။
သူသာ ချီကျွယ်ကို တိုက်ရိုက်ဖိတ်ခေါ်ပါက ချီကျွယ်က
ဆင်ခြေအမျိုးမျိုးပေး၍ သူ့ကို ငြင်းပယ်ပေလိမ့်မည်။ သို့သော်ငြား သူက ယဲ့မန်ကို ဖိတ်ခေါ်ပါက
ဇာတ်လမ်းက တစ်မျိုးဖြစ်သွားပေမည်။
မျက်လုံးပြူးမျက်ဆံပြူးနှင့် အတွေ့အကြုံမရှိသော
အမြှောက်စာတစ်ဦးအနေဖြင့် မုန့်မိသားစု၏အမွေဆက်ခံသူက သူ့ကို အပြင်သို့ဖိတ်ခေါ်ခဲ့ပြီး
၎င်းမှာ ပေကျင်းမြို့စွန်ရှိ မြင်းစီးကလပ်တစ်ခုဖြစ်ကာ သူခြေချရန် အိပ်မက်ပင်မမက်ဖူးသော
နေရာမျိုးဖြစ်သည်ဟု ကြားလိုက်ရသည်နှင့် ယဲ့မန်သည် သဘာဝကျစွာပင် ဝမ်းသာအားရဖြစ်သွားကာ
ချက်ချင်း သဘောတူလိုက်လေသည်။
ယဲ့မန်သည် ဤအပြင်ထွက်မည့်ကိစ္စအတွက် အလွန်စိတ်အားထက်သန်နေခဲ့ရာ
ဇစ်မြစ်ပေါ်သွားသော "အတုအယောင်" ချီသခင်လေးဖြစ်သည့် ချီကျွယ်မှာ မုန့်ယောင်၏တကယ့်ရည်ရွယ်ချက်ကို
သူ့အား မပြောပြရက်အောင် ဖြစ်ခဲ့ရသည်။ သူသည် ယဲ့မန်အား ထိုကဲ့သို့သော အထက်တန်းလွှာများ၏ပွဲမျိုးသို့
တစ်ယောက်တည်းသွားဖို့လည်း ခွင့်မပြုနိုင်ချေ။
သူ တတ်နိုင်သည်မှာ သူ၏တွန့်ဆုတ်နေမှုများကို မြိုသိပ်ပြီး
အတူတူလိုက်သွားရန်သာ ဖြစ်သည်။
စနစ် - "ပေကျင်းအထက်တန်းလွှာအသိုင်းအဝိုင်းမှာရှိတဲ့
မုန့်ယောင်ရဲ့အဆင့်အတန်းအကြောင်း မင်း ကြားဖူးတာကြာပြီလေ။ အခု သူက သူတို့ရဲ့ တွေ့ဆုံပွဲတစ်ခုကို
မင်းကို ဖိတ်ခေါ်လိုက်တဲ့အခါ မင်းက သူ မင်းကို စိတ်ဝင်စားနေတယ်လို့ အထင်အမြင်လွဲမှားသွားတယ်။
မင်းက ဒါကို သူ့အနားကပ်ဖို့ အခွင့်အရေးလို့ထင်နေတာ။ ဘာပဲဖြစ်ဖြစ် မင်းက ချီမိသားစုရဲ့
သခင်လေးအစစ်ပဲဆိုတော့ မုန့်ယောင်က အစကတည်းက မင်းအပိုင်ဖြစ်ခဲ့သင့်တာလေ"
"မင်းက 'မတော်တဆ' မုန့်ယောင်ရဲ့ ပေါင်ပေါ်မှာ
ထိုင်လျက်သားဖြစ်သွားပြီး ပါးနပ်လွန်းစွာနဲ့ ချီကျွယ်က အဲ့ဒီမြင်ကွင်းကိုမြင်သွားအောင်
လုပ်လိုက်ရာကနေ အမျိုးသားဇာတ်လိုက်တွေကြားက တင်းမာမှုတွေကို အောင်မြင်အောင် လှုံ့ဆော်ပေးလိုက်နိုင်တယ်"
ယဲ့မန်က မျက်မှောင်ကြုတ်လိုက်သည်။ "ဒါပေမယ့်
အဓိကစုံတွဲကို ပေါင်းဖက်ပေးဖို့က ကျွန်တော်တို့ရဲ့ နောက်ဆုံးပန်တိုင်လို့ စနစ်ကောပဲပြောခဲ့တာ
မဟုတ်ဘူးလား။ ကျွန်တော်က ဘာလို့ သူတို့ကြားမှာ
အက်ကွဲကြောင်းဖြစ်အောင် လုပ်ရမှာလဲ"
စနစ် - "ဟာ၊ မင်းက ဘာသိလို့လဲ။ မင်းက ချစ်သူတွေရဲ့ကစားပွဲလေးထဲက
အစိတ်အပိုင်းတစ်ခုပဲလေ။ မင်းရဲ့အလုပ်က ရှို့ကို သဝန်တိုအောင်လုပ်ဖို့ပဲ။ အဲ့ဒါက ပြဇာတ်ဆန်တယ်ထင်ရပေမယ့်
တကယ်တော့ မင်းက သူတို့ရဲ့ဆက်ဆံရေး တိုးတက်အောင် တွန်းအားပေးနေတာ။ ပြီးတော့ အဟင်း...
မင်းကဖြင့် အဓိကဇာတ်လိုက် မင်းကိုလိုချင်လာအောင် လုပ်နိုင်မှာလည်း မဟုတ်ဘူးလေ”
"မင်း သူ့ကို လိုချင်ရင်တောင် သူကတော့ သေချာပေါက်
မင်းကိုလိုချင်မှာမဟုတ်ဘူး။ သူတို့ရဲ့ အချစ်က ကျောက်ဆောင်တစ်ခုလို ခိုင်မာတယ်။ မင်းက
ဒီနေရာမှာ အမြှောက်စာလေးတစ်ယောက်ပဲ။ မင်းရဲ့ 'မကောင်းမှု' ဆယ်ခုမှာ ရှစ်ခု၊ ကိုးခုလောက်က
နောက်ဆုံးမှာ တန်ပြန်သက်ရောက်သွားမှာပဲ"
ယဲ့မန်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
"ကောင်းပြီလေ"
စနစ်သည် သူ၏ချီတုံချတုံ၊ ချဉ်စူးစူးဖြစ်နေသော
မျက်နှာထားကို လေ့လာလိုက်ရာ တစ်စုံတစ်ခုကို သဘောပေါက်သွားလေသည်။
စနစ် - "ခဏ... မင်း ဒီကိစ္စအတွက် စိတ်မလှုပ်ရှားဘူးလား"
၎င်းက တွေဝေစွာဖြင့် ဇာတ်ညွှန်းကို လှန်လှောကြည့်လိုက်သည်။
"မင်းက ချီကျွယ်ဆီကနေ အရာအားလုံးကို လုယူချင်နေတာ မဟုတ်ဘူးလား။ သူက မင်းရဲ့ဘဝကိုခိုးယူခဲ့တယ်၊
မင်းဘဝရဲ့ ပထမတစ်ဝက်မှာ မင်းကို ဆင်းရဲဒုက္ခရောက်စေခဲ့တယ်၊ မင်းက လက်စားချေချင်စိတ်နဲ့
အမှောင်ထဲမှာ ကျိတ်ပြီး ဒေါသထွက်နေခဲ့တာမဟုတ်ဘူးလား"
"အင်း၊ အဲ့လို ခံစားရပါတယ်"
ယဲ့မန်က သိသာလွန်းလှသည့်အလား ပြောလိုက်သည်။ ထို့နောက်
သူ၏မျက်နှာအမူအရာမှာ တိမ်ဖုံးသွားပြီး ချီတုံချတုံဖြစ်သွားရသည်။ "ဒါပေမယ့် အဓိကဇာတ်လိုက်ကိုတော့...
ကျွန်တော်တို့ သွားမရှုပ်သင့်ဘူး"
စနစ် (တွေဝေလျက်) - "ဘာလို့လဲ"
ယဲ့မန်သည် အမှားလုပ်ထားသည်ကို လူမိသွားသကဲ့သို့
ခေါင်းကိုငုံ့ထားကာ အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။ "မုန့်ယောင်က... ယောကျ်ားတစ်ယောက်
မဟုတ်ဘူးလား"
သူသည် ယောကျ်ားတစ်ယောက်၏ပေါင်ပေါ်တွင် တကယ်ကို
မထိုင်ချင်ပါချေ။
စနစ်မှာ လေတစ်ချက်ကို ပြင်းပြင်းရှိုက်သွင်းလိုက်ရပြီး
ဇာတ်ကွက်ဖိုင်များကို ရူးမတတ် လှန်လှောရှာဖွေလေတော့သည်။
စနစ် - "...ယဲ့မန်။ မင်း.. မင်းက... အဖြောင့်ကြီးလား"
ယဲ့မန်သည် ထိုအရာက ထူးဆန်းသော မေးခွန်းတစ်ခုဖြစ်နေသည့်အလား
ကြည့်လိုက်သည်။ အဖြောင့်ဖြစ်တာက ပုံမှန်မဟုတ်ဘူးလား။ စနစ်က ဘာလို့ ဒီလောက်တောင် အံ့ဩနေရတာလဲ။
သို့တိုင် သူ၏အဖြေစကားက တိုးညှင်းစွာ ထွက်ပေါ်လာလေသည်။
"ကျွန်တော် လူတွေကို သဘောမကျဘူး"
စနစ် - "...ဟင်"
ယဲ့မန် အတည်ပြောနေခြင်းဖြစ်၏။ "ဆိုလိုတာက...
ကျွန်တော် ဘယ်သူ့ကိုမှ သဘောမကျဘူး"
ထို့နောက် သူ၏မျက်တောင်လေးများက အပြုံးတစ်ခုနှင့်အတူ
ကွေးတက်သွားလေသည်။ "ဒါပေမယ့် စနစ်ကောက လူမှမဟုတ်တာ။ ကျွန်တော် စနစ်ကောကို သဘောကျတယ်"
စနစ်သည် နှစ်စက္ကန့်တိတိ အေးခဲသွားပြီး
mainframe(ပင်မဘောင်ကွန်ပျူတာ)၏စီမံဆောင်ရွက်မှု ယူနစ်များမှာ အပူလွန်ကဲလာကာ အနီရောင်အချက်ပြသံ
မြည်ဟည်းသွားလေသည်။
ယဲ့မန်သည် သူ၏အင်္ကျီစကို တစ်ကြိမ်မျှ ရှက်ရွံ့စွာ
ဆော့ကစားရင်း စောင့်ဆိုင်းနေခဲ့သည်။ နောက်ဆုံးတွင်တော့ ရင်းနှီးနေသော 'ဖြန်း'ခနဲအသံ
ထွက်ပေါ်လာပြီးနောက် စနစ်၏ခြောက်ကပ်ကပ် "အို့" ဟူသော အသံက ဆက်တိုက်ထွက်ပေါ်လာလေ၏။
စနစ် - "မင်း ငါ့ကို ဖားနေရင်တောင် ဒီအလုပ်ကို
လုပ်ရမှာပဲ။ ခြေထောက်လည်းမကျိုးဘူး၊ သေလည်းမသေရဘူး၊ ပြီးတော့ မင်းရဲ့ လုပ်အားခလည်းရမယ်၊
ဒါက ငါ့ရဲ့ နောက်ဆုံးစည်းမျဉ်းပဲ"
ယဲ့မန်သည် တစ်ခဏရပ်တန့်သွားပြီး သူ၏အပြုံးမှာ
အနည်းငယ် မှေးမှိန်သွားသည်။ "ဝိုး... ကျွန်တော့်ကို ချက်ချင်း ဖမ်းမိသွားတာပဲ။
စနစ်ကောက တဖြည်းဖြည်း လှည့်စားဖို့ ပိုခက်လာပြီ။ အူး~"
ပေါ့ပါးပြီး သီချင်းဆိုသံပေါက်နေသော "အူး~"
ဟူသည့် အသံလေးသည် တကယ့်ငိုရှိုက်သံလေး တစ်စက်မျှပင်မပါဝင်ဘဲ ရထားတစ်စင်း၏ရွှင်လန်းသော
ဥဩသံကဲ့သို့ အထက်သို့ လွင့်ပျံသွားလေသည်။
စနစ် - "...မင်း လိမ်နေမှန်းသိသားပဲ"
သို့တိုင် ၎င်း(စနစ်)မှာ မသိလိုက်မသိဘာသာဖြင့်
လေသံ နူးညံ့သွားခဲ့လေသည်။
စနစ်ကြိုတင်ဟောကိန်းထုတ်ထားသည့်အတိုင်း မုန့်ယောင်ထံမှ
ဖိတ်စာတစ်စောင် ချီအိမ်တော်သို့ ရောက်ရှိလာခဲ့၏။ ချီကျွယ်နှင့်ပတ်သက်၍ စကားတစ်ခွန်းမျှ
မပါဝင်သော်လည်း အသစ်စက်စက် မြင်းစီးဝတ်စုံနှစ်စုံ ရောက်ရှိလာခဲ့ပြီး တစ်စုံမှာ ချီကျွယ်၏ကိုယ်တိုင်းနှင့်
အတိအကျ ချုပ်လုပ်ထားခြင်း ဖြစ်သည်။
ယဲ့မန်၏အစုံမှာမူ ထိုမျှ ကွက်တိကျမနေဘဲ အနည်းငယ်ချောင်နေပြီး
မသိသာသော်လည်း သိသာစေသော အသေးစိတ်အချက်လေးပင် ဖြစ်သည်။
ဘေးတွင်ရှိနေသော ချီကျွယ်က သတိထားမိသွားပြီး ရှုပ်ထွေးသွားသလို
ခံစားလိုက်ရသည်။ ယဲ့မန်မှာမူ အမြဲလိုလိုပင် သတိမမူမိဘဲ ထိုကွာခြားမှုကို မခံစားမိခဲ့ပေ။
သူ၏ခေါင်းထဲတွင် မြင်းစီးရတော့မည်ဖြစ်၍ မူးဝေလောက်သော စိတ်လှုပ်ရှားမှုများဖြင့်သာ
ပြည့်နှက်နေလေသည်။
ကားအနီးတွင် ချီယန့်သည် ယဲ့မန်၏ ထိုင်ခုံခါးပတ်ကိုပတ်ပေးရန်
ငုံ့လိုက်ပြီးနောက် အိမ်တော်ထိန်းထံမှ အသစ်ဝယ်ထားသော အဖြူရောင်တုတ်ကောက်ကို ယူကာ ယဲ့မန်၏လက်ထဲသို့
ထည့်ပေးလိုက်သည်။ သူက ကောင်လေး၏စိတ်အားထက်သန်နေသော မျက်နှာကို ငုံ့ကြည့်ကာ ခပ်ပြတ်ပြတ်
ပြောလိုက်သည်။ "ရှောင်မန်၊ မင်း မြင်းစီးလို့ မရဘူး။ မြင်မှမမြင်ရတာ ပြုတ်ကျလိမ့်မယ်နော်”
ထို့နောက် ချီကျွယ်ဘက်လှည့်ကာ "ရှောင်ကျွယ်၊
သူ့ကို မင်းအနားမှာပဲထား။ မျက်စိအောက်က အပျောက်မခံနဲ့"
ယဲ့မန်က ငြင်းခုံရန် ပါးစပ်ဟလိုက်သော်လည်း ချီယန့်၏အစ်ကိုကြီးဖိအားမှာ
အပြည့်အဝ လွှမ်းမိုးထားလေသည်။ ချီကျွယ်က ယဲ့မန်၏ပါးစပ်ကို ဖွဖွလေး ပိတ်လိုက်ပြီး ပြုံးလျက်
"စိတ်မပူပါနဲ့။ ကျွန်တော် သူ့ကို စောင့်ကြည့်ထားပါ့မယ် သာ့ကော"
ကားလေးထွက်ခွာသွားချိန်တွင် ယဲ့မန်မှာ စိတ်ကောက်နေဆဲပင်။
ကားပေါ်မှမဆင်းမီ ချီကျွယ်က သူ့ကို လက်ပေးရန်
ပြောလိုက်သည်။
သူ၏လက်ကောက်ဝတ်တွင် အေးစက်စက်အရာတစ်ခု ပတ်ချည်ခံလိုက်ရသည်ကို
သူ ခံစားမိလိုက်၏။
မြင်နိုင်သလောက် မျက်စိမှေးကြည့်လိုက်ရာ ၎င်းမှာ
အီလက်ထရောနစ်နာရီတစ်လုံးဖြစ်ကြောင်း ယဲ့မန် သိလိုက်ရသည်။
ချီကျွယ်၏အသံက တည်ငြိမ်စွာ ထွက်ပေါ်လာလေ၏။
"အချိန်ကိုကြားချင်ရင် ဒီနေရာကိုနှိပ်။ ဒါက ငါနဲ့ သာ့ကာဆီ ဖုန်းခေါ်ဖို့ပဲ။ ပြီးတော့
ဒါက အချက်ပေးသံ၊ တစ်ယောက်ယောက် မင်းကို နှောင့်ယှက်လာရင် အဲ့ဒါကိုနှိပ်လိုက်။ နားလည်လား"
"ဟိုနေ့က အဖေပေးတဲ့နာရီကို ဘူးထဲထည့်ပြီး
မင်းစားပွဲပေါ်တင်ထားပေးဖို့ အဒေါ်ကျိုးကို ငါ ပြောထားတယ်။ ဒါပေမယ့် ဒါလေးကိုပဲ နေ့စဥ်ဝတ်အဖြစ်
တပ်ထားလိုက်ကြတာပေါ့"
ချီကျွယ်က သူ၏လက်ချောင်းများကို နေရာချပေးနေစဉ်
ယဲ့မန်သည် ခြေဖျားဖြင့် မြေကြီးကို ပွတ်တိုက်နေမိသည်။ သူ ခေါင်းငုံ့ထားရင်း အိတ်ကပ်ထဲရှိ
စက္ကူယုန်ရုပ်လေးကို ထိမိသွားပြီးနောက် လျင်မြန်စွာ ပြန်လွှတ်လိုက်လေသည်။
သူက သူတို့နှစ်ယောက်တည်းသာ ကြားနိုင်ရန် တိုးတိုးလေးပြောလိုက်သည်။
"မင်း ငါ့ကို ပစ္စည်းတွေပေးလည်း ငါမင်းကိုသဘောကျမှာမဟုတ်ဘူး"
"အင်းပါ"
"ဒါက အစကတည်းက ငါ့ဟာဖြစ်သင့်တာ"
"အင်းပါ"
ကိုယ့်ပစ္စည်းကိုယ် ပြန်ပေးတဲ့သူကို ဘယ်သူက ကျေးဇူးတင်မှာလဲ။
သူတော့ မတင်နိုင်ပါဘူး။
ချီကျွယ် ပြန်ရလိုက်သော မျက်စောင်းမှာ အဓိပ္ပာယ်ဖော်ရခက်သော်လည်း
စိတ်အနှောင့်အယှက်ဖြစ်စရာတော့ မရှိခဲ့ပေ။
ပြောရမည်ဆိုလျှင် ချီကျွယ်သည် ၎င်းအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာ
ကြာပြီဖြစ်၏။ ယဲ့မန် သူ့ကိုမုန်းတီးမည်၊ ဖြစ်နိုင်လျှင် သူ့ကို ပစ်မှတ်ထားမည်ဆိုတာကို
သူ သိသော်လည်း မည်သည့်တိုက်ပွဲတွင်မဆို သူတို့မှာ အဆင့်မတူနိုင်ချေ။ ပညာရေးဆုံးခန်းမတိုင်သေးသော
ကလေးတစ်ယောက်သည် ဆယ်စုနှစ်များစွာ အထက်တန်းလွှာအဖြစ် ပြုစုပျိုးထောင်ခံထားရသူတစ်ဦးကို
အနိုင်မယူနိုင်ပါချေ။
သို့တိုင် ယဲ့မန် သူ့ကို "ပစ်မှတ်ထား"
သည့်ပုံစံမှာ သူ မျှော်လင့်ထားသကဲ့သို့တော့ မဟုတ်ပေ။
ချီကျွယ် သူ့ဘာသာသူ ခပ်ရေးရေးလေး ပြုံးလိုက်မိသည်။
လက်ဆောင်ပေးပြီးနောက် ချီကျွယ်က ယဲ့မန်ကို အထဲသို့
ခေါ်ဆောင်သွားလေသည်။
ခြေနှစ်လှမ်းခန့် အဝင်တွင် သူ၏အင်္ကျီလက်စ ဆွဲခံလိုက်ရသည်။
လှည့်ကြည့်လိုက်ရာ သူ ချက်ချင်းရပ်တန့်သွားရသည်။
ယဲ့မန်သည် ပန်းရောင်ဖျော့ဖျော့ စက္ကူယုန်ရုပ်လေးတစ်ခုကို
ကမ်းပေးနေသည်။ "ဒါက လက်ဆောင်ပြန်ပေးတာ" သူ၏အပြုံးမှာ ဓားသွားကဲ့သို့ ချိုမြိန်နေလေသည်။
"ကော ငြင်းမှာတော့ မဟုတ်ပါဘူးနော်"
၎င်းကိုပေးရသည်မှာ သူ့အတွက် အနည်းငယ် နှမြောစရာကောင်းနေသည်။
အဘယ်ကြောင့်ဆိုသော် ချီကျွယ်ကဲ့သို့ အဆင့်အတန်းရှိသူများက ဤကဲ့သို့သော တန်ဖိုးနည်းပစ္စည်းများကို
ဂရုစိုက်မည်မဟုတ်သည်ကို သူ သိသောကြောင့်ဖြစ်သည်။ မျက်နှာကြောင့်သာ ယူထားပြီး ထိုနောက်မှာ
လွှင့်ပစ်လိုက်နိုင်လောက်သည်။
သို့သော်လည်း ယဲ့မန်သည် သူ၏စက္ကူယုန်ရုပ်လေးကို
သဘောကျနေဆဲပင်။
ချီကျွယ် ကောင်းကောင်းကြီး နားလည်နိုင်စေရန် သူ
၎င်းကို ကမ်းပေးလိုက်လေသည်။
နာရီနှစ်လုံးအတွက် စက္ကူယုန်ရုပ်တစ်ရုပ်ဆိုတာ
မဆိုးလှတဲ့ အပေးအယူပဲ။ ဟား... ချီကျွယ် စိတ်ထဲကနေ နင်နေတော့မှာသေချာတယ်။
စောင့်ကြည့်နေသော စနစ်ကတော့ တစ်မျိုးမြင်နေလေ၏။
ချီကျွယ်၏မျက်နှာအမူအရာမှာ နူးညံ့သွားပြီး ယုန်ရုပ်လေးကို သိမ်းဆည်းလိုက်ကာ ငုံ့လျက်
ကောင်လေး၏ပါးကို ဆွဲညှစ်လိုက်လေသည်။
"ကျေးဇူးပါပဲ ရှောင်မန်။ ကော အရမ်းသဘောကျတယ်"
ယဲ့မန် သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်သည်။
"စနစ်ကော... သူ ကျွန်တော့်ကို ဆွဲညှစ်သွားတယ်။ သူ အရမ်းဒေါသထွက်နေတာ သေချာတယ်"
စနစ် - "ငါလည်း ဆွဲညှစ်ချင်လိုက်တာ... အယ်
ဟုတ်ပါဘူး။ အင်း… သူ အရမ်းဒေါသထွက်နေလောက်တယ်"
အလိမ်အညာစကားက မျက်တောင်မခတ်ဘဲ အထေ့အငေါ့မရှိ
ထွက်ကျလာခဲ့၏။
ယဲ့မန်သည် အတည်ပြုချက်ကြောင့် ကျေနပ်သွားကာ တက်ကြွလာလေသည်။
မမြင်ရသောချီကျွယ်က သူ၏နှုတ်ခမ်းလှုပ်ရှားမှုကို တစ်ချက်ကြည့်လိုက်ပြီး သူ၏အကြည့်များ
ထပ်မံနူးညံ့သွားသည်ကို တွေ့လိုက်ရသည်။
အနီးရှိ ပြတင်းပေါက်တစ်ခုမှ မျက်လုံးတစ်စုံက ထိုအရာအားလုံးကို
စောင့်ကြည့်နေခဲ့၏။
ရွှီဟွိုင်ထင်၏အကြည့်များက ကောင်လေး၏ပန်းရောင်ဖျော့ဖျော့
နှုတ်ခမ်းများထံမှနေ၍ သူ့ဘေးရှိ အမျိုးသားထံသို့ ရွေ့လျားသွားသည်။ စူးရှသော မျက်နှာပေါက်၊
နှာတံစင်းစင်းနှင့် အရာအားလုံးကို တစ်ပြိုင်နက်တည်း ထွင်းဖောက်မြင်နိုင်ကာ ဖုံးကွယ်ထားနိုင်စွမ်းရှိပုံရသည့်
အေးစက်စက် မီးခိုးရောင်မျက်ဝန်းများပင်။
"ဒါဆို မုန့်သခင်ကြီးက သူ့အတွက်နဲ့... ငါ့ကိုတကူးတကလာရှာခဲ့တာပေါ့"
မုန့်ယောင်သည် ဘယ်သောအခါမှ ခေါင်းမငုံ့တတ်သူဖြစ်သော်လည်း
ရွှီဟွိုင်ထင်၏ရှေ့တွင်မူ မတတ်သာပေ။
ထိုဖိအား၏အလေးချိန်အောက်တွင် သူ၏ခန္ဓာကိုယ်မှာ
တောင့်တင်းနေပြီး ခေါင်းငုံ့ထားရသည်။ "...ဦးလေး"
ရွှီဟွိုင်ထင် အသာငုံ့ကြည့်လိုက်သည်။ "မင်းကို
အချိန်တစ်ရက်ပေးမယ်။ အပြတ်ဖြတ်လိုက်”
"မုန့်ယောင်... မုန့်မိသားစုက အရူးတစ်ယောက်ကို
မသယ်ထားနိုင်ဘူး။ အဘိုးက လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက အနားယူသွားခဲ့ပြီ၊ မင်းက သူ တန်ဖိုးအထားဆုံးသူပဲ။
သူ့ကို စိတ်ပျက်အောင် မလုပ်နဲ့" သူက မျက်တောင်များကို ပင့်လိုက်သည်။ "ဆော့ကစားတာက
ကိစ္စတစ်ခုဆိုပေမယ့် အရေးကြီးတဲ့ကိစ္စတွေမှာတော့ အသိစိတ်လွတ်မသွားစေနဲ့။ ပြီးတော့ ချီကျွယ်က
ချီမိသားစုရဲ့ သွေးသားအရင်းမဟုတ်ဘူးဆိုတာ ငါတို့နှစ်ယောက်လုံး သိထားတာပဲ။ အဲ့ဒါက ဆင်ခြေသက်သက်ပဲ"
"ချီမိသားစုက အဆင်ပြေပါတယ်။ ချီကျွယ်ကလည်း
ကောင်းတယ်။ ဒါပေမယ့် သူက မင်းအတွက် လုံလောက်အောင်မကောင်းဘူး"
"ပြီးတော့ သူက ယောကျ်ားတစ်ယောက်။ မင်းက ယောကျ်ားတစ်ယောက်အတွက်
တစ်မြို့လုံးသိအောင် ပွဲဆူအောင် လုပ်လိုက်တာလား။ မင်း သေချင်နေတယ်ဆိုရင်တောင် ပိုလွယ်တဲ့နည်းလမ်းတွေရှိတယ်။
လူဘယ်နှစ်ယောက်က ဝင်ပါဖို့ စောင့်နေကြလဲ မင်းသိရဲ့လား"
ရွှီဟွိုင်ထင်သည် အချစ်ကြောင့် ရူးသွပ်နေသော တူဖြစ်သူကို
ရယ်မိမတတ် ဖြစ်သွားရသည်။
မုန့်ယောင်က ပို၍တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
"ကျွန်တော့်ကို မသတ်ပစ်နိုင်သရွေ့တော့ ကျွန်တော် ချီကျွယ်ကို ဘယ်တော့မှ လက်လွှတ်မှာမဟုတ်ဘူး"
လှောင်ပြောင်သံက တိုးညှင်းစွာ ထွက်ပေါ်လာသည်။
"ကောင်းပြီလေ။ မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ကြတာပေါ့။ အဆုံးထိတောင့်ခံနိုင်ရင်
မင်းကို သတ္တိရှိတယ်လို့ ခေါ်ပေးမယ်"
သူ လက်တစ်ချက်လှုပ်ရှားလိုက်ရာ အရပ်ရှည်ရှည် လူရိပ်အချို့
အနားသို့ ချဉ်းကပ်လာလေသည်။
အတွင်းရေးမှူးချန်က ချီတုံချတုံဖြစ်နေရ၏။
"သူဌေး မုန့်သခင်လေးက..."
"ဝင်မပါနဲ့" မုန့်ယောင်က အော်ဟစ်လိုက်သည်။
ရွှီဟွိုင်ထင်၏အကြည့်များမှာ အေးစက်သွားသည်။
"သူ့ပါးစပ်ကို ပိတ်လိုက်။ ဆူညံတယ်"
မုန့်ယောင်အား အပြင်သို့ ခေါ်ထုတ်သွားစဉ် အတွင်းရေးမှူးချန်က
တီးတိုးပြောလိုက်သည်။ "သူဌေး... ဒီတစ်ပတ်လုံး သူဌေးနောက်ကို လိုက်နေတဲ့သူတွေလည်း
ပေါ်လာပြီ။ အပြင်ဘက်မှာ လုံခြုံရေးတွေချထားပြီးပါပြီ"
မုန့်သခင်ကြီး၏တောင်းဆိုမှုကြောင့်ဆိုသည့်တိုင်
မုန့်ယောင်၏ရှုပ်ထွေးနေသော အချစ်ရေးက ရွှီဟွိုင်ထင် ဤနေရာသို့ လာရောက်ရသည့် အကြောင်းရင်းမဟုတ်ပေ။
သူ့တွင် အခြားလုပ်စရာကိစ္စ ရှိနေသေးသည်။ သူသာ မုန့်ယောင်၏ပြဿနာကို "ဖြေရှင်း"
လိုပါက အလွန်လွယ်ကူပေလိမ့်မည်။ လူတစ်ယောက်ကို ဖျောက်ပစ်ရန်မှာ ရိုးရှင်းလှပြီး ချီမိသားစုက
စကားတစ်ခွန်းမျှပင် ပြောရဲမည်မဟုတ်ပေ။
သို့သော်လည်း မုန့်ယောင်မှာ ဝံပုလွေပေါက်စလေး
ဖြစ်နေသေးသည်။ သူ၏ဆုလာဘ်ကို ယူငင်လိုက်ပါက သူက ပြန်ကိုက်လာနိုင်သည်။
ဖြစ်ပေါ်လာနိုင်သော ရှုပ်ထွေးမှုများကို ကြိုတင်စဉ်းစားရင်း
အတွင်းရေးမှူးချန်က မေးလိုက်သည်။ "ပထမထပ်ကို အကူအညီတွေ ထပ်လွှတ်လိုက်ရမလား"
ရွှီဟွိုင်ထင်၏လက်ချောင်းများက စားပွဲကို ခေါက်နေစဉ်
မျက်မမြင်လူငယ်လေးတစ်ဦး၏ ပုံရိပ်က သူ၏စိတ်ထဲတွင် ဖြတ်ပြေးသွားလေသည်။
"...လုပ်လိုက်"
……
တစ်ချိန်တည်းမှာပင် ယဲ့မန်သည် သူ၏အခွင့်အရေးကို
နောက်ဆုံးတွင် ရှာတွေ့သွားလေပြီ။ ချီကျွယ်၏အာရုံများ အခြားတစ်နေရာသို့ ရောက်နေစဉ် သူ
လစ်ထွက်လာခဲ့လေ၏။
ချီကျွယ်သည် သိမ်းငှက်တစ်ကောင်ပမာ တစ်ချိန်လုံးစောင့်ကြည့်နေခဲ့သည်။
မုန့်ယောင် အပေါ်ထပ်တွင် ရှိနေသည်ဟု စနစ်က သူ့ကို ပြောထားပြီး ယဲ့မန်မှာ တာဝန်ပြီးမြောက်ရန်အတွက်
လွတ်မြောက်အောင် ကြိုးစားကာ အပေါ်ထပ်သို့တက်ရန် တစ်ချိန်လုံး အကြံအစည်ထုတ်နေခဲ့ရသည်။
နောက်ဆုံးတွင် လွတ်မြောက်သွားပြီး လှေကားသို့ရောက်ချိန်မှာပင်
တားဆီးခံလိုက်ရလေသည်။
"တောင်းပန်ပါတယ် လူကြီးမင်း။ ဒုတိယထပ်က ဘလက်ဂိုးအဖွဲ့ဝင်တွေအတွက်
သီးသန့်ပါ" ဧည့်ကြို၏ငြင်းဆန်မှုမှာ ယဉ်ကျေးသော်လည်း ပြတ်သားနေလေသည်။
သူ၏နောက်ထပ်ခြေလှမ်းအတွက် ယဲ့မန် စဉ်းစားနေဆဲမှာပင်
ရုတ်တရက် တစ်စုံတစ်ယောက်က သူ့အား ဘေးသို့ဆွဲခေါ်သွားပြီး ထောင့်တစ်နေရာသို့ တရွတ်တိုက်
ဆွဲသွားခဲ့သည်။
မျက်လုံးများ ပြူးကျယ်သွားရင်း သူ့အနားတွင် ဝိုင်းရံနေသော
လူကြီးအချို့၏ကြီးမားသော လူရိပ်များကိုသာ သူ ရေးရေးမျှ မြင်နိုင်တော့သည်။
"ဘော့စ်... သူက မျက်မမြင်ထင်တယ်။ ပြီးတော့...
ယောကျ်ားလေး"
"ငါတို့လိုက်နေတာက မိန်းကလေးမဟုတ်ဘူးလား။
ဘာလို့ ယောကျ်ားလေးကိုခေါ်လာတာလဲ"
"ထားလိုက်ပါ။ အတူတူလောက်ပါပဲ။ သူ့မျက်နှာကို
ကြည့်လိုက်ဦး..."
မာကျောသောအရာတစ်ခုက ယဲ့မန်၏ခါးအောက်ပိုင်းသို့
ထောက်လာလေသည်။
"ပူးပေါင်းပေး။ မအော်နဲ့။ ငါပြောတဲ့အတိုင်း
အတိအကျလုပ်။ အခု ဒါကိုလဲဝတ်လိုက်"
အဝတ်အထည် အလုံးအထွေးတစ်ခုက သူ့လက်ပေါ်သို့ ကျလာလေသည်။
ချောမွေ့သော အသားကို စမ်းသပ်ကြည့်လိုက်ရာ ၎င်းမှာ ချီဖောင်ဝတ်စုံဖြစ်မှန်း သူ သိလိုက်ရသည်။
"ဘ... ဘော့စ်..." ဤတစ်ကြိမ်တွင်မူ မျက်ရည်များမှာ
ဟန်ဆောင်နေခြင်းမပါဘဲ အလုံးစုံ အစစ်အမှန် ကျဆင်းလာခဲ့လေ၏။
စိတ်ထဲတွင် သူ၏အသံများ တုန်ယင်နေပြီး စနစ်ထံသို့
ငိုရှိုက်ကာ "စနစ်ကော… ကျွန်တော့်အကြံကို ဖျက်ဆီးဖို့ ကြိုးစားနေတာ ကျွန်တော်သိတယ်။
ဒါပေမယ့်... ဒါပေမယ့်... ကျွန်တော့်ကိုတားဖို့ ဒီလောက်အထိ လုပ်စရာမလိုပါဘူး... ဟုတ်တယ်မလား"
[မှတ်ချက် - og chinese မှာ ယဲ့မန်က ချီကျွယ်ကို
ကော၊ချီကျွယ်ကောကော၊အာ့ကောလို့ ခေါ်ပြီး၊ ချီယန့်ကိုတော့ သာ့ကော or ကောလို့ခေါ်ပါတယ်။
etrans ကကျ သာ့ကော၊အစ်ကိုကြီး၊အာ့ကော၊ဒုတိယအစ်ကို eng နဲ့ chinese နှစ်မျိုးလုံးသုံးထားလို့
မင်တို့က chinese လိုပဲသုံးသွားမယ်နော်]