Chapter 12
[ဟန်ဆောင်မှုဇာတ်ရုပ်ကို ဆက်လက်ထိန်းသိမ်းသွားဖို့
သန္နိဋ္ဌာန်ချလိုက်တယ်။]
အတွင်းရေးမှူးချန်သည် ဒေါက်တာကျောက်နှင့်အတူ ဦးစွာရောက်ရှိလာပြီး
သူတို့၏အနောက်တွင် အဓိကရုဏ်းနှိမ်နင်းရေးဝတ်စုံများ ဝတ်ဆင်ထားသော ကိုယ်ရံတော်အဖွဲ့တစ်ဖွဲ့လုံး
ပါဝင်လာလေသည်။
တံခါးပွင့်သွားသည်နှင့် ထိုသက်တော်စောင့်များသည်
သူတို့၏သူဌေး တိုက်ခိုက်ခံနေရသည်ဟု ထင်မှတ်ကာ အပြည့်အဝ စည်းကမ်းတကျဖြင့် အတင်းဝင်ရောက်လာကြပြီး
တိုက်ခိုက်သူများကို နှိမ်နင်းရန်နှင့် သူတို့၏ "ဘော့စ်ဒယ်ဒီ" ကို အစွမ်းကုန်ကာကွယ်ရန်
အသင့်ဖြစ်နေကြသည်။
သူတို့၏မျက်လုံးများက မြင်ကွင်းကို ဝေ့ဝဲကြည့်လိုက်ပြီးနောက်
မြေပြင်ပေါ်တွင် ခွေယိုင်ကျနေသော ပိန်လှီပြီး သနားစရာကောင်းသည့် လူငယ်လေးအပေါ်သို့
တစ်ပြိုင်နက်တည်း ရောက်သွားတော့သည်။
...အဲ့ဒီတစ်ယောက်လား။ အဲ့ဒါက တိုက်ခိုက်တဲ့သူလား။
ဘွတ်ဖိနပ်များနှင့် လက်နက်များ၏အသံများကြောင့်
လန့်သွားသဖြင့် ယဲ့မန်သည် နောက်သို့ အလိုလို ဆုတ်သွားရသည်။ သူ၏ဆုတ်သွားမှုကြောင့် ရွှီဟွိုင်ထင်၏ဆုပ်ကိုင်မှုက
သူ့လက်ကောက်ဝတ်ပေါ်တွင် မရည်ရွယ်ဘဲလျက် တင်းကျပ်သွားလေ၏။....ရောင်ရမ်းနေပြီဖြစ်သော
သူ့လက်ကို ပို၍ဆိုးရွားစွာလိမ်ခေါက်မိခြင်းမှ တားဆီးရန် ကြိုးစားခြင်းပင်။
အင်မတန်တင်းကျပ်လွန်းနေသည်။ ယဲ့မန်က စူးရှစွာညည်းတွားလိုက်ပြီး
မျက်ရည်များ စီးကျလာကာ ငိုရှိုက်ရင်း "မစ္စတာရွှီ... ကျွန်တော်မှားသွားမှန်း တကယ်သိပါပြီ၊
ကျွန်တော့်ကို လွှတ်ပေးပါနော်... ဝူးဝူး..."
မြင်ကွင်းက... ထူးဆန်းလာလေ၏။
သက်တော်စောင့်များသည် သူဌေးဖြစ်သူထံမှ ပွန်းပဲ့ဒဏ်ရာများနှင့်
ကူကယ်ရာမဲ့နေသော နူးနူးညံ့ညံ့ ကောင်လေးထံသို့ အကြည့်ရွှေ့လိုက်ကြသည်။ သူတို့၏မျက်ဝန်းအိမ်များ
ကျုံ့ဝင်သွားရလေသည်။
...သူတို့က သူဌေးဖြစ်သူ ချီမိသားစုရဲ့သခင်လေးအပေါ်
အနိုင်ကျင့်နေတာကို တွေ့လိုက်ရတာလား။ အားနည်းတဲ့ မျက်မမြင်ကောင်လေးတစ်ယောက်ကိုလေ။ ပြီးတော့
ကောင်လေးက ခုခံလို့ သူတို့သူဌေးက သူ့ကို တစ်ကိုယ်လုံးညိုမည်းသွားအောင် ရိုက်နှက်လိုက်တာလား။
လေကိုအေးစက်စွာ ရှိုက်သွင်းလိုက်သည်။ တကယ့်ကို
ရိုင်းစိုင်းကြမ်းတမ်းတာပဲ။
ပုံမှန်အားဖြင့် ကျောက်တုံးတစ်တုံးပမာ တည်ငြိမ်တတ်သော
အတွင်းရေးမှူးချန်သည်ပင် နှစ်ကြိမ်ခန့် ခိုးကြည့်လိုက်မိသည်။ ချီမိသားစု၏ကောင်ဆိုးလေးသည်
ရွှီဟွိုင်ထင် အမုန်းဆုံးအမျိုးအစားဖြစ်မည်ဟု သူ သတ်မှတ်ထားခဲ့သည်။ ကောက်ကျစ်ခြင်း၊
လျှို့ဝှက်ကြံစည်ခြင်း၊ တိတ်တဆိတ်ယုတ်မာခြင်းတို့ဖြစ်ပြီး သူ့ကို ဒေါသထွက်စေမည့် တစ်ခုခုကို
လုပ်ခဲ့လောက်သည်ဟုပင်။
သို့သော်ငြား ထိုသို့ဆိုလျှင်တောင်မှ... ထိုမျက်နှာလေးနှင့်
မျက်မမြင်ကောင်လေးတစ်ယောက်ကို တကယ်ကြီး ကိုယ်ထိလက်ရောက်ကျူးလွန်တယ်ဆိုတော့၊ ဟုတ်တယ်...
သူ့သူဌေးက ရက်စက်မှုဆုတံဆိပ်ကို ရယူသွားပြီပဲ။ အဲ့ဒါက နောက်တစ်လယ်ဗယ်ပဲ။
ပရော်ဖက်ရှင်နယ်ပီသစွာဖြင့် အတွင်းရေးမှူးချန်သည်
ထိုအတွေးများကို ဆက်လက်တည်ရှိမနေစေခဲ့ပေ။ သူက လည်ချောင်းကို ချောမွေ့စွာရှင်းလိုက်ပြီး
"ဒီမှာ အရေးကြီးတာဘာမှမရှိဘူး။ အားလုံး အပြင်ထွက်ကြ။ အပြင်ကနေ စောင့်ကြည့်နေ"
ဟု စတင်ညွှန်ကြားလိုက်လေသည်။
ထို့နောက် ခေတ္တရပ်ပြီး "ဘယ်သူ့ကိုမှ အထဲပေးမဝင်နဲ့"
အမြဲလိုလိုပင် စွမ်းဆောင်ရည်ပြည့်ဝလှသည်။ သို့သော်ငြား
ရွှီဟွိုင်ထင်မှာမူ ထူးထူးဆန်းဆန်းပင် သူ့ကိုယ်သူ... အသက်ရှူကျပ်နေသလို ခံစားလိုက်ရသည်။
သူ ဘာပြောနိုင်မှာလဲ။ သူ ဘာမှမလုပ်ခဲ့ဘူးလို့လား။
ဒီမှာဖြစ်ပျက်နေတာတွေ အားလုံးက ဒီမျက်မမြင် ပြဿနာကောင်လေး သူ့ဘာသာသူ ဖန်တီးထားတာပါလို့လား။
အကဲခတ်နေသောအကြည့်များကို ခံစားရသဖြင့် သူ၏လျှာဖြင့်
သွားများကို ဖိထားလိုက်လေသည်။ သူ ရယ်မောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံတွင် ပြောစရာစကားမရှိသောအခါ
ရယ်မောခြင်းကသာ ထွက်ပေါ်လာတတ်သောကြောင့်ပင်။
သူ၏ဂုဏ်သတင်းမှာ မကောင်းလှသလို ကောင်လေး၏ပုံရိပ်မှာလည်း
သနားစရာကောင်းနေသည်။ အတူတူပေါင်းလိုက်လျှင်=အလွန်ယုံကြည်လောက်စရာကောင်းသော မြင်ကွင်းတစ်ခုပင်။
ယဲ့မန်၏အစောပိုင်းကခြိမ်းခြောက်မှုများကို စကားလုံးတစ်လုံးမကျန်
ကိုယ်တိုင်ကြားခဲ့ရသော ချီကျွယ်သည်ပင် စကားပြောရန် တာဝန်ရှိသည်ဟု ခံစားလိုက်ရသည်။
"မစ္စတာရွှီ... ခင်ဗျားကို စော်ကားမိခဲ့တဲ့ ရှောင်မန် မှားသွားပါတယ်။ သူ့ကိုယ်စား
ကျွန်တော် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး သူ့အဆင့်ထိ ဆင်းမသွားပါနဲ့"
တစ်ချိန်တည်းမှာပင် ယဲ့မန်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော
ရွှီဟွိုင်ထင်၏လက်ကို အဓိပ္ပာယ်ပါပါ ခိုးကြည့်နေခဲ့သေးသည်။
ရွှီဟွိုင်ထင်၏ပေါင်ပေါ်သို့ ဤမျှပွင့်ပွင့်လင်းလင်း
ရွံ့များ ပစ်တင်ရဲသူမရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ ထူးဆန်းသည်မှာ
ဤအခြေအနေ၏အတင့်ရဲမှုက သူ့အား အတိတ်ကိုပင် လွမ်းဆွတ်သွားစေမတတ် ဖြစ်စေခဲ့သည်။ အတိတ်အချိန်များကလိုပင်။
ထိုသနားစရာမျက်နှာလေးကို တည့်တည့်ရင်ဆိုင်ရင်း
သူ ဆုပ်ကိုင်ထားသော သေးသွယ်သည့်လက်ကောက်ဝတ်ကို သူ့လက်မဖြင့် တမင်တကာ ပွတ်တိုက်လိုက်လေသည်။
တိတ်တဆိတ် သဘောကျသွားမှုကြောင့် သူ့နှုတ်ခမ်းများ ကွေးညွတ်သွားခဲ့၏။
ထို့နောက် ဝတ်စုံပြည့်ဝတ်ဆင်ထားသော ထိုအမျိုးသားက
စိုးရိမ်တကြီးဖြစ်နေသည့် ညီအစ်ကိုနှစ်ယောက်ရှေ့တွင် အေးအေးလူလူပင် ဒူးကားကာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
လွှတ်ပေးရန် မဟုတ်ဘဲ ကောင်လေးကို သူ့အနီးသို့ တမင်တကာ ဆောင့်ဆွဲယူလိုက်ရန်အတွက်သာ ဖြစ်သည်။
ကောင်လေး၏ဖြူရော်နေသောမျက်နှာနှင့် ပြူးကျယ်နေသောမျက်ဝန်းများပေါ်ရှိ
ထင်ရှားလှသော ထိတ်လန့်မှုအရိပ်အယောင်ကို မြင်လိုက်ရခြင်းက ရွှီဟွိုင်ထင်၏ရင်ဘတ်ထဲရှိ
စိတ်အနှောင့်အယှက်ဖြစ်မှု အထုံးအဖွဲ့ကို နောက်ဆုံးတွင် ပြေလျော့သွားစေခဲ့သည်။
သူ့အသံက ပျင်းရိပျင်းတွဲ ထွက်ပေါ်လာလေသည်။
"သူ မှားတယ်ဆိုရင် သူ တာဝန်ယူရမှာပေါ့။ ဒီမှာက အားလုံး လူကြီးတွေချည်းပဲ။ မင်းက
သူ့ကို ကလေးလို့ ထင်နေတုန်းပဲလို့ ငါ့ကို ပြောချင်နေတာတော့ မဟုတ်ပါဘူးနော်"
ထိုစကားများကြောင့် ယဲ့မန်၏မျက်နှာအမူအရာမှာ ပို၍ပင်ပျာယာခတ်သွားပြီး
အကာအကွယ်ရရန် ချီကျွယ်ထံသို့ ကိုင်းညွတ်သွားသော်လည်း ရွှီဟွိုင်ထင်က သူ့ကို ချက်ချင်းပြန်ဆွဲယူကာ
သွားများပေါ်အောင် ပြုံးလိုက်လေသည်။ "စိတ်အေးအေးထား။ ကိုယ် ခက်ခဲအောင် မလုပ်ပါဘူး။
မင်းလက် ပြန်ကောင်းသွားတာနဲ့ ကိုယ့်ဆီ လူကိုယ်တိုင်လာတောင်းပန်မှာကို စောင့်နေမယ်"
ခက်ခဲအောင် မလုပ်ဘူး။ အဲ့ဒါက နှိပ်စက်မယ်လို့
တိုက်ရိုက်ကတိပေးလိုက်တာပဲ။
ယဲ့မန် ထိတ်လန့်သွားလေသည်။
ချီကျွယ်လည်း ထိတ်လန့်သွားသည်။
ဘယ်သူက မထိတ်လန့်ဘဲ နေမှာလဲ။
စနစ် - "နောက်ဆုံးတော့ စကင်န်ဖတ်လို့ ပြီးသွားပြီ....
ဟင်"
စနစ်သည် လေကို ပြင်းပြင်းရှိုက်သွင်းလိုက်သည်။
"မင်းကို ဘယ်သူရိုက်လိုက်တာလဲ။ မဟုတ်ဘူး.... အာ့။ မင်း ဘာလုပ်လိုက်တာလဲ။ ဇာတ်ကွက်က
ဘာလို့ ပြိုလဲသွားရတာလဲ"
ယဲ့မန် ခေါင်းငုံ့လိုက်လေသည်။
...ဆောရီးပါ။
ရေချိုးခန်းထဲမှာ တစ်သက်လုံးနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
ဆွဲခေါ်ခံရပြီးနောက် ယဲ့မန်သည် ကုသမှုခံယူရန်
VIP နားနေခန်းသို့ ရောက်ရှိသွားလေသည်။ ရွှီဟွိုက်ထင်၏ ဆုပ်ကိုင်ထားမှုက အနည်းငယ်မျှပင်
လျော့ကျမသွားခဲ့ဘဲ၊ သံမဏိပမာ ထိန်းချုပ်မှုဖြင့် အသေးအဖွဲ ရုန်းကန်လှုပ်ရှားမှုလေးများကိုပါမကျန်
ဖိချုပ်ထားခဲ့သည်။
ချီကျွယ်က သူ့ကို နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။
"ဒီလိုကိစ္စသေးသေးလေးကို မစ္စတာရွှီက တကယ်စိတ်ထဲထားမှာ မဟုတ်ဘူး။ မကြောက်နဲ့။
မင်းလက်ကို ဆရာဝန် အရင်ကြည့်ပါစေဦး။ အဖေနဲ့ သာ့ကော မကြာခင် ရောက်လာလိမ့်မယ်"
သူက ယဲ့မန်၏ခေါင်းကိုပင် ပွတ်သပ်ပေးလိုက်သေးသည်။
တုန်လှုပ်ချောက်ချားစွာဖြင့် ယဲ့မန် အခန်းထဲသို့
ဝင်သွားလေသည်။ ချီကျွယ် လိုက်ဝင်ရန်ပြင်သော်လည်း အတွင်းရေးမှူးချန်က ယဉ်ကျေးစွာဖြင့်
တားဆီးလိုက်သည်။
"တောင်းပန်ပါတယ် ဒုတိယသခင်လေး။ ဒါက မစ္စတာရွှီရဲ့
သီးသန့်နားနေခန်းပါ။ အထဲက ပစ္စည်းတချို့က လျှို့ဝှက်ထားရမယ့်အရာတွေမို့ပါ။ ကျေးဇူးပြုပြီး
နားလည်ပေးပါ"
ချီကျွယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခပ်ပြတ်ပြတ်
ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော် နားလည်ပါပြီ"
ရွှီဟွိုင်ထင်၏သီးသန့်အခန်းထဲတွင် ကုမ္ပဏီလျှို့ဝှက်ချက်များ
ရှိနေနိုင်သည်မှာ မှန်ပါသည်။ သူ ဝင်သွားရန် မသင့်တော်ပေ။
ဒါပေမယ့် ယဲ့မန်ကရော? မျက်မမြင်လေ။ အကယ်၍ သူ မြင်နိုင်လျှင်တောင်မှ
စာရွက်စာတမ်းများကို နားလည်နိုင်သော ပညာရေးမရှိသဖြင့် အန္တရာယ်မရှိပေ။
အတွင်းရေးမှူးချန်က ချီကျွယ်အား ဘေးခန်းသို့ ယဉ်ကျေးစွာ
လမ်းညွှန်ပေးသော်လည်း ငြင်းပယ်ခံလိုက်ရသည်။ "ကျွန်တော် ဒီမှာပဲ စောင့်မယ်။ တစ်ခုခုရှိရင်
ကျွန်တော့်ကို ချက်ချင်းခေါ်ပါ"
ခြေသံများ အနီးသို့ ပြင်းပြင်းထန်ထန် ရောက်လာလေသည်။
"ချီကျွယ်"
မုန့်ယောင်သည် အမောတကောဖြင့် ဝင်ရောက်လာပြီး သူ့ချစ်သူ
ရွှီဟွိုင်ထင်နှင့် အတူရှိနေမည်ဟူသော အတွေးကြောင့် ထိတ်လန့်နေလေသည်။
အတွင်းရေးမှူးချန်က မှတ်ချက်မပေးဘဲ အထဲသို့ဝင်ရာလမ်းတွင်
ရွှီဟွိုင်ထင်၏နားထဲသို့ တိတ်တဆိတ် သတင်းပို့လိုက်သည်။ "မုန့်သခင်လေး လက်မလျှော့သေးပါဘူး"
မည်သို့ပင်ဖြစ်စေ မိမိ၏တူဖြစ်သူကို ရိုက်ချက်အနည်းငယ်ဖြင့်
ဆုံးမနိုင်ပြီး သူက ပြန်ကောင်းသွားမည်ဖြစ်သည်။ သို့သော်ငြား သေချာသည်မှာ ရွှီဟွိုင်ထင်က
သူ့အား အင်္ဂါချို့တဲ့သွားအောင် လုပ်မည်တော့ မဟုတ်ပေ။
ရွှီဟွိုင်ထင်၏မီးခိုးရောင်မျက်ဝန်းများက ဆိုဖာပေါ်ရှိ
ကောင်လေးထံသို့ ကျရောက်သွားလေသည်။
တူဖြစ်သူကို ထိန်းချုပ်၍မရနိုင်ပါက... ချီမိသားစုကိုတော့
ရကောင်းရနိုင်ပေမည်။
ချီမိသားစုသည် ပါးနပ်ပြီး အသုံးချစရာ အက်ကွဲကြောင်းမရှိလောက်အောင်
သတိကြီးလွန်းလှသည်။ သို့သော်ငြား ယခုအခါ သူတို့တွင် ယဲ့မန် ရှိနေလေပြီ။
ဟောင်းလောင်းကြီးပွင့်နေသော အပ်ကွဲကြောင်းတစ်ခုပင်။
သူသည် လောဘကို မကြောက်သကဲ့သို့ မကောင်းသောရည်ရွယ်ချက်များကိုလည်း
မကြောက်ရွံ့ပေ။ ထိုစရိုက်လက္ခဏာများက လူများကို လက်ဖဝါးထဲတွင်ဆုပ်ကိုင်ထားရန် အလွယ်ကူဆုံး
ဖြစ်စေလေသည်။
…
ယဲ့မန်၏လက်တစ်ဖက်မှာ ဒေါက်တာကျောက်၏ ဆုပ်ကိုင်မှုထဲတွင်ရှိနေပြီး
ကျန်လက်တစ်ဖက်က ဆိုဖာကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။
"နာလား" ဆရာဝန်က ညင်သာစွာ စမ်းသပ်မေးမြန်းလိုက်သည်။
သူက ခေါင်းညိတ်ပြလိုက်ပြီး သူ၏လက်သည်းများကို
ဆိုဖာကူရှင်ထဲသို့ ပို၍တင်းကြပ်စွာ စိုက်ဝင်သွားစေသည်။
"သိပ်တော့မပြင်းဘူး။ အရိုးအက်သွားရုံပဲ။
ငါတို့ ကုပေးလို့ရပါတယ်။ စကားမစပ်၊ မင်းနဲ့ မစ္စတာရွှီက အရင်ကတည်းက သိတာလား"
"...ဟင့်အင်း။ ကျွန်တော်တို့ တွေ့ဖူးတာ နှစ်ခါပဲရှိသေးတယ်"
ဒေါက်တာကျောက်က ရယ်မောလိုက်သည်။ "ငါတော့
မယုံပါဘူး။ နှစ်ခါတည်း တွေ့ဖူးတာဆိုရင် သူက ငါ့ကို ဒီလောက်အလောတကြီး လွှတ်လိုက်မှာ
မဟုတ်ဘူး။ ငါက သာမန်ဆရာဝန်မှမဟုတ်တာ။ သေနတ်သံတွေနဲ့ စစ်ပွဲတွေထဲကနေ အသက်ရှင်လွတ်မြောက်လာခဲ့တာလေ။
တောင်အမေရိကကနေ အီကွေတာအထိ သူ့နောက်ကို ငါ လိုက်ခဲ့ဖူးတယ်။ စစ်ဘက်ခွဲစိတ်ဆရာဝန်ဆိုတာ
မင်းသိလား"
မျက်မမြင်လူငယ်လေး၏ ပခုံးများ ပြေလျော့သွားပြီး
ဇာတ်လမ်းထဲသို့ မျောပါသွားကာ အပြစ်ကင်းစင်သော အလေးအနက်ထားမှုဖြင့် အာရုံစိုက်နေသည်ကို
ရွှီဟွိုင်ထင် စောင့်ကြည့်နေလိုက်သည်။ "ဇာတ်လမ်းတိုတွေထဲမှာတော့ သူတို့က အမြဲပြောတယ်...."
ဂျွတ်။
"ပြီးပြီ" ဒေါက်တာကျောက်က ခပ်ပြတ်ပြတ်
ပြောလိုက်သည်။ "နောက်တစ်ဆင့်က ကျောက်ပတ်တီးစည်းမယ်။ အရိုးဆက်ဖို့ ရက်ကိုးဆယ်ကြာမယ်၊
အဲ့ဒီအချိန်မတိုင်ခင်အထိ အဲ့ဒီလက်နဲ့ ဘာမှမ,မဖို့ သတိရပါ။ မင်း ပြန်ကောင်းသွားမှာပါ"
ယဲ့မန် မျက်တောင်ခတ်လိုက်မိပြီး အံ့အားသင့်သွားသည်။
ဘာ....? နာကျင်မှုတစ်ချက် စူးကနဲဖြစ်သွားပြီး သူ အော်ပင်မအော်လိုက်ရခင် ပျောက်ကွယ်သွားလေသည်။
ယခု ငိုရန် နောက်ကျသွားလေပြီ။
သူက နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။
ဝေဝါးနေသော သူ၏အမူအရာနှင့် ကိုက်ထားသောနှုတ်ခမ်းတို့ကြားတွင်
အတွင်းရေးမှူးချန်သည် အလိုအလျောက်ပင် သကြားလုံးရှာရန် ဟိုဒီကြည့်လိုက်မိသည်။ ဝမ်းကွဲအစ်ကို၏ကလေး
ကာကွယ်ဆေးထိုးခံရချိန်က လုပ်သော မျက်နှာပေးမျိုးနှင့်တူနေသောကြောင့်ပင်။
ရွှီဟွိုင်ထင်သည်ပင် ငိုယိုပေါက်ကွဲတော့မည်ဟု
မျှော်လင့်ကာ ခေါင်းကို စောင်းကြည့်လိုက်သည်။ ကောင်လေး၏မျက်ဝန်းအိမ်များမှာ နီရဲနေလေသည်။
သို့သော် သူ မငိုခဲ့ပေ။
ထိုအစား သူက ညွှန်ကြားချက်တိုင်းကို တိတ်တဆိတ်
လိုက်နာခဲ့သည်။ "ကျေးဇူးတင်ပါတယ် ဒေါက်တာ။ အလုပ်ရှုပ်သွားစေတဲ့အတွက် တောင်းပန်ပါတယ်"
ကမ္ဘာပျက်တော့မည့်အလား ခုလေးတင် ငိုရှိုက်နေခဲ့သော
ထိုကောင်လေးမှာ ယခု တကယ့်အစစ်အမှန် နာကျင်ရချိန်တွင်မူ ကျောက်ဆောင်တစ်လုံးပမာ တည်ငြိမ်နေလေသည်။
အရွယ်ရောက်ပြီးသော အမျိုးသားတစ်ဦးသည်ပင် ထိုကဲ့သို့သော
ကုသမှုမျိုးတွင် အော်ဟစ်မိမည်ဖြစ်သော်လည်း ယဲ့မန်သည် မျက်ရည်တစ်စက်မျှမကျဘဲ ဘာမှမဟုတ်သလို
သည်းခံနေခဲ့သည်။
ကျောက်ပတ်တီးစည်းပြီးသွားသောအခါ သူ၏ အင်အားများအားလုံး
ကုန်ခမ်းသွားလေသည်။ သူ့လက်အပြင် အခြားနေရာတိုင်းကလည်း နာကျင်နေပြီး အစောပိုင်းက ဝင်တိုက်မိထားသော
သူ၏ဝမ်းဗိုက်မှနေရာမှာ တဆစ်ဆစ် ကိုက်ခဲနေလေသည်။
သူ၏ စိတ်ထဲမှနေ၍၊ ၎င်း လွတ်သွားခဲ့သည့် အရာအားလုံးကို
စနစ်ထံသို့ ခပ်တိုးတိုး အကျဉ်းချုပ် ပြန်ပြောပြလိုက်သည်။
ယဲ့မန် - "စနစ်ကော၊ ကျွန်တော့်ကို
အခွင့်အရေးတစ်ကြိမ်လောက်
ထပ်ပေးပါ..."
စနစ် (အထိတ်တလန့်) - "မလှုပ်နဲ့။ အဲ့လက်ကို
မသုံးနဲ့။ ဘုရားရေ...."
၎င်းက သူ့ကို တစ်ခဏလေး တစ်ယောက်တည်း ထားခဲ့တာကို
သူက သူ့ကိုယ်သူ ဒီလောက်ဆိုးဆိုးရွားရွားဖြစ်အောင် ဖျက်ဆီးပစ်နိုင်ခဲ့တယ်ပေါ့။ ထိုစက္ကန့်မှာပင် ၎င်း၏ဆားကစ်များ တစ်ချက်ခန့်ရပ်တန့်သွားခဲ့သည်ဟု
သူ ကျိန်တွယ်ပြောရဲပေသည်။
ယဲ့မန်က နာကျင်နေမှုကို ဂရုမစိုက်ဘဲ အပေးအယူလုပ်နေဆဲဖြစ်သည်။
"ကျရှုံးသွားတာကို ကျွန်တော် ပြန်အစားထိုးပေးနိုင်ပါတယ်"
စနစ်၏လေသံမှာ တင်းမာသွားလေသည်။ "မင်းရဲ့
ယုတ်မာတဲ့ အမြှောက်စာစရိုက်တစ်ခုလုံး ပျက်စီးသွားပြီ။ ဇာတ်ညွှန်းကို မေ့ထားလိုက်၊ ဒီတစ်ခါတော့
နာလန်ထူနိုင်အောင် အရင်လုပ်ဦး။ မင်း မနာဘူးလား။ ဒါတောင် မင်းက ပြဿနာရှာဖို့ပဲသိတယ်”
အဓိကဇာတ်လိုက်ကို အနိုင်ကျင့်ဖို့ နောက်ယောင်ခံလိုက်ရင်းနဲ့
လူမှားပြီး ဆွဲဖမ်းမိတာ ဘယ်လိုအမြှောက်စာမျိုးလဲ။
ယဲ့မန် ခေါင်းငုံ့လိုက်သည်။ သူ နာသည်။ နာကျင်သည်။
သေချာပေါက် နာကျင်တာပေါ့။
သို့သော်ငြား မစ်ရှင်က မပြီးဆုံးသေးသလို ပိုက်ဆံလည်း
မရသေးပေ။
သူက မေးကို ပြန်မော့လိုက်သည်။ "ကျွန်တော့်ဇာတ်ရုပ်
မပျက်ပါဘူး။ ဒီအခြေအနေကို ပြန်အဖတ်ဆယ်လို့ရပါသေးတယ်"
စနစ် - "...???"
"မစ္စတာရွှီ" သူ၏ရှင်းလင်းပြီး တည်ငြိမ်သောအသံက
ထွက်ပေါ်လာလေသည်။ "ကျွန်တော် ချီကျွယ်ကို အနိုင်ကျင့်တယ်ဆိုတာကို ဘယ်သူ့ကိုမှ
မပြောပါနဲ့။ အဲ့ဒီအစား သူ့ကို မုန့်ယောင်နဲ့ ကွဲသွားအောင် ကျွန်တော် ကူညီပေးပါ့မယ်"
ရွှီဟွိုင်ထင်က ခေါင်းစောင်းကြည့်လိုက်သည်။
"ခင်ဗျား သူတို့ကို အတင်းအကျပ် ခွဲထုတ်တာက
သူတို့ကို ပိုပြီး တွယ်ကပ်သွားစေရုံပဲ ရှိမှာ။ အလုပ်မဖြစ်ဘူး။ ကျွန်တော့်မှာ နည်းလမ်းရှိတယ်"
ယဲ့မန်က ဂရုတစိုက်နှင့် တိကျစွာ ဆက်ပြောလိုက်သည်။
ရွှီဟွိုင်ထင်က 'ဘယ်လိုနည်းလမ်းလဲ' ဆိုသည်ကို
လျစ်လျူရှုလိုက်သည်။ "ဘာလို့လဲ။ မင်းအတွက် ဘာအကျိုးအမြတ်ရှိလို့လဲ"
သူ ဘာလိုချင်တာလဲ။ သူ၏ 'ဗီလိန်အခန်းကဏ္ဍ' ကို
ထိန်းသိမ်းရန်၊ သူ၏မစ်ရှင်ပြီးမြောက်မှုကို သေချာစေရန်နှင့် စနစ်၏လုပ်အားခကို ညှစ်ထုတ်ယူရန်ပင်။
သူ၏သရုပ်ဆောင်စွမ်းရည်ကို စမ်းသပ်ရမည့်အချိန်ပင်။
နေပါဦး မဟုတ်သေးဘူး၊ အဲ့ဒါက အရမ်းသိသာလွန်းတယ်။
အမှန်တရားကို လိမ်ညာမှုများနှင့် ရောယှက်ပြီး
ပြောခြင်းက ပိုကောင်းသည်။
မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ၊ သနားစရာကောင်းသည့်
ကောင်လေးဆိုသည်မှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကာ၊ ၎င်းနေရာတွင် အမှောင်ထုထဲမှ သတ္တဝါတစ်ကောင်က
အစားထိုး ဝင်ရောက်လာခဲ့သည်။ အောက်သို့စိုက်ကျနေသော မျက်တောင်များ၊ ခါးသီးလှောင်ပြောင်လျက်ရှိသော
မဲ့ပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည့် သွေးရောင်ကင်းမဲ့နေသော နှုတ်ခမ်းများနှင့်အတူ၊
မိုးစိုရွှဲနေသော ပုံရိပ်ယောင်တစ်ခုကို ဖန်တီးလိုက်သကဲ့သို့ပင်။ သူ၏မမြင်နိုင်သော မျက်လုံးများက
ဘာမှမရှိသည့်နေရာဆီသို့ တိတ်တဆိတ် စိုက်ကြည့်နေပြီး၊ ဘာကြောင့်မှန်းမသိ အရာအားလုံးက
ပို၍ မှောင်မိုက်သွားသယောင် ထင်ရတော့သည်။
"ချီကျွယ်ပိုင်ဆိုင်သမျှ အရာအားလုံးကို ကျွန်တော်
ခွာချပစ်ချင်တယ်။ ဘာမှမရှိတော့တဲ့ ခံစားချက်မျိုးက ဘယ်လိုလဲဆိုတာ သူ့ကို မြည်းစမ်းကြည့်ခိုင်းချင်တယ်။
မုန့်ယောင်က သူ့ရဲ့ အကြီးမားဆုံး အားထားရာပဲ။ သူ့ကို ဖျက်ဆီးဖို့ဆိုရင် မုန့်ယောင်မရှိတော့မှ
ဖြစ်မယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေက ထပ်တူကျနေတယ် မဟုတ်ဘူးလား မစ္စတာရွှီ"
သူ့အတွက် ဘာအကျိုးအမြတ်ရှိလို့လဲ ဆိုတာနဲ့ပတ်သက်ပြီးတော့လား။
"ဘာမှမရှိဘူး" ယဲ့မန်က ခပ်ဖျော့ဖျော့
ပြုံးလိုက်သည်။ "ဆောရီး။ ကျွန်တော်က မွေးကတည်းက ယုတ်မာတဲ့စရိုက်ရှိလို့ပါ။ သူ
ပျော်ရွှင်နေတာကို မကြည့်ရက်နိုင်ဘူး။ တခြား ဘာမှမရှိပါဘူး"
သူ့အတွက် မည်သည့် ကွန့်ညွန့်မှုမှမလိုအပ်ပေ။ သူ၏ထိုအခြမ်းကို
ဖော်ထုတ်ပြသလိုက်ရုံဖြင့် သူ့ကို ပြီးပြည့်စုံသော အယုတ်တမာအမြှောက်စာအဖြစ် အသက်ဝင်သွားစေသည်။
အသွင်ပြောင်းလဲသွားမှု တစ်ခုလုံးကို စောင့်ကြည့်နေသော
အတွင်းရေးမှူးချန်၏ ဦးရေပြားမှာ ကျိန်းစက်သွားလေသည်။ သနားစရာလူငယ်လေးမှနေ၍ ချက်ချင်းပင်
တွက်ချက်တတ်သော ဗီလိန်တစ်ဦးအဖြစ်သို့။ သူ့သူဌေး ပြောသည်မှာ မှန်ကန်ခဲ့လေသည်။
ရွှီဟွိုင်ထင်၏အကြည့်များက ကောင်လေး၏မျက်နှာမှနေ၍
ကျောက်ပတ်တီးစည်းထားသော သူ၏လက်ထံသို့၊ ထို့နောက် မျက်နှာဆီ ပြန်လည်ရောက်ရှိသွားခဲ့၏။
စူးရှသော ရယ်မောသံတစ်ခုက လေထုကို ထိုးဖောက်သွားခဲ့၏။
"ဒါဆို ယုတ်မာတဲ့တစ်ခုခုလောက် ကိုယ့်ကို
လုပ်ပြစမ်းပါ အခုချက်ချင်း"
...ဘာ။
တိတ်ဆိတ်မှုက ကြီးစိုးသွားလေသည်။
ထို့နောက် စနစ်ထဲ၌ နှာရှုံ့လိုက်သည့် ခပ်ဖျော့ဖျော့အသံတစ်ခု
ထွက်ပေါ်လာလေသည်။
ယဲ့မန် (တိုးတိုးညည်းတွားလျက်) - "သူက မတရားဘူး"
ယဲ့မန် - "ဘာလို့ ဗီလိန်ဖြစ်ဖို့အတွက် ရုတ်တရက်
စာမေးပွဲစစ်တာ ပါလာရတာလဲ"