Chapter 11
[အားနည်းသူကို စာနာခြင်း]
သူကလား။
ချီကျွယ်ကို ပြန်ပေးဆပ်ခိုင်းမယ်ပေါ့။
ရွှီဟွိုင်ထင်၏မျက်ခုံးများက ရေးရေးမျှ ပင့်တက်သွားပြီး
မကြာမီက သူကြားခဲ့ရသော အတင်းအဖျင်းစကားများ၊ ဤကောင်လေးသည် ချီကျွယ်အား ပြဿနာရှာပြီး
တိတ်တဆိတ် နှိပ်စက်နေကြောင်း ပြောဆိုမှုများကို ပြန်လည်အမှတ်ရသွားလေသည်။
ထိုစကားများမှာ အမှန်တကယ်ပင် မှားယွင်းမနေခဲ့ပေ။
ယဲ့မန်သည် တကယ့်ကို ချီကျွယ်နှင့်အဆင်မပြေဖြစ်နေပြီး လူကွယ်ရာတွင် သူ့ကို အစွမ်းကုန်
အနိုင်ကျင့်ရန်အခွင့်အရေးကို အမှန်တကယ် ရှာဖွေနေခဲ့ခြင်းပင်။
သို့သော်ငြား ရလဒ်များကတော့... အင်း... သိပ်ပြီး
ယုံကြည်လောက်စရာတော့ မကောင်းလှပေ။
ယဲ့မန်အား သူ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်က
အချိန်ကို ပြန်လည်တွေးတောမိသွားသည်။
လှည့်ကွက်များက သူ့အတွက် သဘာဝကျပြီး အခြားသူများကို
ချောက်ချခြင်းမှာ သူ၏ဒုတိယပင်ကိုယ်စရိုက်သဘာဝပမာဖြစ်ကာ လိမ်ညာမှုများမှာ မည်သည့်အကြမ်းဖျင်းရေးဆွဲမှုမျှမလိုဘဲ
သူ၏လျှာဖျားမှ ချောမွေ့စွာ ထွက်ကျလာတတ်သည်။ သူသည် မိမိကိုယ်ကိုယ်ပင် ထိခိုက်နစ်နာအောင်
လုပ်ရက်လောက်သည်အထိ ရက်စက်ပြီး ၎င်းက အခြားသူများအပေါ်တွင် ပို၍ရက်စက်လိမ့်မည်ဟုသာ
ဆိုလိုခြင်းဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ယုတ်မာရက်စက်ပြီး သဘောထားသေးသိမ်သော ဗီလိန်တစ်ဦးအတွက်
ပြီးပြည့်စုံသော ပေါင်းစပ်မှုပင်ဖြစ်သည်။
သို့တိုင် ယခုအချိန်တွင်မူ...
ရွှီဟွိုင်ထင်၏အကြည့်များက အောက်သို့ ကျဆင်းသွားလေသည်။
ဒဏ်ရာများဖြင့် ပြည့်နှက်နေသော မျက်နှာရှိသည့်
ကောင်လေးသည် ခက်ထန်ကြမ်းတမ်းသော အမူအရာတစ်ခုကို ဖန်တီးရန် အစွမ်းကုန်ကြိုးစားနေပြီး
သူက ခြိမ်းခြောက်နေသည်ဟု အပြည့်အဝ ယုံကြည်ထားကာ ရွှီဟွိုင်ထင်ထံသို့ အတင်းကိုင်းညွတ်ရင်း
မှိုင်းညို့သောအသွင်ကို အတင်းအကျပ်ဖန်တီးကာ အသံကို တမင်တကာ နှိမ့်ချထားလေသည်။
သို့သော်ငြား ကြောက်ရွံ့မှုအစား သူ့ထံမှ လွင့်ပျံလာသည်မှာ
ချောကလက်မုန့်နှစ်၏ ချိုမြိန်သော ရနံ့လေးတစ်ခုသာ ဖြစ်နေလေသည်။
ကောင်လေး၏ မျက်စိမမြင်ရမှုကို အခွင့်ကောင်းယူကာ
ရွှီဟွိုင်ထင်သည် ဤဟန်လုံးထွားနေသော လူညာလေးကို အေးအေးဆေးဆေး လေ့လာကြည့်ရှုနေလေသည်။
ရွှီဟွိုင်ထင်သည် အရပ်ရှည်ရှည်နှင့် ခက်ထန်စူးရှကာ
နက်ရှိုင်းသော မျက်နှာပေါက်ရှိသည့် ကပြားတစ်ဦးဖြစ်သည်။ သူက တစ်စုံတစ်ယောက်ကို အတည်ပေါက်
စိုက်ကြည့်လိုက်သောအခါ ခုန်အုပ်ရန် အသင့်ပြင်ထားပြီး လည်ချောင်းကိုကိုက်ဖြဲရန် အသင့်ဖြစ်နေသော
သားရဲတစ်ကောင်၏ ခြိမ်းခြောက်မှုမျိုးကို ဖြာထွက်စေလေသည်။
ယခုအချိန်တွင် သူသည် ဘေစင်ကို ပျင်းရိပျင်းတွဲ
မှီထားကာ လက်ပိုက်လျက်ရှိပြီး နို့သွားလေးများပင် မကျွတ်သေးသော ကြောင်ပေါက်စလေးတစ်ကောင်က
သူ့အား 'ရှဲ'ခနဲအသံပြုကာ ကုတ်ခြစ်ရန်ကြိုးစားနေသည်ကို အနည်းငယ် သဘောကျစွာဖြင့် စောင့်ကြည့်နေလေသည်။
ခက်လှချည်ရဲ့... ဟု သူ တွေးလိုက်မိသည်။ ပြဿနာမရှာခင်
ဗိုက်ပြည့်အောင်လည်း အရင်စားထားသေးတယ်။ ဝံပုလွေဆိုးကြီးဟန်ဆောင်ဖို့ ဗိုက်ကားနေအောင်
စားလာခဲ့တာပဲ။ အနည်းဆုံးတော့ သူက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်သားပဲ။
တစ်ချိန်တည်းမှာပင် လေ့ကျင့်ထားသော စကားများအားလုံးကို
အတားအဆီးမရှိ ပြောချလိုက်ပြီးသော ယဲ့မန်မှာ ထုံကျင်နေသည့် ခြေထောက်များပေါ်တွင် ယိမ်းယိုင်နေလေပြီ။
သေပါပြီ။ ကြွက်... ကြွက်တက်နေပြီ။ အရမ်းလွန်သွားပြီ။
သူ၏ခြေသလုံးကြွက်သားများ တောင့်တင်းလာလေသည်။
သူသည် မျက်နှာများနီရဲလာပြီး သွားကိုကြိတ်ထားလျက်
အားနည်းချက်ကိုထုတ်ပြရန် ငြင်းဆန်လိုက်ပြီး စကားလုံးများကို ခက်ထန်စွာ ဆက်ပြောလိုက်သည်။
"ငါ မင်းကို အနိုင်ကျင့်တယ်ဆိုပြီး အမေနဲ့အဖေ့ဆီ ပြေးငိုပြရင်တောင် သူတို့က မင်းကို
ယုံမှာ မဟုတ်ဘူး။ မင်းနေရာ မင်းသိတာပိုကောင်းမယ်"
...တုန်ရီ၊ တုန်ရီ၊ တုန်ရီ….
"ငါက တကယ့်သခင်လေးအစစ်ကွ။ မင်းပိုင်တာတွေက
ငါ့ဟာတွေချည်းပဲ။ ငါ လိုချင်တာမှန်သမျှ မင်း ငါ့ကို ပေးရမယ်"
...တုန်ရီ၊ တုန်ရီ…
"မင်း မောင်းထုတ်မခံရချင်ဘူးဆိုရင်တော့ မင်း..
အ့..!"
နောက်ဆုံးတွင်တော့ ရွှီဟွိုင်ထင် ဆက်၍ သည်းမခံနိုင်တော့ပေ။
လက်တစ်ဖက်ဖြင့် အနှီကောင်လေး၏ခါးကို ချိတ်ဆွဲကာ တစ်ချက်တည်းနှင့် မ,ပစ်လိုက်ပြီး ခြေနှစ်ဖက်စလုံးဖြင့်
သေသပ်စွာ ရပ်ခိုင်းလိုက်လေသည်။ ယဲ့မန်၏ခြေဖဝါးများကို ကြမ်းပြင်ပေါ်တွင် ခိုင်မြဲစွာ
ရပ်တည်စေလိုက်ပြီး နှိပ်စက်ခံထားရသော သနားစရာ ခြေသလုံးလေးများကို နောက်ဆုံး၌ သက်သာရာရသွားစေခဲ့၏။
"...ကျေး... ကျေးဇူးတင်ပါတယ်..." သူက
လွှတ်ခနဲပြောလိုက်မိသည်။
"အင်း”
ရှေ့ရှိ ရင်အုပ်ကြီးမှာ တုန်ခါသွားပြီး ၎င်းထံမှ
အထူးတလည် ဩရှရှနှင့် ဆွဲဆောင်မှုရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။
ယဲ့မန် မျက်တောင်ခတ်လိုက်မိသည်။ ခဏ... ငါ အခု...
ချီကျွယ်ကို ငိုအောင် လုပ်လိုက်နိုင်တာလား။ ဘာလို့ သူ့အသံက ပုံမှန်ထက် ပိုတိုးနေရတာလဲ။
ထို့နောက် သူ၏အနောက်ဘက်မှ ကူကယ်ရာမဲ့သော အသံတစ်ခု
ထွက်ပေါ်လာလေသည်။ "ရှောင်မန်... မစ္စတာရွှီကို အရင်လွှတ်လိုက်"
ယဲ့မန် အေးခဲသွားလေသည်။
ထိုအသံက... ချီကျွယ် မဟုတ်ဘူးလား။
ဒါပေမယ့် သူ့အနောက်က ချီကျွယ်ဆိုရင်... သူ ခုလေးတင်
ချောင်ပိတ်ထားပြီး ခြိမ်းခြောက်ခဲ့တဲ့လူက ဘယ်သူလဲ။
ကျောက်ရုပ်တစ်ရုပ်ပမာ တောင့်တင်းသွားကာ သူ၏တုန်ယင်နေသော
လက်ချောင်းများက ရှေ့မှ ရင်အုပ်ကို ပွတ်တိုက်မိသွားလေသည်။ သားနားသော အဝတ်အထည်အောက်ရှိ
ကျောက်သားပမာ မာကျောမှုပင်။
အကြွင်းမဲ့တိတ်ဆိတ်မှုက သူ၏မျက်နှာကို ဖြူရော်သွားစေသည်။
...သူ လူမှားပြီး အနိုင်ကျင့်မိသွားလေပြီ။ သက်ရှိအိပ်မက်ဆိုးကြီး၊
ဘော့စ်ကြီး၊ သက်ရှိထိပ်သီးပုဂ္ဂိုလ်ကြီး ရွှီဟွိုင်ထင်ကို သူက ယခုလေးတင် ဘေစင်ဆီ တွန်းကပ်ခဲ့မိခြင်းဖြစ်၏။
ထိုသို့ပြုလုပ်ခြင်းဖြင့် သူ၏အဆိုးရွားဆုံးသော အခြမ်းကို ထိုလူ့အား ပြသလိုက်မိလေပြီ။
ထိုလူက သူ၏ 'ယုတ်မာသော အမြှောက်စာ' သဘာဝကို ထွင်းဖောက်မြင်ပြီးဖြစ်သော်လည်း
လက်ပူးလက်ကြပ်တော့ ဘယ်သောအခါမှ အမိမခံခဲ့ရပေ။ သူက မသိချင်ယောင်ဆောင်ပြီး ဘာမှမဖြစ်ခဲ့သလို
ဟန်ဆောင်နိုင်ခဲ့သည်။
ဒါပေမယ့် ယခုတော့လား။ ထိုလူ၏ နှာခေါင်းအောက်မှာတင်
တစ်ချက်တည်း အမိခံလိုက်ရလေပြီ။ အကယ်၍ ရွှီဟွိုင်ထင်က ဒေါသထွက်ပြီး ဖေဖေချီနှင့် မေမေချီတို့ထံပြေးကာ
နောက်ကွယ်တွင် သူက ချီကျွယ်ကို အနိုင်ကျင့်နေသည့် အကြောင်းများအားလုံးကို ပြောပြလိုက်မည်ဆိုလျှင်...
သူ ဒီမှာ တစ်နှစ်တောင် ခံပါ့မလား။
သူ မစ်ရှင်ကျရှုံးခဲ့လေပြီ။ အဓိကဇာတ်လိုက်များလည်း
မပေါင်းဖက်ရသေးပေ။ အကယ်၍ သူသာ ယခု ချီမိသားစုမှ နှင်ထုတ်ခံရပါက သူ ဘာမျှရမည်မဟုတ်တော့ပေ။
ပိုက်ဆံလည်း မရှိတော့။
ပိုက်ဆံသာ မရှိပါက...
မိဘမဲ့ဂေဟာ... အဘွားလွီ... ဒါဆို ဘယ်လိုလုပ်မလဲ။
ထိတ်လန့်မှုများက သူ၏ဦးခေါင်းထဲသို့ အလုံးအရင်းဝင်ရောက်လာပြီး
အူသံနှင့်အတူ ဗလာကျင်းသွားလေတော့သည်။
အစပိုင်းတွင် ရွှီဟွိုင်ထင်သည် သိချင်စိတ်ဖြင့်
စောင့်ကြည့်နေခဲ့ရုံသာဖြစ်ပြီး ဉာဏ်များသောကောင်ကလေးက သူ့အမှားကို သိသွားသောအခါ ဘာဆက်လုပ်မည်ကို
သိချင်နေခဲ့သည်။ သို့သော်ငြား နောက်ပိုင်း... တစ်ခုခုက ပုံမှန်မဟုတ်သလို ဖြစ်လာခဲ့သည်။
ကောင်လေး၏မျက်နှာအရောင်မှာ စိုးရိမ်ဖွယ်ကောင်းလောက်အောင်
သွေးဆုတ်သွားလေသည်။ သူ၏တောက်ပနေသော မျက်ဝန်းများက စက္ကန့်ပိုင်းအတွင်း မှေးမှိန်သွားခဲ့၏။
ရွှီဟွိုင်ထင်သည် မျက်မှောင်ကြုတ်လျက် သူ့နဖူးကို
ထိကိုင်ကြည့်လိုက်သည်။ အခန်းတွင်းရှိ လေထုမှာ မျှတနေသည့်တိုင် အေးစက်သော ချွေးစေးများ
ထွက်နေလေသည်။
ဘာတွေဖြစ်နေတာလဲ။ ခုနလေးတင် အလိုလိုက်ခံထားရတဲ့
ကလေးဆိုးတစ်ယောက်လို လေလုံးထွားနေပြီး နောက်တစ်စက္ကန့်မှာပဲ သူ့နာမည်ကို ကြားလိုက်ရရုံနဲ့
သေမတတ် ထိတ်လန့်သွားတာလား။
သူက အဲ့လောက်တောင် ကြောက်စရာကောင်းနေလို့လား။
ရွှီဟွိုင်ထင်၏လက်က ယဲ့မန်ကို ပွတ်သပ်မိလိုက်၏။
ယဲ့မန်သည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ တွန့်တက်သွားပြီး ချက်ချင်းပင်
နောက်သို့ ဆုတ်သွားခဲ့သည်။ သူ့ခြေထောက်တစ်ဖက်က ကျန်တစ်ဖက်၏အနောက်တွင် ချိတ်မိပြီး သူ
လဲကျသွားတော့သည်။ ရွှီဟွိုင်ထင်က သူ့ကိုဖမ်းဆွဲရန် လက်လှမ်းလိုက်သော်လည်း ရွှီဟွိုင်ထင်ကို
ချီကျွယ်ဟု ထင်ထားခဲ့စဉ်က သူသည် နူးညံ့ပျော့ပျောင်းနေခဲ့သော်လည်း ယခု မဟုတ်မှန်းသိသွားသောအခါတွင်မူ
ထိတ်လန့်တကြား ရုန်းထွက်သွားလေသည်။
ထို့နောက် အမျိုးသားနှစ်ဦးစလုံး၏ရှေ့တွင် စကျင်ကျောက်ကြမ်းပြင်ပေါ်သို့
ရင်နာဖွယ်ကောင်းသော 'ဂျွတ်'ခနဲ အသံနှင့်အတူ ပြုတ်ကျသွားလေတော့သည်။
ချက်ချင်းပင် ရွှီဟွိုင်ထင်က ထိုအသံကိုကြားရုံဖြင့်
အနှီသူ၏လက်မှာ လဲကျမှု၏အရှိန်အပြည့်ကို ခံလိုက်ရပြီး
ကျိုးသွားပြီမှန်း သိလိုက်လေသည်။
အလွန်အမင်းဒဏ်ပိသွားသော အရိုးအဆစ်များ၏ကြိတ်ကြေသွားသံမှာ
လွဲမှားစရာအကြောင်း မရှိပေ။
ချီကျွယ်၏မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ရှူရပ်သွားလေ၏။
အေးခဲသွားပြီးနောက် သူ သတိပြန်ဝင်လာကာ ဒူးထောက်ချလိုက်ပြီး ယဲ့မန်အား ပျာယာခတ်နေသော
ဂရုစိုက်မှုဖြင့် ဆွဲထူလိုက်သည်။
တခြားတစ်ယောက်ယောက်သာဆိုလျှင် နာကျင်မှုကြောင့်
လူးလှိမ့်နေပြီး ချက်ချင်းပင် အော်ဟစ်နေမိမည်သာ ဖြစ်သည်။
ယဲ့မန်သည် ငိုတော့ငိုခဲ့ပါသည်။ တောက်ပသော မျက်ရည်များရစ်ဝဲလာပြီး
မျက်တောင်လေးများ တုန်ယင်နေကာ သူ၏မျက်နှာလေးမှာ နူးညံ့သော ဆင်းရဲဒုက္ခထဲတွင် တုန်လှုပ်နေလေသည်။
မိုးရေထဲမှ ပန်းပွင့်ဖတ်လေးများပမာ သူ၏မျက်ရည်စက်တိုင်းက ရုပ်ပုံစာအုပ်ထဲမှ ကရုဏာသက်ဖွယ်
စုတ်ချက်တစ်ခုလိုပင် ဖြစ်နေလေသည်။
သူ၏ငိုကြွေးမှုသည်ပင် သေချာဖန်တီးထားခြင်း ဖြစ်လေ၏။
ငိုရှိုက်သံများမှာ တိတ်ဆိတ်နေပြီး အော်ဟစ်ငိုယိုနေခြင်းမဟုတ်သလို
သူ၏ သိသိသာသာပျက်စီးသွားသော လက်ကိုပင် သိပ်ဂရုစိုက်ဟန်မပြပေ။ သူ၏အာရုံစူးစိုက်မှုအားလုံးမှာ
ထိုမျက်ရည်များကို ပုံဖော်ရာ၌သာရှိပြီး မြင်တွေ့ရသူ၏နှလုံးသားကို အပြင်းထန်ဆုံး လှုပ်ခတ်သွားစေနိုင်မည့်
နေရာသို့ မျက်ရည်တစ်ပေါက်ချင်းစီ ကျဆင်းသွားစေရန် အတိအကျ ပုံသွင်းယူနေခဲ့၏။
"မစ္စတာရွှီ" သူက လှပစွာ ငိုရှိုက်လိုက်သည်။
"ခင်ဗျားမှန်း မသိလိုက်လို့ပါ။ ကျွန်တော်က ကစားနေရုံပါပဲ။ ကျွန်... ကျွန်တော်က
မျက်မမြင်တစ်ယောက်လေ၊ မမြင်ရဘူး... ကျေးဇူးပြုပြီး... ကျွန်တော့်ကို အပြစ်မယူပါနဲ့နော်"
သူ ဘာပြောနိုင်တော့မှာလဲ။ ချီကျွယ်က သက်သေအဖြစ်
ရပ်နေလျက်သားနှင့် "အမေနဲ့ အဖေ့ကိုမပြောပါနဲ့"ဟု သူ မတောင်းပန်နိုင်ပေ
... ထိုသို့လုပ်လိုက်လျှင် အမှန်တကယ် ဝန်ခံလိုက်သလို ဖြစ်သွားမည်လေ။
ထို့ကြောင့် ထိတ်လန့်နေသည့်အခြေအနေတွင် သူ၏ဦးနှောက်က
အဟောင်းဆုံးလှည့်ကွက်ကိုသာ အလိုအလျောက် ရွေးချယ်လိုက်လေသည်။ ကူကယ်ရာမဲ့ပြီး သနားစရာကောင်းကာ
အဖြစ်ဆိုးလှသည့်ပုံစံ ဟန်ဆောင်ရန်ပင်။
ကွယ်လွန်သွားပြီဖြစ်သော မိခင်နှင့်အမြဲတမ်း မူးယစ်နေတတ်သော
ဖခင်တို့နှင့်အတူ သူ့တွင် မည်သည့်အကာအကွယ်မျှ မရှိခဲ့ပေ။ သူသည် အားနည်းပြီး ဖျားနာလွယ်ကာ
လှပသောမျက်နှာလေးတစ်ခုမှလွဲ၍ ဘာမျှမရှိပေ။ တစ်နေရာရာမှာတော့၊ အပြစ်စိတ် ဝင်နေသူ သို့မဟုတ်
သနားငဲ့ညှာတတ်သည့် စိတ်နှလုံးရှိသူ တစ်စုံတစ်ယောက်က အမြဲတမ်း ရှိနေတတ်စမြဲပင်။
သူသည် လူ့သဘာဝကို မည်သူ့ထက်မဆို ပို၍ရှင်းလင်းစွာ
လေ့လာထားခဲ့၏။ နှလုံးသားများက အားနည်းချက်ဆီသို့ ယိမ်းယိုင်တတ်ကြသည်။ အင်အားသုံး၍တော့
သင် အနိုင်မယူနိုင်ပေ။ သို့သော် လုံလုံလောက်လောက် သနားစရာကောင်းအောင် ဟန်ဆောင်လိုက်ပါက
တစ်စုံတစ်ယောက်က သင့်ဘက်တွင် ရပ်တည်ပေးလိမ့်မည်သာ ဖြစ်သည်။
ထိုအရာက သူ ရှင်သန်နိုင်ရန်အလို့ငှာ အစွမ်းကုန်
ညှစ်ထုတ်အသုံးချခဲ့ရသည့် နည်းဗျူဟာပင် ဖြစ်သည်။ ယဲ့ကောဝမ် သူ့ကို ရိုက်နှက်သောအခါ သူစိမ်းများ
ဝင်ရောက်စွက်ဖက်လာစေရန် ၎င်းက လှုံ့ဆော်ပေးခဲ့သည်။ အမျိုးသမီးတစ်ဦးက သူ့ကိုပွေ့ချီကာ
အစားအသောက်များကျွေးမွေးခြင်းဖြင့် အကြွေးတောင်းသူများကို ကြောက်လန့်ထွက်ပြေးသွားစေခဲ့၏။
၎င်းက သားရဲတစ်ကောင်စ နှစ်ကောင်စ၏ လက်မှနေ၍ သူ့ကို ဝေးဝေးရှောင်နေနိုင်စေရန်ပင် ကူညီပေးခဲ့သေးသည်။
ထို့ကြောင့် ရွှီဟွိုင်ထင်နှင့်ရင်ဆိုင်ရသောအခါ
၎င်းကို သူ ထပ်မံအသုံးပြုလိုက်လေသည်။
ကျွန်တော့်ကို ကြည့်ပါဦး။ ကျွန်တော် ဘယ်လောက်တောင်
အဖြစ်ဆိုးနေလဲ ကြည့်ပါ။ ခင်ဗျား ကျွန်တော့်ကို ခွင့်လွှတ်ပေးမယ် မဟုတ်လား။ ကျွန်တော့်ကို
အပြစ်ပေးဖို့ ခင်ဗျားရဲ့အချိန်တွေကို ဖြုန်းတီးနေမှာ မဟုတ်ဘူးမလား။
ဖန်ပုတီးလုံးလေးများပမာ မျက်ရည်များက တလက်လက်တောက်ပနေပြီး
နှုတ်ခမ်းများမှာ ဖြူရော်သွားသည်အထိ အကိုက်ခံထားရသည်။ ၎င်းက မလုံလောက်သေးပါက...
သူ၏အကြည့်များက ဟိုဒီဝေ့ဝဲသွားလေသည်။ အနီးအနားတွင်
ကတ်ကြေးမရှိပေ။ ဤပုံပန်းသဏ္ဍန်ကို ပိုမိုနက်ရှိုင်းသွားစေရန် နည်းလမ်းမရှိတော့။ နံရံကို
ပြေးဆောင့်လိုက်ရမလား။ မဖြစ်သေး၊ ၎င်းက သူ၏ရုပ်ရည်ကို ပျက်စီးသွားစေနိုင်သည် ... ထိုအခါ
သူ့ကို မည်သူကမျှ သနားကြတော့မည် မဟုတ်ပေ။
သူက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ထိုအမူအရာလေး
လှပစေရန် သေချာဂရုစိုက်လျက် မျက်ရည်များကို သုတ်လိုက်လေသည်။
သို့ရာတွင် လက်ကောက်ဝတ်မှာ ဖမ်းဆုပ်ခံလိုက်ရလေ၏။
ချီကျွယ်၏ ခိုင်မာစွာ ဆုပ်ကိုင်ထိန်းမတ်ပေးထားမှုကို
မှီတွယ်ထားရင်း၊ အေးစက်ကာ မူးဝေနေသည့်ကြားမှ အရပ်ရှည်ရှည် မှုန်ဝါးဝါး ပုံရိပ်တစ်ခု
သူ့အပေါ် အရိပ်မိုးလာပြီး ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်ကို သူ ကြည့်နေခဲ့သည်။
"မလှုပ်နဲ့" အသံက ပြတ်တောင်းတောင်း
ထွက်ပေါ်လာသည်။ သူ့လည်ပင်းကို ကျုံ့ဝင်သွားစေလောက်အောင် တင်းမာလွန်းလှသည်။
ရွှီဟွိုင်ထင်သည် ရောင်ရမ်းနေသော သူ့လက်ကို လက်တစ်ဖက်တည်းဖြင့်
တင်းကြပ်စွာ ကိုင်ထားရင်း သူ၏အတွင်းရေးမှူးထံသို့ ဖုန်းခေါ်ဆိုကာ ပြတ်သားသော စကားလုံးများဖြင့်
"ဒေါက်တာကျောက်ကို ခေါ်ခဲ့။ အရေးပေါ်ဆေးသေတ္တာရောပဲ။ အခုချက်ချင်း"
ယဲ့မန်သည် သူ့လက်ကို တိတ်တဆိတ်ပြန်ရုပ်ရန် ကြိုးစားလိုက်လေသည်။
စူးရှသော စိုက်ကြည့်မှုက ကျရောက်လာသည်။
"ထပ်လှုပ်ကြည့်လိုက်၊ ပြီးရင် ဒီလက်ကို ဆက်ထားဖို့ မစဥ်းစားနဲ့တော့"
"ဝူး..." ယဲ့မန်က တိုးတိုးလေး ညည်းတွားလိုက်သည်။
...ဆိုတော့... အဲ့ဒါက သူ ခွင့်လွှတ်ခံလိုက်ရပြီလို့
ဆိုလိုတာလား။ ဒါမှမဟုတ် မဟုတ်ဘူးလား။