Ch 10
Viewers 400

Chapter 10

 

[မျက်မမြင်လေး၏ နံရံဆီသို့ တွန်းကပ်ချောင်ပိတ်ခံလိုက်ရခြင်း]

 

"ချီမိသားစုရဲ့ကိစ္စကို မင်း ကြားပြီးပြီလား"

 

"အင်း... ကြားတယ်လေ။ ချီကျွယ်က သူတို့ရဲ့ သွေးသားအရင်းမဟုတ်ဘူးလို့ တစ်ခါမှ မတွေးဖူးဘူး။ စိတ်ဝင်စားစရာ ကောင်းလာတော့မှာပဲ"

 

"ချီယန့်ရှိနေတာကို ဘာကြည့်စရာရှိလို့လဲ"

 

"အာ... မင်းမှ မသိတာ။ ချီယဲ့မန်လိုမျိုး အောက်ခြေကနေ သူဌေးတွေကို အသေအလဲ တွယ်ကပ်ပြီး ရုန်းကန်တက်လာတဲ့သူတွေကို ငါ အများကြီး မြင်ဖူးတယ်။ အမွေကိစ္စပါလာပြီဆိုရင် သူတို့က ဘာမဆို လုပ်ရဲတယ်။ မိုက်မဲပြီး ယုတ်မာကြတာ"

 

"ချီမိသားစုက အရူးတွေမှမဟုတ်တာ။ ချီကျွယ် အဲ့ဒီမှာ အသာစီးရနေတာ သိသာနေတာပဲကို။ ပြီးတော့ တကယ့်သခင်လေးအစစ်က အဲ့ဒါကို အဆင်ပြေပြေ လက်ခံနေမယ်လို့ မင်းထင်လို့လား။ သူက သေချာပေါက် ပြဿနာရှာတော့မှာ။ ခုလေးတင် သူ့နဲ့ချီကျွယ်တို့ စကားများနေတာကို ငါ ကြားလိုက်သေးတယ်..."

 

"စကားစပ်မိလို့ ပြောရရင်... အခြေအနေတွေက မတူညီပေမယ့် ရွှီမိသားစုကတစ်ယောက်ကို သွားသတိရမိတယ်။ ကောလာဟလတွေအရ သူ အိမ်ကိုရောက်ခါစတုန်းက တခြားသခင်လေးတွေက သူ့ကို ဆောင်းတွင်းအလယ်ကြီးမှာ နှင်းတွေထဲ နားကြပ်တစ်ဖက်ကို လိုက်ရှာခိုင်းတာတို့၊ လေ့ကျင့်ပေးထားတဲ့ ခွေးဘီလူးကြီးတစ်ကောင်နဲ့ အခန်းတစ်ခန်းထဲမှာ ပိတ်လှောင်ထားတာတို့ လုပ်ကြတယ်တဲ့..."

 

ထိုအတင်းအဖျင်းသံများ၏နောက်ဆက်တွဲမှာ ပျောက်ကွယ်သွားလေသည်။

 

အလကား အတင်းအဖျင်းစကားများသာဖြစ်၍ ခေါင်းထဲသွင်းရန်ပင် မတန်ပေ။ ပုံမှန်အားဖြင့် အတွင်းရေးမှူးချန်သည် ပထမဆုံးစကားလုံးနှစ်လုံး အပြီးမှာပင် ၎င်းတို့ကို နားထဲမှ ထုတ်ပစ်လိုက်မည် ဖြစ်သော်လည်း ယနေ့ပြောဆိုနေသော အကြောင်းအရာမှာ သူတို့နှင့် ဆက်စပ်နေသဖြင့် သူက ခေတ္တမျှ ဆက်နားထောင်လိုက်ရာ မမျှော်လင့်ထားသော သတင်းအစအနတစ်ခုကို ရရှိခဲ့သည်။ သို့တိုင် ထို့နောက်တွင်မူ ၎င်းမှာ နားတစ်ဖက်မှဝင်၍ နောက်တစ်ဖက်မှ ထွက်သွားလေသည်။

 

ချီမိသားစုတွင် ဖြစ်ပျက်ခဲ့သမျှသည် သူတို့နှင့် လုံးဝမသက်ဆိုင်ပေ။ နောက်ပိုင်းကိစ္စနှင့် ပတ်သက်၍မူ... ရွှီဟွိုင်ထင်က ဂရုမစိုက်ပါက အတွင်းရေးမှူးချန်လည်း သေချာပေါက် ဂရုစိုက်မည်မဟုတ်ပေ။

 

"သူဌေး... ဥက္ကဋ္ဌကျိုးတို့ ရောက်နေပါပြီ"

 

…….

 

ဖေဖေချီနှင့် မေမေချီတို့၏ဘေးတွင် ရောနှောနေခြင်းဖြစ်စေ၊ ချီကျွယ်ကိုချောက်ချရန် ဝိုင်ပက်ဖျန်းမှုကို ဖန်တီးခြင်းဖြစ်စေ၊ ယနေ့ညတွင် ယဲ့မန် မည်သည်ကိုမျှ မလုပ်နိုင်ခဲ့ပေ။

 

ညီဖြစ်သူ၏ဖြူရော်နေသောမျက်နှာကို မြင်ပြီး ချီယန့်သည် ယဲ့မန်က အဆင်ပြေပါသည်ဟု အတင်းအကျပ် မပြောဆိုခဲ့ပါက မိသားစုဆရာဝန်နှင့်အတူ သူ့ကို အိမ်သို့ အမြန်ပြန်လွှတ်လိုက်မည်သာ ဖြစ်သည်။

 

စနစ်သည်ပင် ဝိုင်ခွက်ဖြင့်ဖျက်ဆီးမည့်ကိစ္စကို လက်လျှော့ရန် သူ့အား စိုးရိမ်တကြီး တိုက်တွန်းနေခဲ့လေသည်။

 

စနစ် (အသံများ တုန်ယင်လျက်) - "ယဲ့.. ယဲ့မန်၊ မင်းရဲ့ဘေးတည့်တည့်မှာ ရှန်ပိန်ဖန်ခွက်စင်ကြီး ရှိတယ်... ညာဘက်ကို ခြေနှစ်လှမ်းလောက် ဆုတ်လိုက်။ အဲ့ဒါကို ခပ်ဝေးဝေးကနေရှောင်သွား"

 

ယဲ့မန်သည် လက်ကို တိတ်တဆိတ် ပြန်ရုပ်လိုက်လေသည်။

 

 

အခြား မည်သူမျှမရှိသော သီးသန့်အခန်းထဲတွင် ယဲ့မန်က ချီကျွယ်ကို အနိုင်ကျင့်ရန် ချဉ်းကပ်သွားလေသည်။

 

"ချီကျွယ်ကောကော၊ ကျွန်တော် အဲ့ဒီကိတ်မုန့်ကို လိုချင်တယ်"

 

အစီအစဉ်မှာ ကိတ်မုန့် သူ့လက်ထဲရောက်သည်နှင့် ချီကျွယ်၏ရှေ့တည့်တည့်တွင် သူက 'မတော်တဆ' ပြုတ်ကျသယောင် ဟန်ဆောင်မည်ဖြစ်သည်။ ထိုလူမှာ အရှက်ရမှုဖြင့် ဒေါသများကို မြိုသိပ်ကာ နောက်ထပ်နှိပ်စက်မှုများကို သည်းခံရပေလိမ့်မည်။

 

မူလဇာတ်လမ်း၏အစပိုင်းဇာတ်ကွက်များတွင် အဓိကဇာတ်လိုက်သည် အပြစ်ရှိစိတ်ဖြင့် ဤသေးသိမ်သော ထိုးနှက်ချက်များနှင့် စိတ်ဆိုးမာန်ဆိုး ပြုမူမှုများကို သည်းခံခဲ့သော်လည်း ယဲ့မန် အလွန်အကျွံလုပ်လာကာ မုန့်ယောင်အား ဆေးခတ်ပြီး ကုတင်ပေါ်တက်သွားချိန်၌မူ ထိုသည်းခံနိုင်စွမ်းများ ကြေမွသွားခဲ့ရသည်။

 

သို့သော်ငြား ကိတ်မုန့်ကို သူ့ရှေ့တွင် အမှန်တကယ် ချပေးလိုက်သောအခါ နွေးထွေးသော ချောကလက်ရနံ့က လေထဲတွင်ပျံ့လွင့်လာပြီး ယဲ့မန်သည် ထိုတောက်ပြောင်နေသော မုန့်လေးကို စိုက်ကြည့်ရင်း တံတွေးများကို ခက်ခဲစွာမြိုချလိုက်မိသည်။

 

၎င်းကို... စွန့်လွှတ်ရန် ခက်ခဲလှပေသည်။

 

၎င်းမှာ စားဖိုမှူး၏ဖန်တီးမှုအသစ်ဖြစ်ကြောင်း၊ လေကြောင်းဖြင့်သယ်ယူလာသော ကိုကိုးစေ့များမှ ပြုလုပ်ထားသည့် ချောကလက်နှင့် ယဲ့မန် နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော အဆင့်မြင့်ပါဝင်ပစ္စည်းများ ထည့်သွင်းထားကြောင်း စားပွဲထိုးက ကြေညာထားခဲ့သည်။ ၎င်းမှာ မွှေးပျံ့ပြီး ချိုမြိန်လှသည်။ သူ ၎င်းကို တကယ်ကြီး ကြမ်းပြင်စာ ကျွေးပစ်လိုက်နိုင်ပါမည်လား။

 

သူ ၎င်းကို ယူလိုက်စဉ် သူ့လက်များ တုန်ယင်နေသည်ကို စနစ်က သတိပြုမိသွားသည်။

 

စနစ် - "မင်း ဘာဖြစ်နေတာလဲ"

 

ယဲ့မန် (တုန်ယင်လျက်) - "ပြုတ်ကျသွားရင် ကျွန်တော့်ပါးစပ်နဲ့ အလိုလို ဖမ်းစားမိလိုက်မှာ စိုးရိမ်လို့ပါ"

 

စနစ် - "...စိတ်လေပါတယ်”

 

ယဲ့မန် - "ဝူး..."

 

သို့တိုင်အောင် ယုတ်မာသော အမြှောက်စာလေးတစ်ယောက်သည် ကိတ်မုန့်တစ်စိတ်ကြောင့် အရှုံးပေး၍မဖြစ်နိုင်ပေ။

 

သွားကိုကြိတ်ကာ သူ၏ပခုံးလေးများကို မတ်လိုက်ပြီး မေးကို မြင့်မြင့်မော့ချီလိုက်၏။ "ချီကျွယ်... ငါပြောမယ်...."

 

သကြားရည်စိမ်ထားသော ရက်စ်ဘယ်ရီသီး တင်ထားသည့် ချောကလက်မုန့်တစ်ဇွန်းက သူ၏ပွင့်ဟနေသော ပါးစပ်ထဲသို့ ထိုးသွင်းခံလိုက်ရလေသည်။

 

သူ့လျှာက အလိုအလျောက်ပင် ၎င်းကို ရစ်ခွေသွားပြီး မုန့်နှစ်များကို ပြောင်စင်အောင် လျက်ယူလိုက်သည်။ ထို့နောက် သူက နှုတ်ခမ်းကို သပ်လိုက်ရာ အစအန တစ်စက်မျှပင် မကျန်ရစ်တော့ပေ။

 

"'ကောကော’ လို့ခေါ်" ချီကျွယ်က တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

 

ယဲ့မန်၏မြှောက်ထားသောလက်မှာ လမ်းကြောင်းပြောင်းသွားပြီး နာခံမှုရှိစွာဖြင့် ပြန်ချထားလိုက်လေသည်။ "...ချီကျွယ်ကောကော”

 

သူ့ထံမှ ပန်းကန်ကိုယူလိုက်စဉ် ယဲ့မန်၏ရင်ထဲ၌ ရေးတေးတေးမျှ မလုံမလဲဖြစ်သွားရလေ၏။ 

 

ယဲ့မန် (စိတ်ထဲတွင်) - "လုပ်ရမှာက သူ့ကို အနိုင်ကျင့်ဖို့လေ။ စနစ်ကော၊ အရမ်းကြီး ခက်ထန်မနေပါနဲ့။ ကိတ်မုန့်ကို မပစ်ချဘူးဆိုရင်တောင် ကျွန်တော် သူ့ကို အနိုင်ကျင့်လို့ရပါသေးတယ်။ ကျွန်တော့်ကို ယုံလိုက်"

 

စနစ် - "အိုး? ဒါဆိုလည်း ဆက်လုပ်လေ။ သူ့ကို အနိုင်ကျင့်လိုက်"

 

အငြိုးအာဃာတများ ပြည့်နှက်နေသည့်ဟန်ဖြင့် ယဲ့မန်သည် တစ်လုတ်တစ်ခဲကြီး ကိုက်ပစ်လိုက်၏။ "ချီကျွယ်ကောကော... ကျွန်တော် အဲ့တစ်စိတ်လည်း လိုချင်တယ်"

 

သူသည် အာဏာရှင်တစ်ဦးကဲ့သို့ တောင်းဆိုတော့မည်ဖြစ်၏။ ဤနေရာရှိ ကိတ်မုန့်အားလုံးမှာ သူ့အပိုင်များ ဖြစ်လာပေမည်။ ချီကျွယ်အတွက် နည်းနည်းလေးပင် ချန်ထားမည် မဟုတ်ပေ။

 

သူ၏ခေါင်းထဲတွင် စနစ်က အီမိုဂျီတစ်ခုကို ချပေးလိုက်သည်။ - 🙂

 

ယဲ့မန် ချက်ချင်း လေလျှော့သွားပြီး လက်များကို ခေါင်းပေါ်တင်လိုက်သည်။ "ဆောရီး။ ကျွန်တော်က... ဆင်းဆင်းရဲရဲ ကြီးပြင်းလာရတော့ ဒီလိုမုန့်မျိုး တစ်ခါမှ မစားဖူးလို့ပါ။ ပြီးတော့ မျက်မမြင်တစ်ယောက်အနေနဲ့... ကျွန်တော့်အတွက် အချိန်ဘယ်လောက်ကျန်ဦးမလဲ မသိဘူးလေ..."

 

စနစ် (ငေါက်ငမ်းနေလျက်) - "မင်းက မျက်မမြင်ဖြစ်သွားတာ၊ နောက်ဆုံးအချိန်ရောက်နေတာမဟုတ်ဘူး။ ပါးစပ်ပိတ်ပြီး စားစရာရှိတာစား"

 

သူက ကြောက်ရွံ့စွာ ကျုံ့ဝင်သွားပြီး နောက်ထပ် ကြီးမားသော တစ်လုတ်တစ်ခဲကြီးကို ခပ်ယူလိုက်လေသည်။

 

...အရသာရှိလိုက်တာ။

 

နှုတ်ခမ်းထောင့်တွင် မုန့်နှစ်အနည်းငယ် ကပ်ကျန်နေလျက် သူ့မျက်နှာလေး မော့တက်လာပြီး အမြဲတမ်း ငြိမ်သက်နေတတ်သော မျက်ဝန်းများက မှိန်ပျပျအလင်းရောင်အောက်တွင် လင်းလက်နေကာ မည်သည့် ယွမ်သန်းချီတန်သော ကျောက်မျက်ရတနာထက်မဆို ပို၍ တောက်ပနေလေသည်။

 

ခွေးပေါက်စလေးကဲ့သို့ အောက်သို့စိုက်ကျနေသော မျက်ဝန်းများက တောင်းဆိုသယောင် မော့ကြည့်လာပြီး "ချီကျွယ်ကောကော" ဟု အသံဆွဲကာ ထပ်ခေါ်လိုက်ပြန်သည်။ နောက်ထပ် လိုချင်သေးသောကြောင့်ပင်။

 

ချီကျွယ်သည် တိတ်တဆိတ်ပင် နောက်ထပ်တစ်ပိုင်းကို ယူပေးလိုက်လေသည်။

 

သူကိုယ်၌က ညီတစ်ယောက်ဖြစ်ခဲ့ဖူးသော​ကြောင့်

"ညီငယ်များ" အကြောင်းကို သိရှိနေခဲ့သည်။ သို့သော်ငြား ယဲ့မန်မှာမူ သူနှင့်လုံးဝကို မတူညီပေ။

 

တစ်ယောက်တည်းနေရမည်ကို ကြောက်ရွံ့ခြင်း၊ တွယ်ကပ်ခြင်းနှင့် အဖော်ပြုပေးရန် တောင်းဆိုခြင်းတို့ပင်။

 

စိတ်မြန်ကိုယ်မြန်ရှိခြင်း၊ လွန်ခဲ့သော မိနစ်အနည်းငယ်က မုန့်ယောင်ပေးထားသော ရင်ထိုးကို 'ကြည့်' ခွင့်မပြုသဖြင့် ချီကျွယ်အပေါ် ဒေါသထွက်တော့မလို ဖြစ်ခဲ့သေးသည်။ ၎င်းကို သူ သိမ်းထားရန် ဘယ်သောအခါမှ မရည်ရွယ်ခဲ့ကြောင်း၊ မထိမကိုင်ဘဲပြန်ပို့ရန် စီစဉ်ထားသဖြင့် ကမ်းမပေးနိုင်ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သော်လည်း ယဲ့မန်က သူ့ကို သဘောမကျသောကြောင့်ဖြစ်သည်ဟုသာ စွပ်စွဲခဲ့သည်။

 

ချီကျွယ်သည် စိတ်ပျက်စွာဖြင့် ရယ်မိမတတ် ဖြစ်သွားခဲ့ရသည်။ ဒါက ဘယ်လိုအခြေအနေကြီးလဲ။

 

အစပိုင်းတွင် ၎င်းမှာ တွက်ချက်ထားသော ရန်စမှုများလားဟု သူ တွေးခဲ့မိသည်။ သူ၏အကြည့်များ အနည်းငယ် အေးစက်သွားပြီး အသံလည်း နိမ့်ဆင်းသွားခဲ့သည်။ စိတ်အနှောင့်အယှက်ပေးမှုလေးများကို သူ ခွင့်လွှတ်ပေးနိုင်သော်လည်း ဤအရာက သူ၏မူဝါဒအခြေခံဖြစ်သော မိသားစုအရေးကို ထိခိုက်လာခြင်းဖြစ်သည်။

 

သူသည် ပို၍ပြင်းထန်သော ပဋိပက္ခတစ်ခုအတွက် ပြင်ဆင်ထားခဲ့သည်။

 

သို့သော်ငြား ကိတ်မုန့်တစ်ကိုက် စားလိုက်ပြီးနောက် ယဲ့မန်မှာ လိမ္မာသွားလေတော့သည်။ ရင်ထိုးကိစ္စလည်း မေ့သွားခဲ့သည်။ သူ့ဘေးတွင် သေသပ်စွာထိုင်နေပြီး ထိကိုင်နိုင်လောက်အောင် နီးကပ်နေလျက် ဖွာလန်ကြဲနေသော ခေါင်းလေးကို မျှော်လင့်တကြီး မော့ထားလေသည်။

 

ချီကျွယ်၏လက် လှုပ်ရှားမလာသောအခါ သူ့အပေါ်ကျရောက်နေသော အကြည့်ကို မသိဘဲ ယဲ့မန်က စိတ်မရှည်စွာဖြင့် သူ၏အင်္ကျီလက်ကို ဆွဲလာသည်။ "ကောကော၊ ကျွန်တော် တခြားအရသာတစ်ခု စားချင်တယ်။ သူတို့ပြောသွားတဲ့ (pistachio)ပစ်စတာချို အရသာလေး"

 

ချီကျွယ်၏လက်ချောင်းများမှာ ရှင်းပြမတတ်အောင် ယားယံလာတော့သည်။

 

သူ လက်လှမ်းလိုက်စဉ်မှာပင် သူ၏ဖုန်းက တုန်ခါသွားလေသည်။ သူ့မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး မျက်နှာပြင်ကို ကြည့်လိုက်သည်။

 

"ရှောင်မန်၊ ကော ကိစ္စလေးတစ်ခုရှိလို့။ ဒီမှာပဲနေ၊ လျှောက်မသွားနဲ့။ ခဏနေ ပြန်လာခဲ့မယ်"

 

စနစ် - "မုန့်ယောင်ဆီက မက်ဆေ့ချ်၊ တွေ့ဖို့ တောင်းဆိုတာ။ သူတို့ စကားများကြလိမ့်မယ်၊ ပြီးရင် ချီကျွယ်က ရေချိုးခန်းထဲ မျက်နှာသွားသစ်လိမ့်မယ်၊ အဲ့ဒါမင်းအတွက် အချက်ပြမှုပဲ။ သူ ထွက်သွားတာနဲ့ မင်း နောက်ကနေလိုက်သွား"

 

ယဲ့မန် ခေါင်းညိတ်လိုက်သည်။

 

ယခုတစ်ကြိမ်တော့ သူ ကျရှုံးမည် မဟုတ်တော့ပေ။

 

……

 

......

 

ချီယန့်၏စောင့်ကြည့်မှုမှ လွတ်ကင်းအောင် ကြိုးစားခဲ့ရသည်။ ဟာလာဟင်းလင်းဖြစ်နေသော စင်္ကြံလမ်းတွင် တစ်ယောက်တည်း၊ တုတ်ကောက်ကို ခေါက်လျက် လက်တွင် ကိုင်ထားပြီး ယဲ့မန်သည် နံရံကိုပွတ်တိုက်သွားရင်း အသံတုန်တုန်ဖြင့် မေးလိုက်သည်။ "စ... စနစ်ကော၊ ကျွန်တော် ချီကျွယ်ကို ရှာမတွေ့တော့ဘူး။ သူ ဘယ်ရေချိုးခန်းထဲမှာလဲ"

 

"သူ့ကို မျက်ခြည်ပြတ်သွားဖို့ မရည်ရွယ်ပါဘူး၊ ဒါပေမယ့် သူက လမ်းလျှောက်တာ အရမ်းမြန်တော့..."

 

သတိထားမခံရစေရန် တုတ်ကောက်မခေါက်ရသဖြင့် သူ လုံးဝ အမီမလိုက်နိုင်ခဲ့ပေ။

 

ဤဉာဏ်များသော ကောင်ကလေးက သနားစရာကောင်းသည့် အပြုအမူများကို ပုံမှန်သရုပ်ဆောင်နေကျဖြစ်မှန်း သိနေသည့်တိုင် စနစ်သည် သူ၏ပျာယာခတ်မှုကြောင့် စိတ်ပျော့သွားလေသည်။ "မငိုနဲ့။ ငါတို့ ရှာကြတာပေါ့။ ငါ စကင်န်ဖတ်လို့ရတယ်၊ ဒါပေမယ့် ရေချိုးခန်းတွေကတော့ လုံခြုံမှုဥပဒေ ခွင့်ပြုချက် ပိုလိုတယ်။ အခုပဲ ဖိုင်တင်လိုက်မယ်.... ခဏလေး စောင့်"

 

၎င်း 'ထွက်သွား' သည်နှင့် အသံမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

 

ယဲ့မန်က မသဲကွဲသောအသံဖြင့် တစ်ခုခု ရေရွတ်ကာ တုံ့ပြန်လိုက်၏။

 

သူက မျက်လုံးများကို ပြင်းပြင်းပွတ်သပ်လိုက်ပြီး ကိုယ်ကို မတ်လိုက်သည်။ နံရံတစ်လျှောက် ဖြည်းညင်းသော ခြေလှမ်းများဖြင့် လျှောက်သွားလေသည်။

 

သူသည် ဒီအတိုင်း စောင့်နေမည့်သူမျိုး မဟုတ်ပေ၊ မည်မျှခက်ခဲပါစေ သူ ကြိုးစားမည်သာ။

ရှေ့သို့ အနည်းငယ်ဆက်သွားပြီးနောက်၊ ခပ်ရေးရေး ရင်းနှီးနေသယောင်ရှိသော မှုန်ဝါးဝါး ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

သူသည် မျက်စိမှေးလျက် အာရုံစိုက်ကြည့်ပြီး နောက်မှ တိတ်တဆိတ် လိုက်သွားလိုက်သည်။

 

……

 

......

 

ရွှီဟွိုင်ထင်သည် ဘေစင်တွင် ရပ်ကာ လက်ဆေးနေသည်။

 

သူ့အနောက်မှ 'ကလစ်' ဟူသော အသံတိုးတိုးလေး ထွက်ပေါ်လာပြီးနောက် ခြေဖျားထောက်ကာ ချဉ်းကပ်လာသော ခြေသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

 

သူ မျက်လွှာမပင့်လိုက်သလို သူ၏နှုတ်ခမ်းများကလည်း အေးစက်ပြီး ပျင်းရိသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားလေသည်။ သူတို့ အနားရောက်လာသည်အထိ စောင့်မည်၊ ထို့နောက် လှည့်ပြီးဖမ်းဆုပ်ကာ သူတို့၏ခေါင်းကို ဘေစင်ထဲသို့ နှစ်ပစ်လိုက်မည်။

 

အချို့သောလူများက နာကျင်မှု၏အရသာကို သတိပေးခံရဖို့ လိုအပ်နေသည်။

 

သူ့ဆီ လူလွှတ်ရဲတယ်ပေါ့...

 

"အ့....!"

 

"တိုက်ခိုက်မည့်သူ" ထံမှ အော်သံထွက်လာလေသည်။

 

 

…?

 

 

ယဲ့မန် အမှိုက်ပုံးကို ခြေချောင်းဖြင့် သွားတိုက်မိခဲ့၏။

 

မျက်ဝန်းများမှာ ချက်ချင်း နီရဲသွားလေသည်။

 

ကြာမြင့်စွာ လေ့ကျင့်ထားခဲ့သော နာကျင်မှု ထိန်းချုပ်နိုင်စွမ်းသာမရှိပါက သူ ခုန်ပေါက်ပြီး အော်ဟစ်နေမိမည်သာ။

 

တကယ်ကို နာကျင်လှသည်။ ဦးခေါင်းခွံအထိ စူးနစ်သွားသော နာကျင်မှုက မျက်ရည်များကို စီးကျလာစေသည်။ သို့သော် စစ်မှန်သော ဗီလိန်တစ်ယောက်သည် အကြံအစည် မစရသေးခင်မှာ ငိုယိုနေ၍မဖြစ်ပေ။

 

ခြေချောင်းများ ခလုတ်တိုက်မိခြင်းသုံးကြိမ်နှင့် နံရံကို ဝင်တိုက်မိခြင်းနှစ်ကြိမ်အပြီးတွင်တော့ သူ နောက်ဆုံး၌ ရောက်ရှိလာလေပြီ။ နာကျင်နေရသည့်တိုင် ခက်ထန်ပြတ်သားနေသော အသွင်ဖြင့် သူက ကောင်တာပေါ်သို့ လက်တစ်ဖက်ကို ဆောင့်အုပ်လိုက်ကာ ထိုအမျိုးသားအား လက်ဆေးဘေစင်ဆီသို့ ချောင်ပိတ်ထားလိုက်သည်။

 

သူက ခေါင်းတစ်ဝက်ခန့် ပိုပုနေသဖြင့် အမြင့်ဆုံးသောအာဏာကိုပြနိုင်ရန် မေးကို ခပ်မြင့်မြင့် မော့ထားလိုက်လေသည်။

 

ထိုအရာက ရွှီဟွိုင်ထင်အား အသေးစိတ်အချက်အလက်တိုင်းကို မြင်တွေ့နိုင်စေခဲ့သည်။ နာကျင်မှုကို သည်းခံနေရသဖြင့် ဖျော့တော့စွာ ကိုက်ထားသော နှုတ်ခမ်းများ၊ နီရဲနေသောမျက်ဝန်းများ၊ ယခင်က နံရံကို ဝင်တိုက်မိထားသဖြင့် နီရဲနေသော နှာခေါင်းနှင့်ပါးပြင်တွင် ပေါ်ထွက်နေသော ညိုမည်းရာခပ်ဖျော့ဖျော့တစ်ခုတို့ပင်။

 

ကောင်လေးက ကိုယ်ကိုကိုင်းညွတ်လာပြီး ခွေးပေါက်စလေးတစ်ကောင်ပမာ အနံ့ခံလိုက်လေသည်။

 

ရင်းနှီးနေသော မုန့်နှစ်ရနံ့ကို ရလိုက်သောအခါ ယဲ့မန် စိတ်သက်သာရာရသွားလေ၏။

 

"ချီကျွယ်.... ငါ ပြောမယ်၊ မင်း မုန့်ယောင်ဆီက ရင်ထိုးကို ပေးလိုက်တာ ပိုကောင်းမယ်" သူ၏မေးက ပို၍မော့တက်သွားသည်။ "ဒီမှာ ငါတို့နှစ်ယောက်တည်းပဲ ရှိတာ၊ ငါ မင်းကို ဘာလုပ်လုပ် ဘယ်သူကမှ လာကယ်မှာမဟုတ်ဘူး"

 

ဤနေရာသို့ရောက်ရန် တွေ့ကြုံခဲ့ရသော အခက်အခဲများကို တွေးမိသောအခါ ယဲ့မန်၏မျက်ဝန်းများ ပို၍စိုစွတ်လာလေသည်။

 

သူက ဗီလိန်အလုပ်လေး နည်းနည်းလောက် လုပ်ချင်ရုံလေးပါ။ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ။

 

နှာရှုံ့လိုက်ပြီး အသံများတုန်ယင်လျက် သူက ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။ "ငါက... ငါက အရမ်းအန္တရာယ်များတယ်နော်။ ငါ့ကို ဆန့်ကျင်ရင် ချီမိသားစုထဲမှာ မင်း... မင်း သက်သာမှာမဟုတ်ဘူး...."

 

ရွှီဟွိုင်ထင်သည် သူ့ထံသို့ အားယူ၍ မော့ကြည့်နေသော မျက်မမြင်လူငယ်လေးအား ငုံ့ကြည့်လိုက်ရာ ကြွက်သားများ တဖြည်းဖြည်း ပြေလျော့သွားလေသည်... ထို့နောက် တိတ်ဆိတ်မှုကြားတွင် အနည်းငယ်ထူးဆန်းသော တစ်စုံတစ်ရာက လေထဲတွင် ရစ်ခွေလွင့်ပျံလာလေတော့သည်။