Chapter 09
[မသန်စွမ်းသော်လည်း နောက်မဆုတ်သောစိတ်ဓာတ်ရှိသူ]
ယဲ့မန်သည် အချိန်အတော်ကြာချွဲနွဲ့တောင်းဆိုပြီး
အပေးအယူလုပ်ပြီးနောက်မှသာ အကယ်၍ ဤမစ်ရှင်ကိုအောင်မြင်စွာကျော်ဖြတ်နိုင်ပါက ကတိပေးထားသောလုပ်အားခထဲမှ
တစ်သန်းကိုကြိုတင်ထုတ်ပေးဖို့ရန် စနစ်အားနောက်ဆုံးတွင် သဘောတူလာစေခဲ့သည်။
ထိုအာမခံချက်ကြောင့် သူ၏ရင်ထဲရှိအထုံးလေး အနည်းငယ်ပြေလျော့သွားခဲ့သည်။
စနစ် - "ဒါပေမယ့် အဲ့ဒီပိုက်ဆံကိုဘာလုပ်ဖို့လိုတာလဲဆိုတာ
ငါ့ကိုတော့ပြောပြရမယ်"
၎င်းက ငွေပမာဏကို အမှန်တကယ်ဂရုမစိုက်ပေ။ စနစ်အတွက်တော့
ငွေဆိုသည်မှာဂဏန်းတစ်ခုသာဖြစ်သည်။ ၎င်းကိုကိုက်ခဲနေစေသည့်အရာမှာ မူလဇာတ်ကွက်ကိုအသေးစိတ်ရှာဖွေကြည့်သော်လည်း
ယခုအချိန်တွင်ယဲ့မန် ဤမျှများပြားသောငွေကြေးကို လိုအပ်မည့် အကြောင်းပြချက်တစ်စုံတစ်ရာမျှ
ရှာမတွေ့ခြင်းပင်ဖြစ်သည်။ ထို့အပြင် သူ့ဟို့စ်ကသူ့ကို တစ်ခုခုဖုံးကွယ်ထားသောအခါ စနစ်သည်
ကသိကအောက်ဖြစ်မှုနှင့်သိချင်စိတ်တို့ တစ်ပြိုင်နက်တည်းဖြစ်ပေါ်လာရသည်။
ယဲ့မန်သည် အမြဲတမ်းထူးဆန်းသော ပေါင်းစပ်မှုတစ်ခုဖြစ်ပြီး
လုံးလုံးလျားလျားမှန်ကန်နေတတ်သူလည်းမဟုတ်သကဲ့သို့ လုံးလုံးလျားလျားလိမ်ညာနေတတ်သူလည်းမဟုတ်ပေ။
အလွန်ကိုသီးသန့်ဆန်လွန်းသည်။ သို့တိုင်... ၎င်းကပို၍တွေးနေမိခြင်းလည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ဤကောင်လေးမှာ တရားဝင်ပညာရေးမရှိဘဲ ဘဝအတွေ့အကြုံအကန့်အသတ်သာရှိသည့်
ဆင်းရဲသောနောက်ခံမှလာသော ဆယ်ကျော်သက်လေးတစ်ဦးမျှသာဖြစ်သည်။
ယဲ့မန်က အကြံပြုလာလေ၏။ "ပြောပြပါ့မယ်။ စနစ်ကော
ကျွန်တော့်ကို….ပေးရင်ပေါ့” မြေခွေးတစ်ကောင်ပမာ ကောက်ကျစ်စွာကွေးညွတ်သွားသော မျက်ဝန်းများနှင့်အတူ
သူကလက်နှစ်ချောင်းထောင်ပြလိုက်သည်။ "...အိပ်ရာဝင်ပုံပြင်နှစ်နာရီတိတိ"
သူ သက်သက်မဲ့ နောက်ပြောင်နေခြင်းဖြစ်မှန်း စနစ်ကသေချာပေါက်သိသည်။
အိပ်ရာဝင်ပုံပြင်တွေတဲ့လား။ နှစ်နာရီစာတဲ့လား။ အဲ့ဒါက 'အပေးအယူ' မဟုတ်ဘူး။ ပြီးတော့
ယဲ့မန်က ဒီလို 'ခံစားခွင့်'သေးသေးလေးကို သူ့ဆီကတကယ်လိုချင်နေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။
သို့တိုင်... ခေတ္တမျှစဉ်းစားပြီးနောက် ၎င်းသည်
ကလေးပုံပြင်ဟောင်းများစွာကို ဆွဲထုတ်လိုက်ပြီး ၎င်း၏ခြောက်ကပ်ကပ်စက်သံဖြင့် စတင်ရွတ်ဖတ်ပြလေတော့သည်။
အရောင်အသွေးစုံလင်ပြီး ဆန်းကြယ်သောကမ္ဘာကြီးများမှ မည်သူ့ကိုမဆိုချက်ချင်းအိပ်ပျော်သွားစေနိုင်သည့်
တစ်ပြေးညီတည်းရွတ်ဆိုသံများအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။
သို့ရာတွင် ယဲ့မန်ကမူကျေနပ်နေလေ၏။ ဟာလာဟင်းလင်းဖြစ်နေသောလေထုထဲတွင်
စနစ်၏အသံဖြင့် ပြည့်နှက်နေပြီး စောင်အောက်တွင် နွေးထွေးစွာကွေးကွေးလေးနေရင်း ၎င်းမှာလူနှင့်စက်
ပေါင်းစပ်ထားမှုသာဖြစ်နေသည့်တိုင် သူသည်ကျယ်ပြောလှသော ကုတင်ကြီးပေါ်တွင် တစ်ယောက်တည်းအိပ်ရမည်ကို
မကြောက်ရွံ့တော့ပေ။
သို့မဟုတ်ပါက တံခါးကို လာထုနေသောတစ္ဆေတံခါးခေါက်သံများကို
စိတ်ကူးယဉ်ရင်း ထိုနေရာတွင်လှဲနေမိမည်ဖြစ်ကာ အိပ်မပျော်မီ ကျဉ်းမြောင်းပြီးမှောင်မိုက်သောနေရာများထဲသို့
ဇွတ်အတင်းတိုးဝင်နေမိမည်သာဖြစ်သည်။
အိပ်စက်ခြင်းဆိုသည်မှာ သူ့အတွက် ဘယ်သောအခါမှ လွယ်လွယ်ကူကူရောက်မလာခဲ့ပေ။
ညစဉ်ညတိုင်း အိပ်မက်ဆိုးများက သူ့ကိုလန့်နိုးလာစေခဲ့သည်သာ။
တစ်ခါတစ်ရံတွင် သူသည် အဆောက်အအုံဝင်ပေါက်တစ်ခု၏အရိပ်ထဲတွင်
ပုန်းကွယ်နေတတ်ပြီး ရဲကားမှ အနီနှင့်အပြာရောင်မီးများက လက်လှမ်းမမီနိုင်သောနေရာမှ ကမ္ဘာကြီးကိုဖြတ်သန်းထင်ဟပ်နေတတ်၏။
တစ်ခါတစ်ရံတွင် လူကြီးများက "ဖောက်ထွင်းဝင်ရောက်မှု"၊ "လုယက်မှု"၊
"သံသယရှိသူများ"၊ "ထွက်ပြေးလွတ်မြောက်သွားသည်"၊ "မျက်နှာကိုမမြင်လိုက်ရ"
စသည်ဖြင့်တီးတိုးပြောဆိုနေကြသည်ကို ကြားရတတ်သည်။ သူ့အနောက်ဘက်ရှိ အလွန်မှောင်မိုက်နေသော
လှေကားခွင်တွင် အာရုံခံမီးမှာ ကြာမြင့်စွာကတည်းကပျက်စီးနေပြီး ဟိန်းဟောက်နေသောအကောင်တစ်ကောင်က
ကုတ်ခြစ်ထွက်လာတော့မည့်အလား အမှောင်ထုက အလွန်ထူထပ်နေလေသည်။
သူဘယ်သောအခါမှ နောက်ပြန်လှည့်မကြည့်ခဲ့သော်လည်း
၎င်း၏အေးစက်သောအသက်ရှူငွေ့က ရေခဲလိုအေးစက်နေသည့် တစ္ဆေလက်များနှင့်အတူ သူ၏ကျောရိုးဆီသို့
တဖြည်းဖြည်းချဉ်းကပ်လာခဲ့သည်။
ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပါက သူ့ကို အလင်းရောင်ရှိသောကမ္ဘာတစ်ခုဆီသို့
ခေါ်ဆောင်သွားမည်ဖြစ်သည်။ သို့သော်ငြား သူက ထိုနေရာတွင် တိတ်ဆိတ်စွာ၊ ခံစားချက်ကင်းမဲ့သောမျက်နှာဖြင့်သာ
ရပ်နေခဲ့သည်။ လက်တစ်ဖက်က သူ့ပခုံးကိုဖမ်းဆုပ်လိုက်သည့်တိုင်အောင်ပင်။ ထို့နောက် သူ့လက်မောင်းများ၊
ခြေထောက်များနှင့်လည်ချောင်းတို့ကို ဆုပ်ကိုင်လာသော နောက်ထပ်လက်များစွာ။ နောက်ဆုံးတွင်
နံစော်နေပြီးရွှံ့နွံများ ပေကျံနေသောလက်ဖဝါးတစ်ဖက်က သူ့မျက်နှာပေါ်သို့ ဖိအုပ်လာသည်အထိပင်။
ရဲကားမီးများ တဖြည်းဖြည်းဝေးကွာသွားသည်ကို သူစောင့်ကြည့်နေတတ်ပြီး
အေးစက်သောအမှောင်ထုက သူ့ကို တစ်ကိုယ်လုံးမြိုချသွားသည်ကို ခံစားနေရကာ မည်သည့်အသံမျှထွက်မလာခဲ့ပေ။
အခြားသောညများတွင် ၎င်းမှာ အလင်းရောင်အားလုံးကိုပိတ်ဆို့ထားသည့်
အကြွေးတောင်းသူများ အသိုင်းအဝိုင်း ဖြစ်နေတတ်သည်။
သူသည် ချွေးသံတရွဲရွဲဖြင့် လန့်နိုးလာတတ်ပြီး
မှောင်မိုက်ကာ ဟာလာဟင်းလင်းဖြစ်နေသော အခန်းထဲတွင် ထပ်မံ၍အိပ်မပျော်နိုင်တော့ပေ။ နောက်တစ်နေ့တွင်အလုပ်ရှိသောကြောင့်
ခေါင်းထဲတွင် ဝေဝါးနေပါက အမှားများအလွယ်တကူဖြစ်ပေါ်လာတတ်သည်။ ထို့ကြောင့် သူကဖြေရှင်းနည်းတစ်ခုကိုတီထွင်ခဲ့သည်။
အဝတ်ဗီရိုထဲတွင် အိပ်ခြင်းပင်။
ချီအိမ်တော်၏အိပ်ခန်းမှာ ယခုအခါ ပို၍ကျယ်ဝန်းနေပြီး
ကုတင်ကြီးကလည်း ထိုနည်းတူပင်ဖြစ်သည်။ သို့သော်ငြား မီးများပိတ်လိုက်သည်နှင့် နေရာတိုင်းမှ
မျက်လုံးများက သူ့ကိုစိုက်ကြည့်နေသည်ဟု သူခံစားရလေသည်။ တုန်ယင်နေသော သူသည် မွေ့ရာ၏နူးညံ့မှုကို
စွန့်လွှတ်ကာ ပိတ်လှောင်ထားသော အဝတ်ဗီရို၏လုံခြုံမှုဆီသို့ သွားရောက်လေ့ရှိသည်။
သို့သော်ငြား ယနေ့ညတော့မဟုတ်ပေ။ ယနေ့ညတွင် သူ၏နောက်ခံ၌
စနစ်၏ 'အသံ' ညည်းသံလေးရှိနေသည်၊ တစ်နည်းအားဖြင့် 'လူ' တစ်ယောက်ရှိနေသကဲ့သို့ပင်။ ထို့ကြောင့်
သူကုတင်ပေါ်တွင် စိတ်အေးလက်အေး လှဲလျောင်းနိုင်လေသည်။
စောင်ကို နှာခေါင်းအောက်အထိ ဆွဲတင်လိုက်ပြီး စောင်စွန်းလေးကိုပွတ်သပ်ရင်း
သူသည် ကြောင်လေးတစ်ကောင်လို အသံပြုချင်လာလောက်အောင်ပင် ဖြစ်နေတော့သည်။
ထို့နောက် နေ့လယ်ကကိစ္စကို ပြန်လည်တွေးတောမိကာ
သူကလက်ကိုမြှောက်၍ သူ့နောက်စေ့ကိုထိကိုင်လိုက်သည်။
သူ့နောက်စေ့ပေါ်ရှိ ထိုလက်၏နွေးထွေးမှုကို သူခံစားနိုင်သေးသည်။
လက်ချောင်းများကို ဖြန့်ကားလိုက်ပြီး အရွယ်အစားကိုတိုင်းတာကြည့်ရာ
သူ့လက်ထက် အများကြီးပိုကြီးနေလေသည်။
သူ၏အိပ်မက်ဆိုးများထဲမှ စေးကပ်ကပ်နှင့်ကုတ်ခြစ်နေသောလက်များနှင့်
လုံးဝမတူ။ ထိုလက်က နွေးထွေးသည်။ တည်ငြိမ်သည်။ လုံခြုံမှုရှိသည်။
သူ ချီတုံချတုံဖြစ်သွားရသည်။
တကယ်လို့... တကယ်လို့များ အဲ့ဒီလိုလက်မျိုးက သူ့ခေါင်းပေါ်မှာရှိနေလျက်
သူ အိပ်ပျော်သွားမယ်ဆိုရင် အိပ်မက်ဆိုးတွေထဲမှာ အဲ့ဒီလို "သိပ်ကြောက်စရာမကောင်းတဲ့"
လက်တွေပိုပါလာနိုင်မလား။ ဒါဆို သူတို့က သိပ်ပြီးကြောက်စရာကောင်းတော့မှာမဟုတ်ဘူး။ သူ ပိုကောင်းကောင်းအိပ်ပျော်နိုင်လောက်တယ်။
ဆက်မတွေးနဲ့တော့... လုပ်သာလုပ်လိုက်။
ရွှီဟွိုင်ထင်၏အထိအတွေ့ကို ခွတီးခွတအတုခိုးရင်း
ရွှီဟွိုင်ထင်၏လက်ကဲ့သို့ ဟန်ဆောင်ကာ သူ့ခေါင်းသူ ပုတ်ပေးနေလိုက်၏။ စနစ်၏တည်ငြိမ်ပြီး
ရှေ့နောက်ညီညာသောအသံက ဆက်တိုက်ထွက်ပေါ်နေစဉ် သူသည် သူ့ကိုယ်သူ အသည်းအသန် ချော့သိပ်နေခဲ့ရသည်။
အိပ်ချင်မူးတူးဖြစ်နေစဉ် သူ၏နောက်ဆုံးအတွေးမှာ
"သက်ရှိနတ်ဘုရားကြီးက တကယ်တော့အဲ့လောက်လည်း မကြောက်စရာမကောင်းပါဘူး" ဟူ၍ပင်ဖြစ်သည်။
တကယ်တော့... ဒီနေ့ သူ ငါ့ကို ကယ်တင်ခဲ့တာပဲ။ သူက...
တော်တော်လေး ကောင်းပါတယ်။
–
-
နောက်ထပ်လဝက်ခန့်မှာ လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။
အိမ်တော်နှင့်အကျွမ်းတဝင်ရှိစေရန် အချိန်ယူခြင်းနှင့် သူ၏တုတ်ကောက်ဖြူကို ကျင့်သားရရန်ကြိုးစားခြင်းတို့ဖြင့်ပင်ဖြစ်သည်။
စနစ်သည် ယခင်က မျက်မမြင်အမြှောက်စာကို တစ်ခါမျှမကိုင်တွယ်ဖူးပေ။
တဒေါက်ဒေါက်နှင့် စမ်းတဝါးဝါး လျှောက်သွားရင်း ဟိုဝင်တိုက်၊ ဒီဝင်တိုက် ဖြစ်နေသည့်တိုင်
အရှုံးမပေးဘဲ ဆက်သွားနေသည့် သူ့ကို စောင့်ကြည့်မိတိုင်း၊ စနစ်ကြီးမှာ စုတ်ပြဲလုမတတ်ဖြစ်နေပြီဖြစ်သော
မူလဇာတ်ညွှန်းအား အလိုအလျောက် ပြန်ဖတ်မိလျက်သား ဖြစ်နေတော့သည်။
ထို့အပြင် အကြိမ်တိုင်းတွင် ၎င်းမှာအံ့သြချီးကျူးနေမိသည်။
ဤကောင်လေးက တကယ့်ကို... 'မသန်စွမ်းသော်လည်း နောက်မဆုတ်သောစိတ်ဓာတ်ရှိသူ'
၏စံပြပင်ဖြစ်သည်။
သို့သော်... မှန်ကန်သောပန်းတိုင်များဆီသို့ ဦးတည်လုပ်ဆောင်နေခြင်းတော့
ဟုတ်မနေချေ။
……
မကြာမီမှာပင် ချီမိသားစု၏'သခင်လေး' နှစ်ဦး ပူးတွဲကျင်းပသော
မွေးနေ့ညစာစားပွဲအချိန်သို့ ရောက်ရှိလာခဲ့သည်။
ယဲ့မန်၏မှတ်ပုံတင်တွင် ချီမျိုးရိုးအမည် ပြောင်းလဲပြီးဖြစ်သော်ငြား
"ယဲ့မန်"ဟူသည့်အမည်ကိုသာ သူ အမြဲတမ်းထူးလေ့ရှိသဖြင့် သူ့ကို အမည်သစ်တစ်ခုလုံး
ပြောင်းလဲရန် အတင်းအကျပ်မလုပ်တော့ဘဲ ရှေ့တွင် ချီဟူသောစာလုံးကိုသာ ပေါင်းထည့်ပေးလိုက်ကြသည်။
စနစ်ကြိုတင်ဟောကိန်းထုတ်ထားသည့်အတိုင်း မုန့်ယောင်သည်
ချီကျွယ်အား ခမ်းနားကြီးကျယ်သော လက်ဆောင်တစ်ခုကို ပေးအပ်ခဲ့သည်။
ချီမိသားစုညစာစားပွဲတွင် ပေကျင်း၏အထက်တန်းလွှာများဖြင့်
ပြည့်နှက်နေသည်။ သူတို့အားလုံး၏ရှေ့တွင် ချီကျွယ်သည် ငြင်းပယ်နိုင်ခြင်းမရှိဘဲ သူတို့နှစ်ဦး
အေးစက်စက်စစ်ပွဲ ဆင်နွှဲနေသည့်တိုင်အောင် ယဉ်ကျေးပျူငှာသည့် မျက်နှာဖုံးဖြင့် ၎င်းကို
လက်ခံလိုက်ရလေသည်။
မုန့်မိသားစု၏အစဉ်အလာအတိုင်း ယဲ့မန်အတွက်လည်း
လက်ဆောင်တစ်ခု ရောက်ရှိလာခဲ့သည်။ သို့သော်ငြား ချီကျွယ်၏လက်ဆောင်နှင့် နှိုင်းယှဉ်ပါက...
၎င်းမှာ ပြောပလောက်စရာပင် မရှိပေ။
ဤကဲ့သို့သော အခမ်းအနားများမှာ အမြဲတမ်း လူမှုရေးပေါင်းသင်းဆက်ဆံမှုများဖြင့်
ပြည့်နှက်ထူထပ်နေတတ်သည်။
မူလဇာတ်လမ်းတွင် ယဲ့မန်သည် ချီကျွယ် လူသိများထင်ရှားနေခြင်းကို
မနာလိုဖြစ်ကာ ဖေဖေချီနှင့် မေမေချီတို့၏ဘေး၌ ကပ်နေရန်ရည်ရွယ်ပြီး သူသာလျှင် တကယ့်ချီသခင်လေးအစစ်ဖြစ်ကြောင်း
ကျယ်လောင်စွာ အခိုင်အမာပြောဆိုခဲ့သည်။ ချီကျွယ်ကို စောင်းမြောင်းပြောဆိုပြီး ကိုယ့်ကိုယ်ကိုယ်
ဝိုင်များပက်ဖျန်းကာ 'မတော်တဆမှု'အဖြစ် ဟန်ဆောင်၍ သူ၏ပြိုင်ဘက်အပေါ် အပြစ်ပုံချခဲ့သည်။
တကယ်တမ်းတွင် ယဲ့မန်သည် သူ၏တုတ်ကောက်ကို တင်းကြပ်စွာ
ဆုပ်ကိုင်ထားပြီး…
ဒေါက် ဒေါက် ဒေါက် ဒေါက် ....
စနစ် - "ဘယ်ဘက်။ မင်းရဲ့ ဘယ်ဘက်မှာ လူတစ်ယောက်ရှိတယ်"
ဒေါက် ဒေါက် ဒေါက် ဒေါက် ....
စနစ် - "အာ ....ဖန်ခွက်တွေကို သတိထား"
ဒေါက် ဒေါက် ....
စနစ် (အထိတ်တလန့်) - "သတိထား။ ယဲ့မန်
...."
"အ့"
စူးရှသော အော်သံတစ်ခုက ချီမိသားစုဝင်လေးဦးစလုံး၏အာရုံကို
တစ်ပြိုင်နက်တည်း ဆွဲဆောင်သွားခဲ့သည်။
ချီယန့်သည် သူ၏ဝိုင်ခွက်ကိုချထားကာ ခြေလှမ်းကျဲကြီးများဖြင့်
လျှောက်လာခဲ့သည်။ "ဘာဖြစ်တာလဲ"
ယဲ့မန်သည် သူ၏ဝမ်းဗိုက်ကို အုပ်ကိုင်ထားလျက် မျက်ဝန်းများတွင်
မျက်ရည်များ ရစ်ဝဲနေလေသည်။ "စားပွဲထောင့်ကို ဗိုက်နဲ့ ဝင်တိုက်မိသွားလို့..."
အတွေ့အကြုံအရဆိုလျှင် ၎င်းမှာ ညိုမည်းသွားပေလိမ့်မည်။
ချီယန့်က မျက်မှောင်ကြုတ်လိုက်သည်။ "ငါ မင်းကို
နားနေဆောင်မှာပဲနေပြီး လျှောက်မသွားဖို့ ပြောထားတယ်မဟုတ်ဘူးလား"
ပွဲမှာ လူများပြည့်နှက်နေသည်။ သူ၏တုတ်ကောက်အသုံးပြုမှုမှာ
အဆင်မပြေသေးသဖြင့် ချီယန့်သည် သူ့အား သူအကြိုက်ဆုံးသရေစာများနှင့် သောက်စရာများ အပြည့်အစုံထားရှိထားသော
သီးသန့်နားနေဆောင်တစ်ခုတွင် နေရာချပေးထားခဲ့၏။ သူတို့သည် လူများနှင့် အမြန်မိတ်ဆက်ပေးပြီးနောက်
သူ့ကို ထိုနေရာတွင် ထားရစ်ခဲ့ကာ တစ်ခုခုလိုအပ်ပါက ဖုန်းဆက်ခေါ်ရန် မှာကြားခဲ့သည်။
ပြီးခဲ့သည့်အကြိမ်က သူ "လျှောက်သွား"
ခဲ့စဉ်က တတိယသခင်လေးချူနှင့် ဆုံတွေ့ခဲ့ပြီး တစ်ကိုယ်လုံး ညိုမည်းဖူးယောင်သွားခဲ့ရသည်။
ချီကျွယ်နှင့် နောက်တစ်ခါအပြင်ထွက်ခဲ့တုန်းကရော? ရွှီမိသားစု၏ခေါင်းဆောင် ရွှီဟွိုင်ထင်နှင့်
ဆုံတွေ့သွားခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင် ချီယန့်သည် သူ့ကိုစောင့်ကြည့်ရန် လူများထားရှိခဲ့သည်။
သို့တိုင် သူက လစ်ထွက်သွားခဲ့သေးသည်။
သူ၏အကြည့်များက လိမ္မာရေးခြားရှိပုံပေါက်သော ညီငယ်အပေါ်တွင်
ရပ်တန့်နေပြီး မျက်မှောင်များက '川' (ချွမ်) စာလုံးကဲ့သို့
နက်ရှိုင်းစွာ တွန့်ချိုးသွားလေသည်။
လုံးဝကို နားလည်ရခက်သည့် အရာပင်။
သူ့ဘဝတွင် ဤကဲ့သို့သော အဟန့်အတားမျိုးကို သူ ဘယ်သောအခါမှ
မရင်ဆိုင်ခဲ့ရဖူးပေ။
ဤညီငယ်သည် ချီကျွယ်ကဲ့သို့ပင် ပြဿနာကင်းရှင်းလိမ့်မည်ဟု
သူ ယူဆထားခဲ့သည်။ ယဲ့မန်သည် လိမ္မာပြီး စကားနားထောင်သော ကလေးကောင်းတစ်ယောက်နှင့် တူသည်လေ။
ယဲ့မန်က အလွယ်တကူ နားထောင်ခဲ့သော်လည်း လျှောက်မသွားခြင်းဆိုသည်မှာ
သူ့အတွက် လုံးဝမဖြစ်နိုင်သောအရာ ဖြစ်နေလေသည်။
သူသည်ကား ဗီလိန်အမြှောက်စာလေးတစ်ဦးဖြစ်ရာ အခါအားလျော်စွာ
ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်ကို ပြဿနာရှာရန် လိုအပ်ပေသည်။
သူ၏ဝမ်းဗိုက်ကို အတိုက်ခံရမှုမှာ ပြင်းထန်သော်လည်း...
ရိုးရိုးသားသားပြောရလျှင် ယဲ့မန်သည် ထိုမျှလောက်အထိ နာကျင်သည်ဟု မခံစားရပေ။
ထိုသို့အော်ဟစ်လိုက်ခြင်းမှာ စားပွဲပေါ်ရှိ ပန်းကန်ယောက်ခွက်များ
ကွဲကြေသွားမည်ကို စိုးရိမ်မှုကြောင့် အလိုအလျောက်တုံ့ပြန်လိုက်ခြင်းသာ ဖြစ်သည်။
သူက နာကျင်မှုအပေါ် ခံနိုင်ရည်မြင့်မားနေခြင်း
မဟုတ်ပေ။ အမှန်တော့ လုံးဝဆန့်ကျင်ဘက်ဖြစ်သော်လည်း ဒဏ်ရာများကို လျစ်လျူရှုရန် သူ သင်ယူထားခဲ့သည်မှာ
ကြာပြီဖြစ်၏။
အကယ်၍ သူသာ ထိုသို့မလုပ်ခဲ့လျှင်ရော ဘာဖြစ်မှာမို့လို့လဲ။
ငိုနေလည်း သူ့ကို မည်သူကမျှ နှစ်သိမ့်ပေးမည်မဟုတ်ပေ။ ယဲ့ကောဝမ် ဒေါသထွက်သွားသည်အထိ
ငိုမိပါက ရိုက်နှက်မှုက ပို၍သာ ဆိုးရွားလာပေလိမ့်မည်။
မိခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက်နှင့် ယဲ့ကောဝမ်
ထွက်ခွာသွားပြီးနောက်တွင် တစ်ကိုယ်တည်း ရုန်းကန်နေရခြင်းက သူသည် မည်သူ့ကိုမျှ 'ပြဿနာ'
သွားပေး၍မရနိုင်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဒဏ်ရာများကို လျစ်လျူရှုခြင်းမှာ
သူ၏ဒုတိယပင်ကိုယ်စရိုက်သဘာဝ ဖြစ်လာခဲ့သည်။
ထို့ကြောင့် သူ့အတွက်မူ ဤအရာက ဘာမျှမဟုတ်ပေ။ သူသည်
ချီကျွယ်ကိုရှာပြီး ပြဿနာရှာရန် ရည်ရွယ်ထားဆဲဖြစ်သည်။
ဇာတ်ကောင်စရိုက်ထဲသို့ ပြန်လည်ဝင်ရောက်သွားကာ
သူသည် သနားစရာကောင်းသော ပြူးကျယ်ကျယ်မျက်ဝန်းများဖြင့် ချီယန့်ကို လှည့်ကြည့်လိုက်သည်။
"ကျွန်တော် တစ်ယောက်တည်း ဖြစ်နေလို့။ ဘေးနားမှာ ရင်းနှီးတဲ့သူတစ်ယောက်မှ မရှိဘူး...
သာ့ကော ချီကျွယ်ကောကောကို ကျွန်တော့်အနားမှာ လာနေပေးခိုင်းလို့ရမလား"
ဤကဲ့သို့သော ပွဲမျိုးတွင် လူမှုရေးအဆက်အသွယ်များ
ပြုလုပ်နေသော ချီကျွယ်အား 'အသုံးမကျသည့် မျက်မမြင်ကောင်လေး' တစ်ယောက်နှင့်အတူ ထိုင်နေရန်
အတင်းအကျပ်ဆွဲခေါ်ခြင်းမှာ... တကယ့်ကို အခြေအနေဆိုးပင် ဖြစ်သည်။
၎င်းမှာ တကယ့်ကိုအဓိကအချက်ပင် ဖြစ်၏။
နှစ်ယောက်တည်းတဲ့လား။ သူ ချီကျွယ်ကို အနှောင့်အယှက်ကင်းစွာဖြင့်
သူ့စိတ်ကြိုက် နှိပ်စက်နိုင်ပေသည်။
ထို့အပြင် ချီကျွယ်သည် ညည်းညူရန် ကူကယ်ရာမဲ့နေပေလိမ့်မည်။
အို့ ဟုတ်ပြီ၊ ဒီမစ်ရှင်ကတော့ အောင်မြင်သလောက်
ဖြစ်နေပြီ။
ယဲ့မန်သည် စိတ်ထဲမှနေ၍ ကိုယ့်ကိုယ်ကို ဂုဏ်ပြုလိုက်ပြီး
စနစ်၏လက်ခုပ်တီးသံကို စောင့်ဆိုင်းနေလေသည်။
ချီယန့် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်... တင်းမာနေသော
သူ၏မျက်မှောင်များ ပြေလျော့သွားသည်။
နံဘေးရှိ အတွင်းရေးမှူးလီသည် အေးစက်စိမ်းကားပြီး
အာဏာပြလွန်းသည်ဟု နာမည်ကြီးသော သူဌေးဖြစ်သူမှာ ညီဖြစ်သူ၏ နူးညံ့သောအသံဖြင့်ချော့မော့မှုအောက်တွင်
တိတ်တဆိတ် မျက်နှာလွှဲသွားသည်ကို မယုံကြည်နိုင်စွာ စောင့်ကြည့်နေခဲ့သည်။
"ငါ နားလည်ပြီ"
ထို့နောက် မမျှော်လင့်ဘဲ "တောင်းပန်ပါတယ်"
ဟု ပြောလိုက်ပြီး ချီယန့်၏လက်တစ်ဖက်က ညီဖြစ်သူ၏ခေါင်းပေါ်သို့ အနည်းငယ်ကိုးရိုးကားရားနိုင်စွာ
ကျရောက်လာလေသည်။
ချီကျွယ်သည် စကားလုံးတိုင်းကို ကြားနေခဲ့သည်။
သူက ရှေ့သို့တိုးလာပြီး ယဲ့မန်၏လက်ကို ကိုင်လိုက်သည်။ "တောင်းပန်ပါတယ် ရှောင်မန်။
ကော မင်းကို စောင့်ကြည့်ပေးနေသင့်တာ"
ယဲ့မန် မျက်တောင်ခတ်လိုက်မိသည်။
ဟင်… ဘာကြီး?။ သူက ချီကျွယ်ကို သူ့ဆီပို့ပေးဖို့
တောင်းဆိုခဲ့တာလေ၊ ဒါကို စိတ်အနှောင့်အယှက်ဖြစ်ရမယ့်အစား အဲ့ဒီလူက သူ့ကို တောင်းပန်နေတယ်တဲ့လား။