Ch 8
Viewers 399

Chapter 08

 

[သုံးသန်းလက်ဝယ်ရရှိလိုက်တယ်]

 

တစ်စက္ကန့်မျှသောအချိန်တိုလေးအတွင်း ယဲ့မန်သည် စနစ်၏အကြံဉာဏ်ကိုရယူရန် စိတ်ယိမ်းယိုင်သွားခဲ့သည်။ သို့သော်ထိုသို့တွေးပေးသည့်အတွက် ကျေးဇူးတင်စကားဆိုပြီးနောက် သူကမေးကိုပင့်ကာ တည်ငြိမ်သော်လည်းနူးညံ့သောအသံဖြင့် သူ၏အနာဂတ်အိပ်မက်မှာ ပရဟိတလုပ်ငန်းများတွင် ကိုယ်ကျိုးစွန့်အနစ်နာခံရန်ဖြစ်ကြောင်း ကြေညာလိုက်လေသည်။

 

အသက်ဆယ့်ရှစ်နှစ်၊ ပရဟိတကိုဝါသနာပါတယ်။ မြင်ဖူးနေကျ ပေါင်းစပ်မှုမျိုးတော့ ဟုတ်မနေ။

 

ချင်ဖန့်ရေ့က မျက်တောင်ခတ်လိုက်သည်။ "ရှောင်မန်... အဲ့ဒါက သားတကယ်ဖြစ်ချင်တာလား"

 

၎င်းမှာ လူကြီးများသဘောကျစေရန် ကလေးတစ်ယောက်ပြောမည့်စကားမျိုးနှင့် အလွန်တူနေလေသည်။ သူမ၏အတွေ့အကြုံအရ သူ့အရွယ်လူငယ်များသည် ကားများ၊ ခရီးသွားခြင်း၊ သည်းထိတ်ရင်ဖိုအားကစားများ သို့မဟုတ် ရှေးဟောင်းပစ္စည်းများကို ကြိုက်တတ်ကြသော်ငြား ပရဟိတလုပ်ငန်းတဲ့လား။ ၎င်းမှာ ရှားပါးလှသည်။

 

လေထုထဲရှိ မယုံကြည်မှု ရေးရေးလေးကို အာရုံခံမိလိုက်သဖြင့် ယဲ့မန်သည် တစ်စက္ကန့်၏အပိုင်းဂဏန်းအနည်းငယ်မျှ မှင်တက်သွားရသည်။

 

မည်သို့ပင်ဆိုစေကာမူ ယဲ့မန်ပြောဆိုပြုမူသမျှ အရာအားလုံးမှာ အကြောင်းအရာတစ်ခုတည်းအတွက်သာဖြစ်သည်။ အခြေအနေကို အကဲခတ်ပြီး ပရိသတ်အကြိုက်သရုပ်ဆောင်ရန်ပင်။ သူ၏စကားလုံးတိုင်းမှာ သရုပ်ဆောင်မှုတစ်ခုသာဖြစ်လေသည်။

 

စနစ် (ခြောက်ကပ်စွာဖြင့်)- "အိုးဟိုး... ကြည့်စမ်း၊ မင်းအိုဗာအိုက်တင်လုပ်လိုက်မိပြီ။ မသိဘူးလို့ပဲပြောလိုက်ပါလို့ ငါပြောသားပဲ"

 

ယဲ့မန်က ကန့်ကွက်သည့်အနေဖြင့် တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်သည်။ ဒီတစ်ကြိမ်တော့ ငါမလွဲဘူး။ စောင့်သာကြည့်နေလိုက်။

 

ထိုခေတ္တမျှထိတ်လန့်သွားသည့် အခိုက်အတန့်အပြီးတွင် သူသည် ကိုယ့်စိတ်ကိုယ် ပြန်လည်စုစည်းလိုက်လေသည်။

 

ကောင်လေး၏မျက်နှာမှာ သိသိသာသာ ဝမ်းနည်းသွားပုံပေါက်ပြီး နှုတ်ခမ်းကိုကိုက်ကာ ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။ "အဲ့ဒါက... အရင်တုန်းက ကျွန်တော်တွေးခဲ့ဖူးတာမျိုးတော့မဟုတ်ဘူး။ ဒါပေမယ့် အမြင်အာရုံဆုံးရှုံးသွားပြီးကတည်းက အမြင်အာရုံချို့တဲ့သူတွေရင်ဆိုင်ရတဲ့ အခက်အခဲတွေအကြောင်းကို ကျွန်တော်ပိုပိုပြီးသိလာရတယ်။ ဒါကြောင့် ကျွန်တော့်လိုလူတွေကို အမြဲတမ်းကူညီချင်ခဲ့တာ" သူက တည်ငြိမ်သော ခွန်အားတစ်ခုဖြင့် အဆုံးသတ်လိုက်သည်။ "ကိုယ်တိုင်မိုးထဲရေထဲရပ်နေခဲ့ဖူးရင်... တခြားသူတစ်ယောက်အတွက် ထီးမိုးပေးချင်လာတာပါပဲ"

 

လက်တစ်ဖက်က လေထဲတွင် စမ်းသပ်ရှာဖွေလိုက်ရာ တစ်စုံတစ်ယောက်၏အင်္ကျီစကို တွေ့ရှိသွားလေသည်။

 

"သာ့ကော" သူကတိုးညှင်းစွာပြောလိုက်သည်။ "ကျွန်တော့်ကို ပံ့ပိုးပေးမယ် မဟုတ်လား"

 

သဘာဝကျစွာပင် ယဲ့မန်သည် ချီမိသားစုအတွင်း ဩဇာလွှမ်းမိုးမှုအရှိဆုံးသူကို တွယ်ကပ်ရန်ရွေးချယ်လိုက်သည်။

 

မည်သို့ပင်ဖြစ်စေ ပံ့ပိုးမှုဆိုသည်မှာ စကားလုံးသက်သက်မျှသာမဖြစ်နိုင်ပေ။ ပရဟိတလုပ်ငန်းဆိုသည်မှာ... သိသာထင်ရှားစွာပင် ငွေကြေးလိုအပ်လေသည်။

 

ချီယန့်သဘောတူလိုက်သည်နှင့် ကြီးမားသောငွေပမာဏတစ်ခု သူ့လက်ထဲသို့ တိုက်ရိုက်ကျလာမည်ဟုဆိုလိုခြင်းပင်။

 

သူသည် သနားစရာအကောင်းဆုံးနှင့် ဆွဲဆောင်နိုင်မှုအရှိဆုံးဖြစ်မည့်ထောင့်ကို ရွေးချယ်ခဲ့ပြီး ချီယန့်က သူ့ကိုတစ်ခုခုပေးချင်လာလောက်အောင် စိတ်လှုပ်ရှားသွားမည်ဟု ယုံကြည်နေခဲ့သည်။ ဤနယ်ပယ်တွင် ယဲ့မန်၏ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမှာ အပြည့်အဝရှိလေသည်။

 

သို့သော်လည်း... မည်သူကမျှ စကားမပြောကြပေ။

 

ထိတ်လန့်မှုတစ်ချက်က သူ၏ကျောရိုးကို စူးရှသွားစေသည်။ သူသရုပ်ဆောင်တာ တစ်ခုခုများမှားယွင်းသွားလေသလား။ ဘာကြောင့် ဒီလိုကသိကအောက် တိတ်ဆိတ်နေရတာလဲ။

 

သူ၏ စိုးရိမ်မကင်းဖြစ်မှုကို အာရုံခံမိ၍ဖြစ်မည်၊ အင်္ကျီဆုပ်ကိုင်ခံထားရသော အမျိုးသားက ချောင်းတစ်ချက်ဟန့်လိုက်လေသည်။

 

"သားလေး၊ အဖေက မင်းရဲ့အဖေပါ" ရှက်ရွံ့မှုများစွန်းထင်းနေသော လူလတ်ပိုင်းအမျိုးသားတစ်ဦး၏ ဩရှရှအသံ ထွက်ပေါ်လာလေသည်။

 

...ဟင်?

 

ထို့နောက် သူ၏ဘေးတည့်တည့်မှ အလွန်ဆင်တူသော အသံတစ်ခုက ဆက်လက်ထွက်ပေါ်လာသည်။ "ငါက ဒီမှာ”

 

သူရည်ရွယ်ထားသော "အစ်ကိုကြီး"မှာ အမှန်တကယ်တော့ ထိုနေရာတွင်ရှိနေခြင်း​ဖြစ်၏။

 

ယဲ့မန်သည် တစ်ခဏမျှ အံ့သြမှင်တက်သွားလေသည်။

 

ယဲ့မန်- "စနစ်ကော... ကျွန်တော်သေချာစစ်ကြည့်ခဲ့ပါတယ်လို့ ကျိန်ရဲတယ်။ ချီယန့်က ဒီနားမှာထိုင်နေတာလေ။ သူတို့ဘယ်အချိန်က နေရာပြောင်းသွားကြတာလဲ" စနစ်- "မင်းအဖေရဲ့လက်ဖက်ရည်အိုးကုန်သွားလို့ သူထပ်ဖြည့်ဖို့ထသွားတာ။ သူပြန်လာတော့ သူတို့နေရာပြောင်းထိုင်လိုက်တာလေ”

 

ချီမိသားစုမှ အမျိုးသားသုံးဦးစလုံး သူ၏မျက်နှာချင်းဆိုင်တွင် ယှဉ်လျက်ထိုင်နေသဖြင့် ယဲ့မန်အနေဖြင့် ၎င်းတို့ကိုမျက်စိဖြင့် ခွဲခြားသိမြင်ရန် နည်းလမ်းမရှိခဲ့ပေ။ သူသည် မှတ်သားထားသောနေရာများနှင့် ဝေဝါးနေသောပုံရိပ်များကိုသာ အားကိုးနေခဲ့ရပြီး... သို့တိုင်အောင် မှားယွင်းသွားခဲ့သည်။

 

သားငယ်လေးက စိတ်ဆင်းရဲစွာ ခေါင်းငိုက်စိုက်ကျနေသည်ကိုမြင်သောအခါ ခက်ထန်သောဖခင်သည်ပင် သူ့ခေါင်းကို လှမ်းမပွတ်သပ်ပေးခင်မှာ တွေဝေသွားခဲ့ရသည်။

 

ယဲ့မန်၏ဖုန်းမှ အသံမြည်လာသည်။ ငွေလွှဲဝင်လာခြင်းပင်။

 

သုံးသန်း။ သုံးသန်း?!

 

ယဲ့မန်သည် သူ၏အကောင့်ထဲတွင် သုညအလုံးရေဤမျှများပြားသည်ကို တစ်ခါမျှမမြင်ဖူးခဲ့ပေ။ ၎င်းကိုမြင်လိုက်ရသဖြင့် သူ၏ပါးပြင်များ ပူနွေးလာလေသည်။

 

ချီမိသားစုသည် သူ၏နေထိုင်စရိတ် သို့မဟုတ် မုန့်ဖိုးများအတွက် ဘယ်သောအခါမှ နှမြောတွန့်တိုခြင်းမရှိသော်လည်း သူ့ကိုဖြစ်သလိုသုံးစွဲခွင့်လည်းမပြုခဲ့ပေ။ ဤသုံးသန်းမှာ "ပရဟိတ"အတွက် သီးသန့်ရည်ရွယ်၍ ပေးအပ်ခြင်းဖြစ်သည်။

 

နောက်ဆုံးတွင် ချီယန့်ကစကားဆိုလာသည်။ "လောလောဆယ်ဒါကိုသုံးလိုက်။ နောက်တစ်လနေရင် မင်းဘာတွေအောင်မြင်အောင်လုပ်နိုင်ခဲ့လဲ ငါ့ကိုပြန်အစီရင်ခံရမယ်။ အဲဒီကျမှ နောက်ထပ်ပေးဖို့ကိစ္စကို ဆက်ဆွေးနွေးကြတာပေါ့။ မင်းအရင်းအမြစ်တွေလိုအပ်ရင် အတွင်းရေးမှူးလီနဲ့တိုင်ပင်လိုက်။ အပြောထက်အလုပ်ကို ငါမျှော်လင့်သလို နာမည်ကောင်းရရုံသက်သက် ပိုက်ဆံတွေကို စွန့်ကြဲလိုက်တာထက် ပိုတာကိုလည်း မျှော်လင့်တယ်၊ နားလည်လား"

 

ယဲ့မန်သည် ရှက်ပြုံးလေးဖြင့် ခေါင်းငုံ့ကာ အစာကောက်​နေသော ကြက်ပေါက်တစ်ကောင်အလား ခေါင်းညိတ်ပြလိုက်သည်။

 

ဝမ်းသာလုံးဆို့စွာဖြင့် သူသည်အခန်းထဲသို့ ပြန်လာခဲ့လေသည်။

 

သူ အနည်းငယ် စိတ်အေးသွားစေရန် မျက်နှာကို ရေဖြင့်အကြိမ်အနည်းငယ်ပက်လိုက်ရသည်။

 

ဤဟာသပြဇာတ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့သောစနစ်မှာ... အထင်ကြီးသွားခဲ့ရသည်။

 

စနစ်- "ယဲ့မန်... ခုနကလွဲသွားတာ အမှားလား၊ ဒါမှမဟုတ် တမင်လုပ်တာလား"

ယဲ့မန် (ပျော်ရွှင်စွာခေါင်းစောင်းလျက်)- "တမင်တကာလုပ်တဲ့ မတော်တဆမှုလို့ဆိုရမလား"

စနစ်- "ကျွတ် ကျွတ်... သနားလွန်းလို့အရည်ပျော်ကျတော့မလိုဖြစ်နေတဲ့ သူတို့ရဲ့မျက်နှာတွေကို မင်းမမြင်လိုက်ရဘူး။ အဲ့လိုနဲ့ပဲ သုံးသန်းကလက်ထဲရောက်လာရော။ မင်းရဲ့အရည်အချင်းမျိုးနဲ့ဆို မင်းဘာလုပ်လုပ်အောင်မြင်နိုင်တယ်"

 

"ကျွန်တော့်အိပ်မက်က ပရဟိတလုပ်ဖို့ပါ"ဟူသောစကားက သူ့ကိုဒုက္ခပြန်ပေးလိမ့်မည်ဟု ၎င်းကထင်ထားခဲ့သည်။ ထို့အပြင် သရုပ်ဆောင်ထားသည့် အရိပ်အယောင်များ ပေါ်လွင်နေပြီး အလွန်အိုဗာဖြစ်နေသည့် သူ၏ဆက်တိုက်ပြောဆိုမှုများမှာလည်း ကောင်းလွန်းလှသော သရုပ်ဆောင်မှုတစ်ခုတော့ အတိအကျမဟုတ်ခဲ့ပေ။

 

အချိန်ကိုက်သွားသော ထို"အမှား"လေးတစ်ခုနှင့် သူ အခြေအနေကို ကယ်တင်နိုင်သွားလိမ့်မည်ဟု မည်သူကသိနိုင်မည်နည်း။

 

ယဲ့မန်သည် တည်ငြိမ်အေးချမ်းစွာ ပြုံးလိုက်သည်။ "စနစ်ကော၊ အဲ့ဒီပိုက်ဆံက ခရုခေါက်ဆွဲဆိုင်တစ်ဆိုင်ဖွင့်ဖို့ လုံလောက်မလား တွက်ကြည့်ပေးလို့ရမလား"

 

စနစ် - "...အရွယ်အစားပေါ်တော့ မူတည်တယ်။ ဆိုင်အသေးလေးဆိုရင်တော့ ရတာပေါ့။ စားသောက်ဆိုင်ခွဲဆိုရင်ရော... ခဏနေပါဦး။ မင်းကဟန်တောင်မဆောင်တော့ဘူးလား။ ပရဟိတအလုပ်တွေ တကယ်လုပ်တော့မလို့ မဟုတ်ဘူးလား"

 

မှန်ထဲတွင်တော့ ဖြူဖျော့ဖျော့နှင့် အရိုးအဆစ်နူးညံ့သော ကောင်လေးမှာ ပြုံးဖြီးနေပြီး မျက်ခုံးများကိုပင့်ကာ အချက်ပြလိုက်၏။ "အကြီးကြီးတွေ ဘာမှမလိုဘူး၊ ဒီအိပ်ခန်းထက်သေးရင်တောင် ရတယ်။ ပြီးတော့ ဘာလို့ ဟန်ဆောင်နေရဦးမှာလဲ။ နောက်တစ်နှစ်နေရင် ကျွန်တော်က ချီမိသားစုရဲ့ နှင်ထုတ်တာခံရမယ်ဆိုပြီး စနစ်ကောပဲ ပြောထားတာမဟုတ်ဘူးလား။ ချီယန့်က ကျွန်တော့်ရဲ့ 'အိမ်စာ' ကို စစ်ဆေးဖို့ အလုပ်များလွန်းပါတယ်။ သူက ပြောနေကျအတိုင်း ပြောလိုက်ရုံလေးပဲ”

 

"အခု ကျွန်တော် သေချင်ယောင်ဆောင်ရမယ့် နေရာကနေ အိမ်ခြံမြေဈေးနှုန်းတွေကို မြန်မြန်ရှာထုတ်ပေး။ ကျွန်တော့်အတွက် ဆိုင်ခန်းတစ်ခုဝယ်ဖို့ ဒီပိုက်ဆံကို သုံးလို့ရမလား။ အဲ့ဒီအကြောင်း ကျွန်တော် ဘာမှနားမလည်ဘူး၊ ပြီးတော့..."

 

စနစ်သည် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် တာဝန်ကျေပွန်စွာဖြင့် ရှာဖွေရေးမျက်နှာပြင်ကို ဖွင့်ပေးလိုက်လေသည်။

 

စနစ် - "မင်းရဲ့ နိမ့်ကျလှတဲ့ရည်မှန်းချက်တွေကို ကြည့်ပါဦး။ အလုပ်ပြီးသွားရင် တစ်သက်စာလောက်ငှတဲ့ ပိုက်ဆံတွေပေးမယ်လို့ ပြောထားတာကို၊ မင်းကတော့ ခေါက်ဆွဲဆိုင်တစ်ဆိုင်ကိုပဲ တွေးနေတယ်"

 

ထို့နောက် ၎င်းက ရပ်တန့်သွားသည်။

 

ခဏ... အဲ့ဒါက ယဲ့မန်ရဲ့ အိပ်မက်များ ဖြစ်နေမလား။

 

၎င်း၏အကြည့်များက ကုတင်ပေါ်တွင် လှဲလျောင်းရင်း ရယ်မောကာ လူးလှိမ့်နေသော မျက်မမြင်လူငယ်လေးထံသို့ ရွေ့လျားသွားလေသည်။ သူပြုံးလိုက်သောအခါ မျက်ဝန်းလေးများက ကွေးညွတ်သွားပြီး သူ့ပတ်ဝန်းကျင်ရှိ လေထုမှာ ပန်းပွင့်ငယ်လေးများဖြင့် ပြည့်နှက်သွားသည့်အလားပင်။ ထိုတောက်ပမှု၏ ကူးစက်မှုကို မခံရရန်မှာ မဖြစ်နိုင်သလောက်ပင်။

 

စနစ်သည် ဤပျော်ရွှင်မှုမှာ အစစ်အမှန်လား၊ သို့တည်းမဟုတ် ၎င်း၏ကရုဏာကိုရရှိရန် ရည်ရွယ်သည့် နောက်ထပ်သရုပ်ဆောင်မှုတစ်ခုလားဆိုသည်ကို

တစ်စက္ကန့်မျှ သေချာမခွဲခြားနိုင်ခဲ့ပေ။

 

ယဲ့မန် - "စနစ်ကော၊ ဒီည ကော ထွက်မသွားဘူးမလား"

 

စနစ်- "မသွားပါဘူး။ ဘာလို့လဲ"

 

ယဲ့မန်- "ဘာရယ်မဟုတ်ပါဘူး၊ ဟီးဟီး" ဒီညတော့ ငါ ကုတင်ပေါ်မှာအိပ်ရပြီ။ ယေး!... အဝတ်ဗီရိုထဲမှာ အိပ်စရာမလိုတော့ဘူး။!

 

ရှုပ်ပွနေသောစောင်များကြားမှ ဖရိုဖရဲဆံပင်များနှင့် ခေါင်းလေးတစ်လုံး ထွက်ပေါ်လာသည်။ "စနစ်ကော၊ ကျွန်တော်မအိပ်ခင် ပုံပြင်တစ်ပုဒ်လောက် ပြောပြလို့ရမလား"

 

စနစ်- "မင်းက ဘာလဲ၊ ငါးနှစ်သားလား။ အိပ်ရာဝင်ပုံပြင်လိုနေရအောင်လို့"

 

ယဲ့မန်က တီးတိုးရေရွတ်လိုက်သည်။ "အင်း... ပုံပြင်မဟုတ်ရင်တောင် တစ်ခုခုအကြောင်း ပြောပြပါလား။ ဘာအကြောင်းပဲဖြစ်ဖြစ်လေ။ စနစ်ကောရဲ့အသံကို ကြားရအောင်လို့"

 

စနစ် - "..."

 

၎င်း စကားမပြောနိုင်မီမှာပင် သူ့ဖုန်း ထပ်မြည်လာပြန်သည်။

 

သူသည် မစဉ်းစားတော့ဘဲ ချက်ချင်းကိုင်လိုက်လေသည်။

 

တစ်ဖက်မှပြောလာသူမှာ ရင်းနှီးမှုမရှိသော အမျိုးသားတစ်ဦးဖြစ်သည်။ ထိုစကားလုံးများကို စနစ်ကမကြားနိုင်သော်လည်း မည်သည့်စကားလုံးဖြစ်သည်မသိ ယဲ့မန်၏အပြုံးများ မှေးမှိန်သွားပြီး ဖုန်းကိုကိုင်ထားသော သူ၏လက်ချောင်းများ တင်းကြပ်သွားလေသည်။

 

၎င်း(စနစ်)က "...မိဘမဲ့ဂေဟာ... လွီ... ဖြိုဖျက်ခြင်း... ပိုက်ဆံ..." ဟူသော စကားစုအတိုများကိုသာ ဖမ်းဆုပ်မိလိုက်၏။

 

ယဲ့မန်သည် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ "ဘယ်လောက်လဲ"

 

"... နားလည်ပါပြီ"

 

ဖုန်းချလိုက်ပြီးနောက် သူသည် ငွေလွှဲခြင်းကို ချက်ချင်းစတင်လိုက်လေသည်။

 

ဖုန်း၏အထောက်အကူပြုအသံက ဂဏန်းများကို ရှင်းလင်းကျယ်လောင်စွာ ဖတ်ပြလာသည်။ အတိအကျကို သုံးသန်းပင်။

 

သူ ခုလေးတင်ရထားသော ပိုက်ဆံတစ်ပြားမှမကျန်တော့။

 

ခေါက်ဆွဲဆိုင်လေးအတွက် အစီအစဉ်များဖြင့် တက်ကြွနေခဲ့သော ကောင်လေးမှာ ရုတ်တရက် တိတ်ဆိတ်သွားလေသည်။

 

စနစ် - "အဲ့ဒါ ဘယ်သူလဲ"

 

စနစ်တွင် အဓိကဇာတ်ကောင်များနှင့်ပတ်သက်သည့် အချက်အလက်များစွာ ရှိထားသော်လည်း ဤကမ္ဘာပေါ်ရှိ အရေးမပါသော သာမန်လူအမြောက်အမြားမှာမူ ၎င်း၏အာရုံစိုက်မှုကိုရရန် မထိုက်တန်ပေ။

 

ယဲ့မန် ပြန်မဖြေခဲ့ပေ။

 

ခေတ္တရပ်ပြီးနောက် သူကပြောလာသည်။ "စနစ်ကော... ကျွန်တော့်ရဲ့ နောက်ထပ်ဇာတ်ကွက်တာဝန်ကို အောင်မြင်အောင်လုပ်နိုင်ခဲ့ရင် ဇာတ်သိမ်းပိုင်းမှာရမယ့် လုပ်အားခတချို့ကို ကြိုထုတ်ပေးလို့ရမလား"

 

စနစ် - "...ဘာလုပ်ဖို့လဲ"

 

ယဲ့မန်၏အပြုံးမှာ ဖြည်းညင်းစွာ ကွေးညွတ်သွားလေသည်။ "ပရဟိတလုပ်ငန်းအတွက်ပေါ့"

 

စနစ် - "..."

 

 

ယဲ့မန် - "ထားပါတော့... နောက်ဇာတ်ဝင်ခန်းက ဘာလဲ၊ ဘယ်တော့လဲ"

 

စနစ် - "ဒီကနေစပြီး နောက်ထပ်လဝက်နေရင် မင်းနဲ့ချီကျွယ်ရဲ့ မွေးနေ့ညစာစားပွဲရှိတယ်။ မုန့်ယောင်က ပြန်လည်သင့်မြတ်အောင်ကြိုးစားတဲ့အနေနဲ့ ချီကျွယ်ကို သန်းလေးဆယ်တန်တဲ့ ကျောက်မျက်ရင်ထိုးလေးတစ်ခု ပေးလိမ့်မယ်၊ အဲ့ဒါက တက်ရောက်လာတဲ့လူတိုင်းကို အံ့အားသင့်သွားစေလိမ့်မယ်။ မင်းက မနာလိုဖြစ်ပြီး ပွဲတစ်ဝက်မှာ သူ့ကို ရေချိုးခန်းထဲချောင်ပိတ်ရင်း အဲ့ဒီအရာကိုလုယူဖို့ ခြိမ်းခြောက်ရမယ်။ သူ အဲ့ဒါကို မပေးဘူးဆိုရင် မင်းက ဒီ'အတုအယောင်သားလေး’ ချီမိသားစုထဲမှာ ဆက်မနေနိုင်တော့အောင် လုပ်ပစ်မယ်လို့ သူ့ကို ပြောရမယ်"