Part 173
အဓိက အချက်မှာ သူမ နာမည်ဂုဏ်သတင်းက ဖြောင့်မတ်သည်ဟု ရှင်းရှင်းလင်းလင်း မပြဝံ့သဖြင့် စန်းဝမ်နှင့်တဝမ်တို့ကို ဆုံးမရန် အားဝမ်နှင့်မိုင်စွေ့တို့နောက်မှ တိတ်တိတ်လေး ခိုး လိုက်ရုံသာတတ်နိုင်၏။
တဝမ်က ကျောက်တုံးထက်တောင် ပိုတုံးသည်။
စန်းဝမ် ဖတ်နိုင်ပေမဲ့ မမှတ်မိ၊ တဝမ်ကမူ ဖတ်လည်းမဖတ် မှတ်လည်းမမှတ်မိချေ။ ဆရာက နေရာအနှံ့ တံတွေးစင်အောင်ပြောနေသော်လည်း သူက မျက်လုံးမှိတ် နားပိတ်ထား၏။
လင်းလန် သူမဆံပင်တွေ ဖြူသွားတော့မလို ခံစားလိုက်ရသည်။
တဝမ်က မလှုပ်ပေ။
"ဘာလို့ ကျောင်းမသွားချင်တာလဲ..."
လင်းလန် နားမလည်နိုင်ပေ။
တဝမ်: "အကြောင်းပြချက်မရှိပါဘူးမားမား...ကျွန်တော် ဒီတိုင်း ကျောင်းမတက်ချင်တာ"
လင်းလန်လည်း အကူအညီမဲ့သွားရ၏။
အနှီကလေးက ကျောင်းတက်ရသည်ကို မကြိုက်သလို ဘာကြောင့်ဆိုသည်ကိုလည်း မပြောခဲ့ပါချေ။
မည်သို့ပင်ဖြစ်စေ ကျောင်းသွားသည့်နေ့မှစ၍ သုံးရက်တစ်ကြိမ် ကျောင်းပြေးနေသည်။ဟန်ချင်စုန့်က သူ့ကို နင်းကန်ရိုက်မှာ ကြောက်သောကြောင့် သူမ အကြိမ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့၏။
"မင်းက ကျောင်းမတက်ဘူးလို့ပြောတယ်...ဆိုတော့ မင်းဘာလုပ်ချင်လဲ... မင်းအိမ်မှာ ဒီလိုမျိုး တစ်သက်လုံး လယ်လုပ်ချင်တာလား..."
လင်းလန် အံကြိတ်လိုက်သည်။
တဝမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "ကျောင်းသွားရတာ ဘာအကျိုးရှိလို့လဲ... အိမ်ပြန်လယ်လုပ်ရဦးမှာပဲ မဟုတ်ဘူးလား...မြို့ကလူတိုင်းက ကျေးလက်ကို သွားနေကြတာ... မားမားပြောသလိုပဲလေ "
လင်းလန်: မင်း ဘာလို့ ဒီစာကြောင်းနည်းနည်းလေးကိုပဲ မှတ်မိရတာလဲငါ့သားရယ်... စကားကောင်းတွေ အများကြီးကိုကျ ဘာလို့ မမှတ်မိရတာလဲ...
" အသုံးမဝင်ဘူးလို့ ဘယ်သူကပြောလဲ... တက္ကသိုလ်က ကျောင်းသားတွေကို အခုစပြီး စာရင်းသွင်းနေတာ မဟုတ်ဘူးလား... အနာဂတ်မှာ အလုပ်သမား လယ်သမားတွေ စစ်သားတွေ နဲ့ကောလိပ်ကျောင်းသားတွေဆိုပြီး ရှိလာလိမ့်မယ်လို့ မားမားကြားတယ်"
တဝမ်က က မယုံပါချေ။ ဤအကြောင်းနှင့်ပတ်သတ်ပြီး ဆိုရပါလျှင် ခေါင်းဆောင်ဟန်က ကြွားထားခြင်းပဲဖြစ်ရမည်။
လင်းလန် : "ကျောင်းသွား.. ဒီရက်တွေမှာ ဆရာက ဆောင်းဦး ရိတ်သိမ်းပွဲကို ဦးစီးမှာမလို့ အတန်းမရှိဘူး...ဒါကြောင့် မင်းအဲဒီမှာ ထိုင်ခေါင်းကုတ်ပြီး စိတ်မချမ်းမသာဖြစ်စရာမလိုဘူး"
တဝမ်: "ခေါင်းကုတ်တဲ့သူက စန်းဝမ်ပါ"
"မြန်မြန် ငါ့ကို ပြန်မပြောနဲ့" လင်းလန်၏ ကြိမ်လုံးလေးက ဂျွတ်ခနဲကျိုးသွား၏။
တဝမ်က သဘာဝအတိုင်း ကျောင်းတက်ရန် ငြင်းဆန်ကာ ထွက်ပြေးသွားခဲ့သည်။
သူက အနောက်မြစ်ကို သွားပြီး ရွာလူကြီးနှင့် တွေ့ချင်ပါသော်လည်း အနောက်ဘက်လမ်းကနေ ပြန်လာသော ဟန်ချင်စုန့် နှင့်သာ တွေ့လိုက်ရ၏။
တဝမ် အလွန်ထိတ်လန့်သွားပြီး အနီးနားရှိကောက်ရိုးပုံနောက်ဘက်သို့ အမြန်ပြေးသွားခဲ့သည်။
ဟန်ချင်စုန့် အိမ်ပြန်ရောက်သောအခါ ရှောင်ဝမ်က ဝမ်ဝမ်အတွက် ပုလွေကို အပြင်းအထန်မှုတ်နေပြီး လင်းလန်က အလုပ်သွားပြီဖြစ်၏။
လမ်းညွှန်ချက်အနည်းငယ်ပေးပြီးနောက် ဟန်ချင်စုန့် လင်းလန်ကိုရှာဖွေခဲ့သည်။
ထိုအချိန်တွင် လင်းလန်က ခေါင်းနှင့်လည်ပင်းတွင် ပဝါပတ်ထားရင်း ပြောင်းခင်းထဲရောက်နေပြီဖြစ်၏။ အရွက်များတွင် သေးငယ်သော လွှသွားပုံ အသွားများပါနေပြီး သူမ၏ လက်မောင်းနှင့် လည်ပင်းတို့ကို နာကျင်စေသည်။
အလုပ်လုပ်ရင်းနှင့် သူမဘယ်ကိုယ်ထဲကို ဝင်ထားမိသလဲဟု တွေးပြီး အဆင်မပြေသလို ခံစားရ၏။ အရင်ဘဝတုန်းက ကာယအလုပ် မလုပ်ရရန်အတွက် ခက်ခက်ခဲခဲ စာကြိုးစားခဲ့ရပြီး နောက်ဆုံးတွင် တာထွက်သွားနိုင်ခဲ့သော်လည်း အဆုံး၌မူ ကျေးလက်ကိုပဲ ပြန်ထုတ်ခံလိုက်ရသည်။
တကယ်ကို အိတ်သွန်ဖာမှောက်ပါပဲ...
ပြောင်းဖူးခင်းက စွပ်ပြုတ်အိုးကဲ့သို့ ပူပြီး အိုက်စပ်နေ၏။ အပူဒဏ်ကြောင့် မူးလဲသွားတော့မလို သူမခံစားနေရသဖြင် အလုပ်မသွားဘဲ ပျင်းချင်လာသည်။
တဝမ်ကို ဖြောင့်ဖြရန် သူမပြောခဲ့သည့်စကားကိုပဲ တွေးကာ သိက္ခာအကျမခံချင်သဖြင့် အံကြိတ်ကာ တွန်းလှန်နေခဲ့ရ၏။
သူမ စိတ်မသက်မသာဖြစ်နေချိန်မှာ ထောင်ထောင်မောင်းမောင်းလူတစ်ယောက်က ရှေ့ကနေ သူမဆီ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
သူမ ဟန်ချင်စုန့်မှန်း ချက်ချင်းတန်းတွေ့လိုက်သည်။
"ဘာလို့ဒီကိုရောက်နေတာလဲ"
ဟန်ချင်စုန့်က သူမ ခေါင်းပေါ်ကကျလာသည့် ပြောင်းနှံနှင့် ပြောင်းမွှေးတွေကို ကောက်လိုက်ပြီး "ရုံးက အဆင်ပြေပါတယ်...ကိုယ် လူတိုင်းကို ဆောင်းဦးကောက်ရိတ်သိမ်းပွဲကို ပြန်ခွင့်ပြုလိုက်မယ်...ကိုယ် မင်းအတွက် အလုပ်လိုက်မယ်...မင်းက ဟင်းချက်တာကိုပဲ ဂရုစိုက်"
လင်းလန် နည်းနည်းရှက်သွားသည်။ ဆရာတွေက ကျောင်းသားတွေအကုန်လုံးကို အလုပ်လုပ်ရန်အတွက် ခေါ်လာ၏။ သူမ မည်သို့ပျင်း၍ရပါမည်နည်း။
ဟန်ချင်စုန့်က မပြောမဆိုဖြင့် သူမ၏ ခြင်းတောင်းကိုယူကာ သူမ ပခုံးများကို သူ့လက်ကြီးများဖြင့် ကိုင်၍ ညင်သာစွာ ဖျစ်ညစ်လိုက်ပြီး သူမကို တူးထားသော လှည်းလမ်းဆီသို့ တွန်းလျက် တိုက်တွန်းလိုက်သည်။
"ပြန်သွားပါကွာ...ကလေးတွေက နေ့လည်မှာ ပြောင်းဖူးပြုတ်စားချင်နေကြတာ"
ထုတ်လုပ်ရေးအဖွဲ့က အမျိုးသမီးများ ချက်စားဖို့ အိမ်သို့ ယူသွားရန်အတွက် နုပြီး မအောင်သော ပြောင်းဖူးများစွာကို နေ့စဉ် ကောက်ယူထားမည်ဖြစ်သည်။
လင်းလန်က မယုံကြည်နိုင်အောင်ဖြစ်နေ၏။ ကာယအလုပ်ကနေ သူမ တကယ်ပဲ လွတ်မြောက်နိုင်မှာလား...
"ဒါဆို ကျွန်မ တကယ်ပြန်ပြီနော်"
ဟန်ချင်စုန့်က အပြုးဖျော့ဖျော့တစ်ခုပြသလာသည်။
"အလကား အလကားတွေရှိလို့လား"
လင်းလန်က ခုန်ဆွခုန်ဆွဖြင့်
"အိုး... အားလပ်ရက်ပဲ" ဟုဆိုပြီးဝမ်းသာအားရ ထွက်လာခဲ့သည်။
သူမထွက်သွားသည်နှင့် ဟန်ချင်စုန့်က သူ၏ ပုံမှန် အေးစက်စက်နှင့် အမူအရာမဲ့သည့်ပုံစံကို ပြန်ရောက်သွားပြီး ပြောင်းရိုးကို လက်ဖြင့် သေသပ်စွာ ဆုပ်ကိုင်လိုက်၏။
အနီးနားရှိ အမျိုးသမီးအချို့ကြားသောအခါတွင် အချို့က အားကျကြပြီး အချို့က မနာလိုကြသည်။ ရွာရှိ ယောကျာ်းများအားလုံးက သူတို့မိန်းမအလုပ်လုပ်နေသည်ကို ကြည့်နေကြ၏။ မိန်းမကို ပြန်နားခိုင်းသည့်သူ မည်သူရှိပါမည်နည်း။
အလုပ်မလုပ်ပါက အလုပ်ရမှတ်မရပေ။ ဘာသွားစားရမည်နည်း။
အဓိကအချက်မှာ ညဘက်အိပ်ရန် မိန်းမကိုရှာခြင်းမှလွဲ၍ ယောကျာ်းများသည် နေ့ခင်းကြောင်တောင်တွင် အမျိုးသမီးများကို တွယ်ကပ်,ခဲသည်။ သူတို့က လူအများရှေ့မှာ ရယ်စရာဖြစ်မှာကို စိုးကြောက်ကြ၏။
ထို့ကြောင့် သူတို့က ဟန်ချင်စုန့်နှင့် လင်းလန် တီးတိုးစကားဆိုနေသည်ကို ကြည့်နေကြပြီး အထူးသဖြင့် ဟန်ချင်စုန့်က လင်းလန်၏ ခေါင်းပေါ်က ပြောင်းနှံတွေကို ညင်သာစွာ ဖယ်ပေးသည့်အချိန်မှာ လင်းလန်က ထိုကဲ့သို့ ရွှင်မြူးသောအသံကိုပြုလိုက်သောအခါ တကယ်ကို နားကြားပြင်းကပ်စေ၏။
"လင်ဟောင်းနဲ့ မယားဟောင်း ဘာလို့အဲ့လောက် ချွဲပစ်နေရတာလဲ...*ချဥ်လိုက်တာ..."
(T/N—ချဥ်=မနာလို/အူတို)
"ကိစ္စကြီးတော့ မဟုတ်ပါဘူး... ပညာတတ်လူငယ်တွေလိုမျိူးပဲ ကြောင်သူတော်တွေ... မနှစ်မြို့စရာကောင်းလိုက်တာ"
xxxxxxx
Part 174
လင်းလန်က တခြားသူတွေပြောစကားကို ဂရုမစိုက်ဘဲ သူမ အဆင်ပြေရန်အတွက်သာ ဂရုစိုက်ခဲ့ပြီး အိမ်ပြန်လိုက်သည်။
ဟေး... အရသာရှိလိုက်တာ...
သူမ လယ်ကွင်းထဲကနေ မြေပေါ်မရောက်ခင်မှာ ဟန်ကျင်းယုက တားလာသည်။
ဟန်ကျင်းယုက လူပြောများနေမှုကို ရှောင်ရှားရန်အတွက် ခဏလာက် ကျောင်းမတက်ခဲ့ပေ။သူမ လွန်ခဲ့သောရက်အနည်းငယ်က သွားချင်သော်လည်း ဆောင်းဦးရာသီ အားလပ်ရက်ရောက်နေပြီဖြစ်သဖြင့် အိမ်ပြန်လာခဲ့ရ၏။
အမှန်တွင် ကျောင်းက ဟန်ချင်ဟွကို ကျောင်းထုတ်ရန် အမိန့်ပြန်လိုက်ပြီဖြစ်ကာ ဟန်ကျင်းယုကိုလည်း ကျောင်းထုတ်ရန် စီစဉ်နေခဲ့သည်။သူ မက ဘွဲ့ရသင့်ပြီသဖြင့် ကျောင်းဆက်တက်စရာ မလိုတော့ပေ။
ယခုမူ မိသားစုတွင် သူမအတွက် ကျောင်း၌ အချိန်နှင့်ငွေကို ဖြုန်းတီးနိုင်သည့် အခြေအနေမရှိတော့သောကြောင့် သူမ၏သင်ယူမှုများက အခြေခံအားဖြင့် အလဟသ ဖြစ်သွားခဲ့ပြီး လယ်ယာ လုပ်ကိုင်ရန် အိမ်သို့ ပြန်လာခဲ့ရသည်။
သူမက လင်းလန်ထက် ပြောင်းဖူးချိုးရန် ဆန္ဒပိုနည်းပြီး သည်းမခံနိုင်ပါချေ။ ခေါင်းကို ဖုံးကာ လက်ရှည်ဝတ်ထားသော်လည်း သူမ၏လည်ပင်းနှင့် လက်တို့က ပြတ်ရှနေဆဲဖြစ်ပြီး တစ်ကိုယ်လုံး အင်းဆက်ပိုးမွှားများ တွားသွားနေသကဲ့သို့ ခြစ်မိထားလေ၏။
ဟန်ကျင်းယုက ယခုခက်ခဲကြမ်းတမ်းမှုမျိုး ကြုံဖူးပါသလား။
သူမအနေဖြင့် ငယ်ငယ်လေးကတည်းက အလုပ်မလုပ်ဖူးချေ။
ယခုတွင်ကား ကောင်းရော့ပင်၊ နေ့တိုင်းအလုပ်ခိုင်းခံရပြီး မလုပ်ချင်ဘူးဆိုပါက ပထမချွေးမနှင့် ဒုတိယချွေးမတို့မှား ကန်ကွက်ချက်များရှိနေကြပြီး ထမင်းပင်မချက်ချင်ကြပေ။ ထို့ကြောင့် အဘိုးကြီးဟန်လည်း သူမကို အလုပ်သွားခိုင်းရတော့သည်။
သူမ မူလက ထမင်းဟင်းချက်ချင်ကြောင်းပြောခဲ့ သော်လည်း ယခုအခါ ကုမိန်နှင့် ကောင်းလျန့်တို့ နှစ်ယောက်လုံးက ချက်ပြုတ်တတ်သောကြောင့် သူမကို လုံးဝကို မလိုအပ်တော့ပေ။
သို့ပေမဲ့ အမှန်တွင် သူမက လယ်ယာအလုပ်မှာ ကုမိန်လောက် မလုပ်နိုင်ပါချေ။
အထူးသဖြင့် ယောင်းမနှစ်ယောက်က သူမကို မျက်နှာသာမပေးသည့်အခါ သူမ သည်းမခံနိုင်တော့ပေ။
ယခု ဟန်ချင်ဟွက လုပ်သား ပြုပြင်ပြောင်းလဲရေး စိုက်ခင်းသို့သွားပြီဖြစ်၍ သူမလည်း အလုပ်မှန်ရရန် လိုအပ်လေ သည်။ သူမ ကျောင်းမတက်တော့သဖြင့် မိသားစုက သူတို့အတွက် အလုပ်မှတ်များ ပေးစရာမလိုတော့သလို အစားအသောက်တွေကို ခြစ်ခြုပ်ပြီး ပိုက်ဆံစုစရာလည်းမလိုတော့ပေ။ မိသားစု ခွဲလိုက်ပြီး လင်းလန်၏မိသားစုက သားသမီးငါးယောက်ကလည်း မရှိတော့သဖြင့်ကျန်ရှိသော ဟန်မိသားစုဟောင်း၏ဘဝသည် ယခင်ကထက် ပိုကောင်းလာခဲ့သည်။
ထို့ကြောင့် ပထမချွေးမနှင့် ဒုတိယချွေးမတို့ ပိုပျော်ကြ၏။
မပျော်သူတွေကား အဖွားကြီးဟန်နှင့် ဟန်ကျင်းယုတို့ဖြစ်ပြီး သူတို့မှာ ယခုသုံးစရာ ပိုက်ဆံမရှိသည့်အတွက်ပင်။
"ငါ့ကို ပြောင်းရိုးကူချိုးပေး ” ဟု ဟန်ကျင်းယုက အမိန့်ပေးလေသည်။
လင်းလန်က သူမကို ဗလာအကြည့်ဖြင့် ကြည့်လိုက်ပြီး
"နင့်ကိုနင် သတ္တမနတ်သမီးလို့ ထင်နေမဲ့ ကံမကောင်းတာက ငါကလည်း တုန်းယုံ မဟုတ်ဘူးလေ" ဟုဆိုကာ ခေါင်းလှည့်ပြီး ထွက်သွားတော့မည်ပြု၏။
(T/N–တုန်းယုံနဲ့သတ္တမနတ်သမီးဆိုတာက တရုတ်ဒဏ္ဍာရီအချစ်ဇာတ်လမ်းပါ။ ဖအေသေလို့ စျာပနစရိတ်ရှာနေတဲ့တုန်းယုံဟာ လူယောင်ဆောင်ထားပြီး ဖခင်ဖြစ်သူယူထားတဲ့မိထွေးက မကောင်းလို့ လက်ထပ်ဖို့လူရှာနေပါတယ်ဆိုတဲ့ သတ္တမနနတ်သမီးလေးနဲ့ တွေ့တဲ့အခါမှာ ရွှေဉာဏ်တော်စူးရောက်ပြီးလက်ထပ်လိုက်ပါတယ်။ သတ္တမနတ်သမီးလေးက သူတို့လင်မယားအထည်ရက်လို့ မပြီးတော့ သူ့ယောကျာ်းအိပ်နေချိန်မှာ သူမရဲ့မှော်အစွမ်းနဲ့ ပြီးအောင်ရက်ပေးထားလေ့ရှိပါတယ်တဲ့)
"ဟေး နင်မကြားဘူးလား..."
လင်းလန်က သူမကို လျစ်လျူရှုထားသည်ကို မြင်သည့်အခါ ဟန်ကျင်းယု ဒေါပွသွားသည်။
"ငါလည်း ငါ့အတွက် အလုပ်မှတ်တွေရအောင်လုပ်တယ်လေ... နင်နဲ့ ဘာဆိုင်လို့လဲ" လင်းလန်က ဖြတ်ပြောလိုက်၏။
“ဒါဆို နင်ဘာလို့ အလုပ်မလုပ်တာလဲ...”
ဟန်ကျင်းယုက သူမကိုမေးသည်။
“နင်က ပျင်းပြီး အလုပ်ကြမ်းကို ရှောင်ချင်တာ
... စည်းရုံးရေး အစည်းအဝေးက ဘယ်သူမှ အလုပ်မလုပ်ဘဲမနေရဘူးလို့ပြောထားတာနော် ”
အလုပ်မလုပ်လျှင် ရိက္ခာခွဲတမ်းပေးလိမ့်မည်မဟုတ်ပါချေ။ ထိုသို့မဟုတ်ပါက သူမ ပုန်းနေမည်မှာ ကြာလှပြီဖြစ်၏။
လင်းလန်က ဂုဏ်ယူစွာပြောလိုက်သည်။
"နင်ရဲ့တတိယအစ်ကိုက ငါ့ကိုကူညီဖို့ ပြန်လာတယ်လေ .. ငါ အိမ်ပြန်ပြီး အနားယူလိုက်ဦးမယ်"
ဟန်ကျင်းယု ဒေါသထွက်လွန်း၍ လင်းလန်ခပ်သုတ်သုတ် ထွက်သွားသည်ကို မြင်လိုက်ရသည်နှင့် ဟန်ချင်စုန့်ကို ချက်ချင်းသွားရှာတော့၏။
ဟန်ချင်စုန့်ကိုရှာတွေ့ပြီးနောက်တွင် သူမက နှုတ်ခမ်းစူကာ
"တတိယအစ်ကို..."
ဟန်ချင်စုန့်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "ဟမ်..."
"အစ်ကို ငါ့လက်တွေရှနေတာတွေ့လား...မျက်နှာလည်းရှတယ်...တစ်ကိုယ်လုံး ပြတ်ရာရှရာတွေချည်းပဲ...."
အိမ်မှာ ရေချိုးခန်းမရှိသောကြောင့် ရေချိုးရန်အဆင်မပြေပေ။
ဟန်ချင်စုန့်က သူမကို ကြည့်ပင်မကြည့်ပေ။ သူ့လက်ထဲက ပြောင်းရိုးကိုပဲ ဆက်ချိုးနေသည်။
သူကခွန်အားကြီးသည်ဖြစ်လေရာ သူ၏လှုပ်ရှားမှုတွေကမြန်ပြီး သူတစ်ယောက်စာက တခြားလူသုံးယောက်စာထက် ပိုများ၏။
"ပြောင်းရိုးချိုးရင် ဒီလိုပဲလေ..."
ဟန်ချင်စုန့်၏လေသံက အတက်အကျရှိမနေပေ။
ပွင့်ပွင့်လင်းလင်းပြောရပါလျှင် သူ့တွင် သူ့ထက်များစွာ ပိုငယ်သော မွေးချင်းညီငယ်/ညီမငယ်များပေါ်၌ ခံစားချက် နက်နက်ရှိုင်းရှိုင်း မရှိပေ။ သူတို့က သူ စစ်သားဖြစ်နေချိန်မှာ မွေးဖွားခဲ့ကြပြီး သူတို့မှာ ခံစားချက်တွေ အတူတူပျိုးထောင်ခဲ့ခြင်းမျိုး တစ်ခါမှမရှိချေ။ အတိတ်တုန်းက အဖွားကြီးဟန်က သူ့ညီ/ညီမငယ်တွေ၏ဘဝက မည်မျှခက်ခဲပြီး သနားစရာကောင်းကြောင်း ၊ အစ်ကိုကြီးတစ်ယောက်အနေဖြင့် မွေးချင်းညီ/ညီမတွေကို ချစ်ရမည်ဖြစ်ပြီး သူတို့အတွက် ပိုက်ဆံရှာပေးသင့်ကြောင်း သူ့ကို အမြဲပြောလေ့ရှိသည်။
သူက သူ့မိဘတွေအပေါ် သားသမီးဝတ္တရားကျေပွန်ခဲ့ပြီး သူ့ညီ/ညီမတွေကိုလည်း ကောင်းကောင်းဆက်ဆံခဲ့၏။
ထို့အပြင် သူ ယခင်က သူကလေးတွေကို သိပ်ပြီးဂရုမစိုက်ခဲ့မိပေ။ သို့ဖြစ်ရာ အဘယ်သို့ သူက သူ၏မွေးချင်းညီ/ညီမတွေကို တန်ဖိုးထားနိုင်ပါမည်နည်း။
ထိုမျှသာမက ယခုအချိန်မှာ ကုမိန်အရွယ်ကလေးတွေပင် လယ်ကွင်းထဲမှာ ပြောင်းရိုးချိုးနေကြပြီး မည်သူမှ ပင်ပန်းသည်ဟု မညည်းကြသော်လည်း သူမအဒေါ်ဖြစ်သူ သူ့ညီမကမူ လာပြီး ပင်ပန်းကြောင်း ငိုယိုညည်းညူနေလေသည်။
သူမက ဘာများဖြစ်နေလို့လဲ...
ဟန်ကျင်းယု သူမအစ်ကို ဆီမှ ထိုစကားကိုကြားရသောအခါ အတော်လေးမတရားခံလိုက်ရသလို ခံစားလိုက်ရ၏။ ဘာလို့ တတိယအစ်ကိုက သူမကို မချစ်တော့တာလဲ...
အမေပြောတဲ့ မိန်းမရှိရင် အမေနဲ့ညီမကိုမေ့သွားမှာဆိုတဲ့စကားက အမှန်ပဲလား...
သူမက ငိုရှိုက်ရင်း မျက်ရည်တွေသုတ်လိုက်ပြီး
"တတိယအစ်ကို ...ညီမကို ပြောင်းရိုးကူချိုးပါ..."
သူမက ဟန်ချင်စုန့်၏မိသားစုအပေါ်ထောက်ပံ့မှုကို သူမအပေါ်ထားရှိသည့်အချစ်ဟု ယူဆနေပြီး သူမက တတိယအစ်ကို၏နှလုံးသားထဲတွင် သူများနှင့်မတူဟု ယုံကြည်လေသည်။ ဟန်ချင်စုန့်ကို တွေ့သည်နှင့် သူမက ကလေးတစ်ယောက်လိုမျိုး ပြုမူချင်နေ၏။
ဟန်ချင်စုန့် : "ကိုယ့်အလုပ်ကိုယ်လုပ်"
ဟန်ကျင်းယုက ခြေဆောင့်လိုက်ပြီး
"ဘာကို ကိုယ့်အလုပ်ကိုယ်လဲ...ဘာလို့ ညီမအလုပ်ဖြစ်ရတာလဲ ...ပြီးတော့ အစ်ကိုက ဘာလို့ ညီမ(ကိုကူချိုးပေးမဲ့)အစား သူ့(လင်းလန်)အတွက် ကူချိူးပေးတာလဲ"
ဟန်ချင်စုန့်က ခေါင်းလှည့်ကာ သူမကို တည်ငြိမ်နေသော အကြည့်တို့ဖြင့် ကြည့်လာပြီး အေးစက်စွာပြောလိုက်သည်။
"သူ(မ)ကဘယ်သူလဲ...ငါ့မိန်းမလေ"
Xxxxxxxx