Ch 3
Viewers 211

Ch-3

• May 4 at 12:24 AM

နေဝင်ဆည်းဆာ၏ မှိန်ပျပျအလင်းရောင်အောက်တွင် လီရှောင်မန်အပါအဝင် မိမိကိုယ်ကို ကျွန်အဖြစ်ရောင်းချခဲ့ကြသော ဒုက္ခသည်တစ်သိုက်သည် ခြေကုန်လက်ပမ်းကျစွာဖြင့် မြို့စွန်သို့ ရောက်ရှိလာခဲ့ကြလေသည်။

သို့သော် သူတို့၏ခရီးစဉ်မှာ စောစီးစွာ ပြီးဆုံးသွားခြင်းမျိုး မဟုတ်ခဲ့ပေ။ အလုအယက် ခရီးနှင်ခဲ့ကြသော်ငြား ညမချမ်းမီအချိန်လေးတွင်မှ မြို့ပြင်သို့ ဆိုက်ရောက်လာခြင်း ဖြစ်သည်။ စားနပ်ရိက္ခာအတွက် တန်းစီရသည်ဖြစ်စေ၊ မစီရသည်ဖြစ်စေ ယနေ့အတွက်တော့ မြို့တွင်းသို့ ဝင်ရောက်နိုင်ရန် အကြောင်းမရှိတော့ပေ။

တန်းစီနေဆဲသူများပင်လျှင် မြို့ထဲသို့ ဝင်ခွင့်ရနိုင်မည်မဟုတ်ပေ။

လီရှောင်မန်သည် ခေါင်းကို အပြင်းအထန် အလုပ်ပေးရင်း စဉ်းစားခန်း ဝင်နေမိသည်။ ဖုန်းခရိုင်သည် သယံဇာတပေါကြွယ်ဝသည်ဟု နာမည်ကြီးသော်လည်း၊ ဤမျှများပြားလှသော ဒုက္ခသည်များကို တစ်ပြိုင်နက်တည်း နေရာချထားပေးနိုင်မည်လော။

ရောက်ရောက်ချင်း စစ်သည်တော်များ၏ ကြိုဆိုလက်ခံမှုကို ရရှိခဲ့ပြီး အစားအသောက်များကို အခမဲ့ ပံ့ပိုးပေးကာ မြို့ထဲဝင်ရန် တန်းစီခွင့်ပြုထားသော်ငြား၊ ဤသည်မှာ ဒုက္ခသည်များ အုံကြွသောင်းကျန်းခြင်းမရှိစေရန် မြို့ပိုင်မင်း၏ လှည့်ကွက်တစ်ခုသာ ဖြစ်နေမလားဟု သူမတွေးတောပူပန်နေမိသည်။ 

တကယ်တမ်း၌မူ... လွန်ခဲ့သည့် လအနည်းငယ်ကတည်းက သူမ၏ဦးနှောက်မှာ လုံးဝဗလာကျင်းနေခဲ့ပြီး လီရှောင်မန်မှာ မည်သည်ကိုမျှ ရေရေရာရာ တွေးတောနိုင်စွမ်းမရှိခဲ့ပေ။ ဤသည်မှာ သူမ၏ အလွန်အကျွံ စိုးရိမ်ပူပန်မှု သက်သက်သာ ဖြစ်ပါစေဟု တိတ်တခိုးဆုတောင်းနေမိသည်။

နန်းတော်မှ ပြည်သူများအား မြောက်ပိုင်းဒေသသို့ ပြောင်းရွှေ့အခြေချရန် တိုက်တွန်းအားပေးနေသည်ဟူသော ကောလာဟလများကို သူမ ယခင်က ကြားဖူးထားခဲ့သည်။ ဖုန်းခရိုင်သည် လုပ်သားအင်အား လိုအပ်နေသော နေရာများအနက်မှ တစ်ခုဖြစ်နိုင်ပြီး ဒုက္ခသည်အားလုံးကို နေရာချထားပေးနိုင်စွမ်း ရှိကောင်းရှိနိုင်ပေမည်။

ဒုက္ခသည်များ ရိက္ခာထုတ်ယူနိုင်ရန် လမ်းတစ်ဖက်တစ်ချက်တွင် တဲများ ဆောက်လုပ်ထားသော်လည်း၊ တန်းစီနေသူများ၏ အတန်းကြီးမှာ ညဉ့်နက်သည်အထိ ရှည်လျားနေဆဲပင်။

လီရှောင်မန်သည် ဝါးကျည်တောက်ဖြင့် ထည့်ထားသော သောက်ရေနှင့် နူးညံ့ဖြူဖွေးကာ ကြီးမားသော ပေါက်စီနှစ်လုံးကို တဆတ်ဆတ်တုန်ရီနေသော လက်များဖြင့် လှမ်းယူလိုက်ပြီးနောက် မည်သည့်အရာကိုမျှ ထပ်မံစဉ်းစားမနေတော့ဘဲ အလုအယက် အငမ်းမရ စားသောက်လိုက်လေသည်။

ထို့နောက် မြို့ပြင်ရှိ မီးပုံမှ ထွက်ပေါ်နေသော မှိန်ဖျော့ဖျော့မီးရောင်အောက်တွင် သူမ၏ အစားအသောက်နှင့် ရေကို လုယူရန် ရောက်လာသော မိထွေးဖြစ်သူကို ကြည့်ကာ ပြုံးပြလိုက်သည်။

သူမ၏ နှုတ်ခမ်းများမှာ ခြောက်သွေ့ကွဲအက်နေဆဲဖြစ်ရာ သူမသည် အသံထွက်အောင် ရယ်မောရန်ပင် မဝံ့ရဲခဲ့ပေ။

သူမ၏မိထွေးဖြစ်သူမှာ သူမ၏ခန္ဓာကိုယ်ကို စူးရှသော အကြည့်များဖြင့် အကဲခတ်ကြည့်ရှုပြီးနောက် နှာခေါင်းရှုံ့ကာ မကျေမနပ်ဖြင့် ထွက်ခွာသွားလေသည်။

ဤသည်မှာ အလွန်တရာရှားပါးလှသော မြင်ကွင်းတစ်ခုပင်။ ဒုက္ခသည်အားလုံးမှာ အရိုးပေါ် အရေတင် သရဲတစ္ဆေများအလား ဖြစ်နေကြသော်လည်း သူမ၏မိထွေးဖြစ်သူမှာမူ အင်အားပြည့်ဝကာ တက်ကြွနေဆဲဖြစ်ရာ အတော်ပင် အံ့သြဖွယ်ကောင်းလှသည်။

လီရှောင်မန်သည် နောက်ပိုင်းတွင် အခမဲ့ရိက္ခာနှင့် ရေများ ထပ်မံရရှိမည်လားဆိုသည်ကို မသိသလို၊ နောင်စားရန်အတွက် ရိက္ခာသိုလှောင်ထားရန်လည်း အစီအစဉ်မရှိပေ။ ယခုချက်ချင်း မစားလိုက်ပါက ထိုအစားအစာများ မည်သူ့လက်ထဲရောက်သွားမည်ကို မသိနိုင်ကြောင်းကိုသာ သူမ ကောင်းကောင်းနားလည်ထားသည်။

အနာဂတ်အတွက်မူ သူမသည် ဤနေရာအထိ ရောက်အောင် ကြိုးစားခဲ့ပြီးပြီ ဖြစ်ရာ ငတ်မွတ်၍တော့ အသေခံမည်မဟုတ်ပေ။ 

မည်သို့သော အခက်အခဲနှင့်ပင် ကြုံတွေ့ရပါစေ သူမ ရှင်သန်ရမည်ဟူသော ပြင်းပြသည့်ဆန္ဒက ရင်တွင်း၌ ကိန်းအောင်းနေသည်။ ထိုညတွင် အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော လူတိုင်းသည် မြေပြင်ပေါ်တွင် လှဲလျောင်းကာ ငြိမ်းချမ်းစွာ အိပ်စက်ခဲ့ကြ၏။

မီးပုံထဲမှ ထင်းများမှာ အကုန်အစင် လောင်ကျွမ်းသွားခဲ့ပြီး မီးခဲရဲရဲနှင့် တငွေ့ငွေ့တက်လာသော မီးခိုးငွေ့မျှင်လေးများသာ ကျန်ရစ်တော့သည်။

နံနက်စောစော အရုဏ်တက်ချိန်လေးတွင် လီရှောင်မန်သည် မိထွေးဖြစ်သူ၏ လှုပ်နှိုးမှုကြောင့် နိုးထလာခဲ့ရသည်။

မျက်လုံးများကို ပွတ်သပ်ရင်း ထိုင်လိုက်ချိန်တွင် မိထွေးဖြစ်သူက သူမကို အဘယ်ကြောင့် နှိုးလိုက်သည်ကိုပင် နားမလည်နိုင်သေးမီ သူစိမ်းအမျိုးသမီးတစ်ဦး ရုတ်တရက် ပေါ်ပေါက်လာမှုကြောင့် လန့်ဖြန့်သွားခဲ့သည်။

သူမသည် ရှက်တတ်သူတစ်ဦး မဟုတ်သော်လည်း ရင်းနှီးကျွမ်းဝင်သူများနှင့်သာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရပြီး လမ်းခရီးတစ်လျှောက် ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်အမျိုးမျိုးကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရခြင်းတို့ကြောင့် သူစိမ်းတစ်ယောက်ကို မြင်လိုက်ရချိန်တွင် အလိုအလျောက် စိုးရိမ်ထိတ်လန့်သွားမိ၏။

ထို့အပြင် ထိုအမျိုးသမီးထံတွင် ပုံမှန်မဟုတ်သော တစ်စုံတစ်ရာရှိနေသည်ကို သူမ အာရုံခံမိလိုက်သည်။ ထိုအမျိုးသမီး သူမကို ကြည့်နေသည့် အကြည့်များမှာ အလွန် ရင်းနှီးနေသယောင် အလွန် တူညီနေသယောင်ပင်။

“ဒီကောင်မလေးကို ကြည့်စမ်း၊ ဆယ့်ငါးနှစ်အရွယ် ကျန်းကျန်းမာမာပဲ၊ ခွန်အားနဲ့ ဗလနဲ့၊ သေသေချာချာ ရေမိုးချိုးပေးလိုက်ရင် ရုပ်ရည်လေးကလည်း သန့်သန့်ပြန့်ပြန့်လေးပါ”

လီရှောင်မန်၏သွေးများ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမကို ထိုအမျိုးသမီးထံ ရောင်းစားရန် ကြိုးပမ်းနေသည့် မိထွေးဖြစ်သူနှင့် ယခုတိုင် နှုတ်ဆိတ်နေဆဲဖြစ်သော ဖခင်ဖြစ်သူတို့ကို မျက်လုံးပြူးကာ ကြည့်ရင်း သူမပါးစပ်မှ အမှတ်တမဲ့ ရေရွတ်လိုက်မိ၏။

“သမီးကို ရောင်းစားတော့မလို့လား”

သူမ၏ ဝင်ရောက်ပြောဆိုမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသော မိထွေးဖြစ်သူက လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လျက် ဆူပူလိုက်သည်။

“လူကြီးတွေ စကားပြောနေရင် ကလေးတွေဝင်မရှုပ်ရဘူး”

“မတ်တပ်ရပ်စမ်း၊ ဒီလိုမျိုးထိုင်နေရအောင် နင်က ဘယ်လိုအချိုးမျိုး လာချိုးနေတာလဲ”

မိထွေးဖြစ်သူသည် သူမ၏အကြောက်တရားကို လျစ်လျူရှုကာ မလှမ်းမကမ်းတွင် ရပ်နေသော အမျိုးသမီးထံသို့ သူမ၏ အရောင်းအဝယ်စကားများကို ဆက်လက် ပြောဆိုနေလေသည်။

လီရှောင်မန်၏သွေးများ ခေါင်းထဲသို့ ဆောင့်တက်လာပြီး၊ သူမ၏ဦးနှောက်တစ်ခုလုံး မီးဟုန်းဟုန်း တောက်လောင်နေသကဲ့သို့ ခံစားလိုက်ရသည်။ 

သူမ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ၊ ပထမဆုံး ပေါလာသော စိတ်ကူးမှာ ခဲတစ်လုံးကိုရှာကာ မိထွေးဖြစ်သူကို သေသည်အထိ ထုသတ်ပြီး ထို့နောက် သူမ၏ ဖခင်အရင်းကိုပါ သတ်ပစ်ရန်ပင် ဖြစ်သည်။

တစ်စုံတစ်ရာကို ရိပ်မိသွားပုံရသော ထိုအမျိုးသမီးသည် သူမ၏နှာခေါင်းဝမှ ပဝါကို ချလိုက်ကာ ချိုသာစွာပြုံးပြရင်း ပြောလာ၏။

“ကောင်မလေး၊ အဒေါ်က အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပွဲစားမတစ်ယောက်ပါ၊ မင်းသာ အဒေါ့်နောက်ကို လိုက်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ နေစရာထိုင်စရာနဲ့ စားစရာသောက်စရာတွေရမှာပါ၊ မင်း ဒီမှာဆက်နေမယ်ဆိုရင် နောင်အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ မပြောနဲ့၊ မင်းအတွက် နေစရာနေရာလေးတောင် ကျန်သေးလို့လား”

ချက်ချင်းပင် လီရှောင်မန်၏ဒေါသမီးတောက်မှာ ငြိမ်းသတ်ခံလိုက်ရသည်။

ဤသည်မှာ မှန်၏။ သူမ အမြဲတစေ သိရှိထားခဲ့ပြီး ဖြစ်သည်။

သူမ၏ဖခင်မှာ အသုံးမကျသူ တစ်ယောက်ဖြစ်ပြီး၊ မိထွေးဖြစ်သူကလည်း သူမကို သီးခံမည်မဟုတ်ကြောင်း သူမ သိထားသော်လည်း လမ်းခရီးတစ်လျှောက်တွင် သူမကို စွန့်ပစ်ခဲ့ခြင်း မရှိသောကြောင့် သူတို့သည် အပြင်ပန်းတွင်သာ ကြမ်းတမ်းသော်လည်း စိတ်သဘောထား ပြည့်ဝကြသူများဖြစ်မည်ဟု ယုံကြည်ကာ မျှော်လင့်ချက်တစ်စွန်းတစ်စကို ဆုပ်ကိုင်ထားခဲ့မိသည်။

နောင်တစ်ချိန်တွင် သူမကို လက်မခံနိုင်တော့လျှင်တောင်မှ အနည်းဆုံးတော့ နေထိုင်စရာ နေရာလေးတစ်ခု ပေးပြီး သူမ၏မောင်နှမများအတွက် အသုံးဝင်မည့် အရာတစ်စုံတစ်ရာနှင့် လဲလှယ်ကာ သူမကို အိမ်ထောင်ချပေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။

သို့သော် သူတို့ ဤမျှအလျင်လိုနေမည်ဟု၊ ပို၍ တိတိကျကျ ပြောရလျှင် ဤအစီအစဉ်ကို အစကတည်းက ကြံစည်ထားခဲ့ကြမည်ဟု သူမ လုံးဝထင်မှတ်မထားခဲ့ပေ။ 

ထို့ကြောင့်ပင် သူတို့သည် လမ်းခရီးတစ်လျှောက်တွင် သူမကို အစားအသောက်နှင့် ရေများပေးကာ ဤနေရာသို့ ရောက်သည်အထိ အသက်ရှင်ခွင့် ပေးထားခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင်မူ မိဘများအနေဖြင့် သူမ၏ အသက်ကို ပိုင်စိုးပိုင်နင်းပြုလုပ်ကာ မြို့တွင်းသို့ ဝင်ရောက်ပြီးနောက် ပထမဆုံး အရင်းအနှီးရရှိရန်အတွက် သူမကို ရောင်းစားကြပေမည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် လီရှောင်မန်သည် အရာအားလုံးကို တွေးတော နားလည်သွားခဲ့သည်။

သူမအနေဖြင့် ထိုပွဲစားမနှင့် သူမသွားရမည့် အနာဂတ်နေရာကို အလုပ်တစ်ခုအဖြစ် သဘောထား၍ရနိုင်ပေသည်။ သူမ မည်သည့်နေရာတွင် အလုပ်လုပ်ရသည်ဖြစ်စေ အဘယ်မျှကွာခြားသွားမည်နည်း။ 

ဤအိမ်တွင်ဆက်နေပြီး အသေးအဖွဲကိစ္စလေးများအတွက်ပင် အထင်အမြင်သေးခံရကာ၊ နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် ထပ်မံ နှင်ချခံရနိုင်ခြေရှိခြင်းကသာ သူမ အသက်ရှင်သန်ရန်အတွက် တစ်ခုတည်းသောနည်းလမ်း ဖြစ်နေပုံရသည်။

သို့သော် ရောင်းစားခံရခြင်း၏ အဓိပ္ပာယ်မှာ ကျွန်တစ်ယောက်ဖြစ်သွားခြင်းပင်။

လူ့အခွင့်အရေးအပြည့်အဝရှိသော သက်ရှိထင်ရှား လူသားတစ်ယောက်ဘဝမှ၊ အလိုရှိသလို ခြယ်လှယ်ခံရမည့် ကျွန်တစ်ယောက်အဖြစ် ပြောင်းလဲသွားရမည် ဖြစ်သည်။

လီရှောင်မန် ဤအရာကို လက်မခံနိုင်ပေ။

သို့သော် သူမ လက်မခံနိုင်ခြင်းက ဘာများအကျိုးထူးလာမည်နည်း။