Ch-4
• May 4 at 12:25 AM
သူမသည် မြေပြင်ပေါ်တွင် ဆက်လက်ထိုင်နေကာ သူမကို ငွေသုံးတေးတန်သလား၊ သုံးတေးခွဲတန်သလားဟူ၍ ထိုအမျိုးသမီးများနှင့် ဈေးဆစ်နေသော မိထွေးဖြစ်သူကို ကြည့်နေမိသည်။
“ဖေဖေ၊ ဒီမိသားစုမှာ သမီးအတွက် နေရာတကယ်ပဲ မရှိတော့ဘူးလား”
သူမ နောက်ထပ် ငိုတော့မည်မဟုတ်ဟု လီရှောင်မန် တွေးထားခဲ့သော်လည်း မနေ့ညက သူမ သောက်ခဲ့သော ရေများ၏အာနိသင်ကြောင့်လား မသိ၊ ကြီးမားသော မျက်ရည်ပေါက်ကြီးများမှာ သူမ၏ပါးပြင်ထက်မှ လိမ့်ဆင်းကာ မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။
ရိုးသားပုံရပြီး အမြဲတမ်း နှုတ်ဆိတ်နေတတ်သော ထိုအမျိုးသားသည် သူမကို လှည့်မကြည့်ဘဲ အက်ကွဲကွဲအသံဖြင့် ပြောလာသည်။
“မင်းအမေ ကိုယ်ဝန်ရှိနေပြီ”
‘ဘာ’
လီရှောင်မန်သည် ခဏတာမျှ နားပင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
မိထွေးဖြစ်သူ ကိုယ်ဝန်ရှိနေသည်တဲ့လား။
ဤ ထွက်ပြေးတိမ်းရှောင်ရသော လမ်းခရီးကြမ်းကြီးတွင်ပင် သူတို့က ထိုကိစ္စကိုပြုလုပ်ရန် စိတ်ကူးရှိနေကြသေးသည်လား။
သူမသည် အလွန်ပင် ယုတ္တိမတန်ဟု ခံစားရကာ စကားတစ်ခွန်းမျှပင် မဆိုနိုင်တော့ပေ။
“ရှောင်မန်၊ မင်းအဖေကို အပြစ်မတင်ပါနဲ့၊ မိသားစုမှာ ဘာမှမကျန်တော့ဘူး၊ ငါတို့နဲ့လိုက်လာရင်လည်း မင်းအတွက် ရှင်သန်စရာလမ်းစမရှိဘူး”
“မင်းအဖေက မင်းကို ဒီအထိခေါ်လာခဲ့ပြီးပြီ၊ လမ်းမှာ ကလေးဘယ်လောက်တောင် ပျောက်ဆုံးသွားခဲ့ရသလဲဆိုတာ မင်းမြင်တဲ့အတိုင်းပဲ၊ အဲဒီကလေးတွေ၊ အဲဒီကလေးတွေဆို အလောင်းတောင် အပြည့်အစုံမကျန်ခဲ့ဘူး၊ မင်းအဖေက မင်းကို ဒီအထိရောက်အောင် ကာကွယ်ပေးခဲ့တာ... ဒီကစပြီး မင်းလမ်း မင်းဖာသာလျှောက်ရတော့မယ်”
လီရှောင်မန်သည် လုံးဝ တည်ငြိမ်သွားခဲ့လေပြီ။ ငွေတစ်တေးခွဲအတွက် အဆုံးအစမရှိ အငြင်းပွားနေဆဲဖြစ်သော မိထွေးဖြစ်သူနှင့် သူမကို တစ်ချက်လေးပင် လှည့်မကြည့်သော ဖခင်အရင်းဖြစ်သူတို့ကို ကြည့်ရင်း သူမ ရင်တွင်းမှ နာကျင်မှုသည် ခန္ဓာကိုယ်မှနာကျင်မှုထက် များစွာ ပိုမိုကြီးမားနေခဲ့၏။
တကယ်တော့ သူတို့ကို ဘယ်သူကဂရုစိုက်နေမည်နည်း။
သူမသည် မိသားစုဝင်မဟုတ်သော အပြင်လူတစ်ယောက်သာ ဖြစ်ပြီး ဤခန္ဓာကိုယ်ထဲရှိ နာမည်ခံမိဘအရင်းများနှင့် လအနည်းငယ်မျှသာ အတူနေထိုင်ခဲ့ရကာ သူတို့၏အမည်များကိုပင် မသိရှိဘဲ မည်မျှ သံယောဇဉ်ရှိနိုင်မည်နည်း။
သူမသည် ရိုးရှင်းစွာပင် နာကြည်းချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ အသက်ရှင်သန်ရန်အတွက် အနာဂတ် လွတ်လပ်ခွင့်ကို ဆုံးရှုံးရတော့မည့် ကျွန်တစ်ယောက် ဖြစ်လာရခြင်းအပေါ် နာကြည်းနေမိ၏။
သူမ စွန့်စားသင့်သလား။
သူမ၏ ဒေါသများကို ပေါက်ကွဲကာ သူတို့ကို သတ်ပစ်ရန် ယခုပင် စည်းကမ်းဖောက်ဖျက်သင့်သလား၊ သို့မဟုတ် ဖြစ်လာနိုင်ခြေရှိသော အကျိုးဆက်တစ်ခုအတွက် သူမ၏ ဂုဏ်သိက္ခာကို ဖျောက်ဖျက်ကာ လက်ကျန်ဘဝတစ်ခုလုံးကို စတေးသင့်သလား။
သူမ စွန့်စားသင့်သလား။
သူမ စွန့်စားနိုင်ပါ့မလား။
လီရှောင်မန်၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေခဲ့သည်။
သူမ၏ ကံကြမ္မာအတွက် ငိုကြွေးနေမိခြင်းပင်။
သို့သော် သူမ၏ စိတ်အတွင်း၌မူ အသက်ရှင်ရမည်၊ မည်သည့်အဖိုးအခကို ပေးရပါစေ ပြန်လည်မတ်တတ်ရပ်ပြမည်ဟူသော ခိုင်မာသည့် ရည်မှန်းချက်က မီးခဲပမာ တောက်လောင်နေဆဲဖြစ်သည်။
ကလေးများကို ရောင်းစားနေသည်မှာ လီမိသားစုတစ်စုတည်း မဟုတ်ပေ။ အခြားသော မိသားစုများလည်း အလားတူပင်။ အရုဏ်တက်ချိန် မြို့တံခါးပြင်ပတွင် ဈေးဆစ်နေသံများနှင့် တိတ်တဆိတ်ငိုကြွေးသံများမှာ ပဲ့တင်ထပ်နေလေသည်။
“ကောင်းပြီ သုံးတေးခွဲ”
သက်ရှိထင်ရှား လူသားတစ်ယောက်ဖြစ်သော လီရှောင်မန်ကို ဝယ်ယူရန်အတွက် ထိုအမျိုးသမီးက ပြတ်သားစွာဖြင့် ဈေးနှုန်းသတ်မှတ်လိုက်သည်။
ငွေသုံးတေးခွဲတည်းသာ
လီရှောင်မန်၏မျက်လုံးများမှာ သွေးလွှမ်းနေသကဲ့သို့ နီရဲနေ၏။ သူမသည် နာကြည်းချက်များနှင့် မျက်ရည်များ ရောယှက်ကာ ဤဂဏန်းအရေအတွက်ကို ဦးနှောက်ထဲတွင် စွဲထင်နေအောင် မှတ်သားထားလိုက်သည်။
ထိုအမျိုးသမီးသည် ငွေကို ထုတ်ယူလိုက်ပြီး ဖတ်မရသောစာများ ရေးသားထားသည့် စာရွက်တစ်ရွက်ကို မိထွေးဖြစ်သူထံ လက်မှတ်ထိုးရန် ကမ်းပေးလိုက်သည်။ ထို့နောက် သူမကညွှန်ကြားလိုက်၏။
“နောက်မှ သူ့ကိုလာခေါ်မယ်၊ ရှင်တို့နှစ်ယောက် ကလေးမလေးကို သေချာနားချထားလိုက်၊ သူက ရှင်တို့ထက်အရင် မြို့ထဲကိုဝင်နိုင်လိမ့်မယ်”
ထိုသို့ ပြေဆိုပြီးနောက် သူမ၏ဆံပင်ကို ပေါ့ပေါ့ပါးပါးလေး ထိတွေ့လိုက်သည်။
“အခု ငွေက ရှင်တို့လက်ထဲ ရောက်သွားပြီဆိုတော့ ကောင်မလေးက ငါ့လူဖြစ်သွားပြီ၊ ငါ မုသခင်မက မြို့ထဲမြို့ပြင်မှာ ဩဇာတိက္ကမရှိတဲ့သူတွေနဲ့ ရင်းနှီးတယ်၊ ရှင်တို့နှစ်ယောက် ကောင်မလေးကို မျက်ခြေမပြတ်စောင့်ကြည့်ထား၊ နောင်တရမယ့်အလုပ်မျိုး မလုပ်ကြနဲ့နော်”
“ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ”
ဤသည်မှာ ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်းနှင့် ကောင်မလေးကို ထွက်မပြေးနိုင်ရန် မျက်ခြေမပြတ်စောင့်ကြည့်ရမည်ဟူသော ညွှန်ကြားချက် တစ်ခုဖြစ်ကြောင်း နားလည်ထားသောကြောင့် မိထွေးဖြစ်သူက တောင့်တင်းနေသောအပြုံးဖြင့် ပြန်လည် ဖြေကြားလိုက်၏။
ညွှန်ကြားချက်များ ပေးပြီးနောက် မုသခင်မသည် ပြုံးရွှင်စွာဖြင့် ကလေးရှိသော နောက်ထပ်မိသားစုတစ်စုထံသို့ ထွက်ခွာသွားလေသည်။
လီရှောင်မန်သည် ဤအရာအားလုံးကို အေးစက်စွာ စောင့်ကြည့်နေခဲ့ပြီး မိထွေးဖြစ်သူမှ သူမကို ရောင်းစား၍ရလာသော ငွေသုံးတေးခွဲအား ပုံမှန် ဖွက်ထားနေကျ အိတ်ထဲသို့ ထည့်လိုက်သည်ကို မြင်သောအခါ အကြည့်များကို တိတ်တဆိတ် အောက်သို့စိုက်ချလိုက်သည်။
မနက်ခင်းတွင် မည်သည့်ရိက္ခာမျှ ဝေငှခြင်းမရှိပေ၊ တစ်ရက်လျှင် တစ်ကြိမ် ညနေပိုင်းတွင်သာ ဝေငှခြင်းဖြစ်ပေရမည်။ မနေ့က သူတို့ အချိန်မီ ရောက်လာခဲ့ခြင်းပင်။
လီရှောင်မန်သည် မတ်တပ်ရပ်ကာ မိထွေးဖြစ်သူထံသို့လျှောက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။
“သမီး တစ်ခုခုစားချင်တယ်”
မိထွေးဖြစ်သူသည် သူမကို စူးရဲရဲစိုက်ကြည့်လိုက်ပြီး ပြောင်းဖူးပေါင်မုန့်တစ်ဝက်ကို မလိုလားစွာဖြင့် ကမ်းပေးလိုက်သည်။
“ဒီလောက်ပဲရှိတယ်၊ ဒါကိုစားပြီး သူတို့နဲ့ အေးအေးဆေးဆေးလိုက်သွားတော့၊ နင့်ရှေ့ဆက်ရမယ့် ဘဝက ကောင်းမွန်လာမှာပါ”
လီရှောင်မန်သည် ပြောင်းဖူးပေါင်မုန့်ကို လှမ်းယူလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“အမေ ကလေးအေးအေးဆေးဆေး မွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”
မိထွေးဖြစ်သူမှာ ခဏတာမျှမှင်သက်သွားပုံရသည်။ ပုံမှန်အတိုင်းဆိုလျှင် ဒေါသတကြီး ပေါက်ကွဲကာ ငုံးတစ်ကောင်ကဲ့သို့ ကြောက်ရွံ့တတ်သော သူမ၏မွေးစားသမီးကို အော်ဟစ်ဆဲဆိုချင်သော်လည်း၊ လီရှောင်မန်၏ အေးစက်ပြီး အနည်းငယ် ရူးသွပ်နေသယောင်ရှိသော အကြည့်များနှင့် ဆုံမိသောအခါ သူမသာ နားလည်နိုင်သော စကားလုံးအချို့ကို ရေရွတ်လိုက်ပြီး မကြားချင်ယောင်ဆောင်နေလိုက်သည်။
ဤနောက်ဆုံး အချိန်လေးတွင် လင်မယားနှစ်ယောက်စလုံးသည် လီရှောင်မန်အပေါ် အတော်လေးသက်ညှာပေးနေပုံရသော်လည်း ထိုမျှသာဖြစ်ပြီး ထို့ထက်ပို၍ မည်သည့်အရာကိုမျှမလုပ်ဆောင်ပေးခဲ့ကြပေ။
မည်သူမျှ သတိမထားမိချိန်တွင်မှသာ သူမ၏အကြည့်များသည် မိထွေးဖြစ်သူ၏ခါးဆီသို့ တစ်ချက်တစ်ချက် ရောက်သွားတတ်၏။ သူမကိုရောင်းစားရာမှ ရရှိလာသော ငွေများထည့်ထားသည့် အဝတ်အိတ်ကလေးဆီသို့ပင်။
………
မွန်းတည့်ချိန်တွင် ပွဲစားများသည် သူတို့၏သားကောင်များကို ခေါ်ဆောင်ကာ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာကြသည်။ လီရှောင်မန်သည် အသက်အရွယ်အသီးသီးရှိသော မိန်းကလေးများစွာ၏အလယ်တွင် ပါဝင်ကာ မုသခင်မ၏နောက်မှလိုက်ပါလာခဲ့သည်။
အချို့ကို လမ်းတွင်မြင်ဖူးသော်လည်း အချို့ကိုမူ သူမ တစ်ခါမျှမမြင်ဖူးခဲ့ပေ၊ သူတို့အားလုံးတွင် တူညီသောအဆင့်အတန်းက တစ်ခုတည်းသာ။
ထိုအရာမှာ ကျွန်ဟူသော အဆင့်အတန်းပင်။
သူတို့ မြို့တံခါးဝသို့ ချဉ်းကပ်သွားချိန်တွင်၊ ဦးဆောင်လာသော မုသခင်မသည် မြို့တံခါးစောင့်အား တစ်စုံတစ်ရာကို တိတ်တဆိတ် ကမ်းပေးလိုက်ပြီးနောက် လူအုပ်ကြီးမှာ မြို့တွင်းသို့ အလျင်အမြန်ဝင်ခွင့်ရသွားလေသည်။
လီရှောင်မန်သည် သူမ၏လက်ထဲတွင်ရှိနေသော ငွေသုံးတေးကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း နောက်သို့ နောက်ဆုံးအကြိမ် လှည့်ကြည့်လိုက်သည်။
ထူထပ်စွာ ပြည့်နှက်နေသော မြို့ရိုးအပြင်ဘက်တွင် လူတိုင်းသည် ညစ်ပတ်ပေရေနေကြသည်။ သူမ ရင်းနှီးသော မျက်နှာတစ်ခုကိုမျှ မတွေ့ရသလို သူမ ယခုလေးတင် ထွက်ခွာလာခဲ့သော နေရာကိုလည်း ရှာမတွေ့တော့ပေ။
သို့သော် ကိစ္စမရှိပေ။
ငွေတစ်တေးသည် ရှေ့လာမည့်ရက်အနည်းငယ်အတွက် သူမ၏စားစရိတ်ကို ကာမိစေမည်ဖြစ်သည်။
လီရှောင်မန်၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသော်လည်း၊ ကွဲအက်နေသော နှုတ်ခမ်းများမှာ နာကျင်စွာ ဆွဲဆန့်ခံလိုက်ရပြီး၊ ဤခံစားချက်ကို သူမ ဘယ်သောအခါမျှ မေ့ပျောက်နိုင်တော့မည်မဟုတ်ပေ။
နာကျင်လှသည်။ ဤနေ့ရက်ကို သူမ သေချာပေါက်မှတ်သားထားရပေမည်။
“အစ်မရှောင်မန် နှုတ်ခမ်းက သွေးထွက်နေတယ်”
ကောင်မလေးတစ်ယောက်က မုသခင်မ မကြားစေရန် သတိထားကာ တီးတိုးပြောလာသည်။
လီရှောင်မန်သည် ခေါင်းလှည့်ကာ ထိုကောင်မလေး၏မျက်နှာကို သေချာကြည့်လိုက်၏။ သူမမျက်လုံးများမှာ ပြူးကျယ်နေပြီး မျက်နှာအမူအရာတွင်မူ ကိုယ့်အနာဂတ်အတွက် ပူပန်နေပုံမရဘဲ လီရှောင်မန်အတွက် စိုးရိမ်နေသည့်ဟန်သာ ရှိနေသည်။ လီရှောင်မန် တီးတိုးမေးလိုက်၏။
“နင် မကြောက်ဘူးလား”
ကောင်မလေးမှာ ခဏတာရပ်တန့်သွားပြီး စဉ်းစားနေဟန်ဖြင့် ရပ်နေပြီးနောက်မှ ပြန်ဖြေလာသည်။
“နည်းနည်းတော့ကြောက်တယ်၊ ဒါပေမယ့် ရှင်သန်ရတာကို ပိုသဘောကျတယ်”
လီရှောင်မန် နားလည်သွားသည်။ ဤလောကဓံ၏ ရက်စက်မှုများကြားတွင် သူမတို့ကဲ့သို့သော ခိုကိုးရာမဲ့ မိန်းကလေးများအတွက် ရှင်သန်ခြင်းဆိုသည်မှာ အခွင့်အရေးတစ်ခုမဟုတ်ဘဲ ဆုပ်ကိုင်ထားရမည့် တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်ကြောင်းကို သူမ လုံးလုံးလျားလျား သဘောပေါက်သွားလေတော့၏။