Ch 5
Viewers 216

Ch-5

• May 4 at 12:25 AM

ပြည့်တန်ဆာအိမ်ဆိုသည်မှာ မည်သူမျှမကြောက်ရွံ့ဘဲ မနေနိုင်သော နေရာမျိုးဖြစ်သည်။

လူတစ်ယောက်ကို ကျွန်အဖြစ်သို့ ပြောင်းလဲပစ်ခြင်းသည် ထိုသူ၏ဝိညာဉ်ကို နှစ်ခြမ်းခွဲပစ်လိုက်ခြင်းနှင့် တူ၏။ 

နာကျည်းနေသော ဝိညာဉ်တစ်ခြမ်းက “နင် ဘာလို့ ဒါကိုလက်ခံခဲ့တာလဲ” ဟု မေးခွန်းထုတ်သည့်အခါ၊ အညံ့ခံလိုက်ရသော အခြားတစ်ခြမ်းကမူ “ငါ အသက်ရှင်ချင်ရုံသက်သက်ပါ” ဟုသာ ပြန်လည်ဖြေကြားနိုင်တော့သည်။

မိန်းကလေးတစ်စုသည် မုသခင်မနောက်မှ လိုက်ပါလာရင်း လူအုပ်ကိုရှောင်ကွင်းကာ လမ်းကြိုလမ်းကြားတစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ခေတ္တမျှလျှောက်လှမ်းပြီးနောက် ခြံဝင်းငယ်တစ်ခုရှိသော အိမ်ရှေ့တွင် ရပ်တန့်လိုက်ကြသည်။

ဝင်းထဲတွင် လူနှစ်ဦးရှိနေသည်ကို တွေ့ရ၏။ မုသခင်မနှင့် ရွယ်တူအမျိုးသားတစ်ဦးက ရေနွေးအိုးတည်နေပြီး ဆယ်နှစ်သမီးအရွယ် မိန်းကလေးတစ်ဦးက ထမင်းဟင်းချက်ပြုတ်နေသည်။

မုသခင်မက မိန်းကလေးများကို အခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားပြီး သန့်ရှင်းရေး ပြုလုပ်စေ၏။

မုသခင်မသည် သူတို့၏ နွမ်းပါးပေရေနေသော အခြေအနေကိုကြည့်၍ အမျိုးသမီးကြီးတစ်ဦးအား ခေါ်ကာ မိန်းကလေးများကို စနစ်တကျ တိုက်ချွတ်ဆေးကြောခိုင်းလေသည်။ 

ထိုအမျိုးသမီးကြီးသည် မိန်းကလေးများ၏တုံ့ပြန်မှုများကို ဂရုမစိုက်ဘဲ သူမ၏အလုပ်ကိုသာ အေးစက်မာကြောစွာ ဆောင်ရွက်ခဲ့၏။

ဆေးကြောသန့်စင်ပြီးနောက် အဝတ်အစားသစ်များ လဲလှယ်ဝတ်ဆင်လိုက်မှပင် သူတို့၏ရုပ်သွင်ကို ပြန်လည်မြင်တွေ့ရတော့လေသည်။ အသားဖြူသူ အနည်းငယ်မှလွဲ၍ ကျန်သူများမှာ အာဟာရချို့တဲ့ကာ ပိန်လှီနွမ်းပါးနေကြသည်မှာ သနားစဖွယ်ပင်။

ထို့နောက် မုသခင်မက သူတို့အား အစားအသောက်များကျွေးမွေးရန် ပြင်ဆင်ထားသော စားပွဲရှည်ကြီးသို့ ခေါ်ဆောင်သွားသည်။ 

“မြန်မြန်စားကြ” 

သူမအမိန့်ပေးလိုက်သောအခါ ဗိုက်ဆာနေကြသော မိန်းကလေးများသည် အားရပါးရစားသောက်ကြတော့သည်။

အစားအသောက်များကို တစ်ယောက်စာစီ ခွဲဝေပေးထားခြင်းမှာ အလွန်အကျွံစားမိ၍ ဗိုက်မနာစေရန်နှင့် ကုန်ကျစရိတ်ကို ထိန်းချုပ်ရန်ပင်။ လီရှောင်မန်အတွက်မူ ထိုဟင်းလျာများမှာ သူမဘဝတွင် စားခဲ့ရသမျှထဲ၌ အကောင်းဆုံးဟု ထင်မှတ်ရလောက်၏။

အင်အားများ ပြန်လည်ပြည့်ဖြိုးလာသောအခါ လီရှောင်မန်သည် ရှေ့ဆက်ရမည့်အရေးကို စတင်စဉ်းစားလာသည်။ မုသခင်မသည် သူတို့အား အထက်တန်းလွှာမိသားစုများထံ အစေခံအဖြစ် ရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သူမရိပ်မိသည်။

ချမ်းသာသော အိမ်ကြီးအိမ်ကောင်းများတွင် နေထိုင်ရခြင်းမှာ အခွင့်အလမ်းကောင်းသော်လည်း အန္တရာယ်များလှကြောင်း သူမသိ၏။ အစေခံဘဝဖြင့် သခင်များ၏စိတ်အလိုကို လိုက်ရခြင်း၊ အကောက်ကြံခံရခြင်းနှင့် အချိန်မရွေးအပယ်ခံရနိုင်ခြင်းတို့သည် သူမအတွက် သွေးပျက်စရာအနာဂတ်ပင်ဖြစ်၏။

လွတ်မြောက်ရန်အတွက် ငွေစုဆောင်းရန် ကြိုးစားလိုသော်လည်း မိန်းမသားတစ်ဦးတည်း ဤလောကထဲတွင် မည်သို့ရုန်းကန်ရမည်ကို တွေးတောရင်း လီရှောင်မန်တစ်ယောက် ရင်လေးနေမိတော့သည်။

လီရှောင်မန်အတွက် ရှေ့အလားအလာမှာ မရေရာလှသဖြင့် မည်သို့သောအခွင့်အလမ်းကို အရယူရမည်ကို စဉ်းစားရခက်နေမိသည်။ 

မုသခင်မက မိန်းကလေးတစ်ဒါဇင်ခန့်ကို အပြင်သို့ ခေါ်ဆောင်လာချိန်တွင်တော့ လူနေရပ်ကွက်များကို ဖြတ်သန်းသွားလာရသဖြင့် လမ်းတစ်လျှောက်တွင် လူအများကို တွေ့မြင်နေရသည်။

နောက်ဆုံးတွင် ခန့်ညားထည်ဝါသော အစိုးရရုံးတော်တစ်ခုရှေ့၌ ရပ်တန့်လိုက်ကြသည်။ မုသခင်မက စာချုပ်ချုပ်ဆိုရန် လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့၏။

ထိုစာချုပ်များသည် လူတစ်ဦး၏ဘဝအပြောင်းအလဲကို ဆုံးဖြတ်ပေးမည့် အရေးကြီးသော အထောက်အထားများပင်။ 

လီရှောင်မန်သည် ထိုမြင်ကွင်းကို ဆက်မကြည့်လိုသဖြင့် မျက်နှာလွှဲလိုက်သော်လည်း လမ်းလျှောက်လာသော ရုံးတော်အမှုထမ်းတစ်ဦးနှင့် မျက်လုံးချင်းဆုံသွားလေသည်။

ရုံးတော်အမှုထမ်းသည် ခက်ထန်သောအကြည့်နှင့် တည်ကြည်သောမျက်နှာထားရှိသဖြင့် မိန်းကလေးငယ်များမှာ ကြောက်လန့်တကြား ဖြစ်နေကြသော်လည်း လီရှောင်မန်ကမူ တည်ငြိမ်စွာသာ စောင့်ဆိုင်းနေခဲ့သည်။

အလုပ်ကိစ္စများ ပြီးစီးသွားသောအခါ မုသခင်မသည် စာချုပ်များကို သေသေချာချာသိမ်းဆည်းလိုက်ပြီး မိန်းကလေးများကို ပြန်လည်ခေါ်ဆောင်လာခဲ့လေ၏။ နေအိမ်ဝင်းသို့ ပြန်ရောက်သောအခါ မိန်းကလေးများမှာ စိတ်သက်သာရာရသွားကြပြီး အိမ်မှုကိစ္စများကို တက်ကြွစွာ ဝိုင်းဝန်းကူညီကြလေသည်။

ရက်အနည်းငယ်ကြာပြီးနောက် မိန်းကလေးများမှာ ကျန်းမာလန်းဆန်းလာကြသဖြင့် မုသခင်မလည်း စိတ်အေးသွားပုံရ၏။

နံနက်ခင်းတစ်ခုတွင်……

မုသခင်မသည် အလုပ်ကြိုးစားသော မိန်းကလေးအချို့ကို ရွေးထုတ်လိုက်သည်။ 

လီရှောင်မန်သည် ဤအခြေအနေကိုကြည့်၍ မိမိ၏အရည်အချင်းအား မည်သို့ထုတ်ဖော်ပြသရမည်ကို စတင်စဉ်းစားလာမိသည်။

မွန်းတည့်ချိန်တွင် မုသခင်မပြန်ရောက်လာပြီး ရွေးချယ်မခံရသော မိန်းကလေးနှစ်ဦးထံမှ အခြေအနေများကို အားလုံးကဝိုင်းဝန်းမေးမြန်းကြတော့သည်။ 

လီရှောင်မန်ကမူ ဘေးမှနေ၍ တိတ်တဆိတ်သာ နားထောင်နေခဲ့၏။

“အထဲမှာ တခြားသူတွေလည်းအများကြီးပဲ၊ လူကြီးတစ်ယောက်က ဘာတွေလုပ်တတ်လဲဆိုတာမေးတယ်၊ လူအတော်များများအရွေးခံရပေမယ့် ငါတို့တော့မပါခဲ့ဘူး” 

ထိုမိန်းကလေးများက ပြန်ပြောပြကြသည်။ ဤအချက်အလက်များကို သိလိုက်ရသောအခါ လီရှောင်မန်နှင့် အခြားသူများသည် မိမိတို့၏အနာဂတ်အတွက် ပိုမိုကြိုးစားရန် ပြင်ဆင်ကြလေတော့သည်။

ရက်အနည်းငယ်ကြာလာသည်နှင့်အမျှ မုသခင်မသည် မိန်းကလေးများကို တစ်သုတ်ပြီးတစ်သုတ် အပြင်သို့ခေါ်ထုတ်သွားသော်လည်း ရွေးချယ်မခံရသူများသာ ပြန်လာကြ၏။ 

လီရှောင်မန်လည်း အကြိမ်အနည်းငယ် လိုက်ပါခဲ့ရသော်ငြား သူမ၏ အရည်အချင်းများကို မည်မျှပင် အလေးအနက်ရှင်းပြပါစေ၊ မည်သူကမျှ သူမကို ရွေးချယ်ခြင်းမရှိခဲ့ပေ။

နောက်ဆုံးတွင် လူအနည်းငယ်သာ ကျန်ရှိတော့သည့်အခါ သူမ၏ရင်ထဲတွင် စိုးရိမ်စိတ်များက ပိုမိုကြီးစိုးလာ၏။ 

“သူတို့က ငါ့ရဲ့အရည်အချင်းကို ကြည့်တာမဟုတ်ဘဲ တခြားအရာတစ်ခုကို လိုချင်နေတာများလား”

သူမ သံသယဝင်လာမိသည်။ ညဘက်တွင် အိပ်မပျော်နိုင်ဘဲ လူးလှိမ့်နေရင်း မုသခင်မ၏ စူးစမ်းသောအကြည့်များနှင့် တစ်နေ့တခြား ညံ့ဖျင်းလာသော အစားအသောက်များကို တွေးတောကာ စိတ်မသက်မသာ ဖြစ်နေမိသည်။ ထို့ကြောင့် အိမ်သာသွားရန် အခန်းထဲမှ တိတ်တဆိတ်ထွက်လာခဲ့လိုက်၏။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေချိန်တွင် အဆောင်ခန်းမကြီးအတွင်းမှ ခပ်တိုးတိုး စကားပြောသံများကို လီရှောင်မန် ကြားလိုက်ရသည်။ 

လီရှောင်မန်သည် သတိကြီးစွာဖြင့် ပြတင်းပေါက်အနီးသို့ ချဉ်းကပ်ကာ နားစွင့်ကြည့်လိုက်သည်။

“စိတ်မဝင်စားဘူး...”

“ဒုက္ခပေးမယ့်သူ... ကျန်တဲ့နှစ်ယောက်...”

“အဲဒီပြဿနာရှာတဲ့ တစ်ယောက်ကို... ပြည့်တန်ဆာအိမ်...”

 အသံများပြတ်တောင်းပြတ်တောင်း ဖြစ်နေသော်လည်း စကားလုံးအချို့ကို လီရှောင်မန် ကြားလိုက်သေး၏။

ထိုစကားလုံးများကို ကြားလိုက်ရချိန်တွင် လီရှောင်မန်၏နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။

“ပြဿနာရှာတဲ့သူ” ဆိုသည်မှာ သူမကို ရည်ညွှန်းနေခြင်းဖြစ်ပြီး သူမကို ပြည့်တန်ဆာအိမ်သို့ပို့ရန် ကြံစည်နေကြခြင်းဖြစ်ကြောင်း ရိပ်မိလိုက်သောအခါ တစ်ကိုယ်လုံး အေးစက်တုန်ရင်သွားရတော့သည်။

သူမသည် လူပီသစွာရှင်သန်နိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း အဆိုးဝါးဆုံးသောလမ်းကို လျှောက်လှမ်းရတော့မည်လားဟူသော အတွေးဖြင့် မျက်ရည်များ ရစ်ဝဲလာခဲ့သည်။

“ထွက်ပြေးရမလား”

“ဒါပေမဲ့ ဘယ်ကို ပြေးရမှာလဲ”

“ထွက်ပြေးပြီးရင်ကော ကျွန်အဖြစ်နဲ့ အဖမ်းခံရဦးမှာလား”

မရေရာသော မေးခွန်းပေါင်းများစွာနှင့်အတူ လီရှောင်မန်တစ်ယောက် မည်သို့အခန်းထဲပြန်ရောက်၍ မည်သို့အိပ်ပျော်သွားသည်ကိုပင် မသိတော့ဘဲ မျှော်လင့်ချက်မဲ့စွာဖြင့် တစ်ညတာကို ကုန်ဆုံးလိုက်ရလေတော့သည်။