Ch-6
• May 4 at 12:26 AM
“ကျန်တဲ့သုံးယောက်ထဲက တစ်ယောက်ကတော့ ပြဿနာကောင်ပဲ၊ ဘယ်အိမ်ကမှ သူ့ကို လက်မခံနိုင်ဘူးလို့ အားလုံးကပြောကြတယ်၊ ကျန်တဲ့နှစ်ယောက်ကလည်း အမြင်ကိုမလှတာ၊ အဲဒီနေရာတွေကိုတော့ ငါတို့ မသွားသင့်ဘူးလို့ ထင်တယ်”
“မနက်ဖြန် အဲဒီကောင်မလေးကို အဖွားကြီးဆီ ခေါ်သွားလိုက်၊ သူက ချွေးမတစ်ယောက် ရှာချင်နေတာမဟုတ်လား”
“ကောင်းပြီလေ၊ သူ့ကို အရင်ခေါ်သွားကြည့်လိုက်၊ အဆင်မပြေဘူးဆိုရင်လည်း အပြင်ထွက်ပြီး အလုပ်လုပ်ခိုင်းလိုက်ရုံပေါ့၊ သူ့ကို အလကားနေရင်း ထိုင်ကျွေးထားလို့တော့ မဖြစ်ဘူး၊ ငါ အရှုံးပေါ်နေပြီ”
“မအိပ်နဲ့ဦး၊ မျက်လုံးဖွင့်စမ်းပါ၊ ဟိုနေ့က ရှင် ချွန်းရှီးလမ်းကြားဘက်သွားတာကို လူတွေမြင်လိုက်တယ်တဲ့၊ အဲဒီမှာ ရှင်ဘာသွားလုပ်တာလဲ၊ ပြည့်တန်ဆာအိမ်သွားတာလား”
“အိုကွယ်၊ မင်းက ငါ့ကိုအထင်လွဲနေတာပါကွာ၊ သူတို့က လူလိုတယ်ဆိုလို့ ငါ့ကိုလာတိုင်ပင်ကြတာပါ၊ တကယ်ပါကွာ၊ မင်းကို သစ္စာဖောက်မယ့်အလုပ်မျိုး ငါ ဘယ်လုပ်ရက်ပါ့မလဲ၊ ဒါ့အပြင် ဒီရက်ပိုင်း ငါ တော်တော်လေးပင်ပန်းနေတာကို”
“ဖယ်စမ်းပါ၊ အလုပ်အကြောင်းပဲပြောကြရအောင်၊ သူတို့က ဘယ်လိုလူမျိုးလိုချင်တာတဲ့လဲ၊ သတိတော့ပေးထားမယ်နော်၊ ကျွန်မက တရားဝင် အောင်သွယ်စားပွဲစားမ တစ်ယောက်ပါ၊ ကျွန်မနာမည်ပျက်အောင် ရှင် တစ်ခုခုလုပ်ခဲ့မယ်ဆိုရင်တော့ အစိုးရရုံးတော်ထိသွားပြီး တရားစွဲပစ်မယ်”
“တကယ်ပြောတာပါကွာ၊ တကယ်ပါ၊ ခဝါသည်အမျိုးသမီးတစ်ယောက် လိုချင်လို့ပါတဲ့၊ ညဉ့်လည်းနက်နေပြီ၊ မိန်းမကလည်းအိပ်မပျော်ဘူးဆိုတော့ ငါတို့တွေ”
“ထွက်သွားစမ်း”
နံနက်မိုးသောက် အလင်းရောင် ရောက်လာချိန်တွင် လီရှောင်မန်သည် ယခင်ရက်များထက် ပိုမိုကြည်လင်နိုးကြားစွာ နိုးထလာခဲ့သည်။
မုသခင်မတို့ ဇနီးမောင်နှံ၏ ညဉ့်နက်သန်းခေါင် စကားဝိုင်းအား သူမ ခိုးနားထောင်ခဲ့မိကြောင်းကိုမူ မည်သူ့ကိုမျှ အရိပ်အမြွက်မျှပင် အသိပေးမည်မဟုတ်ပေ။
သူမ၏ ရင်တွင်း၌ လွတ်မြောက်လိုသော ဆန္ဒများက ပြင်းပြနေပြီး သူမအတွက် အခွင့်အရေး တစ်စုံတစ်ရာ ကျန်ရှိနေသေးသလား သို့မဟုတ် မည်သို့သော အခွင့်အလမ်းများ ဖန်တီးနိုင်မည်နည်း ဟူသည်ကို အမြန်ဆုံး အဖြေရှာရန် စိတ်အားထက်သန်နေခဲ့သည်။
သို့သော်လည်း သူမ၏ စူးစမ်းလေ့လာမှုများ မစတင်နိုင်မီ နံနက်စာစားပြီးသည်နှင့်တစ်ပြိုင်နက် မုသခင်မက သူမအား အပြင်သို့ ခေါ်ဆောင်သွားခဲ့လေသည်။
မုသခင်မ၏ မျက်နှာပေါ်တွင် စိတ်ကြည်နူးနေသည့် အရိပ်အယောင်များကို တွေ့လိုက်ရသဖြင့် လီရှောင်မန်သည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်၏။
“မုသခင်မ ကျွန်မတို့ ဘယ်သွားကြမလို့လဲဟင်”
သူတို့ ဖြတ်သန်းသွားလာနေသော လမ်းကြမ်းကလေးကို ကြည့်ခြင်းအားဖြင့် ချမ်းသာကြွယ်ဝသူတို့ နေထိုင်ရာ ရပ်ကွက်ဆီသို့ ဦးတည်နေခြင်းမဟုတ်ကြောင်း သိသာထင်ရှားလှပေသည်။ ပုံမှန်အားဖြင့် ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးများဆီသို့ သွားမည်ဆိုပါက ဤလမ်းကြောင်းကို အသုံးပြုမည်မဟုတ်ပေ။
မုသခင်မသည် ထိုပြဿနာရှာတတ်သော ကောင်မလေးကို ငေးကြည့်ရင်း ခေါင်းကိုက်လာသလိုခံစားလိုက်ရသည်။ အမှန်စင်စစ်တွင် ထိုမိန်းကလေးသည် အခြားသူများထက် အဘက်ဘက်မှ သာလွန်နေပြီး စာပေတတ်မြောက်ရုံသာမက ရုပ်ရည်သွင်ပြင်ကလည်း အတော်လေးသန့်ပြန့်တင့်တယ်လှသည်။
အစပိုင်းတွင် ဤမျှအရည်အချင်းရှိသော မိန်းကလေးတစ်ယောက် ဘာကြောင့် အရွေးမခံရသည်ကို မုသခင်မ နားမလည်နိုင်ခဲ့ပေ။
သို့သော် ရင်းနှီးသော အဘွားအိုတစ်ဦးက တိုးတိုးတိတ်တိတ် သတိပေးလာချိန်မှသာ အကြောင်းစုံကို သဘောပေါက်သွားခဲ့သည်။ ဤမိန်းကလေးသည် အပေါ်ယံတွင် လိမ္မာရေးခြားရှိပုံပေါ်သော်လည်း တကယ့်လက်တွေ့တွင်မူ အလွန်ခေါင်းမာပြီး ပြောရဆိုရခက်ခဲသော ပုန်ကန်တတ်သူတစ်ဦးဖြစ်နေခြင်းကြောင့်ပင်။
အကယ်၍သာ သူမကို ရွေးချယ်ခဲ့ပါက နောင်တစ်ချိန်တွင် မည်သို့သောပြဿနာမျိုးများ ဖန်တီးလာမည်ကို မည်သူမှ ကြိုတင်မခန့်မှန်းနိုင်ပေ။
အကဲခတ်ကျွမ်းကျင်သော အကြီးတန်း အစေခံမကြီးများသည် သူမ၏အတွင်းစိတ်စရိုက်ကို တစ်ချက်ကြည့်ရုံဖြင့် ထိုးထွင်းသိမြင်နိုင်သောကြောင့် အရွေးမခံရခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။
ဤမိန်းကလေးကြောင့် အချိန်အတော်ကြာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသဖြင့် မုသခင်မက ရေငုံနှုတ်ပိတ်နေရန် အမူအရာဖြင့် သတိပေးလိုက်သည်။
“ငါ မုသခင်မက အိမ်ထောင်ပြုဖို့နဲ့ မိသားစုအတွက်သင့်တော်မယ့် ကောင်မလေးတွေကို အမြဲတမ်း သေချာလေ့ကျင့်သင်ကြားပေးခဲ့တာကို နင်သိရဲ့လား၊ ဒါပေမဲ့ နင့်ကြောင့် ငါ့နာမည်ပျက်ရတော့မလို့ပဲ”
လီရှောင်မန်သည် အလွန်ရှက်ရွံ့သွားပြီး သူမ၏လေသံထဲတွင် မကျေနပ်မှု အနည်းငယ် ရောယှက်နေခဲ့သည်။
“အခု နင့်ကိုမြို့ငယ်လေးတစ်ခုဆီ ခေါ်သွားပြီး အဲဒီကအဖွားကြီးက နင့်ကို သဘောကျမကျ သွားပြမယ်၊ အကယ်၍ သူကမှ သဘောမကျဘူးဆိုရင်တော့….”
မုသခင်မက စကားကိုအဆုံးမသတ်ဘဲ ခြိမ်းခြောက်သည့် လေသံဖြင့် ချန်ထားရစ်ခဲ့၏။ လီရှောင်မန်သည် လစ်ဟာသွားသော စကားလုံးများကို သူမဘာသာ အလိုအလျောက် ဖြည့်စွက်တွေးတောလိုက်ပြီး ဤတစ်ခုတည်းသော အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန် ခိုင်မာစွာ ဆုံးဖြတ်လိုက်ကာ ပြောလိုက်သည်။
“ကျွန်မ အစွမ်းကုန်ကြိုးစားပါ့မယ်၊ ကျေးဇူးတင်ပါတယ်၊ သခင်မ”
“အိုကွယ်၊ အရမ်းကြီးလည်း မကြိုးစားပါနဲ့”
မုသခင်မမှာ အလွန်လန့်သွားပြီး နေရာမှပင် ခုန်ထွက်မိမတတ် ဖြစ်သွားသည်။ ဤကောင်မလေးသည် အမြဲတမ်း အလွန်အကျွံ ကြိုးစားလွန်းအားကြီးသောကြောင့် လူများက သူမကို ယုံကြည်စိတ်ချရမှုမရှိဟု ယူဆကာ မရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း မုသခင်မ ကောင်းစွာသိထားသည်။ ထိုသို့သိလျက်နှင့်ပင် ထပ်မံကြိုးစားရန် ရဲတင်းနေသေးသည်လော။
“ငြိမ်ငြိမ်လေးသာနေပြီး ငါပြောတာကိုပဲ ဖြေ၊ တခြားသူတွေပြောတာကို နားထောင်ပါ၊ ကိုယ့်သဘောနဲ့ကိုယ် ဘာမှမလုပ်နဲ့ နားလည်လား”
“ဟုတ်ကဲ့ပါ”
သူမ အရွေးမခံရခြင်း၏ နောက်ကွယ်မှအမှန်တရားကို မျှော်လင့်မထားဘဲ သိရှိလိုက်ရသောကြောင့် လီရှောင်မန်သည် မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။ မုသခင်မ၏ ဆိုလိုရင်းမှာ သူမသည် သရုပ်ဆောင်လွန်းအားကြီးသောကြောင့် ပယ်ချခံခဲ့ရသည်ဟူသော အဓိပ္ပာယ်လော။ အလွန် ရယ်စရာကောင်းလှပေသည်။
သူမသည် တစ်စုံတစ်ယောက်အား ထိုးကြိတ်ပစ်လိုက်ချင်စိတ်များပင် ပေါက်လာခဲ့သည်။ သို့သော်လည်း ရင်အတွင်းနက်ရှိုင်းသော နေရာ၌မူ မုသခင်မသည် လီရှောင်မန်အား အတော်လေး အရည်အချင်းရှိသူအဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး တာဝန်ရှိ အသက်ကြီးကြီးအမျိုးသမီးများသည် သူမ၏တန်ဖိုးကို မမြင်နိုင်လောက်အောင် မျက်စိကန်းနေကြသည်ဟုပင် တိတ်တဆိတ် ယုံကြည်ထားခဲ့သည်။
ပထမဆုံးအကြိမ် တွေ့ဆုံကတည်းက လီရှောင်မန်၏ထက်မြက်မှုကို သတိပြုမိခဲ့သောကြောင့် ထိုဇနီးမောင်နှံအား ငွေထက်ဝက်ပိုပေးရန်ပင် လိုလိုလားလားရှိခဲ့သော်လည်း ယခုအခါတွင်မူ ထိုလုပ်ရပ်မှာ သူမအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသဖွယ် ဖြစ်လာခဲ့၏။
သူမ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ် မည်သည့်အခါမှ သံသယမဝင်ခဲ့ဘဲ အကြိမ်ကြိမ် တွေးတောပြီးနောက်တွင်လည်း ထိုအသက်ကြီးကြီးအမျိုးသမီးများသည် အကဲခတ်ညံ့ဖျင်းကာ လီရှောင်မန်အပေါ် အထင်လွဲနေကြခြင်းသာ ဖြစ်သည်ဟု ခံစားနေရဆဲဖြစ်သည်။
လီရှောင်မန်၏ သနားစရာကောင်းသော မျက်နှာပေးကို မြင်လိုက်ရသောအခါ မုသခင်မသည် ဆက်လက်မရှင်းပြဘဲ မနေနိုင်တော့ပေ။
“တို့ဟူးလုပ်တဲ့ အဖွားကြီးက အသေးစား စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပဲ၊ နင်သာ သူ့စကားကိုနားထောင်ပြီး သူက နင့်ကိုရွေးချယ်မယ်ဆိုရင် ဟိုအိမ်ကြီးတွေက အစေခံတွေထက် နင်က ဘာမှနိမ့်ကျနေမှာမဟုတ်ဘူး”
ပြီးခဲ့သည့်ညက အဖြစ်အပျက်များကိုသာ ခိုးနားမထောင်ခဲ့မိပါက လီရှောင်မန်သည် မုသခင်မ၏ရှင်းပြမှုအပေါ် အလွန်ကျေးဇူးတင်နေမိမည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ သူမ၏အမြင်၌ မုသခင်မသည် ရိုသေလေးစားဖွယ်ကောင်းဟန်ဆောင်ကာ ယုတ်မာသောလုပ်ရပ်များကို တိတ်တဆိတ်ကျူးလွန်နေသည့် မိန်းမတစ်ယောက်သာ ဖြစ်နေတော့သည်။
ယခုအချိန်တွင် ထိုမိန်းမအပေါ် ကျေးဇူးတင်မိခြင်းသည် သူမ၏အနာဂတ်အတွက်သာမက ထိုမိန်းမ၏လက်ချက်ဖြင့် မည်သည့်နေရာသို့ ရောက်သွားမှန်းမသိသော အခြားမိန်းကလေးများကိုပါ သစ္စာဖောက်ရာရောက်ပေလိမ့်မည်။
“ဟုတ်ကဲ့ပါ”
သူမက စိတ်ဓာတ်ကျနေသောလေသံဖြင့် ရိုးရှင်းစွာတုံ့ပြန်လိုက်သည်။ သို့သော် မုသခင်မကမူ သူမအား စိတ်ပျက်အားငယ်သွားသည်ဟု ထင်မှတ်ကာ မည်သည့်စကားမှ မဆိုတော့ဘဲ စိတ်ထဲမှသာ သက်ပြင်းချလိုက်မိသည်။ အရှုံးပေါ်မည့် ကိစ္စတစ်ခုပင်။
ဤခရီးစဉ်မှာ သိပ်မရှည်လျားလှပေ။ လီရှောင်မန်သည် စကားပြောနေသော်လည်း ဖြတ်သန်းသွားသော လမ်းကြောင်းကိုမူ မျက်ခြည်မပြတ်စောင့်ကြည့်နေခဲ့သည်။
ဤပတ်ဝန်းကျင်သည် မုသခင်မနေထိုင်ရာ နေရာနှင့် သိပ်မဝေးလှသော်လည်း တမင်တကာ လိုက်လံမရှာဖွေပါက အလွယ်တကူတွေ့ရှိနိုင်မည့် နေရာမျိုးတော့ မဟုတ်ပေ။
သူတို့သည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်သောကြောင့် ဆိုင်သို့ ပေါ်ပေါ်ထင်ထင် မသွားခဲ့ပေ။ ယင်းအစား အဘွားအိုအား အိမ်သို့ပြန်လာပြီး စကားပြောရန် လူစားလွှတ်၍ သတင်းပို့ခိုင်းခဲ့သည်။
သူတို့သည် အတူတကွ မလျှောက်ခဲ့ကြဘဲ အခြားသူများ သတိမထားမိစေရန် တစ်ယောက်နောက် တစ်ယောက် အသီးသီးခွဲ၍ သွားခဲ့ကြကာ လျှို့ဝှက်သောအသွင်အပြင်ကို ထိန်းသိမ်းထားခဲ့ကြ၏။ လီရှောင်မန်သည် အခြေအနေများကို စောင့်ကြည့်ရင်း စိတ်ထဲတွင် အတော်လေး မသက်မသာဖြစ်နေခဲ့သည်။
အကယ်၍သာ မုသခင်မကိုယ်တိုင်က အဘွားအိုအကြောင်း ထည့်သွင်းပြောကြားကာ လူစားလွှတ်၍ သတင်းမပို့ခိုင်းခဲ့ပါက သူမအား ညစ်ပတ်စက်ဆုပ်ဖွယ်ကောင်းသော နေရာတစ်ခုခုသို့ ရောင်းစားခံရတော့မည်ဟုပင် သံသယဝင်မိမည်မှာ အသေအချာပင်။