Ch-7
• May 4 at 12:26 AM
သေသပ်လှပစွာ ပြုပြင်ထိန်းသိမ်းထားသော ခြံဝင်းတစ်ခုရှေ့တွင် ရပ်တန့်လိုက်ချိန်မှသာ သူမ သက်ပြင်းတစ်ချက် ချနိုင်ခဲ့တော့သည်။ ခြံဝင်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အရာအားလုံး သန့်ရှင်းသပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ ဤအိမ်သည် အဆင့်အတန်းရှိသော မိသားစုတစ်စုဖြစ်ကြောင်း ပိုမိုယုံကြည်လာပြီး ဤနေရာတွင်သာ ဆက်လက်နေထိုင်လိုစိတ်များ အပြင်းအထန်ဖြစ်ပေါ်လာခဲ့သည်။
ကံမကောင်းစွာဖြင့် မုသခင်မက သူမအား စောင့်ကြည့်နေသောကြောင့် စိတ်ဝင်စားသည့်အရိပ်အယောင်များ ပြသရန် မဖြစ်နိုင်ခဲ့ပေ။
“အဖွားရေ ကျွန်မတို့တွေသိကျွမ်းလာခဲ့တာ ဆယ်နှစ်တောင်ကျော်နေပြီပဲ၊ ရိုးရိုးသားသားပြောရရင် ဒီကောင်မလေးက အတော်လေးကောင်းတယ်၊ စကားလည်းနားထောင်ပြီး မောက်မာတဲ့အမျိုးအစားထဲက မဟုတ်ဘူး၊ သူ့ရဲ့ လက်တံရှည်နဲ့ခြေတံရှည်တွေကို ကြည့်လိုက်ပါဦး၊ အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာပါ၊ သူ့ကို အိမ်ခေါ်သွားရင် အဖွားအတွက် အများကြီးအထောက်အကူဖြစ်စေမှာ အသေအချာပဲ၊ ဪ ဒါနဲ့ သူကစာလည်းဖတ်တတ်သလို သင်္ချာလည်းတွက်တတ်သေးတယ်”
မုသခင်မက လီရှောင်မန်အား ချီးကျူးနေခြင်းမဟုတ်ဘဲ သူမ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ် ကျေနပ်အားရနေကြောင်းကိုသာ တရစပ်ပြောဆိုနေလေသည်။ အဖွားသို့သည် လီရှောင်မန်အား တစ်ချက်အကဲခတ်လိုက်ရာ ချိုမြိန်သောအပြုံးလေးကို မြင်လိုက်ရသောကြောင့် မသိစိတ်မှပင်ပြန်လည်ပြုံးပြလိုက်မိ၏။ သို့သော် သူမသည် ချက်ချင်း သဘောမတူသေးဘဲ ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
“ဘာဖြစ်လို့ ဒီကောင်မလေးက ဒီလောက်တောင် အသားမည်းနေရတာလဲ”
သူမသားဖြစ်သူမှာ မျက်နှာမည်းသော်ငြား အသားအရေမှာ လုံးဝမမည်းဘဲ ရုပ်ရည်သန့်ပြန့်သူတစ်ဦးဖြစ်သည်။ ထို့ကြောင့် အသားမည်းသောဇနီးတစ်ယောက်ကို ရယူရန် မဖြစ်နိုင်ပေ။
ဤကိစ္စသည် မင်္ဂလာပွဲအတွက်ဖြစ်ကြောင်း မုသခင်မ သိထားသောကြောင့် ယခင်ကဲ့သို့ မိတ်ဆက်ပေးခြင်းမျိုး မလုပ်တော့ပေ။
သူမသည် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောရင်း လီရှောင်မန်အား ချစ်ခင်ကြင်နာစွာဆွဲယူကာ အင်္ကျီလက်ကိုပင့်တင်ပြီး အဖွားသို့အားပြလိုက်သည်။
“ဒါလမ်းမှာ နေလောင်သွားလို့ပါ၊ အခုတောင် အများကြီးဖြူလာပါပြီ၊ အရင်ကဆို ဒီထက်ပိုပြီးမည်းသေးတယ်၊ အိမ်ခေါ်သွားပြီး ခဏလောက်အနားပေးလိုက်ရင် အရင်ကလို အသားဖြူဖြူလေး ပြန်ဖြစ်သွားမှာသေချာတယ်၊ သူ့လက်ကောက်ဝတ်လေးတွေကို ကြည့်လိုက်ပါဦး၊ ဘယ်လောက်တောင် ဖြူဖွေးနေလိုက်သလဲလို့”
အဖွားသို့သည် အချက်အနည်းငယ်ကို ကြည့်ရှုစစ်ဆေးပြီးနောက် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
သူမသည် ချွေးမတစ်ယောက် ဝယ်ယူလိုသော်လည်း မိမိကိုယ်ကို အခြားသူများထက် သာလွန်သည်ဟု မယူဆထားပေ။ ယင်းအစား မုသခင်မ၏အရှေ့တွင်ပင် လီရှောင်မန်အား အလေးအနက်ထား၍ ရှင်းပြလိုက်သည်။
“သမီးလေး၊ အဖွားက တို့ဟူးလုပ်တဲ့သူတစ်ယောက်ပါ၊ သမီးဒီကိုလာရင် အဖွားကို တို့ဟူးလုပ်ကူရလိမ့်မယ်၊ ဒါက သိပ်လွယ်တဲ့အလုပ်တော့မဟုတ်ဘူး၊ ဒါကြောင့် သမီးသေချာစဉ်းစားသင့်တယ်နော်”
“အဖွား၊ ကျွန်မ ပင်ပန်းမှာကိုမကြောက်ပါဘူး၊ ကျွန်မ လမ်းတစ်လျှောက်လုံးမှာ ဒုက္ခမျိုးစုံကို ကြံ့ကြံ့ခံဖြတ်သန်းလာခဲ့တာပါ၊ စားလောက်ရုံ အိပ်လောက်ရုံလေး ရှိရင်ကို ကျွန်မအတွက်လုံလောက်နေပါပြီ”
လီရှောင်မန်သည် စကားလုံးလှလှလေးများကို အသာစွန့်လွှတ်လိုက်ပြီး အဖွားသို့ထံ သူမ၏ရိုးသားဖြူစင်သော စိတ်နှလုံးသားအား ဖွင့်ချပြချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာခဲ့သည်။
“အိုး နင်က အခုကတည်းက အဖွားလို့ ခေါ်နေပြီပေါ့၊ နင်တို့နှစ်ယောက်ကတော့ ရေစက်ပါလာတဲ့သူတွေပါလား”
မုသခင်မသည် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး အဖွားသို့အား လီရှောင်မန်ကို ပိုမိုစဉ်းစားလာစေရန် ကြိုးပမ်းလိုက်၏။ သို့သော် ထိုစကားကို ကြားလိုက်ရချိန်တွင် လီရှောင်မန်သည် တစ်စုံတစ်ရာမှားယွင်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
‘ဘာ၊ ဘာအဖွားလဲ'
သူမ၏ နိမိတ်မကောင်းသော ကြိုတင်ခံစားမှုမှာ တကယ်ဖြစ်လာခဲ့သည်။ သူမ၏ စိတ်အာရုံများ လွတ်ထွက်သွားပြီး အဖွားသို့၏ စကားသံကို ရုတ်တရက်ကြားလိုက်ရသည်။
“သမီးဒီကိုလာရင် အဖွားရဲ့ချွေးမဖြစ်လာမှာဆိုတော့ အဖွားလို့ခေါ်တာလည်း မမှားပါဘူးကွယ်”
‘ချွေးမတဲ့လား’
အဖွားသို့သည် အိမ်အကူတစ်ယောက်ကို ဝယ်ယူနေခြင်းမဟုတ်ဘဲ ချွေးမတစ်ယောက်ကို ဝယ်ယူနေခြင်းဖြစ်ပေသည်။
လီရှောင်မန်၏ နားထဲတွင် အသံများ ဆူညံသွားပြီး မည်သည့်အရာကိုမျှ မကြားနိုင်တော့ပေ။
သို့ဆိုလျှင် သူမ၏ ဘဝလမ်းကြောင်းသည် အမျိုးသားတစ်ဦးတည်းနှင့်သာ သက်ဆိုင်နေမည်လော။ သို့မဟုတ် ရေတွက်၍မရနိုင်သော အမျိုးသားများစွာနှင့် သက်ဆိုင်နေမည်လော။
အလွန်ရွံရှာဖွယ် ကောင်းလှပေသည်။
သူမသည် မျက်ရည်များကို အသည်းအသန်ထိန်းချုပ်ထားပြီး နာကြည်းမှုမျက်ရည် တစ်ပေါက်မျှပင် မကျဆင်းရဲခဲ့ပေ။
“ဟုတ်ကဲ့ပါ”
သူမသည် ရှက်သွေးဖြာဟန်ဆောင်ကာ ခေါင်းကို အနည်းငယ်ငုံ့ထားလိုက်သည်။ သူမ တစ်စုံတစ်ရာ အဆင်မပြေဖြစ်နေကြောင်း မြင်လိုက်ရသောအခါ သူမ၏အကြောင်းကို အနည်းငယ်သိရှိထားသော မုသခင်မက အဖွားသို့အား ဘေးသို့ဆွဲခေါ်သွားကာ စကားပြောဆိုရင်း လီရှောင်မန်အား စိတ်တည်ငြိမ်စေရန် အချိန်ပေးလိုက်သည်။
လီရှောင်မန်သည် မျက်ရည်များကို အလျင်အမြန်သုတ်ပစ်လိုက်ပြီး ပြန်လည်မော့ကြည့်လိုက်ချိန်တွင်မူ အရာအားလုံးမှာ ပုံမှန်အတိုင်းပင်ဖြစ်နေတော့သည်။
မုသခင်မနှင့် အဖွားသို့တို့ သူမအတွက် နောက်ဆုံးစျေးနှုန်းအဖြစ် ငွေရှစ်တေးနှင့် တို့ဟူးအနည်းငယ်ဖြင့် သဘောတူညီမှုရယူနေကြသည်ကို သူမ ကြားလိုက်ရသည်။ ဤသည်မှာ အဖွားသို့က မုသခင်မအတွက်ပေးသော လက်ဆောင်ပင်ဖြစ်၏။
‘ငွေရှစ်တေး’
လီရှောင်မန်သည် လက်သီးကို တင်းတင်းဆုပ်ထားသော်လည်း သူမ၏မျက်နှာပေါ်တွင် မည်သည့်စိတ်ဒုက္ခရောက်နေသည့် အရိပ်အယောင်ကိုမျှ မပြသခဲ့ပေ။
မုသခင်မ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် အဖွားသို့၏ အိမ်တွင် နေထိုင်ရတော့မည်ဖြစ်သည်။ မုသခင်မအား လှမ်းကြည့်လိုက်ချိန်တွင် သူမ၏မျက်ဝန်းထဲ၌ စွန့်လွှတ်ရခက်သော အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက်ပေါ်လာခဲ့သည်။
တစ်ချိန်က လှောင်ချိုင့်တစ်ခုအဖြစ် မှတ်ယူခဲ့သော ထိုအိမ်လေးသည် ယခုအခါ သူမ၏မှတ်ဉာဏ်ထဲ၌ ဘဝမုန်တိုင်းများမှ ယာယီခိုလှုံရာနေရာလေးတစ်ခု ဖြစ်လာခဲ့ချေပြီ။
မကြာမီတွင် သူတို့သည် ရင်းနှီးသောအသိအကျွမ်းများ ဖြစ်လာတော့မည်ဖြစ်ပြီး မုသခင်မက သူမအားပြန်ကြည့်လိုက်ချိန်တွင် မျက်နှာအမူအရာမှာ သိသာစွာ နူးညံ့သွားခဲ့သည်။ မိသားစုဝင် တစ်ယောက်ကဲ့သို့ပင် သွန်သင်ဆုံးမလိုက်သည်။
“လိမ္မာအောင်နေနော်၊ နင့်ရဲ့ ယောက္ခမအိမ်က လူကောင်းတွေပါ၊ ဘာမှမကြောက်နဲ့”
“ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်၊ မုသခင်မ”
လီရှောင်မန်သည် ထိုထက်ပို၍ မည်သည့်စကားကိုမျှ မပြောနိုင်တော့ပေ။
ထိုနေရာရှိ အမျိုးသမီးနှစ်ဦးအား ကျေနပ်စေရန် လှပသောစကားများဆိုကာ ပိုမိုသိက္ခာရှိစွာ နေထိုင်နိုင်ခဲ့မည်ဖြစ်သော်လည်း သူမ၏ရင်တွင်း၌ ကိန်းအောင်းနေဆဲဖြစ်သော နာကြည်းမှုများနှင့် တစ်စစီကြေမွသွားသော ဂုဏ်သိက္ခာတို့က သူမကို စကားမဆိုနိုင်အောင် တားဆီးနေခဲ့၏။
သူမသည် အရှုံးပေး လက်မြှောက်လိုက်ရသော အသွင်အပြင်ကိုသာ အတင်းအကြပ် ဖန်တီးကာ ဝိညာဉ်လွင့်နေသူ တစ်ယောက်ကဲ့သို့ အနောက်မှလိုက်ပါသွားခဲ့တော့သည်။
မုသခင်မသည် သွက်လက်စွာ ထွက်ခွာသွားပြီး လီရှောင်မန်ကိုမူ အဖွားသို့က အိမ်တွင်းသို့ခေါ်ဆောင်သွားခဲ့သည်။
သူမ၏ ကိုယ်ပိုင်လက္ခဏာကို ကိုယ်စားပြုသော စာချုပ်စာတမ်းအား အဖွားကြီးတိုထံ လွှဲပြောင်းပေးအပ်လိုက်ပြီး အဖွားသို့က ၎င်းကို ဂရုတစိုက်သိမ်းဆည်းလိုက်သည်။
ကုလားထိုင်ပေါ်တွင် ငေးမောစွာ ထိုင်နေသော သူမကို မြင်လိုက်ရသောအခါ အဖွားသို့က သူမ၏လက်ကလေးကို ညင်သာစွာပုတ်လိုက်ပြီး ယုယကြင်နာစွာ မေးမြန်းလို၏။
“သမီးလေး၊ ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ၊ အဖွား မေးဖို့မေ့သွားလို့၊ သမီးနာမည် ဘယ်လိုခေါ်လဲဟင်”
“ဆယ့်ငါးနှစ်ပါ၊ ကျွန်မနာမည်က လီရှောင်မန်ပါ၊ သစ်အယ်သီးရဲ့ ‘လီ’ နဲ့ ပြည့်ဝခြင်းရဲ့ ‘ရှောင်မန်’ ပါရှင့်”
အဖွားသို့အား သူမ၏စိတ်မပါ့တပါအဖြစ်ကို မသိစေချင်သောကြောင့် လီရှောင်မန်သည် အတင်းအကြပ်ပြုံးပြလိုက်သည်။
ယခုအခါတွင် သူမ မည်မျှပင် ဆန္ဒမရှိစေကာမူ အချည်းနှီးသာဖြစ်ပေသည်။ သူမကိုယ်တိုင်အပါအဝင် မည်သူ့ကိုမျှ အပြစ်တင်၍မရနိုင်တော့ပေ။
ညည်းညူနေမည့်အစား သူမ၏ကန့်သတ်ချက်များကြားတွင် ကောင်းမွန်စွာ ရှင်သန်နေထိုင်ရန်သာ လိုအပ်တော့သည်။ အသက်ရှင်နေသရွေ့၊ လူသားတစ်ယောက်ကဲ့သို့ ရှင်သန်နိုင်စွမ်းရှိနေသေးသရွေ့ အနာဂတ်ဆိုတာရှိပြီး မျှော်လင့်ချက်ဆိုတာလည်း ရှိနေဦးမည်သာ။
“အိုး သိပ်လှတဲ့နာမည်လေးပဲ”
“အဖွားသားရဲ့နာမည်က သို့ဆွေ့အန်းတဲ့၊ ရှောင်မန်နဲ့ ဆွေ့အန်းဆိုတော့ အရှေ့အရပ်မှာ ကောင်းမွန်တဲ့နေ့ရက်တွေရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့ကွယ်”