Ch 8
Viewers 214

Ch-8

• May 4 at 12:27 AM

သို့မိသားစုမှ အဖွားအို၏အမည်မှာ သို့ဟွာဖြစ်၏။

 သူမ၏ဘဝသစ်အတွက် အရေးပါသော ဤအမျိုးသမီး၏အမည်သည် ရိုးရှင်းသော်လည်း ကျက်သရေရှိလှသည်ဟု လီရှောင်မန်ခံစားမိသည်။  

လီရှောင်မန်သည် လိမ္မာပါးနပ်သူပီပီ သို့ဆွေ့အန်း၏ ဖခင်ဘယ်မှာရှိသနည်း ဟူ၍လည်းကောင်း၊ သို့ဆွေ့အန်းသည် အဘယ်ကြောင့် မိခင်ဖြစ်သူသို့ဟွာ၏အမည်မှ ‘သို့’ ဟူသောမျိုးရိုးမည်ကို ခံယူထားရသနည်း ဟူ၍လည်းကောင်း ဝင်ရောက်စွက်ဖက်မေးမြန်းခြင်း မပြုခဲ့ပေ။

သို့သော်လည်း သို့ဟွာဟူသော အမည်လေးမှာ အလွန်လှပသည်ဟု သူမတွေးတောနေမိသည်။

သူမက အခုမှရောက်လာသူဖြစ်ခြင်းကြောင့် သို့ဟွာက မည်သည့်အလုပ်ကိုမျှ အလျင်စလိုမခိုင်းစေသေးဘဲ နံနက်ပိုင်းတွင် အိမ်၌သာအနားယူရန်နှင့် နေ့လယ်စာစားပြီးမှသာ ဆိုင်သို့ သူမနှင့်အတူလိုက်ခဲ့ရန် ပြောကြားခဲ့သည်။

လီရှောင်မန်ကို အံ့အားသင့်စေခဲ့သည့်အချက်မှာ ဆယ့်ငါးနှစ်ဆိုသောအရွယ်သည် ငယ်လွန်းသေးသောကြောင့် လာမည့်နှစ်မှသာ သို့ဆွေ့အန်းနှင့် တရားဝင်လက်ထပ်ခွင့်ပြုမည်ဖြစ်ကြောင်း သို့ဟွာက ဆိုလာခြင်းပင်။ 

ပြင်ပလူများအား ပြောဆိုရာတွင်မူ အသက်မွေးဝမ်းကျောင်းပြုရန် ဆိုင်သို့လာရောက်ကူညီပေးသော အဝေးဆွေမျိုးတူမလေး တစ်ဦးအဖြစ်သာ မိတ်ဆက်ပေးမည်ဟု ဆိုလာသည်။

ဤအစီအစဉ်အတွက် လီရှောင်မန် အလွန်ကျေနပ်အားရမိသည်။ သူမ၏လွတ်လပ်မှုနှင့် အနာဂတ်ရည်မှန်းချက်များအတွက် ကြိုတင်ပြင်ဆင်ရန် အချိန်တစ်နှစ်တိတိရရှိသွားခြင်းမဟုတ်ပါလား။ 

နောက်တစ်နှစ်အကြာတွင် ဘာဖြစ်လာမည်ဆိုသည်ကိုမူ သူမ ဆက်လက်မတွေးဝံ့သလို၊ တွေးလည်းမတွေးချင်သေးပေ။ သို့ဟွာက ဆက်ရှင်းပြလာသည်။

“ဒီအိမ်မှာ အိပ်ခန်းနှစ်ခန်းရှိတယ်၊ ဒီညတော့ သမီးကအဖွားနဲ့လာအိပ်ရမယ်၊ နောက်မှ အဘိုးနျိုဆီသွားပြီး ဝါးကုတင်တစ်လုံး သွားမှာပေးမယ်၊ အဲဒီကုတင်ကို ဆွေ့အန်းရဲ့အခန်းထဲမှာထားပေးထားမယ် အဲဒီမှာသွားအိပ်ချေ၊ သမီးတို့နှစ်ယောက်လည်း ကြိုပြီး သံယောဇဉ်တွယ်အောင် နေကြရမယ်လေ”

လီရှောင်မန်သည် အပြုံးတစ်ခုကို အတင်းဖန်တီးကာ သဘောတူညီကြောင်း ပြသလိုက်သည်။

ယခုလောလောဆယ် ရင်မဆိုင်ချင်သေးသော ထိုကိစ္စရပ်များကို ဘေးဖယ်ထားလိုက်လျှင် သူမသည် ပတ်ဝန်းကျင်မှ သတင်းအချက်အလက်အားလုံးကို အသည်းအသန်စုဆောင်းလိုစိတ် ပြင်းပြနေ၏။ ထို့ကြောင့် သူမက စူးစမ်းလိုက်သည်။

“အဘိုးနျို ဆိုတာက….”

သူမဘက်မှ ယခုကဲ့သို့ ကနဦးစတင်၍ မေးခွန်းထုတ်လာခြင်းအပေါ် သို့ဟွာက အနည်းငယ် အံ့အားသင့်သွားဟန်ရှိသည်။ 

သို့ဟွာသည် ယခင်က ကျွန်များကို မဝယ်ဖူးသော်လည်း မုသခင်မနှင့် သိကျွမ်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သလို ဆိုင်ဖွင့်လာခဲ့သည့်သက်တမ်းမှာလည်း မနည်းလှတော့သဖြင့် ဤနယ်ပယ်နှင့်ပတ်သက်၍ အတွေ့အကြုံ အတော်အသင့်ရှိထားသူဖြစ်သည်။ 

သူမ မြင်ဖူးခဲ့သမျှ ကျွန်တစ်ယောက်မှ ရှောင်မန်ကဲ့သို့ ရဲတင်းခြင်းမရှိခဲ့ကြပေ။ ပုံမှန်အားဖြင့်ဆိုလျှင် ပထမဆုံးအကြိမ် ရောက်ရှိလာချိန်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေတတ်ပြီး နှစ်သိမ့်စောင့်ရှောက်ပေးမည့်သူကိုသာ လိုလားနေတတ်ကြ၏။ 

မည်သည့်စကားကိုမျှ ပိုမိုမပြောဆိုရဲကြဘဲ အမိန့်ပေးသည့်အတိုင်းသာ နာခံတတ်ကြစမြဲဖြစ်သည်။ မုသခင်မက သူမကို ထက်မြက်သည်ဟု သုံးသပ်ခဲ့ခြင်းအပေါ် သို့ဟွာတစ်စိတ်တစ်ပိုင်း ယုံကြည်သွားခဲ့သည်။ 

လီရှောင်မန်သည် လုံးဝကြောက်ရွံ့မှုကင်းမဲ့နေခြင်း မဟုတ်လျှင်တောင်မှ လက်ရှိပတ်ဝန်းကျင်နှင့် အသားကျစေရန် ဤမိသားစုအတွင်းသို့ ဝင်ဆံ့နိုင်ရန် အစွမ်းကုန်ကြိုးစားနေခြင်းပင်ဖြစ်ပေလိမ့်မည်။

သို့ဟွာသည် ရင်တွင်း၌ ကျေနပ်သွားသော်လည်း သူမ၏မျက်နှာအမူအရာကိုမူ ပုံမှန်အတိုင်းပင် ထိန်းထားခဲ့သည်။ သူမက ရှင်းပြလိုက်၏။

“အဘိုးနျိုဆိုတာ အိမ်နဲ့သိပ်မဝေးတဲ့ လမ်းကြားထဲက လက်သမားအိုကြီးလေ၊ သူက တို့ရဲ့အိမ်နီးချင်းဟောင်းတစ်ယောက်ပေါ့”

သို့ဟွာက ဆက်ပြောလာသည်။

“သမီးတို့ လက်ထပ်ပြီးသွားရင် သူ့ဆီကနေ သေတ္တာတွေ၊ ဗီရိုတွေ မှာရဦးမှာ”

လီရှောင်မန် ခေါင်းညိတ်လိုက်၏။

“ဟုတ်ကဲ့ပါ အဖွား”

လီရှောင်မန်သည် အမေဟုခေါ်ရမည်လား၊ အဖွားဟုခေါ်ရမည်လား တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ဆုံးတွင် သူမတို့နှစ်ဦးအား ရေစက်ဆုံစေခဲ့သည့် အဖွားဟူသော အသုံးအနှုန်းကိုသာ ရွေးချယ်လိုက်သည်။

သို့ဟွာက မည်သို့မျှ တုံ့ပြန်ပြောဆိုခြင်းမရှိခဲ့ပေ။ သူမအမြင်တွင် လီရှောင်မန်သည် သူမသားနှင့် လက်မထပ်ရသေးသောကြောင့် တစ်ဝက်မှာ အကူအလုပ်သမား၊ တစ်ဝက်မှာ သမီးအရင်းတစ်ယောက်ကဲ့သို့သာ သဘောထားပြီး မည်သို့ပင်ခေါ်စေကာမူ ဂရုမစိုက်ခဲ့ပေ။

နေ့လယ်စာအတွက် သူတို့သည် အသားမုန့်များကို စားသုံးခဲ့ကြသည်။ မုန့်အတွင်းမှ အသားမှာ နူးညံ့ပြီး အရည်ရွှမ်းကာ၊ အပြင်ဘက်မှ မုန့်သားမှာလည်း ဆီဝပ်၍ နူးအိနေလေသည်။ လီရှောင်မန်သည် မုန့်အကြီးကြီးနှစ်ခုကို စားပစ်လိုက်ပြီး အလွန်ကျေနပ်သွားခဲ့၏။

အိုးတစ်လုံးထဲတွင် လတ်ဆတ်သောပဲနို့များလည်း ရှိနေသည်။ ပဲနံ့သိပ်မပြင်းသော်လည်း အရသာမှာမူ ပေါ့ပျက်ပျက်နိုင်လှသည်။ ခေတ်မီတိုးတက်သော အချိန်ကာလတွင်သာဆိုလျှင် လီရှောင်မန်သည် ဤကဲ့သို့သော ပဲနို့မျိုးကို သောက်သုံးမည်မဟုတ်သော်လည်း အငတ်ဘေးကို ကြုံတွေ့ဖြတ်သန်းခဲ့ရပြီးနောက်တွင်မူ မည်သည့်အစားအစာမဆို သူမအတွက် အလွန်တန်ဖိုးရှိနေခဲ့ပြီဖြစ်သည်။

ဤနေ့စဉ်စားသုံးနေကျ သာမန်အစားအစာများသည်ပင် သူမအတွက်တော့ ရတနာတစ်ပါးကဲ့သို့ ဖြစ်နေတော့၏။ နေ့လယ်စာစားပြီးနောက် လီရှောင်မန်သည် အလိုလိုက်အကြိုက်ဆောင်လိုသောစိတ်ဖြင့် သို့ဟွာအားအရင်မေးမြန်းလိုက်သည်။

“အဖွား၊ ဆွေ့အန်းက နေ့လယ်စာစားဖို့ အိမ်ပြန်မလာဘူးလားဟင်”

သို့ဟွာ၏မျက်နှာပေါ်တွင် မသိမသာပေါ်လွင်လာသော ကျေနပ်အားရမှုအရိပ်အယောင်ကို မြင်လိုက်ရချိန်တွင် လီရှောင်မန်သည် သူမ၏လုပ်ရပ်မှာ မှားယွင်းမှုမရှိဟု ယူဆလိုက်သည်။ 

သူမသည် သို့မိသားစုအတွင်း ရှင်သန်ရမည့်ဘဝကို အလုပ်ခွင်တစ်ခုသဖွယ် သတ်မှတ်ထားပြီး၊ သို့ဟွာကို သူမအနေဖြင့် အလိုလိုက်ကာ ဆက်ဆံရမည့် အထက်အရာရှိတစ်ဦးအဖြစ် မှတ်ယူထား၏။

သူမသည် အပြန်အလှန် ပေးဆပ်ခြင်း မူဝါဒကို အမြဲယုံကြည်သည်။ 

 

အပေါ်ယံ လေးစားမှုနှင့် အောက်ကျို့ခြင်းများသည် နောက်ဆုံးတွင် ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေမည်ဟု ခံယူထားသည်။ 

ထို့ကြောင့် လက်ရှိ အချင်းချင်း ကောင်းစွာ မသိကျွမ်းသေးချိန်တွင် လိမ္မာဟန်ဆောင်နေနိုင်သော်လည်း၊ နောင်တစ်ချိန်တွင်မူ ရိုးသားသောစေတနာအမှန်ကို ပေးဆပ်ရမည်ဖြစ်ပြီး၊ ထိုအခါမှသာ ထိုက်တန်သောဆုလာဘ်ကို ရရှိနိုင်မည်ဟု မိမိကိုယ်ကို အဆက်မပြတ် သတိပေးနေခဲ့၏။ သို့ဟွာက ပြန်ဖြေလာသည်။

“စိတ်မပူပါနဲ့၊ သူက တစ်နေ့လုံးနေမှ အိမ်မှာ မနက်စာနဲ့ ညစာပဲစားတာ၊ နေ့လယ်စာကိုတော့ အစိုးရရုံးကကျွေးတယ်လေ”

လီရှောင်မန်သည် အလွန်အံ့အားသင့်သွားရသည်။

“အစိုးရရုံး”

သို့ဟွာသည် ဤစကားကို မရည်ရွယ်ဘဲ ပြောလိုက်ခြင်းလား သို့မဟုတ် သူမအား ခြိမ်းခြောက်လို၍ ပြောလိုက်ခြင်းလား ဆိုသည်ကို သေချာမသိသော်လည်း ဤစကားလုံးများကို ကြားလိုက်ရခြင်းက သူမ၏ရှုပ်ထွေးနေသောအတွေးများကို အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားစေပြီး သို့မိသားစုတွင် ဆက်လက်နေထိုင်လိုစိတ် ပိုမိုဖြစ်ပေါ်လာစေသည်မှာ ငြင်းမရနိုင်သော အမှန်တရားပင်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ယခုလောလောဆယ်အတွက် ဤသည်မှာ သူမအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ သို့သော်လည်း အကယ်၍ ၎င်းတို့သည် အမှန်တကယ်သိက္ခာရှိသော မိသားစုဖြစ်ပါက အဘယ်ကြောင့် ချွေးမအဖြစ် ကျွန်တစ်ယောက်ကို ဝယ်ယူရသနည်း။ 

သူမ၏ ရင်တွင်း၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေဆဲဖြစ်ပြီး အခြေအနေကို စောင့်ကြည့်ရန်သာ တတ်နိုင်တော့သည်။ သို့ဟွာကမူ ထိုမျှအထိ တွေးတောထားခြင်းမရှိပေ။ သူမသည် သားဖြစ်သူအကြောင်းကို လီရှောင်မန်အား မိတ်မဆက်ရသေးကြောင်း ယခုမှသာသတိရသွားပြီး ဆက်လက်ပြောပြလာသည်။

“ဟုတ်တယ်၊ ဆွေ့အန်းက ရာမန်မှာအလုပ်လုပ်တာ၊ အဲဒီမှာ သူ့ကို ထမင်းကျွေးတယ်၊ ဒါပေမဲ့ အစားအသောက်က သိပ်မကောင်းဘူး၊ မိသားစု အတော်များများကတော့ အစားအသောက်တွေ သွားပို့ပေးချင်ကြပေမဲ့၊ ဆွေ့အန်းက အလုပ်ရှုပ်တယ်ဆိုပြီး ငါ့ကိုလာမပို့ခိုင်းဘူး၊ ဒါကြောင့် သူ ရာမန်မှာပဲစားနေတာပေါ့”

လီရှောင်မန်က ခေါင်းညိတ်ပြလိုက်၏။

“ဪ၊ နားလည်ပါပြီ”

သူမ သိချင်နေသော အကြောင်းအရာများစွာ ရှိနေသော်လည်း ထပ်မံမေးမြန်းခြင်း မပြုတော့ပေ။ စိတ်လောလွန်းခြင်းကြောင့် မျက်နှာပျက်ရမည့်အန္တရာယ်ကို ရင်ဆိုင်ရမည့်အစား၊ ဖြည်းဖြည်းနှင့် မှန်မှန်သွားသော နည်းလမ်းကိုသာ သူမ ပိုမိုနှစ်သက်သည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် ဟန်လုပ်ကာ အနည်းငယ် ဖြည့်စွက်ပြောဆိုလိုက်သည်။

“ဆွေ့အန်းက အဖွားပင်ပန်းမှာကို စိုးရိမ်နေတာဖြစ်မှာပါ၊ နောက်ပိုင်းဆိုရင် ကျွန်မ သူ့ဆီကို ထမင်းသွားပို့ပေးလို့ရပါတယ်”

လီရှောင်မန်သည် ရှက်သွေးဖြာနေဟန်ဖန်တီးရန် ကြိုးစားသော်လည်း သူမ၏ ရုပ်ရည်သွင်ပြင်က အထောက်အကူမပြုခဲ့ပေ။ ခေါင်းကိုငုံ့ကာ ရှက်နေဟန်ဆောင်ရန်သာ တတ်နိုင်တော့သည်။ 

၎င်းသည် ဟောင်းနွမ်းနေသော လှည့်ကွက်တစ်ခုဖြစ်သော်လည်း အကျိုးသက်ရောက်မှု ရှိဆဲပင်။

သို့ဟွာ၏မျက်နှာအမူအရာကို မမြင်ရသဖြင့် သူမ၏သရုပ်ဆောင်မှုက အဖွားအိုအား ကျေနပ်မှုပေးနိုင်ခြင်း ရှိမရှိကိုမူ သူမ မသိနိုင်ပေ။ သို့ဟွာက ရယ်မောလိုက်သည်။

“ဟားဟား အဲဒီကိစ္စကို နောက်မှပဲဆက်ပြောကြတာပေါ့”

သို့ဟွာသည် အားရပါးရရယ်မောလိုက်သည်။ လီရှောင်မန်သည် သူမအား အချိုသတ်နေခြင်းသာဖြစ်ကြောင်း သိမြင်သော်လည်း သူမကထိုကိစ္စကို အလေးအနက်မထားခဲ့ပေ။