Part 215
တစ်စုံတစ်ယောက်က သူမကို ဤသည်က ရှန်ရွေ့ကွန်မြူနတီ၏ ညွှန်းမှူးဟန်ဖြစ်ပြီး သူအရင်က လာစားဖူးသည့်အတွက် ပြဿနာမရှိဟု အလျင်အမြန် ဆိုလေသည်။
ထိုအမျိုးသမီးက ငြင်းပယ်လျက်
"ကျွန်မက ရိုးသားတဲ့လူပါ... ဒီလိုလှည့်ကွက်တွေကို မလုပ်တတ်ဘူး...သူဘယ်သူပဲဖြစ်ဖြစ် စည်းကမ်းမလိုက်နာရင် စားလို့မရဘူး.."
သူမထိုသို့ပြောလိုက်ချိန်တွင် တခြားသူတွေ၊အထူးသဖြင့် သူမကို ကောင်းကောင်းသိသည့် သူတွေက သူမရည်ရွယ်ချက်ရှိရှိ လုပ်နေမှန်း ချက်ချင်း သိလိုက်ကြ၏။သူမက ကျောက်ကျန့်ရှယ်၏အဒေါ်ဖြစ်ကြောင်း သူတို့ သိကြသည်။ ကျောက်ကျန့်ရှယ်ကား အဖမ်းဆီးခံရပြီး ရှန်ရွေ့လယ်ယာမှာ လုပ်သား ပြုပြင်ပြောင်းလဲရေး လုပ်ရန် စေလွှတ်ခြင်းခံရ၏။
ပွဲ့ကြည့်နေသူများက ချက်ချင်းလက်ငင်း မသိဟန်ဆောင်ကာ ဒုက္ခမရောက်စေရန်အတွက် အသီးသီး ကိုယ့်ကိစ္စကိုယ်လုပ်နေကြတော့သည်။
သူမက မောက်မာလွန်းသည်ဟု ထင်သူတွေလည်း ရှိ၏။ သူမဟာ တကယ်ကို မသိနားမလည်သလို မိုက်မဲလှသည်။ သူတပါးကို လူအများရှေ့မှာ အရှက်ခွဲနေ၏။ ရန်သူတွေကို ဒုက္ခရောက်အောင်လုပ်တာက ဘာကောင်းကျိုးရှိမှာမလို့လဲ...
သဘာဝအတိုင်း ဟန်ချင်စုန့်လည်း သူမရည်ရွယ်ချက်ရှိရှိလုပ်ခဲ့သည်ကို သဘောပေါက်ပြီး ပြတင်းပေါက်ကနေတဆင့် သူမ၏ပြားချပ်ချပ်ရင်ဘက်ပေါ်မှ နာမည်ကဒ်ပြားကို ငုံ့ကြည့်လိုက်ရာ အလုပ်သမားဝါဒဖြန့်ရေးအဖွဲ့မှ ကျောက်အန်းဟုန်ဟုတွေ့လိုက်ရသည်။
သူက ငြင်းခုံမနေဘဲ "ကျောက်အန်းဟုန်...ခင်ဗျားက ဆင်းရဲတဲ့ တောင်သူလယ်သမား ကေဒါတွေကို ခွဲခြားဆက်ဆံပြီး စစ်တပ်နဲ့ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေတယ်...ခင်ဗျားက မငြိမ်မသက်ဖြစ်အောင် ဖျက်လို့ဖျက်စီးလုပ်ဖို့ သူလျှိုတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကို ခံထားရတယ်လို့ ကျုပ်သံသယရှိတယ်" ဟုသာဆိုလိုက်၏။
သူခေါင်းလှည့်လိုက်ရာ ဝင်းထဲမှာ စစ်သားအများအပြား တန်းစီရပ်နေကြသည်ကိုတွေ့လိုက်ရသည်။
ပြီးသောအခါတွင် သူက သူ့အလုပ်ကဒ်များထဲမှ တစ်ခုကို ပြသရန် လမ်းလျှောက်လာခဲ့၏။
—ဟန်ချင်စုန့်၊ပြည်သူ့လုံခြုံရေးဗျူရိုဒုညွှန်မှူးနှင့်
သူအလုပ်မပြောင်းမီက သူ့စစ်တပ်နှင့်အဆင့်။
စစ်သားအများအပြားက သူ့ကို ချက်ချင်း အလေးပြုကြသည်။
ဟန်ချင်စုန့်က ပြန်အလေးပြုပြီး ကျောက်အန်းဟုန် ကို လက်ညှိုးထိုးပြကာ "သူက တန်ပြန်တော်လှန်ဖို့ ကြံစည်နေတယ်လို့ သံသယဖြစ်စရာ အကြောင်းရှိတယ်...ဒါကြောင့် ကျုပ် သူ့ကို ဖမ်းဆီးပြီး ပြည်သူ့လုံခြုံရေးဗျူရိုကို စစ်ဆေးမေးမြန်းဖို့ ပို့လိုက်မယ်"
စစ်သားတွေအနည်းငယ် နားမလည်နိုင်ဖြစ်သွား၏။
ဒါက ကျောက်အန်းဟုန် မဟုတ်ဘူးလား...
အလုပ်သမားဝါဒဖြန့်ရေးအဖွဲ့မှ အမျိုးသမီး ကေဒါများသည် ချက်ပြုတ်ရန်နှင့် ဟင်းသီးဟင်းရွက်မှာရန် မကြာခဏ လာရောက်ကြသည်။
တပ်ဖွဲ့ခေါင်းဆောင်က ကျယ်လောင်စွာအော်လိုက်၏ ။
"အမိန့်ကိုနာခံပါ..."
ထို့ကြောင့် စစ်သားများစွာက ကန်တင်းထဲသို့ ပြေးဝင်ကာ ကျောက်အန်းဟုန်ကို ဝန်းရံလိုက်သည်။
ကျောက်အန်ဟုန် မူလက ဟန်ချင်စုန့်က ဖြီးဖြန်းနေခြင်းဖြစ်ပြီး သူက ကွန်မြူနတီညွှန်မှူးဖြစ်သော်ငြား ခရိုင်သို့ရောက်လျှင် ဘာကောင်မှ မဟုတ်ဟု ထင်ခဲ့၏။ သူ့မှာ လက်ထောက်အကြီးအကဲ ရာထူးရှိလျှင်ပင် အာဏာအစစ်အမှန်မရှိပေ။
သူတို့က သူမနှင့် ပိုကောင်းသော ဆက်ဆံရေး ရှိကောင်းရှိနိုင်သည် ။သူမက အကျွေးအမွေး တာဝန်ယူထားပြီး အစားအစာ သို့မဟုတ် အသားများကို သူတို့ ကျွေးနိုင်၏။
အဆုံးတွင်မူ သူတို့က သူမကို အမှန်တကယ် ဝန်းရံလာလေရာ သူမချက်ချင်း အော်ဟစ်လိုက်သည်။
"ရဲဘော် ရဲဘော်... ပြည်သူ့လွတ်မြောက်ရေးတပ်မတော်..နားလည်မှုလွဲတာပါ... နားလည်မှုလွဲတာပါ..."
ထိုနေရာရှိ ကန်တင်း အဖွဲ့ခေါင်းဆောင်ကလည်း ကမန်းကတမ်း ပြေးကာ ကြားဝင်ဖြန်ဖြေ၏။
“ရဲဘော်...နားလည်မှုလွဲနေတာများရှိလား...ကျွန်မတို့က တာဝန်အရ ဒီမှာ လုပ်ရတာ”
တစ်စုံတစ်ယောက်ကလည်း ဝင်ပြောလာ၏
“ပြဿနာရှိရင် အလုပ်သမားဝါဒဖြန့်ရေးအသင်းကို သွားဖြေရှင်းသင့်တယ် ...လူတွေကိုဖမ်းဆီးပြီးရှုပ်ထွေးအောင်မလုပ်ပါနဲ့"ဟုဖြောင့်ဖြလေသည်။
ဟန်ချင်စုန့်ကမူ တစ်ဖက်ခြမ်းတွင် ထမင်းဘူးဖြင့် ထမင်းကို မှာနေပြီဖြစ်ကာ တူညီသောဟင်းလျာကိုမှာ၍ ကန်တင်းမှ ပန်းကန်နှစ်ချပ် ငှားလိုက်၏။
ခုနက ကျောက်အန်းဟုန် သူ့ကို အခက်တွေ့စေသည်တွေ့သည့်အခါ တခြားသူတွေက အပျော်ကြည့်နေကြပြီး ယခုတွင်မူ ဘယ်သူမှ ဘာမှ မပြောရဲကြဘဲ သူ့အတွက်အစားအသောက်တွေ ရို့ရို့ကျိုုးကျိုးမှာယူပေးကာ သတိထားရယ်နေကြရသည်။
ဟန်ချင်စုန့်၏ မျက်နှာက အေးစက်တည်ကြည်နေဆဲပင်၊ ထို့အတွက်ကြောင့် အထူးတလည် အေးစက်သွားခြင်းလည်းမရှိသလို ပြေလျော့သွားခြင်းလည်းမရှိပါဘဲ လင်းလန်၊ရှောင်ဝမ် တို့နှင့်အတူ စားသောက်ရန် ယူသွားခဲ့၏။
လင်းလန်က အားရကျေနပ်စွာ ကြည့်ကာ လက်မထောင်ပြလိုက်သည်။
ဟန်ချင်စုန့်က ပင်လယ်ရေညှိဝက်သားကင်ကို သူမရှေ့မှာ ထိုးပေးလိုက်ပြီး "စား"
လင်းလန် သူ ဟင်းတွေအများကြီးဝယ်လာသသည်ကို တွေ့လိုက်ရသဖြင့်
"ဒီပင်လယ်ရေညှိိ ဝက်သားကင်နဲ့ မက်ကရယ်ငါးကို ပြန်ယူသွားပြီး နောက်တစ်နပ်မှစားရအောင်လေ"
ဟန်ချင်စုန့်: "စား...ကိုယ်ပြီးမှ နှစ်ပွဲမှာပြီး အိမ်ပြန်ယူလိုက်မယ်"
လင်းလန် စည်းစားကြည့်လိုက်ရာ သူမထိုဟာကို ပြန်ယူသွားမည်ဆိုပါက စားချင်စိတ်မရှိမှာ သေချာသည့်အတွက် သူမ သူ့ကိုစားခိုင်းရတော့၏။
သူမက ရှောင်ဝမ်ကို အသားတချို့ပေးပြီး "များများစား...ဒါမှ မားမားသားလေးက အရပ်ပိုရှည်လည်းပြီး ပုလွေမှုတ်နိုင်မှာ"
ရှောင်ဝမ်က ပါးစုံလေးများ ဖောင်းလာသည်အထိ စားပြီး "ကျေးဇူးပါ မားမား ကျေးဇူးပါ အဖေ" "
"ငါ့သားက ပိုပိုယဉ်ကျေးလာနေတော့တာပဲ ” လင်းလန်က သူ့ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
ရှောင်ဝမ်က အချီးကျူးခံရပြီးနောက် ပျော်ပျော်ရွှင်ရွှင် စားသောက်လေ၏။
လင်းလန် ခေါင်းလှည့်လိုက်ရာတွင် ဟန်ချင်စုန့်၏နက်ရှိုင်းသော မျက်လုံးများကိုတွေ့လိုက်ရပြီး သူ့ကို ပြုံးပြပြီး မေးလိုက်သည်။
"အဲ့ဒါကို ဖြေရှင်းဖို့ မလိုဘူးလား"
ဟန်ချင်စုန့်က ခေါင်းခါလိုက်ပြီး "တစ်ယောက်ယောက် ဖြေရှင်းပေးလိမ့်မယ် "
သူက လူတွေကို ဖမ်းဆီးရန်သာ တာဝန်ရှိပြီး မည်သို့ ကိုင်တွယ်ဖြေရှင်းမလဲ ဆိုသည်ကား ပြည်သူ့လုံခြုံရေး ဗျူရိုပေါ်မူတည်ပေသည်။ မည်သို့ပင်ဖြစ်စေ သူမကန်တင်းမှာနေနိုင်တော့မည်မဟုတ်ပေ။
လင်းလန်က သူ့အတွက် အသားတစ်ဖက်ထည့်ပေးလိုက်ပြီး "ကျွန်တို့ အဲဒါကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ရမယ်...ဘယ်သူကသူတို့ကို လူတွေကိုအထင်သေးဖို့ပြောလို့လဲ...ကျွန်မတို့က ဘာလို့မတတ်နိုင်ရမှာလဲ... ကျွန်မတို့ခေါင်းဆောင်ဟန်ကိုများ လာရှုပ်ရဲရတယ်လို့"
သူမက သူ့ကိုမျက်လုံးမှိတ်ပြကာ ဒေါသထွက်မနေဘဲ မြန်မြန်စားရန် အချက်ပြလိုက်၏။
ဟန်ချင်စုန့်အနေဖြင့် အစကတည်းက ဒေါသထွက်ခြင်းမရှိသော်လည်း သူမဆီကနေ ယခုလိုအစခံရပြီးနောက် ခံစားချက်တွေကောင်းလာသည်။
"လူတွေကို အနိုင်ကျင့်နေပါတယ်ရှင်...လူတွေကို အနိုင်ကျင့်နေပါတယ်... ကျွန်မက အလုပ်သမားဝါဒဖြန့်ရေးအဖွဲ့ရဲ့ အမျိုးသမီး ကေဒါနော်...ဖမ်းချင်သလိုဖမ်းလို့မရဘူး....."
ကျောက်အန်းဟုန်က စူးစူးဝါးဝါး အော်ဟစ်နေ၏။
စစ်သားငယ်များက ဂရုမစိုက်ဘဲ သူမကိုအနီးနားရှိ ပြည်သူ့လုံခြုံရေးဗျူရိုသို့ တိုက်ရိုက်ပို့ဆောင်ကာ သူလျှိုများကို စုံစမ်းစစ်ဆေးရန် တာဝန်ယူထားသည့်ရဲများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ရဲတစ်ယောက်က မေး၏။
"ဘာဖြစ်တာလဲ...
ညွှန်မှူးကျောက်ရဲ့ညီမ မဟုတ်ဘူးလား"
"ကိုယ်ဘာကိုယ် စစ်ဆေးကြည့်.. ဒါကို မင်းတို့ရဲ့လက်ထောက်ညွှန်ကြားရေးမှူးဟန် က ပို့လိုက်တာ"ဟု ပြောပြီး စစ်သားထွက်သွားလေသည်။
Xxxxxxx
Part 216
ရဲများက ကပ္ပတိန်လျှိုကျန့်ယွမ် ထံသို့ ချက်ခြင်းသွားရောက်ပြီး "ကပ္ပတိန်... ဒါကို ဘယ်လိုထင်လဲ"
လျှိုကျန့်ယွမ်က ထိုအကြောင်းကို မေးပြီး တော်လှန်ရေး ကော်မတီ၏ကန်တင်းအကြောင်းကို ကျောက်အန်းဟုန်အား မေးလိုက်၏။
သူက သရော်လိုက်ပြီး
"အိုး... တကယ့်ကို ရှားရှားပါးပါးပဲ... အလုပ်သမားဝါဒဖြန့်ရေးအဖွဲ့က ဟင်းသီးဟင်းရွက်ရောင်းတဲ့တစ်ယောက်က ကွန်မြူနတီပြည်သူ့လုံခြုံရေးဗျူရိုရဲ့ညွှန်မှူးကို မထီမဲ့မြင်ပြုရဲတယ်ပေါ့...ကောင်း လိုက်လေ"
ကျောက်အန်းဟုန်၏မျက်နှာက ခရမ်းရောင်ပြောင်းသွားသည်။လက်ထောက်ညွှန်မှူးရာထူးက အသုံးဝင်ဦးမယ်လို့ ဘယ်သူကသိမှာလဲ...
"ကပ္ပတိန်လျှို ကျေးဇူးပြုပြီး ကျွန်မကို ချမ်းသာပေးပါ...ကျွန်မ...ကျွန်မက ထိသင့်တဲ့အရာမထိသင့်တဲ့အရာကိုမသိပါဘူး..."
လျှိုကျန့်ယွမ်က ကျောက်အန်းဟုန်ကို ခေါင်းညိတ်ပြပြီး "ငါတို့ လက်ထောက်ညွှန်မှူးဟန်က ကွန်မြူနတီကို ပြောင်းရွှေ့သွားတာနဲ့ အသုံးမဝင်ဘူး မင်းထင်နေတာလား... ဝင်းရဲ့တပ်စုထဲက စစ်သားတွေက ဘယ်သူကို မျက်နှာပေးမယ်လို့ နင်ထင်လဲ"
လက်ထောက်ညွှန်ကြားရေးမှူးလီနဲ့ လက်ထောက်ညွှန်ကြားရေးမှူးကောင်းတို့ဆို အမိန့်မပေးနိုင်ဘူး အိုခေ...
ဤပြည်နယ်ရှိ X စစ်တပ်မှမဟုတ်ပါက၊ ထိုသို့သောမျက်နှာသာပေးမှုရရန်မှာ ထူးဆန်းပေလိမ့်မည်။
ကျောက်အန်းဟုန် သူမ သံပြားကို ကန်မိလိုက်သည်ကို သိသွားပြီး အရာအားလုံးအတွက်တောင်းပန် ကြောင်း၊ နောက်ဘယ်တော့မှ ထပ်မလုပ်ရဲတော့ကြောင်း နှင့် ညွှန်မှူးဟန်ကို တောင်းပန်ပါ့မည်ဟု ကတိပေးခဲ့သည်။
ကျောက်အန်းဟုန် နှင့်လျှိုကျန့်ယွမ်၏ ဆက်ဆံရေးက ရှင်းလင်းလေရာ သူက လက်ဝှေ့ယမ်းကာ "လွှတ်ပေးလိုက်... ဒုညွှန်မှူးဟန်က သူကို ဖမ်းဖို့ မတောင်းဆိုပါဘူး... သတိပေးရုံပဲ"
ရဲသားက ဆိုလေ၏။
"ဘယ်သူက ဒုညွှန်မှူးဟန်ကို သွားပြောမှာလဲ"
လျှိုကျန့်ယွမ် : "ငါသွားမယ်"
သူက ကျောက်အန်းဟုန်ကို လက်ညှိုးထိုးပြပြီး "ငါ့နောက် လိုက်ခဲ့"
လျှိုကျန့်ဟန်က ဟန်ချင်စုန့် ထမင်းစားနေချိန်မှာ သွားပြောသည်။သူက အလုပ် မှတ်ဉာဏ်ကောင်း၏။ ဟန်ချင်စုန့်က တဝမ်ကို အိမ်ပြန်ပို့ရန် အကူအညီတောင်းချိန်က သူ့နာမည်ကို မှတ်မိလိုက်သည်။
နောက်ပိုင်းမှာ ဟန်ချင်စုန့်က အလုပ်ပြောင်းပြီး ခရိုင်လုံခြုံရေးဗျူရို၏ အိမ်ထောင်စုစာရင်းမှာ စာရင်းသွင်းခဲ့၏။ သူ သိသည်ပင်။
မကြာသေးမီက ဟန်ချင်စုန့်က ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုနှင့် တပ်မတော်များဌာန၏ ခေါင်းဆောင်အဖြစ် အစည်းအဝေးလာတက်ခဲ့သည်။သူက သူ၏အထောက်အထားကို ခရိုင်၏လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသောကြောင့် အချို့သောသူများ မသိခဲ့ကြပေ။ သိသူများကလည်း ရည်ရွယ်ချက်ရှိရှိဖြစ်စေ မရည်ရွယ်ဘဲဖြစ်းစေ ၎င်းကို ဖော်ထုတ်ခြင်းမပြုကြပေ။
သို့သော်လည်း ခရိုင်ပြည်သူ့လုံခြုံရေးဗျူရို၏ အထူးစစ်ဆေးရေးမှူးအနေဖြင့် လျှိုကျန့်ယွမ် သဘာဝအတိုင်း သူနှင့် အဆက်အဆံရှိခဲ့ပြီး သူ့အပေါ် နားလည်မှု တိုးလာခဲ့သည်။
လျှိုကျန့်ယွမ် ရောက်လာသောအခါ လင်းလန်က ရှောင်ဝမ်အတွက် ဟင်းရည်ထဲတွင် မုန့်ပေါင်းစိမ်နေတုန်းဖြစ်၏။
သူ့ ပါးစပ်ပေါက်လေးက သေးငယ်ပြီး ဖြည်းညှင်းစွာစားနေသော်လည်း လင်းလန်က သူ့ကို
စိတ်ရှည်စွာစောင့်ဆိုင်းပေး၏
သူမက ဟန်ချင်စုန့်ကို ပြောလိုက်၏။
"ရှင် အစည်းအဝေးလုပ်ချင်ရင် အရင်သွားနှင့်လေ...ကျွန်မတို့က ဖြည်းဖြည်းပဲစားမှာ... ဘာပဲဖြစ်ဖြစ် ဘယ်သူမှ ကျွန်မတို့ကို မတွန်းထုတ်ရဲဘူးလေ "
အချို့သောလူများက သူတို့ကို ဤနေရာကို လာစားကြသော သာမန်အဖွဲ့ဝင်များဟု သံသယရှိကြသည်မှာ ခန့်မှန်း၍ရသော်လည်း ဟန်ချင်စုန့်က ကျောက်အန်းဟုန်ကို ယခုလိုလုပ်လိုက်သောအခါ မည်သူမှမလေးမစားမလုပ်ရဲတော့ပေ။
မီးဖိုချောင်ထဲကလူတွေက သူမကို ယဉ်ကျေးစွာပြုံးပြနေပြီး အဖွဲ့ခေါင်းဆောင်က သူမကို ရေနွေးကြမ်းလာယူရန် ကမ်းလှမ်းနေသည်ကို တွေ့နိုင်၏။
ဟန်ချင်စုန်: "ရပါတယ်... ထမင်းစားပြီးရင် မင်းအနားယူဖို့ ကိုယ်နေရာရှာပေးမယ်...နေ့လည်ကျရင် အတူတူ အိမ်ပြန်ကြမယ်"
သူ စကားပြောနေ စဉ်တွင် လျှိုကျန့်ယွမ်က ထမင်းဘူးတစ်ဘူးနှင့် ရောက်လာပြီး
"ခေါင်းဆောင်ဟန်...မရီး နဲ့ ကလေးတွေကို ဒီနေ့ ဒီကို ခေါ်လာခဲ့တာလား"
ဟန်ချင်စုန့်က သူ့ကို နှုတ်ဆက်လိုက်ပြီး
" ကလေးမျက်လုံးကို ပြန်စစ်ဖို့ပါ"
လင်းလန်ကလည်း ခေါင်းညိတ်ကာ အပြုံးတစ်ခုနှင့်ဆိုလိုက်သည်။
"ကပ္ပတိန်လျှိုလည်းလာစားတာလား "
သူမက ရှောင်ဝမ်ကို ဦးလေးဟု ခေါ်ခိုင်းလိုက်၏။ ရှောင်ဝမ်က နာခံမှုရှိရှိ ခေါ်လိုက်ပြီး သူ့မုန့်ပေါင်းကိုသူ ဆက်စားနေသည်။
လျှိုကျန့်ယွမ်က ရှောင်ဝမ်ကို စလိုက်ပြီး ဟန်ချင်စုန့်ဘေးမှာ ဝင်ထိုင်ကာ
"မရီး... ငါ့ကို ယဉ်ကျေးမနေပါနဲ့...ကျင်းယွမ်လို့ခေါ်လို့ရပါတယ်...တဝမ် ကျောင်းတက်ရတာ အဆင်ပြေရဲ့လား"
လင်းလန် : "ပြောမနေနဲ့...ထိန်းဖို့က သူအဖေပေါ်မှာ အကုန်လုံး မူတည်တယ် ... ဒီနေ့ ကျွန်မတို့က အကုန် အပြင်ရောက်နေတာ.. ဘာတွေဖြစ်လာမလဲမသိဘူး "
လျှိကျန့်ယွမ်က ရယ်ပြီး နှစ်သိမ့်ပေးလေသည်။
" မရီး စိတ်မပူပါနဲ့ ...ဆယ်ကျော်သက်အရွယ် ကလေးတွေက ဒီလိုပါပဲ... ငါတို့အားလုံး အဲ့အရွယ်ကနေ ရောက်လာတာပဲ... နားလည်ပါတယ် “
လင်းလန်က ဟန်ချင်စုန့်ကိုပြောလိုက်၏။
"ရှင်လုပ်စရာရှိရင် အရင်သွားနှင့်လေ...ကျွန်မဒီမှာအဆင်ပြေပါတယ်"
လျှိုကျန့်ယွမ်က သူ့လက်ကို ဝှေ့ယမ်းပြီး ကန်တင်းထဲက သူနှင့်ရင်းနှီးစားဖိုမှူးကို ခေါ်လိုက်ကာ "ပြီးရင် ငါ့မရီးနဲ့တူလေးအတွက် ဖရဲစေ့တစ်ပန်းကန်လှော်လိုက်"
ထိုလူက အလျင်အမြန်ပြန်ဖြေလေသည်။
“ဟုတ်ကဲ့ပါ”
လျှိုကျန့်ယွမ်က ဟန်ချင်စုန့်ကို ထပ်ပြီးပြော၏။ “စိတ်မပူပါနဲ့ ခေါင်းဆောင်ဟန်...ငါ မရီးနဲ့အတူတူ ဈေးဝယ်ထွက်ဖို့အမျိုးသမီးရဲဘော်တစ်ယောက် ရှာလိုက်မယ်"
လင်းလန်က ကိစ္စမရှိကြောင်းပြောကာ သူတို့ကို အရင်ပဲသွားနှင့်ခိုင်းလိုက်သည်။
ဟန်ချင်စုန့် ညွှန်ကြားချက် အနည်းငယ် ထပ်ပေးပြီးနောက် လျှိုကျန့်ယွမ် နှင့်အတူ ကန်တင်းမှ ထွက်လာခဲ့၏။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် ပြုံးလျက် ရပ်နေသည့် ကျောက်အန်းဟိုင်ကိုတွေ့လိုက်ရသည်။
"ညွှန်မှူးဟန်... ကျွန်မတို့ရဲ့ စိတ်သဘောထားက မကောင်းဘူး..ပြန်လည်သုံးသပ်သင့်တယ်...ကျွန်မ လျော်ကြေးပေးပါ့မယ်"
ကျောက်အန်းဟုန်က ဟန်ချင်စုန့်ကို ဦးညွှတ်လိုက်၏။
ဟန်ချင်စုန့်:"မလိုပါဘူး"
လျှိုကျန့်ယွမ်က ပြုံးပြုံးရွှင်ရွှင်နှင့်ဆိုလာသည်။- "ငါတို့ထဲက တော်တော်များများက ခေါင်းဆောင်ဟန်လောက် ဗဟုသုတ မရှိကြဘူး... ပြဿနာမရှိရင် စိတ်ပူစရာမလိုဘူး.. ပြဿနာရှိရင် နင့်ကို ဘယ်သူမှ အကာအကွယ် မပေးနိုင်ဘူး”
သူက ဟန်ချင်စုန့်နှင့်အတူ အစည်းအဝေးခန်းသို့ လိုက်သွားခဲ့သည်။
ကျောက်အန်းဟုန်၏ မျက်နှာဖိုင့်ဖိုင့်သည် ရုတ်ချည်း ရုပ်ဆိုးသွားပြီး ကျောက်အန်းဖျင်ကို ရှာရန် အမြန်ထွက်သွား၏။
နောက်ဆုံးတွင် စက်မှုတော်လှန်ရေးကော်မတီကို သွားသော်လည်း သူ့ကိုရှာမတွေ့ပေ။ သူမ မေးကြည့်ရာ လူတော်တော်များများက သူ့ကို လာခေါ် ကြပြီး ဘာဖြစ်သွားမှန်းမသိဟု ဆိုလာသည်။
ကျောက်အန်းဟုန် ချက်ချင်းပင် စိတ်ခံစားချက်မကောင်းဖြစ်လာပြီး ထူးဆန်းသော ကြိုတင်သတိပေးချက်တစ်ခုကို ခံစားလိုက်မိသည်။
Xxxxxxx