အပိုင်း (၃၁)
Viewers 12k

Part 31


ထန်ထန် တစ်ယောက် အွန်လိုင်းရှော့ပင်းအကြောင်း သင်ပြီးကတည်းက ကမ္ဘာသစ်တစ်ခုထဲရောက်သွားသလိုခံစားလိုက်ရတယ်။ သူမရဲ့ကမ္ဘာသစ်မှာ အလွန်ကိုစိတ်လှုပ်ရှားနေပြီး နေတိုင်းလိုလို အင်တာနက် ပေါ်မှာ အချိန်အတော်ကြာ ရှာဖွေနေတတ်တယ်။ သူမအနေနဲ့ ဒီလိုမျိုးရှာဖွေတာက အရမ်းကိုအဆင်ပြေပြီး သူမလိုချင်တာတော်တော်များများကို အွန်လိုင်းမှရရှိနိုင်တာကြောင့် ပစ္စည်းဝယ်ရန် ချိုင်းထောက်သုံးပြီး လျောက်သွားဖို့မလိုအပ်တော့ပေ။


သူမရဲ့အကျင့်အတိုင်းပဲ တွေ့သမျှအရာအားလုံးကို လက်လွတ်စပယ်မဝယ်ပေ။ မတူညီတဲ့ ဝဘ်ဆိုဒ် များမှ များပြားလှတဲ့အရာတွေကိုလေ့လာရင်း ကမ္ဘာကြီးအကြောင်း ပိုမိုလေ့လာလို့ရတဲ့အတွက် အတော်လေးသဘောကျနေတယ်။ အရာအားလုံးထက် သူမသဘောအကျဆုံးအရာက အ၀တ်အစားပိုင်းပဲဖြစ်တယ်။ သူမရဲ့ စျေးခြင်းတောင်းထဲမှာတော့ များပြားပြီးဒီဇိုင်းစုံလင်တဲ့ အမျိုးသား၀တ်, အမျိုးသမီးဝတ်တွေ, ကလေး၀တ်တွေနဲ့ ပြည့်နှက်လို့နေတယ်။ ဒါပေမယ့် သူမ ဒါတွေကိုဝယ်မှာ မဟုတ်တာကတော့ အသေအချာပဲလေ။ သူမအနေနဲ့ ဒါတွေကို နမူနာပုံစံယူပြီး သူမဘာသာ ချုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းများကိုသာ ၀ယ်ယူမှာဖြစ်တယ်။


သူမရဲ့ရည်ရွယ်ချက်က ကျိယန် အရှေ့မှာ လှပနေဖို့ပဲဖြစ်တယ်။ သူမ ဟိုတလောက မြင်ဖူးခဲ့တဲ့ အဖြူရောင်၀တ်စုံကို ဖန်တီးဖို့ဆုံးဖြတ်လိုက်တယ်။ သူမရဲ့ကိုယ်တိုင်းနဲ့ လိုအပ်တဲ့ပစ္စည်းပိတ်စတွေကိုညှပ်ကာ တစ်ရက်အတွင်း အပြီးချုပ်လိုက်တယ်။ သူမချုပ်ထားတဲ့ ၀တ်စုံက ဆိုင်မှာတွေ့ခဲ့တဲ့ဝတ်စုံအတိုင်းကွက်တိတူညီပြီး လှပနေတယ်။ တကယ်လို့ သူမ၀တ်ထားတာကို မြင်လိုက်ရမယ်ဆိုရင် မသိတဲ့သူတွေအတွက်ကတော့ ဒီ၀တ်စုံက ဆိုင်မှဝယ်ထားတယ်လို့သာ ထင်ကြမှာဖြစ်တယ်။


‘’ပေါင်ပေါင်, မာမီ ဒီ၀တ်စုံနဲ့ ကြည့်ကောင်းရဲ့လား...’’ 


သူမက အသေးလေးရှေ့မှာ နှစ်ပါတ်လောက်လှည့်ပြီး မေးလိုက်တယ်။


ကျိရှောင်ကျိုး  က တွေးပင်မတွေးတော့ပဲ ချက်ချင်းခေါင်းငြိမ့်ပြလိုက်ကာ လက်နှစ်ဖက်လုံးမှ လက်မများကိုထောင်ပြီး


 “ မာမီ, အရမ်းကြည့်ကောင်းတာပဲ, လှလိုက်တာ ‘’


မြှောက်ပင့်ခံလိုက်ရတဲ့ ထန်ထန် တစ်ယောက် ပန်းလေးတစ်ပွင့်လို အရမ်းကိုပျော်ရွှင်သွားတယ်။ မှန်ရှေ့မှာ နှစ်ပါတ်လောက် ထပ်လှည့်ကြည့်နေပြီး မှန်ထဲမှ သူမကိုယ်သူမ အရမ်းသဘောတကျတွေ ဖြစ်နေတော့တယ်။ သူမအနေနဲ့ အရမ်းပိန်ပြီး ကြည့်ရဆိုးနေပေမယ့်လဲ ၀တ်စုံကြောင့် ပိုကြည့်ကောင်းပြီး ပိန်တယ်လို့မထင်ရတော့ပေ။ ပြီးတော့ ရင်ဘတ်နေရာမှာ ပန်းပွင့်လေးတွေ ထပ်ပေါင်းချုပ်ထားတဲ့အတွက် သူမရင်ဘတ်ကလဲ အရမ်းကြီးပြားကပ်မနေပဲ အလွှာလေးတွေကြောင့် ကြည့်ကောင်းနေစေတယ်။


သူမသာ နည်းနည်းလောက် ကိုယ်အလေးချိန်တက်လာမယ်ဆိုရင် ပိုပြီးကြည့်ကောင်းမှာ အသေအချာပဲ။


အဲ့လိုတွေးလိုက်မိပြီး ဘယ်လိုနည်းလမ်းပဲ သုံးရသုံးရ ဒီလအတွင်း ၅ ကီလိုတက်လာရမယ်လို့ သူမစိတ်ထဲမှ ကျိန်ဆိုလိုက်တယ်။


ညနေရောက်တဲ့အခါမှာ ထန်ထန် က ကျိရှောင်ကျိုး  နဲ့အတူတူ ညစာအတွက် အပြင်ထွက်ပြီး စျေးဝယ်ဖို့ရှိတဲ့အတွက် ၀တ်ထားတဲ့ဝတ်စုံကို ဖို့ပြင်လိုက်တယ်။ ဒါပေမယ့် အသေးလေး  က သူမကို အိမ်ရှေ့တံခါး၀ဆီသို့ အတင်းဆွဲခေါ်နေတယ်။


သူမ နားမလည်စွာနဲ့


 ‘’ ဘာဖြစ်လို့လဲ ပေါင်ပေါင်, ဘာလို့မာမီကို ဆွဲနေတာလဲ...’’


ကျိရှောင်ကျိုး  က သူမခြေထောက်ကို လွှတ်လိုက်ပြီး သူ့လက်လေးတွေနဲ့ သူမကိုတံခါး၀ဆီသို့ တွန်းကာ 


‘’ မာမီ, အကျီမလဲနဲ့တော့, ဒီတိုင်းပဲ သွားကြမယ်’’


ထန်ထန် အမြန်ပဲ ခေါင်းကို ယမ်းလိုက်ကာ 


“ မဟုတ်ဘူးလေ, မာမီ အကျီလဲရဦးမယ်, ပြီးမှသားကိုအပြင်ခေါ်သွားမယ်လေ, အရမ်းမလောနဲ့ဦး"


အသေးလေးကလဲ သူ့ခေါင်းကိုယမ်းပြမယ်လို့ ဘယ်သူထင်မှာလဲ 


“ မရဘူး, မလုပ်နဲ့,  မာမီ အကျီမလဲပါနဲ့ , ဒီတိုင်းပဲသွားလိုက်ပါ, ဒီတိုင်းကအရမ်းလှတယ် မာမီရဲ့’’


ဒါဆို သူမက ဒီ၀တ်စုံနဲ့ လှနေတယ်လို့ထင်တဲ့အတွက် အသေးလေးက သူမကိုအကျီပေးမလဲတာပေါ့။ သူက သူမရဲ့ဝတ်စုံအသစ်နဲ့ပုံစံကို ကူညီပေးချင်တာကြောင့်ပေါ့လေ။


ထန်ထန် က သဘောတကျနဲ့ ရယ်စရာကောင်းတဲ့တယ်လို့ခံစားမိပြီး ငြင်သာစွာနဲ့ ရှင်းပြလိုက်တယ်


 “ ဒီ၀တ်စုံက အခုမှချုပ်ပြီးတာလေ သားရဲ့, လျော်လဲမလျော်ရသေးဘူး, အကျီအသစ်တွေက မ၀တ်ခင်လျော်သင့်တယ်, မာမီက ဒီညလျော်လိုက်ပြီး မနက်ဖြန်၀တ်မယ်လေ အိုကေလား...’’


ပုံမှန်ဆို အသေးလေး က လိမ်မာစွာနာခံတတ်ပေမယ့် ဒီနေ့တော့ မတူပေ။ သူက


 ‘’ မာမီ, ဒါကိုပဲဝတ်ပြီး အပြင်ထွက်လိုက်ပါ, ပြန်ရောက်မှပဲ လျော်လို့ရတယ်မဟုတ်ဘူးလား... သားတို့က ခဏပဲအပြင်ထွက်မှာကို, အဆင်ပြေပါတယ်’’


နောက်ဆုံးတော့ သူမ က နည်းနည်းထူးဆန်းတယ်လို့ ထင်လိုက်မိပြီး အသေးလေးရှေ့မှာ ဒူးထောက်ထိုင်လိုက်ကာ မျက်နှာဖောင်းဖောင်းလေးကို သူမလက်နဲ့ကိုင်လိုက်ပြီး မေးလိုက်တယ်


 “ ဘာလို့လဲ ပေါင်ပေါင် ဘာလို့ မာမီကို အကျီပေးမလဲတာလဲ... မာမီ့ကို အကုန်ပြောပြလေ"


အသေးလေးက နှုတ်ခမ်းတွေတင်းတင်းစေ့ပြီး သူ့ခေါင်းကိုအောက်သို့ ခဏလောက်ငုံ့လိုက်တယ်။ ထို့နောက် သူမလည်ပင်းကို လှမ်းဖက်လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်


 “ မာမီ, သားတို့အပြင်ထွက်တဲ့အခါ မာမီကို ဒီ၀တ်စုံဝတ်စေချင်လို့, အဲ့လိုရလား မာမီ ...’’


အသေးလေးက ဒီလိုပြုမူနေမှတော့ ဒီနူးညံ့မှုကနေ ထန်ထန် သူမကိုယ်သူမ မကာကွယ်နိုင်တော့ပဲ သဘောတူလိုက်ရတော့တယ်


 “ အိုကေ, အိုကေ, မာမီမလဲတော့ဘူး ဟုတ်ပြီလား, ဒီအတိုင်းပဲသွားကြတာပေါ့’’


ကျိရှောင်ကျိုး  က ချက်ချင်းပဲ သဘောတူကာ သူမလက်ကိုဆွဲပြီး တံခါးဆီသို့သွားတော့တယ်။


အသေးလေးစိတ်ထဲ တစ်ခုခုဖုံးကွယ်ထားတာကို သူမ သိပေမယ့်လဲ သူ မပြောချင်တဲ့အတွက် သူမဖိအားမပေးတော့ပေ။ ဒါကြောင့် အသေးလေးကိုတဖက်ကတွဲကာ နောက်တစ်ဖက်မှ အိတ်ကိုသယ်ပြီး ထွက်လာလိုက်တယ်။ ခဏအကြာ သူမတို့နှစ်ယောက်လုံး လိုအပ်တာတွေဝယ်ဖို့ စူပါမားကတ်သို့ရောက်သွားကြတယ်။


စူပါမားကတ်က တပ်ထဲမှမိသားစုတစ်ခုက ဖွင့်ထားတာဖြစ်တယ်။ လိုအပ်တဲ့နေ့စဉ်သုံးပစ္စည်းလေးတွေဖြစ်တဲ့ အသား, ဟင်းသီးဟင်းရွက်တစ်ချို့နဲ့ လိုအပ်တာလေးတွေကိုပါ ရောင်းချတာဖြစ်တဲ့အတွက် ဒီ၀န်းထဲမှာနေထိုင်ကြတဲ့သူအများစုက ဒီကပဲဝယ်ယူကြတယ်။


သူမနဲ့ ရှောင်ကျိုး တို့နှစ်ယောက်လုံး နေ့တိုင်းမနက်ပိုင်းဆို နေလည်စာအတွက်စျေးလာဝယ်ပြီး ညနေပိုင်းဆို ညစာအတွက်လာဝယ်နေကျဖြစ်တယ်။ တတ်နိုင်သလောက်လတ်လတ်ဆတ်ဆတ်ကိုသာ သူမ၀ယ်ချင်တာဖြစ်တဲ့အတွက် တခြားသူတွေလို အများကြီးတစ်ထိုင်တည်းဝယ်ပြီး သိမ်းမထားဘူး။


သူမတို့ စူပါမားကတ်ထဲရောက်တဲ့အချိန်မှာပဲ အသေးလေးက ရုတ်တရက်ပြောလိုက်တယ် 


“ မာမီ, သားတို့ စူပါမားကတ်ထဲ စျေးဝယ်ရင်း လျောက်သွားလို့ရမလား?’’


ထန်ထန် နည်းနည်းလောက် သံသယ၀င်သလို ခံစားလိုက်ရတယ် ။ ဘာလို့ အသေးလေးက ဒီထဲမှာလျောက်ပတ်သွားချင်ရတာလဲ... ဒီစူပါမားကပ်က သိပ်လဲမကြီးပါဘူး ပြီးတော့ နေ့တိုင်းလာနေတာပဲကို ဘာလို့များပတ်ကြည့်ချင်နေရတာလဲ....


ထန်ထန် ပြန်မဖြေခင်မှာပဲ ကျိရှောင်ကျိုး  က သူမလက်ကိုဆွဲကာ ကောင်တာတစ်ခုချင်းစီကို ဦးဆောင်ခေါ်သွားတော့တယ်။ လျောက်သွားရင်းနဲ့ သူမတို့နဲ့တစ်တိုက်တည်းနေတဲ့လူတစ်ချို့ကို တွေ့လိုက်ရတဲ့အချိန်မှာ အသေးလေးက ရပ်လိုက်ပြီးအားလုံးကို အန်တီ, မမ, အဖွား စသဖြင့် နှုတ်ဆက်တယ်။ ပြီးတော့ စကားပြောနေတဲ့ သူတစ်ချို့ကိုတွေ့တာနဲ့ သူကရပ်ပြီး စကားအနည်းငယ်ပြောလိုက်သေးတယ်။


ဒီနေ့အသေးလေးတစ်ယောက် အရမ်းကိုစိတ်အားထက်သန်နေတယ်လို့ သူမတွေးနေမိတယ်။ သူမ၀တ်စုံအသစ်၀တ်ထားလို့များလား, ဒါကြောင့် အသေးလေးက အရမ်းစိတ်လှုပ်ရှားနေတာများလား... ဒါကပဲ အဓိကအကြောင်းပြချက်များလား...


သူမတို့ စူပါမားကတ်တစ်ခုလုံးကို လှည့်ပတ်ပြီးတဲ့နောက် အသီးရွက် ကောင်တာဘက်သို့ရောက်လာတယ်။ အချိန်ကိုတွက်ကြည့်လိုက်တဲ့အခါမှာ ပုံမှန်ထက် မိနစ် ၂၀ ခန့်သူမတို့ ပိုကြာနေပြီဖြစ်တယ်။ ကံကောင်းလို့ ကျိယန် အိမ်ကိုစောစောပြန်မလာတာ, မဟုတ်ရင် ညစာနောက်ကျနေတော့မှာပဲ။ 


‘’ ထန်ထန်.. ရှောင်ကျိုး.. ’’ 


ရင်းနှီးတဲ့အသံက ရုတ်တရက်ပဲ အနောက်မှထွက်ပေါ်လာတယ် ။ သူမ လှည့်ပြီးကြည့်လိုက်တော့ တပ်ရင်းမှုးကတော်ကို တွေ့လိုက်ရတယ်။


‘’အစ်မ စားစရာလာဝယ်တာလား...’’


တပ်ရင်းမှုးကတော်က ကျိရှောင်ကျိုး  ခေါင်းလေးကိုပွတ်လိုက်ပြီး ဖြေလိုက်တယ်


 “ ရေခဲသေတ္တာထဲ ဘာမှသိပ်မကျန်တော့ဘူးလေ, အဲ့ဒါနဲ့ ဝမ်ဝမ် ကိုခေါ်ပြီး လာ၀ယ်တာ, မဟုတ်ရင် ဒီညစားစရာရှိမှာမဟုတ်တော့ဘူး’’


ထန်ထန် က ဝမ်ဝမ် ကို ရှာဖို့ လှည့်ပတ်ကြည့်လိုက်စဉ်မှာပဲ တပ်ရင်းမှုးကတော်အနောက်မှ ရုတ်တရက်ထွက်လာပြီး သူမကိုပွေ့ဖက်လိုက်တယ်။


‘’အယ်...အာ... အစ်မ ထန်ထန် အရင်နေ့ဆိုင်ကတွေ့တဲ့ ၀တ်စုံဝတ်ထားတာ မဟုတ်ဘူးမှတ်လား... အစ်မ မ၀ယ်ခဲ့ဘူးလို့ ညီမထင်တယ်...’’


သူမအသံကြောင့် ထန်ထန် နားလေးပြီလို့တောင် ခံစားလိုက်မိတယ်။ သူမနောက်မှ မိန်းမငယ်လေးရဲ့ကျယ်လောင်တဲ့အသံကြောင့် နားကိုအုပ်လိုက်မိပြီး 


‘’ ဝမ်ဝမ် ဖြေးဖြေးလုပ်ပါဦး, ညီမလေးအော်သံကြောင့် အစ်မနားတွေကွဲကုန်တော့မှာပဲ’’


ဝမ်ဝမ် က လျှာတစ်လစ်လေးထုတ်လိုက်ပြီး ထန်ထန့် အနားမှ ခွာလိုက်တယ် ဒါပေမယ့်သူမအကျီလက်ကိုဆွဲထားပြီး တီတိုးကပ်ပြောလိုက်တယ် 


“ အစ်မ  ဘယ်တုန်းက၀ယ်လိုက်တာလဲ... အဲ့ဒါစျေးကြီးတယ်လို့ အစ်မပဲပြောခဲ့တာမဟုတ်ဘူးလား... အစ်မ ပြန်စဉ်းစားပြီး သွား၀ယ်လိုက်တာလား...’


တပ်ရင်းမှုးကတော်လဲ သတိထားမိသွားပြီး အံ့ဩတဲ့လေသံနဲ့ 


‘’ ဟုတ်သားပဲ,  ဒီ၀တ်စုံက အရင်တခါ စမ်းဝတ်ကြည့်တဲ့ဟာမဟုတ်လား..."


သူတို့တွေနဲ့ တုံ့ပြန်မှုကြောင့် ထန်ထန် အတော်လေး ၀မ်းမြောက်နေမိတယ်။ သူမ ရှင်းပြဖို့ပြင်လိုက်စဉ်မှာပဲ ဘေးမှ ရှောင်ကျိုး  က အရင်ဝင်ပြောလိုက်တယ် 


“ အန်တီ နဲ့ မမ ဝမ်ဝမ် အဲ့ဒါမဟုတ်ဘူး, မာမီက ဒါကိုသူ့ဘာသာ ချုပ်ထားတာပါ"


တပ်ရင်းမှုးကတော်နဲ့ဝမ်ဝမ် တို့နှစ်ယောက်လုံး သူမ ကို အထိတ်တလန့်ကြည့်လိုက်ကြတယ်။ သူမတို့နှစ်ယောက်လုံးရဲ့ မျက်၀န်းတွေမှာ မယုံကြည်နိုင်မှုတွေအပြည့်နဲ့ မေးလိုက်ကြတယ် 


“ တကယ်ကြီးလား..."


ထန်ထန် ကပြုံးပြီး ၀န်ခံလိုက်တယ်


 “ ဟုတ်တယ် မရီး, ကျွန်မ ဒီနေ့ပဲချုပ်ပြီးသွားတာ"


ဝမ်ဝမ်က လက်မလျော့သေးပဲ  ၀တ်စုံကိုစိုက်ကြည့်နေတယ်။ ထို့နောက် ရုတ်တရက်ပဲ နေရာတစ်ခုကိုညွှန်ပြကာ


 “ အာယား,  ဒီနေရာကမတူဘူး, အရင်ဝတ်စုံက ပန်းပွင့်လေးတွေမပါဘူးဆိုတာ ညီမ မှတ်မိတယ်...အစ်မ  ဒီ၀တ်စုံကို တကယ်ပဲချုပ်လိုက်တာပေါ့..."


ထန်ထန် ခေါင်းငြိမ့်ပြလိုက်တယ်


 “ အစ်မ ပိုကြည့်ကောင်းအောင်လို့ ပန်းပွင့်လေးတွေ နည်းနည်းထပ်ထည့်လိုက်တယ်လေ’’


တပ်ရင်းမှုးကတော်လဲ ၀တ်စုံပေါ်က ပန်းပွင့်လေးတွေကိုကြည့်ပြီး အားကျတဲ့မျက်လုံးတွေနဲ့


 ‘’အဲ့ဒါအမှန်ပဲ, ဒီပန်းပွင့်လေးနဲ့က ပိုကြည့်ကောင်းတယ် ထန်ထန် ညီမရဲ့ အပ်ချုပ်ပညာက တကယ်ကိုကောင်းတာပဲ’’


‘’ဒီပန်းပွင့်လေးတွေက အစ်မ ရင်ဘတ်ကို ပိုကြီးတဲ့ပုံပေါ်သွားတယ်နော်" 


ဝမ်ဝမ် က ထန်ထန့် ပုခုံးပေါ်ခောင်းတင်ပြီး ပွေ့ဖက်လိုက်ကာ


‘’ အစ်မ ထန်ထန် အခုကစပြီး အစ်မက ညီမရဲ့ အိုင်ဒေါလ်ပဲ’’


ထန်ထန်  မျက်နှာ နီရဲလာတယ်။ သူမ ရင်ဘတ်ပိုကြီးပုံပေါ်အောင် လုပ်လိုက်တာမဟုတ်ပါဘူး, သူမကိုယ်သူမ ပိုကြည့်ကောင်းအောင် လုပ်လိုက်ရုံပါပဲနော်။


တပ်ရင်းမှုးကတော်က ဝမ်ဝမ့် ခေါင်းကိုရွှတ်နောက်နောက်နဲ့ တွန်းလိုက်ပြီး 


‘’ သွား, သွား, ကြွက်စုတ်လေး ထန်ထန်ရဲ့ အကျီအသစ်ကို ဖျက်စီးမနေနဲ့’’


ထန်ထန့် ပုခုံးပေါ် မှ သူမခေါင်းကိုမဖယ်ချင်ပဲ ဖယ်လိုက်ရပေမယ့် ... လက်မောင်းကိုတော့ဆွဲထားတုန်းဖြစ်ပြီး ပေးမသွားသေးပေ။


တပ်ရင်းမှုးကတော်က ထန်ထန့်ကိုပြောလိုက်တယ်


 “ ထန်ထန်လိုတာတွေဝယ်မယ်ဆို မြန်မြန်သွားတော့လေ တော်ကြာ ညစာချက်ဖို့မမီပဲနေဦးမယ်’’


အချိန်လင့်နေပြီဖြစ်လို့ ထန်ထန် က ဝမ်ဝမ့် ရဲ့ဆံပင်တွေကို ပွတ်ပေးလိုက်ပြီး 


‘’ ဝမ်ဝမ် ရေ, အစ်မပြန်ပြီး ချက်စရာတွေရှိသေးတယ်, တကယ်လို့ အကျီကိုကြည့်ချင်သေးတယ်ဆိုရင် အချိန်မရွေးအစ်မအိမ်မှာ လာကြည့်လို့ရတယ်လေ, ပြီးတော့ အစ်မက အိမ်မှာနေတိုင်းရှိတာမို့လို့ လာကစားလို့လဲရသေးတယ်’’


နောက်ဆုံးမှာတော့ ဝမ်ဝမ်က ထန်ထန့်လက်ကိုလွှတ်လိုက်ကာ 


“ အစ်မ ဒါဆို မနက်ဖြန် အစ်မအိမ် လာမှာနော်’’


‘’ အိုကေ, အစ်မက အရသာရှိတာတွေချက်ပြီး ညီမလေးကို စောင့်နေမယ်’’


- - - - - - - - - - - - - - - 


ညနေပိုင်းမှာတော့, ထန်ထန် က မီးဖိုချောင်မှာချက်ပြုတ်နေပြီး ရှောင်ကျိုး က ဆိုဖာပေါ်မှာလှဲနေရင်း တက်ဘလက် နဲ့ဆော့နေတယ်။


သိပ်မကြာခင်မှာပဲ အပြင်မှခြေသံကို ကျိရှောင်ကျိုး  ကြားလိုက်ရတယ်။ သူ့ဒယ်ဒီရဲ့ခြေသံမှန်း သိတဲ့အတွက် တက်ဘလက် ကိုဘေးသို့ချပြီး ဆိုဖာပေါ်မှ ချက်ချင်းခုန်ဆင်းလိုက်ကာ တံခါး၀ဆီသို့ပြေးသွားတော့တယ်


 “ ဒယ်ဒီ ...’’


ကျိယန်က သူ့ခေါင်းလေးကိုပွတ်ပေးလိုက်ပြီးနောက် ဖိနပ်ကိုချွတ်လိုက်တယ်။ ထို့နောက် ချက်ချင်းပဲ မီးဖိုချောင်ထဲသို့ ကျိရှောင်ကျိုး ရဲ့ဆွဲခေါ်သွားခြင်းကိုခံလိုက်ရတယ် 


"’ ဒယ်ဒီ, သားနဲ့မြန်မြန်လေးလိုက်ခဲ့, မာမီ ဒီနေ့အရမ်းလှနေတာ သိလား’’


ကျိယန် အနည်းငယ်နားမလည်ဖြစ်သွားပြီး မီးဖိုချောင်ထဲသို့ဆွဲခေါ်ခံလိုက်ရတယ်။ ပထမဆုံးတွေ့လိုက်ရတာက သူနေ့တိုင်းမြင်နေကျဖြစ်တဲ့ ထန်ထန့် ရဲ့ဟင်းချက်နေတဲ့မြင်ကွင်း ပဲဖြစ်တယ်။ ဒါပေမယ့် ဒီနေ့က တစ်ခုခုထူးခြားနေသလိုပဲ, သူမက သူတခါမှမမြင်ဖူးတဲ့ အဖြူရောင်ဝတ်စုံလေးကို ၀တ်ထားတယ်။


အသံတစ်ချို့ကြားလိုက်တာကြောင့် မသိစိတ်ကြောင့်ပဲ သူမ အနောက်သို့လှည့်ကြည့်လိုက်မိတဲ့အခါမှာ ကျိယမ် သူမကို သတိလက်လွတ် ငေးလိုက်မိတယ်။ ပေါင်ပေါင့် ပြောစကားရဲ့ အဓိပါယ်ကို သူနားလည်သွားတယ်။ ပုံမှန်ဆို ထန်ထန် က အနက်ရောင်အကျီလက်ရှည်နဲ့ ဘောင်းဘီကို ၀တ်နေကျပဲ။ ဒီနေမှာတော့ သူမက အဖြူရောင်ဝတ်စုံလေးဝတ်ထားတဲ့အတွက် သူမပေးတဲ့ခံစားချက်က လုံး၀ကိုကွာခြားနေတယ်။ သူမက တခြားတစ်ယောက်လိုဖြစ်နေပြီး သူမရဲ့မျက်လုံးတွေက ပိုဆွဲဆောင်မှုရှိနေတယ်။


သားအဖနှစ်ယောက်လုံး ဘာတွေပြောပြီးဝင်လာလဲဆိုတာ ထန်ထန် မသိပေ။ သူမက ရိုးရှင်းစွာနဲ့ပြုံးပြလိုက်ပြီး 


“ ယောကျာ်း, စွပ်ပြုတ်ပဲကျက်ဖို့လိုတော့တာ ခဏနေဆိုအဆင်သင့်ဖြစ်ပြီ, ရှင်လက်အရင်သွားဆေးနှင့်လေ, ရှင်ဆေးပြီးတဲ့အချိန်လောက်ဆို ဟင်းပွဲတွေရပြီ’’


ကျိယန် ခေါင်းငြိမ့်ပြလိုက်ပြီး ကလေး ကိုလက်တဖက်နဲ့ချီကာ နှစ်ယောက်သားလက်ဆေးဖို့ ထွက်သွားတယ်။


 “ ဒယ်ဒီ, မာမီအကျီအသစ်ဝတ်ထားတာ တွေ့လိုက်လား...မာမီ လှမနေဘူးလား..."


 ရှောင်ကျိုး လက်ကိုဆေးပေးနေတဲ့ ကျိယန်လက်တွေ ခဏရပ်တံ့သွားတယ် 


"မာမီက သူ့ဘာသာသူ အကျီချုပ်ထားတာလား...’’


ဂုဏ်ယူစွာနဲ့ အသေးလေးက ခေါင်းငြိမ့်ပြလိုက်ပြီး


 ‘’ ဟုတ်, မာမီက အပ်တွေ အပ်ချည်တွေနဲ့ ချုပ်ထားတာလေ, အဲ့ဒါက အရမ်းလှတယ် မဟုတ်ဘူးလား... အန်တီတပ်ရင်းမှုးကတော်နဲ့ အစ်မကြီးဝမ်ဝမ် တို့နှစ်ယောက်လုံးကတောင် အရမ်းလှတယ်လို့ပြောပြီး မာမီ့ကိုချီးမွမ်းကြသေးတယ်’’


 အသေးလေးက သူ့မာမီအပ်ချုပ်တဲ့ပုံစံကိုတောင် ပုံဖော်ပြလိုက်သေးတယ်။


ကျိယန် နှုတ်ခမ်းတွေ တင်းတင်းစေ့လိုက်မိပြီး နားလည်ရခက်တဲ့ အလင်းတန်းတချို့ သူ့မျက်ဝန်းမှာ ဖြတ်သန်းသွားတယ်။


‘’ ဒယ်ဒီ, ဒီနေ့ မာမီ မလှဘူးလားလို့...’’ 


အသေးလေးက လက်မလျော့သေးပဲ ထပ်မေးလိုက်တယ်။


ကျိယန် က အသံမပေးပဲ လက်ကိုသာဆက်ဆေးနေလိုက်တယ်။


သူ့ဘက်မှတုံ့ပြန်တာကို မတွေ့တဲ့အတွက် ရှောင်ကျိုး  က မပျော်ရွှင်စွာနဲ့ပဲ နှုတ်ခမ်းဆူလိုက်ပြီး သူ့ဘောင်းဘီစကိုဆွဲလိုက်တယ် 


“ ဒယ်ဒီ... ဒယ်ဒီလဲ တခြားသူတွေလို မာမီကို ရုပ်ဆိုးပြီးမလှဘူးလို့ ထင်နေတာလား... ဒယ်ဒီအဲ့လိုလုပ်လို့မရဘူးနော်, မာမီက ရုပ်မဆိုးပါဘူး, ဒယ်ဒီအခုလိုလုပ်နေရင် မာမီနာကျင်သွားလိမ့်မယ်’’


ကျိယန် မျက်မှောင်ကြုတ်လိုက်ပြီး အသေးလေးကိုငုံ့ကြည့်လိုက်တယ် 


“ တခြားသူတွေ  ဘယ်သူတွေက မာမီကိုမလှဘူးလို့ ထင်တာလဲ...’


အသေးလေး မျက်လုံးထဲ ဒေါသတွေဖြတ်သန်းသွားပြီး သူ့လက်နှစ်ဖက်လုံးကို ကျစ်ကျစ်ဆုပ်လိုက်ကာ တုံ့ဆိုင်းစွာနဲ့ဖြေလိုက်တယ် 


“ ဒယ်ဒီ, သားဒယ်ဒီကို ပြောပြမယ်, ဒါပေမယ့် မာမီ့ကိုတော့ ပြန်ပြောလို့မရဘူးနော်, မဟုတ်ရင် မာမီနာကျင်နေလိမ့်မယ်’’


ကျိယန် ခေါင်းငြိမ့်ပြလိုက်တယ်။


ကျိယန် ရဲ့ပြန်ဖြေတဲ့အမူအယာကိုကြည့်ပြီး ရှောင်ကျိုး  စိတ်သက်သာရာရသွားတယ်။ ထို့နောက် ဒေါသတကြီးနဲ့ တင်ပြတော့တယ်


 “ ဒယ်ဒီ, အန်တီတွေအများကြီးက မာမီကိုကြည့်မကောင်းဘူးလို့ ပြောနေကြတယ်...ကျွမ်းကျွမ်းနဲ့မြောင်မြောင် ကလဲ မာမီဘာလို့ဒီလောက်ရုပ်ဆိုးနေတာလဲတဲ့, သားအရမ်းစိတ်ဆိုးလွန်းလို့ သူတို့နဲ့ သူငယ်ချင်းမလုပ်တော့ဘူး, သူတို့လို သူငယ်ချင်းမျိုးလဲ သားမလိုချင်ဘူး’’


ပြောရင်းနဲ့ ကျိရှောင်ကျိုး  က ထအော်လိုက်ပြန်တယ်


 ‘’ သားမာမီက ရုပ်မဆိုးဘူး, မာမီက ဒီနေ့အရမ်းလှနေတာကို, ဟုတ်တယ်မဟုတ်လား ဒယ်ဒီ...’


ရုတ်တရက်ပဲ ကျိယန်  စိတ်ပျက်သလို ခံစားလိုက်ရတယ်။ ဒါဆို လူတွေက သူမ ရဲ့ရုပ်ရည်ကို နောက်ကွယ်မှာ တိတ်တဆိတ်နဲ့ ပြောဆိုနေကြတာလား ဒါဆို သူမ ဒီအတင်းစကားတွေကို ကြားပြီးပြီလား...


သူ ပေါင်ပေါင့် ကိုချီလိုက်ကာ နဖူးလေးကို နမ်းလိုက်တယ်


 “ ဟုတ်တာပေါ့, သားမာမီက ရုပ်မဆိုးဘူး’’


အသေးလေး မျက်၀န်းတွေ တောက်ပသွားပြီး သူ့လည်ပင်းကိုသိုင်းဖက်လိုက်ကာ 


"ဒယ်ဒီ့မှာ အမြင်ကောင်းတွေရှိတယ်ဆိုတာ သားသိတာပေါ့ ‘’


ရေချိုးခန်းအပြင်ဘက်မှာရပ်နေတဲ့ ထန်ထန် တစ်ယောက် သူမရင်ဘတ်ကို လက်နဲ့ဖိထားရတယ်။ ဒီစကားဝိုင်းတစ်ခုလုံးကို သူမကြားပြီးဖြစ်လို့ ငိုချင်စိတ်ကိုချိုးနှိမ်ကာ တိတ်တဆိတ်ထွက်ခွာသွားတယ်။ သူမ ဒီနေရာမှာ ရှိနေခဲ့တာ သူတို့တွေကိုမသိစေချင်ဘူး။


နောက်ဆုံးတော့ ဒီနေ့အသေးလေး ဘာကြောင့်ထူးထူးဆန်းဆန်းတွေ ပြုမူပြီး သူမကိုအဝတ်မလဲခိုင်းပဲ စူပါမားကတ်ရောက်တဲ့အခါ လှည့်ပတ်သွားခိုင်းလဲဆိုတာ သူမနားလည်သွားပြီဖြစ်တယ်။ သူက သူမဘယ်လောက်ကြည့်ကောင်းလဲဆိုတာ တခြားသူတွေကိုမြင်တွေ့စေလိုပြီး သူတို့ရဲ့ အတင်းအဖျင်းတွေကို ရပ်စေချင်နေတာပဲ။


အသေးလေးက သူမကိုကာကွယ်ပေးချင်နေတာပဲ...


ထန်ထန် သူမအကျီကိုငုံ့ကြည့်ကာ အသက်ပြင်းပြင်းရှုလိုက်မိပြီး ဖြေရှင်းချက်တချို့က သူမမျက်ဝန်းထဲ ပြည့်နှက်လို့နေတယ်။ သူမအနေနဲ့ ၀တ်စားဆင်ယင်ပုံကို ပြောင်းလဲပြီး လှပတဲ့မိခင်တစ်ယောက်ဖြစ်လာဖို့ အလုပ်ကြိုးစားရမယ်။ ဒီနေ့လိုမျိုး နေ့တိုင်းသူမ လှပနေပြီး အသေးလေးကို သူမအတွက် ဂုဏ်ယူနေရစေမယ်။


- - - - - - - - - - - - - - - - - - 


ညဘက် ခြေထောက်ဆေးတဲ့အချိန်မှာတော့ ထန်ထန့် ဝတ်စုံကို ကျိယန် ငေးကြည့်နေမိတယ်, သူက ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်တယ်


 “ ဒါကို ကိုယ့်ဘာသာ ချုပ်ထားတာလား...’’


ခါတိုင်းနဲ့မတူစွာ ထန်ထန် က ဂုဏ်ယူစွာနဲ့ ခေါင်းငြိမ့်လိုက်ပြီး 


‘’ ဟုတ်တယ်, အရင်တခါ တပ်ရင်းမှုးကတော်နဲ့ မြို့ထဲသွားတုန်းက ဒီ၀တ်စုံကိုတွေ့ဖူးတယ်လေ, အဲ့၀တ်စုံက လှပေမယ့်လဲ ယွမ် ၈၀၀ တောင်မှလေ, စျေးကြီးလွန်းလို့ လိုအပ်တာတွေဝယ်ပြီး ကိုယ့်ဘာသာပဲချုပ်ဝတ်လိုက်တာ အခုဆို ၀တ်စုံက ယွမ် ၁၀၀ တောင်မကျတော့ဘူး ပြီးတော့ ဒီ၀တ်စုံက ဆိုင်ကဟာနဲ့ပုံစံအတူတူပဲ, ပိုက်ဆံလဲအများကြီး သက်သာတယ်လေ’’


အစကတော့ တခြားသူတွေရဲ့ အတင်းအဖျင်းတွေကြောင့် သူမစိတ်ဓါတ်ကျခြင်းမှကာကွယ်ဖို့ရာအတွက် သူမရဲ့ဝတ်စုံကိုချီးမွမ်းပေးချင်ပေမယ့်လဲ အကြောင်းအရင်းက ပိုက်ဆံချွေတာဖို့သာမက သူမရဲ့ဝါသနာကြောင့်ဆိုတာကို သိလိုက်ရတယ်။


ရုတ်တရက်ပဲ ပြောဖို့စီစဉ်ထားတဲ့ သူ့စကားတွေကို ဘယ်လိုပြောရမှန်းမသိဖြစ်သွားတယ်။ သူမက အမြဲတမ်းပဲ သူ့ကို ပြောစရာစကားမရှိအောင်နဲ့ ဘာမှပြင်ဆင်ချိန်မရအောင် လုပ်နေတော့တာပဲ။


သူမ က ပျော်ရွှင်စွာနဲ့ ဆက်ပြောနေတယ်


 “ ကျွန်မ ရှင်နဲ့ ပေါင်ပေါင်အတွက်ပါ ပို၀ယ်ခဲ့သေးတယ်။ ပေါင်ပေါင်အတွက် ဂျင်းအကျီလေးရယ် ရှင့်အတွက် ရှပ်အကျီရယ် ချုပ်ပေးချင်လို့လေ, ကျွန်မ ခပ်မြန်မြန်လေး ချုပ်လိုက်ရင် သိပ်မကြာခင်ဆို ရှင်၀တ်လို့ရပြီ’’


သူက စစ်သားတစ်ယောက်ဖြစ်သလို ယောကျာ်းတစ်ယောက်လဲဖြစ်တယ်။ သူ့အလုပ်က ဇနီးနဲ့သားကို ထောက်ပံ့ပေးဖို့ပဲလေ, ကြီးကျယ်ခမ်းနားတဲ့လူနေမှုပုံစံကို မပေးနိုင်ပေမယ့် ပိုက်ဆံအတွက် စိတ်ပူရတဲ့အဆင့်ထိတော့ မရောက်သေးပါဘူး။


သူမ စိတ်ထဲမှာ သူကအဲ့လောက်တောင် ဆင်းရဲနေပြီလား...


‘’ ထန်ထန်...‘’ 


လှဲနေတဲ့ သူမကို ခေါ်လိုက်တယ်။


‘’ဟင်...’’ 


ထန်ထန် သူ့ကို ပဟေဠိမျက်ဝန်းတွေနဲ့ ကြည့်လိုက်တယ်


 “ ဘာလို့လဲ ယောကျာ်း’’


‘’  ကိုယ်မင်းကိုပေးထားတဲ့ ကဒ်ရဲ့ ငွေသားလက်ကျန်ကို စစ်ကြည့်ပြီးပြီလား’’


"ဟမ် ဘယ်ငွေသားလက်ကျန်လဲ...’’ 


ရုတ်တရက် ကျိယန် ဘာလို့ သူမကို ဒီလိုမေးလဲဆိုတာ နားမလည်ဘူး။


သူမ ငွေသားလက်ကျန်ကို မကြည့်ဘူးဆိုတာ သူသိလိုက်တယ်။ သူ သက်ပြင်းချလိုက်ပြီး တိုက်ရိုက်ပဲပြောလိုက်တယ် 


“ ကိုယ်မင်းကိုပေးတဲ့ ကဒ်ထဲမှာ ငွေသားက တစ်သန်း ရှိတယ်’’


‘’ အိုး...အိုကေ...တစ်သန်း...အမ်... ဘာ... တစ်မီလီယမ်... ‘’


 ထန်ထန် ရုတ်တရပ် မတ်တပ်ရပ်လိုက်မိတ‌ယ်။ သူမမျက်ဝန်းတွေပြူးကျယ်သွားပြီး ကျိယန် ကို မယုံကြည်နိုင်စွာနဲ့ ကြည့်ပြီး


 ‘’ ယောကျာ်း, ရှင်…ရှင်….ကဒ်ထဲမှာ တစ်မီလီယမ်လို့ ပြောလိုက်တာလား’’


ဒီကမ္ဘာမှာ အနေကြာလာတဲ့သူမအနေနဲ့ ပျမ်းမျှအသုံးစရိတ်ကို နားလည်ပြီးဖြစ်တဲ့အတွက် တစ်မီလီယမ်က ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ရှင်းရှင်းလင်းလင်းကိုသိနေတယ်။ ပုံမှန်လူတစ်ယောက်အနေနဲ့ တစ်နှစ်လုပ်စာက ယွမ်တစ်သိန်းအောက်သာရှိတယ်။ တစ်သန်းရဖို့အတွက်ဆို ဆယ်နှစ်အလုပ်လုပ်ရမှာဖြစ်တယ်။


ဒါကြောင့် ကျိယန် ဆီမှ ကဒ်ထဲမှာ တစ်မီလီယမ်ရှိတယ်လို့ ကြားလိုက်တဲ့အချိန်မှာ သူမ အလန့်တကြားဖြစ်သွားတာ ဖြစ်တယ်။


ကျိယန်က မထူးခြားတဲ့ပုံနဲ့ ပြန်ဖြေလိုက်တယ် 


“ ထန်ထန် ကဒ်ထဲမှာ တကယ်ပဲ တစ်သန်းရှိတာ, ကိုယ်က မင်းသုံးဖို့အတွက်ပေးထားတာပဲ ဒါကြောင့် မင်းထင်သလောက်လဲ ကိုယ်တို့မဆင်းရဲပါဘူး ဟုတ်ပြီလား... ဒါကြောင့် ကိုယ့်အတွက်အဝတ်အစားဝယ်ဖို့တောင် တွန့်ဆုတ်ရတဲ့အထိ ပိုက်ဆံအတွက်ပူစရာမလိုဘူး’’


သူမ ပြောစရာစကားတွေ ပျောက်ရှနေပြီး နောက်ဆုံးမှာတော့ အသိစိတ်ပြန်ကပ်လာခဲ့တယ်။ ရုတ်တရက်ပဲ သူမအိတ်ထဲက ကဒ်ကိုသွားရှာလိုက်တယ်။ ထို့နောက် ချက်ချင်းပဲ ပြန်လာကာ ကြောက်လန့်စွာနဲ့ ကျိယန် ကို ကဒ်ပြန်ပေးလိုက်တယ်


 “ ယောကျာ်း, ဘယ်လိုလုပ်ပြီး ပိုက်ဆံတွေအကုန် ကျွန်မကိုပေးလိုက်ရတာလဲ, ဒါကမလုံခြုံဘူးလေ, ကျွန်မ ကျပျောက်သွားရင်ဘယ်လိုလုပ်မလဲ ရှင်ဒါကို ပြန်ယူသင့်တယ်၊ မိသားစုအသုံးစရိတ်အတွက် ပိုက်ဆံနည်းနည်းလောက်ပဲ ကျွန်မကိုပေးရင်ရပြီ’’


ရုတ်တရက် ကျိယန် ရယ်ချင်လာမိတယ်။ ထန်ထန်က စိတ်ရှုပ်ထွေးနေတဲ့အတွက် သူ့မှာရယ်ချင်စိတ်ကိုထိန်းထားရတယ်။


 ‘’ ယောကျာ်း, ဘာဖြစ်လို့လဲ... ကျွန်မ ဘာအမှားတွေပြောလိုက်မိလို့လဲ...’’


သူ့နဖူးကိုလက်နဲ့ကာလိုက်ပြီး ကျိယန် ပြုံးလိုက်ကာ သူမကို သေသေချာချာ ရှင်းပြလိုက်တယ်


 “ ထန်ထန်ကိုယ့်ပိုက်ဆံအားလုံးကို မင်းကိုမပေးထားပါဘူး, ဒီပမာဏက မိသားစုအသုံးစားရိတ်အတွက်ပဲလေ, ကိုယ်တို့မှာဒီပိုက်ဆံအပြင့် တခြားပိုက်ဆံတွေရှိသေးတယ်’’


‘’အာ...’’ 


သူမ သတိလက်လွတ်နဲ့ ပားစပ်အဟောင်းသားဖြစ်သွားတယ်။ သူမဦးနှောက်တွေ ပျက်စီးကုန်ပါပြီ။


 ‘’ ဒါပေမယ့်…ဒါပေမယ့်…စစ်သားတစ်ယောက်က ဒီလောက်ပိုက်ဆံအများကြီး ရလို့လား တပ်ရင်းမှုးကတော်ပြောတော့ စစ်သားတွေက လစာအများကြီးမရဘူးဆို…’’


ကျိယန် တစ်ယောက် ဒီမအူအလည်ကောင်မလေးရဲ့ ထိုးနှက်ခြင်းကိုခံလိုက်ရတယ် ။ သူက စိတ်ရှည်စွာနဲ့ ရှင်းပြလိုက်တယ်


 “ ဒီပိုက်ဆံတွေအကုန်လုံးက စစ်သားလစာကပဲရတာမဟုတ်ဘူး, နားလည်လား..’’’


သူ က ပိုက်ဆံတွေကို ကျိုးကျီ ကိုပေးပြီး ရင်းနှီးမြှုပ်နှံထားတာဖြစ်တဲ့အတွက် အဲ့ကနေမှ အမြတ်တွေကိုရရှိတာဖြစ်တယ်။ အသက်ရှင်ဖို့အတွက် သူ့လစာကိုပဲအားကိုးထားတာမဟုတ်ဘူး။


ထန်ထန် မျက်တောင်ခတ်လိုက်ပြီးတဲ့နောက် သူမနားလည်သွားပြီဖြစ်တယ်။ ဒါဆို သူမခင်ပွန်းဆီမှာ ပိုက်ဆံရှာတဲ့ တခြားနည်းလမ်းတွေရှိတာပေါ့။ သူက အရမ်းအံ့ဩဖို့ကောင်းတာပဲ... , လေးစားအားကျခြင်းတွေက သူမမျက်ဝန်းတွေထဲ ပြည့်နှက်လို့နေတယ်။


သူမရဲ့အားကျတဲ့ အကြည့်တွေကြောင့် ကျိယန်နေရခက်သွားပြီး လည်ချောင်းရှင်းထုတ်လိုက်တယ်။ ထို့နောက် သူက မီးအိမ်ကိုလှမ်းပိတ်လိုက်ပြီး


 “ အိပ်ကြရအောင်’’


‘’အင်း..."


ထန်ထန် အမှောင်ထဲမှာ ခေါင်းငြိမ့်ပြလိုက်ပြီး ပျော်ရွှင်စွာနဲ့ အိပ်သွားတော့တယ်။