အပိုင်း (၃၂)
Viewers 12k

Part 32


နောက်တနေ့မနက် ထန်ထန် နိုးလာတဲ့အခါမှာတော့, မနေ့ညက သူမကိုပြောသွားတဲ့ ကျိယန် ရဲ့ စကားတွေကို သတိရသွားတယ်။ သူမ စက္ကန့်အနည်းငယ်လောက် သတိလက်လွတ်တွေးနေပြီးမှ အိပ်ယာပေါ်ကနေ ဆင်းလိုက်တယ်။ သူမ ပထမဆုံးလုပ်တဲ့အရာကတော့ အကြွေး၀ယ်ကတ်ကို အ၀တ်ဗဒိုရဲ့ အောက်ဆုံးထပ်မှာ ထားလိုက်ပြီး သော့ခတ်လိုက်တာပဲ။ အဲ့ထဲမှာ ပိုက်ဆံတွေအများကြီးရှိနေတာကို သူမအနေနဲ့ ပျောက်အောင်လုပ်လို့ လုံး၀မဖြစ်ဘူးလေ။


အကြွေး၀ယ်ကတ် လုံခြုံစွာရှိမရှိ သေချာအောင်အထပ်ထပ်စစ်ဆေးပြီးတဲ့နောက် သူမသက်ပြင်းချလိုက်ပြီး လုပ်စရာများလုပ်ဖို့အတွက်ထွက်သွားတော့တယ်။ 


သူမ ဂျင်းပိတ်စများကိုထုတ်ယူလိုက်ပြီး အွန်လိုင်းမှပုံစံများကို အတုယူကာ အသေးလေးအတွက် ချုပ်ပေးဖို့ပြင်လိုက်တယ်။


သူမတို့ဆီမှာ ပိုက်ဆံတွေရှိကြောင်း ကျိယန်က သူမကို ငွေကြေးအတွက် စိတ်မပူဖို့ပြောခဲ့ပေမယ့်လဲ သူမအနေနဲ့ ပိုက်ဆံတွေကို အလဟသ မဖြုန်းတီးနိုင်ပေ။ အနာဂတ်မှာ သူမတို့တွေ ငွေလိုနိုင်တဲ့အခြေအနေတွေများစွာ ရှိလာနိုင်တာကြောင့် တတ်နိုင်သမျှချွေတာသင့်တယ်လို့ သူမတွေးလိုက်မိတယ်။ ဒါ့အပြင့် မိခင်တစ်ယောက် ဇနီးတစ်ယောက်အနေနဲ့ မိသားစုအတွက် အ၀တ်အစားချုပ်ပေးတယ်ဆိုတာ ပျော်ရွှင်ခြင်းတစ်မျိုးပဲလေ။ သူတို့အတွက် သူမ လုပ်ပေးနိုင်တာ အများကြီးမရှိတာကြောင့် သူမ လုပ်နိုင်တာတွေကို ကိုယ်တိုင်လုပ်ပေးချင်တယ်။ ဒါ့အပြင့် သူမချုပ်ပေးတဲ့အဝတ်တွေက ဝတ်လိုက်ရင်သက်တောင့်သက်သာ ရှိမယ်လို့ လုံး၀အာမခံနိုင်တယ်။


ကျိရှောင်ကျိုး  တစ်ယောက် ထန်ထန်  သူ့အတွက်အဝတ်အစားချုပ်ပေးနေမှန်းသိတဲ့အတွက် အရမ်းစိတ်လှုပ်ရှားနေပြီး ဂိမ်းလဲမဆော့ စာလဲမဖတ်နိုင်တော့ပေ။ သူထန်ထန့် ဘေးနားမှာ လှဲနေပြီး သူမလှုပ်ရှားနေတာတွေကို မပျင်းမရိပဲ ကြည့်နေတယ်။


သူက အကြံတစ်ချိ့တောင် ပေးလိုက်သေးတယ်


 “ မာမီ ကျွမ်းကျွမ်း  ၀တ်သလိုမျိုး အရှေ့မှာ အိပ်အကြီးကြီး သားလိုချင်တယ်, လုပ်ပေးလို့ရလား...’’


ထန်ထန် ခေါင်းငြိမ့်ပြလိုက်ပြီး 


‘’ ရတာပေါ့’’


အသေးလေးက စိတ်ကျေနပ်သွားပြီး မေးလိုက်တယ်


 “ သားမနက်ဖြန် အဲ့ဒါဝတ်လို့ရလား မာမီ..."’


‘’ရတာပေါ့..."


အသေးလေးမျက်လုံးထဲမှ မျှော်လင့်ချက်တွေက သိသာလွန်းနေတယ်။ ပုံမှန်အားဖြင့် ဒီဂျင်းဝတ်စုံက တစ်ရက်တည်းနဲ့ အကုန်လုံးမပြီးနိုင်ပေမယ့်လဲ အသေးလေးရဲ့ ဆန္ဒကိုဖြည့်ပေးနိုင်ဖို့အတွက် သူမဒီဝတ်စုံကို ဒီနေ့အပြီးလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။


ကျိရှောင်ကျိုး က သူ့ရဲ့ခြေထောက် ၀၀ကစ်ကစ်လေးတွေနဲ့ ဆိုဖာပေါ်မှာ မတ်တပ်ရပ်လိုက်ပြီး အောက်သို့တွယ်ဆင်းလာတယ်။ ထို့နောက် မီးဖိုချောင်သို့ ပြေးသွားကာ ငှက်ပျောသီးတစ်ချို့နဲ့အတူ ပြန်လာတယ်။ သူက ငှက်ပျောသီးကို အခွံနွှာလိုက်ပြီး ထန်ထန့် ပါးစပ်နားမှာ ထားလိုက်ကာ 


‘’ မာမီ, အသီးနည်းနည်းစားပါဦး, မာမီက အလုပ်အရမ်းကြိုးစားတာပဲ’’


ထန်ထန် ပြုံးလိုက်ပြီး ခေါင်းငုံ့လိုက်ကာ တစ်ကိုက်ကိုက်လိုက်တယ်။ ထို့နောက် ငှက်ပျောသီးကို အသေးလေးဘက်တွန်းလိုက်ပြီး 


" ကျေးဇူးတင်ပါတယ် ပေါင်ပေါင် အတူတူစားရအောင်’’


အသေးလေး က အနှောက်အယှက်မဖြစ်ပဲ ပျော်ရွှင်စွာနဲ့ အလုတ်ကြီးတစ်ကိုက် ကိုက်လိုက်တယ်။ သူ့မျက်ဝန်းတွေက ကျေနပ်မှုတွေနဲ့ ဖြာထွက်လို့နေပြီး အရသာရှိတဲ့ စားစရာတစ်ခုကို ဇိမ်ကျကျ စားနေသလိုဖြစ်နေတယ်။


သူတို့ဒီကိုပြောင်းလာကတည်းက ကျိယန် အသေးလေးကို မုန့်စားခွင့်မပြုထားလေဘူး။ သူ့ရဲ့ နေ့စဉ်အစာစားချိန် သုံးချိန်ကလွဲလို့ သူ့ ခမျာ အသီးနဲ့ နို့ကိုသာ စားရရှာတယ်။ ဒါ့အပြင် အဲ့ဒါတွေကိုလဲ အနည်းငယ်သာစားဖို့ ခွင့်ပြုခံထားရတာဖြစ်တယ်။ ကျိရှောင်ကျိုး  က လိမ်မာပြီးနာခံတတ်တဲ့ ကလေးဖြစ်တဲ့အတွက် သွားရည်စာတွေကြောင့် ဘယ်တုန်းကမှ အထွန့်တက်ခြင်း ငိုခြင်းမရှိဘူး။ သူက  အရင်တုန်းက မုန့်စားရတာ အရမ်းကြိုက်ခဲ့တာဖြစ်တယ်။ 


အခုအချိန်မှာတော့ သူ့ရဲ သွားရည်စာမုန့်တွေက အသီးတွေသာဖြစ်တယ်။


ထန်ထန် နှလုံးသားထဲမှနေ၍ အသေးလေးအတွက် နာကျင်သွားရတယ်။ သူမတို့ ဒီကိုမပြောင်းရွေ့ခင်တုန်းကဆို မကြာခဏ အသေးလေးအတွက် မုန့်တွေလုပ်ပေးနေကျပဲ။ ပြီးတော့ အဲ့မုန့်တွေကိုစားရတာ သူသဘောကျတယ်လေ။ သူမတို့ဒီကိုပြောင်းလာပြီးတဲ့နောက် အတော်လေးအလုပ်များနေခဲ့လို့ လျစ်လျူရှုခဲ့မိတယ်။


သူမ အပြစ်ရှိသလိုခံစားလိုက်မိပြီး ရှောင်ကျိုး  ခေါင်းလေးကိုပွတ်ပေးလိုက်ကာ မေးလိုက်တယ်


 “ ပေါင်ပေါင်, သား မုန့်စားချင်လား... မာမီ သားအတွက် ဥအနှစ်မုန့် လုပ်ပေးမယ်လေ ...ဟုတ်ပြီလား...’’


ကျိရှောင်ကျိုး  မျက်၀န်းတွေတောက်ပသွားပြီး ချက်ချင်းပဲခေါင်းငြိမ့်ပြလိုက်တယ်


 “ မာမီ, သားစားချင်တယ်’’


‘’ဟုတ်ပြီ, မာမီ သားအတွက် အခုလုပ်ပေးမယ်နော်, သားအတွက်လုပ်ပြီးမှ ဒီဟာတွေကို အပြီးသတ်လိုက်တော့မယ်’’ 


သူမ အပ်နဲ့အပ်ချည်တွေကို တဖက်သို့တွန်းပို့လိုက်ပြီး မုန့်ဖုတ်ဖို့အတွက် မီးဖိုချောင်ထဲဝင်သွားတော့တယ်။ 


ရှောင်ကျိုး  က သူမခြေထောက်ကိုဖက်ထားပြီး ဘယ်မှမသွားပဲ ထပ်ချပ်မကွာအနောက်ကလိုက်လို့နေတယ်။


- - - - - - - 


Oven ထဲမှ ဥအနှစ်မုန့်လေး ရလာတဲ့အချိန်မှာပဲ အိမ်တံခါးဘဲလ်က အသံမြည်လာတယ်။ ဝမ်ဝမ် က ဖရဲသီးအကြီးကြီးတစ်လုံးကိုင်ထားပြီး တံခါး၀မှာရပ်နေတာကို တွေ့လိုက်ရတယ်။


ကော်ဖီစားပွဲဘေးမှာ လှဲနေတဲ့ ရှောင်ကျိုး  က မုန့်ကိုလှမ်းယူဖို့ပြင်နေတုန်း ဝမ်ဝမ် ကိုတွေ့လိုက်တဲ့ခဏမှာပဲ ချက်ချင်းလက်ကိုယမ်းကာ


 “ အစ်မကြီး ဝမ်ဝမ် မြန်မြန်လာ, သားမာမီက အရသာရှိတာတွေလုပ်နေတယ်,  အတူတူစားရအောင်’’


‘’ဝိုး... အစ်မ ဘာတွေလုပ်နေတာလဲ...အနံ့ကမွှေးနေတာပဲ...’’ 


အမွှေးနံ့နောက်မှ လိုက်တာတဲ့ဝမ်ဝမ် က နူးညံ့ပြီးမွှေးပျံ့နေတဲ့ ဥအနှစ်မုန့် ကိုတွေ့လိုက်တယ်။ သူမ မျက်လုံးတွေတောက်ပသွားပြီး အသေးလေးအနားမှာဝင်ထိုင်လိုက်ကာ မုန့်တစ်ခုကိုပါးစပ်ထဲသို့ထည့်လိုက်တယ်။ မုန့်ကနူးညံ့နေပြီး ပုံစံကလဲစားချစ်စရာဖြစ်နေတဲ့အပြင့် အရမ်းလဲမချိုပဲအရသာရှိတယ်။


‘’ အစ်မ  ဒီမုန့်ကအရမ်းစားကောင်းတာပဲ, ဒီလောက်အရသာရှိအောင် ဘယ်လိုများလုပ်ထားတာလဲ..."


ဝမ်ဝမ် ရုတ်တရက်ပဲ အစားကြီးတဲ့ကြောင်လေးတစ်ကောင်လို အနားမှာထိုင်ပြီး မုန့်တွေကိုစားနေတော့တယ်။ 


‘’ညီမလေးကြိုက်တယ်ဆို များများစားလေ, အစ်မ အများကြီးလုပ်ထားတာ, နှစ်ယောက်လုံး ဖြည်းဖြည်းစားကြဦး"  


ထန်ထန်  က ပြောပြီးတာနဲ့ အပ်ကိုပြန်ကိုင်ကာ အသေးလေးအတွက် အကျီချုပ်နေတယ်။


သူမချုပ်နေတာကို ဝမ်ဝမ် ကတွေ့သွားပြီး  အံ့ဩတကြီးနဲ့


 ‘’ အစ်မ  အကျီတစ်ထည်လုံးကို အပ်နဲ့လက်ချုပ်ချုပ်တာလား...’’


ထန်ထန်  နားမလည်စွာနဲ့


 ‘’ ဟုတ်တယ်လေ, ဘယ်လိုလုပ်လို့ရသေးလို့လဲ...’’


ဝမ်ဝမ် သူမပါးစပ်ထဲက မုန့်တွေကိုမျိုချလိုက်ပြီး ထန်ထန်  ချုပ်နေတာတွေကို ယူကြည့်လိုက်တယ်။ သူမကြည့်နေရင်းနဲ့ မယုံနိုင်စွာပဲ 


“ ဘုရားရေ ရှင်က နတ်ဘုရားလိုပဲ, ညီမက အစ်မအကျီချုပ်စက်နဲ့ ချုပ်ထားတယ်ထင်တာ, ဒါတွေကို အစ်မလက်နဲ့ချုပ်ထားတယ်လို့ကို မထင်တာ, ဒီနေ့ခေတ်ကြီးမှာ အကျီတွေကို လက်နဲ့ချုပ်တဲ့သူရှိသေးတာလား, ပြီးတော့ အစ်မချုပ်ထားတဲ့ပုံက မသိရင် စက်နဲ့ချုပ်ထားတဲ့အတိုင်းပဲ, ဒါတွေကို လက်နဲ့ချုပ်ထားတယ်လို့ညီမလုံး၀မထင်မိဘူး’’


အကျီချုပ်စက်... အဲ့ဒါက ဘာလဲဆိုတာ ထန်ထန် လုံး၀နားမလည်ဘူး။ ဒါပေမယ့်လဲ သူမအမြဲတမ်း လက်နဲ့ချုပ်တာပဲကို အဲ့ဒါက ဒီလောက်ကြီး အံ့အားသင့်ဖို့ လိုလို့လား။


အံ့ဩတဲ့စိတ်တွေမကုန်သေးတဲ့ ဝမ်ဝမ် က ထန်ထန့် ပေါင်ပေါ်မှာ လှဲလိုက်ရင်း သူမခြေထောက်တွေကို ဆွဲလိုက်ကာ


 “ အစ်မ  ခေတ်သစ်အမျိုးသမီးတွေက အစွမ်းထက်ပြီး ကမ္ဘာကြီးကိုကိုင်လှုပ်နိုင်တယ်လို့ ညီမအမြဲတမ်းတွေးမိတယ်, ချက်ပြုတ်တာ, ချုပ်လုပ်တာ, ကလေးထိန်းတာတွေက အားနည်းတယ်လို့ ညီမတွေးမိပေမယ့် အခုတော့ ညီမအတွေးတွေမှားတယ်ဆိုတာ သိလိုက်ပြီ....အစ်မလိုလူမျိုးတွေက တကယ်ဆရာကြီးတွေပဲ.... တကယ်လို့ အစ်မသာ အပြင်ထွက်ပြီး ပိုက်ဆံရှာမယ်ဆို အမြတ်ရဖို့အတွက် ပူစရာမလိုဘူး"


ထန်ထန် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိတယ်။ ဒီလိုမျိုးနဲ့ သူမပိုက်ဆံရှာနိုင်တာလား...


"အစ်မသာ ယောကျာ်းလေးဆိုရင် ညီမ အစ်မကိုလက်ထပ်မိမှာပဲ, မဟုတ်ဘူး မဟုတ်သေးဘူး, အစ်မက ယောကျာ်းလေးမဟုတ်လဲရတယ်, အခုပဲ အစ်မကိုလက်ထပ်ဖို့ ညီမဆန္ဒရှိတယ်, အစ်မ ထန်ထန် ညီမကို လက်ထပ်ချင်လား..."


ထန်ထန် ‘’…..’’ 


ဒီကလေးမတော့ မဟုတ်တာတွေ ပြောနေပြန်ပြီ။


ဒီစကားကိုကြားလိုက်ရတဲ့ ရှောင်ကျိုး က သည်းမခံနိုင်တော့ပဲ, လက်ထဲမှ သူ့မုန့်ကိုအောက်သို့ချလိုက်ကာ ဝမ်ဝမ့် ကို ပြေးပြီးဆွဲထားလိုက်တယ်


 “ အစ်မကြီး မာမီက သားနဲ့ ဒယ်ဒီ ပိုင်တာ, အစ်မ လက်ထပ်လို့မရဘူး, အစ်မ လက်ထပ်ဖို့ဆိုရင် တခြားတစ်ယောက်ကိုပဲသွားရှာလိုက်’’


‘’ အစ္မတို့ မာမီကိုခြဲယူလို့မရဘူးလား...’’


‘’ မရဘူး, ဒယ်ဒီနဲ့ သားနဲ့တောင် မျှလို့မလောက်တာ’’


‘’ ဟုတ်ပါပြီ...ဝမ်ဝမ် ရယ် ကလေး ကိုမစပါနဲ့တော့... ‘’ 


သူမ. ဝမ်ဝမ့် ခေါင်းကိုပုတ်လိုက်ပြီးနောက် ရှောင်ကျိုး  ဘက်ကိုလှည့်ကာ ရှင်းပြလိုက်တယ် 


“ အစ်မ ဝမ်ဝမ်က သားကိုစနေတာရယ်, အဲ့ဒါတကယ်မဟုတ်ဘူး’’


အတော်လေးလဲပျော်ပြီးပြီမို့ ဝမ်ဝမ် က မတ်တပ်ရပ်လိုက်ပြီး အသေးလေးရဲ့ ပါးလေးကိုပုတ်လိုက်ကာ


 ‘’  အစ်မက မောင်လေးကိုစတာပါ, အစ်မက အနာဂါတ်မှာ အရမ်းကိုခန့်ညားပြီးကြည့်ကောင်းတဲ့သူနဲ့ပဲ လက်ထပ်မှာ’’


ကျိရှောင်ကျိုး  ကတော့ စိတ်မချသေးပဲ ထန်ထန့် ဘေးနားကိုပြေးသွားကာ သူမခြေထောက်ကို တင်းကြပ်စွာဖက်ထားတယ်။


ဝမ်ဝမ် က သူမမျက်လုံးကိုလှိမ့်လိုက်ပြီး ထန်ထန် ကို ရုတ်တရက်ပဲ အကြံစည်ရှိရှိနဲ့ ပြုံးလိုက်ကာ 


‘’ အစ်မ ထန်ထန်, ညီမကို တစ်ခုလောက်ကူညီပါလား..."


သူမ ရဲ့လေသံကြောင့် ထန်ထန် ထိတ်လန့်တုန်လှုပ်သွားပြီး သူမကိုယ်သူမ အပ်နဲ့ထိုးမိ မလိုတောင်ဖြစ်သွားတယ်။


ကျိရှောင်ကျိုး  တစ်ယောက်လဲ ထို့အတူတုန်လှုပ်သွားတာကြောင့် ဝမ်ဝမ့်ကို  ကြည့်ကာပြောလိုက်တယ် 


“ မကြီး ဝမ်ဝမ်က TV ဇတ်လမ်းတွဲတွေထဲမှာပါတဲ့ မကောင်းတာလုပ်တော့မယ့် ဗီလိန်တွေလိုမျိုးလုပ်နေတာပဲ’’


ဝမ်ဝမ်  က ကျိရှောင်ကျိုး  အား ဟမ့် တစ်ချက်လုပ်လိုက်တယ်။ ထို့နောက် သူမလက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ ပြုံးပြီး  ကိုတောင်းဆိုလိုက်တ‌ယ်


 “ အစ်မ... A စတိုးဆိုင်က စကပ်လေးတစ်ထည်ကို ညီမသဘောကျနေတာသိလား, ဒါပေမယ့်လေ အဲ့ဒါက ထောင်ကျော်တဲ့အထိစျေးအရမ်းကြီးနေလို့ ညီမအမေက ပေးမဝယ်ဘူး’’


ထန်ထန်  ချက်ချင်းပဲ ဒီကလေးမလေးရဲ့ အကြံကိုသဘောပေါက်သွားတယ်


 “ ညီမလေးက အစ်မကို အဲ့လိုမျိုးတစ်ထည်လုပ်ပေးစေချင်တာမဟုတ်လား...’’


မျက်လုံးထဲမှာ မျှော်လင့်ချက်အပြည့်နဲ့ဖြစ်နေတဲ့ ဝမ်ဝမ် က ချက်ချင်းပဲ ခေါင်းငြိမ့်ပြလိုက်တယ်


 “ အစ်မ အဲ့အတိုင်းပုံစံတူလေး တစ်ထည်လောက် ညီမလေးကို ချုပ်ပေးလို့ရမလား... လိုတဲ့ပစ္စည်းတွေ ညီမ၀ယ်ပေးပါ့မယ် နော် အစ်မ, ညီမကလေ အရမ်းလဲ အလျင်မလိုပါဘူး, အစ်မအားတဲ့အချိန်မှ ဖြေးဖြေးချင်းချုပ်ပေးလဲ ရပါတယ်, ညီမအတွက် အချိန်သပ်သပ်ပေးစရာ မလိုပါဘူး, အဲ့လိုရလားဟင်...’’


ဒါက ထန်ထန့် အတွက် ကိစ္စအသေးလေးပဲဖြစ်တယ်။ သူမမှာလဲ လုပ်စရာများများစားစား မရှိတဲ့အတွက် အလွယ်တစ်ကူပဲ ခေါင်းငြိမ့်ပြလိုက်တယ် 


“ ဟုတ်ပြီလေ, အစ်မကို မှီငြမ်းရမယ့်ပုံတွေသာပေးလိုက်, အစ်မအားတဲ့အချိန် ညီမလေးအတွက်ချုပ်ပေးထားမယ် ဟုတ်ပြီလား’’


‘’အား… အစ်မ ... အစ်မကို ချစ်တယ်, အစ်မက ညီမရဲ့ ဘုရားသခင်ပဲ’’ 


ဝမ်ဝမ် က စိတ်လှုပ်ရှားစွာနဲ့ မတ်တပ်ရပ်လိုက်ပြီး အရူးလိုမျိုးအော်ဟစ်ကာ ခုန်ပေါက်နေတော့တယ်။


ကျိရှောင်ကျိုး ပုခုံးတွေတောင်တုန်သွားတယ်။ သူ့မာမီက ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတာကို နောက်တစ်ကြိမ်ခံစားလိုက်ရတယ်။ တခြားမိန်းမတွေအကုန်လုံးက ကြောက်စရာကြီး။


-  - - - - - - - - - - - - - -


ဝမ်ဝမ် တစ်ယောက် ကျိ မိသားစုအိမ်မှာ စားသောက်ပြီး တနေကုန်အချိန်ဖြုန်းပြီးသည့်တိုင်အောင် ညနေရောက်တဲ့အချိန်ထိ သူမ မပြန်ချင်သေးပေ။ တပ်ရင်းမှုကတော်မှ သူမဆီကို အကြိမ်များစွာ ဖုန်းခေါ်ဆိုနေပြီးဖြစ်တယ်။


ဒီကလေးမတစ်ယောက် အိမ်မပြန်ချင်ပဲ ပေကပ်နေတာကို . ကြည့်ပြီး ထန်ထန် ရယ်ချင်စိတ်ဖြစ်နေမိတယ်။ ထို့နောက် သူမက ဥအနှစ်မုန့် တွေကိုထုပ်ပိုးပြီး သူမကိုပေးလိုက်ကာ


 “  ကဲ...အခု အိမ်ပြန်ချိန်ရောက်ပြီ, အစ်မဆီကို ကြိုက်တဲ့အချိန်လာလည်လို့ရတယ်, ရှောင်ကျိုး နဲ့ အစ်မက အိမ်မှာ အမြဲရှိတယ်, ဒီမုန့်တွေယူသွားပြီး အိမ်ကမိဘတွေကိုပေးလိုက်ဦး"


‘’အစ်မက အရမ်းကောင်းတာပဲ, အစ်မကိုချစ်တယ်..., မွမွ...အစ်မကို အိမ်ကိုပါခေါ်သွားချင်နေပြီ ... ‘’ 


ဝမ်ဝမ်က ထန်ထန့် ကိုဖက်ရင်းပြောလိုက်တယ်။ သူမ ထန်ထန့် ကိုဖက်ပြီးအနမ်းပေးချင်ပေမယ့်လဲ ရှောင်ကျိုး ရဲ့ သတိပေးတဲ့အကြည့်တွေကြောင့် သူမအကြံကိုလက်လွှတ်ပြီး စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားတယ်။


အသေးလေးက ဝမ်ဝမ် ပြန်လာမှာကိုကြောက်ပြီး အိမ်တံခါးကိုချက်ချင်းပဲ ပိတ်လိုက်တယ်။


ထန်ထန် ပြုံးချင်စိတ်ကိုထိန်းလိုက်ပြီး အသေးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။ တစ်စုံတစ်ယောက်က သူတို့အမေကိုသဘောကျတာနဲ့ အန္တရာယ်ရှိတယ်လို့ ချက်ချင်းပဲ ခံစားတတ်ကြတယ်။


‘’ဟုတ်ပါပြီ, အစ်မ ဝမ်ဝမ် က အိမ်ပြန်သွားပြီ, မာမီကညစာချက်လိုက်ဦးမယ်, ကိုယ့်ဘာသာ တစ်ယောက်တည်း ခဏလောက်ဆော့နှင့်ဦးနော်...ဟုတ်ပြီလား’’


ပေါင်ပေါင် က ခေါင်းကိုယမ်းလိုက်ပြီး သူမခြေထောက်ကို ဆတ်ကနဲဖက်လိုက်ကာ


 “ မာမီ, သားမာမီ့ကိုအချစ်ဆုံးပဲ, မာမီက သားရဲ့ နတ်ဘုရားပဲ, မာမီက သားရဲ့ ကွမ်ရင်ပဲ ‘’ (ကွမ်ယင်မယ်တော်ကိုပြောတာပါနော်)သူ့ ရဲ့နှလုံးသားထဲမှာတော့ ကွမ်ရင်က အံ့ဩစရာအကောင်းဆုံး နတ်ဘုရားပဲဖြစ်တယ်။


ထန်ထန် တစ်ယောက် ငိုရခက် ရယ်ရခက်ဖြစ်သွားတယ်။ ကြည့်ရတာ အသေးလေးက ဝမ်ဝမ် ဟာသလုပ်သွားတာကို အတည်ယူနေပုံရတယ်။ အသေးလေးရဲ့ မနာလိုမှုက မနည်းပါလား။


တခြားနည်းလမ်းမရှိတော့တဲ့အတွက် အသေးလေးစိတ်အေးစေရန် သူမ သူ့ကိုနမ်းလိုက်ပြီး စကားချိုချိုလေးတွေနဲ့ ချော့ပြောလိုက်တယ် 


“ မာမီလဲ သားကိုအချစ်ဆုံးပါပဲ, သားလေးက မာမီရဲ့အဖိုးတန်ဆုံးပေါင်ပေါင်လေးလေ, မာမီက သားနဲ့အမြဲတမ်း အတူတူရှိနေမှာ, မာမီက ပေါင်ပေါင်လေးရဲ့မာမီမို့လို့ ဘယ်သူမှ လုယူလို့မရဘူး’’


ဒီချိုမြိန်တဲ့စကားလေးတွေက အသေးလေးအပေါ်ကိုအလုပ်ဖြစ်သွားတယ်။ သူမစကားတွေက အသေးလေးကို တဖြည်းဖြည်းနဲ့ ပြုံးလာစေကာ


 ‘’ ဒါဆို မာမီ သားကလွဲပြီး သူများတွေကို နမ်းလို့မရဘူးနော်, ပြီးတော့ သူများတွေကိုလဲ ပေးမနမ်းရဘူး’’


ထန်ထန်ဘာကိုမှဂရုမစိုက်ပဲနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်


 “ ဟုတ်ပါပြီ ...ဟုတ်ပါပြီ ပေါင်ပေါင်တစ်ယောက်တည်းပဲ မာမီကိုနမ်းလို့ရမယ်’’


ကျိရှောင်ကျိုးက ပျော်ရွှင်စွာနဲ့ ခေါင်းငြိမ့်လိုက်တယ်။ ထို့နောက်သူက ထွက်သွားဖို့ပြင်ပြီးနောက် ရုတ်တရပ်ရပ်လိုက်ကာ ထန်ထန် ကိုကြည့်လိုက်တယ်။ သူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်


 “ မာမီ, သားသေချာစဉ်းစားမိတယ်, တကယ်တော့ သားကအရမ်းတွက်ကပ်မနေပါဘူး, ဒယ်ဒီကိုတော့ ပေးနမ်းလိုက်မယ်, ဘာလို့လဲဆိုက မာမီက သူ့ဇနီးလေ’’


ထန်ထန် ခြေလှမ်းတွေမှားသွားတယ် ။ ဒီကလေးကတော့…


-  - - - - - - - - - - - -


လေ့ကျင့်ရေးမှ ကျိယန် ပြန်ရောက်တဲ့အချိန်မှာတော့ အိမ်တံခါး၀မှာ အချိန်အတော်ကြာ သူရပ်နေရပြီး ရှောင်ကျိုး  က တံခါးလာဖွင့်မပေးသေးပေ။ ခါတိုင်းသူတံခါးဝရောက်တာနဲ့ အသေးလေးက အပြေးတံခါးလာဖွင့်ပေးနေကျဖြစ်တယ်။ မဟုတ်မှလွဲရော သူတို့ဒီနေ့ အိမ်မှာမရှိကြဘူးလား...


ကျိယန် နဲ့အတူ ပြန်လာတဲ့ ကျန်းချန်း က အံ့ဩသွားပြီး 


‘’ မင်းတို့အိမ်ကအသေးလေးက ဒီနေ့လာမကြိုပါလား... ပုံမှန်ဆို ငါတို့တွေရောက်တာနဲ့ သူထွက်လာနေကျပါ...’’


ကျိယန် ခေါင်းကိုယမ်းလိုက်ပြီး တံခါးဖွင့်ဖို့ အိတ်ကပ်ထဲမှ သော့ကိုထုတ်ဖို့ပြင်လိုက်ပြီးမှ သူ့ဆီမှာသော့မရှိမှန်း သတိရသွားတယ်။ ဘာလို့လဲဆိုတော့ အမြဲလိုလို သူသော့ခတ်ဖို့မလိုဘူးလေ, ဒါကြောင့် သော့ယူလာဖို့လဲ သူမေ့သွားတာဖြစ်တယ်။


ရွေးစရာမရှိတဲ့နောက် တံခါးကိုသာခေါက်လိုက်တယ်။


လှုပ်ရှားသံမကြားရတဲ့အတွက် သူနောက်တစ်ကြိမ်ထပ်ခေါက်လိုက်တယ်။ ထို့နောက် အသေးလေးရဲ့  လမ်းလျောက်လာတဲ့ ခြေသံကိုကြားလိုက်ရတယ်။ ထို့နောက် တိုးညှင်းတဲ့အသံလေးနဲ့ 


“ အပြင်ကဘယ်သူလဲ...ဘယ်သူလဲဆိုတာ သတင်းပို့’’ 


‘’ဟမ်... ဟားဟားဟား လောင်ကျိ မင်းရဲ့သားက အထူးတပ်ဖွဲ့ထဲဝင်ဖို့ကြံနေတာလား...’’ 


ကျိယန် နှုတ်ခမ်းထောင့်တွေအပေါ်သို့တက်သွားတယ်။ အကူအညီမဲ့စွာနဲ့ အသေးလေးစကားအတိုင်း အလိုက်သင့်ပြောလိုက်တယ် 


“ ဒယ်ဒီပာ ...မင်းရဲ့အဖေ...’’


စကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် တံခါးသော့ဖွင့်သံကြားလိုက်ရတယ်။ ရင်းနှီးနေတဲ့ ကျည်ဆံ၀၀ကစ်ကစ်လေးက သူ့ ရင်ခွင်ထဲပြေးဝင်လာတယ်


 “ ဒယ်ဒီ, ပြန်လာပြီလား...’’


သူ့ရင်ခွင်ထဲက အသေးလေးရဲ့ပါးကိုညှစ်လိုက်ပြီး 


“ ဒီနေ့ ဘာတွေဆော့နေတာလဲ...ဘာလို့ ဒယ်ဒီပြန်လာတာကို တံခါးမဖွင့်ပေးတာလဲ...’’


အသေးလေး က သူ့လက်တွေကို Ji Yan လည်ပင်းဆီမှာ ဖက်တွယ်လိုက်ပြီး အလေးအနက်နဲ့ ပြောလိုက်တယ် 


“ ဒယ်ဒီ, တံခါးမဖွင့်ခင် အပြင်ကဘယ်သူလဲဆိုတာကို စစ်ဆေးဖို့ သားဆုံးဖြတ်လိုက်ပြီ, လူဆိုးတွေကို အိမ်ထဲ ၀င်ခွင့်မပြုဘူး...’’ 


သူ့မာမီကို အိမ်ကနေခေါ်ထုတ်သွားချင်တဲ့ လူဆိုးတွေကို သူလုံး၀ခွင့်မပြုနိုင်ဘူး။


ကျိယန် ငိုရခက် ရယ်ရခက်ဖြစ်သွားတယ်။ ဒီလိုမျိုးလုပ်ဖို့အတွက် အသေးလေး ဒီနေ့ဘာတွေတွေ့ကြုံခဲ့ရလဲဆိုတာ သူမသိတော့ဘူး။ 


ဘေးမှာနားထောင်နေတဲ့ကျန်းချန်း က သူ့ပါးစပ်ကိုပိတ်မထားနိုင်တော့ဘူး။လောင်ကျိရဲ့သားလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။ သူလဲ တစ်ယောက်လောက်လိုချင်မိတယ်။ ကံမကောင်းစွာနဲ့ပဲ သူ့ဇနီးက ကလေးမလိုချင်ဘူးလေ။


အဲ့အချိန်မှာပဲ ဟင်းချက်လို့ပြီးသွားတဲ့ ထန်ထန် က ကြားရတဲ့အသံတွေကြောင့် ထွက်လာတယ်။ ကျိယန် ပြန်လာတာကို မြင်သွားပြီး ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ် 


“ ယောကျာ်း, ဟင်းတွေအဆင်သင့်ဖြစ်ပြီ, မြန်မြန်လေး လာစားတော့လေ, ရှင်ဗိုက်ဆာနေလောက်ရောပေါ့, ဟုတ်တယ်မဟုတ်လား?’’


ကျိယန် အနောက်သို့လှည့်ကြည့်လိုက်တဲ့အတွက် ကျန်းချန်းပါလာမှန်း ထန်ထန် သတိထားမိသွားတယ်။ 


သူမ ခုမှ သတိထားမိသွားတဲ့အတွက် အနည်းငယ်ရှက်ရွံ့သွားပြီး အလျင်အမြန်နဲ့ ပြောလိုက်မိတယ်


 “ ကျန်းချန်း ရှင်လဲ ပါလာတာလား, ညစာကောစားပြီးပြီလား... မစားရသေးရင် ကျွန်မတို့နဲ့အတူတူစားသွားပါလား, ကျွန်မ အများကြီးချက်ထားတာ’’


ကျန်းချန်း က ချက်ချင်းပဲ လက်ကိုယမ်းလိုက်ပြီး ငြင်းလိုက်တယ် 


“ ရတယ်မရီး မစားတော့ဘူး, ကျွန်တော်အိမ်မှာပဲစားမှာမို့လို့ အစ်မတို့မိသားစုပဲစားလိုက်ကြတော့’’


ကျိယန်...ကျန်းချန်း အိမ်ကိုလှမ်းကြည့်လိုက်တယ်။ တံခါးက မည်းမှောင်နေပြီး သူ့ဇနီးအိမ်ပြန်မရောက်သေးတာ အသေအချာပဲ။ဒါကြောင့် သူဝင်ပြောလိုက်တယ်


 ‘’ ရပါတယ်, အရမ်းကြီးအားနာမနေနဲ့, ငါတို့နဲ့အတူတူလာစားလိုက်စမ်းပါ, ဟင်းချက်မယ့်အချိန်လဲ သက်သာသွားတာပေါ့’’


ရိုးသားစွာပြောရရင် အိမ်မှာ သူ တစ်ယောက်တည်း သူကိုယ်တိုင်လုပ်တဲ့ ခေါက်ဆွဲပြုတ်မစားချင်ဘူး။ ပြီးတော့ သူတကယ်လဲ ဗိုက်ဆာနေပြီဖြစ်တဲ့အတွက် မငြင်းတော့ပဲ ညည်းတွားတဲ့လေသံနဲ့


 ‘’ ဒါဆိုလဲ မျက်နှာထူထူနဲ့ ညစာအလကားစားရတော့မှာပဲ’’


ထန်ထန် က ချက်ချင်းပဲ နောက်ထပ်ပန်းကန်လုံးနဲ့ တူတစ်စုံကိုယူကာ စားပွဲပေါ်တင်လိုက်တယ်။ ထို့နောက် လူတိုင်းအတွက် ပိန်းဥနဲ့ နံရိုးစွပ်ပြုတ်ကိုထည့်ပေးလိုက်တယ် 


“ မစားခင် စွပ်ပြုတ်လေးအရင်သောက်လိုက်ကြပါဦး"


‘’ကျေးဇူးတင်ပါတယ်, မရီး’’


 ကျန်းချန်းက စွပ်ပြုတ်ကိုယူပြီး ပါးစပ်ထဲအပြည့်ထည့်လိုက်တယ်။ အသံစုံမြည်နေတဲ့ သူ့အစာအိမ်က ငြိမ်သက်သွားပြီးနောက် အသက်ပြန်ရှင်လာတယ်လို့ ခံစားလိုက်ရတယ်။


စားပွဲပေါ်မှ ဟင်းပွဲတွေကြည့်ပြီး သူ့နှလုံးသားထဲမှ ချဉ်တူးလာတယ်။ ဘယ်လိုတွေတောင် လောင်ကျိ က ကံကောင်းနေရတာလဲ, သူ့မှာ ချစ်ဖို့ကောင်းတဲ့သားလေးလဲရှိတယ်, ပြီးတော့ အရမ်းလိမ်မာပြီးသိတတ်တဲ့ ဇနီးလဲရှိတယ်။ သူမက စိတ်ထားကောင်းရုံတင်မကပဲ ဟင်းချက်တဲ့နေရာမှာလဲ အရမ်းတော်တယ်။ နေ့တိုင်းစားကောင်းတဲ့ဟင်းပွဲတွေလဲ လောင်ကျိ ဆီမှာအဆင်သင့်ပဲ။ ဗိုက်ဆာလာရင် အစာအိမ်ကိုဖြည့်ဖို့အတွက် ခေါက်ဆွဲနဲ့ ထမင်းကြော်လောက်ကိုသာစားနေရတဲ့ သူ့ဘ၀နဲ့ လုံး၀ကိုမတူပါလားနော်။ 


နှိုင်းယှဉ်ကြည့်ယုံနဲ့တင် သူ့ဘဝြကီးက အရမ်းကိုသနားစရာကောင်းနေပြီ။


စားသောက်နေရင်းမှ မနက်ဖြန်က စနေနေ့မှန်းကျန်းချန်း ရုတ်တရက် သတိရသွားတယ်။ စနေနေ့မှာ အိမ်ကိုဧည့်သည်တွေဖိတ်ထားခဲ့တာကို လုံးဝမေ့နေတာပဲ။


သူ ထန်ထန့် ကိုချက်ချင်းပဲအလောတကြီးမေးလိုက်တယ် 


“ မရီး, မနက်ဖြန် ကျွန်တော်ဧည့်သည်တွေကိုဖိတ်ထားလို့ အဲ့ဒါ အစ်မကို ဒုက္ခပေးရတော့မှာပဲ, မနက်ဖြန်လိုမယ့် ဟင်းချက်စရာအမယ်တွေကို ကူပြီးစစ်ပေးလို့ရမလား... ကျွန်တော့ဇနီးကို ၀ယ်ဖို့ပြောလိုက်မှာမို့ ပြောပြပေးပါဦး"


‘’ ရှင်တို့စားချင်တာတွေပဲ ၀ယ်လာလိုက်ပါ, ၀ယ်လာတာတွေကိုပဲ ကျွန်မ ကြည့်ချက်လိုက်ပါမယ်, အသားနဲ့ အသီးအရွက်တွေဆိုရင်လဲ ရပါတယ်’’ 


ထန်ထန် ပြန်ဖြေလိုက်တယ်။


ကျန်းချန်း က ခေါင်းကိုကုတ်လိုက်ပြီး ရှက်ရွံ့စွာနဲ့ 


‘’ မရီး, အစ်မကိုပဲ ဒုက္ခပေးရတော့မှာပဲ, ကျွန်တော့်ဇနီးက မချက်တတ်ဘူးလေ, ပြီးတော့ တော်ရုံလဲစျေးမသွားတော့ လိုအပ်တာတွေမရှိလောက်သလို စျေးလဲမဝယ်တတ်ဘူး, အဲ့ဒါကြောင် သူမဘာသာဝယ်မယ်ဆို မှား၀ယ်လာဖို့များတယ်’’


ကျိယန်  ခေါင်းမော့ပြီး ကျန်းချန်း ကိုတစ်ချက်ကြည့်လိုက်တယ်။


ကျန်းချန်း က ချက်ချင်းပဲ အသနားခံတဲ့ အကြည့်နဲ့ပြန်ကြည့်လိုက်မိတယ်။


ယောကျာ်းသားနှစ်ယောက်ကြားက အကြည့်ကို သတိမထားမိတဲ့ ထန်ထန် က ခဏလောက်တွေးပြီး ပြန်ဖြေလိုက်တယ်


 “ ဒါဆို ကျွန်မစာရင်းလုပ်ပေးလိုက်မယ်လေ, စာရင်းထဲကအတိုင်းဝယ်မယ်ဆိုရင် ရှင်တို့အဆင်ပြေလောက်တယ်’’


ကျန်းချန်း က အရမ်းကို ကျေးဇူးတင်သွားပြီး


 “ ကျေးဇူးတင်ပါတယ် မရီး’’


အဆုံးမှာတော့ ကျိယန် ဘာမှ မပြောလိုက်ရပေ။ ဒါပေမယ့် ညစာစားအပြီးမှာတော့ ထန်ထန် လက်ထဲမှ ပန်းကန်လုံးကို စတင်လှမ်းယူလိုက်ပြီး


 ‘’ ပန်းကန်တွေကို ကိုယ်ဆေးလိုက်မယ်, မင်းက သူ့အတွက်စာရင်းလုပ်ပေးလိုက်ပေါ့’’


ထန်ထန် က သူမလက်ကိုယမ်းကာ ငြင်းလိုက်တယ်


 “ ရပါတယ် မလိုပါဘူး, ဒီမှာပဲထားလိုက်လေ, စာရင်းရေးပေးပြီးတာနဲ့ ကျွန်မဆေးလိုက်ပါမယ်, ရှင်က တနေကုန်လေ့ကျင့်ရေးတွေကြောင့် ပင်ပန်းနေမှာဆိုတော့ အနားသွားယူလိုက်ပါ’’


ကျိယန် အကူအညီမဲ့စွာနဲ့ပဲ ကျန်းချန်း နဲ့ တခြားသူတွေ သူ့ကိုဝိုင်းစနောက်တဲ့ စကားကို သတိရသွားမိတယ်။ သူ့မိန်းမဖြစ်သူက သူ့ကိုရတနာတစ်ခုလို တန်ဖိုးထားပြီး အရမ်းအလိုလိုက်တယ်လို့ ဝိုင်းစနောက်နေကြတာဖြစ်တယ်။ အဲ့အချိန်တုန်းက ဒါတွေဟာ ဟာသတစ်ခုလို့ပဲသူတွေးခဲ့ပေမယ့် အခုတော့ သူဒီအကြောင်းကိုတွေးမိနေပြီဖြစ်တယ်။ သူမက သူ့ကိုအိမ်မှုကိစ္စတွေ ဘာတစ်ခုမှ ကူလုပ်ပေးခွင့်မပေးဘူးပဲ။ သူပင်ပန်းနေပြီလို့ပဲ သူမအမြဲတွေနေခဲ့တာပဲ။


တခြားအမျိုးသားတွေအားလုံး သူ့လိုအခွင့်အရေးရပုံမပေါ်ဘူး…


သူ ပြုံးပြီး သက်ပြင်းချလိုက်မိတယ်။ သူ့လက်တစ်ဖက်ကို ထန်ထန့်ပုခုံးပေါ်သို့ တင်လိုက်ပြီး နောက်တဖက်က သူမခါးကိုညင်သာစွာနဲ့ မီးဖိုချောင်ထဲမှ တွန်းလိုက်ပြီး 


"ထန်ထန် ကိုယ် အဲ့လောက်လဲ မပင်ပန်းပါဘူး, ကိုယ်က ပန်းကန်နည်းနည်းလေးတောင် မဆေးနိုင်တဲ့ ယောကျာ်းမဟုတ်ပါဘူးကွာ, ကိုယ့်ကိုယုံလိုက် ဟုတ်ပြီလား’’


နူးညံ့တဲ့လေသံက သူမနားရွက်နားကိုဖြတ်သန်းသွားပြီး ပူနွေးနေတဲ့လက်က သူမခါးပေါ်မှာရှိနေတဲ့အတွက် ထန်ထန့် စိတ်တွေ အလုပ်မလုပ်တော့ပေ။ သူမအဲ့လိုဖြစ်နေချိန်မှာပဲ ကျိယန် က သူမကိုမီးဖိုချောင်ထဲမှ အသာလေးတွန်းထုတ်လိုက်တော့တယ်။ အချိန်အတော်ကြာပြီးမှ အသိပြန်ဝင်လာပြီး ကျယ်လောင်စွာခုန်နေတဲ့ သူမရဲ့နှလုံးခုန်သံကိုသာ ကြားလိုက်ရတော့တယ်။


သူ… သူ အခုလေးတင် သူမခါးကိုထိလိုက်တယ်… သူ့လက်တွေကအကြီးကြီးနဲ့ ပူးနွေးနေတာပဲ…အား...


 အယ်...သူက သူမကိုပုံမှန်လိုပဲထိလိုက်ပြီး သူမကိုတွန်းလိုက်ရုံပါပဲ။ ဘာလို့များထူးထူးဆန်းဆန်းတွေ သူမတွေးနေမိပါလိမ့် ...


ကိစ္စမရှိပါဘူး, ဒီညတော့ သူ့ကို ပန်းကန်ဆေးခွင့်ပေးလိုက်ပါမယ်လေ။


 ထန်ထန် သူမပါးကို နှစ်ချက်လောက်ပုတ်လိုက်ပြီး မဟုတ်တဲ့အတွေးတွေကို ထုတ်ပစ်လိုက်တယ်။ 


သူမအနေနဲ့ ရဲ့စာရင်းအပေါ်မှာပဲ စိတ်ကိုနှစ်ထားသင့်တယ်။ သူမအနေနဲ့ လိုအပ်တဲ့ပစ္စည်းတွေကို စာရင်းလုပ်ဖို့လိုသေးတယ်လေ။