အပိုင်း (၃၃)
Viewers 12k

part 33


နောက်တနေ့မနက် ကျိရှောင်ကျိုး နိုးတဲ့အချိန်မှာတော့ အိပ်ယာဘေးမှာအသင့်ရှိနေတဲ့ ကြိုးသိုင်းဂျင်းအကျီအသစ်လေးကို အရင်ဆုံးတွေ့လိုက်ရတယ်။ 


အသေးလေးရဲ့ အိပ်ငိုက်နေတဲ့ ခံစားချက်တွေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတယ်။ ထို့နောက် သူက အောက်ခံအကျီတောင်မဝတ်တော့ပဲ အကျီအသစ်လေးကိုချက်ချင်းပဲ ကောက်စွပ်လိုက်တော့တယ်။ သူက ချစ်ဖို့ကောင်းစွာနဲ့ ကြည့်ကောင်းလို့နေတယ်။


အသေးလေးက ထန်ထန် ဆီသို့   ၀မ်းသာအားရပြေးသွားကာ


 ‘’ သားကြည့်ကောင်းလား မာမီ..’’


ထန်ထန်.  က အသေးလေးအတွက် အကျီအဖြူတစ်ထည်ကို ၀တ်ပေးရင်းပြုံးလိုက်တယ်။ အခုမှပဲ သပ်သပ်ရပ်ရပ်ဖြစ်သွားတော့တယ်။ ဒီ၀တ်စုံလေးနဲ့ အသေးလေးက တကယ်ကိုပဲလိုက်ဖက်တယ်လို့ပြောရမယ်။ ပေါင်ပေ့ က မိုချီလေးလို လုံးလုံးဖောင်းဖောင်းလေးဖြစ်တဲ့အတွက် ဒီ၀တ်စုံဝတ်ပြီးတဲ့နောက်မှာတော့ ပိုပြီးလုံးလုံးကစ်ကစ်လေး ဖြစ်သွားတော့တယ်။


ကျိရှောင်ကျိုး  က သူ့ကိုယ်သူချီးကျူးဖို့အတွက် ကိုယ်လုံးပေါ်မှန်ရှေ့ဆီသို့ ပြေးသွားပြန်တယ်။ သူ့ကိုယ်သူအရမ်းကိုကြည့်ကောင်းတယ်လို့လဲ တွေးနေမိတယ်။ သူ့လက်လေးတွေကို အကျီရှေ့က အိတ်ကပ်ကြီးထဲသို့ထည့်လိုက်ပြီး လက်တွေကိုလှည့်ပတ်နေလိုက်တယ်။ ထို့နောက် လက်ကိုမေးစေ့အောက်တွင်ထားကာ ပိုစ့်တစ်ခုပေးလိုက်ပြီး


 ‘’ မာမီ, သားခန့်ချောကြီးဖြစ်မနေဘူးလား...’’


ထန်ထနိ က သူ့ကို လက်မအကြီးကြီးနှစ်ခုပေးလိုက်ပြီး ပြန်ဖြေလိုက်တယ်


 “ ပေါင်ပေါင်, သားလေးက အရမ်းကိုချစ်ဖို့ကောင်းတာပဲ’’


‘’ မာမီဆီမှာ အမြင်ကောင်းတွေရှိတာပဲ’’


 သူကနှစ်ပတ်လောက် လှည့်လိုက်ပြီးနောက် အိမ်ရှေ့တခါးဆီသို့ ပြေးသွားလိုက်ကာ 


.“ မာမီ, သားအောက်ကို ခဏဆင်းဆော့လိုက်ဦးမယ်, ခဏနေပြန်လာခဲ့မယ်နော်’’


အသေးလေး အကျီအသစ်နဲ့ ရှိုးထုတ်ပြမယ်မှန်း သိတဲ့အတွက် သူမပြုံးပြီးသတိလှမ်းပေးလိုက်တယ်


 “ ဒီ၀န်းထဲကနေတော့ ထွက်လို့မရဘူးနော် ပြီးတော့ ခဏလေးပဲဆော့ပြီး ပြန်လာရမယ်နော်’’


‘’အိုကေ, မာမီ’’


 အသေးလေးက ခေါင်းငြိမ့်ပြပြီး ပြေးထွက်သွားတော့တယ်။


စစ်တပ်၀န်းထဲမှာဖြစ်လို့ ပြန်ပေးဆွဲမှာနဲ့ အန္တရာယ်ဖြစ်နိုင်တဲ့နေရာတွေ မရှိတဲ့အတွက် လုံခြုံရေးကို သူမ စိတ်ပူဖို့မလိုအပ်ပေ။ ဒါကြောင့် အသေးလေးကို သူ့သူငယ်ချင်းတွေနဲ့ သွားဆော့ဖို့ရာ သူမလွှတ်ပေးလိုက်ခြင်းဖြစ်တယ်။ အသေးလေးထွက်သွားတာနဲ့ တပြိုင်နက် သူမ လဲ အိမ်ကို သန့်ရှင်းရေးစလုပ်တော့တယ်။ ဒီနေ့ည ကျန်းချန်း အိမ်မှာ သွားကူပေးဖို့ ရှိတဲ့အတွက် လုပ်စရာရှိတာတွေကို မြန်မြန်နဲ့စောစောပြီးအောင် လုပ်ဖို့လိုအပ်တယ်။


အဆုံးမှာတော့ အိမ်မှုကိစ္စတွေ အားလုံးပြီးစီးသွားပြီဖြစ်တဲ့အတွက် သူမအိမ်မှာထိုင်စောင့်နေလိုက်တယ်။ ညနေစောင်းပြီး မှောင်ခါနီးအချိန်မှာတော့ တစ်စုံတစ်ယောက်ရဲ့ တံခါးလာခေါက်သံကိုကြားလိုက်တယ်။ သူက ဖန်ယုဝေ ပဲဖြစ်တယ်။


ဖန်ယုဝေက ဟင်းချက်စရာတွေအပြည့်ထည့်ထားတဲ့ အိတ်ကိုမပြရင်း ပြောလိုက်တယ် 


“ ယောင်းမ ကျွန်မ မြို့ထဲကအခုပဲပြန်လာတာ, လိုအပ်တာတွေအကုန် ၀ယ်လာခဲ့ပြီးပြီ, အခုစချက်ပြုတ်တော့မလား...’’


အရိုးသားဆုံးပြောရရင် ဟင်းပွဲအများအပြားကို ချက်ပြုတ်ပြင်ဆင်ဖို့ရာအတွက် အချိန်က အနည်းငယ်နောက်ကျနေပြီဖြစ်သော်လဲ သူမဘာမှ မပြောတော့ချေ။ သူမက အိမ်တံခါးကိုချက်ချင်းပိတ်လိုက်ပြီး အသေးလေးကိုပါ တဖက်အိမ်သို့ ခေါ်သွားလိုက်တော့တယ်။


ထန်ထန် က အသေးလေးရဲ့အိတ်ကပ်ထဲကို မုန့်တစ်ချို့ထည့်ပေးလိုက်ပြီး ကျန်းချန်း အိမ်ရဲ့ ဆိုဖာပေါ်မှာ ထိုင်ပြီး ဂိမ်းဆော့နေစေလိုက်တယ်။ ထို့နောက် သူမက အေပရွန်ကို ၀တ်ဆင်ကာ ချက်ပြုတ်ဖို့ရာအတွက် မီးဖိုချောင်ထဲသို့ ၀င်လိုက်တယ်။ အချိန်ကကြပ်နေပြီဖြစ်တဲ့အတွက် ခပ်မြန်မြန်လေးချက်ပြုတ်ဖို့ ပြင်ဆင်လိုက်တယ်။ ဒါကြောင့် သူမက ပါ၀င်ပစ္စည်းတွေကို စတင်ဆေးကြောပြီး လှီးဖြတ်လိုက်တယ်။


ဖန်ယုဝေ က မီးဖို့ချောင်ထဲသို့ သူမနောက်မှ လိုက်လာပြီး နားမလည်စွာနဲ့ ပတ်၀န်းကျင်ကို ကြည့်လိုက်တယ်။ သူမ ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးဖြစ်နေတဲ့အတွက် ထန်ထန် ကိုမေးလိုက်တယ်


 “ ယောင်းမ ကျွန်မဝိုင်းကူပေးမယ်လေ, ဘာတွေလုပ်ရမလဲဆိုတာသာ ပြော’’


ခဏလောက်စဉ်းစားပြီးတဲ့နောက် လူနှစ်ယောက်လုပ်တာပိုပြီး မြန်ဆန်မယ်လို့ ထန်ထန် တွေးလိုက်တဲ့အတွက် ပြန်ဖြေလိုက်တယ်


 “ ဒါဆို အရွက်တွေလှီးနေတုန်း ဒါလေးတွေကိုအခွံနွာပေးလေ’’


‘’အင်း...’’ 


ဖန်ယုဝေအခွံနွှာဓါးကိုယူလိုက်ပြီး  အာလူးကိုယူကာ စတင်ခွာတော့တယ်။


ထန်ထန် အရွက်တွေလှီးရင်း ဖန်ယုဝေ  ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။ ထို့နောက်သူမ နှုတ်ခမ်းတွေတင်းတင်းစေ့လိုက်ပြီး စိတ်ထဲမှသက်ပြင်းချလိုက်မိတယ်။ 


ဖန်ယုဝေ  က တကယ်ကို မချက်ပြုတ်တတ်တာပဲ။ သူမကိုယ်သူမ လှီးမိမှာစိုးပြီး အခွံနွာဓါးကို ကြောက်လန့်နေတဲ့အတွက် အရမ်းကိုဂရုတစိုက်နဲ့ ဖြေးငြင်းစွာအခွံနွှာနေတာဖြစ်တယ်။ သူမ အာလူးတစ်လုံးခွာပြီးချိန်ဆို တခြားသူတွေ ဆယ်လုံးခွာပြီးနေမှာဖြစ်တယ်။


ထန်ထန် သူမအတွေးတွေကို မပြောတော့ပေ။ အရွက်တွေလှီးပြီးတဲ့နောက် ဖန်ယုဝေဆီမှ အခွံနွှာဓါးကို ယူလိုက်ကာ


 ‘’ ကျွန်မ ဒါတွေကိုဆက်ခွာလိုက်မယ်, ရှင်က ကြက်သွန်ဖြူတွေ ခွာလိုက်ပေါ့’’


ဖန်ယုဝေ က ချက်ချင်းပဲသက်ပြင်းချလိုက်ကာ ကြက်သွန်ဖြူခွာဖို့အတွက် ဧည့်ခန်းထဲသို့သွားလိုက်တယ်။


ကျန်းချန်း လူတစ်အုပ်နဲ့ အိမ်ပြန်လာချိန်မှာတော့ ဆိုဖာပေါ်မှာထိုင်ပြီး တီဗီကြည့်နေတဲ့ ဖန်ယုဝေကိုတွေ့လိုက်ရတော့တယ်။ သူက မျက်မှောင်ကြုတ်လိုက်တယ်။ ထို့နောက် မီးဖိုချောင်ထဲမှာ လက်မလည်အောင် ချက်ပြုတ်နေတဲ့ ထန်ထန် ကိုလှမ်းကြည့်လိုက်တယ်။ 


သူ သူ့ဇနီးနားကပ်ပြီး လေသံတိုးလေးနဲ့ပြောလိုက်တယ် 


“ ဘာလို့ မီးဖိုချောင်ထဲမှာ မရီးကို သွားမကူတာလဲ ဟမ်... မရီးက ကိုယ်တို့ကိုကူဖို့လာတာလေ, မင်းသူမကို နည်းနည်းလောက်သွားကူသင့်တယ်’’


ဖန်ယုဝေက နှုတ်ခမ်းဆူလိုက်ပြီး  မကျေနပ်တဲ့အကြည့်နဲ့ သူ့ကိုပြန်ကြည့်လိုက်တယ်


 “ ယောင်းမကို မကူညီဘူးလို့ ဘယ်သူပြောတာလဲ... ကျွန်မလုပ်ပေးနိုင်တာ သိပ်မရှိဘူးလေ, ကျွန်မ အာလူးနဲ့ကြက်သွန်ဖြူပဲ အခွံခွာတတ်တယ်...ဒီမှာ ကျွန်မ ကြက်သွန်ဖြူခွာနေတာ ရှင်မမြင်ဘူးလား...’’


ကျန်းချန်း သူမလက်ထဲက ကြက်သွန်ဖြူကို လှမ်းကြည့်လိုက်တယ်။ သူ စကားတစ်ချို့ပြောချင်ပေမယ့်လဲ ပြန်မျိုချလိုက်ရတယ်။ ထို့နောက် သူက မီးဖို့ချောင်ထဲသို့ တန်း၀င်သွားကာ ဟင်းအိုးနှစ်လုံးနဲ့ချက်နေတဲ့ ထန်ထန် ကိုပြောလိုက်တယ်


 “ မရီး, ကျွန်တော့တို့ ဒီနေ့ အစ်မကိုဒုက္ခပေးမိပြီ ယုဝေ က လုံး၀ကိုဟင်းမချက်တတ်တာပါ, အစ်မပဲ အကုန်လုံးလုပ်ပေးနေရတယ်, ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ’’


ထန်ထန်က ဟင်းချက်နေရင်းနဲ့ ခေါင်းယမ်းပြလိုက်တယ် 


“ အဲ့ဒါဘာမှမဖြစ်ပါဘူး, ဒါတွေက ကျွန်မလုပ်နေကျပါ, ဒီနေ့ ညစာတော့ နည်းနည်းနောက်ကျသွားယုံပါပဲ, ချက်လို့မပြီးသေးတဲ့ ဟင်းပွဲနည်းနည်းကျန်သေးတယ်, ရှင်တို့အားလုံးလဲ ဗိုက်ဆာနေလောက်ပြီ, ဒီဟင်းပွဲတွေကိုသာ အပြင်ယူသွားလိုက်ပါ, တခြားဟင်းပွဲတွေ ခဏနေရင်ကျက်မှာပါ’’


‘’ အလျင်မလိုပါနဲ့ မရီး, အေးအေးဆေးဆေး လုပ်ပါ, ကျွန်တော်တို့ ဗိုက်မဆာသေးပါဘူး’’


ကျန်းချန်း က ချက်ပြီးတဲ့ ဟင်းပွဲတွေကိုစားပွဲပေါ်သို သယ်လာပြီး လူတိုင်းကို ညစာစားဖို့အတွက် ဖန်ယုဝေကိုခေါ်ခိုင်းလိုက်တယ်။ ထို့နောက် သူကမီးဖိုချောင်ထဲသို့ဝင်သွားပြီး


 ‘’ မရီး, ကျွန်တော် ဝိုင်းကူပေးမယ်, ဘာလုပ်ရမလဲပဲပြော, ကျွန်တော့်ဟင်းချက်စကေးက အရမ်းမကောင်းပေမယ့်လဲ အသီးအရွက်လောက်တော့ ကြော်တတ်ပါတယ်’’


မီးဖိုချောင်အတွက် အမျိုးသားတစ်ယောက်ရဲ့ အကူအညီကို ထန်ထန်မလိုအပ်ပေ။ သူမက ချက်ချင်းပဲသူကို အကြံပေးလိုက်တယ်


 “ ကျွန်မအားလုံးပြင်ဆင်ပြီးပါပြီ ချက်ရုံပဲကျန်တော့တာ, ရှင်ကူညီဖို့ မလိုတော့ပါဘူး, အပြင်မှာဧည့်သည်တွေကို သွားဧည့်ခံလိုက်ပါ, အကူအညီလိုတာနဲ့ ကျွန်မ လှမ်းခေါ်လိုက်ပါမယ်’’


သူမ အကူအညီမလိုမှန်းသိတဲ့အတွက် ကျန်းချန်း ခေါင်းကိုကုတ်လိုက်ကာ အားနာနာနဲ့ မီးဖိုချောင်ထဲမှထွက်သွားတော့တယ်။


‘’ ကျန်းချန်း မြန်မြန်လာ ဒီနေ့က မင်းရဲ့နေ့ပဲ, မင်းလွတ်မယ်မထင်နဲ့, လာ မြန်မြန်သောက်, ငါတို့ မင်းကို ဒီညမူးအောင်တိုက်မှာ’’ 


အပြင်မှလူတွေက သူ့ကိုတွေ့တာနဲ့ အော်ဟစ်ကာပြောနေကြတော့တယ်။


ကျန်းချန်း က သူ့အကျီလက်ကိုခေါက်တင်လိုက်ပြီး 


‘’ ကောင်းပြီ, ငါသောက်မယ်, မင်းတို့တွေပဲ သောက်နိုင်စွမ်းမရှိမှာကို ငါကြောက်မိတယ်’’ 


‘’ဖြုန်းတီးမနေနဲ့, အရက်ခွက်ကို ယူလိုက်’’


ကျန်းချန်း လက်အောက်ငယ်သားတွေက အော်ဟစ်ကြပြီးတဲ့နောက် သူတို့တွေရဲ့စိတ်အာရုံက ဖန်ယုဝေဆီကိုရောက်သွားပြန်တယ် 


“ ဒီည ငါတို့တွေ ကွန်မန်ဒါအိမ်ကို ပထမဆုံးလာကြတာဆိုတော့ မရီးကိုပထမဆုံးတွေ့ဖူးတာပဲ, တပ်မှုးနဲ့ မရီးအတွက် ဂုဏ်ယူပါတယ်, ပြီးတော့ အစားအစာတွေအတွက်လဲ မရီးကိုကျေးဇူးတင်ပါတယ်’’


‘’ ဟုတ်တယ်, ကျေးဇူးတင်ပါတယ် မရီး’’


 လူတိုင်းက ချီးမြှောက်လိုက်ကြတယ်။


ဖန်ယုဝေ က ခွက်ထဲသို့ ဘီယာထည့်ရင်းနဲ့ ပြုံးလိုက်ကာ 


“ အဲ့လောက်လဲမဟုတ်ပါဘူး, ကျွန်မက ဝိုင်မသောက်နိုင်တဲ့အတွက် ဘီယာပဲသောက်လိုက်တော့မယ်နော်...’’


သူမ သောက်ဖို့လက်ခံကတည်းက အတော်လေးကိုလုံလောက်ပြီဖြစ်တဲ့အတွက် ဘယ်သူမှမငြင်းဆန်ကြတော့ပေ။ အားလုံးက 


‘’ အစ်ကိုကျန်း က သောက်ပေးနေမှတော့ မရီး ဘီယာသောက်တာလဲ ရပါတယ်’’


‘’ အားလုံးအတွက်ကျွန်မကပဲ အရင်စသောက်ပါရစေ, ရှင်တို့ရဲ့ခောင်းဆောင်ကိုလဲ အရမ်းမူးအောင်မလုပ်ပါနဲ့ဦး, အမူးလွန်ပြီး မူးရူးနေမှာကြောက်မိပါရဲ့’’


 သူမပြောပြီးတာနဲ့ ဘီယာခွက်ကိုကိုင်ပြီး တခါတည်းသောက်လိုက်တော့တယ်။


‘’အိုကေ, မရီးက သဘောအရမ်းကောင်းတာပဲ ခေါင်းဆောင်သာ ကျွန်တော်တို့နဲ့မသောက်ဘူးဆိုရင် မရီးနဲ့အပြိုင်သောက်ရတော့မှာပဲ’’ 


တစ်ချို့သောသူတွေက ကျန်းချန်းကိုစနောက်လိုက်ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဒီည ကျန်းချန်း ကို လုံး၀အမူးမှောက်သွားအောင် လုပ်ဖို့ပဲဖြစ်တယ်။


သိပ်မကြာခင်မှာပဲ, စားပွဲမှလေထုက အရမ်းကိုသက်ဝင်လှုပ်ရှားလာတယ်။ လူတိုင်းက ဖန်ခွက်တွေကိုတိုက်လိုက်ကြပြီး ပတ်၀န်းကျင်က အရမ်းကိုနေချင်စဖွယ်ဖြစ်နေတော့တယ်။


ဧည့်သည်တွေကို နွေးထွေးစွာဧည့်ခံနေတဲ့ ဖန်ယုဝေ ကို ကျိယန် တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့မျက်ဝန်းတွေအေးစက်သွားတယ်။ သူက ကျိရှောင်ကျိုး  ပန်းကန်လုံးထဲ အစားအစာတစ်ချို့ထည့်ပေးပြီးနောက် မီးဖိုချောင်ထဲသို့ဝင်သွားလိုက်တယ်။ 


အခုက နွေရာသီဖြစ်‌တယ်။ မီးတောက်နေတဲ့မီးဖိုနှစ်ခုရှိနေတဲ့ မီးဖိုချောင်အပူချိန်က အလွန်တရာမှကို ပူပြင်းလို့နေတယ်။ ထန်ထန့်ရဲ့ အ၀တ်တွေက ချွေးတွေနဲ့စိုရွှဲနေပြီး သူမမျက်နှာမှာလဲ ချွေးတွေနဲ့ဖြစ်တယ်။ သူမရဲ့ချွေးတွေ ဟင်းပွဲထဲကိုကျသွားမှာ စိုးရိမ်တဲ့အတွက် လက်ကိုင်ပုဝါကိုထုတ်ပြီး ချွေးတွေကိုသုတ်လိုက်တယ်။


ကျိယန် မျက်၀န်းတွေမှောင်မိုက်သွားပြီး သူမအနောက်ဆီသို့ သူလမ်းလျောက်သွားလိုက်တယ်။ ထို့နောက် သူမလက်ထဲမှ လက်ကိုင်ပုဝါကိုဆွဲယူပြီး သုတ်ပေးလိုက်တယ်။


ရုတ်တရက်မို့ ထန်ထန် အလန့်တကြားဖြစ်သွားတယ်။ သူမအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ ကျိယန်ကိုတွေ့လိုက်ရတဲ့အတွက် သက်ပြင်းလေးချလိုက်ပြီး


 ‘’ ဘာလို့ဝင်လာတာလဲ ယောကျာ်း... တခြားသူတွေနဲ့ အတူတူမသောက်ဘူးလား...’’


‘’ကိုယ် အများကြီးမသောက်ပါဘူး, ဒီကို ခဏနားဖို့ဝင်လာတာ, မင်းဆက်ချက်လိုက်ပါ ပြီးတော့ ကိုယ်က မင်းကိုကူပြီးချွေးသုတ်ပေးမယ်’’


ထန်ထန် က စိုးရိမ်စွာနဲ့ သူ့မျက်နှာကိုကြည့်လိုက်ပြီး 


‘’ ရှင်အဆင်ပြေရဲ့လား... ရှင့်အစာအိမ်နာလာလို့လား တစ်ခုခုစားချင်လို့လား...’’


ကျိယန်နှုတ်ခမ်းတွေ တင်းတင်းစေ့သွားပြီး သူ့ခေါင်းကိုယမ်းပြလိုက်တယ်


 “ ခဏနေရင် ကိုယ်အဆင်ပြေသွားမှာပါ’’


‘’ဟုတ်ပြီ, ဒါဆို ခဏလေးစောင့်, အားလုံးချက်ပြီးတာနဲ့ ကျွန်မရှင့်အတွက် အမူးပြေဟင်းရည်လုပ်ပေးမယ်, ဒါဆို ရှင် နေလို့ထိုင်လို့ကောင်းသွားလိမ့်မယ်’’


‘’ အင်း ‘’


 ကျိယန် ပြန်ဖြေလိုက်တယ်။ ထို့နောက် သူမနဖူးပေါ်က ချွေးတွေကို လက်ကိုင်ပုဝါနဲ့ သူသုတ်ပေးလိုက်တယ်။ 


သူက သူမအတွက် ချွေးသုတ်ပေးတယ်…


မြန်ဆန်လွန်းတဲ့ သူမရဲ့နှလုံးခုန်သံကြောင့် သူမမျက်နှာ နီရဲလာတယ်။ သူမ ပုံမှန်အမူအယာအတိုင်း ကြိုးစားထိန်းပြီး ဟင်းဆက်ချက်နေလိုက်ပေမယ့် သူမနှလုံးသားတစ်ခုလုံးက ချိုမြိန်မှုတွေနဲ့ ပြည့်နှက်လို့နေတယ်။


အမ်, ဟင်းချက်တာ နည်းနည်း‌လောက် ဒီထက်ပိုကြာလဲရပါတယ်လေ


ကျိယန်က သူမချွေးတွေကို သုတ်ပေးနေရင်းနဲ့ မေးလိုက်တယ် 


“ပေါင်ပေ့၀တ်ထားတဲ့အကျီက မင်းချုပ်ထားတာလား...’’ 


ကျိယန် ပြန်ရောက်တာနဲ့ အသေးလေးက သူ့အကျီအသစ်လေးကို ကြွားလုံးထုတ်ပြီးဖြစ်တယ်။


‘’ အင်း ‘’ 


ထန်ထန် က ပေါ့ပေါ့ပါးပါးပဲပြန်ဖြေလိုက်တယ် 


“ မနက်ကမှ ချုပ်လို့ပြီးသွားတာလေ ပောင်ပောင်က တော်တော်ကြိုက်တယ် ချုပ်ပြီးတာနဲ့ တန်း၀တ်တော့တာပဲ’’


ကျိယန် မျက်မှောင်ကြုတ်လိုက်မိပြီး သူ့စိတ်ထဲမှလဲ မသက်မသာ ခံစားလိုက်မိတယ်။ အကျီအသစ်တွေနဲ့ အသေးလေးက ကြည့်ကောင်းပေမယ့်လဲ ချုပ်ရိုးတွေချုပ်ဖို့အတွက်က အတော်လေးကို ခက်ခဲနိုင်တယ်လေ။ ဒီဝတ်စုံတစ်စုံ ရဖို့အတွက် ဘယ်လောက်တောင်ချုပ်ခဲ့ရမလဲဆိုတာ သူ မသိပေ။ ဘာလို့ သူမ မ၀ယ်တာလဲ... သူမ အနေနဲ့ ပိုက်ဆံချွေတာဖို့လဲ မလိုအပ်ဘူးလေ။ အဲ့လောက်လုပ်ဖို့ မလိုပါဘူး။


‘’ ထန်ထန် အဲ့ညက ကိုယ်ပြောတဲ့စကားကို မရှင်းလိုက်တာရှိလား... ဘာလို့ အကျီတွေ ချုပ်နေတာလဲ...’’


ကျိယန် လေသံက အနည်းငယ် လေးလံနေတယ်။ သူ့စိတ်မပျော်ရွှင်သွားတယ်လို့ သူမတွေးလိုက်မိပြီး သူမကိုယ်ကိုနောက်သို့လှည့်လိုက်ပြီး တွန့်ဆုတ်စွာနဲ့ ရှင်းပြလိုက်တယ်


 “ ရှင်တို့နှစ်ယောက်လုံးအတွက် ကျွန်မလုပ်ပေးနိုင်တာ သိပ်မရှိဘူးလေ, ဒါကြောင့် အကျီလေးနည်းနည်းလောက် ချုပ်ပေးချင်လို့ပါ, အဲ့ဒါကလေ… တကယ်လို့ အကျီချုပ်ပေးတာ ရှင်မကြိုက်ဘူးဆိုရင် အခုကစပြီး နောက်ကို ကျွန်မ မချုပ်ပေးတော့ပါဘူး’’


ထန်ထန် မျက်၀န်းထဲက ရှုပ်ထွေးစွာနဲ့နားမလည်တဲ့ အမူအယာတွေကြောင့် သူ သူမကိုကြောက်အောင် လုပ်လိုက်မိမှန်း နားလည်လိုက်တယ်။ ဒါကြောင့် သူက လေသံလျော့လိုက်ပြီး


 " ကိုယ်မကြိုက်တာမဟုတ်ပါဘူး, အဲ့ဒါက အချိန်ကုန်တယ်လေ ပြီးတော့ မင်းမျက်လုံးတွေကို ထိခိုက်နိုင်တယ်, ဒါမျိုးတွေကို မင်းလုပ်ဖို့မလိုပါဘူး’’


ဒါဆို သူ သူမကို စိတ်ဆိုးတာမဟုတ်ဘူးပေါ့, သူမ သက်ပြင်းချလိုက်မိပြီး


 ‘’ ကျွန်မ ပိုက်ဆံချွေတာဖို့ လုပ်တာမဟုတ်ပါဘူး, ကျွန်မ ချုပ်ပေးချင်လို့ပါ, ကျွန်မချုပ်ပေးတဲ့ အကျီက အရည်အသွေးကောင်းတယ် ပြီးတော့ ၀တ်လို့လဲကောင်းတယ်။ ဒါကြောင့် ရှင်တို့တွေအတွက် ချုပ်ပေးချင်လို့ပါ. ပြီးတော့…’’ 


ထန်ထန် က သူ့ကိုလှမ်းကြည့်လိုက်ပြီး ဆက်ပြောတယ်


 “ ကျွန်မတို့မှာ ငွေအများကြီးရှိပေမယ့်လဲ တတ်နိုင်သလောက်ချွေတာသင့်တယ်လေ, အနာဂါတ်မှာ ငွေလိုတဲ့အကြောင်းအရင်းတွေ ရှီနိုင်လောက်တယ်။ ပေါင်ပေါင်ရဲ့ ကျောင်းအတွက်နဲ့ အနာဂါတ်မှာ သူ့ဇနီးလောင်းလေးအတွက်လဲ လိုအပ်နိုင်တယ်လေ။ ဒီခေတ်ကြီးမှာ ဇနီးတစ်ယောက်ရဖို့ဆိုတာ မလွယ်ဘူးလေ, ကျွန်မတို့ သူ့အတွက်ငွေကိုစုသင့်တယ်’’


ကျိယန် ပြောစရာစကားတွေ ပျောက်ရှသွားတယ်။ ကလေး က သုံးနှစ်သားပဲရှိသေးတာလေ, ဒီလိုတွေ တွေးဖို့က အရမ်းကြီးစောမနေဘူးလား


သူ သူမကိုစကားပြောဖို့ကြိုးစားတိုင်း သူ့ဘက်က ပြောစရာစကားမရှိအောင် သူမ ပြုလုပ်တတ်တယ်။ ဒါကြောင့် စကားခေါင်းစဉ်ကို ပြောင်းလိုက်တယ်


 “ အဲ့ကိစ္စတွေပြောဖို့က စောလွန်းပါသေးတယ်, အခုက ဒါတွေအတွက်ပူဖို့ မလိုသေးပါဘူး, ကိုယ်တို့လိုအပ်တာတွေအတွက် ပိုက်ဆံတွေကိုသုံးလိုက်ရုံပဲ, ပြီးတော့ ပိုက်ဆံကိုချွေတာဖို့မလိုပါဘူး, အကျီချုပ်တာ မင်းသဘောကျတယ်ဆိုမှတော့ ဆက်ချုပ်လို့ရတယ်, ဒါပေမယ့် မျက်လုံးမထိခိုက်အောင်တော့ သတိထားရမယ်လေ, အသက်ငယ်တုန်း မျက်လုံးကိုမပျက်ဆီးစေနဲ့ပေါ့"


‘’အင်း, ကျွန်မနားလည်ပါပြီ ယောကျာ်း’’


 သူမ လည်ချောင်းထဲမှအချိုတွေ လျှံကျမတတ်ဖြစ်နေပြီး လေထဲမှာမျောလွင့်နေသလို ခံစားနေရတယ်။ သူမ ခင်ပွန်းက ဒီနေ့အရမ်းကို ချစ်စရာကောင်းနေတော့တာပဲ။ အာ, ပုံမှန်ဆို သူဒီလောက်အများကြီး မပြောတတ်ပေမယ့် ဒီနေ့တော့ သူ စကားအများကြီး သူမကိုပြောနေတာပဲ ။ သူ့စကားတွေအားလုံးက သူမကိုဂရုစိုက်နေတာတွေပဲဖြစ်ပြီး အခု သူ သူမကို နည်းနည်းလောက် သဘောကျလာပြီလား...


သူမ နှုတ်ခမ်းထောင့်စွန်းတွေက နားရွက်နားအထိရောက်မတတ် ပြုံးနေမိတယ်။ ကျန်တဲ့ဟင်းပွဲတွေကို  ပျော်ရွှင်စွာနဲ့ ချက်ပြုတ်လို့ပြီးသွားတယ်။ တစ်စုံတစ်ယောက်သာ မြင်မယ်ဆိုရင် သူမက ပျော်ဖို့ကောင်းတာတစ်ခုခုကို လုပ်နေတယ်လို့သာ ထင်သွားနိုင်မှာဖြစ်တယ်။


အလုပ်ကြိုးစားရင်း ပျော်ရွှင်စွာနဲ့ ပြုံးနေတဲ့ သူမကိုကြည့်ပြီး ကျိယန် နှုတ်ခမ်းထောင့်တွေ မြင့်တက်လို့သွားတယ်။


ဘယ်လိုတောင်ရိုးရှင်းပြီးရူးမိုက်နေတာလဲ…


နှစ်ယောက်လုံးက အပြင်ဘက်မှာဖြစ်ပျက်နေတာတွေအားလုံးကို သတိရပုံမပေါ်ကြဘူး။ အားလုံးချက်ပြုတ်ပြီးစီး သွားတော့မှပဲ သူတို့နှစ်ယောက်လုံး မီးဖိုချောင်ထဲမှ ထွက်လာကြတယ်။ 


ထန်ထန် ထွက်လာတာနဲ့ လူတိုင်းက သူမကို ကျေးဇူးတင်စကားပြောကြပြီး ခွက်ကိုယ်စီကိုင်ကာ ချီးမြှောက်လိုက်ကြတယ်။


ထန်ထန်က အရက်မသောက်ပေ။ ဒါကြောင့် သူမက လက်ကိုယမ်းလိုက်ပြီး တောင်းပန်လိုက်တယ်


 “ ကျွန်မ တောင်းပန်ပါတယ် ကျွန်မ မသောက်တတ်လို့ ခွင့်လွှတ်ပေးကြပါဦးနော်’’


သေချာတာပေါ့ ကျိယန် က သူမအစား သောက်ပေးမှာဖြစ်တဲ့အတွက် လူတိုင်းက ဘယ်စိတ်ထဲထားပါ့မလဲ ။ သူတို့ရဲ့ ပစ်မှတ်က ကျန်းချန်းပြီးရင် ကျိယန် ဆိုတာ အသေအချာပဲလေ။ အဆုံးမှာတော့ သူတို့တွေကတခြားသူတွေကို မနာလိုဖြစ်စေတဲ့ အိမ်ထောင်သည်တွေပဲ။ 


ည ၁၀ နာရီ၀န်းကျင်လောက်မှာ အားလုံးသောက်စားလို့ပြီးသလောက်ဖြစ်သွားကြပြီး အစားအစာတွေလဲ ကုန်စင်နေပြီဖြစ်တယ်။


အရက်လုံး၀မသောက်ထားတဲ့သူဆိုလို့ ထန်ထန်တို့သားအမိ သာကျန်တော့တယ်။ လူတိုင်းကအရက်အရှိန်ကြောင့် မူးနေကြပြီး မလှုပ်ရှားနိုင်ကြတော့ပေ။ ဒါကြောင့် သူမကပဲ စတင်ကာ ရှင်းလင်းလိုက်တယ်။ အရင်တခါ သူမအိမ်မှာကျွေးမွေးတုန်းကဆိုရင် လူတိုင်းက ရှင်းလင်းပေးသွားကြတဲ့အတွက် သူမ အနေနဲ့ လုပ်စရာသိပ်မများပေ။ သူမ အနေနဲ့လဲ တစိမ်းတယောက်အိမ်ကို ဖြစ်သလိုရှုပ်ပွနေအောင် မထားခဲ့ချင်ဘူး။


ထန်ထန်  စားပွဲကို သန့်ရှင်းလိုက်ပြီး မီးဖိုချောင်ကိုပါ ရှင်းလင်းလိုက်တယ်။ အမှိုက်တွေကိုပါ သူမရှင်းလင်းဖို့ပြင်ဆင်လိုက်ချိန်မှာပဲ ကျိယန် က သူမလက်မောင်းကို လှမ်းဆွဲလိုက်တယ်။ အကြောင်းပြချက်တစ်ချို့ကြောင့် ကျိယန် မျက်နှာက အေးစက်နေပြီး လေးနက်တဲ့လေသံနဲ့ 


‘’ ထန်ထန် အိမ်ပြန်ရအောင်...’’


‘’ ဒါပေမယ့် အမှိုက်တွေ…’’ 


ကျိယန်ရဲ့မျက်ဝန်းတွေကိုကြည့်ပြီး ထန်ထန်  သူမရဲ့ စကားတွေကို ပြန်မျိုချလိုက်တယ်။ တိတ်ဆိတ်စွာနဲ့ပဲ သူမခေါင်းငြိမ့်ပြလိုက်ပြီး နာခံစွာနဲ့ သူ့နောက်မှလိုက်ကာ အိမ်သို့ပြန်လာလိုက်တယ်။ ကျန်းချန်း ကိုတောင် မနှုတ်ဆက်လိုက်ရဘူး။


ကျိယန် မပျော်ရွှင်ဘူးဆိုတာ သူမ ခံစားလိုက်မိတယ်။ ဒါပေမယ့် ဘာကြောင့်လဲဆိုတာတော့ သူမနားမလည်ဘူး။ သူမ စိတ်အာရုံတွေ ရှုပ်ထွေးထာပြီး အိပ်ယာထဲရောက်သည်အထိ ကျိယန် ရဲ့ စိတ်အခြေအနေက ခါတိုင်းလိုဖြစ်မလာပေ။


တဖက်မှာတော့ အိပ်မောကျနေတဲ့ ကျိရှောင်ကျိုး ရဲ့ အသက်ရှုသံကိုသာ ကြားနေရတယ်။ တိတ်ဆိတ်နေမှုက အရမ်းကိုကြောက်ဖို့ကောင်းနေပြီး ထန်ထန် အတော်လေးကို အဆင်မပြေဖြစ်လာတယ်။


သူမ က စိတ်ထဲမှာ တစ်ခုခုရှိနေရင် အိပ်မပျော်တတ်ပေ။ ဒါကြောင့် အကြိမ်များစွာစဉ်းစားပြီး သူမ သတ္တိကိုစုဆောင်းကာ မေးလိုက်တယ် 


“ ယောကျာ်း, စိတ်ဆိုးနေတာလား...’’


သူမအနေနဲ့ သူအိပ်နေပြီလား ပြန်မဖြေချင်မလားဆိုတာမသိပေယ့် ကျိယန် က ပြန်ဖြေလာတယ်။


သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး အိပ်ပျော်ဖို့ ကြိုးစားလိုက်စဉ်မှာပဲ ကျိယန် က ရုတ်တရက်ပြောလာတယ် 


“ ထန်ထန် ဟိုဘက်အိမ်က အကူအညီထပ်တောင်းရင် မကူညီပေးနဲ့တော့, အဲ့ဒါကိုမှတ်ထားနော်...ဟုတ်ပြီလား..’’


‘’ အမ်...ဘာလို့လဲ....’’ 


ထန်ထန် ရှုပ်ထွေးသွားတယ်။ ရုတ်တရက်သူဘာလို့ ဒီလိုတွေ ပြောနေမှန်း သူမ နားမလည်ဘူး။ အကူအညီပေးတာက သူ့ကို မပျော်ရွှင်စေဘူးလား... ဒါပေမယ့် ဘာမှလဲ ဖြစ်ပျက်ခဲ့ပုံမရပါဘူး


‘’ အကြောင်းအရင်းတော့မရှိပါဘူး, ဒါပေမယ့် အနာဂါတ်မှာ ဒီလိုမျိုးအကူအညီတွေ တောင်းလာမယ်ဆိုရင် အလွယ်တကူ မကူညီနဲ့တော့, ကိုယ့်ရဲ့ ဂုဏ်သိက္ခာအတွက်လဲထည့်စဉ်းစားပေးဖို့ မလိုဘူး, မင်းမလုပ်ချင်ဘူးဆိုရင် ငြင်းပစ်လိုက်လို့ရတယ်’’


ဘာကြောင့်လဲဆိုတာ သူမ နားမလည်ပေမယ့်လဲ နာခံစွာနဲ့ပဲ ပြန်ဖြေလိုက်တယ်


 “ဟုတ်ကဲ့ပါ အနာဂါတ်မှာ တစ်ခုခုလုပ်တော့မယ်ဆိုရင် ရှင့်ကို အရင်မေးပါမယ် ရလား’’


‘’ကောင်းပြီ, ဘာမှမရှိတော့ဘူး အိပ်တော့’’


ကျိယန် ရဲ့ တုံ့ပြန်မှုကိုကြည့်ပြီး သူမ သံသယ၀င်မိသော်လဲ ဆက်မေးဖို့ သတ္တိမရှိတဲ့အတွက် သူမမျက်လုံးကိုသာမှိတ်လိုက်ပြီး အိပ်လိုက်တော့တယ်။ ဒီနေအရမ်းပင်ပန်းခဲ့တာဖြစ်တဲ့အတွက် ခဏလောက်အကြာမှာပဲ သူမအိပ်ပျော်သွားတော့တယ်။


ထန်ထန် ရဲ့ အသက်ရှုသံကိုနားထောင်ပြီး အမှောင်ထဲမှာတော့ ကျိယန် တစ်ယောက် အချိန်အတော်ကြာ အိပ်မပျော်နိုင်ပေ။


- - - - - - - - - - - - - - - - -


နောက်တနေ့မှာတော့, မနေ့ညက အဖြစ်အပျက်နဲ့ပတ်သတ်ပြီး သူမရှုပ်ထွေးနေတုန်းပဲဖြစ်တယ်။ ကျိယန် က ဘာကြောင့် စိတ်အနှောက်အယှက်ဖြစ်ပြီး နောက်တကြိမ်အကူအညီမပေးဖို့ပြောလဲဆိုတာ သူမ မသိပေ။


ကျိယန် နဲ့ ကျန်းချန်း တို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား... သူတို့မိသားစုကလဲ တဖက်အိမ်မှာနေတာဆိုတော့ ကူညီပေးတာပုံမှန်ပဲလေ။ ဘာလို့ ဒီလိုစကားတွေ ရုတ်တရက်ပြောရတာလဲ... မဟုတ်မှလွဲရော သူမ မသိတဲ့ကိစ္စ တစ်ခုခုများ မနေ့ညက ဖြစ်သွားခဲ့တာလား သူတို့နှစ်ယောက်လုံး စကားများကြတာတော့ မဟုတ်ဘူးမဟုတ်လား...


ဒါပေမယ့် သူမ ခင်ပွန်းက တစ်စုံတစ်ယောက်နဲ့ စကားများတဲ့ပုံလဲ မပေါ်ပါဘူး။


ကျိယန်တစ်ခုခုဖြစ်နေတဲ့အတွက် သူမလဲ စိတ်အေးလက်အေး မနေနိုင်ပေ။


ထန်ထန်  တစ်ယောက် တစ်ခုခုဖြစ်နေတာကိုတွေ့တဲ့ တပ်ရင်းမှုးကတော်က သူမနဲ့ ကျိယန်တို့နှစ်ယောက်သား စကားများကြတယ်ထင်သွားပြီး


 ‘’ ဒီနေ ဘာတွေဖြစ်နေတာလဲ...ကျိယန် နဲ့ စကားများထားတာလား... အကူအညီလိုရင် အစ်မကိုသာခေါ်လိုက်, အစ်မက ဒီလိုကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ အတွေ့အကြုံရှိတယ်’’


အချိန်တစ်ခုကြာအောင် သူမစဉ်းစားလိုက်ပြီးတဲ့နောက် တပ်ရင်းမှုးကတော်ကို သူမ မေးဖို့ဆုံးဖြတ်လိုက်တယ် ။ တပ်ရင်းမှုးကတော်အနေနဲ့ မနေ့ညကအကြောင်းကို သိကောင်းသိနိုင်ပါရဲ့။


‘’ အစ်မ... ညီမတို့ မနေ့က ကျန်းချန်း အိမ်မှာစားသောက်ကြတယ်။ နောက်ဆုံးတော့ ရှောင်ကျိုးရဲ့ဒယ်ဒီက ပျော်ပုံမရဘူး ပြီးတော့ ဒီလိုအခြေအနေမျိုး ထပ်ကြုံလာရင် ညီမကို မကူညီဖို့ပြောတယ်...ပြီးတော့ သူ့ဂုဏ်သိက္ခာကိုလဲ ငဲ့ဖို့မလိုဘူးလို့ပြောတယ်။ သူဘာလို့ ဒီလိုမျိုး ရုတ်တရက်ပြောလဲဆိုတာ ညီမ နားမလည်ဘူးဖြစ်နေတယ်, သူနဲ့ ကျန်းချန်း တို့နှစ်ယောက်လုံးက အတော်လေးအဆင်ပြေကြတယ်မဟုတ်လား, ပုံမှန်ဆို သူ ဒီလိုပြောလေ့မရှိပါဘူး ဒါကြောင့် သူတို့တွေရန်ဖြစ်ကြလားလို့ ညီမထင်နေတာ’’


‘’ မဖြစ်နိုင်ဘူး, သူတို့တွေက စစ်သားတွေလေ, ရန်ဖြစ်ကြမှာမဟုတ်ဘူး။ အစ်မ စိတ်ထင် ညီမ ကျန်းချန်း အိမ်မှာ အကူအညီပေးတာကြောင့်ဖြစ်မယ်။ မနေ့ညက တစ်ခုခုများဖြစ်ခဲ့သေးလား...’’


‘’ မဖြစ်ပါဘူး, လူတိုင်းပျော်နေကြတာပဲလေ, ပြီးတော့ သူလဲ ညီမသွားကူညီပေးတာကို သိနေတာပဲ, သူက အဲ့ဒါကိုစိတ်မဆိုးပါဘူး’’


တပ်ရင်းမှုးကတော်က မနေ့ညက စားပွဲကိုမလာခဲ့ပေ။ ဒါကြောင့် ဘာဖြစ်ခဲ့လဲဆိုတာမသိတဲ့အတွက် ထပ်မေးလိုက်တယ်


 “ မနေ့က ဖြစ်ခဲ့သမျှအကုန် အစ်မကို ပြန်ပြောပြပါဦး, အစ်မ ကူညီလို့ရနိုင်မှာပါ’’


ဒါကြောင့် ထန်ထန် လဲ ဖန်ယုဝေသူမတို့ အိမ်တံခါးကို လာခေါက်တဲ့ အချိန်ကစလို့ ရှင်းပြလိုက်တော့တယ်။