Part 34
တပ်ရင်းမှုးဇနီးက သူမ ပြောတာတွေနားထောင်ပြီးနောက် ချက်ချင်းပြုံးလိုက်ကာ သူမနဖူးကို ပုတ်လိုက်ပြီး
‘’ အိုက်ယား... ဘာလို့ဒီလောက်တောင် ရိုးအနေရတာလဲ, ဒါက အသိသာကြီးပဲမဟုတ်လား?’’
‘’ရှင်...’’
ထန်ထန် က နားမလည်စွာနဲ့မေးလိုက်တယ်
" ဘာကြောင့်လဲဆိုတာကို အစ်မသိတယ်လား...’’
တပ်ရင်းမှုးကတော်က မကျေမနပ်ဖြစ်သွားပြီး
‘’ အစ်မက ဘယ်လိုလုပ်ပြီးမသိပဲနေပါ့မလဲ, ဒီလောက်သိသာနေတာကို ကျန်းချန်း ရဲ့အမျိုးသမီးက ညီမလေးကို အလေးအနက်မထားပဲ ဒီအတိုင်းပစ်ထားလိုက်လို့ ကျိယန်ကလုံး၀စိတ်ဆိုးနေတာပေါ့, ရှင်းရှင်းပြောရရင် သူက ညီမလေးအတွက် စိတ်ဆိုးသွားတာပဲ’’
‘’ အာ... ဘာလို့လဲ...’’
ဖြူစင် ရိုးအလွန်းပြီး စိတ်ထားကောင်းတဲ့ ထန်ထန်ကို တပ်ရင်းမှုးကတော်က အမှန်တကယ်ပဲ သဘောကျနှစ်သက်လေတယ်။ ထို့အပြင့် သူမက ရိုးသားပြီးအပြစ်ကင်းလွန်းတဲ့အတွက် တစိမ်းတွေအလွယ်တကူ ချဉ်းကပ်လို့ ရစေတယ်။ ဒါပေမယ့် တခါတလေမှာ သူမလိုစိတ်ရင်းစေတနာကောင်းတဲ့သူတွေက တခြားသူတွေကို အကူအညီမဲ့စေတယ်။ ဘာကြောင့်လဲဆိုတော့ သူမက တခြားသူတွေရဲ့လှည့်ကွက်တွေကို နားမလည်တတ်ဘူး။
သူမ တကယ်ကို နားမလည်ဘူးဆိုတာ သိတဲ့အတွက် တပ်ရင်းမှုးကတော်က စိတ်ရှည်လက်ရှည်နဲ့ သေချာရှင်းပြပေးလိုက်တယ်
“ မနေ့ညက ညီမလေး ကျန်းချန်း အိမ်မှာသွားကူပေးတုန်း သူ့အမျိုးသမီးက ကြက်သွန်ဖြူပဲခွာပေးတယ်မဟုတ်လား, သူမကပဲ ဧည့်သည်လိုပြုမူသွားတာလေ, ပြီးတော့ စားသောက်ကြတဲ့အချိန်မှာ ညီမလေးက မီးဖိုချောင်ထဲမှာအလုပ်ရှုပ်နေပေမယ့် ကျန်းချန်း ဇနီးက စားပွဲမှာထိုင်ပြီးသောက်စားနေတယ်လေ... ညီမလေးအနေနဲ့ သူ့မကိုကူညီပေးတာကပုံမှန်ပါပဲ, ဘယ်လိုပဲဖြစ်ဖြစ် သူမက ညီမလေးကိုနည်းနည်းပါးပါးတော့ အကူအညီပေးသင့်တယ်လေ, အိမ်သန့်ရှင်းရေးအတွက်က နောက်ဆုံးမှာ အိမ်ရှင်ကပဲလုပ်သင့်တာပေါ့ ဘာလို့လဲဆိုတော့ ညီမလေးက ဧည့်သည်ပဲ, ဒီလိုမျိုးလုပ်တာက မယဉ်ကျေးဘူး, အဲ့ဒီနေရာမှာ အစ်မသာဆိုရင် ပွဲချင်းပြီးပြီပဲ, အစ်မက ညီမလေးလိုစိတ်ရှည်ပြီး သည်းခံနေမှာမဟုတ်ဘူး’’
‘’အာ…ဒါဆို အဲ့ဒါကြောင့်ပေါ့လေ’’
ထန်ထန် ရုတ်တရက်ပဲ နားလည်သွားတော့တယ် ။ ထို့နောက် သူမက တီးတိုးရေရွတ်လိုက်မိတယ်
“ အရိုးသားဆုံးပြောရရင်, ညီမစိတ်မဆိုးပါဘူး ပြီးတော့ သူမက မယဉ်ကျေးတာမဟုတ်ပဲ ဘယ်လိုလုပ်ရမလဲ မသိတာပါ။ သူမက အများကြီးမကူညီနိုင်တော့ အပြင်ထွက်ပြီးသွားသောက်နေတာပါ ဒါကြောင့် ညီမကထူးဆန်းတယ်လိုတော့ မထင်မိဘူး။ ပြီးတော့ ညီမတို့တွေက အိမ်နီးချင်းတွေပဲလေ အရမ်းကပ်သပ်နေရင် ဘယ်အဆင်ပြေပါ့မလဲနော်’’
တပ်ရင်းမှုးကတော်က သက်ပြင်းချလိုက်ပြီး
‘’ ညီမက အရမ်းသည်းခံတတ်တာပဲ, အစ်မတော့ ကျိယန် စိတ်ဆိုးတာမှန်တယ်လို့ ထင်တယ်, သူက အတော်လေးလဲ စိတ်ကိုထိန်းထားနိုင်တယ်, တကယ်လို့ စိတ်မထိန်းနိုင်တဲ့သူသာဆိုရင် အဲ့နေရာမှာ ဒေါသထွက်ပြီး တစ်ခုခုဖြစ်သွားနိုင်တယ်, တကယ်လို့ ကျိယန် သာစိတ်ဆိုးလိုက်မယ်ဆိုရင် ယောကျာ်းမပီသတော့ဘူး, ဒါက သူတို့ရဲ့ ဇနီးအပေါ်ကို ဂရုစိုက်တတ်တဲ့ အမျိုးသားတွေရဲ့ သဘာ၀ပဲ’’
ထန်ထနိ တိတ်ဆိတ်လို့နေတယ်, ကျိယန် က သူမအတွက်ကြောင့် ဒေါသထွက်သွားတာလား... သူက သူမကိုဂရုစိုက်တယ် …
တပ်ရင်းမှုးကတော်က ထန်ထန် လက်ကိုအသာပုတ်လိုက်ပြီး
‘’ ကျိယန် ပြောတာကိုသာ နားထောင်လိုက်ပါ, သူမနောက်တခေါက် အကူအညီလာတောင်းရင် အလွယ်တကူ လက်မခံလိုက်နဲ့, သူမလုပ်ပုံတွေက မဟုတ်ဘူး, သူမ မချက်ပြုတ်တတ်တာက ကိစ္စမဟုတ်ဘူး, သူမရဲ့ ပြုမူတဲ့ပုံစံတွေက မကောင်းတာ, သူမအနေနဲ့ ညီမလေးနဲ့အတူ မီးဖိုချောင်ထဲမှာ ကူညီပေးသင့်တယ်, အစ်မက ညီမလေးတို့ အချင်းချင်း သဘောထားကွဲလွဲအောင် ပြောတာတော့မဟုတ်ဘူးနော် ကျန်းချန်း ရဲ့အမျိုးသမီးက အတော်လေးမောက်မာတယ်, တော်ရုံလူဆို သူမ မျက်လုံးထဲ ထည့်တာမဟုတ်ဘူး’’
ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ထန်ထန် နားလည်ပါတယ်။ကျန်းချန်း ရဲ့အမျိုးသမီးက သူမကိုအထင်သေးတယ်ဆိုတာကိုပေါ့။ ဒါကြောင့် သူမအပေါ်ရိုင်းစိုင်းနေတာ။
‘’ ဒါ…ဒါပေမယ့် သူမက ဘာလို့ ညီမကို အထင်သေးနေရတာလဲ...ညီမက ကြည့်မကောင်းလို့လား ဒါမှမဟုတ် အလုပ်မရှိလို့လား...’’
တပ်ရင်းမှုးကတော်က ခေါင်းကိုခါယမ်းလိုက်ပြီး
“ ညီမထင်သလိုမဟုတ်ဘူး, သူမကို ဆရာမတစ်ယောက်လို့ပဲ မတွေးလေနဲ့ , သူမရဲ့အခြေအနေက အစ်မတို့နဲ့မတူဘူးလေ, သူတို့က တကယ့်ကိုမင်းသမီးလေးပဲ, သူအဖေက ဗိုလ်မှုးကြီး သူဦးလေးကျ မြို့တော်၀န်ဆိုတော့ သူတို့မိသားစုဝင်အားလုံးက အမြင့်ကလူတွေကြီးပဲ။ သူကျတော့လဲ ဟားဗက် ကနေဘွဲ့ရတာတာဆိုတော့ သူ့အပြုအမူတွေက အတော်လေးကို မောက်မာတယ်။ ကျန်းချန်း ကြောင့်သာ သူမက ဒီမှာနေတာလေ, နို့မို့ဆို ဒီမှာသူမ နေမှာတောင်မဟုတ်ဘူး’’
‘’ အဲ့လိုလား…’’
ကျန်းချန်း ရဲ့ဇနီးသည်နောက်ကြောင်းက ဒီလောက်ကြီး အံ့အားသင့်ဖွယ်ကောင်းမယ်လို့ သူမ မထင်ထားမိဘူး။ သူမ ဒီလိုတွေဖြစ်နေတာကို မအံ့ဩတော့ပါဘူးလေ။
"ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူမကို အဲ့လောက်လဲ ဂရုစိုက်ဖို့မလိုပါဘူး, ကျိယန်ကလဲ လုပ်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ပဲလေ, သူ့ရဲ့အနာဂါတ်က ကျန်းချန်းထက်တော့ မနိမ့်ပါဘူး, သူမက ညီမလေးအပေါ်မှာ အထင်အမြင်သေးနေမှတော့ သွားကူပေးဖို့ မလိုတော့ဘူး, ညီမလေးရဲ့ တကယ့်သူငယ်ချင်းတွေကိုသာ ကူညီသင့်တယ်, ဘယ်လိုထင်လဲ...’’
ထန်ထန် ခေါင်းငြိမ့်လိုက်ပြီး
‘’ မရီးပြောတာမှန်တယ်, ညီမသိပါပြီ, အနာဂါတ်မှာ အလွယ်တကူ မကူညီတော့ပါဘူး’’
အမှန်တရားကို သိပြီးတဲ့နောက် ထန်ထနိ စိတ်ဓါတ်မကျတော့ပေ။ အဲ့ဒီအစား သူမအရမ်းကိုပျော်ရွှင်နေမိတယ်, ကျိယန် စိတ်ဆိုးတယ်ဆိုတာ သူမကို ဂရုစိုက်လို့ပေါ့။ သူမနှလုံးသားထဲက ချိုမြိန်မှုတွေက စကားလုံးနဲ့တောင် ဖော်ပြလို့မရနိုင်တော့ဘူး။
သူ သူမကို တဖြည်းဖြည်းကောင်းကောင်းမွန်မွန်ဆက်ဆံလာပြီပဲ။ ဆိုလိုတာက သူမ ပိုပြီးအလုပ်ကြိုးစားရင် သူ သူမကို တဖြည်းဖြည်း သဘောကျလာနိုင်တာပေါ့နော်
သူမ စိတ်အခြေအနေကောင်းမွန်သွားတဲ့နောက် အရာအားလုံးက ခါတိုင်းထက်ပိုမိုကောင်းလာတယ်။ သူမရဲ့ ကမ္ဘာလေးက ပန်းပွင့်တွေနဲ့ ပြည့်နှက်လို့နေတယ်။ သူမ စိတ်ပျော်နေတဲ့အချိန်မှာ အရသာရှိတာတွေလုပ်တတ်တယ်။ ဖက်ထုတ်ကြော်မလုပ်တာလဲ ကြာပြီဆိုတာသတိရသွားတဲ့အတွက် ဒီနေ့လုပ်ဖို့ စဉ်းစားလိုက်မိတယ်။ ကျိယန်က ဖက်ထုတ်ကြော်ကြိုက်တယ်လေ။
သူမ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် ပါ၀င်ပစ္စည်းတွေ ၀ယ်ယူလိုက်ပြီး ဖက်ထုတ်တွေကို သေချာပုံသွင်းခေါက်လိုက်တယ်။ ညနေစောင်းတော့ စားပွဲပေါ်မှာ ဖက်ထုတ်ကြော်တွေအပြည့်ဖြစ်သွားတယ်။ အသေးလေး က အရမ်းကိုပျော်ရွှင်သွားပြီး ချက်ချင်းပဲစားဖို့ ပြင်ဆင်နေတော့တယ်။
ထန်ထန် က သူ့ဒယ်ဒီ ပြန်လာတာကိုစောင့်ဖို့ ပြောထားတဲ့အတွက် ရှောင်ကျိုး တစ်ယောက် နေ့လည်ခင်းတချိန်လုံးကို တံခါး၀သို့ ငေးကြည့်နေတာနဲ့ပဲ သူ့အချိန်တွေကုန်ဆုံးနေစေတယ်။ သူက သူ့ဒယ်ဒီခြေသံကို ကြားရဖို့ အသေအချာနားစွင့်ထားနေပြီး သူ့ဒက်ဒီပြန်လာတာနဲ့ ချက်ချင်းတံခါးကို ဖွင့်နိုင်ဖို့ရန်ပဲဖြစ်တယ်။
ကျိယန် ပြန်လာနေကျအချိန်မှာတော့ လှေကားကိုတက်လာတဲ့ ခြေသံတွေကြားလိုက်ရတဲ့အချိန် သူ့မျက်လုံးတွေတောက်ပသွားပြီး တံခါးဆီသို့ အပြေးတပိုင်းသွားလိုက်တယ်။ ထို့နောက် အားပါးတရအော်လိုက်တော့တယ်
“ ဒယ်ဒီ ‘’
ကျိယန် ပြန်လာပြီလို့ ထန်ထန် ထင်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ သူမ ပြေးထွက်လာလိုက်တယ်။ သူမနှုတ်မှ ယောကျာ်းလို့ ခေါ်တော့မယ့်အချိန်မှာပဲ ကျ ရပ်နေတာကိုသာတွေ့လိုက်ရတဲ့အတွက် သူမစကားလုံးတွေကို ပြန်လည်မျိုသိပ်လိုက်ရတယ်။
‘’ ကျန်းချန်း အယ်, ရှင်ပြန်လာပြီလား’’
အားနာမှုတို့က ကျန်းချန်း မျက်၀န်းထဲ ဖြတ်သန်းသွားတယ်။ သူက ထန်ထန့် အကြည့်ကိုရှောင်လိုက်ပြီး
‘’ မရီး, ကျိယန်က အနောက်မှာပါ, သူမကြာခင်လာပါလိမ့်မယ်, ကျွန်တော် အရင်သွားလိုက်ဦးမယ်နော်’’
ပြောပြီးတာနဲ့ သူ့အခန်းထဲသို့ တန်း၀င်သွားတော့တယ်။ သူက နောက်ထပ်အချိန် မဖြုန်းချင်တော့တဲ့ ပုံပေါ်နေတယ်။
သူ့ရဲ့ အပြုအမူတွေက နည်းနည်းထူးဆန်းနေတယ်လို့ ထန်ထန် တွေးလိုက်မိတယ်။ သူအပြစ်ရှိနေတဲ့ပုံစံမျိုးပဲ။ မနေ့ညက ကိစ္စကြောင့်လို့ပဲ သူမယူဆလိုက်တယ်။
သူမ အတွေးမဆုံးခင်မှာပဲ နောက်ထပ်ခြေသံကြားလိုက်ရတယ်။ အခုအချိန်မှာတော့ ကျိယန်အသေအချာပါပဲ, ဒါပေမယ် သူ့အနောက်မှာ အမျိုးသမီးတစ်ယောက် ကပ်ပါလာတာကို တွေ့လိုက်ရတယ်။
‘’ ထန်ထန်...ရှောင်ကျိုး... ‘’
ကုယန်ရန် က အပြုံးချိုချိုလေးနဲ့ သူမတို့ကို ပြုံးပြီး နှုတ်ဆက်လိုက်တယ်။
‘’မစ်စ်ယန်ရန်’’
ထန်ထန် အတော်လေး အံ့ဩသွားတယ်။ သူမက ဘာလို့ဒီမှာရှိနေတာလဲ...
ကုယန်ရန် က ရှောင်ကျိုး ခေါင်းလေးကိုပွတ်လိုက်ပြီး
‘’ ထန်ထန် ကျွန်မကို ယန်ရန် လို့သာခေါ်ပါ မစ်ယန်ရန် က တစိမ်းဆန်လွန်းပါတယ်, ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မနဲ့ အကို ကျိယန် တို့က အတူတူကြီးပြင်းလာကြတာပဲလေ’’’
ကျိယန်ကို မေးခွန်းထုတ်တဲ့ အကြည့်တွေနဲ့ လှမ်းကြည့်ရင်းသာ သူမ ခေါင်းငြိမ့်ပြလိုက်တော့တယ်။
‘’ ယန်ရန် က စစ်တပ်ဆရာဝန်လေ, ကိုယ်တို့တပ်ထဲက ကျန်းမာရေးနဲ့ပတ်သတ်တာတွေကို သူက စစ်ဆေးပေးရတာ, မင်းပြောင်းလာတယ်ကြားလို့ သူလာလည်တာပဲ’’
ကျိယန် က ရှင်းပြလိုက်တယ်။
ထန်ထန် နားလည်သွားပြီး ချက်ချင်းပဲ သူမကို အိမ်ထဲဝင်ဖို့ ဖိတ်လိုက်တယ်။
ကုယန်ရန် က အိမ်ကိုကြည့်လိုက်ပြီး ချီးကျူးလိုက်တယ်
‘’ ထန်ထန်က အိမ်ကိုဘယ်လို ဂရုစိုက်ရမလဲဆိုတာ ရှင်သိတာပဲ, ရှင့်အိမ်က တကယ်ကိုပဲ နွေးနွေးထွေးထွေးရှိတယ်’’
‘’ အဲ့လိုလဲမဟုတ်ပါဘူး, ပုံမှန်လေးပဲ ပြင်ဆင်ထားတာပါ’’
သူမ ခွက်ထဲသို့ ရေထည့်ပေးရင်းပြောလိုက်တယ်
‘’ ရှင်လာမယ်ဆိုတာ ကျွန်မ မသိလိုက်ဘူး, ဒါကြောင့် ဘာမှမပြင်ဆင်လိုက်ရဘူးလေ, ဒီညအတွက် ဖက်ထုတ်ကြော်ပဲ လုပ်ထားတာမို့လို့ ရှင်စိတ်မရှိဖို့ မျှော်လင့်မိပါတယ်’’
‘’ ကျွန်မစိတ်မရှိပါဘူး, ဖက်ထုတ်ကြော်တွေက အရသာရှိတယ်လေ, ကြည့်ရတာ ကျွန်မတော့ ဒီညအစားအသောက်အတွက် ကောင်းချီးပေးခံရပြီပဲ’’
ယန်ရန် ရဲ့စကားတွေကို သူမကြားပြီးနောက် စိတ်သက်သာရာရသွားတယ်။ သူမ မတ်တပ်ရပ်ပြီး မီးဖိုချောင်ထဲသို့ဝင်သွားလိုက်တယ်
ကုယန်ရန် က သူမ အလုပ်များနေတာမြင်တဲ့အတွက် ကျိယန် ကိုကြည့်ကာ ပြုံးပြီးစနောက်လိုက်တယ်
“ အကို ကျိယန် အကို့ရဲ့ နေ့ရက်တွေက တော်တော်လေးအဆင်ပြေနေပုံပဲနော်’’
ကျိယန်ရဲ့ နှုတ်ခမ်းထောင့်တွေအပေါ်သို့ မြင့်တက်နေတယ်။ သူဘာမှ မပြောပေမယ့် သူ့အပြုအမူတွေက တိတ်တဆိတ် ၀န်ခံလို့နေတယ်။
ကုယန်ရန် မျက်လုံးတွေက တလက်လက်တောက်ပနေပြီး သူမဆံပင်တွေကို နားရွက်အနောက်သို့သပ်တင်လိုက်ရင်း
‘’ ဟုတ်သားပဲ, အကို ကျိုးကျီ ဆီက သတင်းကြားပြီးပြီလား အကို ကျိ အဖွား ကျိုး ရဲ့ အသက်ရှစ်ဆယ်ပြည့် မွေးနေ့က နောက်တစ်ပါတ်လေ, အကိုပြန်လာမှာလား...’’
ကျီယန်ခေါင်းငြိမ့်ပြလိုက်တယ်။
‘’ အဲ့အကြောင်းပြောတော့မှပဲ, အဖွားက ညီမတို့ တစ်ဖွဲ့လုံးကို ငယ်ငယ်လေးကတည်းက ကြည့်ရှုစောင့်ရှောက်လာတာပဲနော်. သူမက ညီမတို့အားလုံးကို သူ့မြေးအရင်းတွေလိုပဲ ဂရုစိုက်တယ်။ မျက်စိတမှိတ်အတွင်းမှာပဲ ညီမတို့တွေက အရွယ်ရောက်လာကြပြီး သူမကတော့ အသက်ကြီးလာပြီ။ အဖွားက အကိုနဲ့ အကို ယွမ်လန် ကို သဘောအကျဆုံးဆိုတာကို ညီမမှတ်မိသေးတယ်။ အကိုတို့နှစ်ယောက်လုံးက စစ်ဗိုလ်ကြီးတွေနဲ့တူတယ်လို့လဲ အမြဲပြောတတ်လို့ ကျန်တဲ့ညီမတို့တွေက စိတ်အနှောက်အယှက်ဖြစ်ခဲ့ပေမယ့် အခုတော့ မှန်နေတာပဲနော်’’
ငယ်ဘ၀ကို သတိရသွားတဲ့ ကျိယန် ရဲ့မျက်ဝန်းထဲ ပျော်ရွှင်မှုတွေ ဖြတ်ပြေးလို့သွားတယ်။
ကျိယန်ရဲ့ ရင်ခွင်ထဲမှာ ကစားနေတဲ့ ရှောင်ကျိုး က သူ့လည်ပင်းမှာဆွဲထားတဲ့ မျောက်ပုံစံရွှေဆွဲကြိုးလေးကိုကိုင်ပြီး မေးလိုက်လိုက်တယ်
“ ဒယ်ဒီ, အဖွား ကျိုး က သားကိုဒီရွှေမျောက်ဆွဲကြိုးလေးပေးတဲ့ သူလား...’’
‘’ သားမှတ်မိသေးလား... အဖွား ကျိုး က သားအတွက် ဒီမျောက်ဆွဲကြိုးလေးလုပ်ပေးဖို့ ကျွမ်းကျင်တဲ့သူတွေကိုငှားခဲ့ရတာ ပြီးတော့သူ့ကို အဖွားကျိုး လို့မခေါ်ပဲ အဘွားလို့ခေါ်သင့်တယ်’’
ကျိ က မျောက်နှစ်မှာမွေးဖွားခဲ့တာဖြစ်တယ်။ ဒါကြောင့် အန္တရာယ်ကင်းကင်းနဲ့ ကြီးပြင်းလာစေရန် ရည်ရွယ်ပြီး မျောက်ပုံစံရွှေဆွဲကြိုးလေးကို ဆရာသမားတွေဆီမှာ ကောင်းချီးပေးခြင်းခံပြီးမှ ကလေးနှစ်ယောက်လုံးအတွက် ပေးခဲ့တာဖြစ်တယ်။ ကျိယန် အနေနဲ့လဲ အသေးလေး တစ်ယောက် မှတ်မိနေလိမ့်မယ်လို့ မမျှော်လင့်မိခဲ့ဘူး။
ရှောင်ကျိုး က ဆွဲကြိုးကို လက်နဲ့ထိလိုက်ပြီး
‘’ သားမှတ်မိပါတယ် ဒါပေမယ့် အဘွားက ဘယ်လိုပုံစံလဲဆိုတာတော့ မမှတ်မိတော့ဘူး’’
’ ကိစ္စမရှိပါဘူး, နောက်တပါတ်ကျရင် သားအဘွားဆီ ဒယ်ဒီလိုက်ပို့ပေးမယ်, အဲ့ကျမှ ကျေးဇူးတင်လိုက်ပေါ့’’
‘ဟုတ်ကဲ့ပါ ဒယ်ဒီ, သားကို မျောက်ဆွဲကြိုးလေးပေးတဲ့အတွက် အဘွားကို ကျေးဇူးတင်စကားပြောရမယ်’’
တောက်ပနေတဲ့ ကုယန်ရန် မျက်၀န်းတွေက မှိန်ဖျော့သွားပြီး အံ့ဩသင့်စွာနဲ့ မေးလိုက်တယ်
“အကို ကျိယန်... ထန်ထန့် ကို ခေါ်သွားမှာလား... အရင်တုန်းက အကို သူ့ကိုဘယ်တုန်းကမှ ခေါ်မသွားဖူးဘူးလေ, ဒီတစ်ခေါက်မှ ဘယ်လိုလုပ်ပြီး…’’
ကျိယန်က ထူးမခြားတဲ့လေသံနဲ့
‘’ အဖွားကျိုး က ရှောင်ကျိုး အမေကို တစ်ခါမမြင်ဖူးဘူး ဒါကြောင့် သူမအနေနဲ့ အကြီးတွေဆီကို သွားလည်သင့်တယ်’’
ကုယန်ရန် မျက်လွှာချလိုက်ပြီး သတိမထားမိစွာနဲ့ သူမအပြုံးတွေမှေးမှိန်လို့သွားတယ်။
‘’ဘယ်သူ့ကိုသွားတွေ့သင့်တာလဲ’’
မီးဖိုချောင်ထဲမှ ဖက်ထုတ်သယ်လာတဲ့ ထန်ထန် က တစ်စုံတစ်ယောက်ဆီကို သွားလည်သင့်တယ်လို့ကြားလိုက်မိပြီး သိလိုစိတ်နဲ့ မေးလိုက်တယ်။
ကျိယန် က မတ်တပ်ရပ်လိုက်ပြီး ထန်ထန် ဆီသို့ လျောက်လှမ်းသွားတယ်
“ ကိုယ်သယ်ပေးမယ်, ဒါတွေက ပူနေတယ်’’
‘’အင်း.."
ထန်ထန် က သူ့လက်ထဲသို့ အိုးကိုထည့်ပေးလိုက်ပြီး ချက်ချင်းပဲ သူမနားရွက်ကိုကိုင်လိုက်တယ်။
ကျိယန် သူမလက်ကိုစိုက်ကြည့်လိုက်ပြီး
‘’ ဘာဖြစ်လို့လဲ... အပူလောင်သွားတာလား...’’
ထန်ထန် က သူမလက်ကို သူ့အားပြလိုက်ပြီး
‘’ မဟုတ်ပါဘူး ဘာမှမဖြစ်ပါဘူး’’
တကယ်လဲ ဘာမှမဖြစ်တာသေချာတဲ့နောက် ကျိယန် က သူမမေးထားတဲ့မေးခွန်းကို ဖြေလိုက်တယ်
“ အဖွားကျိုး ရဲ့ အသက် ၈၀ ပြည့်မွေးနေ့က နောက်တစ်ပါတ်လေ, ကိုယ် မင်းနဲ့ ရှောင်ကျိုး ကို ခေါ်သွားမလို့’’
‘’အာ, အသက် ၈၀ ပြည့်မွေးနေ့လား, အရမ်းကံကောင်းတာပဲ, ကျွန်မတို့ အဘွားကို ဂုဏ်ပြုသင့်တာပေါ့’’
ထန်ထန် ပြောရင်းနဲ့ လက်ဆောင်အကြောင်းတွေးလိုက်မိပြီး
‘’ ယောကျာ်း, ကျွန်မတို့ ဘာလက်ဆောင်ပေးရင်ကောင်းမလဲ... ကျွန်မ ဘာမှမပြင်ရသေးဘူး’’
ကျိယန် ရေရွတ်လိုက်တယ်
“ ကိုယ်လဲ စဉ်းစားနေတုန်းပဲ, အခုတော့ အရင်စားကြရအောင်’’
သူမ ခေါင်းငြိမ့်ပြလိုက်ပြီး ယန်ရန် ကိုပါ စားဖို့ခေါ်လိုက်တယ်။
‘’ ထန်ထန် ဒီမှာက အမျိုးသမီးတွေအတွက် အိပ်ဆောင်မရှိဘူး ပြီးတော့ ဟိုတယ်မှာအိပ်ရတာလဲမကြိုက်လို့ ဒီည ဒီမှာအိပ်လို့ရမလား...’’
သူမတို့ ထမင်းစားပြီးတာနဲ ကုယန်ရန် က မေးလိုက်တယ်။
ဒီမှာက အမျိုးသားစစ်သားတွေပဲရှိတဲ့အတွက် အမျိုးသမီးတွေအတွက် အိပ်ဆောင်မရှိဘူး။ ဒီလို အကူအညီသေးသေးလေးလောက်ကိုတော့ ထန်ထန်က လုံးဝြငင်းမှာမဟုတ်ပေ။
‘’ ရတာပေါ့, ဧည့်သည့်အတွက် အခန်းအလွတ်ရှိတယ်, ကျွန်မ ရှင့်အတွက်ပြင်ပေးမယ်လေ’’
ကုယန်ရန် က ဧည့်သည်အတွက်အခန်းနဲ့ မာစတာအိပ်ခန်း (Master bad room) ကိုလှမ်းကြည့်လိုက်တယ်။ ထို့နောက် သူမ နှုတ်ခမ်းကိုစေ့လိုက်ပြီးနောက် ပြုံးလိုက်ကာ
‘’ ဒါဆို ရှင့်ကိုပဲ အနှောက်အယှက်ပေးရတော့မှာပဲ’’
-------------------------
ညစာစားပြီးတဲ့နောက် ထန်ထန် က ကုယန်ရန်အတွက် အခန်းကို လိုအပ်တာတွေ ပြင်ဆင်ပေးလိုက်တယ်။ သူမအဆင်ပြေတာ သေချာအောင်လုပ်ပြီးတဲ့နောက် သူမတို့အခန်း ကို ပြန်သွားလိုက်တယ်။ သုံးယောက်စလုံး သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ကျိယန် ခြေထောက်အတွက် ခါတိုင်းလိုပဲ ဘေစင်ထဲကို ရေနွေးထည့်ပြီး ဆေးဘက်ဝင်အရွက်တွေကိုပါ ထည့်လိုက်တယ်။
ဆေးဘက်ဝင်အရွက်တွေ ထည့်ထားတဲ့ရေက အသေးလေးအတွက် မသင့်တော်တဲ့အတွက် အသေးလေး စိတ်ကျေနပ်စေရန် အိပ်ယာမဝင်ခင် ခြေထောက်လေးတွေကို နှိပ်နယ်ပေးလိုက်တယ်။ တကယ်တော့ နှိပ်နယ်ပေးတယ်ဆိုတာထက် အသေးလေးနဲ့ အတူတူဆော့တယ်ဆိုတာက ပိုမှန်လိမ့်မယ်။
အသေးလေးနဲ့မတူပဲ သူ့အဖေကိုတော့ သူမ သေချာနှိပ်နယ်ပေးလိုက်တယ်။
ကျိယန် ခြေထောက်ကို နှိပ်နေရင်း အဖွား ကျိုး ရဲ့ မွေးနေ့အကြောင်းကို သူမဆက်ပြောလိုက်တယ်။
‘’ယောကျာ်း, အဖွားက ဘာတွေကို သဘောကျတတ်လဲ... သူမစိတ်ဝင်စားတဲ့ဟာ တစ်ခုခုလောက်ဝယ်သွားတာ သင့်တော်မယ်လို့ ကျွန်မထင်တယ်’’
အဖွားကျိုး အကြောင်းကြားလိုက်တဲ့ ကျိယန် မျက်ဝန်းတွေထဲ လေးစားမှုနဲ့ ချစ်ခင်မှုတွေက ပြည့်နှက်လို့သွားတယ်။ သူက ပုံမှန်လိုပဲပြောလိုက်တယ်
“ အဖွား ကျိုး က အရမ်းထူးချွန်ပြီး ညဏ်ရည်ထက်မြတ်တဲ့ အမျိုးသမီးတစ်ယောက်ပဲ, သူမက ကဗျာနဲ့ သမိုင်းမှာလဲ ကျွမ်းကျင်တယ် နောက်ပြီး စီးပွားရေးမှာလဲ အမြင်ရှိတယ်, သူမ တော်တဲ့နေရာတွေ အများကြီးပဲ ကျိုးကျီ ရဲ့ လက်ရေးလှနဲ့ လဘက်ရည်ကြမ်းတည်ခင်းတာကလဲ သူမသင်ထားပေးတာပဲ’’
‘’ အဖွားကျိုး က ပျော့ညံ့ပြီးချမ်းသာတဲ့ လူမျိုးမဟုတ်ဘူး။ သူမက တကယ်ကို အမျိုးသမီးသူရဲကောင်းတစ်ယောက်ပဲ ကျိုး မိသားစု ကမောက်ကမနဲ့ အခက်အခဲဖြစ်နေချိန်တုန်းက အဖွားကျိုး က အများကြီးအထောက်အပံ့ဖြစ်ခဲ့တာ ကျိုး မိသားစု အခုလိုအခြေအနေအထိရောက်လာအောင် အဘွားကပဲ ပံ့ပိုးခဲ့တာ’’
ထန်ထန် နားထောင်ရင်းဆွံ့အသွားတယ်။ သူမတကိုယ်လုံး လေးစားမှုတွေနဲ့ ပြည့်နှက်လို့သွားတယ်။ ကျိယန် ပြောသလိုဆိုရင် အဖွားကျိုး က အရမ်းကိုထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးပဲ။ သူမ အနေနဲ့ မြင်းစီးပြီး သူမနောက်ကနေလိုက်မယ်ဆိုရင်တောင် မီနိုင်မယ် မထင်မိဘူး။
‘’ ဒါဆို အဖွားကျိုး က လက်ရေးလှဖြစ်ဖြစ် လက်ဖက်ရည်ကြမ်းခွက်အစုံ ဖြစ်ဖြစ် သဘောကျလောက်မလား... အဲ့ထဲက တစ်ခုခုလောက် သူမကိုပေးကြမလား’’
ကျိယန် ခေါင်းကိုယမ်းလိုက်ပြီး တုံ့ဆိုင်းစွာနဲ့ပြောလိုက်တယ်
“ အဖွားကျိုး က အဲ့ဒါတွေသဘောကျမယ် မထင်ဘူး ,သူမဆီမှာ အဲ့လို set တွေ အများကြီးရှိပြီးသား အဲ့ဒါတွေထက်ကောင်းတာတွေ ရှာတွေ့ဖို့ကလဲ မလွယ်တော့ဘူး, ပြီးတော့ တခြားသူတွေလဲ အဲ့လိုမျိုးတွေပဲ သူမကို လက်ဆောင်ပေးလောက်တယ်။ တကယ်လို့ ကိုယ်တို့လူငယ်တွေပေးတဲ့အရာတွေက တူနေရင် ကိုယ်တို့က လက်ဆောင်အတွက် သေချာမစဉ်းစားပဲ အလွယ်တကူပေးတဲ့သဘော မသက်ရောက်သွားဘူးလား’’
ထန်ထန် လဲ တွေးလိုက်မိတယ်။ ပုံမှန်အားဖြင့် လူတွေက အသက်ကြီးတဲ့လူတွေအတွက် သူတို့ဝါသနာပါတဲ့အရာတွေကိုပဲ လက်ဆောင်ပေးလေ့ရှိကြတယ်။ ပြီးတော့ လက်ဖက်ရည်အိုး နဲ့ လက်ရေးအလှတွေက ပုံမှန်ဆိုင်တွေမှာ အလွယ်တကူ ၀ယ်လို့ရတဲ့အရာတွေမဟုတ်ဘူး။
ဒါဆို သူမတို့ ဘာလက်ဆောင်ပေးရင်ကောင်းမလဲ?
အခုအချိန်မှာတော့ ကျိယန် လဲ ဒီကိစ္စအတွက် ခေါင်းကိုက်နေပြီဖြစ်တယ်။ အဘွား ကျိုး က သူ့ကို သူမရဲ့ မြေးအရင်းကဲ့သို့ ဆက်ဆံခဲ့တာဖြစ်တယ်။ သူ့အနေနဲ့လဲ ကြုံရာလက်ဆောင်မပေးချင်ပေ။ စျေးနှုန်းက ပြဿနာမဟုတ်ဘူး။ အဓိကက စိတ်ရင်းနဲ့ပေးတာကိုပဲဖြစ်တယ်။
ထန်ထန် က ရုတ်တရက်ပြောလိုက်တယ်
“ ယောကျာ်း, လူကြီးတွေက ငွေကြေးကိုဂရုစိုက်ကြတာမဟုတ်ဘူး သူတို့က စိတ်ရင်းကိုပိုသဘောကျကြတာ’’
ကျိယန် ပြုံးလိုက်မိတယ်။ သူတို့နှစ်ယောက်လုံးရဲ့ အတွေးတွေက ထပ်တူကျနေတာပဲ။
‘’ ယောကျာ်း, အဖွားကျိုးဆီမှာ ရှေးခေတ်ပုံစံ အကျီ, ဆံပင်ပုံစံ ဒါမှမဟုတ် လက်၀တ်ရတနာတွေရှိလား...’’
အဖွားကျိုး လို လူမျိုးတွေက ရွှေ ငွေ စိန် တွေထက် တန်ဖိုးရှိတဲ့ ရှေးဟောင်းအရာ၀တ္တုတွေကို ပိုသဘောကျမယ်လို့ သူမတွေးမိတယ်။
ကျိယန် ခဏလောက်ငြိမ်သက်သွားတယ်။ အဖွားကျိုး တစ်ယောက် ဘယ်လိုအဝတ် အစားပုံစံမျိုးတွေ သဘောကျလဲဆိုတာကို သေချာတွေးနေတယ်။ သူမက ရှေးခတ်အမျိုးသမီးတွေလို မကြာခဏ ၀တ်စားတတ်တာတာပဲ။ သူမက ပန်းထိုးဖိနပ်တွေ နဲ့ ရှေးစတိုင်အကျီတွေ(အောင်းချွင်)၊ချီပေါင်အကျီတွေကို ၀တ်လေ့ရှိတယ်။ သူ့အနေနဲ့လဲ အဖွားကျိုး က လက်ရေးလှနဲ့ လက်ဖက်ရည်အိုးအစုံ တွေကို စုရတာအပြင့် ဒီလိုရှေးစတိုင် အ၀တ်အစားတွေ သဘောကျတယ်ဆိုတာကို ကျိုးကျီပြောလို့ ကြားဖူးနေတာဖြစ်တယ်။
ထန်ထန် အနေနဲ့ ချီပေါင် ကိုတခါမှမဝတ်ဖူးတဲ့အတွက် သူမ သေချာမသိသော်လဲ ရှေးခတ်ဝတ်စုံ ကိုတော့ သူမ ငယ်စဉ်ကတည်းက ၀တ်ဆင်ခဲ့တာဖြစ်တဲ့အတွက် သေသေချာချာသိနှင့်နေပြီးဖြစ်တယ်။ ဒါပေမယ့်လဲ ကျိယန် ပြောတဲ့ ရှေးခေတ်ဝတ်စုံဆိုတာ သူမ သိထားတဲ့ဝတ်စုံနဲ့ ဆင်တူနေမလားဆိုတာတော့ သူမ မသေချာဘူး။
ဒါကြောင့် သူမ ဖုန်းကိုယူလိုက်ပြီး အောင်းချွင်ဝတ်စုံ ကို ရှာလိုက်ကာ ကျိယန် အားပြလိုက်တယ်
“ ယောကျာ်း, အဖွားကျိုး က ဒီလိုပုံစံမျိုးကို ၀တ်ရတာ သဘောကျတာလား...’’
ခဏလောက်သေချာစိုက်ကြည့်ပြီးတဲ့နောက် ကျိယန် ခေါင်းငြိမ့်ပြလိုက်တယ်။ ဒီလိုဝတ်စုံမျိုးကို ၀တ်ဆင်ဖူးတာ သူမှတ်မိလေတယ်။
‘’ ဒါဆို ဘာလက်ဆောင်ပေးရမလဲဆိုတာ ကျွန်မ အခုသိသွားပြီ’’
တစ်စုံတစ်ခုကို စိတ်၀င်စားခဲတဲ့ ကျိယန် တစ်ယောက်သူမ စကားကြောင့် အံ့ဩသွားတယ်။
ထန်ထန် က ပြုံးလိုက်ပြီး
‘’ အဖွားကျိုး က ရှေးခတ်ဝတ်စုံတွေ သဘောကျမှတော့ ကျွန်မတို့က သူ့အတွက် တစ်စုံလောက် ချုပ်ပေးလိုက်မယ်လေ, ပြီးတော့ ပိုပြီးလိုက်ဖက်သွားအောင် ပန်းထိုးဖိနပ်တစ်ရံကိုပါ ကျွန်မ လုပ်ပေးမယ်။ ဒီလိုမျိုးတွေက ကျွန်မ ကျွမ်းကျင်တဲ့အလုပ်တွေပဲဆိုတော့ ရှင်ဘယ်လိုထင်လဲ ယောကျာ်း...’’
အကျီချုပ်စက်ထက်ပိုကောင်းအောင် ချုပ်လုပ်နိုင်တဲ့ သူမရဲ့အရည်အချင်းကို ကျိယန် ကောင်းကောင်းမှတ်မိတယ်။ အကြောင်းပြချက် အတည်တကျမရှိပေမယ့် သူမ ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာကို သူ့ မသိစိတ်မှယုံကြည်နေတယ်။
သူမအကြံက သူ့နှလုံးခုန်သံကို ပိုမြန်လာစေတယ်။
‘’ အဖွားကျိုးလဲ ကြိုက်မယ်လို့ ကိုယ်ထင်တယ်’’
ကျိယန် ရဲ့ထောက်ခံမှုကို ရလိုက်တဲ့အတွက် သူမ အတော်ကိုပျော်ရွှင်သွားကာ သူ့ လက်ကိုဆွဲပြီး
‘’ ယောကျာ်း, ယောကျာ်း, ကျွန်မကို အဖွားကျိုးက ဘယ်လိုပုံလဲဆိုတာ ကျွန်မကို ပြပါဦး, သူမရဲ့ ပုံစံနဲ့လိုက်ဖက်အောင် ကျွန်မသီးသန့်လုပ်ပေးချင်လို့ ‘’
သူမရဲ့ ပျော်ရွှင်မှုတွေက ကျိယန် ကို ဖုံးလွှမ်းသွားပြီး သူ့နှုတ်ခမ်းထောင့်တွေ အပေါ်သို့မြင့်တက်သွားတယ်။ ထို့နောက် အဖွားကျိုး ရဲ့ ပုံကိုထုတ်ပြလိုက်တယ်။
တစ်ချက်ကြည့်ရုံနဲ့ အကျိုး က လှပပြီး ကျက်သရေရှိတဲ့ လူကြီးသူမ တစ်ယောက်မှန်း သိသာစေတယ်။ သူမ ငယ်ရွယ်စဉ်အချိန်အခါမှာဆိုရင် သူမအလှကိုယှဉ်ပြိုင်နိုင်တဲ့သူ မရှိမှန်း သေချာလွန်းတယ်။ ဒါပေမယ့် နှစ်တွေကြာလာတာနဲ့ အမျှ သူမ အလှဟာပျက်စီးလာမယ့်အစား ပိုကြည့်ကောင်းလာတယ်။
အဖွားကျိုး ကို ကြည့်ရင်း ထန်ထန် အရင်ဘ၀က သူမရဲ့ အထိန်းတော်ကို သတိရသွားတယ်။ လေးစားထိုက်တဲ့ သူတို့နှစ်ယောက်လုံးက သူမကိုတူညီတဲ့ ခံစားချက်ရစေတယ်။
သူမ အထိန်းတော်ကိုတွေးမိပြီး အဖွားကျိုးအတွက်ဘယ်လိုပုံစံ ချုပ်ပေးရမလဲဆိုတာကို အကြံညဏ်ရသွားတယ်။
သူမ လျင်မြန်စွာနဲ့ပဲ ကျိယန်ခြေထောက်ကိုနှိပ်ပေးလိုက်ပြီးနောက် ပဝါကို ကျိယန် ဆီပေးလိုက်ကာ အခန်းထဲမှ ပြေးထွက်သွာတော့တယ်
“ ဒီညတော့ ကိုယ့်ဘာသာပဲ ရေခြောက်အောင်သုတ်လိုက်တော့, ကျွန်မ ပစ္စည်းတွေနဲ့ ကြိုးတွေဝယ်ရဦးမယ်’’
ကျိယန်အနေနဲ့ သူမကို ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်လို အပြုအမူနဲ့မြင်ဖူးတာ ပထမဆုံးဖြစ်တယ်။ သူ ခေါင်းကိုယမ်းပြီး ပြုံးလိုက်မိတယ်။ ထို့နောက် သူ့ခြေထောက်ကို သုတ်လိုက်ပြီး ရေတွေကို ရေချိုးခန်းထဲမှ ဘေစင်ထဲသို့သွန်လိုက်တယ်။
ခြေထောက်အနှိပ်ခံဖို့စောင့်နေတဲ့ ကျိရှောင်ကျိုး သူ့မာမီက သူ့ဒက်ဒီကို နှိပ်ပေးပြီးတာနဲ့ သူ့အားတန်းမေ့သွားမယ်လို့ ဘယ်ထင်ပါ့မလဲ။ ဒါကြောင့် သူက ခြေထောက်လေးကို ထန်ထန် ရှိရာသို့ မြှောက်လိုက်ပြီး
‘’ ဒယ်ဒီ့ ကို နှိပ်ပေးပြီးပြီဆိုတော့ သားကိုရော မာမီ...’’